ယနေ့ခေတ်ကာလ ကမ္ဘာကြီးဟာ တူးမာတို့ ငယ်ငယ်ကနဲ့ မတူတော့ပါဘူး။ တိုးတက်မှုတွေ များပြားသလို တိုးတက်ပုံတွေ အလွန် မြန်ဆန်ပါတယ်။
တူးမာတို့ ငယ်ငယ်က လူပုံကို မြင်ပြီး စကားပြောလို့ရတဲ့ ဗီဒီယိုဖုန်း၊ ရုပ်မြင်သံကြားဖုန်း ပြောတာမျိုးတွေဆိုတာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲက လူဆိုးဗိုလ်သူဋ္ဌေးကြီး ဘလိုဖဲ တို့ပဲ လုပ်နိုင်တာပါ။ သေးသေးကွေးကွေး နာရီလို၊ နားကျပ်လို ဖုန်းတွေ၊ ကင်မရာတွေ ဆိုတာ ရုပ်ရှင်ထဲက အေးဂျင့် ဒဗဲယ်လ်အိုဆဲဗင်း (007) အတွက်ပဲ တကူးတက သီးသန့် တီထွင် ပေးထားတာတွေ။ အပြင်လောကက သာမန်လူတွေ သုံးနိုင်ဘို့ မပြောနဲ့၊ တွေ့ဘူး မြင်ဘူးခွင့်တောင် ကြုံမယ် မတွေးမိခဲ့ဘူး။
သည်နေ့ လူကြီး လူငယ် လူတိုင်းနီးပါး သွားလေရာ သယ်သွားနေကြတဲ့ ဆဲလ်ဖုန်း မပြောနဲ့ ကြိုးမပါတဲ့ အိမ်ဖုန်းတောင် မပေါ်သေးတဲ့ အချိန်ပေါ့။ အခုခေတ် ကလေးအချို့ ကြိုးနဲ့ ဖုန်း မမြင်ဘူးဘူး ဆိုလို့ ပြုံးမိသေးရဲ့။ ဖုန်းဂဏန်းတွေကို မနှိပ်ပဲ Rotary Phone ခေါ်တဲ့ ဒိုင်ခွက်အဝိုင်းနဲ့ နံပါတ်တွေ တဒီဒီ လှည့်ရတာများ မြင်ရင် သူတို့လေးတွေ ဘာပြောမယ် မသိ။
ထားပါတော့။ ပြောချင်တာက ဒါတွေ မဟုတ်ပါဘူး။ ခေတ်ရဲ့ တိုးတက်မှုကြောင့် လူတွေရဲ့ ဆက်သွယ်ရေး၊ ပေါင်းသင်း ဆက်ဆန်ရေးတွေ အပြောင်းအလဲ၊ ကောင်းကျိုး၊ ဆိုးကျိုးကို ပြောချင်တာပါ။
x x x
ဟိုးတုန်းက အသက်နှစ်ဆယ်ကျော်လောက်က တူးမာချစ်သူ ကိုရန်နောင် တနယ်တကျေး အဝေးကို သွားတော့မယ် နှုတ်ဆက်တော့ တူးမာ တရှုံ့ရှုံ့ ငိုတာပေါ့။
ဟုတ်တယ်လေ။ ချစ်စ ခင်စ ကြင်နာစမှာ သူမို့လို့ ခွဲသွားရက်တယ်၊ စကားနာ ထိုးတာပေါ့။
သည်တော့ ကိုရန်နောင်ကလဲ မသွားလို့ မဖြစ်မို့ သွားရမှာ။ ဒါက သူ ဖြစ်ချင်တဲ့ ဆန္ဒ၊ ဘာညာ ကွိကွနဲ့။ တူးမာ မျက်နှာ ညိုရင်တောင် မနေတတ်သူမို့ တူးမာ မျက်ရည်ကျတော့ ကိုရန်နောင် ဘာလုပ်လို့ လုပ်ရမှန်း မသိ။ ခြေ မကိုင်မိ၊ လက် မကိုင်မိနဲ့ သီချင်းတပုဒ် ကောက်ဆိုပါလေရော။
နာမည်ကျော် ကိုသိန်းတန် (မြန်မာပြည်) ရဲ့ ‘အသဲကြေညာ မောင်းခတ်ထား’ ဆိုတဲ့ သီချင်း။
တယောက်နဲ့ တယောက်ဟာ သည်လို ဘယ်ခါမှ မခွဲစဘူး။
မောင်တကယ် ရင်နာရပြီပဲ”
မှားနေပြီ။ သွားမယ့်သူက အမောင်လေ လို့ မျက်ရည်သုတ်ရင်း ပြောမိတော့ သူက တူးမာ ပါးပေါ်က မျက်ရည်တွေကို တယုတယ ကြင်ကြင်နာနာသုတ်ပေးလို့ ‘နားထောင်’ ဆိုပြီး ဆက်ဆိုပြတယ်။
ချေဖျက်မယ့် အနှောက်အယှက်များ မင်းမှာ ပေါ်လာရင်။
လူတကာ ကြေညာ မောင်းခတ်ထား” …. တဲ့။
ချစ်တဲ့ သူ၊ သူက မှာ သွားတယ်လေ။
x x x
ကိုရန်နောင် ထွက်သွားပြီးတော့ တူးမာ အရမ်းလွမ်းခဲ့ပါတယ်။ သူ့ဆီ စာရေးပြီးရင် ပြန်စာ လာမယ့်ရက်ကို တမေ့တမော လက်ချိုး ရေတွက် စောင့်ခဲ့ရတယ်။ စာပို့သမားကြီးကို အိမ်ရှေ့မှာ ထိုင် စောင့်ခဲ့ရတာ ဟို အင်္ဂလိပ် သီချင်းတပုဒ်လိုပဲ။
“Stop, oh yes, wait a minute Mr. Postman” ဆိုတဲ့ သီချင်းဟာ ကိုယ့်အတွက် စပ်ခဲ့တယ်တောင် တူးမာ ထင်ခဲ့မိပါရဲ့။
တနှစ်တခါ သူပြန်လာမယ့်အချိန်ကို မျှော်မှန်းရင်း အချိန်တွေ ကုန်လို့ ကုန်မှန်းမသိ။
ရေခြားမြေခြား ဝေးနေတုန်းမှာ ကိုယ်ကတော့ သူ မှာခဲ့သလို အသဲကြေညာ မောင်းခတ်ထားလို့ ဘယ်သူမှ အနားကို အကပ်မခံပေမယ့် သူကတော့ လှေကား သုံးထစ် ဆင်းစရာ မလိုပဲ ရည်းစား မရှိပါဘူး၊ ယင်မတောင် မသန်းဘူးပါဘူး ဆိုပြီး ကိုယ့်မျက်ကွယ်ရာ အဝေး တနယ်မှာ လူပျိုစစ်စစ် လုပ်နေမလားဆိုတာ တူးမာ ဘယ်လိုလုပ် သိနိုင်မှာတဲ့ တုန်း။ လုပ်နေတော့ကော ဘာ တတ်နိုင်မှာတဲ့ တုန်း။
ဒါက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် နှစ်ဆယ်ရာစုခေတ်တွေ၊ ၁၉၉၀ ခုနှစ် အရှေ့ပိုင်းတွေက ချစ်သူတွေရဲ့ ဆက်သွယ်ရေးပါ။ လွမ်းစာခွေ ပါးဘို့ ဆက်သွယ်ရေးဆိုတာ ဖုန်းနဲ့ စာတိုက်ပဲ ရှိတယ်လေ။ ဘာမှ မမြင် မတွေ့နိုင်ပဲ ပြောသမျှ ယုံ၊ ရေးသမျှ လက်ခံရတဲ့ ကာလ၊ မျက်ကွယ်ရာ အချစ်တွေ ခေတ်ပေါ့။
x x x
လာပါပြီ နှစ်ဆယ့်တစ်ရာစု ခေတ်။ Millennium လို့ အော်နေကြတဲ့ သက္ကရာဇ် နှစ်ထောင်နဲ့ အထက် နှစ်များ။
ကြိုးမပါတဲ့ဖုန်း ဆိုတာ အိမ်ထဲမှာတင် မဟုတ်၊ အိမ်အပြင်မှာပါ၊ လမ်းပေါ်မှာ ပြောနေကြတယ်။ လူ အတော်များများ သုံးနေကြတယ်။
လက် တခါခါ၊ ခေါင်း တခါခါနဲ့ တယောက်တည်း စကားတွေ ပြော၊ လမ်းလျှောက်နေလို့ 'ဟယ် သည်တယောက်၊ ယဉ်ယဉ်လေးနဲ့ ရူးနေတယ်။ တယောက်တည်း စကားပြောနေတယ်' မထင်လိုက်နဲ့။ နားထဲမှာ နားကြပ်ကလေးနဲ့ ဖုန်း ပြောနေတာ။
ခေါ် မကြား၊ အော် မကြား၊ ခေါင်းကြီး ငုံ့ပြီး တယောက်တည်း တကုပ်ကုပ် လုပ်နေတာ စိတ် ကောက်နေတာ မဟုတ်။ ဆဲလ်ဖုန်းနဲ့ စာ ရိုက်၊ တက်ဆ် မက်ဆ်ချိတ် ပို့နေတာ။
တယောက်တည်း တဟီးဟီး ရီနေတာလဲ စိတ် ဖေါက်တာ မဟုတ်။ အဲသည် ဆဲလ်ဖုန်းနဲ့ပဲ ပုံတွေ ကြည့်၊ အပြန်အလှန် စာရေး၊ ဗီဒီယိုတွေ ကြည့်၊ လုပ်နေတာ။ အတူတူ ထိုင်နေပေမယ့် သူတို့ ဘာတွေ ပြောနေတယ်၊ ချိန်းနေတယ်၊ ကြံစည်နေတယ် ဆိုတာ နဘေးက လူတွေ လုံးလုံး မသိစေရ။
ခေတ်ကြီးတိုးတက်ပုံများက တူးမာ တူ၊ တူမလေးတွေ သူတို့ ချစ်သူရည်းစားတွေ ဘယ်ကို သွား သွား၊ ဘယ်လောက် ဝေး ဝေး၊ ကြာချင်သလောက် ကြာပါစေ ရယ်မောပျော်ရွှင်စွာနဲ့ လေဆိပ်ကို လိုက် ပို့ကြတယ်။ အိမ်အပြန် ကားပေါ်မှာတင် ခရီး သွားမယ့်သူက လေယာဉ်စောင့်ယင်း ဖုန်းတလုံးနဲ့ အပြန် အလှန် စာရေးကြ၊ စကားတွေ ပြောကြ။ ကိုသိန်းတန်ရဲ့ အသဲကြေညာ မောင်းခတ်ထား သီချင်း နဲ့ Mr. Postman သီချင်းတွေက သူတို့အတွက် အဓိပ္ပါယ် သိပ် မရှိလှ၊ မခံစားရ။
ကိုယ့်ချစ်သူ ဘာ လုပ်နေတယ်၊ ဘာ ဖြစ်နေတယ် ဆိုတာ သိချင်ရင် လွယ်လွယ်လေး တဲ့။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဓါတ်ပုံတွေနဲ့ တခမ်းတနား တင်ထားလိုက်ရင် ပိုင်ဆိုင်မှုကို လူတိုင်း သိပြီးသား။ မောင်း ခတ်ကြေညာတာကမှ လက်ညောင်းဦးမယ်။ ဖေ့စ်ဘွတ်ခ်ပေါ် တင်တာက စာပို့ခ မကုန်၊ ဖုန်းဘိုး မကုန် ဘူးလေ။
အချိန်အားလို့ လွမ်းစာရှည်ရှည် စာခွေ ပါးချင်ရင် အီးမေးလ် ပို့လိုက်တယ်လေ။ အသံဖိုင် ပို့လဲ တခဏနဲ့ ရောက်။ လွယ်သလား၊ မြန်သလား မမေးနဲ့။
ဘေးလူ မကြားအောင် အပြန်အလှန် တီတီတာတာ လုပ်ချင်ရင် ဂျီတော့ခ်တို့ ဘာတို့ နဲ့ အပြန် အလှန် ချက်တင် လုပ်ပေါ့။ ဘေးမှာ ဘယ်သူမှ မရှိပဲ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်စက်နဲ့ သုံးနိုင်သူတွေကျတော့ ဝက်ဘ်ကင်မရာ ဖွင့် ပြောရင် လူကိုတောင် မြင်ရသေး။ အမလေး …အလွမ်းကို ပြေလို့။
တနိုင်ငံတည်း နေသူချင်းမို့ ဖုန်းဝန်ဆောင်ခ ပို မကုန်ဘူးဆိုရင်တော့ ဖုန်းလေးတွေနဲ့ ဗီဒီယိုချက် လုပ် မလား၊ တက်ဆ် မက်ဆ်ချိတ် ပို့မလား။ ချက်ချင်း ရေး ချက်ချင်း သိ၊ ချက်ချင်း မေး၊ ချက်ချင်း အဖြေရတဲ့ ခေတ်။
ကောင်းလိုက်တာ။
အဲ အကောင်း ရှိရင် အဆိုးလဲ ရှိတယ် ဆိုတာ မှန်ပါ့။
အဲသည် အီးမေးလ် တွေ၊ ဂျီတော့ခ် တွေ၊ ချက်တင် တွေ၊ ဝက်ဘ် ကင်မရာတွေနဲ့ပဲ မိတ်ဆွေတွေ ဖြစ်၊ အသိတွေ တိုး၊ အပေါင်းအသင်းတွေ ဖြစ်သလို ဘာညာကွိကွ၊ ဟိုလိုသည်လို အသိတွေလဲ ဖြစ်ကြပေါ့။
ပြောသမျှ ယုံ၊ ရေးသမျှ အမှန် ထင်၊ မြင်ရတာလေးနဲ့ ရင်တွေ ခုန်တဲ့ ဇာတ်လမ်းတွေ ဇာတ်လမ်းတွေ ဆိုတာလဲ ကြား မဆုံးဘူး။ အခွင့်ကောင်း ယူသွား၊ အမြတ် ထုတ်သွား၊ နာမည် ဖျက်သွား တာတွေလဲ အပြည့်ပေါ့။
လူတွေလည်း အများ ကြားဘူးပြီးမို့ သည်အကြောင်းတွေ မရေးတော့ပါဘူး။
ဒါပေမယ့် မရေးဘူးဆိုတဲ့ အကြားကပဲ တခုတော့ ရေးချင်သား။
x x x
တူးမာတို့ ငယ်ငယ်က အကိုတွေ အမတွေ ဆီက တဆင့် သူတို့ သူငယ်ချင်းတွေ အကြောင်းကို ကြားဘူးနေတာတွေ ရှိပါတယ်။ အဲသည်အထဲမှာ သည်အမကြီး အကြောင်းက ခဏခဏ ကြားခဲ့ရတယ်။
လွယ်လွယ်ကူကူ သူ့နာမည်ကို မညို ဆိုကြပါစို့။
မညိုက လှလည်း လှတယ်၊ သဘောလဲ ကောင်းတယ်။ ပျော်လဲ ပျော်တတ်၊ ပေါင်းသင်း ဆက်ဆန်ရေးက ကောင်းတော့ သူငယ်ချင်း မိတ်ဆွေလဲ များ၊ တူးမာတို့လို ကလေးတွေတောင် သူ့ကို သိတယ်၊ ခင်တယ် ဆိုပါတော့။
တိုတိုပြောရရင် သူ့ကို ကြိုက်တဲ့သူ များသလို သူကလဲ သဘောကောင်းတော့ အားနာပါးနာနဲ့ ရည်းစားလဲ များတယ်ပေါ့။
သည်လိုနဲ့ ကျောင်းတွေ ပြီး၊ အရွယ်ရောက်၊ အချိန်ကျတော့ မညို အိမ်ထောင်ကျသည် ပေါ့။ ကလေးလဲ နှစ်ယောက်လား ရခဲ့တယ်။
ခရစ်သက္ကရာဇ် နှစ်ထောင် ပြည့်အပြီး နှစ်အနည်းငယ် အကြာမှာ ဗမာပြည် ပြည်ဝင်ခွင့် အခြေ အနေ နည်းနည်း ချောင်တော့ နိုင်ငံခြားမှာ အခြေချ နေ နေတဲ့ မညို ငယ်သူငယ်ချင်းတယောက် ဗမာပြည်ကို အလည် ပြန်လာတယ်။ မညိုနဲ့ တွေ့တယ်။ တခြားသူငယ်ချင်းတွေနဲ့လဲ တွေ့တယ်။ စားကြ၊ သောက်ကြ၊ စကားတွေ ပြောကြ၊ ဓါတ်ပုံတွေလဲ ရိုက်ကြပေါ့။
မညိုသူငယ်ချင်းက သူ လက်ရှိ အခြေချ နေထိုင်ရာ နိုင်ငံရပ်ခြားကို ပြန်သွားပြီးချိန်မှာ သူတို့ရဲ့ ငယ်သူငယ်ချင်း နောက်တယောက်ဆီကို ဗမာပြည် ပြန်လည်တုန်းက ဓါတ်ပုံတွေ အီးမေးလ်နဲ့ ပို့လိုက်တယ်။ အဲသည် သူငယ်ချင်းနာမည်က ကိုဖြူ ဆိုပါတော့။
ကိုဖြူက ရိုးရိုးသူငယ်ချင်း မဟုတ်။ ငယ်ငယ်တုန်းက မညိုရဲ့ ရည်းစားဟောင်း တယောက်။ သူတို့ချင်း ချစ်လျက်နဲ့၊ ဘယ်သူ့ ဘယ်သူမှ အသစ် မတွေ့ပါပဲနဲ့ ကွဲခဲ့ကြရသူတွေ။ ကိုဖြူ့မိဘတွေက ပြည်ပမှာ အခြေချ နေထိုင်ဘို့ ထွက်သွားတော့ ကိုဖြူလဲ လိုက်ရမယ်လေ။ မညိုကို လက်ထပ် ခေါ်သွားဘို့မဖြစ်နိုင်သေးတော့ ပြန်လာမယ်ဆိုပြီးထွက်သွားခဲ့တာ။ ထိုစဉ်အခါက ဖုန်းခေါ်ရတာလဲ အဆင် မပြေ (လွန်ခဲ့တဲ့ ၁၉၈၀ လောက်က နေ့စား အလုပ်သမားတယောက်ရဲ့ လုပ်ခ တနာရီ ငါးဒေါ်လာပဲ ရချိန်မှာ ဗမာပြည်ကို ဖုန်းခေါ်ရင် တမိနစ်ကို ၃ ဒေါ်လာလောက် ပေးရပြီး ဖုန်းလိုင်းကလည်း မကြည်ဘူးလေ)။ ကိုဖြူမှာ ကျောင်းသားဘဝမို့ ငွေပိုငွေလျှံ မရှိတော့ ခဏခဏလဲ ဖုန်း မခေါ်နိုင်။ စာရေးတော့လည်း အပြန် အလှန် ဖတ်ရဘို့က တလမှ တစောင်လောက်ပဲ ရတာ။ ကျောင်းစာ တဘက်၊ အလုပ် တဘက်နဲ့ စာရေးနေရတာလဲ အလုပ်မဖြစ်။ သည်လိုနဲ့ကြာတော့ အဆက်အသွယ်တွေ ဝေး၊ သွေးတွေ အေးပြီး၊ ပေါ်ပြူလာ မညိုကလည်း အနားမှာ ဝိုင်းဝိုင်းလည်တွေနဲ့ဆိုတာ ကိုဖြူ့ဆီ သတင်းပို့သူက ပို့ သလို၊ သတင်းကို အတည်ပြုဘို့က အချိန်တွေက ကြာဆိုတော့ သည်လိုနဲ့ ကိုဖြူ နဲ့ မညို ပြတ်ကြလေသတည်းပေါ့။
အခု နှစ်တွေ အကြာကြီးနေပြီးမှ ငယ်ရည်းစားပုံကို ပြန်တွေ့တော့ ကိုဖြူတို့ ရင်ခုန်လေသတည်း … တဲ့။
မညိုကလည်း နည်းနည်းလေး ပြည့်လာတာက လွဲပြီး အယင်လို ချောတုန်း လှတုန်း၊ အသက်ကလေး ရလာတော့ ခန့်တယ်တောင် ပြောနိုင်ရဲ့။
ကိုဖြူတယောက် ဓါတ်ပုံပါ အီးမေးလ် ရတာနဲ့ သူငယ်ချင်းကို ချက်ချင်း ဖုန်း ဆက်တယ်။ မညို အကြောင်းတွေ မေးတယ်။ မညို အိမ်ထောင်ကျပြီး ကလေးတွေကလည်း အရွယ် ရောက်၊ တခြား တနယ်တကျေးတွေမှာ ကျောင်းတွေ တက်လို့၊ ခင်ပွန်းကလည်း အောင်မြင်တဲ့ စီးပွားရေးသမားကြီးမို့ အငယ်အနှောင်းလေးနဲ့၊ မညိုကတော့ တယောက်တည်း တဲ့။
ဟာ ပိုင်ပြီ။ ကိုဖြူ့ရင်ထဲ ဝမ်းသာလုံးက အလုံးလိုက် ဆို့တက်လာတယ်။ ကွဲနေတဲ့အချိန်တွေမှာ သူလဲ အိမ်ထောင် ကျခဲ့ပေမယ့် အခု သူကလဲ အိမ်ထောင်ပျက်၊ တခုလပ်၊ လူလွတ်။ သားနဲ့ သမီးက သူတို့ဘာသာ အဝေးနယ်မှာ ကျောင်းတွေ တက်နေကြပြီ။
သည်တခါ အမေတို့ အဖေတို့ ဘယ်သူမှ ဝင် မပါကြေး။ သူငယ်ချင်းဆီကနေတဆင့် မညို အီးမေးလ်လိပ်စာ မေးလို့ ကိုဖြူနဲ့ မညို ပြန် ဆက်သွယ်ကြပါပြီ။ အချိန်ပေးရင် ဖုန်းလဲ ဆက်ကြ၊ စကား ပြောကြ၊ အလွမ်း သယ်ကြပေါ့။
ကိုဖြူက လောလောဆယ် ဗမာပြည် မပြန်ဖြစ်ပေမယ့် ဗမာပြည် ပြန်လည်သူ သူငယ်ချင်း၊ မိတ်ဆွေတွေကတဆင့် မညိုအတွက် လက်ဆောင်လေးတွေ ပို့သလို သူငယ်ချင်းတွေ ရိုက်ယူလာတဲ့ မညို ဓါတ်ပုံတွေ၊ အီးမေးလ်နဲ့ ပို့လာတဲ့ မညို ပုံတွေ ကြည့်ပြီး အလွမ်းတွေ ပြေ၊ ဖီးတွေ တက်၊ ကဲ အသက်တွေ ကြီးမှ ဝက်သက် ပေါက်ကြပါပြီ။ ရည်းစား ပြန်ဖြစ် ကြပါပြီ။
တော်တော် အရှိန်ရလာတော့ ကိုဖြူက လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ မလုပ်ခဲ့ရတဲ့ အလုပ်ကို ပြန်စတယ်။ မညိုကို လက်ထပ်ခွင့် တောင်းတယ်။ မညိုကလည်း ဝမ်းသာပီတိ ဂွမ်းဆီ ထိ ပေါ့။ သည်စကားလေးကို စောင့်နေခဲ့တာ ကြာပြီ တဲ့။ သည်တသက် မကြားရတော့ဘူး ထင်နေတာ။ အလွန် ပျော်မြူးစွာနဲ့ ရက်စ် ရက်စ် ရက်စ်၊ လက်ထပ်ပါ့မယ် ပေါ့။
ကိုဖြူကိုယ်တိုင် ဗမာပြည် ပြန်လာ လက်ထပ်ဘို့ ချက်ချင်း အဆင်မပြေတော့ သူငယ်ချင်းက အကြံ ပေးတယ်။ စေ့စပ်သူ အနေနဲ့ နိုင်ငံခြားကို ခေါ်လိုက်။ သည်ကျမှ လက်ထပ်ပေါ့ တဲ့။ ကောင်းလိုက်တဲ့ အကြံ။
အောင်သွယ်တော် ဖိုးရွှေသူငယ်ချင်းရယ်၊ သူ့ကြောင့် ပြန် တွေ့ကြရသလို အခုလဲ နီးဘို့ရာ လမ်း အကြံ ပေးတတ်ပါဘိ။
ကိုဖြူကလည်း သည်တိုင်းပြည်မှာ နိုင်ငံသား ဖြစ်နေပြီ။ မညိုကလည်း အရွယ် ရောက်သူ၊ လွတ်လွတ်လပ်လပ် ခရီးသွားလို့ ရသမို့ ကိုဖြူက သူ့ဇနီးလောင်းအနေနဲ့ သူ နေ နေတဲ့ တိုင်းပြည်မှာ ပြည်ဝင်ခွင့် ဗီဇာလျှောက်ပြီး သူ့ ငယ်ချစ်ကို ခေါ်လိုက်ပါတယ်။
တပျော်တပါးနဲ့မညိုကလဲ ငယ်ငယ်ကသူငယ်ချင်းတွေ၊ အပေါင်းအသင်း၊ ကျောင်းနေဘက်တွေ အားလုံးကို သူနဲ့ ကိုဖြူ့အကြောင်း ကြေညာလိုက်တယ်။ သူ နိုင်ငံခြားကို လိုက်သွားပြီး အိမ်ထောင်ပြုတော့မှာမို့ သူငယ်ချင်း မိတ်ဆွေတွေရော၊ တဆွေလုံး တမျိုးလုံး မိသားစုကိုပါ အသိပေးပြီး အကျွေး အမွေးတွေ လုပ်၊ လက်ဆောင်လက်ဖွဲ့တွေ လက်ခံပေါ့။ သူ့ကို ပစ်ထားခဲ့တဲ့ ခင်ပွန်းဟောင်းနဲ့ အငယ်လေးကိုလဲ ‘နိုင်ငံခြားမှာ အင်ဂျင်နီယာကြီးနဲ့ အိမ်ထောင် သွား ပြုတော့မယ် ဟဲ့’ လို့ အားပါးတရကြီး လှမ်း အကြောင်းကြားလိုက်သေးတယ်။
ပြီးတော့ ပစ္စည်းတွေ ထုတ်ပိုးပြီး မညို နိုင်ငံခြားကို ထွက်ခဲ့တယ်။
လေဆိပ်မှာ လိုက်ပို့တဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ ဘယ်သူမှမငိုဘူး။ အားလုံး တပျော်တပါး လိုက်ပို့ကြတယ်။ မညို တော်တော်နဲ့ ဗမာပြည် ပြန် မလာသေးဘူး သိပေမယ့် အဆက် အသွယ် မပြတ်ဘူး ဆိုတာလဲ သူတို့ သိထားတယ်။
အီးမေးလ် ရှိတယ်၊ စကိုက်ပ် ရှိတယ်။ ဂျီတော့ခ်နဲ့ ချက်မယ်။ ကဲ ဘာ ပူစရာ လိုသလဲ။
x x x
လေဆိပ်မှာ အမျိုးတွေ အဆွေတွေ၊ သူငယ်ချင်း မိတ်ဆွေတွေကို နှုတ်ဆက်ခွဲခွာရင်း ရင်ထဲမှာ ဝမ်းနည်းမှု နည်းနည်းနဲ့ ဘဝအသစ် စဘို့ မျှော်လင့်စောင့်စားရင်း ရင်ခုန်ဝမ်းသာမှု များများ ရောယှက်နေတဲ့ မညိုလိုပဲ တကျော့ပြန် ချစ်သူ ကိုဖြူလဲ နိုင်ငံရပ်ခြားမှ သူ့အိမ်ကြီးထဲက အိပ်ခန်းကျယ်ကြီးထဲ တယောက်တည်း အိပ်ရင်း ရင်တွေခုန် အိပ်မပျော်နိုင် ဖြစ်နေပါတယ်။
အိပ်ခန်းပြူတင်းကနေ မြင်နေရတဲ့ အိမ်အပြင်ခြံထဲက အမှောင်ပိတ်ကားပေါ်မှာ တခါက လွဲခဲ့ရတဲ့ ငယ်ရည်းစား ညိုနဲ့ သူတို့ရဲ့ ချစ်ရက်ဟောင်း ပုံရိပ်တွေ ပြန်ပြောင်း လွမ်းမောရင်း ရင် တသိမ့်သိမ့် ခုန်လို့ပေါ့။
မနက်ဖြန်ဆိုတာကိုစောင့်စားရင်းအိပ်မပျော်နိုင်တော့ သူ့သူငယ်ချင်းထံကို ထ ဖုန်းဆက်မိတယ်။
“ဟေ့ကောင်၊ ဘယ်အချိန် ရှိနေပြီလဲကွာ။ ငါ မနက်ဖြန် အလုပ် ရှိတယ်ကွ”
ညည်းညည်းညူညူ နဲ့ပဲ သူ့သူငယ်ချင်းကလည်း ကိုဖြူ့ ဖုန်းကို လက်ခံ စကားပြောရှာတယ်။ တဝါးဝါး သမ်းရင်း၊ တအင်းအင်း လိုက်ရင်းနဲ့ ကိုဖြူနဲ့ မညိုအတွက် ဝမ်းသာစွာနဲ့ စ နေပြန်တယ်။
“မင်း ရင်တွေ ခုန်နေသလား။ ငါတောင် ကြားနေရတယ်။ အယ် မဟုတ်သေးပါဘူး။ ငါတို့ လမ်းထိပ်က ရထားလမ်းက ရထားဖြတ်မောင်းသံ ကွ”
x x x
နောက်တနေ့ ရောက်၊ အချိန်ကျတော့ ကိုဖြူ လေဆိပ်ကို သွားပါတယ်။
မညိုကို စောင့်ပါတယ်။
လေယာဉ်ပျံ ဆိုက်ပါပြီ။
လူတွေ ထွက်ပေါက်က ထွက်လာပါပြီ။
ကိုဖြူ တယောက် မညိုကို ရှာတယ်။
မတွေ့။
သူ မျက်စိ ရှန်းနေတာလား။ အသေအချာ လိုက်ရှာနေတာ မတွေ့ပါ။
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးက နိုင်ငံတကာ လေယာဉ်တွေ ဆိုက်တဲ့ နေရာမို့ ဆင်းတဲ့ လေယာဉ် မပြတ်သလို ထွက်လာသူခရီးသည်တွေကလဲ မစဲ၊ တသဲသဲ ပေါ့။
မညို စီးလာတဲ့ လေယာဉ်က ပုံမှန် အဆင်း ပြနေပါပြီ။ ရှာ မတွေ့နိုင်လွန်းတော့ သူငယ်ချင်းဆီ ဖုန်းခေါ်မိတယ်။
“ဟေ့ကောင် တွေ့ပြီလား။ ပျော်နေပြီလား။” သူငယ်ချင်းက မေးတယ်။
“ဘယ်ကလာ မတွေ့သေးဘူးကွ။ ထွက် မလာသေးတာလား။ ပါမှ ပါရဲ့လား မသိ။”
ကိုဖြူက စိတ်ပူပန်သံနဲ့ ဖြေတယ်။
လုံခြုံရေးအရ လေယာဉ်ပေါ်ပါတဲ့ ခရီးသည် စာရင်းကို မေးလို့ မရသေး။ လေယာဉ်ကောင်တာက ပြည်ဝင်ခွင့် ဗီဇာနေရာမှာ ကြာတတ်ကြောင်း ပြောလို့ ဆက်စောင့်နေစဉ်မှာပဲ ကိုဖြူ့ဖုန်းက မြည်လာပါတယ်။ ဖြေလိုက်တော့ မျှော်လင့်နေတဲ့ ကြားဘူးနေကျ အသံလေး။
“မောင် လား ဟင်”
x x x
ကိုဖြူ့ သူငယ်ချင်းလည်း အလုပ်မှာ စိတ်က မဖြောင့်။ မျက်စိက တယ်လီဖုန်းဆီ ခဏ ခဏ ရောက်နေသလို၊ ဖုန်းမြည်သံ ကြားတိုင်း သူ့သူငယ်ချင်း ကိုဖြူ့ဆီကလား အလျင်စလို ကိုင် ဖြေမိတာ ခဏ ခဏ။
မကြာခင်မှာ ဖုန်း မြည်လာပြန်လို့ ကိုင်လိုက်တော့ သူ မျှော်လင့်နေတဲ့ ဖုန်း။ သူ့ သူငယ်ချင်း ကိုဖြူ့ဆီက။
“ဟေ့ကောင် တွေ့ပြီလား”
x x x
သည်မှာ ကိုကိုလည်း ကားကို အသဲအသန် မောင်း၊ လေဆိပ် ပြေးရတော့တယ် တဲ့။
သူ့ရုံးက လေဆိပ်နဲ့ နည်းနည်းလဲ ဝေးတယ်။ ရုံးဆင်းချိန်မို့ လမ်းမှာ ကားတွေက များ၊ မြန်မြန် မောင်းလို့က မရ။ တော်သေးတာပေါ့။ အထက်အရာရှိက သဘောကောင်းစွာနဲ့ စောစော ပြန်ခွင့် ပြုလိုက်လို့။
‘ငါ ရှည်တာ၊ ငါ ရှည်တာ။ အေးအေးဆေးဆေး မနေနိုင်၊ မထိုင်နိုင် ဆတ်ဆော့မိလို့ အခုတော့ အကုန် ရှုတ်ကုန်ပြီ။ မင်းထိုက်နဲ့ မင်းကံ၊ ခံဟာ။ ခံဟာ ….’
ကားမောင်းနေရင်းမို့ လက်နှစ်ဘက်က စတီယာရင်ကို ဖြုတ် မရသမို့ ကိုယ့်ခေါင်းကို ကိုယ့်ဘာသာ အပြန်ပြန် ထုချင်ပေမယ့် မထုဖြစ်။ ကိုယ့် ကိုယ်ကို သနား၊ ငဲ့ညှာပြီး မလုပ်ရက်တာလဲ ပါတယ်လေ။
တကယ်တော့ ကိုယ်က အကျိုး လိုလို့ ညောင်ရေ လောင်းတာတော့ မဟုတ်။ ကိုယ့်အတွက် တပြားတချပ် အကျိုးမရှိပဲ စေတနာ့ဝန်ထမ်း အလကားသက်သက် ဝင်အကျိုးဆောင်ပေးတာ၊ အခုတော့ ကိုယ်စေတနာက ကိုယ့် ပြန် ဒုက္ခ ပေးတော့မယ့် အပေါက်က ကံကောင်းရင် မိန်းမနဲ့ ရန်ဖြစ်ရုံတင် ဖြစ်ရမယ့် အကွက်။
x x x
နောက်မှ 'နင့် စိတ်ထဲပဲ ထား၊ ဘယ်သူ့မှ ပြန် မပြောနဲ့' ဆိုပြီး ကိုကို ပြန် ပြောပြလို့ တူးမာ သိခဲ့ရတဲ့ ဇာတ်လမ်းက သည်လိုပါ -
ကိုဖြူနဲ့ မညိုနဲ့ ပြန် တွေ့ကြပါတယ်။
လေဆိပ်မှာ မညိုက ဖုန်းခေါ်လာပြီး သူ ဘယ်နားမှာ စောင့်နေတယ်။ ဘာ အရောင်၊ ဘယ်လို ဝတ်ထားတယ် ပြောလို့ ကိုဖြူက မညိုကို ရှာတွေ့ပါတယ်။ တွေ့ တွေ့ချင်းမှာ ကိုဖြူက သူ့သူငယ်ချင်း (တူးမာ အကို) ဆီကို ချက်ချင်း ဖုန်း ခေါ်တယ်။
ဖုန်းကိုင် ကိုင်ချင်း သူ့သူငယ်ချင်းက မေးတယ်။ တွေ့ပြီလား ပေါ့။ သည်မှာ ကိုဖြူ ဖြေခဲ့တာက - 'တွေ့တော့ တွေ့တယ်။ မညိုလဲ မဟုတ်ဘူး' … တဲ့။
သူငယ်ချင်းက ပြန် မေးတယ်။ 'ဘာကို ပြောတာလဲ၊ ငါ နားမလည်ဘူး။ တွေ့ပြီလား၊ မတွေ့သေးဘူလား'။
'တွေ့တော့ တွေ့ပြီကွ။ ဒါပေမယ့် မညို မဟုတ်ဘူး' ..… တဲ့။ ထပ် ပြောပြန်တယ်။
ဖြစ်စဉ်က သည်လို - ကိုဖြူတယောက် ရှာနေတာက လွန်ခဲ့တဲ့ အနှစ်အစိပ်လောက်က သူ လမ်း ခွဲခဲ့ရတဲ့ အသက် နှစ်ဆယ်ကျော် မညို။ နုပျို လန်းဆန်း၊ အလှသွေးတွေ ကြွယ်နေတဲ့ ကျစ်လစ် လှပ တက်သစ်စ မညို။
အခု တွေ့လိုက်ရတာက အသက်ကြီးကြီး၊ ဖိုင့်ဖိုင့် ထယ်ထယ် ခန္ဓာကိုယ်နဲ့ မိန်းမကြီး။ ပြည့်ပြည့်အစ်အစ် လက်မောင်းကြီးတွေက အရင်လို ကျစ်ကျစ်လစ်လစ် မဟုတ်တော့။ သေတ္တာကို ဆွဲမလိုက်ချိန်မှာ လက်ပျဉ်းတွဲလေးတွေက လှုပ် လှုပ်၊ လှုပ် လှုပ်။ မျက်နှာ ဖေါင်းဖေါင်းက အယင်ထက် ပိုဖေါင်းတဲ့အပြင် ကစ်ကစ်အစ်အစ် မေးသုံးထပ်က ခံထားတော့ ၀ ၀ ဖေါင်းဖေါင်း၊ တကယ့်ကို ဖိုးလမင်းကြီး ဖြစ်နေပြီ။ အရင်က တင်စား ပြောခဲ့မိတာ အခုမှ တကယ် မှန်နေပါပေါ့။
ဒါ သူ့ မညို မဟုတ်။ သူ စောင့်နေတဲ့ မညို မဟုတ်ဘူး ဆိုပြီး ကိုဖြူ အကြောက်အကန် ငြင်း ပါလေရော။
သူ့သူငယ်ချင်း လဲ ဘာ လုပ်ရမှန်းမသိ။
'မင်း ဘာကြောင်နေတာလဲ။ ဒါ မညိုပဲ' ဆိုတော့ ‘သည်လိုပုံကိုတော့ ငါ မယူနိုင်ဘူး’ ပြောသတဲ့။
'ဟ ဘယ်လို ဖြစ်ရတာလဲ။ မင်းတို့ပဲ ဓါတ်ပုံတွေ ဖလှယ်ကြ။ ဝက်ဘ်ကဲန်နဲ့ စကားတွေ ပြောကြ။ မင်း သူ့ကို တွေ့ဘူး နေတာပဲဟာ။ သည်ပုံကို မြင်ဘူးပြီးသားဟာ။ ဘာတွေ လာပြီး ပြောနေတာလဲ' … ပေါ့။
'မဟုတ်ဘူး။ ငါ တွေ့နေ၊ မြင်နေတာ သည်ပုံမဟုတ်ဘူး။' မျက်စိမျက်နှာပျက်စွာနဲ့ ကိုဖြူက ပြော ပြီး ‘ငါ မယူချင်တော့ဘူး။ ဗမာပြည် ပြန် ပို့လိုက်ပါ’ တဲ့။
'ဟေ့ကောင် ဒါဟင်းရွက်ကန်စွန်းဝယ်တာ မဟုတ်ဘူးကွ။ လူတယောက်လုံးရဲ့ဘဝ။ မိန်းကလေး တယောက်ရဲ့ သိက္ခာ၊ နှမချင်း ကိုယ်ချင်းစာနာ ထည့်တွက်ဦး။ မင်းကို ဘယ်သူမှ အတင်းပေးစားတာ မဟုတ်ဘူး။ မင်းပဲ လိုချင်တယ်၊ ယူမယ်ဆိုလို့ သည်ဇာတ်လမ်း ဖြစ်လာတာ။ မင်းပဲ ယူမယ်ဆို ခေါ်လို့ သူ လာခဲ့တာ။'
သူငယ်ချင်းနှစ်ယောက် ရုတ်ရုတ် ရုတ်ရုတ်နဲ့ အသဲအသန် အပြန်အလှန် ငြင်းခုန်နေတာ မညိုလည်း သဘော ပေါက်၊ ရိပ်စားမိပုံ ရပါတယ်။ မျက်နှာ အိုအို၊ ငိုမလို ပုံနဲ့ ကြည့်နေရှာတယ် တဲ့။
x x x
ဇာတ်လမ်းကို တိုတို ပြောရရင် နောက်ဆုံးမှာ ကိုဖြူက ဘယ်လိုမှ ပြော မရ။ မယူနိုင်ဘူး အကြောက်အကန် ငြင်းတဲ့အပြင် ဗမာပြည် မပြန်ခင်ကလေးတောင် တာဝန် မယူချင်ဘူး တဲ့။
မညို ခမြာလဲ နဖူးစာ ရွာလည်၊ ရည်းစားဟောင်းဆီ လိုက်သွားမယ် ဆိုတာ လူတကာကို ကြေညာ မောင်းခတ် ထားခဲ့တာမို့ ဗမာပြည်ကို သည်အတိုင်း ချက်ချင်းလက်ငင်း မပြန်ချင်။ မပြန် ရဲ။ အရှက်တော် လှလှ ကွဲပြီလေ။
သည်တော့ သူငယ်ချင်းက ဝင် စေ့စပ် ပေးရတယ်။ မယူချင်တဲ့ လူလဲ မယူနဲ့ (အတင်း မပေးစားဘူး)၊ မပြန်ချင်သေးတဲ့ လူလဲ မပြန်နဲ့ဦး (အရှက် မကွဲစေရဘူး)။
မညိုက ဇနီးလောင်း ဗီဇာနဲ့ လေးလလောက် (လက်မထပ်ခင် ရက် ၉၀ နဲ့ မယူဖြစ်ရင် နောက် ထပ် ရက် ၃၀) တရားဝင် နေခွင့် ရထားတာမို့ လေးလတော့ နေလိုက်၊ လည်ပတ်ပြီးမှ ဗမာပြည် ပြန်။ ဗမာပြည်က လူတွေကို အနေအစား၊ စရိုက်ဓလေ့ မတူလို့ (ကိုဖြူက နိုင်ငံခြားသား ဖြစ်နေပြီလေ) မညိုက စေ့စပ်တာ ဖျက်၊ ပြန်လာတယ် ပြောပေါ့။
သူငယ်ချင်းပေးတဲ့ အကြံကို နှစ်ယောက်စလုံးက အင်တင်တင်နဲ့ လက်ခံတယ်။ လက် မခံလို့လဲ မရဘူး လေ။ သည့်ထက် ပို ကောင်းတဲ့ လမ်းလဲ ဘယ်သူမှ တွေး မရ။ ဒါပေမယ့် ဆပ်ဆပ်ဆော့ဆော့ မညိုဓါတ်ပုံကို ကိုဖြူ့ဆီ ပို့ခဲ့မိသူ၊ သူတို့ နှစ်ယောက်ကို ပြန် ဆက်ပေးခဲ့တဲ့ သူငယ်ချင်းခမြာ သက်ပြင်း မချနိုင်သေးပါဘူး။ ကိုဖြူက သူ လျှောက်ပေးထားတဲ့ ဗီဇာကိုတော့ ပြန် မဖျက်ဘူး။ ဒါပေမယ့် သူ ဘာမှ မပတ်သက်ချင်တော့ဘူး ဆိုပြီး ထွက်သွားပါလေရော တဲ့။
ကဲ ကောင်းရော။ လောကကြီးထဲ သည်လို လူမျိုးနဲ့ မရတာပဲ မညို ကံကောင်းပါတယ်။
ငယ်သူငယ်ချင်းတွေမို့ မနေသာတဲ့ ကိုဖြူ့သူငယ်ချင်းက မညိုကို အိမ်ခေါ်လာရတာပေါ့။ ဇာတ် လမ်းကို အစ နဲ့ အလယ် သိထားတဲ့ သူငယ်ချင်းရဲ့ ဇနီးကလည်း မကောင်းတဲ့ဇာတ်သိမ်း ပို ဆိုးသွားမှာ စိုးလို့ မိန်းမချင်း ကိုယ်ချင်း စာနာပြီး မညိုကို အိမ်မှာ လေးလ နေခွင့် ပေးခဲ့ပါတယ်။ သည်အကြောင်းတွေကိုလဲ ဘယ်သူမှ မသိအောင် လင်မယား နှစ်ယောက်စလုံး နှုတ် လုံလုံ နေခဲ့ကြတယ်။
သူ့အပေါ် စေတနာ ကောင်းရှာတဲ့ သူငယ်ချင်းစုံတွဲကို ကျေးဇူး တင်စွာနဲ့ မညိုကလဲ အလကား မနေခဲ့ဘူး။ ဝမ်းတထွာနဲ့ ကြော ခင်းစရာ တနေရာအတွက် ရရာအလုပ် လုပ်မယ် ဆိုပြီး ကလေး သွားထိန်းသတဲ့။ နေဘို့၊ စားဘို့အတွက် ကလေး ထိန်းပေးမယ်ဆိုပြီး သဘောတူခဲ့ကြပေမယ့် မနေတတ်တဲ့ မညိုက သူ အလုပ် လုပ်နေတဲ့ အိမ်မှာ ကလေးအိပ်တုန်း အိမ်ကို သန့်ရှင်း သိမ်းဆည်း ပေးတဲ့အပြင်၊ အားရင် ဟင်းလေးဘာလေး ချက်ပေးသေး သတဲ့။ စနေ၊ တနင်္ဂနွေဆိုရင် အိမ်ရှင်မရဲ့ မိဘတွေကို သွား ကူညီ၊ အဖေါ်စောင့်ပေးတော့ အဖေနဲ့အမေကိုတာဝန်ယူထားတဲ့ အိမ်ရှင်မရဲ့အကို လင်မယားကလည်း လူကြီးတာဝန် မပူမပင်ရပဲ နောက်ကြောင်း ရှင်းရှင်း လည်နိုင် ပတ်နိုင်ပါသတဲ့။
သဘော ကောင်းတဲ့ မညို၊ အလိုက် သိတတ်တဲ့ မညိုကို သဘောတွေ ကျပြီး သည်လို သည်လို တော်တဲ့ မိန်းကလေး ဆိုပြီး တမိသားစုလုံးက ကြေညာလိုက်တာ ဟော အခုတော့ မညိုတယောက် အိမ်ထောင်ကျပါပြီ။
ငယ်ရုပ်ကလေးကို တမ်းတဆဲ အင်ဂျင်နီယာကိုဖြူက အယင်လို ရုပ်၊ ခန္ဓာ မဟုတ်တော့လို့ မယူနိုင်ပါဘူး ခါးခါးသီးသီး ငြင်းခဲ့ပေမယ့် အခုမှ တွေ့ရ၊ သိရတဲ့ မုဆိုးဘို ဆရာဝန်ကြီးက အတွင်းမနောကို မြင်လိုက်လို့ မြတ်မြတ်နိုးနိုး၊ တခမ်းတနား လက်ထပ် ယူလိုက်တာ အခုတော့ မညို ဆရာဝန်ကတော် ဖြစ်နေပါပြီ။
သည်နေရာမှာ ကိုဖြူကို အပြစ်တင် စောချင်သူများကို အပြစ်တင် မစောဘို့ မညိုကလဲ ဖြေရှင်းရှာပါတယ်။
'အစစ အရာရာ ကိုဖြူ့ကို အပြစ်တင်လို့ မရပါဘူး' တဲ့။ သူ့ အပြစ်လဲ ပါတယ် ဆိုပဲ။
ကိုဖြူနဲ့ သူနဲ့ အဆက်အသွယ် စ လုပ်တော့ သူက သည်လို ရုပ်သွင်၊ ပုံသဏ္ဍာန် မဟုတ်သေး။ သည့်ထက် အများကြီး ပိန်ပါသေးသတဲ့။ စ စချင်းမှာပဲ သူက ကိုယ်လုံးပြည့် ဓါတ်ပုံတွေ၊ ဝက်ဘ်ကဲန်တွေနဲ့ စကား ပြောတာ၊ နောက်ပိုင်းကျတော့ မျက်နှာလေးပဲ ပြ၊ စာပဲ ရေး၊ ဖုန်းပဲ ပြောဆိုတော့ သူ့ပုံကို ကိုဖြူ မမြင်ရတာ ကြာပြီ ဆိုပဲ။ ကိုဖြူ့ဆီ လိုက်လာကာနီးမှာ အလှ မပျက်အောင် ဝိတ် ချပါ့မယ် ဆိုကာမှ၊ နဖူးစာ ရွာလည်တဲ့ အကြောင်း အကြေညာ ကောင်းလို့ ဟိုက ခေါ် ကျွေး၊ သည်က ခေါ် ကျွေးနဲ့ ကိုယ်အလေးချိန် ချခွင့်မရခဲ့။ ကိုဖြူ့ဆီရောက်ပြီးမှ ချမယ်တေးထားခဲ့တာ အခုတော့ သည်အကြောင်း လေးတောင် ပြောခွင့်မရပဲ ငယ်ရည်းစားနဲ့ အပြီးအပိုင် ဝေးသွားရပြီ ပေါ့။
ဘယ်သူ မပြု မိမိမှု ဆိုတာလို ကိုယ့် ကိုယ်ကိုပဲ အပြစ် တင်ပါတယ် ဆိုတဲ့ မညိုမှာ မသေချာပဲ အကြေညာ ကောင်းခဲ့မိတာကြောင့် အရှက်မကွဲချင်လို့ ချက်ခြင်း ပြည်တော်မပြန်ဖြစ်ခဲ့ချက်က ဘယ် လိုမှ မမျှော်လင့်ထားတဲ့ ခင်ပွန်းကောင်းကို သည် အသက်အရွယ်မှာ ရလိုက်တာ တကယ့်ကို နဖူးစာ ရွာလည်တာပါပဲ။
အသဲကြေညာ မောင်း အခတ် ကောင်းတာ သည်တခုတော့လဲ ကောင်းကျိုးလေး ပေးဦးမှပေါ့ နော်။
x x x
တူးမာတို့ အကြောင်းကလား။
ကိုဖြူ နဲ့ မညို လို ကွန်ပြူတာ ဖန်သားပြင် ပေါ်မှာ လူပုံ မတွေ့ ရ၊ တတီတီ ဖုန်းတွေ မဆက်ရ၊ တတောက်တောက် စာတွေ ရိုက်ပြီး အီးမေးလ် မပို့ရ၊ ချက်တင် မလုပ်ခဲ့ရပေမယ့် စာပို့သမားကြီးကို မျှော်ရင်း၊ ကိုသိန်းတန် (မြန်မာပြည်) သီချင်းကလေးကို ညည်းရင်းနဲ့ စောင့်လိုက်ရတာ နောက်ဆုံးတော့ တူးမာဆီ ကိုရန်နောင် ပြန်လာပါတယ်။
တယောက်တည်း ပြန်လာပြီး တူးမာကို လက် ကမ်းလိုက်တာ အခုတော့ တူးမာ တယောက် ဆံဖြူ၊ အဆီတိုး၊ အသားအရည် လျော့လျဲလာတာတောင် ကိုရန်နောင် တယောက်၊ တူးမာ နဘေးမှာ လက်တွဲ မဖြုတ်၊ မားမား မတ်မတ် ရှိဆဲပါ။
![]() |
| စိတ်ကူးထဲမှာတော့ သူ နဲ့ တွဲ ကနေသပေါ့ .... |

No comments:
Post a Comment