Saturday, June 11, 2011

ကန်ရေပြင်နဲ့ ခဲလုံးငယ်

ညို့ညို့ မှိုင်းမှိုင်း တောအုပ်ကလေးအထဲမှာ ရေကန်ငယ်လေး တကန် ရှိပါတယ်။ အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ အကာအရံ သစ်ပင်ထုကလည်း ကောင်းတော့ လေပြင်းလဲ မလာ၊ ဆိတ်ငြိမ်တဲ့ အခင်းအကျင်းမှာ ရေကန်လေးဟာ တည်ငြိမ်တဲ့ ရေမျက်နှာပြင်နဲ့ အိပ်မောကျနေတာ နှစ်ပေါင်း မနည်းတော့ပါဘူး။

တနေ့သော အခါမှာတော့ ကန်ရေပြင်ထက်ကို ဘယ်ကမှန်း မသိရပဲ ခဲလုံး သေးသေးလေး တလုံး ကျ လာပါတယ်။ မမျှော်လင့်တဲ့အရပ်ကနေ မထင်မှတ်တဲ့ အချိန်မှာ ကျလာတဲ့ ခဲလေးဟာ သာမန်အားဖြင့် အမှတ်မပြုနိုင်စရာ သေးငယ်လှပေမယ့် တည်ငြိမ်နေတဲ့ ကန်ရေပြင်ကတော့ ရေပွက် ကလေးတွေ လှိုင်းထလို့ လှုပ်ရှား သွားပါတယ်။

ကာလကြာရှည် အိပ်ပျော်နေတဲ့ ရေကန်လေးခမျာ တည်ငြိမ်တဲ့ မျက်နှာပြင် လှုပ်ရှား နိုးထ သွားရပေမယ့် အနှစ်နှစ် အလလ တခါမှ မဖြစ်ဘူးခဲ့၊ ဖြစ်မယ် မထင်မှတ်ခဲ့သည်မို့ ရှားရှားပါးပါး အဖြစ်ကလေးကို ကန်ရေပြင်ကလေးက သဘောကျသတဲ့။ ကျလာတဲ့ ခဲကလေးကိုလဲ ကျူးကျော် အနှောက်အယှက် ပေးတယ် မမြင်၊ မငြူစူတဲ့အပြင် နားလည်မှု အပြည့်နဲ့ လက်ခံရှာပါတယ်။

ဘယ်ကမှန်းမသိတဲ့ သည်ခဲလုံးကလေးကို ပစ်လိုက်မိသူဟာ သူ့လမ်းကို သူ ဆက် လျှောက် သွား နေမှာပါ။ ခရီးတလျှောက် သူ သွားလိုရာ ပန်းတိုင်မရောက်မီမှာ စိတ်ကူးသင့်သလို ခဲလုံးလေးတွေ ကို သူ လက်တွေ့ရာ အရပ်မျက်နှာတွေဆီ ဆက်လှမ်း ပြစ်နေ ဦးမှာပါ။ တချိန်မှာ သူရည်စူးရာ နေရာ ဌာန ရောက်လို့ အခြေချ အပန်းဖြေချိန်မှာ လက်ကျန်ခဲလေးတွေ ရှိခဲ့ယင်လည်း နဘေး စုပုံ ချချင် ချထားမှာပေါ့။ လက်တည့်စမ်း ပစ်ခဲ့တာ များလို့ ကုန်ချင်လဲ ကုန်လောက်ရောပေါ့။

သူလျှောက်ခဲ့ရာ လမ်းတလျှောက် ဦးတည်ရာမဲ့ ပစ်ခဲ့တဲ့ ခဲလေးတွေ ဘယ်ကို ကျခဲ့ပြီး၊ ဘာဖြစ်ကျန်ခဲ့ တယ် ဆိုတာ သူ သိမှ သိရဲ့လား၊ သိချင်ရဲ့လား၊ သူ သိသင့် ရဲ့လား။

သူ ပစ်ခဲ့တာ ခဲလုံးလေးတွေဟာ အမှုန်အမွှားသာသာ သေးသေးလေးတွေမို့ အရေး မထား လောက်ဘူး သူ ထင်ချင် ထင်နေမှာပါ။

ဒါပေမယ့် ... ...

အနှစ်နှစ် အလလ တည်ငြိမ်နေခဲ့တဲ့ ကန်ရေပြင်လေးဟာ တခါ ရေပွက်ထခဲ့ပြီး ရေမျက်နှာပြင် ပြန် တည်ငြိမ်နေပြီ ဖြစ်ပေမယ့် သူ့ထံပါး တခါ ကျလာခဲ့ဘူးတဲ့ ခဲကလေးကို ထပ် လာဦးလေမလား မျှော်ချင် မျှော် နေဦးမှာပါ။

တကယ်လို့သာပေါ့လေ၊

ခဲလုံးအမှုန်အမွှားကလေးကို ပစ်ခဲ့သူဟာ သူ့ကို ရည်ရွယ်ပြီး ပစ်ခဲ့၊ သတ်သတ် မှတ်မှတ် ရည်စူးခဲ့တာ မဟုတ်ပဲ လက်လှမ်းသင့်သလို တခြားပစ်ခဲ့တဲ့ နေရာတွေ အများကြီး ရှိသေးတာ သိခဲ့ယင် စိတ်ကို ဒုန်းဒုန်းချလို့ ကန်ရေပြင်လေး ပြန်အိပ်သွားမှာပါ။


လေးစားစွာဖြင့် -
မာလုစံ
မေလ ၂၃ ရက်၊ ၂၀၁၁

No comments: