Originally posted on June 6th 2011
ရိပ်ဖမ်း သံဖမ်း ပါးပါးလေး ပြောလိုက်ချင်တယ်။
ပြောချင်တာတွေကို ပြောချင်သလို အကုန် ပြောရယင်တော့ အမယ်မင်း လွန်ရာ ကျမယ်။ ပြောပြန်ပြီလား ဆိုကြဦးမယ်။ မပြောမပြီး၊ မတီး မမည် ဆိုသလို မပြောမဖြစ် ပြောပြန်တော့ အဖြစ်က ကိုယ့်ပေါင် ကိုယ် လှန် ထောင်းပေါ့။
လုပ်လက်စ အလုပ်တွေ ရပ်၊ စားနေတာ မြန်မြန် လက်စသတ်လို့၊ အခင်းတွေ ဆွဲ၊ ကလေးတွေ တွဲလွဲနဲ့ ပွဲခင်းဆီ သွားဘို့ အလျင်စလို ဟန်ပြင်ကြပါပြီ။
တချို့လည်း အိမ်က ထွက်စ၊ တချို့က လမ်းတဝက်မှာ ရှိသေးသလို၊ တချို့ကတော့ ပွဲခင်း အဝ ရောက်နေကြပြီ။ ဦးသူလာ စနစ်မို့ နေ့ခင်းကတည်းက အချို့ နေရာ လာ ဦးထားပေမယ့် လူပိယင် ကိုယ့်အတွက် ယူထားတဲ့ နေရာ ပျောက်သွားနိုင်တယ်လေ။ ပွဲခင်းအထဲမှာ နေရာကောင်း မရမှာ စိုးလို့ ပွဲခင်း အဝင်ဝမှာ ဝင်ဘို့ တန်းစီနေသူတွေဟာ လက်မှတ် ဝယ်၊ လက်မှတ် ပြ၊ အထဲကို အမြန်ဝင်ရဘို့ စိတ်စောနေကြတယ်။တန်းစီယင်းနဲ့ပဲ ပွဲခင်းအထဲ လူ ဘယ်လောက် ရောက်နေပြီလဲ၊ နေရာကောင်းလေးမှ ကျန်ပါဦးတော့မလား၊ အိမ်က လွှတ်ထားတဲ့သူတွေ ဘယ်နားမှာလဲ၊ ‘လဲ’ ပေါင်းများစွာနဲ့ ခြေဖျား ထောက်၊ မေး မော့၊ မျှော် ကြည့်၊ ကဲ ကြည့် ကြည့်နေကြသူတွေကလဲ မနည်းပါဘူး။
စင်အပေါ်မှာ အသံစမ်း တီးနေသံတွေကလဲ ပို ပိုလို့သာ ကျယ်လာတော့ ... တီးသံ ကျယ်လေ၊ အထဲကို မြန် မြန် ရောက်ချင်လေ၊ နေရာတကျ ထိုင်ချင်လေ။ ရင်ထဲ ကလိ ကလိ၊ စိတ်ထဲ ရွစိ ရွစိနဲ့၊ ကိုယ် ကြိုက်တဲ့ အဆိုတော်တွေလဲ ပါမယ်ဆိုတော့ နေရာကောင်းကောင်း အတတ်နိုင်ဆုံး ရှာပြီး ပွဲ ကြည့်ချင် ကြပြီလေ။ဟော ... အရေးကောင်းတုန်း၊ သင်းတို့ ရောက်လာကြပါပြီ။
ဝတ်စုံတွေသာ မတူညီရှိရမယ်၊ မျက်နှာပေါက်တွေကတော့ တပုံစံထဲ။ မျက်နှာဖုံး ဆင်တူ ဝယ် တပ်ထားသလား အောင်းမေ့ ရတယ်။ ရှစ်ခေါက်ချိုးချိုး အပေါက် ဆိုးဆိုးတွေ။သင်းတို့ ရောက်လာတာနဲ့ ပွဲခင်း အဝမှာ ဆူညံနေတဲ့ အသံတွေ ရှဲကနဲ ငြိမ်သွားတယ်။
တန်းစီနေတဲ့ လူတွေကို လူကြီး လား၊ ကလေး လား၊ ကျား လား၊ မ လား မကြည့်။ မသိတတ်တာ အပြင် မညှာတာတတ်တာလဲ ပါမှာပေါ့။ တွန်း၊ တိုက်၊ ဖယ်၊ ထိုး၊ ကျော်လွှားပြီး အရှေ့ကို ရအောင် ဝင်သွားကြတယ်။ လဲသူ လဲ၊ ကျသူ ကျနဲ့ ရောက်နှင့်နေသူတွေ အားလုံးက သင်းတို့ကို ဝိုင်း မေတ္တာ ပို့ကြတာပေါ့။ ခပ် တိုးတိုးပေါ့လေ။ သင်းတို့ ကြားအောင်တော့ ဘယ်သူမှ မပြောရဲပါဘူး။အရှေ့မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ အနောက်က လူတွေက
မသိကြ။ ဘာမှ မမြင်ရတော့ သင်းတို့တတွေ ဘာ လာ လုပ်တာလဲ၊ ဘာ လာ ရှုတ်တာလဲ၊
သိချင်နေကြတယ်။ သည်တော့ တခါက လူထုရှေ့ဆောင် ဆရာမ တယောက် မှာထားသလို မသိသေးသူကို
သိပြီးသူတွေက ပြောပြ အရှေ့က လူက အနောက်ကို တဆင့်စကား ပါးကြနဲ့ သတင်းစကားကို
သယ်ပေးတာ အင်တာနက်၊ အီးမေးလ်၊ မက်ဆင်ဂျာ ထက်တောင်
မြန်သေး။
လက်မှတ် ဝယ်ထားပြီးသူတွေက ငွေတော့ ဆုံးပါပြီ၊ အား ငယ်၊ စိတ်လျော့သံတွေနဲ့ ပြောကြ၊ ပွဲကြည့်ဘို့ မောင်း တင်ထားသူတွေကလည်း ပွဲ မဖြစ်တော့ဘူးလား၊ သွားပါပြီ၊ စိတ်ပျက်ကြ။
‘ပါမစ် မရှိပဲနဲ့ ဘယ်သူက သည်လို ပွဲစင်ကြီး ငွေ အကုန်ခံ ဆောက်ပါ့မလဲ။ မပိုင်ယင် ဘယ်သူက စရန် ပေး၊ ဖျော်ဖြေမယ့်သူတွေ ခေါ်ထားပါ့မလဲ။ လုပ်ခွင့် ရထားလို့၊ လုပ်လို့ ရတာ သေချာလို့၊ ငွေ အကုန်ခံ ပွဲ သွင်းတာပေါ့’ ... ပြောသူက ပြော။ ထင်ကြေးတွေ အသီးသီး ပေးနေကြတယ်။
လက်မှတ်ဘိုး ဆုံးမှာ မပူပါနဲ့။ သည် ပွဲသွင်းသူတွေက လူသား ဆန်တယ်။ ပွဲ ပျက်ရင် ငွေ ပြန်လျော်ဘူးသတဲ့။ တချို့ အကြောင်း သိသူလား၊ ကြားဘူးသူတွေလား က ဖြောင်းဖျပေမယ့် ကြားရတာ ဘဝင်တော့ သိပ် မကျ။ စိုးရိမ်ကြတာပေါ့။ ရှိစု မဲ့စုလေးတွေနဲ့ အောပြီး ဝယ်ထားရတဲ့ လက်မှတ်လေ။ပွဲ အဖျက်ခံရဘူးလျက်နဲ့ ဘာဖြစ်လို့ ပွဲ ထပ် သွင်းရတာလဲ။ လူ အပင်ပန်း ခံ၊ ငွေ အရှုံး ခံလို့။ အဲသလို မေးကြတော့လဲ တယောက်က ရှင်းပြတယ်။ အဲဒါ သူတို့ စေတနာ ပေါ့ ... တဲ့။ ညည်းတို့ ငါတို့ ပွဲ ကြိုက်တာ၊ ပွဲ ကြည့်ချင်တာ သိလို့ ကြည့်ကြပါစေ ဆိုတဲ့ သူတို့ စေတနာ ပေါ့ တဲ့။
အင်းလေ ... ဒါလည်း ဟုတ်တာပါပဲ။ခြေဖျား ထောက်လိုက်၊ ခေါင်း မော်ကြည့်လိုက်နဲ့ အရှေ့မှာ ဘာတွေ ဖြစ်နေသလဲ။ ပွဲခင်းအထဲမှာတော့ ဆိုင်းသံ၊ ဗုံသံ ကနေ သီချင်း ဆိုသံ စ ကြားနေရပြီ။
ဟာ ... ပွဲ စနေပြီ ပဲ။
မီးကလည်း နည်းနည်း မှိန်သွားပြီ။ နာရီ ပါသူတွေက မှုန်မွှားမွှား အလင်းရောင်အောက်မှာ နာရီကို အမျိုးမျိုး လှည့်ပတ် ကြည့်ပြီး အော်တယ်။‘သွားပါပြီ၊ မကြည့်ရတော့ပါဘူး။’
‘ကြည့်ရမှာပါ။ ခဏလေး သည်းခံ စောင့်ပါဦး။’ ဖြောင်းဖျသူက စိတ်ပြေအောင် ဖြောင်းဖျတယ်။‘ကဲ ... အရှေ့က ဆရာတို့၊ အနောက်ကို သတင်း ပေးပါဦး'
‘ပါမစ် တရားဝင် ရှိပါလျက်နဲ့ ရုံက သေးတယ်၊ လူက များတယ်၊ ဘေးက အကာတွေက မလုံဘူး၊ အလကား အကြောင်းရှာ လာ ရစ်နေကြတာ’ တဲ့။
ဘုရားရေ၊ ရုံက သေးတယ် ဆိုရအောင် လူတွေတောင် မဝင်ရသေး။ အချောင်ကြီး ဗလာ ဟောင်းလောင်း ကို၊ ဘယ်လိုကြောင့် ရုံ သေးတယ် လာ ပြောနေတာလဲ။
စောစောက အဝင်ဝအနားမှာ လက်မှတ် ပါသူရော၊ လက်မှတ် မဝယ်ရသေးသူတွေရော လူတွေ အများကြီး ရှိပေမယ့် ကိုရှစ်ခေါက်ချိုးတို့ ရစ်နေတာ ကြာလို့ အချို့လူတွေ စိတ်ညစ်ပြီး ပြန်ကုန်ကြပါပြီ။ အမာခံ၊ အမှန်အကန် အားပေးလိုသူများသာ ကျန်ပါတော့တယ်။ သည်လိုဆို ရုံက ချောင်ပြီး အထဲမှာ ဘရိတ်ဒန့်စ်တောင် ကလို့ ရနေလောက်ပြီ။‘အပေါ်က တီးဝိုင်း၊ အောက်မှာ ဘရိတ်ဒန့်စ် ဆိုယင် ကိုယ်တို့တော့ တထောကြီး ပျော်ရတော့မယ်’
ကိုယ့်ဘာသာ တွေး ပျော်နေတုန်း နဘေးကနေ လက်ကုတ်ပြီး တိုးတိုး ကပ်ပြောတယ်။‘မင်း ဘရိတ်ဒန့်စ်က မသေချာဘူး။ ဟိုမှာ တွေ့လား။ ငရစ်တွေ မရှိရင်၊ ပွဲ ဖြစ်တယ် ဆိုရင် ပြန် ထွက်လာမယ့် လူတွေ ...’ တဲ့။
ဟုတ်ပါ့။ မီးရောင် မှိန်တဲ့ အကွယ်တွေ အနောက်မှာ
ပြူတစ်ပြူတစ်နဲ့ အခြေအနေကို စောင့်ကြည့်နေသူတွေ၊ ပွဲ ကြည့်ချင်သူတွေ၊ စင်အပေါ်က
လူတွေကို တိတ်တခိုး အားပေးနေသူတွေ။
ပြောဆို နေကြတုန်း ပွဲခင်းအထဲက သီဆို တီးမှုတ်သံတွေ ဗြုန်းဆို ရပ်သွားပြန်တယ်။
ဟယ် ... ဘယ်လို ဖြစ်တာလဲ၊ ဘာြဖစ်လို့ တီးမှုတ်တာတွေ ရပ်သွားတာလဲ၊ ဘာလဲ ... ပွဲ မဖြစ်တော့ဘူးလား။စိုးရိမ် ကြောင့်ကျမှုနဲ့ မေးသံတွေ ပလုံ စီလာပြန်တယ်။ ရှေ့ဆင့် နောက်ဆင့် ကမ်းလာတဲ့ အဖြေ ရောက်လာပြန်ပါပြီ။
‘ဖျော်ဖြေမယ့် သူတွေက လူတွေ အများကြီး မဝင်ရသေးတာ၊ အရစ် ခံနေရတာ သိလို့ လူစုံမှ ပွဲ စမယ် တဲ့။ စောင့်ပေးမယ် တဲ့’
‘တော်သေးတာပေါ့။ မောင်မင်းကြီးသား၊ မယ်မင်းကြီးမတွေ ကျမ်းမာ ချမ်းသာ ကြပါစေ။’ပွဲကို အစကနေ အဆုံး၊ ဘာမှ မလပ်အောင် ကြည့်ချင်တယ် ဆိုသူတွေ
ဝိုင်း မေတ္တာ ပို့နေချိန်မှာ တချို့က မဝန့်မရဲလေး မေးပြော ပြော လာတယ်။
တီးဝိုင်းနဲ့ ဖြေဖျော်သူတွေ အကြောင်း သိတဲ့ သူတွေက ဖြေသိမ့်တယ်။
‘သူတို့ အဲသည်လို ဘယ်တော့မှ မလုပ်ဘူး’ တဲ့။ ‘မိုး လင်းချင် လင်းသွားပါစေ၊ အစီအစဥ်ကို အပြည့် ဖျော်ဖြေတတ်တယ် ...’ တဲ့။‘မောင်မင်းကြီးသား၊ မယ်မင်းကြီးမတွေ ကျမ်းမာ
ချမ်းသာ ကြပါစေ။’ ဖျော်ဖြေရေးအဖွဲ့ကို ဝိုင်း မေတ္တာ ပို့သလို၊ အနှောက်အယှက်သမား
ငရစ်တွေကို ကျိန် ဆဲကြပြန်တယ်။
‘ရုံနဲ့ အတိ လက်မှတ် ရိုက်ထားတယ်၊ ရုံ မလျှံစေရပါဘူး ဆိုတဲ့ စာကို ရပ်ကွက်လူကြီးဆီက ပြေစာ ပြ၊ ခွင့်ပြုချက် လက်မှတ် သွား ယူနေတယ်’ တဲ့။
အလွန် တိုပြီး လက်တဆစ်စာလောက်ပဲ ကျန်တော့တဲ့ စိတ်တွေကို မရှည် ရှည်အောင် ဆွဲ ဆန့်ပြီး ပရိသာတ်ကြီးမှာ ဘယ် အချိန် ဝင်ရနိုး၊ တမျှော်မျှော် လုပ်နေကြ ပြန်တယ်။ တက်ညီ လက်ညီ တိတ်တိတ်ဆိတ်ဆိတ် စောင့်နေကြရာက တဖြေးဖြေးနဲ့ ပွစိပွစိ ဖြစ်လာကြပြန်တယ်။ဟုတ်တယ်လေ။ လူတွေပဲ။ အတိုင်းအတာ တခုအထိပဲ သည်းခံ နိုင်တာပေါ့။ စောင့်နိုင်မှာပေါ့။ ဖိအား ဆိုတာ သိပ်များလာရင် တင်းပြီး ပေါက်ကွဲနိုင်တာ။ ငရစ်တွေ မသိကြဘူးလား။ ရစ်ပြီးယင်း ရစ်ချင်တုန်းလား။
လက်မှတ်ကလေး တခု ထိုးတာ သည်လောက် ကြာရသလား။ ဘောပဲန် မရှိလို့လား။ ခဲတန်နဲ့ ထိုးပါလား။ သွား ငှား ပေးရမလား။ တဗျစ်တောက်တောက် မကြေမချမ်းသံတွေ ထွက်လာပြန်တယ်။အရှေ့က ပို့လိုက်တဲ့ သတင်း အနောက်ကို ရောက်လာပြန်ပြီ။
ကြာနေရတဲ့ အဖြစ်က သည်လို ... ... ၊လက်မှတ် ထိုးခွင့် ရှိတဲ့ လူကြီး နှစ်ယောက်မှာ တယောက်က အရက်မူးပြီး ခေါင်း မထောင်နိုင်အောင် မှောက်နေသတဲ့။ နောက်တယောက်ကတော့ ဘုရား သွားတယ် ပြောလို့ တဆူပြီး တဆူ လိုက်ရှာနေတာ အခုထိ ရှာလို့ မတွေ့သေးဘူး တဲ့။
အင်း ... တကယ်ပဲ ဘုရား
သွား ဖူးသလား၊ ဘယ်ကျင်းအထဲ လိပ်ဥ တူးနေလဲ။
ကဲ ... အကြောင်းသိတွေကတော့ ဖေါ်ကုန်ပြီ။ ဘုရားဒကာတို့ရေ၊
ပိပိယိယိလေးတွေလဲ ဖြီးကြပါနော်။
‘သူတို့က လွဲပြီး အခြားလူ လက်မှတ် ထိုးလို့ မရလို့လား။’
လက်မှတ် ထိုးတာက
လွယ်တယ်။ ဒါပေမယ့် လူကြီးလက်မှတ် မဟုတ်ပဲ လက်ထောက်က လက်မှတ် ထိုးတယ် ဆိုရင်
ဘာဖြစ်လို့ လက်ထောက်က ထိုးရတာလဲ၊ အဲသည်အချိန်မှာ တကယ် လက်မှတ် ထိုးရမယ့်
လူကြီးတွေက ဘယ်ရောက်နေလို့လဲ၊ ဘာ ဖြစ်နေလို့လဲနဲ့ လူတိုင်း သိနေတဲ့ သူတို့
အကြောင်းတွေ မီးခိုးကြွက်လျှောက် ပေါ်ကုန်မယ်။ အဲသည်အခါမှာ အထက် ဖါး၊ အောက် ဖိ၊ ဓါတ်သက်
ကျေနေသူတွေမို့ လက်ထောက်တွေ အထု အထောင်း ခံရမယ်။ အခန့် မသင့်ရင် စေတနာနဲ့ အများ
သူငါကို ပွဲ ကြည့်ပါစေ အဆင်ပြေအောင် လက်မှတ် ထိုးပေးမှုက သူတို့ အလုပ် ပြုတ်
နိုင်တယ်လေ။
ကိုယ့်အရှေ့မှာ ဖြစ်ခဲ့ဘူး၊ ပြုတ်ခဲ့ဘူးတာတွေ မြင်ဘူး ကြားဘူးနေလို့ လက်ရှောင်နေလိုက်ပါမယ်။ နင်တို့ ထိုက်နဲ့ နင်တို့ ကံ ပေါ့လေ။ သည်ရပ်ကွက် အထဲမှာမှ လာနေကြတာ ကိုး။
ပွဲ ငတ်နေတာ ကြာပြီမို့ ပရိဿတ်ကလည်း ပွဲကို သိပ် ကြည့်ချင်နေတယ်။ ဇွဲ ကောင်းကောင်းနဲ့ အားတင်းလို့ စောင့်တယ်။ ပရိဿတ်ဆိုတာ ကျား ကျား၊ မ မ၊ လူငယ်၊ လူရွယ်၊ လူကြီးချည်းပဲ မဟုတ်ဘူးနော်။ အဘိုးအို၊ အဘွားအိုတွေနဲ့ ကလေး သူငယ်၊ လူမမယ်တွေပါ ပါတယ်။ ဟိုအနား၊ သည်အနား အရောင် ဝါဝါလေးတွေပါ မြင် မိသလား လို့။
ပွဲ သွင်းသူတွေကလည်း ပြဿနာ အလွန် များတဲ့ ရပ်ကွက်၊ အရစ် ခံရနိုင်တာကို သိပါလျက်နဲ့ စိတ်ရှည်၊ လက်ရှည်၊ အဘက်ဘက်က ပြင်ဆင်ခဲ့တယ်။ ပြည့်စုံပြီးသားကို မပြည့်စုံသေးဘူး၊ ဟိုဟာ လိုတယ်၊ သည်ဟာ လိုတယ် ဆိုလဲ မငြီးမညူ ရအောင် လုပ်ပေးတယ်။ လူလည်း ပင်ပန်းသေး၊ ငွေလဲ ကုန်သေး၊ အဆူ အဟောက်၊ အကြိမ်း အမောင်းလည်း ခံရသေး။ အခန့် မသင့်ရင် ဟိုခေါ် သည်ပို့ လုပ်တာ ခံရ ဦးမှာ။ဒါတွေကို သိလျက်နဲ့ ဘာဖြစ်လို့များ ထိုထိုသော ကိစ္စတွေကို သူတို့ လုပ်ချင်ကြတာလဲ ဆိုတော့ ပွဲကြည့်ပရိဿတ်ရဲ့ ဆန္ဒ၊ လိုလားချက်တွေကို သိလို့ ဖြည့်ပေးချင်တဲ့ စေတနာပါ တဲ့။
ပွဲ လုပ်ခွင့်ကို တရားဝင် အဆင့်ဆင့် ရယူထားပါလျက်၊ ပွဲ သွင်းခွင့် ရှိပါလျက်နဲ့ ပြဿာနာ မရှိ ပြဿနာ ရှာ၊ ဂကျီ ဂကြောင် လာရစ်နေတဲ့ လူ တစုဟာ အယင်ကတည်းက ရပ်ကွက်အထဲမှာ စီကနဲ ဆို၊ အီဖေကိုယ် ဆိုတာလို ကျော်ကြားနေတဲ့သူ တစုပါ။
အများ သူငါ၊ စိတ် အနှောက်အယှက် ဖြစ်အောင် သူတို့ ဘာလို့ သည်လို လိုက် လုပ်နေတာလဲ ဆိုတော့ ရပ်ကွက်အထဲက လူတွေ သူတို့ကို အထင် ကြီးအောင်၊ လေးစားအောင်၊ အာဏာ ပါဝါ ရှိကြောင်း ပြ နေတာလို့ ဆိုပါတယ်။သူများ လုပ်တာ သဘော မကျ၊ အား မရရင် ကိုယ် ကိုယ်တိုင်ပဲ ဦးဆောင် လုပ်လိုက်ပါလား။ လူတွေက ပွဲ ကြည့်ချင်နေတာ ကြာပြီ။ စီစဥ်မယ့်သူ၊ ဦးဆောင် လုပ်မယ့်သူ မရှိလို့ မနေသာတဲ့ သူတွေက မနေနိုင်၊ မထိုင်နိုင်၊ ကိုယ့်ထမင်း ကိုယ် စားပြီး ထ လုပ်ပေးတာ ရပ်ကွက်နေ အများ ပြည်သူတွေ အတွက်။ သူတို့ ကိုယ်ကျိုး အတွက် မဟုတ်ဘူး။ အချို့ရပ်ကွက်တွေက ပွဲ သွင်းသူတွေလို ကိုယ်ကျိုး စီးပွား၊ အမြတ် ရဘို့ မဟုတ်ဘူး။ သည်ရပ်ကွက်မှာက ဘာ လုပ် လုပ်၊ ပြဿနာ ရှုတ်၊ စရိတ်စက များ၊ အမြတ် နည်းပြီး လူပင်ပန်း စိတ်ဆင်းရဲရတာပဲ အဖတ်တင်လို့ ဘယ်သူမှ ဘာမှ မလုပ်ချင်တာ အားလုံး အသိ။ ကိုယ်တို့ ရပ်ကွက်နေသူတွေက ပိုသိ။
အခုတော့ ကိုယ်ကလဲ စ မလုပ်။ သူများ လုပ်တော့လည်း က ဖျက် ယ ဖျက် နဲ့။ သည်လို လုပ်ရပ်တွေကို သည်လို လိုက် လုပ်နေသရွေ့ ရပ်ကွက် အထဲက လူတွေက သူတို့ကို ပို ချဥ်သထက် ချဥ်၊ အဝိဇၨာတွေ ပွား၊ မေတ္တာတွေ ပို့ကြမှာ သိသင့် နေပါပြီ။လူတွေရဲ့ လေးစားမှု၊ ထောက်ခံမှုကို လိုချင်ရင် ရပ်ကွက်နေ ပြည်သူများ လိုချင်တာ၊ ဖြစ်ချင်တာတွေကို လျောလျောလျူလျူ လုပ်ပြပေးပါလား။ ဖြည့်ဆည်း ပေးပါလား။ ဖိနှိပ်၊ ချိမ်းခြောက်၊ ဟိန်းဟောက်နေလို့ ဘယ်သူကမှ ထောက်ခံ အားပေးမှာ မဟုတ်ဘူး။
ရိပ်ဖမ်း သံဖမ်း ပြော မရပဲ ဒုန်းဝေး နေလို့က နောက်တခါဆို တည့်တိုး ပြောမှပဲ ထင်တယ်။
အခုတော့ စိတ်လက် မကြည်မသာနဲ့ ရှေးစာချိုးလေးနဲ့ပဲ အဆုံးသပ် ပါတော့မယ်။
မြင်သူ မုန်းစရာ့၊ ကိုအရစ်ဘို (လူတွေကို ဘို ကျ၊ အနိုင်ကျင့်တတ်သူတွေ)
ရေလို ခမ်းခြောက်ပါစေသား။”
အမေ့အိမ် နဲ့ မဗေဒါကို သတိ ရမိတယ်။
ကဲ ... ကိုသုခ ရယ်၊ ဘာ ကျန်သေးသလဲ ကွယ်။
(လက် နှစ်ဘက် စုံပိုက်၊ စည်းရိုးပေါ် ခွ ထိုင်ပြီး၊ အိတ်အထဲကလည်း တပြား စိုက် မလှူ၊ လူကလည်း ချွေး တစက် ကျအောင် မကူပဲ သူများတွေ လုပ်သမျှကို ဘေး ထိုင်၊ ဘု ပြောလို့ သကြႅန် အမြှောက် ဖေါက်နေကြတဲ့၊ သူများကို ဖိမှ၊ ကိုယ့်ကို လူ သိမယ် ဆိုတဲ့ သုခမိန်ကြီးတွေ အကြောင်းတော့ ဘာ ဆို ဘာမှ မပြောလိုတော့ ပါဘူး။ ဝေဖန်ရေး နဲ့ လေကန် နေတာထက် ပွဲ ဖြစ်ဘို့က အခရာပါ။)
ဇွန် ၆ ရက် ၂ဝ၁၁
တို့ ချစ်ခြင်းကို၊
ခွင်း၍ တစေ၊
နေ့တိုင်း မွှေတဲ့၊
မြင်သူ မုန်းစရာ့၊
ဂုန်းမအို (စုန်းမအို)၊
ရေလို ခမ်း ခြောက် ပါစေသား။ ... ။
No comments:
Post a Comment