Wednesday, May 29, 2013

မိဘများ ဆံပင် ဖြူရခြင်း

            သား အိပ်ခန်းနဘေး ဖြတ်သွားရင်း စာအုပ်တွေ စီစီရီရီ ထပ်တင်ထားတဲ့ စာကြည့်စားပွဲနဲ့ သေသေ သပ်သပ် သိမ်းဆည်း ရှင်းလင်းထားတဲ့ အခန်းကို မြင်ပြီး အဖေ စိတ်ဝင်စား မိသွားတယ်။

           ‘အမယ်၊ ငါ့သား တယ်ဟုတ်ပါလား။ အခန်းကို သိမ်းဆည်း ရှင်းလင်းထားတာ သူ့အမေ မြင်ရင်တော့ အမှတ်တွေ ရတော့မှာပဲ’

           အခန်းထဲ လှမ်းအကြည့် သပ်သပ်ယပ်ယပ် သိမ်းဆည်းထားတဲ့ အိပ်ယာပေါ် ခေါင်းအုန်း အလယ်မှာ စာအိတ်ပြာကလေး တခုကို တွေ့လိုက်ရတယ်။ ဒါနဲ့ အဖေ အခန်းထဲ ဝင်ပြီး စာအိတ်ကလေးကို ကြည့်လိုက်တော့ စာအိတ်ပေါ်မှာ သားရဲ့ လက်ရေးနဲ့  ‘အချစ်ဆုံး ဖေဖေ’ ဆိုပြီး  ရေးထားတာ တွေ့လိုက်တယ်။

           ဘာများလဲ ဆိုပြီး ရင်ထဲ ထိတ်သွားတယ်။ ကတုန်ကရီ လက်ကို မနည်းထိန်းပြီး စာအိတ်ကို ဖွင့်၊ အထဲက စာရွက် ပြာလွလွလေးကို ဖြေးညှင်းစွာ ဆွဲထုတ်လို့ ဖြန့်ဖွင့် ဖတ်လိုက်မိတော့ …..

ချစ်တဲ့ ဖေဖေ၊
      သား ရိုသေလေးစားစွာနဲ့ သည်စာကို ရေးသားခဲ့ပါတယ်။
      ဖေဖေနဲ့ မေမေကို မျက်နှာချင်းဆိုင် မရှင်းရဲလို့၊ သား ချစ်သူ ‘ခင်ထိပ်ခေါင် မဟာခက်ခက်’ နဲ့ ဝေးရာ တနေရာကို ထွက်သွားခဲ့ပါပြီ။
      သား ‘ထိပ်ခေါင်’ ကို နှစ်နှစ်ကာကာ ချစ်မိနေတာ ကြာပါပြီ။ ‘ထိပ်ထိပ်' ဟာ တကယ်တော့ နှစ်လိုဖွယ် ကောင်းတဲ့ မိန်းကလေးပါ။ ဒါပေမယ့် သူ့ရဲ့ နှာခေါင်းမှာ ဖေါက်ထားတဲ့ နှာကွင်း၊ လျှာမှာ ထည့်ထားတဲ့ သံသီး၊ လက်မောင်းနဲ့ ခြေထောက်မှာ ပြည့်လုခမန်း ထိုးထားတဲ့ တက်တူ ထိုးကွင်းတွေ၊ ခရမ်းရောင် ဆံပင်နဲ့ မျက်လုံးကာချယ် မဲမဲ၊ နှုတ်ခမ်းနီရဲရဲတွေကို အမေ ကြည့်လို့ ရမှာ မဟုတ်ဘူး။ နောက်ပြီး သူက ထမီဝတ်ရင် ခါး ယားတတ်တဲ့ ရောဂါရှိလို့ တိုနန့်နန့် စကပ်ပဲ ဝတ်တယ်။ အဝတ်စဘိုး ဈေး ကြီးလွန်းလို့ ဗိုက်ပေါ် ရင်ပေါ်လု အင်္ကျီအဟိုက်ပဲ ဝတ်နိုင်တယ်။ သည်တော့ အမေ ဘယ်လိုမှ သဘောကျမှာ မဟုတ်ဘူး။
      အခု သားချစ်သူ ‘ခင်ထိပ်ခေါင် မဟာခက်ခက်’ ဟာ သားရဲ့ ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားရပြီ။ ဒါပေမယ့် အဖေ စိတ် မပူပါနဲ့။ သူဟာ သားထက် အတန်းသာ ငယ်တာ အသက်ကတော့ အများကြီး ပိုကြီးပါတယ် ဖေဖေ။
      သူက ပြောတယ်။ သားတို့ ပျော်ရွှင်ဘွယ် မိသားစုလေး တည်ဆောက်နိုင်ကြမှာပါ တဲ့။
      သူ့မိဘတွေက သားတို့လို သီးသန့်ဝင်းထဲမှာ တိုက်ခန်းကျယ်နဲ့ မနေနိုင်ပေမယ့် ကျူးကျော် ရပ်ကွက်က သူ့ဦးလေး တဲနဘေးမှာ အဖီကလေး ထိုးနေနိုင်ပါတယ်။ နေ့ခင်းဆိုရင် သူ့မိဘတွေ ဈေးလျှောက် ရောင်းချိန်မှာ အဖီတဲလေးအထဲ သားတို့ အိပ်စက် နားနေပြီး ညဘက်ဆိုရင် လမ်းထိပ် အမှိုက်ပုံနဘေး မိုးအလင်း ဂစ်တာတီးယင်း အချိန် ဖြုန်းကြတာပေါ့ ပြောတယ်။
      ကလေး နှစ်ယောက်လောက် ယူပြီးရင် ကလေးတွေ ဗန်းပြ တောင်းစားလို့ ရသတဲ့။
      နောက်ပြီး ခါးပိုက် နှိုက်ပြီးရင် ဘတ်စကားပေါ်ကနေ ဘယ်လို အမြန် ဆင်း၊ နီးရာ လမ်းထဲ ဘယ်လို ရှောင်ရတယ် ဆိုတာလဲ သူ သင်ပေးတယ်။
      အမှိုက် ကောက်သလိုလိုနဲ့ လူလစ်ရင် ပစ္စည်း ဘယ်လို ခိုးရတယ် ဆိုတာလဲ ပြပေးတယ်။ လူမိသွားရင် ဘယ်လို ငို တောင်းပန်ရတာက အစ ပြောပြပါရဲ့။
      ရန်ဖြစ်ကြရင်တော့ သူက ဗိုလ်ပဲ။ သည်တော့ သား လုံခြုံရေးကို စိတ် မပူပါနဲ့ အဖေ။
      လောလောဆယ် သူက အိတ်ချ်အိုင်ဗီ ပေါ်စီတစ် (HIV positive) ဆိုပေမယ့် အေအိုင်ဒီအက်စ် (AIDS) အဆင့်ထိတော့ ဖြစ်မယ် မထင်ဘူး။ အခု လူမှုရေး ကူညီစောင့်ရှောက်တဲ့ အသင်းအဖွဲ့တွေ များလာတော့ တနေရာ မဟုတ် တနေရာကနေ ဆေးရမှာပဲလေ။
      သူလို လူမျိုးက အခမဲ့ ဆေးကုခွင့် ရသင့်ပါတယ်။ တသက်လုံး လမ်းဘေး နေလာတဲ့ အနွမ်းပါးဆုံး မိသားစုက လာတာပဲဟာ။
      သား အတွက် ဘာမှ စိတ် မပူပါနဲ့ အဖေ။ ကျွန်တော် အသက် ၁၅ နှစ် ပြည့်တော့မှာပါ။ ကိုးတန်းတက်တော့မယ့် အထက်တန်းကျောင်းသားကြီးပါ။ ကိုယ့်ဘဝကို ကိုယ် ရုန်းကန်နိုင်သလို ကိုယ့်မိသားစုလေးကိုလဲ ကြည့်ရှုနိုင်မှာပါ။
      ဘယ်နေ့ ဘယ်အချိန်ခါဆိုတာ အတိအကျ မပြောနိုင်ပေမယ့် တနေ့ကျရင်တော့ အဖေတို့ဆီ သား ပြန် လာလည်မှာပါ။ အဲသည်အခါမှာ အဖေနဲ့ အမေတို့အတွက် ချစ်စရာ မြေးကလေးတွေ တသီတပိုးကြီး ခေါ်လာမယ်။ လက်နှစ်ဘက်အပြည့် တပွေ့တပိုက် ချီပိုးဘို့သာ ပြင်ထားပါတော့။
      သည်စာနဲ့ သား ကန်တော့ နှုတ်ဆက်ခဲ့ပါတယ်။
      သားကို ခွင့်လွှတ်ပါ။
ချစ်တဲ့ သား၊
မောင်သော်က

(မှတ်ချက်။ ။ ဖေကြီးရေ… ချစ်လို့ စတာနော်။ အပေါ်မှာ ရေးထားတာ တခုမှ မမှန်ဘူး။
                     အနော် ဝဏ္ဏတို့ အိမ်မှာ ဂိမ်း ကစားနေတယ်။ သား တကယ် ဆိုးချင်ရင် 
                     ဘယ်လို ဆိုးလို့ ရတယ်ဆိုတာ သိရုံလေး ရေးပြတာပါ။ ဆရာမ ပေးလိုက်
                     တဲ့ နှစ်လယ်အမှတ်စာရင်း သား စာကြည့်စားပွဲ အံဆွဲ အထဲမှာ ရှိတယ်။ 
                      ၂ ဘာသာလောက် ကျတာ မဆူကြေးလို့ မေကြီးကို ပြောပြပါ။ နှစ်အကုန်
                     အတန်းတင်စာမေးပွဲကြီး ဖြေရင် ဘာသာစုံ အောင်ရမယ် ကတိပေးပါတယ်။
                     မေကြီးကို ချော့ပြီးရင်၊ အခြေအနေ ပြန်ကောင်းပြီဆိုရင် ခေါ်လိုက်ပါ။ 
                     အနော် အိမ် ပြန် လာမယ်။)

           မတ်တပ်ရပ်လျက် စာ ဖတ်ခဲ့မိတဲ့ အဖေ၊ ဘယ်အချိန်က အိပ်ယာပေါ် ထိုင်ခဲ့မိတယ် မသိ …… အခုမှပဲ အသက်ရှုဘို့ သတိ ရတော့တယ်။

(ဆီလျော်အောင် ဘာသာ ပြန်ထားပါသည်။)

No comments: