Sunday, June 12, 2011

မုန်းမှ ကယ်လီဖိုးနီးယား သို့။

(Reposted with Unicode on January 15, 2025)
 

လွန်ခဲ့သော နှစ်ပေါင်း များစွာ (၈၀ ခုနှစ်များ အစောပိုင်း) က ချစ်သော သူငယ်ချင်းက ခေါ်၍ ကွယ်လွန်သူ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင် (ဦး) နေဝင်း ၏ အိမ်သို့ တခါတခေါက် အလည် ရောက်သွားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ကောလိပ်ဂျင်ကြီးရဲ့ သမီးအလတ် ဟေမာလေးတောင် သီချင်း စ မဆိုသေး၊ ဆယ်ကျော်သက်အရွယ် အပျိုပေါက်ကလေးသာ ရှိသေးသည်။ ဟေမာတို့ ညီအမ တတွေရဲ့ ဧည့်ဝတ် ပြူငှာမှုနဲ့အတူ တွေ့သိခဲ့ရသူက ဦးလေးအရွယ် အမျိုးသား တဦး။

“ဒါ ကိုကို ဌေးမြိုင်” တဲ့။

သူကတော့ သူ့အကို တဝမ်းကွဲမို့ အကိုလို့ ခေါ်၊ မိတ်ဆက်ပေး ပေမယ့် ကျွန်မကတော့ ကိုယ့်အဖေထက် တနှစ်သာ ငယ်မယ့်အရွယ်ကို အကိုလို့ ခေါ်ရမှာ နှုတ် မရဲခဲ့ပါဘူး။ အထူးသဖြင့် ငယ်ငယ်ကတည်းက သူ့စာတွေ ဖတ်ပြီး လေးစား ခဲ့ရတော့၊ ကျွန်မအတွက် သူဟာ ဟိုး ... အထက် စင်မြင့် အပေါ်မှာ တလေးတစား မော့ကြည့်ရတဲ့ သူပါ။

သူက တရင်းတနှီး သူ့ကိုယ်သူ ကိုကိုလို့ နာမ်စား သုံးပြီး ရယ်မော စကား ပြောခဲ့ပေမယ့် ကျွန်မကတော့ ပါးစပ်က ကိုကို တခွန်း ခေါ်တိုင်း ရင်ထဲမှာ ‘ဆရာ’ လို့ ကြိတ်ပြီး ပဲ့တင်သံ ထပ်ခဲ့ မိပါတယ်။

အမ အကြီးဆုံးက မွေးတဲ့ သားနဲ့ အမကြီးရဲ့ မောင် အငယ်ဆုံးမို့ တူနဲ့ ဦးလေးက အသက် တနှစ်ပဲ ကွာကြသတဲ့။ ငယ်ငယ်ကတည်းက ယောင်ပေစူး ကိုယ်စီနဲ့ အဖေ့ရဲ့ ကစားဘော် ကစားဘက်၊ တက္ကသိုလ် ကျောင်းတော်သားကြီးတွေ ဖြစ်တဲ့အထိ တပူးတွဲတွဲနဲ့ ပညာ သင်ဘော် သင်ဘက် ဆိုတော့ ဦးလေးရဲ့ ကလေးတွေအတွက် အကိုဝမ်းကွဲ ဖြစ်တဲ့သူက ဦးလေး အရွယ်၊ အသက်က မငယ်။ ဒါပေမယ့် အသက် ဘယ်လောက် ကွာ ကွာ၊ ညီ ညီမငယ်တွေက သူ့ကို ‘ကိုကို’ လို့ပဲ ချစ်စနိုး ခေါ်ခဲ့ ကြတယ်။

မျက်မှန်ထူထူကြီးနဲ့ သူ့ညီ၊ ညီမတွေကို အမြဲ ရယ်ပြီး အားပါးတရ စကား ပြောတတ်တဲ့ အဲဒီ ‘ကိုကို’ ကို လူတွေ အသိများတာကတော့ ‘ဒဂုန်တာရာ’ ပါ။
 
-           -           X          -           -           -           X          -           -           -           X          -           -
 

ကိုကို စာရေး ကောင်းတာ၊ ကဗျာရေး တော်တာ လူတိုင်း သိပြီးမို့ အထူး မရေးတော့ ပါဘူး။ စန္ဒယားတီး ကျွမ်းကျင် တာလည်း လူသိ ရှင်ကြားပါ။ နာမည် ကျော်ကြား အထင်ကရ လူတဦးမို့ ကိုကို့ အကြောင်းက လူသိ များပါတယ်။ တမှတ်တရ မွေးနေ့တွေမှာလဲ ဂုဏ်ပြုမယ့်သူ အပြည့်မို့ ဆွေမျိုး သားချင်းများ အနေနဲ့ ဘာမှ ထပ် ရေးပြစရာ မလိုတော့ပါဘူး။

ဒါပေမ့် လူတွေ မသိသေးတဲ့ ကိုကို့ အကြောင်း ပြောချင်တာလေး တခု ရှိပါတယ်။

အဲဒါကတော့ ကိုကို့မှာ အနာဂတ်ကို ကြို မြင်တဲ့ အမျှော်အမြင် အာရုံလည်း ရှိနေသလား ဆိုတာ ပါပဲ။

လွန်ခဲ့တဲ့  (၂၀၁၁ မှတွက်လျှင်) အနှစ်အစိပ်ကျော်ကျော်က ကျွန်မ မြန်မာပြည်က ထွက်ကာနီးမှာ ယောင်းမ ဖြစ်သူက ဖုန်းဆက် လာပါတယ်။ သူ့ညီ ‘အငယ်လေး’ နိုင်ငံခြား သွားအပြီးမှာ သူ အမှတ်တရ စပ်ခဲ့တဲ့ ကဗျာလေး ၁၉၈၅ ခုနှစ် မေလ ဒဂုန်မဂ္ဂဇင်းမှာ ပါလာလို့ လူကြုံ ‌ပေးလိုက်ချင်တယ် တဲ့။ စာအုပ်လိုက် ပေးယင် လေးနေမှာ စိုးလို့ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ ကဗျာမိတ္တူကို သူ့ ညီလေး ဆီကို ယူသွားပေးပါ တဲ့။

သူ မပြောခင်ကတည်းက အဲဒီ မဂ္ဂဇင်းကို ကျွန်မသေတ္တာထဲ ထည့်ပြီးသားပါ။ ယောင်းမကို ပြန် ပြောလိုက်ပါတယ်။၊ ‘စိတ်ချပါ၊ သေသေချာချာ ယူသွားပါ့မယ်’ လို့။

ကဗျာအဆုံးမှာ သူရေးခဲ့ပါတယ် ...
ရုပ်မြင်သံကြား တယ်လီဖုန်းမှ တွေ့ကြရအောင် ... ... တဲ့။

၁၉၈၄-၈၅ ခုနှစ်လောက်မှာ သူစပ်ခဲ့တဲ့ ကဗျာပါ။

အမေရိကားမှာတောင် ကွန်ပြူတာတလုံး ထောင်ပေါင်းများစွာ ပေးရတဲ့အချိန်။ အခုခေတ်လို လူတိုင်း ကိုယ်ပိုင် ဝယ် သုံး နိုင်ဘို့ အသာထား၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဆိုင်တွေ မပြောနဲ့ ကုမ္ပဏီကြီးတွေတောင် အလုပ်သမားတိုင်းကို မပေးနိုင် သေးတဲ့ အချိန်။ အီးမေးလ်လဲ မပေါ်သေး၊ အင်တာနက်ဆိုတာ စိတ်ကူးထဲတောင် မလည်သေးတဲ့ အချိန်မှာ ဗမာပြည်ကနေ Webcam အကြောင်း သူ ဘယ်လို ကြို သိခဲ့ပါလိမ့်။

ထိုစဉ်အခါက ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေထဲမှာပဲ သွားရည် ယိုခဲ့ရတဲ့ ဒီ ဗီဒီယိုဖုန်း ဆိုတာ ကိုယ်နဲ့ ဘာမှ မနီးစပ်သလိုပါပဲ။ သူပဲ အတွေးအခေါ် အာရုံကောင်းတာလား၊ ကျွန်မပဲ အမျှော်အမြင် ဗဟုသုတ နည်းပါးတာလား။ (အဖြေကတော့ ရှင်းပါတယ်။ ကျွန်မနဲ့ သူ ဘာ ယှဉ်နိုင်စရာ ရှိလို့လဲ။)

တဖြေးဖြေးနဲ့ သူချစ်တဲ့ ညီ၊ ညီမတွေနဲ့ ဝေးကွာရတော့မှာ၊ တယောက်ပြီး တယောက် ခွဲ ထွက် သွားကြတော့မှာကို သူ ကြိုမြင်ခဲ့တာ သူ့ကဗျာလေးနဲ့ ရင်ဖွင့်ခဲ့ ရှာတယ်။

အဲဒီကဗျာလေးကတော့ လော့စ်အိန်ဂျယ်လီရောက် ဆွေမျိုးများသို့ လို့ ခေါင်းစီး တပ် ရေးစပ်ခဲ့တဲ့ ... ... ... မုန်း မှ ကယ်လီဖိုးနီးယား သို့ ... ... ။

မုန်းချောင်းဘေးမှ
အညာဒေသ၊ ရွာကလေးများ
ဘိုးဘွားစဉ်ဆက်၊ ဆင်းသက်လာရာ
ကြည်လင်စိမ်းပြာ၊ နွေခါ ဒူးဆစ်
ကျောက်စရစ်ခဲ၊ စိန်ခဲမြခဲ၊ ပုလဲပက်ကြဲ
လက်လက်ရေတွင် မြင်ရ၏။
 
ဗုဒ္ဓကြွလာ
ကျောင်းတော်ရာမြတ်၊ ဘုရားပတ်လည်
ပိဋကတ်တိုက်၊ တည်ဆောက်ခိုက်တွင်
ဖခင် ခေါ်ရာ၊ လိုက်ပါလာစဉ်
ဝန်းကျင်ရွာများ၊ လှည့်လည် သွားကြ
အဘွား ပြောဖူး၊ ဗူးသယ်ဇောင်းချမ်းကုန်း
မုန်းချောင်း မန်းချောင်း
ကျောင်းထိုင်ဦးပဏ္ဍိ၊ ရှိရာတည်းခို
စိုရွဲဆီများ၊ ရေမုန့် ဖဲ့စား
တမာရိပ်ကြား၊ ကွေ့ပတ်ပြေးလွှား
ကစားသည့်ရွယ်၊ မျိုးရိုးနွယ်စ
မြင်ရကြားရ၊ တွေ့ခဲ့ရလေ
မုန်းချောင်းရပ်မြေ ပုံကားချပ်။
 
သီပေါနန်းကျ
တိုင်းပြည်ပျက်စ၊ မုန်းမှ စွန့်ခွာ
ဧရာဝတီ၊ စုန်လာလိုက်ကြ
မြစ်ဝကျွန်းပေါ်၊ ရေဝန်းကမ်းညို
ကနစို တောအုပ်၊ ရှင်းလင်းခုတ်တူး
ဓါးမဦးချ၊ မြေဆွထွန်ယက်
မျိုးဆက်ပြန့်ပွား၊ လယ်သမားများ
အိမ်ခြေများလာ၊ ဖွဲ့စည်းကါလျှင်
ထိုင်ကူဆိုသော ရွာကလေး။

လယ်ကွင်းရေပြည့်
လှေဖြင့်ထိုးသွား၊ ဝါးလုံးကျိုးကျ
ရယ်ကြမောကြ၊ စပါးပင်ကြား
ရေထဲဆင်းမှ၊ လှေထွက်ရတော့
မြှော့နက်တွယ်ကပ်၊ ရယ်ရာမှငို
မိုးညိုလာပြီ၊ ရွာဆီမည်းမှောင်
မိုးထဲလေထဲ၊ လှေကိုပစ်ထား
ပြေးကြလွှားကြ ပျော်စရာပ။
 
လရောင်ကြိုးကြဲ
ရွာထဲလျှောက်လည်၊ ပိတောက်ကိုင်းအောက်
မြေဝိုင်းချောမွတ်၊ မောင်းထောင်းဆန်ဖွပ်
လွတ်လပ်တေးဆို၊ ပျိုအိုတသင်း
အတင်းပြောယင်း ဝိုင်းလုပ်ကြ။
 
နှင်းခတလင်း
ရွှေရောင်ဝင်းပ၊ လှုပ်လှုပ်ရွရွ
လေက အဝေ့၊ စပါးလှေ့ကြ
ကွေ့ကာပိုက်ကာ၊ ကောက်လှိုင်းပုံဘေး
ပြေးကာ ဆော့ကာ၊ လဝါဝါလေး
တိမ်ပြာမဟူရာ၊ ဇာပါးအသွေး
ညဉ့်ဦးလေအေး၊ ကောက်နံ့မွှေးမွှေး
ပြေးလိုက်ပုန်းလိုက်၊ ကောက်ရိုးပုံနွေး
တိုးဝင်အကွေး၊ လမြရေးရေး
စပါးပေါ်ချိန် လွမ်းမိသေး။
 
မြစ်လက်တက်တွင်
စီးဝင်ချောင်းကလေး၊ ကွမ်းသီးခြံဘေးမှာ
တဗာလှေပျက်၊ လဲလျောင်းလျက်တည့်
မောင်းသံဒူဒူ၊ ထုသူကင်းမဲ့
ပဲ့နင်းလှေသူကြီး၊ ဖိစီးဇရာ
ပုံပြင်မျှသာ၊ တုန်ရီစွာဖြင့်
ပြောပြရရှာ၊ ယခုခါမူ
ဘောက်တူပေါ်တွင်၊ ဆွမ်းအုပ်တင်၍
ကိုယ်ရင်တပါး၊ လှော်ခတ်သွားသည်
ကမ်းပါးကပ်လိုက်၊ ကိုင်းငိုက်ရွတ်တွ
လှိုင်းထပုတ်ထိ၊ လှုပ်မိရာမှ
မလပ်သီးကြွေကျ၊ ဒင်ကြီးငှက်က လန့်ပြန်ပြေး။

မော်တော်ပေါ်တွင်
ရှင်လောင်းတင်၍၊ ဗီယင်နာကာဖေး
ကိတ်မုန့်ကျွေးခဲ့၊ ရေခဲမုန့်နှင့်
ဘင်ဂျိုဝိုင်းနှင့်၊ ဟွန်းတယောနှင့်
ရေတွင်မျောပါ၊ ငှက်ပျောတုံးထက်
ဗျိုင်းငှက်တကောင်အံ့သြငေး။

ငယ်စဉ်ဘဝ
ဒုတိယမျိုးဆက်၊ ကောက်ရိုးရနံ့
နွားချေးနံ့နှင့်၊ ပဲရစ်ညခင်း ရေမွှေးနံ့
ရောထွေး မတူ၊ ကျေးလက်နှင့် မြို့ပြ     
ဘုန်းကြီးကျောင်းမှ တက္ကသိုလ်
ကိုလိုနီခေတ်၊ ကြီးပြင်းဖြစ်ခဲ့
မုန်းကျောက်စရစ်ခဲ၊ သဲပွင့်ရွေ့လျှား
သစ်သားပန်းပု၊ ထုဆစ်ပန်းကွက်
လှေပျက်ယွင်းကျန်၊ ရွှေရောင်ယွင်းလွင့်
ပင့်ကူအိမ်မြှေး၊ လိမ်ယှက်ရစ်ကာ
ပြစရာတည့်၊ အမည်စာလုံးသာ
ပထမမျိုးဆက်ပုံပြင်များ။
 
ဒုတိယမျိုးဆက်
ငါတို့လက်ထက်၊ သည်မျိုးဆက်ကား
မြေများ ခြံများ၊ ပိုင်ဆိုင်ထားသည့်
အမွေဆက်ခံ၊ ကြွင်းကျန်ပစ္စည်း
ထိုင်ပြီး စားကြ၊ မတိုးပွားခဲ့
နှစ်များ ကြာလျှင်၊ မြေရှင်စနစ်
ခေတ်နှင့် ကွာဝေး၊ တဖြည်းဖြည်းချင်း
သက်ဆင်း ရွေ့လျော၊ တိမ်ကောလာစဉ်
ဖွားမြင်ရှာကြ၊ တတိယမျိုးဆက်
လက်ထက်ရောက်ခါ၊ ပြစရာကား
စိန်ခြယ်မြကွင်း၊ စိမ်းဝင်းဖျပ်ဖျပ်
ကြောင်လက်စွပ်နှင့်၊ ငွေကွပ်ဓါးမြှောင်
မဟော်ဂနီရောင်ဗီရို၊ ရွှေတိုရွှေစ
သက္ကလပ်စ၊ ရှံဟဲဖဲစ
ဇင်းမယ်ထဘီစ၊ ဘန်ကေါက်လုံချည် မြင်းချေးရောင်စ
သည်မျှလောက်သာ၊ ကြည့်စရာလေ
မျက်စေ့ပေကလပ်၊ တဖျတ်ဖျတ်နှင့်
ရင်သပ်ရှုမော၊ အံ့သြတွေဝေ
ဘာတွေပါလိမ့်၊ ခုခေတ်ခါသစ်
ခရစ်ပြိုးပြက်၊ ပက်ဂီပါတိတ်
ပေါ်လီယက်စတာ၊ ဖိတ်လက်ပွင့်စုံ
အိတုံရှံ၊ မလေးရှံတဲ့
ရှေးနဲ့မတူ သူတို့ခေတ်။
 
သူတို့မေးကြ
ဒုတိယမျိုးဆက်၊ ကျွန်တော်တို့လက်ထက် အကြောင်း
ကျောင်းသားဘဝ၊ စာသင်စ အခါ
ကိုလိုနီ ပညာရေး၊ တိုက်ဖျက်ပေးဖို့
အရေးတော်ပုံများ အကြောင်း
ဆောင်းလဟေမန္တ ၊ နှင်းခညတွင်
မောင်းနှင်ခုတ်သွား၊ မီးရထားက
ရိုးမကိုဖြတ်၊ နှင်တရစပ်
တောအထပ်ထပ်၊ ပတ်သန်းခရီး
တောင်တွင်းကြီးလမ်း၊ တောပန်းမြူနံ့
သင်းပျံ့ကြိုင်လှောက်၊ ရေနံချောင်း ချောက်
ရေနံမြေတလျောက်၊ နှင်းပေါက်ဇာပါး
လူထုကြားတွင်၊ တရားဟောကြ
သွားလာကြနှင့်၊ အလယ်ပစ္စယံ
အရံဇရပ်၊ သတ်မှတ်စခန်း
ထန်းပင်ရိပ်ကြား၊ အုတ်ခုံနားတွင်
အလုပ်သမား၊ လယ်သမားများနှင့်
ထမင်းထုပ်အတူ စားကြသည့် အကြောင်း
သောင်းပြောင်းထွေလီ၊ ကိုလိုနီခေတ် ဖက်ဆစ်ခေတ်
စစ်နှင့်တော်လှန်ရေး၊ အဝေးကျန်ရစ်
သက်သေခံပစ္စည်း၊ ကြီးကြီးမားမား
ထောက်ထားမရှိ၊ တိုတိတိုစ
ပုံတိုပတ်စ၊ ကဗျာစ ဝတ္ထုစ
မှတ်မိသမျှ၊ ပြောပြနေစဉ်
မျက်စေ့ပေကလပ်၊ တဖျတ်ဖျတ်နှင့်
ရင်သပ်အံ့သြ၊ ငေးမောပန်းလျ
ဒုတိယမျိုးဆက်ပုံပြင်များ။
 
နယ်ချဲ့အပြေး
မင်းမဲ့ဘေးရန်၊ အန္တရာယ်လျှင်
ကြုံတွေ့စဉ်မှ၊ ပူပင်သောက
ထိတ်လန့်ကြစဉ်၊ ပင်လယ်ပြင်မှ
ကယ်တင်မည့်သူ၊ ဆင်တူကြောင်ကြား
ဆင်ယင်ထားသော၊ မြို့သိမ်းတပ်သား
မျက်နှာထားချို၊ ကြိုဆိုခဲ့ရ
ဗမာ့လွတ်လပ်ရေးတပ်မတော်
ရောက်လာသည့် အကြောင်း။
 
တတိယမျိုးဆက်
သည်လက်ထက်ကား၊ ရုန်းကန်မှုများ
လှုပ်ရှားမှုများ၊ အဟုန်ကြီးမား
အမျိုးအစား၊ ထွေပြားယှက်သန်း
နက်နဲရှုတ်ထွေး၊ အမေးပုစ္ဆာ
အဖြေရှာကြ၊ များလှစွာပင်
လူငယ်သဘာဝ၊ တွေးဆစဉ်းစား
ဉာဏ်အားရှိသမျှ၊ ကြိုးစားအားထုတ်
စာအုပ်ရှာလဲ၊ မတွေ့ဘဲလျင်
ကျောင်းနံရံ ပြင်ပ၊ မြင်ရ ကြားရ
တွေ့ရ ကြုံရ၊ သံပြိုင်ယိမ်းက
တီးကြ မှုတ်ကြ၊ ကော်ပီ ဂီတ
ဗွီဒီယိုမှ၊ ပစ်ကြခတ်ကြ
ချွတ်ကြ ဖေါ်ကြ၊ ပျော်ကြ ပါးကြ
သူရဲကား ဓါးကား၊ နံချပ်ကူကား
မှောင်ခိုယူသွင်း၊ ဂျင်းအင်္ကျီများ
အသံသွင်းတိတ်ခွေများ၊ နေကာ မျက်မှန်စိမ်းများ၊
သံလိုက်ထိန်းချုပ်၊ ကစားစရာရုပ်များ
ဈေးကွက်စည်ကား၊ ဆူးလေ ဘုရားလမ်းဘေး
ဟေးဟေး ညာသံ၊ ဆူညံအော်လျက်
လက်မှတ်ရုံပေါက်၊ တယောက်ကိုတယောက်တွန်း
ဂျိမ်းစ်ဘွန်းကား၊ သိုင်းဇာတ်ကား။
 
ဤ ပတ်ဝန်းကျင်
တွေ့မြင်ခံစား၊ အာရုံများစွာ
လှုပ်ရှားလူးလွန့်၊ ရေသေကူးခတ်
ကမ်းစပ်မရောက်၊ အခေါက်ခေါက်တည့်
တပြောက်ပြောက်လျှင်၊ မိုးပေါက်သံထင်
မှန်ရိပ်ဖိတ်စင်၊ ကြည်လင်သံမြှင်း
'လေဆိပ်ဆင်းတော့မယ်' ဟု အငယ်လေးထံမှ
နှုတ်ဆက်သံကြား၊ စိတ်မှာလှုပ်ရှား
'ဘာမှာမလဲ' မေး၊ ရင်ထဲတုန်ရီ
'ပန်းချီဆေး' ဟု၊ နွမ်းလျသံဖြင့်
ဖြည်းညှင်းပြန်ပြော၊ စကားသံအဆုံး
ဖုန်းချသွားပြီ၊ အဝေးဆီလွင့်
ညီမများ ရှိရာ၊ ထွက်ခွာသွားစဉ်
မိုးသားညိုဆင်၊ မျောပါလေနှင်
ငါလျင်ငေးမော၊ မုတ်သုံကြားမှ
မျိုးဆက်များကား
ဝေးကွာသွားကြ၊ မုန်းမှ ကယ်လီဖိုးနီးယားသို့
ရေကြည်ရာကမ်း၊ ငြိမ်းချမ်းပင်လယ်
ကျယ်လည်းတမုဟုတ်၊ ခလုတ်နှိပ်ရုံ
ရုပ်မြင်သံကြားတယ်လီဖုန်းမှ တွေ့ကြရအောင်။ ။  ။
 
(ကယ်လီဖိုးနီးယားရောက်ဆွေမျိုးများသို့)
 
၂ဝဝ၉ ခုနှစ် ကိုကို့ အသက် ၉ဝ ပြည့် မွေးနေ့အမှတ်တရ ရေးထားခဲ့တဲ့ စာစုလေးပါ။ အဲသည်အချိန်က ကိုယ်ပိုင် ဘလော့ဂ် လည်း မရှိ၊ ဘယ်ကို ပို့ရမယ်မှန်း မသိ ဖြစ်နေချိန်၊ နေရာတိုင်းမှာလည်း ကိုကို့အတွက် မွေးနေ့အမှတ်တရ စာမူတွေ ပလူ ပျံ နေတာမို့ ဘယ်မှ မပို့ဖြစ်၊ မဝေငှ ဖြစ်ခဲ့တာပါ။
ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် နီးစပ်သူများ ကျေးဇူးပြုပြီး ကိုကို့ထံ သည်စာကလေး ပို့ပေးပါ။ ကျေးဇူးအထူး တင်ပါသည်။
 
 
မာလုစံ
ဇွန်လ ၁ ရက်၊ ၂ဝ၁၁

1 comment:

Popular News Journal said...

POPULAR NEWS JOURNAL တွင် ဖော်ပြလိုပါသည်
popularnews@popularmyanmar.com သို့ အကြောင်းပြန်ကြားပေးပါရန်