(Reposted with Unicode on July 18th, 2025)
(မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၄ခု ဒီဇင်ဘာလ၊ အမှတ် ၅)
“ကလင် ... ကလင် ... ကလင်”
တတိယ အကြိမ်မြောက် မြည်လာသော ခေါ်သံကြောင့် တယ်လီဖုန်းကို အုန်းအုန်း ငဲ့စောင်း ကြည့်မိသည်။ မီးပူ တိုက်နေသော ပြုံးပြုံးခမျာ တတိယ အကြိမ်မြောက် မီးခလုပ် ပိတ်ကာ ထရပြန်သည်။ သုံးကြိမ်ဆိုတော့ စိတ် မရှည်ပြီ ထင့်။ မျက်နှာက နည်းနည်း ညိုနေသည်။
ထူးလိုက်သော အသံက ခပ် ဆောင့်ဆောင့်။
တဘက်မှ ပြောသံကို မကြားနိုင်သောကြောင့် ပြုံးပြုံး ပြောသည်ကိုသာ အုန်းအုန်း ပြတ်တောင်း ပြတ်တောင်း ကြားနေရသည်။“မရှိပါဘူး ရှင်။ ... ဟုတ်ပါတယ်။ အခု အိမ်မှာ မရှိတာကို ပြောတာပါ။ ... ဟုတ်ကဲ့၊ အဲဒါတော့ မပြောတတ်ပါဘူး။ ... အဲဒါလည်း မပြောတတ်ပါဘူး။ ... ဟုတ်ကဲ့ပါ ရှင်။ ... သည်ကလည်း ကျေးဇူး တင်ပါတယ်။”
ငေါ့တော့တော့ လေသံနှင့် ပြောပြီး ပြုံးပြုံးက ဖုန်းကို ပြန်ချလိုက်သည်။ ဖတ်လက်စ စာအုပ်ကို နဘေး အသာချပြီး သူမကို ကြည့်နေသော အစ်မကို တွေ့လိုက်သောအခါ မျက်နှာနုနု ကလေးကို မဲ့ပြီး ...“ကိုတူး ဆီကိုလေ ... ၊ ဒါက နောက် တသံ”
“ဘယ်သူတဲ့လဲ”
“အို ... မမကလည်း ထုံးစံအတိုင်းပေါ့။ နာမည် ဘယ် ပြောပါ့မလဲ”
အုန်းအုန်းက စာအုပ်ကို အသာ ပြန် ကောက် ကိုင်လိုက်သည်။ စာဖတ်နေသည် ဆိုပေမယ့် မီးပူတိုက်ယင်း ပြောနေသော ပြုံးပြုံးအသံက လွှမ်းမိုးနေသဖြင့် စာထဲ စိတ် မဝင်စားနိုင်တော့ပေ။
“ရှားရှားပါးပါး ကိုယ့်အကိုက အဆိုတော်ဆိုတော့ သူ့သီချင်းတွေ တီဗွီကနေ လာလည်း လာ စေချင်တယ်။ သီချင်း တခါ လာပြီးယင်လည်း အဲသလို တဂွမ်ဂွမ် လုပ်ကြမှာကို ကြောက်နေမိ ပြန်ရော”
ကိုတူးက အုန်းအုန်းအောက် မောင်အငယ်။ တစ်ဘက်က ဌာနဆိုင်ရာတခုတွင် အစိုးရဝန်ထမ်း ဖြစ်သလို တစ်ဘက်ကလည်း ဝါသနာအရ သီချင်း ဆိုနေသူ ဖြစ်သည်။
ယနေ့အခါ ပေါများလှသော ခေတ်ပေါ် အဆိုတော်များထဲတွင် လျှမ်းလျှမ်းတောက် အောင်မြင် ကျော် ကြားမှု မရသေးသော်လည်း အထိုက်အလျောက် အောင်မြင်မှုဖြင့် ပရိသတ်တော့ ရစ ပြုပြီ ဖြစ်သည်။ အစိုးရဝန်ထမ်းများ ဖြစ်သော ကိုတူးတို့ အဖွဲ့သားများသည် အလုပ်တာဝန် တဘက်နှင့်မို့ တီးဝိုင်းကိစ္စ၊ သီချင်းကိစ္စကို အချိန်ပြည့် အင်တိုက် အားတိုက် မလုပ်နိုင်သော်လည်း ကြိုကြား ကြိုကြား ဖျော်ဖြေ တီးခတ်မှု၊ သီဆိုမှုတွေက ပရိသတ် အားပေးမှုကြောင့် တခါတရံ မအားလပ်ရအောင် ပွဲဆက်နေတတ် သည်။
ဒါပေမဲ့ ဒီလို ဖျော်ဖြေမှုတွေကြောင့် မအားမလပ် အလုပ်များရတာက သူတို့ချည်းသာ ဖြစ်သည်။ ဧည့် ခံပွဲတွေ၊ စင်မြင့်ပေါ် ဖျော်ဖြေမှုတွေ၊ ဂီတပဒေသာပွဲတွေက အိမ်သားတွေကို ဘယ်လိုမှ အလုပ် မပေးခဲ့။
အဲ ကိုတူးတို့ တီးဝိုင်း ရုပ်မြင်သံကြားမှ အသံလွှင့် ဖြေဖျော်ခန်း ပါပြီးလျှင်ဖြင့် အနည်းဆုံး တစ်ပတ်၊ ဆယ်ရက်မှ ရက်ဆက်စွာပင် အိမ်ကလူတွေ အလုပ်များရပြီ ဖြစ်သည်။
အချိန်မလပ် လာနေသော တယ်လီဖုန်း ခေါ်သံများတွင် ဆယ်ခါမှာ ကိုးခါလောက်က ကိုတူးထံ လာသော ဖုန်းများ ဖြစ်သည်။ ကြာတော့လည်း ဖုန်းခေါ်သံက များလွန်းလှသည်မို့ ထ ထ နားထောင်ရသော ပြုံးပြုံးတို့ ညည်းမိရသည်။
ညည်းလည်း ညည်းလောက်ပါသည်။ ဒီအိမ်မှာက ဖုန်း လာသည်ဆိုလျှင် ပြုံးပြုံးပဲ ထ ကိုင်ရသည် မဟုတ်လား။
X X X X
“ကလင် ... ကလင်”
လာ ပြန်ချေပြီ။
ဒီတခါ ပြုံးပြုံးကို သနား၍ ထိုင်ရာမှ ထရန် အုန်းအုန်း စိတ်ကူးမိသည်။ ဒါပေမဲ့ သူမ စိတ်ကူးနေဆဲမှာပင် ပြုံးပြုံးက ပေါ့ပါးသွက်လက်စွာ တယ်လီဖုန်းနားကို ရောက်သွားသည်။
စက်ချုပ်တာ ခဏ ရပ်ပြီး ကြည့်နေသော ယောင်းမဖြစ်သူ မေသက်ကို မျက်စ ပစ် ပြပြီး ပြုံးပြုံးက နောက် ရွှတ်ရွှတ် ပြောသည်။
“သည်တခါလည်း ကိုတူးဆီကို လာတာပဲ ဖြစ်ရမယ်။ လောင်း မလား မမသက်”
ပါးစပ်ကပြောယင်း လက်က တယ်လီဖုန်းခွက်ကို မကာ ဟယ်လိုဟု ထူးလိုက်သည်။ ပြီးတော့ မေးခွန်း တွေကို ဆက် ဖြေနေသည်။
“ရုံး သွားပါတယ်”
“ဟုတ်ပါတယ်”
ဒီစကား အဖြေပေးစဉ်မှာ ပြုံးပြုံး၏ မျက်နှာ နည်းနည်း အူကြောင်ကြောင် ဖြစ်သွားသည်ကို အုန်းအုန်းနှင့် မေသက် တွေ့လိုက်ရသည်။
“သူ အလုပ် လုပ်တဲ့ ရုံးပါ”
“မသိပါဘူး”
“ပြန်လာယင်တော့ ရောက်မှာပေါ့”
“ကြုံယင် ပြောလိုက်မယ်၊ ဟုတ်ပြီလား”
ဖုန်းကို နေရာတကျ ပြန်လည် တင်ယင်း ပြုံးပြုံး သူ့နဖူး သူ ရိုက်သည်။
“ဟာ ကွာ၊ မေ့သွားတယ် ကွာ”
မေသက်နှင့် အုန်းအုန်းကို တစ်လှည့်စီ ကြည့်ပြီး နဖူးကို နောက်တစ်ချက် ထပ် ရိုက်ယင်း ပြောသည်။
“သူ့ အမျိုးသမီးနဲ့ မှာ ထားပေးမယ် ပြောလိုက်ရယင် အကောင်းသား”
သူ ပြောသော စကားကို သူမ ဘာသာ သဘောကျကာ တဟားဟား ရယ်နေပြန်သည်။ တစ်ဘက်မှ ပြောစကားကို မကြားရ၍ အုန်းအုန်းနှင့် မေသက်မှာ ဘာမှ နား မလည်ပေ။ ထို့ကြောင့် အူကြောင် ကြောင်နှင့် ကြည့်နေသော အုန်းအုန်းတို့ကို သူမက ထပ် ရှင်းပြသည်။
“ထုံးစံ အတိုင်းပါပဲ။ ကိုတူးဆီကိုပေါ့။ အသံကလေးက အိညှက် အိညှက်နဲ့ တမင် ဖျက် ပြောနေတာ သိသာပါတယ်။ ကိုရန်နောင် ရှိပါသလား တဲ့။ ပြုံးက ရုံး သွားပါတယ် ဆိုတော့ ... ရှင် ... တဲ့။ အကြီး အကျယ် လန့်သွားပုံပဲ။ လေသံက ချက်ချင်း ပြောင်းသွားတယ်။ ရုံး သွားတယ် ဟုတ်လား တဲ့။ တအံ့တသြကြီးနဲ့ နဂိုလေသံ ဖြစ်သွားရော။ ဘယ် ရုံး လဲ တဲ့။ ဖုန်းနံပါတ် ရ မလား။ ဆက်ယင် ရ မလား။ ရုံးသွားတာ ဆိုတော့ ၅ နာရီလောက်ဆို အိမ် ပြန်ရောက်မှာပေါ့နော်... တဲ့။ နောက်ပြီး ပြောသေးတယ်။ ထမင်း စားပြီးယင် ၆နာရီခွဲ တိတိ အိမ်မှာပဲ စောင့်နေပါ။ ဘယ်မှ မသွားပါနဲ့။ ဖုန်းဆက်မယ် တဲ့။ သူ့ နာမည်က မီမီ ပါတဲ့ ရှင်”
“ဘယ်က တဲ့လဲ”
“နာမည်အမှန် ဟုတ်ချင်မှ ဟုတ်မှာပါ မမသက်ရာ။ သူ ဖုန်း ဆက်ယင် စကား ပြန် ပြောဖို့ ကိုတူးကို ၆နာရီ မထိုးခင် ထမင်း ပြင်ကျွေး ထားရမယ်။ နာရီ နှိုးစက် ပေးထားပြီး ၆ နာရီခွဲမှာ ဖုန်းဘေးမှာ ခုံ တစ်လုံးနဲ့ ထိုင်ခိုင်းထားရမယ်။ ဟား ဟား ဟား”
ပြုံးပြုံးက သူ့ စကားနှင့်သူ သဘောကျစွာ ရယ်နေသည်။
ထိုစဉ်မှာ နေ မကောင်း၍ ရုံး မတက်ပဲ ခွင့် ယူထားသော ကိုကိုကြီး အိပ်ခန်းထဲမှ ထွက်လာသည်။
“ပြုံးငယ်တို့ကလဲကွာ။ ဖုန်းတွေ ဘာတွေ လာယင် ကောင်းကောင်း ပြောစမ်းပါ”
ရယ်နေသော ပြုံးပြုံး၏ မျက်နှာ ရုတ်ခြည်း တည်သွားသည်။
“ကောင်းကောင်း ပြောသားပဲ။ ခဏခဏ ဆက်နေတော့လည်း ဘယ်သူ စိတ် မတိုပဲ နေပါ့မလဲ။ အလကား အဓိပ္ပါယ် မရှိ ဆက်နေကြတာကို”
ကိုကိုကြီးနှင့် အသက်ချင်းက တစ်ဆယ့် လေးနှစ်ခန့် ကွာသည်မို့ ပြုံးပြုံးမှာ သေသေချာချာ လည်း စိတ် မကောက်ရဲ။ အစ်ကို အကြီးဆုံးမို့ မိဘနှင့်ထပ်တူ ကြောက်ရသည်။ ကိုတူးထံမှသာ သည်လို အပြောမျိုး ကြားကြည့် ပါလား။ မရွှေပြုံးပြုံးတို့ ရန် စွာလိုက်မည့် ဖြစ်ခြင်း။ စိတ် ကောက်လိုက်မည့် ဖြစ်ခြင်း။ အခုတော့ ကိုကိုကြီးက ပြောသည်မို့ မဝံ့မရဲသာ စောဒက တက်ရဲသည်။
“အေးလေ ဒါပေမယ့် ဘယ်ရုံးလဲ သိချင်လို့ မေးတာ ပြောလိုက်ပေါ့။ ဖုန်းနံပါတ်လည်း ပေးလိုက်ပေါ့။ ဘာ ပင်ပန်းတာ မှတ်လို့”
“အို ... ကိုကိုကြီးကလဲ။ ကိုတူး အလုပ်ကို သည်လို ဖုန်း တဂွမ်ဂွမ် ဆက်နေယင် ကိုတူးကို သူ့အရာရှိက ဆူမှာပေါ့။ သိတတ်တာတွေမှ မဟုတ်တာ”
“သူ့ သူငယ်ချင်းတွေ ဘာတွေ ဖြစ်နေယင် မကောင်းဘူးလေ ပြုံးငယ်”
“သိသာပါတယ် ကိုကိုကြီးရယ်။ ကိုတူး သူငယ်ချင်းတွေ ဆိုယင် ကိုတူး အလုပ် လုပ်နေတာ သိတာပဲ။ အခုတော့ ရုံးသွားပါတယ် ဆိုတာနဲ့ ရှင်တွေ ရှယ်တွေ အော်ပြီး အကြီးအကျယ် လန့်ဖျပ် သွားပုံပဲ။ ပြီးတော့ ဘယ်သူငယ်ချင်းကမှ ကိုတူးကို ကိုရန်နောင်တွေ ဘာတွေ မခေါ်ဘူး။ ကိုတူး ရှိသလားပဲ မေးတယ်။ တချို့က ရန်နောင်လို့ ခေါ်တယ်။ မမဆွေတို့လို ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ကျတော့ တူးတူး၊ ဖိုးတူးနဲ့။ အဲသလို ခေါ်တာ။ ကိုတူးနဲ့ မတွေ့ယင်လည်း ဘယ်သူ ဆက်တယ်။ ပြန် ဆက်ပါ၊ ဒါလောက်ပဲ။ ပြုံး သိပါတယ်။ ဒီ မီမီဆိုတဲ့ နာမည်ကလည်း အတုကြီး”
ပြုံးပြုံးက ဝင့်ကြွားစွာ ပြောနေသည်။ ကိုကိုကြီးက ဝေခွဲ မရနိုင်သော မျက်နှာမျိုးဖြင့် ညီမငယ်ကို ကြည့် နေသည်။ ထိုစဉ် ရေ လာသောက်ယင်း စကားဝိုင်းကို နားစွင့်နေသော မောင်အငယ်ဆုံးက ပြုံးပြုံးကို ဝင်ခွပ်၏။
“ဟုတ်တာပေါ့၊ ဒါ မမပြုံး လုပ်နေကျ အကွက်တွေပဲ၊ သူ သိတာပေါ့”
“ဘာ ပြောတယ်”
“ခိုင်ထူး တို့၊ တူးတူး တို့ဆီ မမပြုံး ဖုန်း ဆက်ယင်ကော မီမီ လား၊ ဂွီဂွီ လား။ လီယိုအဖွဲ့က ကောင်လေး ဆီ စာရေးတုန်းကတော့ သူ့ ကိုယ်သူ စမိုင်းလ် တဲ့။ ဟားဟား”
“ဖိုးငယ်”
ပြုံးပြုံး ဒေါသတကြီးနှင့် အော်လိုက်ချိန်မှာ အငယ်လေး အခန်းထဲမှာ မရှိတော့။ တကြိုးတည်း လစ်ပြေးပြီ ဖြစ်သည်။ ရှက်ဒေါသတွေ ဝေစီနေသော ပြုံးပြုံးကို ကြည့်ပြီး အုန်းအုန်းနှင့် မေသက်မှာ ရယ်ချင်လျက်နှင့် မရယ်ရဲ။ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ကျိတ်၍သာ ပြုံးမိခဲ့ကြသည်။
X X X X
ကိုတူးက သက်ရှိထင်ရှား မောင်နှမများထဲတွင် အလတ် ဖြစ်သည်။ မေမေသည် သားသမီး များကို နှစ်အတန်စီ ခြားပြီးမှ ရခဲ့သည့် အထဲတွင် ကိုကိုကြီးနှင့် အုန်းအုန်း အကြား သမီးတယောက်မှာ နှစ် နှစ် သမီး အရွယ်ကတည်းက ဆုံးသွားသဖြင့် အုန်းအုန်းနှင့် ကိုကိုကြီးမှာ ရှစ်နှစ်ကျော် ကိုးနှစ်နီးပါး ကွာသော အထက်အောက် မောင်နှမ ဖြစ်နေသည်။
ကိုတူးနှင့် အုန်းအုန်း ကျတော့ နှစ် နှစ်ပဲ ခြား၍ ရွယ်တူလို ဖြစ်နေသည်။
ကိုတူးအောက် ပြုံးပြုံးနှင့် ငယ်လေးကျတော့ လေးနှစ်စီ ကွာသွားပြန်သည်။
သို့ပေမယ့် သားသမီး ခြောက်ယောက် ရခဲ့သော မေမေသည် သူ့ခေတ် သူ့အခါက နာမည်ကြီး အချောအလှမယ် တစ်ဦး ဖြစ်သည်။ ယခုခေတ် အနေနှင့် အလှပြင် နည်းလည်း စုံ၊ ကိရိယာလည်း စုံသော အချိန်တွင်ပင် မေမေ၏ သနပ်ခါးရည်ကျဲ လိမ်းကျံထားသော အလှသည် ရွယ်တူ မိန်းမဖော်များ အကြား တောက်ပဆဲ။ ငယ်ရွယ်သူတို့ကပင် ငေးမောရဆဲ ဖြစ်သည်။
သမီးများ ဖြစ်သော အုန်းအုန်းနှင့် ပြုံးပြုံးမှာ သူ့ရုပ် သူ့ရည်လေးတွေနှင့် ကြည့်ကောင်းသော်လည်း မိခင်၏ အလှကို မမီကြ။ လှပါပေသည်ဟု အချီး အမွမ်း မခံရ။
သားများကျတော့ ဖေဖေ့လို မြင့်မားသော အရပ်က အထောက်အကူ ပြုထား၍ ထင်သည်။ သာမန်ထက် အဆင်ပြေရုံ မျက်နှာပေါက်ပေမယ့် အသားညိုညို အရပ်မြင့်မြင့် ကိုလူချောများ ရယ်လို့ စန်း ပွင့်ကြသည်။
သားချင်း အတူတူ သတင်း ပိုကြီးနေသူက ကိုတူး။
မေမေ့ မျက်နှာကို အနီးစပ်ဆုံး ရထားသည့်အပြင် ဖေဖေ၏ ဆံပင်ကောက်ကလေးတွေရယ်၊ မေး နှစ်ခွရယ် ထည့်ပေါင်းလိုက်တော့ ရွှင်ချိုသော မျက်နှာပိုင်ရှင် ဒီသားကို အရင်ကတည်းက သမက် တော်ချင်သူတွေက အပြည့်။ ကိုကို ခေါ်ချင်သူတွေက တန်းစီလို့ မဆုံး။ ပြုံးပြုံးတို့လည်း ပိုးကြေး ပန်းကြေး စား၍ မဆုံးတော့။
အခုတလော အိမ်တွင် မိသားစု စကားဝိုင်းတွေထဲ ကိုတူး အကြောင်းက မပါမပြီး ဖြစ်နေသည်။ ထို့ကြောင့် အငယ်ဆုံးမောင်ငယ် အငယ်လေးက စာကျက်နေရင်းမှ ဘာမဆိုင် ညာမဆိုင် ထ ထ အော် တတ်သည်။
ဒီနှစ် သင်္ကြန် ကိုတူး တာစားတယ်။ ကောင်မလေးတွေ ကြိုက်လတ္တံ့ တဲ့။
ဝါသနာအရ သီချင်းဆိုနေပေမယ့် အလွန် ရှက်တတ်သော ကိုတူးသည် ညီငယ်ကို ဘုကြည့် ကြည့်ကာ တစ်နေရာသို့ ရှောင်ထွက် သွားတတ်သည်။
သီချင်း ဆိုလျှင် ရှက်၍ ဆိုကာ စတူဒီယိုထဲ အသံ သွင်းတာကလွဲပြီး အပြင်ပွဲ ဆိုခဲသော ကိုတူးသည် မလွှဲသာ၍ ဆိုရလျှင်လည်း ဂစ်တာကိုပဲ ငုံ့ကြည့်နေတတ်သည်။ ပရိသတ်ကို မကြည့်တတ်။
မြန်မာ့ ရုပ်မြင်သံကြား နှစ်ပတ်လည် အတွက် မြန်မာ့ ရုပ်မြင်သံကြားဌာနမှ ဖိတ်ကြားချက်အရ သူတို့ တီးဝိုင်း ဖြေဖျော်ခန်းတွင် မလွှဲ မရှောင်သာ၍ ပင်တိုင် အဆိုတော်အဖြစ် သူ သီချင်း ဆိုရသည့် အခါမှာလည်း ကင်မရာကို လုံးဝ မကြည့်။ ကိုယ် တစောင်း၊ မျက်နှာ တစောင်းနှင့်၊ ကင်မရာက အရှေ့ တည့်တည့်မှ ရိုက်နေချိန်မှာတော့ ခေါင်းငုံ့လိုက် မျက်လွှာချလိုက်နှင့် မနေတတ်မထိုင်တတ် နှုတ်ခမ်း ကို စေ့ထားလိုက် လုပ်နေတတ်သည်။
အိမ်မှ လူတွေက ဒီလောက် ရှက်အား ပိုရပါ့မလားလို့ ဝိုင်းဝန်း အပြစ် တင်နေကြချိန်မှာ ဒီ ရှက် တက် တက် အမူအယာကိုပင် လူတွေက ကြိုက်နေကြသည်။ လူတွေက ဆိုတာ မိန်းကလေးတွေကို အများ ဆုံး ရည်ညွှန်းကြောင်း လူတိုင်း သိပြီး ဖြစ်ပါလိမ့်မည်။
“အမလေး ... ... တီဗွီထဲမှာ ကိုတူးရဲ့ မျက်နှာကို ဘယ်အချိန် ကျမှ ကွက်ကွက်ကွင်းကွင်း မြင်ရမလဲ စောင့် ကြည့်ရတာ အသက်တောင် မရှုရဲကြဘူး တဲ့။ ဘေးမှာလည်း ဘာတွေ ဖြစ်နေ ဖြစ်နေ လှည့် မကြည့်နိုင်ပါဘူး တဲ့။ မျက်တောင် တောင် ခတ်ရတာ မရဲဘူး၊ သူ့မျက်လုံးလေး တည့်တည့် ကြည့် လာယင် လွတ်သွားမှာ စိုးလို့ တဲ့။ ငါ့အကို စားနေတာ အဲဒါတွေ အဲဒါတွေ၊ ကိုကျော် စတိုင်လ် ထက် နာမည် ကြီးနေတဲ့ ရန်နောင့် စတိုင်လ်”
ရွှတ် နောက်နောက် ပြောယင်း ပြုံးပြုံးက ခေါင်းလေး ငုံ့လိုက်၊ တစောင်းကြည့်လိုက်နှင့် အစ်ကို ကို နောက်နေသည်။
“ပြုံးမနော် ငါ ထ တီး လိုက်ရ”
တကယ် စိတ်ထဲကမပါပဲ ရှက်မာန် မာန်နေသော ကိုတူးစကားကို ပြုံးပြုံးက မမှု။ ကိုယ်ကလေး နည်းနည်း ကိုင်းပြီး ခြေတဘက်နှင့် စည်းလိုက်ယင်း ကိုတူး သီချင်း ဆိုဟန် လုပ်ပြ နေသည်။
“ပထမနှစ်က ကောင်မလေးတယောက် ဆိုယင် ကိုတူး သီချင်း လာမယ်ဆိုယင် ဓါတ်ပုံဆရာကို တီဗွီနားမှာ အသင့် ခေါ်ထားတာ တဲ့။ ကိုတူး ဓါတ်ပုံကို လိုချင်လို့လေ။ စာစောင်တွေထဲမှာ ဓါတ်ပုံ ကြော်ငြာ မပါလေ သူတို့ ပို သည်းလေပေါ့။”
“ဟုတ်မှ ဟုတ်ရဲ့လား ပြုံးပြုံးရယ်၊ ဒီလောက် သည်းတာ သူတို့ မိဘတွေက မဆိုဘူးလား”
အုန်းအုန်းက မယုံနိုင်စွာ မေးလိုက်သည်။
“အဲဒီ ကောင်မလေးက တဦးတည်းသော သမီး တဲ့။ မိဘတွေက ငယ်ငယ်ကတည်းက မရှိတော့ဘူး။ ဒီတော့ အဘိုးနဲ့ အဘွားက သိပ်ချစ်ပြီး သိပ် အလို လိုက်ထားတာ”
“ဟယ်... ဒါ အလို လိုက်စရာလား၊ မဟုတ်တာ”
“သြော် မမအုန်းကလည်း ဝေးလိုက်တာ။ ကိုတူးကို သူတို့မြေးက ဒီလို သည်းနေတော့ တခြား ကောင်လေးတွေအပေါ် အာရုံ မရှိတော့ဘူးပေါ့။ တခြား ကောင်လေးတွေ ဆိုယင် ဘယ်သူ လဲ၊ ဘယ်က လဲ၊ စာရိတ္တ ဘာညာကွိကွတွေ လူကြီးတန်မယ့် လိုက် စုံစမ်း မေးမြန်း ရဦးမယ်။ အခု ကိုတူး ဆိုတော့ လူတိုင်း သိ၊ မေးရမြန်းရလည်း လွယ်တယ်၊ ဥပဓိရုပ်ကလေးကလည်း ရှိတော့ အင်း ... ငါ့မြေးလေးနဲ့ ငြိ ချင်လည်း ငြိပါစေ၊ အဘိုးတို့ အဘွားတို့က ဟိဟိ ပေါ့။”
“ဟုတ်ပါ့ကွာ”
ကိုကိုကြီးက သြဘာ ပေးလိုက်၍ ပြုံးပြုံး ခဏ နှုတ်ပိတ် သွားသည်။
“တကယ်ဟယ် ... ခုခေတ် မိန်းကလေးတွေလည်း ဘယ်လို ဖြစ်နေပြီ မသိဘူး။ ကျောင်းမှာ ဆိုလည်း ယောကျ်ားလေးက မစ ရဘူး၊ မိန်းကလေးက စာ စ ပေးတယ်။ ရည်းစားစကား ပြောချင်လို့ လာခဲ့ပါ ချိန်းတယ်။ တွေ့ယင် မျက်စိ မှိတ် ပြရတာနဲ့ ဘာနဲ့ အဲဒါ မိန်းကလေးတွေက စ နေတာ”
မေသက်က သူမ အလုပ် လုပ်သော အထက်တန်းကျောင်းမှ ကျောင်းသူလေးများ အကြောင်းကို ပြောပြသည်။ အားလုံး ငြိမ်၍ နားထောင် နေပေမယ့် ကိုကိုကြီးက ပြုံးစိစိ လုပ်နေသည်။
“ကိုကိုက ဘာဖြစ်နေတာလဲ၊ သက်က အမှန်တွေ ပြောပြနေတာ၊ သက် အတန်းထဲမှာတင် ဖြစ်နေတာတွေ”
မကျေမချမ်း မေးလိုက်ကာမှ ပိုဆိုးနေသည်။ ကိုကိုကြီးက ရယ်တော့သည်။ မေသက်လည်း ရှက်သွားပြီး မျက်စောင်း ထိုးလိုက်သည်။
“သက်တို့က ဒီခေတ် ကောင်မလေးတွေ၊ အခုခေတ် ကောင်မလေးတွေနဲ့ ပြောနေလို့ ရယ် ချင်နေတာ၊ မိန်းကလေးဆိုတာ အဲလေ ... မိန်းမတွေ ဆိုတာ ခေတ် အဆက်ဆက် ဘာ ထူးခြားလို့လဲ၊ ဒီအရွယ် လူငယ်တွေဟာ ဒီလိုချည်းပါပဲ။”
“အို ... မဟုတ်တာ၊ သက်တို့ ငယ်ငယ်က ဒီလို မဟုတ်ပါဘူး။ နောက်ပြီး မေမေတို့ ငယ်ငယ်ကလည်း ဒီလို မဟုတ်ပါဘူး နော်။”
မေသက်က မေမေ့ကိုပါ တိုင်တည် ပြောသည်။ မေမေက ဘာမှ ပြန် မပြောပဲ ပြုံးရုံ ပြုံးနေသော်လည်း အုန်းအုန်းကတော့ ခေါင်းကို သွက်လက်စွာ ညိတ်ပြပြီး တွင်တွင်ကြီး ထောက်ခံလိုက်သည်။ မေသက်နှင့် အုန်းအုန်းက အသက် တစ်နှစ်သာ ကွာသည်မို့ မေသက်တို့ ခေတ်ဆိုတာ အုန်းအုန်းတို့ ခေတ်ပဲ မဟုတ်လား။
“ဒီ ရည်းစားတို့ ဘာတို့ ဆိုတာ အထက်တန်းကျောင်း ရောက်မှ ရိုးတိုး ရိပ်တိပ် ကြားဖူးတာ။ အခုခေတ်များ ငယ်ငယ်လေးကတည်းက သားသား ကြီးယင် သူ့ကို ယူမယ် တို့၊ သမီးကတော့ ဘယ်လို လူမှ တို့ ပြောနေကြတာများ ...”
မေသက်၏ စကားကို ကြားသော် ကိုကိုကြီးက သူ့မေးကို လက်ဖြင့် ပွတ်သပ်ယင်း ...၊
“ဟုတ်မှာပေါ့လေ၊ အထက်တန်း ရောက်မှ သိတယ် ဆိုတာ။ ဒါကြောင့် ကိုယ်တို့ ဘောလုံးအသင်း မာဒေးကားက အပြန်မှာ အထက်တန်းကျောင်းသူတွေ ပန်းကုံး လာစွပ်တာ၊ တချို့များ ပန်းကုံးစွပ်ပြီးယင် ကားပေါ်ကတောင် ပြန် မဆင်းဘူး။”
မေသက်၏ မျက်နှာ ရဲကနဲ ဖြစ်သွားပြီး ရှက်ကိုးရှက်ကန်း ထ အော်၏။ သူတို့ ဇာတ်လမ်းကို သိပြီးသော မိသားစု အားလုံး ဝိုင်းရယ်ကြ၏။ ရှက်ကိုးရှက်ကန်းနှင့် အနေခက်နေသော မရီးဖြစ်သူ စိတ် သက်သာ စေရန် ကိုတူးက ဝင် ပြောပြန်သည်။
“ဒါပေမယ့် အဲဒီ အထက်တန်း ကျောင်းသူကလေး အဖြစ်က တော်သေးတယ်။ သူ ပန်းကုံး စွပ်လိုက်တဲ့ မင်းသားက သူ့ဆီ တန်းတန်းမတ်မတ် လိုက်လာပြီး ဖူးစာ ဆုံ သွားတယ်။ တချို့များ အထက်တန်းကနေ တက္ကသိုလ် အထိ၊ ဟော တခါ အခု အလုပ်ခွင် အထိ၊ နှစ်တိုင်း မှန်မှန် စွပ်လိုက်ရတဲ့ ပန်းကုံး၊ မတ်လ ၂၇ရက်ဆို စံပယ်ပန်းဖိုး ဈေးတက်ပြီး အိမ် ဘုရား တင်ဖို့တောင် ဝယ် မရဘူး။ ဒါပေမဲ့ ခုထိလည်း မစွံဘူး။”
“ခွေးကောင်လေး ... ”
လက်ထဲမှ ခေါင်းအုန်းငယ်နှင့် မောင်ဖြစ်သူ ကိုတူးကို အုန်းအုန်း လှမ်း ပေါက် လိုက်သည်။ ကိုတူးက ရှောင်ပြီး ခေါင်းအုန်းကို ဖမ်းလိုက်ကာ ... ။
“တခါတလေ ပန်းကုံးမှာ ရေမွှေး ဆွတ်ထားတဲ့ လိပ်စာ ကတ်ပြားက ပါသေးသဗျ”
“အမယ် ဒါတော့ ငါ မထည့် ပါဘူးနော်”
မနေနိုင် မထိုင်နိုင် အုန်းအုန်းက သင်္ကာ ထ ရှင်းတော့ ပြုံးပြုံးခမြာ မနေနိုင်တော့။
“အဲဒါ သီတာခင့် အစ်ကိုပါ။ ပြုံး လိပ်စာ လိုချင်တယ် ဆိုလို့”
“အေးလေ ဘာပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ဒီလို ပေးတဲ့ လိပ်စာကတ်တွေက များလွန်းတော့ ဗိုလ်လေးတွေ ခမျာ ဘယ်ကို စာ ရေးရမှန်း မသိ။ ဘယ်သူ့ ရွေးရမှန်း မသိ။ အားလုံးဆီ စာ ပြန်ရေးယင်လည်း တံဆိပ် ခေါင်းဘိုးနဲ့ လခ ပြုတ်မယ်။ လိပ်စာအရွေး မှားယင်လည်း စည်ပိုင်းပုံ မယ်ကုသနဲ့ တွေ့မှာ စိုးရတယ်။ လေတပ်က ဗိုလ်တွေဆို ပို အရွေးရ ခက်သေး”
“အေးလေ၊ မမတို့က မတရားဘူး။ ဗိုလ်တွေကျတော့ ပန်းကုံးတွေ စွပ် ပြီးယင်း စွပ်ယင်းနဲ့ လည်ပင်းတခုလုံး မြုပ်နေတာတောင် ပြုံးပြုံးကလေးနဲ့ ပေးကြတုန်း။ ဟိုး အနောက်က ရဲဘော်တွေ ကျတော့ သပြေတခက် လှည့် ပေးဖော် မရဘူး”
အငယ်လေးက မကျေမချမ်း ဝင် ပြောတော့ ပြုံးပြုံးက သူ ပေးဖူးပါသည် ဟု ခံ ငြင်းသည်။
“ငယ်ငယ်တုန်းကပါ ဟယ်၊ အခု ငါတို့ မသွားတာ ကြာ ပြီပဲ။”
အုန်းအုန်းကလည်း အရှက်ပြေ ဖြေ ပြောသည်။
“စိတ် မပျက်ပါနဲ့၊ သွား ပါဦး။ ဒီတစ်ခါ တော်လှန်ရေးနေ့ကျယင် လိပ်စာချည်း မပေးနဲ့။ ဓါတ်ပုံတွေပါ ထည့် ပေးလိုက်။ အရွေးရ လွယ် အောင်လို့”
“ကိုယ်တစ်ပိုင်း တည့်တည့်၊ တကိုယ်လုံး ရှေ့မှ၊ ဘေးမှ၊ မျက်နှာ အနီးကပ်၊ အားလုံး လေးပုံ”
ကိုတူးကို အကာအကွယ် ယူပြီး အငယ်လေးက ထ အော်သည်။ မေမေက အသာ နေစမ်းဟု ခေါင်းကို တစ်ချက် ပုတ်လိုက်မှ အသာ ပု သွားသည်။
မကျေမချမ်းနှင့် အုန်းအုန်း ပြန်ပြောမည် ကြံဆဲမှာ ဘယ် အချိန်ကတည်းက နား ထောင်နေသည် မသိသော ဖေဖေသည် အတွင်းခန်းထဲမှ ထွက်လာပြီး ရယ်ကာ မောကာနှင့် စကားဝိုင်းထဲ ဝင်လာ ပါသည်။
“မင်းတို့ကလဲကွာ၊ ငါ့သမီးတွေကို အဲသလို မပြောပါနဲ့။ တပ်မတော်သားတွေကို ဂုဏ်ပြု ပန်းကုံး စွပ်တာ ဘာ ဖြစ်လဲ”
“ရိုးရိုး ပန်းကုံးမှ မဟုတ်တာ”
အထွန့်တက်မိသော အငယ်လေးခမျာ အစ်မ နှစ်ယောက်ကို ရဲရဲ မကြည့်ရဲရှာပါ။ မျက်စောင်း သေနတ် အပစ် ခံနေရပြီ ဆိုတာ သူ သိပါသည်။
“ဟ ... ဒါ ဘာ ထူးဆန်းလို့လဲကွ။ ဗမာ မိန်းကလေးတွေ ဆိုတော့ ဒီလောက်ပဲ လုပ်နိုင် တာပေါ့။ ဘိုမတွေ လိုတော့ ကဲကဲဆတ် ဘယ် ရဲ ပါ့မလဲ။ မင်းတို့ ငါ့သမီးတွေသာ ပြောနေတယ်၊ မင်းတို့ ဘွားဘွားတွေလည်း ငယ်ငယ်က ဒီလိုပဲ။ ဇာတ်မင်းသား ဦးဖိုးစိန်ကြီးကို ဆေးလိပ်ထဲ ရွှေဒင်္ဂါးပြား ထည့် လိပ် ပေးခဲ့ကြတာ။ အခု ဇာတ်မင်းသားကလေးတွေကို ချိုချဉ် ပစ်၊ လိမ္မော်သီး ပစ် ပေးကြသလိုပေါ့။ အခုခေတ်မှ ထူး ကဲတာ မဟုတ်ဘူး။ ခေတ် အဆက်ဆက် ဒီလိုပဲ။ လုပ်နည်း လုပ်ဟန်သာ နည်းနည်း ပြောင်းသွားတာ”
“ဟား ... တို့ ဘွားဘွားကလည်း ဘယ်ခေလို့လဲ”
အငယ်လေးကို မေမေ တစ်ချက် ပုတ် လိုက်ပြန်သည်။ ပြီးတော့ ဖေဖေ့ကို မျက်လုံး စွေ ကြည့်ပြီး၊
“လူကြီးအကြောင်းကို မဟုတ်တာတွေ ပြောနေပြန်ပြီ”
“ဘာလဲကွ၊ ကိုယ် ပြောတာ မဟုတ်လို့လား။ မေမေကြီးတို့ခေတ် တုန်းကကော”
“ရှင် နော် ... ကလေးတွေရှေ့ မဟုတ်မဟတ်တွေ မပြောပါနဲ့”
မေမေ့ အသံက ပို တင်းသွားပြီး အကြည့်ကလည်း မျက်စောင်း ဖြစ်သွားသည်။ ဆက် ပြောလျှင် မေမေ တကယ် စိတ်ဆိုးတော့မည်မို့ ဖေဖေ့ခမြာ တဟဲဟဲသာ ရယ်နေလိုက်သည်။
ဒါပေမယ့် သားသမီးတွေက မနေ၊ အဖေကို ဆက် မေးကြသည်။
“ဘာလဲ ဖေဖေ ပြောပါ။ မေမေတို့တုန်းက ဘယ်လိုလဲ”
“မေမေလည်း ဖေဖေ့ကို ပန်းကုံး စွပ်ခဲ့ဖူးလား”
ဒါကို ဖေဖေက ခေါင်း ခါပြသည်။ တဟဲဟဲ ရယ်ယင်း ပြောလည်း ပြောချင်၊ ပြောလည်း မပြောရဲ ဖြစ်နေသော ဖေဖေ့ကို အငယ်လေးက အားမရစွာ ပြောသည်။
“ငါ့ အဖေကြီး ကလည်း ကွာ၊ သူ့မိန်းမကို ကြောက် နေပြန်ပြီ။”
“ဟ ... ကြောက်ရတာပေါ့ကွ၊ ငါ့မိန်းမ ဟင်း ကောင်းကောင်း ချက် မကျွေးယင် ဘယ့်နှယ် လုပ်မလဲ။ မင်းက ချက် တတ်လို့လား။”
“မမအုန်းတို့ ချက်မှာပေါ့။ မမသက်လည်း ချက်တတ်တာပဲ။ ပြောပါ အဖေကြီးရ။”
သားတွေ ဘယ်လို မေးမေး၊ မေမေ့ကို စွေ ကြည့်ယင်း ဖေဖေ တဟဲဟဲသာ ရယ်နေသည်။
“ကဲ ... မင်းတို့ အမေအကြောင်း ထားလိုက်ပါတော့ကွာ။ မင်းတို့ အန်တီစန်း အကြောင်း ပြောပြမယ်။”
ဖေဖေ စကား လွှဲမှန်း သိပေမယ့် အန်တီစန်း အကြောင်းဆို၍ စိတ်ဝင်စားစွာ နား ထောင်ကြသည်။ အန်တီစန်းသည် မေမေ့ညီမ အငယ်ဆုံး ဖြစ်သည်။
“မင်းတို့ အန်တီစန်း ရောဂါကလည်း မသေးဘူး ကွ။ နှစ်စဉ် နှစ်တိုင်း သင်္ကြန် ကျပြီလား ဆိုယင် မန္တလေးကို အမြဲတက်ရတယ်။ ဝင်းဦးတို့ မြို့မအဖွဲ့ကို မတွေ့ တွေ့အောင် လိုက်ရှာပြီး ပန်းကုံးတွေ စွပ်၊ ရေမွှေးတွေ ဆွတ်ပေး၊ အတူ ကခုန်၊ တွဲပြီး ဓါတ်ပုံရိုက်နဲ့။ ခက်တာက ဝင်းဦးကလည်း သူ့ကို မကြိုက်။ ဒီတော့ နှစ်တွေသာ ကုန်လာတယ်။ သူလည်း မစွံပါဘူး။ ငွေကုန်တာပဲ အဖတ် တင်တယ်။”
သားတွေ တဝါးဝါး အော် ရယ်နေသည်ကို ဖေဖေ သဘောကျစွာ ကြည့်နေသည်။
“မမအုန်း လိုပေါ့။ အသက်သာ ကြီးလာတယ်၊ တစ်ယောက်မှ မစွံဘူး။”
ဖေဖေ့နဘေးမှ အကာယူပြီး အငယ်လေးက အမကို ဝင် စ ပြန်သည်။ ထိုစဉ် ကိုကိုကြီးက တွေးတွေးဆဆ ဝင် ပြောသည်။
“ဒါဆို အန်တီစန်းထက် မေမေက ပို ကံကောင်းတာပေါ့။ ဖေဖေ့ကို ပန်းစည်းတစည်းတည်းနဲ့ ရခဲ့တာ။”
ဟေး ကနဲ အော်သံတွေ ဆူညံ သွားသည်။ အငယ်တွေက သူတို့ အစ်ကိုကြီးကို ပြောပြပါ၊ ပြောပြပါ ဝိုင်းအော် ပူဆာနေချိန်တွင် မေမေသည် အပြုံးမျက်နှာနှင့် စိုက်ကြည့်နေသော ဖေဖေ့ကို မျက်စောင်း လဲ့လဲ့ကလေး ထိုးလိုက်ပါသည်။
သူတို့ နှစ်ဦး စိတ်ထဲ ဘာတွေ တွေးနေကြမလဲ သူတို့သာ သိပါလိမ့်မည်။
No comments:
Post a Comment