Original FB post on December 27th 2011
Written on November 2nd 2007
အများပြည်သူတွေ ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်ချက်တွေကြောင့် အထိမ်းသိမ်း ခံနေရတဲ့ သူရဲကောင်းတွေ အားလုံး ကျမ်းမာကြပါစေ။ အမြန်ဆုံး လွတ်မြောက်ကြပါစေ လို့ မမေ့မလျော့ နှစ်သစ်ကူး ဆု တောင်းပေးလိုက်ပါတယ်။
- လေးစားရသော အမေမာ ပြောခဲ့ဘူးပါတယ်။
'အမေ့သား ကျမ်းမာအောင် နေ၊ အမေလဲ ကျမ်းမာအောင် နေတယ်' . . . . . တဲ့။
အမိမြန်မာ မပျော်နိုင်သေးသမျှ သားတို့ သမီးတို့လဲ ဘယ်လို ပျော်နိုင်ကြမှာလဲ။
- ပြည်တွင်းက အမေတွေကတော့ သားတွေ သမီးတွေလို အင်တာနက်၊ ဝက်ဘ်ဆိုဒ်တွေနဲ့ မနီးစပ်၊ လက်ကိုင်ဖုန်းနဲ့ စာရိုက် သတင်းပို့တာတွေ မကျွမ်းဝင်တော့ ကိုယ့်ရဲ့ပတ်ဝန်းကျင် နီးနီးကလေးမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ဖြစ်ပျက်နေတာတွေကို အသေးစိပ် သိရှိကြပုံ မပေါ်ပါ။
ဒါပေမဲ့ အနှစ် လေးဆယ်ကျော် ကြာအောင် ကြားနေခဲ့ရတဲ့၊ နယ်ချဲ့ တိုင်းတပါးသားတွေထက် ပိုမိုရက်စက် ကြမ်းကြုတ်တဲ့ ဗမာပြည်တွင်း ထောင်တွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေရဲ့ အတွင်းပုံပြင်တွေကြောင့် အိမ်ပြန်မလာတဲ့ သားတွေ သမီးတွေ၊ အိမ်ကနေ လာ ခေါ် ထုတ်သွား ခံရတဲ့ သားတွေ သမီးတွေ၊ ဘယ်ကို ရောက်လို့ ဘာတွေ ဖြစ်နေကြမလဲ မရဲတရဲ မှန်းဆမိပါရဲ့။
- တချိန်ချိန်မှာ အိမ်က ဖုန်း မြည်သံကြောင့်ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေကောင်းများထံမှ တဆင့်ပဲ ဖြစ်ဖြစ်၊ သားတို့သမီးတို့ သူတပါးနိုင်ငံမှာ ခိုကိုးရာမဲ့ ဒုက္ခသည်များ ဖြစ်သွားကြပြီ ကြားရရင် အမေတို့ ပိုပြီး ဝမ်းသာရမှာလား။ သခင်မျိုးရယ်လို့ လက်မ ထောင်၊ ရင် ကော့၊ ဝင့်ကြွားခဲ့တဲ့ အဘိုးတို့ အဘွားတို့သာ ရှိခဲ့ရင် အမေ့ကို အပြစ်တင်ကြမှာလား။
- ပြည်တွင်းမှာ အခြေခံ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက်လှုပ်ရှားကြိုးပန်း နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အများပြည်သူအတွက် လုပ်ဆောင်ချက်တွေအပေါ် ရရှိတဲ့ ရလဒ်တွေကို ကမ္ဘာ့ကွန်ယက် စာမျက်နှာတွေမှာ မြင်ရတဲ့ ဓါတ်ပုံတွေ၊ ဖတ်ရတဲ့အကျိုးဆက်တွေက မြင်ရ ကြားရတာ ရင်ထဲမှာ မသက်သာ စရာချည်းပါပဲ။
- ချောင်းရေစပ်စပ်မှာ သင်္ကန်း တပိုင်းတစနဲ့ မှောက်လျက် ပျံလွန်တော်မူနေတဲ့ သံဃာတော် တပါး။ ကိုယ်ထည်မှာ ဒဏ်ရာ နည်းနည်းပါးပါး အညို စွဲတာပဲ ရှိပေမဲ့ ဦးခေါင်း အနောက်ဘက်မှာ ညိုမဲနေတာက ခေါင်းကိုပဲ ပစ်မှတ် ထား၊ သဲသဲမဲမဲ အရိုက် ခံခဲ့ရတယ် ဆိုတာ သက်သေ ပြနေပါရဲ့။
မျက်နှာတော်ကို မဖူးရလို့ ဘယ်သူ ဘယ်ဝါ ဘွဲ့တော် မဖေါ်နိုင်ကြပေမယ့် သားဦးပဉ္စင်း ပျောက်နေတဲ့ ပြည်တွင်းက မယ်တော်အားလုံးအတွက်ကတော့ မျက်နှာကို မမြင်ရတာ၊ အမည် မဖေါ်နိုင်တာပဲ ကောင်းပါတယ်လို့ ကိုယ်ချင်းစာ တွေးမိပါရဲ့။
- တံခါးဘောင် အပျက်ပေါ်မှာ တင်ပြီး ဘေးက စာနာသူတွေလား၊ သူငယ်ချင်းတွေလား၊ တဖက်တချက် ဆွဲတင်ပြေးလာတာ ခံရတဲ့ လူငယ်လေးတဦး။ အလွန်ဆုံးရှိလှမှ အသက်နှစ်ဆယ် အစောပိုင်းပေါ့။ နုနုနယ်နယ်သူ့မျက်နှာလေးမှာ ပါးစပ်ကို ကန့်လန့်ဖြတ် သွေးသံရဲရဲ ဒဏ်ရာကြီးက - သေနပ်ကျည်ဆန် ဖြတ် မှန်တာလား၊ တခုခုနဲ့ ဖြတ် အရိုက်ခံရပြီး ကွဲသွားတဲ့ ဒဏ်ရာလား။
- သတင်းဓါတ်ပုံတွေမှာ မကြောက်မရွံ့ ရှေ့တန်းက ဦးဆောင်နေကြတဲ့ လူငယ်လေးတွေ၊ မားမား မတ်မတ် ရှေ့မှာ ရပ်နေခဲ့ကြတဲ့ ဦးပဉ္စင်းတွေ၊ ကိုရင်လေးတွေ၊ ဆယ်ကျော်သက် လူငယ်လေးတွေနဲ့ အမျိုးသမီးလေးတွေရဲ့ ပုံတွေကို ကြည့်ပြီး သူတို့တတွေ အခု ဘယ်မှာလဲ မရဲတရဲ တွေးကြည့်မိတယ်။
နောက်ဆုံးတော့ သူတို့လေးတွေ အဖမ်း ခံရတဲ့ စာရင်းထဲက နာမည်နှစ်ထောင်ကျော်မှာ ပါ ပါစေ ဆုတောင်းပေးမိပါတယ်။ ဖမ်းပြီး အနှိပ်စက်ခံ ရတာက တနေ့မှာ သူတို့လေးတွေ အမေနဲ့ ပြန်တွေ့လမ်း ရှိနိုင်တယ် မဟုတ်လား။ မဝန့်မရဲ ဖြစ်စေချင်တဲ့ နောက်ဆုံး ဆန္ဒလေး တခုပါ။
- အင်တာဗျူး တခုမှာ ဖတ်ခဲ့ဘူးပါတယ်။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြု တောင်းဆိုခဲ့မိလို့ အထိမ်းသိမ်း ခံထားရတဲ့ လူငယ် (ကျောင်းသား) ခေါင်းဆောင်တဦးရဲ့မိခင် (ကိုအံ့ဘွယ်ကျော်၏ မိခင် ဒေါ်တင်တင်ဝင်း) က သူမရဲ့သား အချုပ်အနှောင် ခံရတာနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ စကား၊ အင်မတန် နက်နဲတဲ့ မိခင်မေတ္တာ စကားတခွန်းပါ။
“ကိုယ့်သားလေး အဖမ်း ခံရတယ် ဆိုတော့ အမေတယောက် အနေနဲ့ ရင်ထဲ မချိဘူးပေါ့။ ဒါပေမဲ့ ကိုယ် မလုပ်နိုင်တဲ့ ကိစ္စကို ဒီကလေးတွေက လုပ်ပြသွားတာ ဂုဏ်ယူပါတယ်” ဆိုတာ။
- ဘေးက ထိုင်ပြီး ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်နေကြသူများဆီက ကြားနေရတဲ့ စကားတွေ နားထဲ မဆန့်ပါဘူး။
လုပ်နေသမျှ ဘာ ဖြစ်လာလို့လဲ . . .
တစတစနဲ့ နှဲ့ရင် ကျောက်ဆောင် ကျောက်သားတောင် ပဲ့ နိုင်သေးတာပဲ။
တနေ့တလံ ပုဂံ ဘယ် ပြေးမလဲ ... ဆိုတဲ့ စကား မမေ့ကြပါနဲ့။
အဓိက ကတော့ ညီညွတ်ခြင်းသည် ခွန်အားပါပဲ။
နောင်နှစ်ခါအတွက် သမီး ကြိုပြီး ဆု တောင်းပေးပါတယ်။
အမေလည်း ကျမ်းမာအောင် နေပါ။
အမေ့သားတွေလည်း ကျမ်းမာမှာပါ။
အမေ့သမီးတွေလည်း ကျမ်းမာပါတယ်။
(ပြည်တွင်းပြည်ပရှိ ပြည်သူ့သားကောင်း၊ သမီးကောင်း အားလုံးရဲ့ မိခင်များသို့)
No comments:
Post a Comment