Monday, November 12, 2012

အာပြဲခြောက် တစ်ချောင်း နှင့် ကျွန်တော့ ဒုက္ခ

သီရိညွန့် (ABSDF)        

စားဖိုဆောင် အတွင်းမှာ လူတွေ ပြည့်ကျပ်နေ၏။

နေရာမှာ မာနယ်ပလော၊ လောခွါးလူတောင်ကုန်းရှိ ဗဟိုကော်မီတီဌာနချူပ်၏ စားဖိုဆောင်။

သည်ကနေ့ ညစာ ထမင်းကျက်ချိန် နောက်ကျလို့ အားလုံး ဗိုက် ဆာနေကြသည်။ ဟင်းအိုးက ကျက်နေပြီ။ ထမင်းအိုးက မကျက်သေး။ သည်နေ့ ထမင်းချက် အလှည့်ကျသည့်သူတွေကို ဝိုင်းပြီး မေတ္တာပို့နေကြ၏။

သည်နေ့ ထမင်းချက် အလှည့်ကျသည့်သူတွေက နိုင်ငံရေးနှင့် စည်းရုံးရေးဌာနမှ ကိုမြင့်ဆွေ နှင့် ကိုဇော်ထွန်းတို့ အဖွဲ့။

နေ့လည်ကတည်းက ထမင်းချက်ရမှာ မချက်ပဲ ပျောက်ချက်သား ကောင်းနေခဲ့ကြသည်။ ညနေ သုံးနာရီ လောက် ကျမှ အူယားဖါးယား ပြန် ရောက်လာကြပြီး အသဲအသန် ချက်ပြုတ်နေကြတာ တွေ့ရသည်။ နေ့ခင်းတုန်းက သူတို့ ဘယ်ရောက်နေလဲလို့ စုံစမ်းလိုက်တော့မှ ကရင်ဆေးရုံ ထူးဝါးလူဆေးရုံကို ရောက်နေခဲ့ကြတာ သိရတော့သည်။

ထူးဝါးလူဆေးရုံမှာ ကရင်သူနာပြုဆရာမ ချောချောကလေးတွေ အများကြီး ရှိသည်။ ထူးဝါးလူဆေးရုံကို တာဝန်ဖြင့် စေလွှတ်တော့မည်ဆိုလျှင် အမောင်ကျောင်းသားများ အရိုးကြေကြေ အရေခန်းခန်း ကျေပြွန်စွာ တာဝန် ထမ်းဆောင်ကြဘို့ အသင့်။

အဲဒီ ဆေးရုံကိုပဲ အကြောင်းမရှိ အကြောင်းရှာ သွားချင်နေကြသည်။ သူတို့ကို မေးကြည့်တော့ ကရင်မြန်မာ ချစ်ကြည်ရေးအတွက် စည်းရုံးရေး ဆင်းနေတာပါဟု ဆိုသည်။

တပ်ရင်း (၂၁၂) မှ တောကြက်၊ အောင်ကျော်၊ ဝမ်းသာ၊ လိပ်ပုတို့အဖွဲ့ သံပန်းကန်ပြားလေးတွေ ကိုယ်စီ ကိုင်ပြီး၊ ဗျစ်တောက်ဗျစ်တောက်နှင့် မကြေမနပ် ဖြစ်နေကြပြီ။ သူတို့အားလုံး တစ်နေ့ခင်းလုံး ဝါးခုတ်၊ တောရှင်း လုပ်ထားကြရလို့ မောမောပန်းပန်းနှင့် ဆာလောင် မွတ်သိပ်နေကြပါပြီ။

“နောက်ဆိုရင် မီးဖိုဆောင်ဘေးမှာ ကရင်ဆေးရုံ လာ ဆောက်ထားရင် ကောင်းမယ်။ ဒါမှ ငါတို့ ထမင်း စောစော စားရမှာ”

အရပ် ငါးပေ မကျော်သည့် ဂျပုလေးအောင်ကျော် စူပွစူပွနှင့် မြည်တွန် တောက်တီးနေပါပြီ။

မီးဖိုဆောင်ထဲမှ ငါးပျောအူ ဟင်းနံ့ကလေးကလည်း တသင်းသင်းနှင့် အနံ့ပေး၊ မြှူဆွယ်နေ၏။ ဟိုမှသည်မှ တဖွဲဖွဲနှင့် ရောက်ရှိလာနေကြသည့် ရဲဘော်များကား ပို၍ပို၍ များ များလာသည်။ စားဖိုဆောင် ထဲမှ ပွစိပွစိ အသံတွေကလည်း ပို ပိုပြီး ကျယ် လာခဲ့သည်။

“ကျက်ပြီဟေ့၊ ဒေါင်”

ဇော်ထွန်း၏ အသံပြဲပြဲကြီးနှင့် ဒယ်အိုးကို ယောက်မဖြင့် တီး ထည့်လိုက်သည့် အသံတို့ တပြိုင်နက် ထည်း ပေါ်ထွက်လာချိန်မှာတော့ သမဝါယမဆိုင်မှာ ရေနံဆီ ပေးတဲ့နေ့လိုပဲ ရဲဘော်တွေ ထမင်းအိုးနှင့် ဟင်းအိုး အနားသို့ အလုအယက် စုပြုံ တိုးလာကြသည်။

အောင်ကျော်တစ်ယောက် လူကြားထဲမှာ ညပ်နေ၏။ အသံပဲ ကြားရတော့သည်။ လူကို မမြင်ရတော့။ တဟေးဟေး တဝါးဝါးနှင့် အသံတွေ ဆူညံနေသည်။ ကိုမြင့်ဆွေတစ်ယောက် လူအုပ်ကြားထဲမှ ပုဆိုး မနိုင်၊ ပုဝါ မနိုင်၊ ချွေးသံရွှဲရွှဲဖြင့် ရုန်းထွက်လာသည်။ ကျွန်တော့ကို တွေ့တော့ စပ်ဖြဲဖြဲနှင့် ရယ်ပြသည်။

“တန်း စီပါ၊ တန်း စီပါ။ နိုင်ငံကြီးသား ပီသပါ”

ဇော်ထွန်းတစ်ယောက် ခြေကားယား၊ လက်ကားယားဖြင့် အော်နေရှာ၏။ ထမင်းအိုးကို ကြောပေးပြီး သူက အော်နေသည်။ အနောက်က ဟင်းအိုးကို နှိုက်သည့်သူက နှိုက်နေသည်။

“ဟိုမှာ မင်းအမေလင်က နှိုက်နေပြီ”

စိတ်တိုတိုနှင့် ကိုသိန်းနိုင် (ကျောင်းဆရာ) က လှမ်း အော်လိုက်၏။ အားလုံး ဝါးကနဲ ပွဲကျသွားသည်။ ကျွန်တော်လည်း ပန်းကန်အလွတ်ကို မြှောက်ပြီး သူတို့အကြားထဲ ဝင်တိုးလိုက်သည်။ စတုဒီသာအလှူ မဏ္ဍပ်မှာ အလုအယက် ဝင်တိုး နေရသလို ပျော်ဘို့လည်း ကောင်းသည်။

“စိတ်ချမ်းသာသလို လုပ်ကြတော့ ဟေ့”

နိုင်ငံကြီးသား ဇော်ထွန်း ဘာမှ မတတ်နိုင်တော့။ စိတ်ပျက်လက်ပျက်နှင့် မတတ်နိုင်သည့်အဆုံး လွှတ် ပေးလိုက်ရ၏။ ကြာလျှင် သူပါ ဟင်းအိုးထဲ ရောက်သွားတော့မည်။

“နောက်ကျရင် ငတ်မှာပဲ။ တိုးထား”

ဤ ငါးပျောအူဟင်းရေကြဲလေးကိုပဲ နေ့စဉ် အလုအယက် တိုးဝှေ့စားကြရသည်။ တခြားစားစရာ မရှိ။ ကျွန်တော်တို့မှာ နံနက်စာ (Breakfast) ဆိုတာ မရှိ။ နေ့စဉ် နံနက်ဆယ်နာရီမှာ နေ့လည်စာ (Lunch) ကို ကျွေးသည်။ ညနေလေးနာရီမှာ ညစာကို ကြွေးသည်။ သည်အချိန်မှာ ဗိုက်ဝအောင် စားထားရ၏။ တခြား ဘာမှ မလာတော့။ နေ့စဉ် ဒီ ထမင်း နှစ်နပ်ကိုပဲ အားထား စားကြရသည်။

ယခုရက်ပိုင်းအတွင်း ဗဟိုရုံး၊ ပုံမှန် တာဝန်ကျနေသူတွေ အပြင် တပ်ရင်းအသီးသီးမှ တာဝန် ကိုယ်စီဖြင့် ရောက်နေကြသူများလည်း ရှိနေတာမို့ နောက်ကျလျှင် ငတ်နိုင်သည်။ လူစာရင်းနှင့် တိတိကျကျ တိုင်းချက်ပေမယ့် ညနေစောင်း ရောက်မှ တခြားနယ်မြေ အသီးသီးမှ ထပ်ရောက် လာသူတွေ ရှိတတ်လို့ စိတ်မချရ။ နေ့စဉ် ဆယ်ယောက်စာလောက်တော့ ပိုထည့် ချက်ကြပေမယ့် ရိက္ခာက တာဝန်မှူးထံမှ လူစာရင်းအတိုင်း နေထိုင်မည့် ရက်ပိုင်းတို့ကို ကြည့်ပြီး အတိအကျ တွက်ချက်၊ ထုတ် ပေးထားတာမို့ အပိုဆိုတာ မရှိ။

“ထမင်းက နပ်လည်း မနပ်ဘူး”

“သောက်စကား မများနဲ့။ စားမှာ စား”

အသံတွေက မျိုးစုံ ထွက်နေ၏။

အနောက်ကနေပြီး တစ်စုံတစ်ယောက်က လက် လာကုတ်လို့ လှည့် ကြည့်လိုက်တော့ တပ်ရင်း (၂၀၇) မှ တင်ဝင်းလေး (သူ့ကို နားပိတ်တင်ဝင်း လို့ ချစ်စနိုး ခေါ်ကြသည်)။

ကျွန်တော့ကို အသာအယာမျက်ရိပ်ပြပြီး ကျွန်တော့လက်ကြားထဲ တစ်စုံတစ်ခုကိုထိုးထည့်ပေးသည်။ ပထမတော့ ဘာမှန်း မသိ။ လက်ကို အသာအယာ ဟ ကြည့်လိုက်တော့ အာပြဲခြောက်ကလေး တစ်ချောင်း။ မီးဖုတ်ပြီးသား။ ဒီကောင်ကြီး ဘယ်က ရလာသလဲတော့ မသိ။ လက် တစ်ထွာသာသာ အာပြဲခြောက်ကလေးကို ကျွန်တော့ ထမင်းပန်းကန်အောက်မှာ လက်ဖဝါးဖြင့် ညှပ်ပြီး ဖွက်ထားလိုက်သည်။

ကျွန်တော့ အလှည့်။ ထမင်းကို ပန်းကန်ထဲ ထည့်ပြီးတော့ ထမင်းတွေအောက် အာပြဲခြောက်ကလေးကို မသိမသာ အလျှင်အမြန် ထိုး သွင်းလိုက်ရသည်။

ဘယ်သူမှ မြင်မှာမဟုတ်လို့ ဆိုပြီး ကိုယ့်ဖါသာ ကိုယ်တော့ ထင်လိုက်မိသည်။ ဒါပေမယ့် တစ်ယောက်က မြင်သွားခဲ့၏၊ ကျွန်တော်တို့ တပ်ရင်းမှ မောင်ခန့်ကြီး။

“အစ်ကိုကြီး”

မောင်ခန့်တစ်ယောက် အငြိမ် မနေ လှမ်း အော်လိုက်၏။ ကျွန်တော့မှာ သူခိုးလူမိ ဖြစ်သွားရသလို ပြူးပြူးပျာပျာဖြင့် မောင်ခန့်ကြီးကို အသာ မျက်ရိပ် လှမ်း ပြရသည်။ မောင်ခန့်ကြီး ပြုံးဖြီးဖြီးဖြင့် ကျွန်တော့အနား ကပ်လာ၏။

“ဟ ကောင်ကြီး ငြိမ်ငြိမ်နေ”

မောင်ခန့်ကို ကြိတ်ပြီး ဆူလိုက်ရသေးသည်။

ဟင်းရည်ထည့်ပေးသူက ကျွန်တော့ထမင်းပန်းကန်ထဲ ငှက်ပျောအူဟင်းကို ဆမ်း ချလိုက်၏။ ပန်းကန်ထဲ ပုံထားသည့် ထမင်းပုံလေး ပုံ ပျက်သွားသည်။ အာပြဲခြောက်ကလေး ခေါင်းပြူ ထွက်လာ၏။ လူ မမြင်အောင် အသာအယာ ပြန် ဖိထည့်လိုက်ရသည်။ ထည့်ရင်းနှင့် တစ်ဝက်ကို ဖဲ့ပြီး မောင်ခန့်ကို ပေး လိုက်ရသည်။

အာပြဲခြောက် တစ်ချောင်းနှင့် ကျွန်တော့မှာလည်း တစ်ဒုက္ခ။

ထမင်းစားပွဲနှင့် ခုံတန်းရှည် လွတ်သည့်နေရာမှာ ဝင် ထိုင်လိုက်ကြပြီး ထမင်းကို ဟန်မပျက် စပြီး စားကြသည်။ ဘေးဘီကိုလည်း အသာ အကဲခတ် ကြည့်ရသေးသည်။ တော်တော်ကြာ မောင်မောင်ကြီးတို့၊ တင့်အောင်တို့၊ အောင်ကျော်တို့အုပ်စု သိသွားလျှင်မလွယ်၊ မောင်းခတ်ပြီးသား ဖြစ်သွားလိမ့်မည်။ ရှိစုမဲ့စု ငါးခြောက်လက်ကျန် အပိုင်းလေးလည်း တစ်စစီ ဖြစ်ပြီး မြင်သာ မြင်ရ၊ မကြင်လိုက်ရ ဆိုတာမျိုး ဖြစ်သွားနိုင်သည်။

ပြဿနာက ထမင်းပုံအောက်က ငါးခြောက်ကို လူ မမြင်အောင် ထိန်းစား နေရခြင်းပင်။ ငါးခြောက် လာပေးသော တင်ဝင်းတစ်ယောက်လည်း ကျွန်တော့လိုပင် သူ့ ငါးခြောက်နှင့်သူ ဒုက္ခ ရောက်နေပါပြီ။

ဒုက္ခမှ ဒုက္ခ။

ကိုယ့် ငါးခြောက်တောင် ကိုယ် ထုတ် မစားဝံ့သည့် ဒုက္ခ။

ကျွန်တော့ဘေးမှ မောင်ခန့်၊ ကျွန်တော့အဖြစ်ကို ကြည့်ရင်း ခွီးကနဲ ရယ်ချလိုက်သည်။

အဲဒီမှာတင် မောင်ခန့်တို့ အဖြစ်ဆိုးခြင်း ဇာတ်လမ်း စတော့သည်။

ထမင်း ပလုပ်ပလောင်းနှင့် မောင်ခန့် ရယ်ချလိုက်တော့ သူ့ပါးစပ်ထဲက ထမင်းလုံးတွေ ဖွာ ထွက် လာသည်။ ကျွန်တော့ ပန်းကန်ထဲ တချို့ ရောက်လာသည်။ ကံဆိုးချင်တော့ သူ့ အရှေ့ တည့်တည့်မှာ ထိုင် စားနေသည့် တပ်ရင်း (၂၀၁) မှ ဆရာကိုအောင်ခင့် ပန်းကန်ထဲ တချို့ ရောက်သွား၏။

မျက်မှန်ကြီးကို ပင့်ပြီး ဆရာကိုအောင်ခင် မော့ကြည့်သည်။ သူ့ကို ပမာမခန့် လုပ်လာသူကို သေသေ ချာချာ စိုက်ကြည့်နေသည်။ အလေးမ၊ အားကစား လိုက်စားထားသော ဆရာ့ လက်မောင်းကြွက်သား တွေကို ကြည့်ရင်း မောင်ခန့် အတွက် ရင်လေးမိသည်။

မောင်ခန့်တစ်ယောက် မီးပုံပေါ်မှာ ဖင်ခု ထိုင်မိသလို ခြေ မကိုင်မိ၊ လက် မကိုင်မိနှင့်၊ အသည်းအသန် ဖြေရှင်း ပြနေသည်။ တောင်းပန်နေသည်။ မျက်လုံးကြီး ပြူးလျက်၊ ပါးစပ်ထဲမှာလည်း ထမင်းတွေ ပလုပ်ပလောင်းနှင့်၊ အသံက ဝူးဝါးဝူးဝါး ဆိုပြီးတော့ပဲ ကြားနေရသည်။

ရယ်ချင်တာကို မအောင့်နိုင်သော ရဲဘော်တချို့ ထိုင်စားနေရာမှ ထပြေးကြ၏။

မောင်ခန့် အဖြစ်ကို အားလုံး ဝိုင်း အာရုံစိုက်နေကြတုန်း ကျွန်တော့ ထမင်းပုံအောက်က ငါးခြောက်ကလေးကို ပါးစပ်ထဲ ကပျာကယာ အမြန် ထိုးထည့်လိုက်ရသည်။ ပြီးတော့ ပန်းကန်ကို မပြီး စားဖို ဆောင်ထဲမှ မသိမသာ အသာလေး လစ်ထွက် လာခဲ့လိုက်၏။

မောင်ခန့်နှင့် ဆရာအောင်ခင်တို့ ဘာတွေဖြစ် ကျန်ခဲ့သလဲတော့ မသိ။ အပြင်ဘက် သစ်ပင်အောက်မှာ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး၊ ကျန်နေသည့်ထမင်းကို ဆက် စားလိုက်သည်။

ပါးစပ်ထဲမှ ငါးခြောက်အရသာလေး ပျောက် မသွားမီ ထမင်းကို တလုပ်ပြီး တလုပ် အမြန် ထိုးထည့် စားလိုက်ရသည်။

တစိမ့်စိမ့်နှင့် ဝါးရင်း အခုမှ လူစင်စစ်ကနေ နွားဘ၀ ရောက်ရတော့သည်။ စားမြုံ့ပြန်လို့ကို မပြီးနိုင်တော့။

ငတ်တော့လည်း သူများတွေ မမြင်အောင် ဖွက် စားရသည့် ငါးခြောက်ကလေးက တကယ့်ကို အရသာ ရှိလှသည်။

အဲဒါကတော့ ဖြစ်ရပ်မှန် ငါးခြောက်တစ်ချောင်းနှင့် ကျွန်တော့ဒုက္ခ။

(၁၉၉၁ ခုနှစ်၊ ဗဟိုကော်မီတီဌာနချူပ်ရုံး တည်ရှိရာ မာနယ်ပလော၊ လောခွါးလူတောင်ကုန်းတွင် တာဝန်ကျ တပ်ရင်းအသီးသီးမှ ကျောင်းသားရဲဘော်များ အားလုံးသို့ အမှတ်တရ)

သီရိညွန့် (ABSDF)

No comments: