Saturday, February 11, 2012

ဘ၀ အဖော်များ

(Reposted with Unicode on June 17th, 2025)
Original post on February 11th 2012

အသက်အရွယ်ငယ်စဉ် ကျောင်းသားကျောင်းသူဘဝမှာ ရည်းစားဖြစ်ကြတော့ သူကလည်း သိချင်သလို ကိုယ်ကလည်း မေးဘူးပါတယ်။

Will you still love me tomorrow ဆိုတဲ့ မေးခွန်းလေး။

ဗမာလိုလဲ နာမည်ကြီးသီချင်း ရှိပါတယ်။ မူရင်းက အဆိုတော် နွဲ့ယဉ်ဝင်း သီဆိုခဲ့တဲ့ ‘သည်လိုပဲ မနက်ဖြန် ချစ်ဦးမလား’ တဲ့။

ခဏခဏ မေးဘူးသလို ခဏခဏလဲ ဖြေဘူးတယ်။ 

သီချင်းခေါင်းစဉ်မှာပဲ အဓိပ္ပါယ် အပြည့်အ၀ ပါပြီးသား။

မောင်က ပြောတော့ သိပ်ချစ်တယ်။
မေကလည်း မောင့်ကို အရမ်းချစ်တယ်။
သိပ် သိချင်လို့ နောက်ဆုံးတခေါက် ထပ်မေးဦးမယ်။
သည်လိုပဲ မနက်ဖြန် ချစ်ဦးမလား ” …. တဲ့။

ဆယ်ကျော်သက် ဘဝမှာတော့ အိုး … ကြိုက်လိုက်တဲ့ ဖြစ်ချင်း။ သီချင်းကိုလည်း ကြိုက်တယ်။ ကိုယ့်ရည်းစားကိုလည်း ကြိုက်တယ်။ အချစ်နဲ့ အကြိုက်ကို ခွဲ မသိသေးတဲ့ အရွယ်ပါ။

သူ့ကို ကြိုက်တာကို ချစ်တယ် ထင်ခဲ့တယ်။ သူနဲ့ မတွေ့ရရင် လွမ်းတယ်။ သူ လာ မတွေ့တာကို စိတ် တိုမိတယ်။ တွေ့ကြဘို့ အဆင်မပြေတာ ဘာကြောင့်လဲ မတွေးမိ ဘူး။ ထင်လိုက်တာက သူ ကိုယ့်ကို မချစ်လို့၊ ချစ်သင့်သလောက် မချစ်လို့ တွေ့ဘို့ ကျိုးစားသင့်သလောက် မကျိုးစားဘူး ပေါ့။ ချစ်တယ်ဆိုရင် ချစ်သူ အနား အမြဲ ရှိနေရမယ်၊ သူငယ်ချင်းတွေလည်း ခေါက်၊ ဘာညာ အားလုံး ခေါက်ပြီး ချစ်သူ နဘေး ရှိနေဘို့ ကျိုးစားရမယ် ထင်ခဲ့တယ်လေ။

အချစ် သာလျှင် ကိုယ့်ရဲ့ ကမ္ဘာ၊ ချစ်သူသာလျှင် အမြဲ ကိုယ့်အနားမှာ ဆိုတာလို ကိုယ်ကလဲ သူ့ကမ္ဘာ၊ သူ့အနားမှာ အမြဲ ရှိ နေချင်ခဲ့တယ်။

ကိုယ် လိုရာဆန္ဒ မပြည့်ဝရင် သူ ကိုယ့်ကို ချစ်သင့်သလောက် မချစ်လို့ မဖြည့်စွမ်းပေးတာပေါ့ … အပြစ်တင် စောခဲ့တယ်။ သူ့မှာ အကြောင်းကိစ္စ ကြီးငယ် ရှိမှာကို ထည့် မတွေးပဲ ကိုယ့် လိုဘ မပြည့်တိုင်း၊ ကိုယ့်အတွက် အဆင်မပြေတိုင်း သူ ကိုယ့် ကို ချစ်သင့်သလောက် မချစ်လို့ လို့  စွပ်စွဲခဲ့တယ်။ စိတ် ကောက်ခဲ့တယ်။ ရန် လုပ်ခဲ့တယ်။ ဒါကိုပဲ အချစ်လို့ ထင်ခဲ့တယ်။ အချစ်ဆိုတာ ပိုင်ဆိုင်၊ ရယူလိုခြင်းလို့ မှတ် ယူခဲ့တယ်။ ကိုယ့်ဆင်ခြေက သူ့ကို သိပ် ချစ်လွန်းလို့ ပြဿနာ ရှာခဲ့မိတာ။ မချစ်ယင် သည်လို စိတ် ဆင်းရဲ မခံဘူး … ပေါ့။

ဒီလို ဒီလို တအား ချစ်လို့ ဂျီကျခဲ့တာကို အပြစ် မြင်ရကောင်းလား မာနတွေ ခံ၊ မခေါ် မပြော၊ ရှောင် လိုက်တာ၊ ခဏခဏ ဂျီ အကျ ကောင်း၊ အရှောင် ကောင်းလို့ နောက်ဆုံး သူက ဂျောင်းသွား ပါလေရော။

ကဲ မရွှေတူးမာတို့ ပထမဆုံး အသဲကွဲခန်း။

ပထမအရွယ်၏ အသဲဝေဒနာ ဆိုရမလား။

          X                           X                           X                           X

မငိုပါဘူး။ ငိုဘို့ အချိန်လည်း မရခဲ့ဘူးလေ။ ဘာလို့ဆို အဲသည်အချိန်က နာမည်ကြီး သီချင်း နောက်တပုဒ် ရှိပါသေးသကော။

Before the next teardrop falls ဆိုတာ။

အများသူငါ ကြားဘူးကြမှာပါ။ ဒါပေမယ့် တူးမာ ပြန် ခံစားချင်လို့၊ စာသားလေး နည်းနည်း ရေးမယ်နော်။ (စာသားက အမျိုးသား ဆိုတာနဲ့ အမျိုးသမီး ဆိုတာ နှစ်မျိုး ရှိတယ်။ အမျိုးသား ဆိုတာ ရေးမယ်။)

"If he brings you happiness, then I wish you all the best
It's your happiness, that matters most of all
But if he ever breaks your heart, if the teardrops ever start
I'll be there before the next teardrop falls

I'll be there anytime, you need me by your side
To drive away every teardrop that you cried

And if he ever leaves you blue, just remember, I love you
And I'll be there before the next teardrop falls"

အသဲကွဲရတဲ့ ကောင်မလေးတွေ နဘေးမှာ သည်လို မျက်ရည် သုတ်ပေးမယ့် အချစ် သူရဲကောင်းတွေ ရှိတတ်တယ်။ သူတို့ရဲ့ မွန်မြတ်တဲ့ အချစ်ကို လေးစားပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက သူတို့ဟာ သူတို့ မျက်ရည် သုတ်ပေးလိုက်ရတဲ့ ကောင်မလေးတွေကို စိတ်နဲ့ လူနဲ့ ပုံမှန် မဟုတ်ချိန်မှာ တွေ့ခဲ့ကြရတာပါပဲ။

လူတယောက် စိတ်ထိခိုက်ဝမ်းနည်းနေချိန်မှာ တွယ်မိတွယ်ရာအနီးမှာရှိသူကို တွယ်လိုက်မိတာ နှစ်ဦး စလုံး အတွက်မကောင်းပါဘူး။ အဆုံးသပ်မှာ အချစ်သူရဲကောင်းလေးတွေ အသဲ ကွဲရသလို အသဲကွဲဒဏ်ရာ အနာကျက်သွားတဲ့ ကောင်မလေးတွေလည်း ဘဝမှာ သူငယ်ချင်းကောင်း ဆုံးရှုံးသွား ရတတ်တယ်။

ဒါကြောင့် အချို့သူတွေ ရည်းစားကွဲကာစ အတွဲမရှာသလို၊ ရည်းစားကွဲကာစ လူကို ဝေးဝေးက ရှောင် ကြတာ ဖြစ်သင့်တဲ့ အဖြစ်ပါ။

ဒါတွေကို ကြို မသိ မမြင်ခဲ့မိတဲ့ တူးမာတို့ သူငယ်ချင်း နှစ်ယောက်ကတော့ ဆူးခင်းလမ်းကြီးကို ပန်းခယောင်းတော ထင်ပြီး ဇွတ် တိုးဝင်ခဲ့မိတယ်။

Before the next teardrop falls ဆိုတဲ့ သီချင်းကို ဗမာလို ပြန်ရေး ဆိုထားတာလည်း ကြားဘူးကြမယ် ထင်ပါတယ်။ 'ပုဆိုးနဲ့ တိုက်ပုံ ဝတ်လာပါ' ဆိုတာ။ စောစောက တပုဒ်လိုပဲ သီဆိုသူက နာမည်ကျော် နွဲ့ယဉ်ဝင်း ပါပဲ။

"လိုချင်ရင်လည်း တောင်းဘို့ သင့်တယ်။ လူကြီးများကို ဖွင့် ပြောလို့၊
စီစဉ်လိုက်ပါလား၊ လွယ်လွယ်လေး၊ ဘာ .. ခက်နေသလဲ။
ဘိုဆန်ဆန် အဝတ်အစား၊ အချိုး သိပ်မကျ။
ပုဆိုးနဲ့ တိုက်ပုံ ဝတ်စမ်းကွယ်၊ ကျွန်မ မိဘ၊ မြန်မာဟန် သဘောကျ၊ ရှင် စဉ်းစား။ ” … ဆိုတဲ့ ပုဆိုးနဲ့ တိုက်ပုံ ဝတ်လာခိုင်းတဲ့ သီချင်း။

နောက်ဆုံးတော့ အချစ်သူရဲကောင်း သူကလဲ ပုဆိုးနဲ့ တိုက်ပုံ အဝတ်ကောင်းတော့ တူးမာတို့ ညားကြ လေသတည်း ပေါ့။

ဒုတိယအရွယ်၏ ဘ၀ အဖြေလွှာ ဆိုကြပါစို့။

X                           X                           X                           X

လူ့စိတ် ဆိုတာ အလွန် ဆန်းကြယ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင် အချစ်စိတ် ဆိုတာ 
အလွန် ဆန်းကြယ်ပါတယ်။

အချစ်ဆိုတာကို အမျိုးမျိုးအထွေထွေ အဓိပ္ပါယ်တွေ ဖွင့်ဆို၊ သတ်မှတ် ဇာချဲ့နေကြပေမယ့် ဘယ်သူမှ တိတိကျကျ မသိကြဘူး ထင်တယ်။

- တချို့တွေက ပြောတော့ သူက ချစ်ချစ် မချစ်ချစ် ကိုယ်က ချစ်နေရတာ အချစ် တဲ့။
- တချို့ကတော့ ပြောပြန်တယ်။ အချစ်မှာ အသွားအပြန် ရှိတယ် တဲ့။
- နောက်တမျိုး ပြောကြတာက ချစ်ရင် ပိုင်ဆိုင်ချင်တယ်။ အခက်အခဲ အမျိုးမျိုးအကြားက မရ ရအောင်၊ နီးစပ်အောင်၊ ပေါင်းရအောင် လုပ်တာ အချစ် တဲ့။
- တခါ အချစ်ဆိုတာ ခွင့်လွှတ်ခြင်း တဲ့။ ကိုယ့်ချစ်သူ ကောင်းစားဘို့ ဆိုရင် ကိုယ်သာ အနာခံပါ့မယ် ဆိုတာ အချစ်လို့ ပြောကြပြန်ရော။

ဘာ တွေလဲ၊ ဘယ်လို တွေလဲ။ ရအောင်ယူရမှာလား၊ အလျော့ ပေး ရှောင်ထွက် ရမှာလား။ သူချစ်ကိုယ်ချစ် ဖြစ်ရမှာလား၊ တလမ်းမောင်းလို တဘက်သတ် ချစ်နေရမှာလား။

တူးမာကတော့ ပုဆိုးနဲ့ တိုက်ပုံရှင်ကလေးကို မချစ်ဘူးလို့ ထင်ပါတယ်။ သူကလည်း သူ့ကို မချစ်ဘူး ယုံကြည်တယ်။ ဒါပေမယ့် နှစ်ဦး လက်တွဲကြတော့ နားမလည်နိုင်ကြတာက တူးမာတို့ ပတ်ဝန်းကျင်က အားလုံး။

မချစ်ပဲနဲ့ နင်တို့ ဘာလို့ ယူတာလဲ’ … မေးကြတယ်။

သည်အခါမှာ နှစ်ယောက်စလုံး ပြိုင်တူ ဖြေမိတာက ချစ်တာနဲ့ မေတ္တာ တခြားစီလို့။ ဖြေသာ ဖြေလိုက်ကြတယ်။ တကယ် ဟုတ် မဟုတ် နှစ်ယောက်စလုံး မသိ။

အိမ်ထောင်ကျ အပြီး မကြာခင်မှာ သူ အဝေးနယ် တရပ်တကျေးကို ထွက်သွားရတယ်။ မသွားချင်ပဲနဲ့ သွားရသူကို တူးမာလည်း မတားသာဘူး။  ဒါပေမယ့် စိတ်ထဲ သိလိုက်တာက တားခွင့်ရရင် တားချင်သား ဆိုတာ။

မထင်မှတ်ပဲ နှစ်တွေ ကြာသွားတယ်။ အစကတော့ လပိုင်းလောက်ပဲ ခွဲရမယ် ထင်ခဲ့တာ အခုတော့ 
နှစ်တွေ ကြာညောင်း မနည်း မနောပါ။ အခြေအနေ ပေးရင် သူက လူကြုံနဲ့ မှာတတ်တယ်။ သူ့ကို 
မစောင့်နဲ့ တဲ့။ သင့်တော်သူတွေ့ရင် အဖေါ်ရှာပါ။ သူ နားလည်ပါတယ် ဆိုတာ။ သူ ပြန်လာဘို့က မလွယ်သေးဘူး တဲ့လေ။ သည်တော့ နှစ်ယောက် ပြန် နီးဘို့က မရေရာသေးဘူး ပေါ့။

သူ့ကို မချစ်ဘူး ဆိုပေမယ့် အဲသည် စကား ကြားရတော့ တူးမာ ဝမ်းနည်းမိသား။ အခြေအနေအရ သူ စိတ်မပါပဲ ပြောလိုက်တယ် ဆိုတာ တူးမာ သိနေတယ်။ သည်လို စကားမျိုးကို ပြောလိုက်ရတဲ့ သူ့ကိုလည်း သနားတယ်။ တကယ်တော့ သူဟာ တူးမာကို ခွဲ သွားချင်လို့ မဟုတ်ပါဘူး။ သူ့ဆန္ဒ အလျောက် အဝေးကို ထွက်သွားတာ မဟုတ်ပါဘူး။ အခြေအနေအရ မဖြစ်သာလို့ ဆိုတာ တူးမာ သိပါတယ်။ ဖြစ်နိုင်ယင် သူ တူးမာ နဘေးကို အမြန်ဆုံး ပြန် လာချင်မှာပါ။

သည်တခါတော့ ချစ်တယ် ဆိုပြီး တူးမာနဘေး မရှိရကောင်းလား၊ ပြန်လာဘို့ မကျိုးစားရ ကောင်းလား စိတ် မကောက်မိ၊ ဂျီ မကျမိဘူး။ သူ့ကို မချစ်ဘူး ဆိုပေမယ့် တူးမာ သူ့ကို စောင့်နေမိတယ်။ ရွှေလက် ကမ်းလာသူတွေ ရှိပေမယ့် သူ့ လက်ကြမ်းကြမ်းကြီးကို တမ်းတနေမိတယ်။ သူ့ကို တူးမာ မျှော်နေမိတာ နှစ်ပေါင်း မနည်းတော့ဘူး။

သည်တခါတော့ တတိယအရွယ်၏ ခံစားချက် ဒေသနာ ဆိုရမလား။

X                           X                           X                           X

တကယ်တော့ ဒါဟာ မေတ္တာပါ။ သစ္စာ မဆိုခဲ့ပေမယ့် မေတ္တာရှိယင် သစ္စာဆိုတာ အလိုလို တွဲပါလာတာ သိပါပြီ။ အချစ်မှာ အသွား အပြန် ရှိ မရှိ မသေချာပေမယ့် မေတ္တာမှာတော့ အသွား အပြန်ရှိတာ သေချာပါတယ်။

သည်လိုပဲ မနက်ဖြန် ချစ်ဦးမယ့် ချစ်သူထက် ပုဆိုးနဲ့ တိုက်ပုံရှင်ကလေးကို မေတ္တာ ပိုခဲ့မိတာ တူးမာ ကိုယ့်ဘာသာ ကျေနပ် နေမိတယ်။

လူသားတွေရဲ့ ဘဝမှာ အဖေါ်အမျိုးမျိုး ရှိပါတယ်။
- ကစားဖော်၊ အတန်းဖော်၊ တိုးတိုးဖော်။
- သူငယ်ချင်း၊ အတွဲ၊ ရည်းစား၊ ချစ်သူ။
- ရည်ရွယ်ထားသူ၊ စေ့စပ်ထားသူ ကနေ နောက်ဆုံး အိမ်ထောင်ဘက်ပေါ့။

အိမ်ထောင်ဘက် ဆိုတာမှာလည်း အချို့ အိမ်ထောင်ဘက်တွေဟာ အနာမခံပဲ သာတာ တွေ့ယင် ပစ်သွားတတ်လို့ အေးအတူ ပူအမျှ ဘဝ အတက်အကျကို အတူလက်တွဲ ရင်ဆိုင်မယ့်သူ တွေ့ဘို့ လိုပါတယ်။

သည်လို ဘဝအဖော် အိမ်ထောင်ဘက်မျိုးတွေကို လိုရင်းတိုရှင်း အမည်တပ်ရမယ်ဆိုယင် ပါရမီဖြည့်ဘက် ခေါ်ရလေမလား။

မေတ္တာရှိသူတိုင်း အပြန်အလှန် ပါရမီ ဖြည့်နိုင်ကြပါစေ။


(ဘဝအဖော်များကို နှစ်ရှည်လများ သစ္စာရှိစွာ စောင့်နေသော၊ စောင့်နေခဲ့သော မျိုးဆက်အသီးသီးမှ ပါရမီ ဖြည့်ဘက်များကို ရည်ညွှန်း ဂုဏ်ပြုရေးသားပါသည်။)

လေးစားစွာဖြင့် -
မာလုစံ
ဖေဖေါ်ဝါရီလ ၆ ရက်၊ ၂၀၁၂



No comments: