Tuesday, December 27, 2011

အမေ့ အတွက် နှစ်သစ်ကူး ဆုတောင်း။

(Reposted with Unicode on May 10th 2025)
Original FB post on December 27th 2011
Written on November 2nd 2007

၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အပြီးမှာ ရေးခဲ့မိတဲ့ စာစုကလေးပါ။
စာဟောင်းကလေးပေမယ့် အမှတ်တရ ပြန် တင်လိုက်ပါတယ်။
အများပြည်သူတွေ ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်ချက်တွေကြောင့် အထိမ်းသိမ်း ခံနေရတဲ့ သူရဲကောင်းတွေ အားလုံး ကျမ်းမာကြပါစေ။ အမြန်ဆုံး လွတ်မြောက်ကြပါစေ လို့ မမေ့မလျော့ နှစ်သစ်ကူး ဆု တောင်းပေးလိုက်ပါတယ်။


- လေးစားရသော အမေမာ ပြောခဲ့ဘူးပါတယ်။
 'အမေ့သား ကျမ်းမာအောင် နေ၊ အမေလဲ ကျမ်းမာအောင် နေတယ်' . . . . . တဲ့။

- အေးမြတဲ့ ဆောင်းတွင်းကာလမှာ 'ပျော်ရွှင်သော နှစ်သစ်ကူး ဖြစ်ပါစေ' ဆိုတဲ့ နွေးထွေးတဲ့ ဆု တောင်းသံကြားရတိုင်း မကြာခင် ကာလများက ပြည်တွင်းမှာ ဖြစ်ခဲ့သော အဖြစ်များက တိမ်မဲညိုတွေလို ကြည်လင်နေတဲ့ အာရုံကို ပိတ်ဆို့ လာတတ်တယ်။

အမိမြန်မာ မပျော်နိုင်သေးသမျှ သားတို့ သမီးတို့လဲ ဘယ်လို ပျော်နိုင်ကြမှာလဲ။

- ပြည်တွင်းက အမေတွေကတော့ သားတွေ သမီးတွေလို အင်တာနက်၊ ဝက်ဘ်ဆိုဒ်တွေနဲ့ မနီးစပ်၊ လက်ကိုင်ဖုန်းနဲ့ စာရိုက် သတင်းပို့တာတွေ မကျွမ်းဝင်တော့ ကိုယ့်ရဲ့ပတ်ဝန်းကျင် နီးနီးကလေးမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ဖြစ်ပျက်နေတာတွေကို အသေးစိပ် သိရှိကြပုံ မပေါ်ပါ။

ဒါပေမဲ့ အနှစ် လေးဆယ်ကျော် ကြာအောင် ကြားနေခဲ့ရတဲ့၊ နယ်ချဲ့ တိုင်းတပါးသားတွေထက် ပိုမိုရက်စက် ကြမ်းကြုတ်တဲ့ ဗမာပြည်တွင်း ထောင်တွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေရဲ့ အတွင်းပုံပြင်တွေကြောင့် အိမ်ပြန်မလာတဲ့ သားတွေ သမီးတွေ၊ အိမ်ကနေ လာ ခေါ် ထုတ်သွား ခံရတဲ့ သားတွေ သမီးတွေ၊ ဘယ်ကို ရောက်လို့ ဘာတွေ ဖြစ်နေကြမလဲ မရဲတရဲ မှန်းဆမိပါရဲ့။

- တချိန်ချိန်မှာ အိမ်က ဖုန်း မြည်သံကြောင့်ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေကောင်းများထံမှ တဆင့်ပဲ ဖြစ်ဖြစ်၊ သားတို့သမီးတို့ သူတပါးနိုင်ငံမှာ ခိုကိုးရာမဲ့ ဒုက္ခသည်များ ဖြစ်သွားကြပြီ ကြားရရင် အမေတို့ ပိုပြီး ဝမ်းသာရမှာလား။ သခင်မျိုးရယ်လို့ လက်မ ထောင်၊ ရင် ကော့၊ ဝင့်ကြွားခဲ့တဲ့ အဘိုးတို့ အဘွားတို့သာ ရှိခဲ့ရင် အမေ့ကို အပြစ်တင်ကြမှာလား။

ဘယ်သူ ဘာ ပြောပြော တိုင်းတပါးက ဒုက္ခသည်စခန်းဟာ ပြည်တွင်းက ဥပဒေမဲ့ ထောင်တွေရဲ့ ငရဲခန်းတွေထက် စာရင် အနှိပ်စက် ခံရမှု လွတ်မှာပါ။ အနေအစား ဆင်းရဲတာ ခဏ ဖယ်ထား၊ တစိမ်းနယ်မှာ မျက်နှာ ငယ်ရပေမဲ့ သားတို့သမီးတို့ တဖက်သတ် အကြောင်းမဲ့ ညှင်းပန်း မခံရရင် အမေ နည်းနည်းတော့ ဘဝင် ကျမှာပါ။

လူ မသိ၊ သူ မသိ ညဉ့်အမှောင်ထဲ ပျောက်ကွယ်သွားပြီး အသံ မကြား၊ သတင်း မကြား၊ ပြန် မတွေ့ရတော့တာထက် စာရင် အမေ့ကလေးတွေ ပြည်ပမှာ ဒုက္ခသည် ဖြစ်ရတာ တော်ပါသေးရဲ့၊ အများကြီး ကံကောင်းသေးရဲ့၊ အမေ ကြံဖန်ပြီး စိတ်ကို ဖြေသိမ့်ရမှာလား။

- ပြည်တွင်းမှာ အခြေခံ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက်လှုပ်ရှားကြိုးပန်း နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အများပြည်သူအတွက် လုပ်ဆောင်ချက်တွေအပေါ်  ရရှိတဲ့ ရလဒ်တွေကို ကမ္ဘာ့ကွန်ယက် စာမျက်နှာတွေမှာ မြင်ရတဲ့ ဓါတ်ပုံတွေ၊ ဖတ်ရတဲ့အကျိုးဆက်တွေက မြင်ရ ကြားရတာ ရင်ထဲမှာ မသက်သာ စရာချည်းပါပဲ။

- ချောင်းရေစပ်စပ်မှာ သင်္ကန်း တပိုင်းတစနဲ့ မှောက်လျက် ပျံလွန်တော်မူနေတဲ့ သံဃာတော် တပါး။ ကိုယ်ထည်မှာ ဒဏ်ရာ နည်းနည်းပါးပါး အညို စွဲတာပဲ ရှိပေမဲ့ ဦးခေါင်း အနောက်ဘက်မှာ ညိုမဲနေတာက ခေါင်းကိုပဲ ပစ်မှတ် ထား၊ သဲသဲမဲမဲ အရိုက် ခံခဲ့ရတယ် ဆိုတာ သက်သေ ပြနေပါရဲ့။ 

မျက်နှာတော်ကို မဖူးရလို့ ဘယ်သူ ဘယ်ဝါ ဘွဲ့တော် မဖေါ်နိုင်ကြပေမယ့် သားဦးပဉ္စင်း ပျောက်နေတဲ့ ပြည်တွင်းက မယ်တော်အားလုံးအတွက်ကတော့ မျက်နှာကို မမြင်ရတာ၊ အမည် မဖေါ်နိုင်တာပဲ ကောင်းပါတယ်လို့ ကိုယ်ချင်းစာ တွေးမိပါရဲ့။

- တံခါးဘောင် အပျက်ပေါ်မှာ တင်ပြီး ဘေးက စာနာသူတွေလား၊ သူငယ်ချင်းတွေလား၊ တဖက်တချက် ဆွဲတင်ပြေးလာတာ ခံရတဲ့ လူငယ်လေးတဦး။ အလွန်ဆုံးရှိလှမှ အသက်နှစ်ဆယ် အစောပိုင်းပေါ့။ နုနုနယ်နယ်သူ့မျက်နှာလေးမှာ ပါးစပ်ကို ကန့်လန့်ဖြတ် သွေးသံရဲရဲ ဒဏ်ရာကြီးက - သေနပ်ကျည်ဆန် ဖြတ် မှန်တာလား၊ တခုခုနဲ့ ဖြတ် အရိုက်ခံရပြီး ကွဲသွားတဲ့ ဒဏ်ရာလား။

အသက်ပဲ လွန်ပြီလား၊ သေငယ်ဇောနဲ့ မျော နေတာလား။ မသေခင် သူ့စိတ်ထဲမှာ သူ့အမေကို သတိ ရနေမလား။ အမေကရော သူ့သားလေးကို ဒီလိုအဖြစ်မျိုး ကြုံရလိမ့်မယ် ဘယ် ထင်ပါ့မလဲ။ ဒီလိုပုံပန်း ဘယ် ကြည့်ရက်ပါ့မလဲ။ ရင်ထဲ ကြေကွဲမိပါရဲ့။

- သတင်းဓါတ်ပုံတွေမှာ မကြောက်မရွံ့ ရှေ့တန်းက ဦးဆောင်နေကြတဲ့ လူငယ်လေးတွေ၊ မားမား မတ်မတ် ရှေ့မှာ ရပ်နေခဲ့ကြတဲ့ ဦးပဉ္စင်းတွေ၊ ကိုရင်လေးတွေ၊ ဆယ်ကျော်သက် လူငယ်လေးတွေနဲ့ အမျိုးသမီးလေးတွေရဲ့ ပုံတွေကို ကြည့်ပြီး သူတို့တတွေ အခု ဘယ်မှာလဲ မရဲတရဲ တွေးကြည့်မိတယ်။

အဖမ်း ခံရတဲ့ စာရင်း၊ အသတ်ခံရတဲ့ သတင်းတွေနဲ့ ညဉ့်နက်သန်ကောင် မီးခိုး တလူလူ မတိတ်တဲ့ မီးသဂြိုလ်စက် အကြောင်းတွေ ကြားရတော့ သတင်း ဓါတ်ပုံကလေးတွေ ပြန် ကြည့်ပြီး သူတို့လေးတွေ ဘယ်စာရင်းမှာ ပါမလဲ၊ ဆက် မတွေးရဲတော့ဘူး။

နောက်ဆုံးတော့ သူတို့လေးတွေ အဖမ်း ခံရတဲ့ စာရင်းထဲက နာမည်နှစ်ထောင်ကျော်မှာ ပါ ပါစေ ဆုတောင်းပေးမိပါတယ်။ ဖမ်းပြီး အနှိပ်စက်ခံ ရတာက တနေ့မှာ သူတို့လေးတွေ အမေနဲ့ ပြန်တွေ့လမ်း ရှိနိုင်တယ် မဟုတ်လား။ မဝန့်မရဲ ဖြစ်စေချင်တဲ့ နောက်ဆုံး ဆန္ဒလေး တခုပါ။

- အင်တာဗျူး တခုမှာ ဖတ်ခဲ့ဘူးပါတယ်။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြု တောင်းဆိုခဲ့မိလို့ အထိမ်းသိမ်း ခံထားရတဲ့ လူငယ် (ကျောင်းသား) ခေါင်းဆောင်တဦးရဲ့မိခင် (ကိုအံ့ဘွယ်ကျော်၏ မိခင် ဒေါ်တင်တင်ဝင်း) က သူမရဲ့သား အချုပ်အနှောင် ခံရတာနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ စကား၊ အင်မတန် နက်နဲတဲ့ မိခင်မေတ္တာ စကားတခွန်းပါ။

ကိုယ့်သားလေး အဖမ်း ခံရတယ် ဆိုတော့ အမေတယောက် အနေနဲ့ ရင်ထဲ မချိဘူးပေါ့။  ဒါပေမဲ့ ကိုယ် မလုပ်နိုင်တဲ့ ကိစ္စကို ဒီကလေးတွေက လုပ်ပြသွားတာ ဂုဏ်ယူပါတယ်” ဆိုတာ။

- ဘေးက ထိုင်ပြီး ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်နေကြသူများဆီက ကြားနေရတဲ့ စကားတွေ နားထဲ မဆန့်ပါဘူး။

လုပ်နေကြတာ ဘယ် နှစ်ခါ ရှိပြီလဲ . . .
လုပ်နေခဲ့တာ ဘယ် နှစ်နှစ် ရှိပြီလဲ . . .
လုပ်နေသမျှ ဘာ ဖြစ်လာလို့လဲ . . . 
ဘာလို့ ဒါတွေ ဆက် လုပ်နေကြတာလဲ . . . ဆိုတာတွေ။

သွားပါ များ၊ ခရီး ရောက် . . . တဲ့၊ ရှေးရိုး ဆိုစကား ရှိပါတယ်။
တစတစနဲ့ နှဲ့ရင် ကျောက်ဆောင် ကျောက်သားတောင် ပဲ့ နိုင်သေးတာပဲ။
တနေ့တလံ ပုဂံ ဘယ် ပြေးမလဲ ... ဆိုတဲ့ စကား မမေ့ကြပါနဲ့။
အဓိက ကတော့ ညီညွတ်ခြင်းသည် ခွန်အားပါပဲ

- ငယ်ငယ်က အဖေ ပြောခဲ့ဘူးတဲ့ စကားတခု မှတ်မိပါတယ်။
"စွန့်စား ရဲရင်၊ အကြံဉာဏ်ကောင်း ရှိရင် ရှေ့ကနေ ဦးဆောင်သွား။
မဟုတ်လို့ကတော့ နောက်က အသာ လိုက်။
ဘေးက နေပြီးတော့ လိုက် ကန့်လန့် မတိုက်နဲ့ . ." တဲ့။

အတူ လက် မတွဲပဲ ကန့်လန့် လိုက် တိုက်နေသူတွေထက် စာရင် ဘေးထိုင်နေသူတွေက ပို သာလေမလား၊ မရဲတရဲ တိတ်တခိုး အတွေးလေး ဝေဟင်မှာ လွင့်မျောသွားလေရဲ့။

- နှစ်ကုန်တော့မယ် အမေ။
ဒီတနှစ် အမေ့မွေးနေ့က ပြီးသွားပါပြီ။
နောင်နှစ်ခါအတွက် သမီး ကြိုပြီး ဆု တောင်းပေးပါတယ်။

 အမေလည်း ကျမ်းမာအောင် နေပါ။
 အမေ့သားတွေလည်း ကျမ်းမာမှာပါ။
 အမေ့သမီးတွေလည်း ကျမ်းမာပါတယ်။

(ပြည်တွင်းပြည်ပရှိ ပြည်သူ့သားကောင်း၊ သမီးကောင်း အားလုံးရဲ့ မိခင်များသို့)


လေးစားလျက်
မာလုစံ
နိုဝင်ဘာ ဝ၂၊ ၂ဝဝ၇


No comments: