(မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၅ခု ဇွန်လ၊ အမှတ် ၁၁)
၁၉၈၅ ခုနှစ် ဇွန်လ ထုတ်၊ မဟေသီ မဂ္ဂဇင်း၊ အမှတ် ၁၁ တွင် ပါရှိခဲ့သော စာမူလေးအား ပြန်လည် တွေ့ရှိခြင်း အမှတ်တရ။
ရပ်ဝေးကို စွန့်ခွာသွားသူ၏ စာမူပါမဂ္ဂဇင်း အချို့ကို နှစ်၄၀ ကျော်အောင် မပျောက်မရှ ထိန်းသိမ်းထား ပေးခဲ့သော ချစ်မိခင် စောမြဝတီနှင့် ချစ်ညီမငယ်လေး ယုကိစံ အား အထူး ကျေးဇူး တင်ရှိပါကြောင်း။
(လွန်ခဲ့သော နှစ်ပေါင်းများစွာ) တက္ကသိုလ် ကျောင်းသူဘဝက ရုပ်ရှင်ကား တကား ကြည့်ဖူးပါသည်။
‘ဂျပန်ပြည်မှာ ခုနှစ်ညတာ’ ... ... တဲ့။
ဇာတ်လမ်းကတော့ ထိုစဉ်က လူ အတော်များများ သိပြီး မမေ့နိုင်ကြသေးသော ဇာတ်လမ်း ဖြစ်သည်။ ရန်ကုန်မြို့လည်ရှိရုပ်ရှင်ရုံကြီးမှာ ရက်အတန်ကြာအောင် ပြသသွားခဲ့ပြီး နာမည်ကျော်ကြား လူကြိုက် များခဲ့သည့် ဂျပန် ဧည့်လမ်းညွှန်မလေးနှင့် အင်္ဂလိပ် တော်ဝင်မင်းသား ဧည့်သည်တို့ အကြောင်း ရုပ်ရှင်ကား ဖြစ်သည်။
ရှုမဝမဂ္ဂဇင်းမှာ (၁၉၈၀ ခုနှစ်ပိုင်းများက ထင်သည်) စာရေးဆရာ မောင်လွန်းကြင် ရေးဖွဲ့သည့် ဝတ္ထု ရှည်နှစ်ပုဒ် ဖတ်ဖူးပါသည်။ သီးခြားစီဖြစ်သော်လည်း ဆက်စပ်ဖတ်၍ရသည့် ဝတ္ထုရှည်များဖြစ်သည်။ ပထမတပုဒ်အမည်က ‘ဖွဲ့သီလွမ်းစာမလှမ်းသာသည်’ ဆိုလား (မှားချင်လဲမှားနေပါမည်)။ ဝတ္ထုအမည် များကို အသေအချာ မမှတ်မိတော့သော်လည်း ကမ္ဘာလှည့်ခရီးသည် ပြင်သစ်မလေးနှင့် (ရခိုင်တိုင်း ရင်းသား) မြန်မာ သုသေသနမှုး ထွန်းဝေကျော်တို့၏ ဇာတ်လမ်းသည် ရင်ထဲမှာ စွဲကျန်ခဲ့ပါသည်။ ပြင်သစ်စကားပြော ဧည့်လမ်းညွှန်မလေးဖြစ်သော နွယ်နွယ်ကျော်သည် ထိုဝတ္ထုတွင် ဇာတ်ရံတဦးသာ ဖြစ်သော်လည်း သူမ၏ ဧည့်သည်နှင့် သူငယ်ချင်းဖြစ်သူ ထွန်းဝေကျော်တို့၏ ဇာတ်လမ်းမှာ သူမသည် အဓိကကျသော နေရာ အခန်းကဏ္ဍမှာ ပါခဲ့ပါသည်။
ရှုမ၀မဂ္ဂဇင်းမှာပင် ထင်သည်။ မဂ္ဂဇင်းတအုပ်တွင် ဝတ္ထုတိုတပုဒ် ဖတ်ဖူးသည်။ ပင်ကိုယ် အားနည်း ချက်ကြောင့် ထုံးစံအတိုင်း ဝတ္ထုအမည်၊ စာရေးသူတို့ကို မမှတ်မိတော့သော်လည်း ဇာတ်ကောင်များ ဖြစ်သော ကမ္ဘာလှည့်ခရီးသည် မစ္စတာ ဆန်းဒါးစ် နှင့် ဧည့်လမ်းညွှန်မလေး မကြေးမုံ တို့၏ သွေးကပြောသော စကားတို့သည် မေ့ရနိုင်ဖွယ်ရာ မဟုတ်ပါ။
လုံး၀ မျှော်လင့် ရည်မှန်းခဲ့ခြင်း မရှိပါပဲ ဒီဇာတ်လမ်းများမှာ ချစ်တတ်သူ နှလုံးသားရှင် အဖြစ်နှင့် ကိုယ်တိုင် ပါဝင် လာရသည့်အခါ... ...
တခုတော့ ရှိသည် ... ဒီ ဇာတ်လမ်းမှာ ကျွန်မ ချစ်ရတာက ... ... ..
- - -
နေ့စဉ် နေ့တိုင်း မှန်ထဲမှာ ကိုယ့် ရုပ်သွင်ကို ကြည့်မိတိုင်း တူးမာ စိတ် မသက်မသာ ဖြစ်ရသည်။ ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်တော့။ ရှမ်းကို ချစ်လျှင် ပဲပုတ်ကိုလည်း ချစ်ရမည် ပြောကြသလို၊ သည် အလုပ် လုပ်ချင်လျှင် သည်လိုပဲ ဝတ်ရမည်လေ။
သည်အလုပ်က ဘယ်သူမှ အတင်း ဖိအားပေး လုပ်ခိုင်းခဲ့တာ မဟုတ်။ ကိုယ့် ဆုံးဖြတ်ချက်နှင့် ကိုယ်၊ ဝါသနာ ပါရာအလုပ် ရွေးခဲ့မိသည်မို့ သည်အလုပ် လုပ်ချင်လျှင် သည်လို ဆက်လို့သာ ဝတ်ပေတော့၊ ကိုယ့်ဘာသာ အားပေး၊ အားတင်း ရယုံသာ။
ဖြူ နီ ညို ပြာ အရောင်စုံထဲမှာ ဘယ်အရောင်ကို အကြိုက်ဆုံးလဲ မေးလာလျှင် တူးမာ ဖြေဖို့ အတော် စဉ်းစားရမည်။ အပြာရောင်၊ အနီရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ အနက် လည်း ကြိုက်တာပဲ။ အဖြူကော ... ခရမ်း လည်း မကျန်၊ ပန်းရောင် ...... အို ... စုံလို့ပင် ဖြစ်သည်။
ဘယ်အရောင်ကို မကြိုက်ဘူးလဲ ဆိုလျှင်တော့ အဖြေက ပြတ်သားသည်။ စဉ်းစားစရာပင် မလို၊ တခွန်းထဲ အော် ဖြေလိုက်မည်။
အဝါရောင်။
ဒါပေမယ့် အခုတော့ သူက တူးမာရဲ့ ဝတ်စုံအရောင် တဲ့။ ဒီတော့ ဒီဘဝမှာ မချစ်သော်လည်း အောင့်ကာ နမ်း ဇာတ်လမ်းက စလုံးရေ စ လာချေပြီကော။
- - -
နံနက်ခင်းပေမင့် နေခြည်ပြင်းသော ပုဂံမြေမှာ အဝါရောင်နှင့် စခမ်းသွားရမည့် အရေးမှာ တွေးမိတိုင်း ရင်လေး စရာပင်။
ရွှေစည်းခုံဘုရား ရင်ပြင်ပေါ်မှာ ရတတ်သရွေ့ နေအရိပ်ကို ရှာဖွေကာ ခိုလှုံရသည်မှာ တူးမာ အတွက် နေ့တိုင်း အရေးအကြီးဆုံး အလုပ် ဖြစ်သည်။ နဂိုက မဖြူသော ညိုပုတ်ပုတ် အသားလေး မည်းသွားမှာ စိုးမိသည်ကြောင့် ရောက်လေရာ ဘုရားအဆူတိုင်းမှာ အရိပ်ကို အရင်ဆုံး ရှာရသည်မှာ နေ့တဓူ၀ မမောနိုင် မပန်းနိုင်။
ဧည့်သည်များကို တန်ဆောင်းတခုထဲ စုခေါ်ပြီး ဘုရားသမိုင်း ရှင်းလင်းပြောပြနေစဉ် မမအေးနှင့် ဧည့်သည်တစု တူးမာတို့ နဘေးမှ ဖြတ်ကျော် သွားကြသည်။ နဂိုနေ သွက်လက်သော မမအေးသည် ရွှင်ချိုသော မျက်နှာနှင့် တူးမာ၏ ဧည့်သည်များကို ဟယ်လို ဟု နှုတ်ဆက်ကာ တူးမာကိုလည်း ပြုံး ပြသွားသည်။
‘ဒါ... မင်းတို့ ဝတ်စုံလား။’
တူးမာ၏ ဧည့်သည်များထဲမှ အမျိုးသမီးကြီးတဦးက တူးမာ၏ လုံချည်၊ အင်္ကျီတို့ကို ကြည့်ပြီး မေး သည်။
‘ဟုတ်ကဲ့။’
မေးလာသောအမျိုးသမီးကြီး၏ မျက်နှာပေးက ငါထင်ယင် မလွဲပါဘူးရယ်လို့ ဂုဏ်ယူနေဟန် ပြုံးစစ။
သည်လောက်လေး မှန်းနိုင်တာများ အထင်ကြီးစရာ မဟုတ်ပါဘူး။ စောစောက မမအေးလည်း တူးမာလိုပဲ အင်္ကျီအဝါရောင်၊ လုံချည်အဝါဗြောင်မှာ အပြာရောင် ကန့်လန့်စင်း သုံးလိုင်း အောက်နားမှာ ပတ် လို့ ဝတ်သွားတာ မြင်တဲ့သူတိုင်း အသိသာကြီးပဲ ဥစ္စာ။
ဒါပေမယ့် ထို အမျိုးသမီးကြီးက ထပ်ပြောသည်။
‘မင်းတို့ ဝတ်စုံ သိပ်လှတာပဲ။’
ဘုရားရေ ..... တူးမာ စိတ်ထဲမှ ဘုရားတ မိသည်။
ကြံကြံဖန်ဖန် သူ့မျက်စိကလည်း ... ဟု ထိုအမျိုးသမီးကြီး၏ အမြင်ကို ကဲ့ရဲ့ မိသည်။
‘ငါတော့ မထင်ပါဘူး။ ဒါဟာ ငါ မကြိုက်ဆုံး အရာင်ပဲ။’
တူးမာ အသံတိုးလေးနှင့် ဖြေးလေးစွာ ပြန် ပြောမိသည်။
‘အို ... မဟုတ်ဘူး၊ ဒါဟာ သိပ် လှတဲ့ အရောင်။ မင်းနဲ့ သိပ်လိုက်တယ်။ ဟိုမှာ မင်း သူငယ်ချင်းနဲ့လည်း သိပ် လိုက်ဘက်တာပဲ။’
ခပ်လှမ်းလှမ်းတွင် ဧည့်သည်အုပ်စုကို ရှင်းပြနေသော မမအေးကို လက် ညွှန်ပြသည်။ နဂိုနေ အသားဖြူသူမို့ လေဒဏ်နေဒဏ်ကြောင့် ညိုရောင်သန်းရုံလေး ညိုသော မမအေးကတော့ ဒီ အဝါရောင်နှင့် လိုက်ဘက် လှပေမယ့် နဂိုက ညိုသော တူးမာတို့မှာ ယခု ညိုရုံမက မည်းသည့် အဆင့် ရောက်လုနီး နေပေပြီ။ ရန်ကုန်မှ သူငယ်ချင်းများ မြင်လျှင် ကပ္ပလီဟု အခေါ်ခံရတော့မည်မှာ ဗေဒင် တောင် မေးစရာ မလို။
ဒါပေမယ့် သူမ၏ ဧည့်သည်ကို ဘာမှ ပြန်လှန် ငြင်း မနေတော့။ သူက လှပါတယ်ဟု ထပ်တလဲလဲ ချီး ကျူးနေတော့ ကိုယ်ကလည်း ကျေးဇူး အခါခါ ပြန် တင်ရုံပဲပေါ့။
ရွှေစည်းခုံဘုရားနှင့် ပတ်သက်ပြီး သိသင့် သိထိုက် စိတ်ဝင်စားမည့် အကြောင်းတွေ ပြောဆို ပြသပြီးသောအခါ ဧည့်သည်များကို ရှေ့ဆက် ခရီးထွက်မည့် အချိန်နှင့် စုရပ်နေရာ သတ်မှတ် ပြောပြပြီး လွတ် လွတ်လပ်လပ် စိတ်ကြိုက်ဓါတ်ပုံရိုက်ရန် အချိန်ပေးလိုက်ပါသည်။ ဧည့်သည်များ ဘုရားကို လှည့်ပတ် ဖူးပြီး ဓါတ်ပုံများ လှည့်ရိုက်နေစဉ်မှာ တူးမာသည် အရှေ့ဘက် တန်ဆောင်းနဘေးမှ ဇရပ်တဆောင်၏ အရှေ့ လှေခါးထစ်ပေါ်တွင် ငုတ်တုတ်ကလေး ထိုင်ကာ ဟိုဟိုဒီဒီ ငေးမော ကြည့်နေမိသည်။
ဓါတ်ပုံရိုက်ယင်း တပတ်လှည့်လာမည့် သူမ၏ဧည့်သည်များကို သည်လိုနေရာမှာ သည်လိုထိုင်ပြီး အမြဲစောင့်နေလေ့ရှိတတ်သော တူးမာသည် ယနေ့လည်း ယခင့် ယခင်ရက်များလို ထိုင်စောင့်နေစဉ် သူမ ထံသို့ ရွှေရောင်ဆံပင်တိုတိုနှင့် ကမ္ဘာလှည့် ခရီးသည် လူငယ်တဦး လျှောက်လာနေသည်ကို တွေ့လိုက် ရသည်။
‘တဆိတ်လောက် ကျေးဇူး ပြုပါ။’
တူးမာနှင့် မလှမ်းမကမ်းတွင် ရပ်ပြီး ပြောလာသဖြင့် တူးမာ ပြန်ဖြေလိုက်သည်။
‘ဟုတ်ကဲ့။’
‘ကျွန်တော် အကူအညီ တခု တောင်းချင်လို့ပါ။’
‘ဟုတ်ကဲ့ ပြောပါ။’
‘ကျွန်တော် မြန်မာအမျိုးသမီး တယောက်ပုံကို အမှတ်တရ ဓါတ်ပုံ ကောင်းကောင်း ရိုက်ချင်ပါတယ်။ ဒါပေမယ့် တခု အခက်တွေ့နေတာက ... ။’
သူ သည်လို စကား စ လာလျှင်ပင် တူးမာ နားလည်ပါပြီ။ သည်လို အကူအညီမျိုးက သည်အလုပ်ထဲမှာ ခဏ ခဏ အတောင်း ခံရသည်မှာ တူးမာတို့ ဧည့်လမ်းညွှန်တွေ အတွက် အဆန်း မဟုတ်တော့။ ထို့ကြောင့် ထိုလူငယ်၏ စကား မဆုံးမီမှာပင် ထိုင်ရာမှ သွက်လက်စွာ ထပြီး ဘယ်နားမှာ ရိုက်ချင်တာလဲ မေး လိုက်သည်။
ဝမ်းသာအားရ ဖြစ်သွားသော ထိုခရီးသည် လူငယ်သည် သူ လိုချင်သော နောက်ခံ ရှုခင်းများနှင့် တူးမာကို ထောင့်အမျိုးမျိုးမှ ဓါတ်ပုံရိုက်ယူပါသည်။ ထိုခရီးသွားလူငယ်၏ မိတ်ဆွေဖြစ်ဟန်တူသော အခြား လူငယ်တဦးနှင့် အနောက်တိုင်းသူ အမျိုးသမီးတဦးကလည်း ခွင့်တောင်းသလို အပြုံးကလေးတွေနှင့် တူးမာကို ဓါတ်ပုံများ ရိုက်ယူ ကြသည်။
ဓါတ်ပုံအရိုက်ခံရမည်ဆိုလျှင် အလွန်ပျော်သောတူးမာသည် ခရီးသွားဧည့်သည်များက ခွင့်တောင်းလာလျှင် ကျေကျေနပ်နပ်ကြီး သူမ၏ ပုံများကို ရိုက်ခွင့်ပြုစမြဲ ဖြစ်သည်။ တချို့ ဧည့်သည်များဆိုလျှင် ပိုလာရိုက်ခေါ် အခု ရိုက်၊ အခု ရသော ဓါတ်ပုံများ ရိုက်ပေးခဲ့သည်။ တချို့ကတော့ စိတ်ကြိုက် ရိုက်ယူပြီးလျှင် လိပ်စာ တောင်းကာ ဓါတ်ပုံ ပို့ပေးတတ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရောင်စုံဓါတ်ပုံဈေးက ကြီးမြင့်ဆဲ ဖြစ်သည့်ပြင် ဒီလို ပုဂံနယ်မြေ အနှံ့၊ ဘုရား စုံ၊ နေရာ စုံအောင် မိမိ အစီအစဉ်နှင့် ရောင်စုံဓါတ်ပုံ ရိုက်ယူဖို့ ဆိုသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်။ ယခုတော့ ဧည့်သည်များ၏ စေတနာနှင့် ထောင့် မျိုးစုံ၊ နေရာစုံမှ အရွယ်အမျိုးမျိုး ပုံတွေ မလိုချင့်အဆုံး ပုံအောလို့ ရနေပြီ ဖြစ်သည်။
တူးမာ ဓါတ်ပုံ အရိုက်ခံနေသည်ကို သူမ၏ ဧည့်သည်အဖွဲ့မှ ဒတ်ချ်လူမျိုး အဘိုးကြီး အဘွားကြီးများက သဘော ကျစွာ ပြုံးကြည့် နေကြပါသည်။ ဓါတ်ပုံ ရိုက်ပြီးသော အခါ ခရီးသွားလူငယ်များသည် တူးမာထံသို့ ပုံများ ပို့ပေးမည် ဆိုပြီး သူမ၏လိပ်စာကို တောင်းကြသည်။ သူတို့၏ ခရီးဆောင် စာအုပ် ကလေးများထဲတွင် တူးမာ လိပ်စာကို ရေး ပေးပြီး၍ မိမိ ဧည့်သည်များထံ သွားမည်ပြုစဉ် ...
‘ချော့တော့ … ချော့တော့ ...’
နံဘေး နောက်နားမှ စကားသံ တသံ ထွက်လာ၍ လှည့်ကြည့်မိသည်။ကင်မရာ နှစ်လုံးနှင့် ဂျပန် အဘိုးကြီး တယောက်။
‘ဘိရုမာ မိန်းကလေး၊ နည်းနည်း၊ နည်းနည်း။’
ကင်မရာတလုံးကို လည်ပင်းမှာ ဆွဲ၍၊ ကျန် ကင်မရာတလုံးကို လက်ထဲမှာ ကိုင်ထားပြီး ခြေကားရား၊ လက် ကားရား နှင့် ဗမာလို ပြောနေသည်။ ဒါပေမယ့် သူပြောသည့် ဗမာစကားကို တူးမာ နားမလည်၊ ဘာတွေ ပြောနေမှန်း မသိ။
စောစောက တူးမာကို ဓါတ်ပုံ ရိုက်သွားသော လူငယ်တွေကို လက်ညှိုး ထိုးလိုက်၊ တူးမာကို ခေါင်းညွတ် ပြောလိုက်နှင့် လုပ်နေရာမှ သူ ပြောနေသည်တို့ကို တူးမာ နားမလည်မှန်း ရိပ်မိသောအခါ ဂျပန်အဘိုးကြီးသည် တူးမာကို လက်ညှိုး ထိုးပြီး ... ...
‘ဘိရုမာ မိန်းကလေး၊ လှတယ်ဂါး။’
လက်ထဲမှ ကင်မရာကို မြှောက်ပြပြီး -
‘လုပ်မယ် … လုပ်မယ် ...’
သူ့ ခြေဟန် လက်ဟန်တွေကို ဆက်စပ်တွေးပြီး တူးမာ ပြန်မေးရသည်။ လက်နှင့် ဓါတ်ပုံ ရိုက်သလို အမူအယာ လုပ် ပြပြီး ... ၊
'ဓါတ်ပုံ ရိုက်ချင်လို့လား။’
ခေါင်း တညိတ်ညိတ်၊ တဟိုက်ဟိုက်နှင့် တူးမာ မေးသော မေးခွန်းကို ပြန်ပြီး ရွတ်နေသည်။ သူ့ကို ကြည့်ပြီး တူးမာ ရယ်ချင်သွားသည်။ ဒါပေမယ့် ရယ်ချင်စိတ်ကို အပြုံးနှင့် ထိန်းလိုက်ပြီး -
‘ဟုတ်ကဲ့ ရှင့်။ ရိုက်ပါ၊ ရိုက်ပါ။’
ပါးစပ်ကလည်း ပြော၊ လက်ကလည်း ရိုက်ခွင့် ပြုကြောင်း အမူအရာနှင့် လုပ်ပြတော့ တအားအား၊ တအဲအဲနှင့် ပါးစပ်က ဘာတွေ မသိ ရေရွတ်ကာ ဓါတ်ပုံများ ရိုက်ပါတော့သည်။ ပြီးတော့ သူ့ တယောက်ထဲ ရိုက်၍ အား မရသလို ပါးစပ်မှ ဂျပန်လို အော်ခေါ်သဖြင့် တဘက် တန်ဆောင်းအတွင်းမှ ဂျပန် အဘိုးကြီးများ ပြေးထွက် လာကြသည်။
ရှင်းလင်း ပြသနေသော သက်ဆိုင်ရာ ဧည့်လမ်းညွှန်ကတော့ အတော် စိတ် အနှောင့်အယှက် ဖြစ်သွားမည်မှာ အမှန်ပင်။ သူ့အလုပ်ကို တိုက်ရိုက် နှောင့်ယှက်ခဲ့သည် မဟုတ်ပေမယ့် သည်ကိစ္စမှာ မိမိလည်း ပါဝင်နေသည်မို့ တူးမာ အားတုန့် အားနာ အပြုံးနှင့် တောင်းပန်သလို လက်ပြ နှုတ်ဆက် လိုက်ရသည်။
ဂျပန်တစုနှင့် တူးမာကို သူမ၏အဖွဲ့မှ အဘိုးကြီး အဘွားကြီးတွေ တအံ့တသြ ကြည့်နေကြသည်။ အဖွဲ့ သား အချို့၏ မျက်နှာတွေမှာ နား မလည်နိုင်သလို ဇဝေဇဝါ၊ တမျိုး အမူအရာတွေ လွှမ်းခြုံနေသည်။ သူတို့၏ ဧည့်လမ်းညွှန် မိန်းကလေး ဂျပန်အဖွဲ့နှင့် လူ လဲပြီး လိုက်သွားမည်လို့များ ထင်မှတ် စိုးရိမ် နေကြသည်လား မသိ။
ဓါတ်ပုံဖလင်ကလည်း ပေါကြသည်မို့ ဂျပန်တစုသည် တဖြတ်ဖြတ်နှင့် ဓါတ်ပုံရိုက်လို့ မပြီးနိုင် မစီးနိုင် ဖြစ်နေကြသည်။ ရိုက်၍ အားရ သွားကြပြန်သော် စာအုပ်ကလေးတွေ ကိုယ်စီ ထုတ်၊ ဘောပဲန်လေးတွေ ဖွင့်ပေးကာ တူးမာနဘေး ဝိုင်းပြီး ဂျပန်လို ဘာတွေ မသိ ပြောလာပြန်သည်။
ဒါ ... ဓါတ်ပုံ ပို့ချင်လို့ လိပ်စာ တောင်းတာပဲ ဖြစ်ရမယ်။
‘အာရိဂတ်တော။’
အပြန်အလှန် သူတလှည့်ကိုယ်တလှည့် အကြိမ်ကြိမ်ဦးညွတ်ပြီးသောအခါ တူးမာသည် သူမကို စောင့် နေသော တာဝန်ကျရာ အဖွဲ့ဆီသို့ သုတ်သုတ်ကလေး လျှောက်သွားလိုက်သည်။
ဓါတ်ပုံရိုက်ရန် သတ်မှတ်ပေးလိုက်သော အချိန်က ယခုမှ ပြည့်ရုံသာ ရှိသေးပေမယ့် အဖွဲ့သားအားလုံး စုံပြီး သူမကို စောင့် မျှော်နေကြသည်မို့ ဧည့်သည်များကို အားနာပြုံးလေးနဲ့ ပြုံးပြ နှုတ်ဆက်ရသည်။
လူ ပြည့်၊ မပြည့် စစ်ကြည့်ပြီး အဖွဲ့ကို ရှေ့မှဦးဆောင်ကာ ဘုရား ရင်ပြင်ပေါ်မှ ပြန်ဆင်း၊ ဝင်းအတွင်း ကား ရပ်ထားရာဆီသို့ ထွက်ခွာလာခဲ့သည်။ ကား အထွက်တွင် ဂျပန် အဘိုးကြီးများက လက်ပြ နှုတ် ဆက်၍ တူးမာလည်း ဆာယိုနာရာ ပြန်လုပ်ခဲ့ရသေးသည်။
အပြန်လမ်းမို့ ထင်သည်။ ဧည့်သည်အားလုံး နှုတ် ဆိတ်နေသည်။ ဒါပေမယ့် လုံး၀ စကား မပြော မဆိုကြ တော့လည်း မဟုတ်ပြန်။ တူးမာကိုသာ အလာတုန်းကလို မေးခွန်းတွေ ဝိုင်းဝန်း မမေးကြတော့၊ စကားမပြောကြတော့ပေမယ့် သူတို့အချင်းချင်းဖြင့် တိုးတိုး၊ တိုးတိုးနှင့် စကားတွေ ပြောနေကြသည်။ ဘုရားပေါ်မှ အဆင်းက စကာ ကားပေါ် ရောက်သည်အထိ သူတို့ မိခင် ဘာသာစကားနှင့် အချင်းချင်း ပြောဆိုနေကြသည်။ အကဲခတ်ရတာကတော့ အကြောင်းတစုံတရာကို ငြင်းခုန် အဖြေရှာ နေကြသလို ပင်။
ဘုရားပေါ်မှာ သူတို့ ဘာများ တွေ့လာပါလိမ့်။ သို့မဟုတ် တူးမာ၏ ရှင်းလင်းပြသမှုတွေမှာ ဘာများ နား မရှင်းစရာ ပါသွားပါလိမ့်။
သူတို့ဘာသာ ငြင်းခုန်နေတော့ တူးမာ အမေးရ ခက်နေသည်။ အင်္ဂလိပ်လို ပြောနေကြတာလည်း မဟုတ်တော့ ဘာမှ နားမလည်နိုင်။ အဆုံးမှာတော့ သူတို့ဘာသာ ဝါသနာအရ ငြင်းနေကြတာပဲ ဖြစ်မည်။ မိမိ ပါဝင် ဖြေရှင်းဘွယ်တော့ မဟုတ်တန်ဆိုပြီး ဒီအကြောင်းကို ခေါင်းထဲမှ ထုတ်၊ မိမိ၏ ဝတ္တ ရား အတိုင်း ပြောပြစရာတို့ကို ဆက်လက် ပြောပြ ခရီးဆက်ပါသည်။
မကြာပါချေ။ ကျန်စစ်သား ဥမင်မှ အထွက်တွင် အဖြေက ပေါ်လာသည်။
ကျန်စစ်သားဥမင်ထဲ ဝင်ကြည့်ပြီး အထွက်တွင် အဖွဲ့ကို ဦးဆောင်လာသော အဖွဲ့ခေါင်းဆောင် မစ္စတာ ဖလင့်ချ် က တူးမာကို လှမ်းခေါ်သည်။
‘တူး ... ခဏ စောင့်ပါ။’
ကားဆီသို့ သွားမည့်ဟန် ပြင်နေသော တူးမာ ရပ်စောင့်ရသည်။ သူ့အဖွဲ့မှ လူများသည် ဥမင်ထဲမှ တဦးချင်း ထွက်လာနေကြဆဲ ဖြစ်သည်။ အားလုံး အပြင်ရောက်၍ လူစုံသောအခါ မစ္စတာဖလင့်ချ်က သူတို့ ဘာသာစကားနှင့် တခွန်း ပြောလိုက်သည်။ အားလုံးက ခေါင်းညိတ်ကြသည်။ ထိုအခါ မစ္စတာ ဖလင့်ချ် သည် တူးမာ၏ နံဘေးမှာ လာ ရပ်ပြီး ...
‘တူး ... မင်းကို ငါတို့ မေးခွန်းတခု မေးချင်တယ်။’
‘ဟုတ်ကဲ့။’
‘ဒီ မေးခွန်းဟာ မမေးသင့်တဲ့ မေးခွန်းဖြစ်ပြီး ကြားရတာ မင်းအတွက် ရိုင်းချင်လည်း ရိုင်းနေမယ်။ ဒါပေမယ့် ဒီမေးခွန်းရဲ့ အဖြေကို မသိရယင် ငါတို့ တဖွဲ့လုံး ရှေ့ခရီးမှာ စိတ်ထဲ ခိုးလိုးခုလု ဖြစ်နေကြမယ်။ တခြားလူဆီ မေးဖို့ ဆိုတာကလည်း ဗမာပြည်မှာ ငါတို့ အရင်းနှီးဆုံး သူဟာ မင်းတယောက်ပဲ ဖြစ်နေတယ်။ ဒီတော့ ကောင်းတာလည်း မင်းကို ပြောရမှာပဲ၊ ဆိုးတာလည်း မင်းကို ပြောရမှာပဲ။ ငါ ပြောချင်တဲ့ အဓိပ္ပါယ်ကို မင်း နားလည်ပါတယ်နော်။’
‘ဟုတ်ကဲ့၊ နားလည်ပါတယ်။’
‘ကောင်းပြီ။’
အဖွဲ့ခေါင်းဆောင် မစ္စတာ ဖလင့်ချ် က တူးမာ၏ မျက်ဝန်းအစုံကို စူးစူးစိုက်စိုက် ကြည့်ပြီး မေးရမည့် မေးခွန်းကို စကားလုံး စီနေဟန် တူသည်။ ကျန် အဖွဲ့သား များကလည်း မစ္စတာ ဖလင့်ချ် ၏ နံဘေးမှာ တချို့၊ နောက်နားမှာ တချို့ ရပ်ပြီး၊ သူတို့ အဖွဲ့ ခေါင်းဆောင်ကို တလှည့် တူးမာကို တလှည့် စိတ်အား ထက်သန်စွာ ဝိုင်းကြည့်နေကြသည်။ မစ္စတာ ဖလင့်ချ် ၏ မေးခွန်းအဆုံးမှာ ပြန်ဖြေကြားမည့် တူးမာ ၏ စကားတွေကို စိတ်ဝင်စားစွာ စောင့်မျှော် နေကြဟန်ပင်။
ခေါင်းဆောင် အဘိုးကြီးကို ကြည့်ယင်း တူးမာရင်ထဲ တထိတ်ထိတ် ခုန်လာသည်။
ဒုက္ခ ပါပဲ။ ဘာတွေများ ကြီးကြီးကျယ်ကျယ် မေးမလို့ ပါလိမ့်။ လုပ်ငန်းခွင်အတွက် တတ်သလောက် မှတ်သလောက် လက်လှမ်းမီသမျှ ရှာဖွေ ဖတ်ရှု မေးမြန်းကာ ဗဟုသုတသိုမှီးထားပေမယ့် ဒီ ဦးနှောက် ကကွန်ပြူတာမှမဟုတ်တာ။ လူပဲ၊ တချို့ မေ့တာလည်းရှိသည်။ သိပါလျက်နှင့် အစ ဖော်မရတာလည်း ကြုံဘူးသည်။ တချို့ အကြောင်းတွေကို သိလိုပေမယ့် မိမိ လက် လှမ်း မီသမျှတွင် ဘယ်သူမှ မေး မရ၊ စာအုပ် ရှာ မရသော အကြောင်းတွေကလည်း ရှိသည်လေ။ ဒီတော့ မသိတာလေးတွေ မေးလာယင် ဘယ်လို ဖြေရပါ့။ မသိပါဘူးပဲ ဝန်ခံရမည် ဖြစ်ပေမယ့် ဒီလိုတော့လည်း အညံ့ မခံချင်။
တူးမာ ရင်ခုန် ပူပန်နေစဉ်မှာပင် မစ္စတာ ဖလင့်ချ် က မေးသည်။
‘မင်း ဂျပန်တွေနဲ့ ဓါတ်ပုံ အရိုက်ခံတာ ငါတို့ အံ့သြ နေတယ်။’
သြော် ... ဒါလေးများ။ တူးမာ ရယ်ချင်သွားသည်။
ငါ့နှယ် ... ဘာတွေများ မေးမလဲလို့ ရင်ထိတ် လိုက်ရတာ၊ ခုတော့လည်း ဘာမှ မဟုတ်ဘူး။
သူတို့မေးခွန်းကို တူးမာ နားလည် လိုက်ပါသည်။ ဘာကြောင့် မေးမှန်းလည်း သိသည်။ တူးမာတို့ မြန် မာ လူမျိုးတွေသည် ပင်ကိုဓလေ့ကပင် ဖော်ရွေသည်။ သူတဘက်သားကိုလည်း ကူညီချင်သည်။ မိမိနှင့် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အခက်အခဲ တွေ့နေလျှင် အကူအညီ မတောင်းပေမယ့်လည်း သဘောဖြူစွာနှင့် အလိုက်တသိ ကူညီတတ်ကြသည်။ သည် ချစ်စဘွယ် ဓလေ့ကပင် မြန်မာတို့၏ ပင်ကိုယ် အမှတ်အသား တခု အနေနှင့် ကမ္ဘာ့လူမျိုးတို့ အလယ်မှာ အသိအမှတ်ပြု ခံရပြီး ဖြစ်သည်။
သူတို့ နိုင်ငံတွေမှာ ဒီလို မဟုတ်။ မသိလိုက် ဘာသာ နေတတ်သော ဓလေ့က အရိုးစွဲ နေကြသည်။ (မှတ်ချက်၊ အမှန်တကယ်မှာ မလိုလားအပ်သော မတရားသဖြင့် တရားစွဲ ခံရမှု၊ စေတနာက ဝေဒနာ ဖြစ်ရမှု များကြောင့် အကူအညီ ပေးလိုသော်လည်း မပေးရဲကြ ဖြစ်နေခြင်း ဖြစ်သည်)
ဒီတော့ မသိကျွမ်းသူ တဦးကို ဓါတ်ပုံ ရိုက်နိုင်ဖို့၊ အခကြေး ငွေမရပဲ ဓါတ်ပုံ အရိုက်ခံဘို့ဟူသည် လွယ် ကူသောကိစ္စ မဟုတ်ကြပါ။ တူးမာမှာတော့ တဆိတ်လောက် အစချီစကားလေးနှင့်ပင် အနောက်တိုင်း သားက ဓါတ်ပုံ ရိုက်တာလည်း ခံလိုက်သည်။ ဂျပန်က ဓါတ်ပုံ ရိုက်တာလည်း ခံလိုက်သည်။ ပြီးတော့ တယောက်လည်း မဟုတ်၊ နှစ်ယောက်လည်း မက။ ဒါကို သူတို့ အံ့သြ နေတာပဲပေါ့။
တူးမာ ပြန် ရှင်းပြလိုက်သည်။
မြန်မာပြည်မှာ မြန်မာမိန်းကလေးတယောက်အနေနှင့် အရေးတယူ ဓါတ်ပုံ ရိုက်ကြတာမို့ လက်ခံ ခွင့်ပြုခဲ့ကြောင်း၊ မြန်မာ့ ယဉ်ကျေးမှုတွင် ဤ အပြုအမူသည် လက်ခံနိုင်စရာ ဓလေ့ ဖြစ်ကြောင်း။
‘အို ... မဟုတ်ဘူး၊ မဟုတ်ဘူး။’
တူးမာ၏ စကားပင် မဆုံးရသေး၊ မဟုတ်ဘူးဟု ဝိုင်းအော်ကြသည်။ တယောက် တပေါက် ပြောမည် ပြုကြပြီး ကာမှ ခေါင်းဆောင်သို့ ဝိုင်းကြည့်ပြီး သူတို့ ကိုယ်စား မေးရန် ခွင့်ပြု ကြသည်။
‘မဟုတ်ဘူး တူး၊ ငါ မေးတဲ့ မေးခွန်းကို မင်း သဘော မပေါက်သေးဘူး။ ပထမ ဥရောပ တိုက်သား လူငယ်တွေကို မင်း ဓါတ်ပုံ ရိုက်ခွင့်ပြုတာ ငါတို့ နားလည်တယ်။ မင်း ပြောပြတဲ့ အကြောင်းပြချက်နဲ့ ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ငါတို့ မေးတာက ဂျပန်တွေကို မင်းခွင့်ပြုလို့။’
‘ဟုတ်တယ်လေ ... သူတို့ဟာလည်း ဧည့်သည်တွေပဲ။’
‘မင်းဟာ ငါတို့ အဖွဲ့ရဲ့ ဧည့်လမ်းညွှန်ပါ။’
ရော် ... ခက်ပါပေါ့လား၊ ဧည့်လမ်းညွှန်ကို မူပိုင် သတ်မှတ်ချင် နေကြတာကိုး။
‘ဟုတ်ပါတယ်။ ကျွန်မဟာ လူကြီးမင်းတို့ရဲ့ အဖွဲ့ကို လိုက်လံ ပြသဖို့ အထူးတာဝန် ကျတဲ့ သူပါ။ ဒါပေမယ့် ယေဘူယျအားဖြင့် မြန်မာပြည်ကို လာတဲ့ ခရီးသည်တိုင်းဟာ ကျွန်မတို့ မြန်မာ့ ခရီးသွားဌာနရဲ့ ဧည့်သည်တွေ ဖြစ်လို့ ကျွန်မတို့ ဧည့်လမ်းညွှန်တွေမှာ ဧည့်သည်တွေ တောင်းလာတဲ့ အကူအညီကို လူမျိုး၊ ဘာသာ မရွေး အကူအညီ ပေးဖို့ တာဝန် ရှိပါတယ်။’
‘ဒါပေမယ့် သူတို့ဟာ ဂျပန်တွေပဲ။’
‘ဟုတ်ပါတယ်၊ ဂျပန်တွေလည်း ကမ္ဘာလှည့် ခရီးသည်တွေပါ။’
တူးမာလည်း နှုတ်မှ ဖြေသာ ဖြေနေရသည်၊ သူတို့ သဘောကို နား မလည်နိုင်တော့။ သူတို့ ဘာကို ဆိုလိုသည်၊ ရည်ရွယ် မေးနေသည် မှန်း မရ။ သူတို့ကို ကြည့်ရတာလည်း တူးမာ၏ အဖြေကို ဘဝင် ကျပုံ မရ။
ထိုစဉ် အဖွဲ့ခေါင်းဆောင် မစ္စတာ ဖလင့်ချ် မေးနေသည်ကို အားမရနိုင်ဟန်နှင့် နဘေးမှ တဦးက ရှေ့တိုးကာ ဝင်မေးကာမှ ... ...
‘ဒါပေမယ့် ဂျပန်တွေဟာ မင်းတို့ကို နှိပ်စက်ခဲ့တယ် မို့လား။ မြန်မာလူမျိုးတွေ အပေါ်မှာ စစ်အတွင်းက ရက်ရက်စက်စက် ညှင်းဆဲ သတ်ဖြတ်ခဲ့တယ် မဟုတ်လား။ မင်းတို့ မြန်မာတွေ သူတို့ကို စိတ် မနာဘူးလား၊ မင်းတို့ ဘိုးဘွားတွေ ကိုယ်စား နာကျည်းမှုတွေ မရှိဘူးလား။’
သည်တော့မှ သူတို့၏ မေးလိုရင်း အချက်ကို တူးမာ နည်းနည်း သဘောပေါက်မိသည်။ ထို့ကြောင့် ပြုံးပြီး ပြန်ဖြေလိုက်ရသည်။
‘ဒါတွေဟာ ကမ္ဘာစစ်တုန်းက အဖြစ်တွေပါ။ စစ်ကြီးလဲ ပြီးခဲ့ ပါပြီ။ အဲဒီတုန်းက ကြုံခဲ့ရတဲ့ အဖြစ်တွေဟာ မမေ့နိုင်စရာ ဆိုပေမယ့် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က ဂျပန်တစုရဲ့ လုပ်ရပ်ကြောင့် ဒီနေ့ ဂျပန်တွေကို အပြစ်မြင်လို့ ဘယ်ရပါ့မလဲ။’
‘မင်း ပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အပြစ် ရှိတဲ့ သူတွေ၊ ဗမာတွေကို နှိပ်စက် ညှင်းပန်းခဲ့သူတွေ၊ သူတို့ အားလုံးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အတော်များများဟာ တချိန်က မင်းတို့ရဲ့ ဘိုး ဘွားတွေကို စော်ကား ညှင်းပန်း ခဲ့သူတွေပဲ။’
ဒေါနှင့်မာန်နှင့် အတိအကျစွပ်စွဲပြောလိုက်ပုံကြောင့် တူးမာ အံ့သြစွာကြည့်မိသည်။ နှုတ်မှလည်း အလို လို မေးလိုက်မိသည်။
‘မင်းတို့ ဘာကြောင့် သည်လို အတိအကျ ပြောနိုင်တာလဲ။’
‘သူတို့ ဘယ်သူတွေ ဆိုတာ ငါတို့သိတယ်။ ယိုးဒယားမှာ ကတည်းက သိခဲ့တာ။ ဗမာပြည်ကို လာတော့ လေယာဉ်ပျံ တစီးတည်း အတူ စီးလာတာ မှတ်မိတာပေါ့။’
တအံ့တသြနှင့် တူးမာ နားမလည်သေးဟန်ကြောင့် ခေါင်းဆောင် ဖြစ်သူက ဝင် ပြောပြသည်။
‘မင်းတို့ မြန်မာနိုင်ငံ တောင်ပိုင်းမှာ ယိုးဒယား နယ်စပ်ကို ဖြတ်ပြီး ဖောက်တဲ့ ရထားလမ်း အကြောင်း မင်း ကြားဘူးမှာပေါ့။’
တူးမာ ခေါင်းညိတ် ပြလိုက်သည်။
‘အဲဒီ သေမင်း ရထားလမ်း ဖောက်တုန်းက ငါတို့ ဟာ စစ်အကျဉ်းသားတွေအနေနဲ့ ဆောက်လုပ်ရေးမှာ ပါခဲ့ တယ်။ ဘယ်လို အခြေအနေဆိုးတွေ အကြားမှာ နေခဲ့ ရှင်သန်ခဲ့ရတယ် ဆိုတာ နာမည်ကြီး ရုပ်ရှင်ရိုက်ပြီး ဆုတွေ အများကြီးရခဲ့ပေမယ့် အဲသည် ရုပ်ရှင်ထဲ ရိုက်ပြထားချက်တွေဟာ ငါတို့တတွေ တကယ်ကြုံတွေ့၊ ဖြတ်သန်းခဲ့ရတဲ့ ငရဲစခန်း၊ ငရဲကာလရဲ့ အပုံဆယ်ပုံ ပုံ၊ တပုံစာ မမီ ပါဘူး။ ငါ ပြောချင်တာက အခြေအနေမှန်တွေ ဖြစ်ရပ်မှန်တွေဟာ ဘယ်လောက် ဆိုးရွားခဲ့တယ် ဆိုတာပါ။ ငါတို့ရဲ့ ရဲဘော်တွေ ငါတို့ မျက်စိရှေ့တင် အသေဆိုး သေခဲ့ရတာ ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ။ ချွေးတပ်စခန်းမှာ အလုပ်ဒဏ်၊ အဖျားဒဏ်ကြောင့် သေကြရတယ် ဆိုပေမယ့် ဒီလို မသေ သေအောင် အခြေအနေတွေကို အရင်းခံ အခြေတည် ပေးခဲ့တာက ဒီဂျပန်တွေ။ ထိုင်းဘက်က နယ်စပ်မှာ ငါတို့ စစ်သင်္ချိုင်း ရှိတယ်။ အဲဒီမှာ ငါတို့ရဲ့ ကျဆုံးလေပြီးတဲ့ ရဲဘော်တွေကို ဂါရ၀ သွားပြုတုန်းက သည်ဂျပန်တွေဟာလည်း သူတို့ရဲဘော်တွေရဲ့ သင်္ချိုင်းတွေဆီ သွားခဲ့ကြတယ်။ နောက်ပြီး သူတို့ရဲ့ ဧည့်လမ်းညွှန်ကလည်း ပြောတယ်။ သူတို့ဟာ စစ်ပြန်တွေတဲ့။’
‘တာဝန်ကျတဲ့ ဧည့်လမ်းညွှန်က သူတို့နဲ့ ဆက်ဆံရတာကို နားလည်ပါတယ်။ ဒါဟာ သူ့ အလုပ်ပဲ။ မင်း အပြုအမူကို ငါတို့ နားမလည် နိုင်ဘူး။ မင်းတို့ မြန်မာလူမျိုးတွေ စေတနာ ကောင်းတာကို သိပါတယ်။ ဒါပေမယ့် မင်းတို့ရဲ့ စေတနာဟာ သူတို့အတွက် မဖြစ်သင့်ဘူး။ သူတို့ဟာ မင်းတို့ အပေါ် ကောင်းခဲ့တာ မဟုတ်ဘူး။ အခုလည်း မြန်မာပြည်ရဲ့ အလှအပကို မြတ်နိုးလို့ လာတာ မဟုတ်ဘူး။ သူတို့ ရဲဘော် ရဲ ဘက်တွေ ဆွေမျိုး သားချင်းတွေရဲ့ သင်္ချိုင်းရှိလို့ လာတာ။ မင်း သည်လို မကူညီ သင့်ဘူးလို့ ငါတို့ ထင်တယ်။’
အဖွဲ့ခေါင်းဆောင် မစ္စတာ ဖလင့်ချ်၏ စကားကို ငြိမ်၍ နားထောင်ယင်း ပြန် ပြောရမည့် စကားတို့ကို တူးမာ အလျင်အမြန် စဉ်းစားနေရသည်။
တူးမာတို့ တိုင်းပြည်သည် အဘက်ဘက်မှ လိုအပ်မှုတွေ အများကြီး ရှိဆဲ ဖြစ်ပါသည်။ ဒုတိယ ကမ္ဘာ စစ်ကြီးအပြီးမှာ ပြန်လည် ထူထောင်ကြတာချင်းအတူတူ ဂျပန်နိုင်ငံသည် အခြားသောနိုင်ငံ အများစုနှင့် အတူ ရှေ့သို့ တရိပ်ရိပ် ပြေး၊ တနှစ်ထက် တနှစ် တိုးတက်လာသော နိုင်ငံများ စာရင်းတွင် ပါဝင်သော်ငြား တူးမာတို့ မြန်မာပြည်မှာ အချိန် အပိုင်းအခြား ကာလတခု အထိသာ တိုးတက်ခဲ့ပြီး ယနေ့ လက်ရှိမှာ အရှေ့သို့ မတိုးတော့ပဲ တရွေ့ရွေ့ ပြန် လျှောဆင်းနေသော အချိန်ဖြစ်သည်။
အစစအရာရာ ရှားပါးကြပ်တည်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်နေသော ဤခေတ်အချိန်ခါတွင် ဂျပန်တွေ ထံမှ ပစ်ပေးသော အပေါစား ဘော့ပဲန်၊ တန်ဘိုးနည်း ချိုချဉ်၊ အပျော်ဆော့ ရာဘာပူပေါင်း၊ ဒီဇိုင်းလှလှ ရေးချယ်ထားသော တခါသုံး စက္ကူ လက်ကိုင်ပုဝါတို့ကို ဝမ်းသာအားရ အလုအယက် ဝိုင်းကောက်ကြသော မြန်မာ ကလေးများ။
ဆိုးပြီးသား နှုတ်ခမ်းနီ၊ သုံးပြီးသား မိတ်ကပ်ပစ္စည်းနှင့် ဝတ်ပြီးသား အဝတ်အထည်များကို အလကား ရလည်း မနည်း ဆိုကာ ကျေကျေနပ်နပ် လက်ခံရယူ ကျေးဇူးတင်ကြသော အချို့ တူးမာတို့ ဝန်ထမ်းများ။
လူ တွေ့တာနှင့် မာစတာ ဝမ်းကျပ် ဆိုပြီး လက်ဝါးဖြန့်သော သူတောင်းစား မဟုတ်သည့် အချို့ မြန်မာများ။
ဒါတွေကို ခရီး တလျှောက်လုံးမှာ တူးမာ၏ ဧည့်သည်တွေ ခဏခဏ မြင်တွေ့ခဲ့ကြသည်။ တအံ့တသြ ဖြစ်နေသော သူတို့နှင့် အကြည့်ချင်း မဆုံမိအောင် ထိုစဉ်အခါတွေမှာ ရှောင်ခဲ့နိုင်ပေမယ့် သူတို့ ဘာတွေ တွေးနေမည်၊ ဘာတွေ မေးချင်မည်၊ ဘာတွေ ထင်နေမည်ကို တူးမာ မှန်းဆနိုင်ခဲ့ပါသည်။ ထို့ ကြောင့် တူးမာ၏ အပြောအဆို တချက် မှားသွားပါက ဗမာတွေအပေါ် နိုင်ငံနှင့်ချီပြီး သူတို့ အမြင် တမျိုး ဖြစ်သွားနိုင်သည်။
တူးမာ သက်ပြင်းတချက် ခိုးရှိုက်မိသည်။ စိတ်ထဲမှာ တခါက ဆုံခဲ့ဘူးသော အမေရိကန် ဂျူးလူမျိုး ပေါ့ပ်ကင်း မောင်နှံကို မြင်ယောင်လာသည်။
မစ္စတာ ပေါ့ပ်ကင်းတို့ ပုဂံမှ ရန်ကုန်သို့ ပြန်ကာနီးတွင် လေဆိပ်၌ လေယာဉ်အလာကို စောင့်ယင်း မစ္စတာပေါ့ပ်ကင်းက မေးခဲ့ဘူးသည်။ ဂျာမန်ဘာသာဧည့်လမ်းညွှန်ဆိုတော့ ဂျာမဏီအကြောင်း မင်း လေ့လာဘူး မှာပေါ့။ ဒုတိယကမ္ဘာစစ် တုန်းက အကြောင်းတွေ ကြားဘူးသလား ... တဲ့။
ကြားသိထားတာတွေ အတော်အသင့် ရှိပါတယ် ဆိုတော့ ဘူခင်ဗား (Buchenwald) ဆိုတဲ့ နာမည်ကို ကြားဘူးသလား တဲ့။
သူပြောတဲ့ နာမည်ကို တူးမာ ကြားဘူးပါသည်။ ၁၉၃၇ ခုနှစ်မှာ တည်ဆောက်ခဲ့သော ထိုစခန်းသည် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နာဇီဂျာမဏီ တွေရဲ့ အထူးအကျဉ်းစခန်းတွေထဲမှာ နာမည်ကြီး စခန်းတခု ဖြစ်ပါသည်။ ဂျာမန်မြေပေါ်မှာ အစောပိုင်း တည်ဆောက်ခဲ့တဲ့ စခန်းတွေအထဲမှာ အကြီးဆုံး စခန်းတခု ဖြစ်ခဲ့ပါသည်။ စခန်းမှာ ချုပ်နှောင်ညှင်းဆဲခံခဲ့ရသူ အကျဉ်းသားတွေဟာ ဥရောပတိုက် တလွှားနဲ့ ရုရှားနိုင်ငံမှပါဝင်ခဲ့ပြီး ဂျူးလူမျိုးများသာမက ဂျူးလူမျိုးမဟုတ်သူများ၊ အထူးသဖြင့် ဂျာမဏီရဲ့ အိမ်နီးချင်း နိုင်ငံများမှ ပိုးလ်နဲ့ စလိုဗက် လူမျိုးများ၊ ဘာသာရေး၊ နိုင်ငံရေး အကျဉ်းသားများအပြင် ရာဇဝတ်မှု ကျူးလွန်သူများသာမက စစ်အတွင်း တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများပါ ပါဝင်ခဲ့ကြောင်း၊ ရက်စက် ကြမ်းကြုတ်စွာ အုပ်ချုပ်မှု၊ မတရား နှိပ်စက် ညှင်းပန်းမှုများအပြင် အဓိပ္ပါယ်မဲ့ လူမဆန်သောနည်းများနှင့် သတ်ဖြတ်မှုများ အကြောင်းကို တူးမာ ကြားဘူး၊ ဖတ်ဘူး၊ မှတ်သားဘူး ပါသည်။
ယခင်က စာအုပ်ထဲ မယုံနိုင်အောင် ဖတ်ခဲ့ဘူးသည်များကို မစ္စတာပေါ့ပ်ကင်းက သူ့ ကိုယ်တွေ့၊ သူ ကိုယ်တိုင် ကြုံခဲ့ရသော အဖြစ်မှန်များ အဖြစ် တူးမာအား ပြောပြနေစဉ် သူ၏ ဇနီးမှာ မျက်ရည် အဝဲသားနှင့် ခင်ပွန်းသည်ကို ငေးကြည့် နေခဲ့ရှာသည်။
ထိုစဉ်က ပေါ့ပ်ကင်းတို့နှင့် ပြောဆို ခဲ့ရသည်တို့ကို သတိရပြီး တူးမာ စကားစ ရသွားသည်။
‘ကျွန်မရဲ့ အတွေးအခေါ် အယူအဆတွေဟာ လူကြီးမင်းတို့အတွက် လက်ခံနိုင်စရာ ဖြစ်ချင်မှ ဖြစ်မှာပါ။ ကျွန်မဟာ ကျွန်မတို့ ဌာနကို ကိုယ်စားပြုပြီး လူကြီးမင်းတို့ကို လိုက်လံပြသ ဧည့်ဝတ် ပြုစုဘို့ တာဝန်ကျသူပေမယ့် အခု ကျွန်မ ပြောမယ့်စကားတွေက ကျွန်မတို့ ဌာန၊ သည့်ထက် ပို ပြည့်စုံအောင် ပြောရယင် မြန်မာပြည်သူတွေကို ကိုယ်စားပြု ပြောတာ မဟုတ်ပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်မတို့ ပြည်သူတွေ အကြား တရားဝင် သုတေသနပြု စစ်တမ်း ကောက်ယူထားတာ မရှိလို့ အဖြေကို မမှန်းဆနိုင်ပေမယ့် ကျွန်မရဲ့ ကိုယ်ပိုင် ခံစားချက် အနေနဲ့ပဲ ဒီစကားတွေကို အသိအမှတ်ပြု နား ထောင်သွားကြဘို့ ပထမဦး တောင်းပန် ပါရစေ။ ကျွန်မ အသက်ဟာ လူကြီးမင်း တို့ထက် ထက်ဝက် ကျော်ကျော် ငယ်ပါတယ်။ ကမ္ဘာစစ်ကိုလည်း မကြုံခဲ့ဖူးဘူး။ ပြည်တွင်းစစ်ကိုတောင် မကြုံခဲ့ဖူးပါဘူး။ ကျွန်မ သိတတ်တဲ့အရွယ်မှာ တိုင်းပြည်ဟာ အဘက်ဘက်က ရုန်းကန်ရဆဲ ဆိုပေမယ့် စစ်ဆိုတဲ့ အနိ ဌာရုံနဲ့ ကျွန်မတို့အရွယ် မြို့ပေါ်နေ လူငယ်တွေဟာ နဲနဲ အလှမ်းကွာ သွားပါပြီ။ တိုင်းပြည်ရဲ့ အချို့သော နေရာဒေသတွေမှာ ပြည်တွင်းစစ် တောက်လောင်ဆဲ ဆိုပေမယ့် ကျွန်မတို့ ကတော့ ကံကောင်းတယ် ပြောရမလား၊ စစ်ရဲ့ ခါးသီးတဲ့ အနိဌာရုံ၊ ရက်စက်မှု၊ ကြေကွဲစရာတွေကို လူကြီးမိဘ ပြောပြတာရယ်၊ စာအုပ်ထဲဖတ်ရတာနဲ့ ရုပ်ရှင်ထဲ မြင်ဘူးတဲ့အတွေ့အကြုံပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီ မဖြစ်စလောက် အတွေ့အသိကလေးတွေနဲ့ပဲ ကျွန်မရင်မှာ ခံစားရတာကတော့ စစ်ကို မုန်းတယ်’
စကားကို ခေတ္တရပ်ပြီး အကဲခတ် ကြည့်မိတော့ အားလုံးသည် တူးမာ၏ စကားမှာ စိတ်ဝင်တစား နား ထောင် နေကြသည်။ ထို့ကြောင့် တူးမာ စကားကို ဆက်ပြောသည်။
‘ရုပ်ရှင် ရိုက်ထားတာကို ကြည့်ပြီး ကျွန်မတို့ ခံစားရသလို တကယ် ကြုံခဲ့ရတဲ့ ကာယကံရှင်တွေမှာ ဘယ်လောက်အထိ ခံစားရမယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ အဲဒီလို အဖြစ်မျိုးတွေ ဥရောပစစ်မြေမှာရော၊ အာရှတိုက် စစ်မြေမှာရော မရေမတွက်နိုင်အောင် ဖြစ်ခဲ့တယ်။ ကျွန်မတို့ ပြည်တွင်း အချို့နေရာတွေနဲ့ ကမ္ဘာ တလွှား အချို့နေရာတွေမှာ အခုထိ ဖြစ်ဆဲ၊ တိုက်နေကြဆဲပဲ’
‘ကျွန်မ ဂျပန်တွေကို ဓါတ်ပုံ ပေး ရိုက်မိတာ စစ်ပြန်တွေမှန်း မသိလို့ မဟုတ်ပါဘူး။ သိယင်လဲ ပေး ရိုက်မိမှာပါပဲ။ ကျွန်မ အယူအဆအရ သူတို့ကို အပြစ်ရှိသူတွေလို့ ခံစားလို့ မရဘူး။ စစ်သားဆိုတာ စစ်မြေပြင်မှာ ဦးသူက သတ်ကြတာပဲ မို့လား။ ကိုယ်က နှေးယင် ကိုယ့်ကို ရန်သူက သတ်သွားမှာ။ ဒါနဲ့ပဲ စစ်သားတွေဟာ လူသတ်သမား ဖြစ်ရရောလား။ လူကြီးမင်းတို့လည်း စစ်ပြန်တွေပဲ၊ ခံစားကြဘူးမှာပါ။’
အားလုံးက ခေါင်းတညိတ်ညိတ် ဝိုင်းညိတ် ကြသည်။
‘စစ်သားတွေဟာ စစ်ဗိုလ်တွေ ပေးလာတဲ့ အမိန့်အရ တိုက်ရသူတွေ။ စစ်ဗိုလ် ဆိုတာတွေ ဟာလည်း အထက် အဆင့်ဆင့် ပေးလာတဲ့ အမိန့်ကို လိုက်နာရသူတွေ။ သူတို့ သိတာက သူတို့ဟာ နိုင်ငံအတွက် အသက်ပေးထားတယ်။ သူတို့ထင်တာက နိုင်ငံနဲ့ လူမျိုးအတွက် တိုက်နေတယ် ထင်တယ်။ တကယ်တော့ သူတို့မှာ ရှိတဲ့ အပြစ်က အမှန်တရားကို မမြင်တတ်၊ မစဉ်းစား မဆင်ခြင်တတ်မှုပဲ။ တကယ် အပြစ်ရှိတာက စစ်ပွဲတပွဲ ဖြစ်ပွားလာအောင် ဖန်တီးခဲ့သူ၊ မတရားသဖြင့် စစ်ကို ဖန်တီးသူ တွေပဲ။ နယ်ချဲ့ စနစ်မှာ အပြစ်ရှိတယ်။ နောက်ပြီး စစ်သားဆိုတာ စစ်မြေပြင်ရဲ့ စည်းကမ်းတွေကို လိုက်နာ လေးစား ရမယ်။ စစ်ကို စစ်နဲ့ တူအောင် တိုက်ရမယ်။ သာမန် အရပ်သားတွေ မဆိုထားနဲ့ ရန်သူကိုတောင် လက်နက်ချခဲ့ယင် မတရား ညှင်းဆဲ သတ်ဖြတ်ခွင့် ရှိတာ မဟုတ်ဘူး။ စစ်ကို ပရမ်းပတာ တိုက်ချင်တဲ့ မတရား ရမ်းကားတဲ့ လူမဆန်တဲ့ ဖက်ဆစ်တွေကို မုန်းရမှာပါ။ ဂျပန်တွေ ဂျာမန်တွေမှာ အပြစ် မရှိပါဘူး။ တကယ် အပြစ်ရှိတာက ဖက်ဆစ်တွေ၊ နာဇီတွေပါ’
‘အို ... တူး၊ ကလေးရယ်’
ပြောယင်း ပြောယင်း အရှိန်တက်နေသော တူးမာ ... ဘေးဘီကို သတိ မထားမိတော့။ နံဘေးမှ အဘွားကြီး တယောက်က စိတ် မထိန်းနိုင်သလို သူမ အမည်ကို ခေါ်ပြီး ပခုံးကို ဖက်ကာ ငိုလေမှ လန့်ဖျတ်ပြီး စကားကို ရပ်လိုက် မိသည်။ မဟုတ်လျှင် စကားကို ဘယ်အထိ ဆက်ပြော နေမိမည် မသိ။
‘ငါ့ကို ခွင့်လွှတ်ပါ ကလေးရယ်။ မင်းရဲ့ စကားတွေ ကြားရတော့ ငါ စိတ် မထိမ်းနိုင် ဖြစ် သွားမိတယ်။ ကမ္ဘာစစ် တုန်းက ငါ့သားလေးသာ မသေခဲ့ယင် ငါ့မှာ မင်းအရွယ် မြေးကလေး တယောက် တော့ ရခဲ့မှာပဲ။ အခုတော့ ငါ့မှာ သား လည်း မရှိ၊ မြေး လည်း မရှိ။’
မျက်ရည်တွေနှင့် အဘွားကြီးကို မစ္စတာ ဖလင့်ချ်က ဝင်ထိမ်းပြီး ကားဆီသို့ တွဲ ခေါ် သွားသည်။ ကျန်လူများ သည်လည်း မျက်စိမျက်နှာ မကောင်းစွာနှင့် အသီးသီး လိုက်သွားကြသည်။
ရှေ့ဆက်သော ခရီးသည် တိတ်တိတ် ဆိတ်ဆိတ်ပင် ဖြစ်နေသည်။
ဂူပြောက်ကြီး ဘုရားကို လှမ်းဖူးရသော အချိန်မှာတော့ ဧည့်သည်အားလုံး၏ အမူအရာများ ရုတ်ချည်း ပြောင်းလဲ သွားကြသည်။
တူးမာ လက်ညှိုး ညွှန်ပြရာ ဂူဘုရားဆီသို့ လှမ်းမျှော်ကြည့်ပြီး အချို့က ကားပေါ်မှာ ကတည်းက ကပ်ကပ် သပ်သပ် ဓါတ်ပုံ ရိုက်ယူသည်။ ဘုရားရှေ့မှာ ကားရပ်တော့ အဝေးအနီး ထောင့်စုံမှ ဓါတ်ပုံတွေ တဖြတ်ဖြတ် ရိုက်ကြ ပြန်သည်။ အချို့ကလည်း တမျှော်တခေါ် ထန်းပင်များနှင့် ခြောက်သွေ့သော မြေကွက်တွေကို ငေးကြည့် နေကြသည်။
ထို့နောက် တူးမာ ခေါ်ရာ နောက်ကို စုရုံး လိုက်ကြယင်း မရှင်းတာ မေးကြ၊ သိချင်တာတွေ မေးကြ၊ သူတို့ အယူအဆတွေ ပြောကြ၊ ဓါတ်ပုံတွေ ရိုက်ကြနှင့် စောစောက ရွှေစည်းခုံ ရင်ပြင် ရောက်ကာစက ပုံစံ အတိုင်းပင်။
ပုဂံမြေ၏ အလှအပတွေက သူတို့ကို ဖမ်းစားပြန်ပြီလေ။
ဒီလိုတော့လည်း ဖက်ဆစ်နှင့် နာဇီကို သူတို့ မေ့သွားကြပြန်ပြီ ထင်ပါရဲ့။
မိမိတို့ အမိမြေ၏ အလှအပတွေက ဒီလို တမေ့တမော ဖမ်းစားနိုင်သည်ဆိုတော့ တူးမာတို့မှ ဂုဏ် မယူလျှင် ဘယ်သူ လာလို့ ယူပါ့မလဲ။
ထို့အတူ ကျွန်မ၏ ချစ်ခဲ့ပါသည် ဆိုသော အချစ်ဆိုသည်မှာလည်း ...
ထို အလှအပများဖြင့် ခွင့်လွှတ်၊ စာနာ၊ မျှတသော အမိမြေပေါ်က ... ဖြူစင်သည့် မြန်မာ့ စိတ်ကလေးတွေ ပါပဲ ... ဟု ... ။

No comments:
Post a Comment