လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ ဟိုတယ်တခုမှာ အစည်းအဝေး သွား တက်အပြီး၊ အိမ်ပြန်ဘို့ ကားသော့ကို နေရာအနှံ့ အသဲအသန် ရှာရပါတယ်။
လေဆိပ်မှာ လေယာဉ်ပေါ် မတက်ခင် လုံခြုံရေးတွေ အသေးစိပ် ရှာသလို တကိုယ်လုံးကို စမ်း သပ် ရှာပေမယ့် သော့က မတွေ့။ ရှိသမျှ အိတ်တွေ အထဲမှာလဲ မရှိ။ အစည်းအဝေးခန်းကို အမြန် ပြန်ပြေးပြီး ကြည့်တော့လဲ သော့ မကျန်ခဲ့။
သည်မှာ ရုတ်တရက် ခေါင်းထဲ အတွေးဝင်လာတာက ကားထဲမှာများ သော့ ကျန်ခဲ့သလား ပေါ့။ ဒါနဲ့ ကားရပ်ထားခဲ့တဲ့ နေရာကို စိတ်ပူပင်စွာ ပြေးသွားမိတယ်။
ကျွန်မ ကားသော့ကို ကားထဲမေ့ကျန်တတ်လွန်းလို့ ကျွန်မ ယောကျာ်းက ဆူတာ ခံရတာလဲ ခဏ ခဏပါ။ သူ့ကို နောက်သလိုလိုနဲ့ ကားသော့ပျောက်မှာ စိုးလို့ ကားထဲ ထားခဲ့တာ ပြောမိတယ်လေ။ သည်အခါ သူက ‘အဲသည်လို ကြပ်ကြပ်လုပ်၊ တနေ့ ခင်ဗျား ကားအခိုးခံရလိမ့်မယ်’ လို့ သတိပေးတတ်တယ်။
ဟိုတယ်ထဲက ထွက်ပြီး ကားရပ်ထားရာဘက် ရောက်တာနဲ့ စိုးရိမ်မိတဲ့ အတိုင်းတော့ ဖြစ်ပါပြီ၊ ရင်ထဲ ထိတ်ကနဲ ဖြစ်ရပြီ။ ကျွန်မယောကျာ်း သတိပေးခဲ့တာ မှန်နေပါပေါ့။ ကားရပ်တဲ့ ကွက်လပ်မှာ ကားတစီးမှ မရှိတော့။ ဒါနဲ့ ပုလိပ်ကို ချက်ချင်း ဖုန်းခေါ်ရတယ်။ ကျွန်မ ရောက်နေတဲ့ နေရာကို ပြောပြရင်း အမှန်ကိုလဲ ဝန်ခံမိတယ်။ ကားသော့ကို ကားထဲမှာ ထားခဲ့မိလို့ ကားအခိုးခံရပြီ ပေါ့။
ပုလိပ်ကို ကား ပျောက်ကြောင်း တိုင်ကြားအပြီးမှာ မခေါ်ချင်ဆုံးသော ဖုန်းခေါ်မှုကို ခက်ခက်ခဲခဲ လုပ်ရပါတော့မယ်။
စိတ် ငြိမ်အောင် ခဏ စောင့်၊ ဟိုတယ် အထဲ ပြန် ဝင်၊ ရေ တောင်း သောက်၊ အသက် မှန်မှန် ရှု၊ အား တင်းပြီး သူ့ဆီ ဖုန်း ခေါ်လိုက်ပါတယ်။
စိတ် ငြိမ်ပြီ ထင်လို့ ခေါ်နေပေမယ့် နံပါတ် နှိပ်နေတဲ့ လက်ကလေးတွေကတော့ တုန်ချင်သား။
“ကိုကို ရေ” အချိုသာဆုံး အသံလေးနဲ့ စကားစ ရတယ်။ (သာမန်အချိန်တွေမှာ ‘ယောကျာ်း ရေ’၊ ‘အိမ်က လူကြီး ရေ’ ခေါ်ပြီး ‘ရှင်’ နဲ့ ‘ကျုပ်’ နဲ့ စကားပြောပေမယ့် ကိုယ်အမှားလုပ်မိရင်၊ လိုချင်တာ ရှိရင် “အချစ်နဲ့ သူ၏ ကိုကို” ဖြစ်သွားတတ် တယ်လေ။ ‘ကိုကို’ လို့ ချွဲချွဲနွဲ့နွဲ့ ခေါ်တာ ထုံးစံလေ။)
“ချစ် လေ၊ ကားသော့ကို ကားထဲမှာ မေ့ ထားခဲ့မိတာ၊ အခုတော့ ကား မရှိတော့ဘူး။ အခိုးခံလိုက်ရပြီ။”
ရုတ်တရက် တဘက်က ဘာသံမှ ပြန်မလာပဲ အသံ တိတ်နေတယ်။ ပထမတော့ ဖုန်းလိုင်းများ ပြတ်သွားသလား ကျွန်မ ထင်မိတယ်။ ဒါပေမယ့် မကြာခင်မှာ သူ့အသံကို ကျွန်မ ကြားလိုက်ရတယ်။
“ဘာတွေ လာ ပြောနေတာလဲ” သူ့ အသံက ငေါက်ဆတ်ဆတ်။ “မနက်က မင်းကို ကိုယ် လိုက်ပို့ခဲ့တာပဲဟာ”
သည်တခါ အသံတိတ်သွားမိသူက ကျွန်မ။ အယ် ဟုတ်သားပဲ။ သူ လိုက်ပို့ခဲ့တာပဲ။ သည်တော့မှ သတိရပြီး ရှက်စနိုးလေသံနဲ့ ပြန်ပြောမိတယ်။ “ဟယ် ဟုတ်သားပဲ။ ကောင်းပြီလေ။ ဒါဆို ချစ် ကို လာခေါ်တော့။ စောင့်နေတယ်။”
သည်မှာ သူက ဘုကျကျ လေသံနဲ့ ပြန်ပြောခဲ့တာက …….
“အေး လာခေါ်မယ်။ စောင့်နေ။ သည်မှာ ပုလိပ်ကို မင်းရဲ့ကားကို ငါ ခိုးလာတာ မဟုတ်ဘူး ရှင်းပြီးရင် လာခေါ်မယ်။”
ဟီဟိ …. ဟုတ်ကဲ့။ ကျွန်မ အသက် ရွှေရောင် နှစ်များထဲ ရောက်ပါပြီ။
(ဆီလျော်အောင် ဘာသာပြန်ထားပါသည်။)

No comments:
Post a Comment