မကြာသေးမီက စပြီး ကျွန်မမှာ ‘A.A.A.D.D’ ရောဂါ လက္ခဏာတွေ ပြလာတယ်။ ရောဂါအမည် ကတော့ ‘Age Activated Attention Deficit Disorder’ (အသက်အရ အမှတ်သညာ နုန့်နည်းလာသော ဝေဒနာ)
ရောဂါ လက္ခဏာတွေကတော့ သည်လိုပါ။
တမနက်ခင်း၊ ခြံထဲမှာ ရေ လောင်းဘို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
ခြံထဲ ဆင်း၊ အိမ်နဘေးက ရေဘုံဘိုင်ကို ရေ ဖွင့်လိုက်ပြီး ရေပိုက်ကို ဆွဲမိချိန်မှာ ကျွန်မ မျက်စိတွေက ကားဆီ ရောက်သွားတယ်။ ကား ရေ ဆေးဘို့ လိုနေပါပကောလား။
ဒါနဲ့ ရေပိုက်ကို အသာ ပြန် ချပြီး အိမ်ထဲ ဝင်၊ ကားသော့ကို ယူလို့ ဂိုဒေါင်ဆီ လျှောက်လာခဲ့တယ်။ အိမ်ရှေ့ ပေါ်တီကိုအောက်က စားပွဲပေါ်မှာ မနက်က စာတိုက်ပုံးထဲက ထုတ်ယူခဲ့တဲ့ စာတွေ တွေ့ လိုက်တယ်။
ကား ရေ မဆေးခင် စာတွေ စစ်တဲ့ ကိစ္စကို အပြီးသတ်ဘို့ တွေးမိတယ်။
ဒါနဲ့ ကားသော့ကို စားပွဲအပေါ် အသာ ချ၊ အရေးမပါတဲ့ ကြော်ငြာစာလွှာတွေကို နဘေးက အမှိုက် ပုံးထဲ ထည့်လိုက်ချိန်မှာ အမှိုက်ပုံး ပြည့်နေတာ သတိပြုမိတယ်။
ဒီတော့ လက်ထဲက စာအိတ်တွေ အသာချပြီး ပြည့်နေတဲ့ အမှိုက်ပုံး အရင် သွား သွန်ဦးမှ ကောက် ယူမိတယ်။
ဒါပေမယ့်ကျွန်မတွေးမိပြန်တာက အမှိုက်ပုံးကြီးဆီ အိမ်ဘေးပတ်သွားဘို့က အိမ်ရှေ့က စာတိုက် ပုံးနဘေး ဖြတ်ရဦးမှာ။ သည်တော့ စာတွေအရင်ဖတ်ပြီး စာပြန်စရာ ရှိတာတွေရေး၊ စာပြန်ပြီး တလက် စထဲ စာထည့်လိုက်ရင် ခရီး မသက်သာဘူးလား ပေါ့။
ဒါနဲ့ အမှိုက်ပုံး ပြန် ချ၊ စာတွေ ကောက် ယူပြီး အိမ်ထဲ မီးဖိုချောင်စားပွဲအံဆွဲထဲက စာရေးစက္ကူကပ်ကို သွား ဆွဲယူလိုက်တယ်။ အဲ … စာရွက်က တရွက်ပဲ ကျန်ပါတော့ကလား။
စာရေးစက္ကူအုပ် အသစ်တွေက စာဖတ်ခန်းထဲက စားပွဲမှာ။ ဒါနဲ့ စာဖတ်ခန်းထဲ သွားပြီး စာရေးစက္ကူကပ် အသစ် သွားယူတော့ စားပွဲအပေါ်မှာ မနက်က သောက်လက်စ ကုတ် (Coke) ဘူးကို တွေ့လိုက်ရတယ်။
စာရေးစက္ကူကပ်အသစ် ယူဘို့ အံဆွဲကို ဆွဲဖွင့်ရင်း စားပွဲလှုပ်သွားရင် ဖွင့်ထားတဲ့ အအေးဘူး လဲ ကျပြီး အရည်တွေ မှောက်ကျနိုင်တာ ခေါင်းထဲ ဝင်လာတယ်။ သည်တော့ အအေးဘူးကို အရင် ဖယ်ဦးမှ …. ။
အအေးဘူးက မအေးတော့တာမို့ မော့လဲ မသောက်ချင်တော့။ လွှတ်ပစ်ဘို့ကလဲ နည်းနည်းပဲ သောက်ရသေး၊ ဘူး အပြည့်နီးပါး ကျန်သေး။ သည်တော့ ရေခဲသေတ္တာထဲ ခဏ ပြန် ထည့်ပြီး အေးမှ ဆက် သောက်မယ် ဆုံးဖြတ်မိတယ်။
မီးဖိုဘက်ကို အအေးဘူးလေး ကိုင် လျှောက်လာတုန်း မျက်လုံးက မီးဖိုချောင်ထဲ စားပွဲပေါ်က ပန်းအိုးလေးထဲ ရေ နည်းနေတာ မြင်မိပြန်ရော … ။
ဆိုတော့ အအေးဘူးလေးကို မီးဖိုချောင်ထဲက စားပွဲပေါ် အသာ တင်လိုက်ပြီး ပန်းအိုးကို လက် အကမ်းမှာ …. ကဲ တွေ့ပါပြီ။ ပန်းအိုးနဘေးမှာပေါ့ … ၊ ကျွန်မ တမနက်လုံး လိုက် ရှာနေရတဲ့ စာကြည့် မျက်မှန်။
မျက်မှန်ကလေးကို မီးဖိုစားပွဲပေါ် အသာ ပြန် ချပြီး ရေခရားကို ဆွဲ ထုတ်၊ ရေ ဖြည့်မိတယ်။ ရေခရားထဲ ရေဖြည့်ရင်းနဲ့ မျက်စိက တယ်လီဗီရှင်း ရီမုတ် (TV remote) ကို ရောက်သွားတယ်။
တီဗီ ရီမုတ်ကို မီးဖိုထဲက စားပွဲအပေါ် ဘယ်သူ မေ့ ချန်ခဲ့ပါလိမ့်။
သည်မှာ သတိပြုမိပြန်တာက သည်ည တီဗီ ကြည့်ရင် ကျွန်မတော့ သည်ရီမုတ်ကို လိုက် ရှာနေရ တော့မှာပဲဆိုတာ။ မီးဖိုထဲကစားပွဲပေါ်မှာတင်ထားတယ်ဆိုတာ ညကျရင် ကျွန်မသတိရတော့မှာ မဟုတ် ဘူး။ ခေါင်းက ကောင်းတော့တာ မဟုတ်။ မှတ်ဉာဏ်က ခပ်ယဲ့ယဲ့ ကျန်တော့တာ။ သည်တော့ အခု တွေ့တုန်း နေရာတကျ တယ်လီဗီရှင်း ရှိရာ အခန်းထဲ သွား ပြန်ထားမှ။ အဲ … ဒါပေမယ့် ပန်းအိုးကိုတော့ ရေ အရင် ဖြည့်လိုက်ဦးမယ်။
ကဲ … မဖြစ်သေးဘူး။ မမေ့ခင် ကြမ်းပေါ်က ရေတွေ သုတ်ပစ်မှ၊ မဟုတ်ရင် တက် နင်းမိပြီး ချော် လဲဦးမယ်။ ပန်းအိုးထဲ ရေဖြည့်ဆဲ လက်ထဲက ရေခရားကို စားပွဲအပေါ် အသာ ပြန်ချ၊ ကြမ်းသုတ်ဘို့ အဝတ်ကို သွား ယူ၊ ကြမ်းပေါ် ဖိတ်စင်သွားတဲ့ ရေတွေ စင်အောင် သုတ်လိုက်တယ်။
ပြီးတော့ ရေစိုအဝတ်ကို အခြောက် လှမ်းဘို့ အိမ်အနောက်ဘက် ခြံထဲ ထွက်လာရင်း သည် တမနက်လုံး ဘာ လုပ်မလို့ပါလိမ့် ပြန် တွေးမိတယ်။
တမနက်လုံး အချိန်သာ ကုန်သွားတယ်။ ဘာ လုပ်ဖြစ်သလဲ ဆိုတော့ -
အပြင် သွားမလား ဆိုတော့လဲ ကားသော့ကို ဘယ်မှာ ထားမိတယ် သတိ မရ။
သည်မနက် ဘာတွေ လုပ်ဖြစ်သလဲ စဉ်းစားရင်း ဘာမှ မလုပ်ဖြစ်သေးတာ တွေးမိတော့ ကိုယ့်ဘာသာ စိတ်က တိုလာတယ်။
အခုတော့ နေသာ မြင့်လာတယ်။ ဘာမှ အလုပ် မဖြစ်သေး၊ မလုပ်ရသေး။
ဟော … အိမ်နောက်ဖေး ခြံထဲ ရေတွေ လျှံနေပါကလား။ မိုးလဲ မရွာပဲနဲ့ ဘယ်က ရေတွေ ရောက် လာတာလဲ။
ဒါနဲ့ ကြည့်တော့ ရေပိုက်ကနေ ရေတွေ တသွင်သွင် စီး ကျနေတာ တွေ့ရတယ်။
ကျမှာပေါ့၊ ရေဘုံဘိုင်က ပွင့်နေတာကိုး။ ဘယ်သူ ပြန် မပိတ်ပဲ သည်အတိုင်း ဖွင့်လျက် ထား သွားတာလဲ … ။
တမနက်လုံး အိမ်မှာ ကိုယ်တယောက်တည်းမို့ ညကတည်းက ပွင့်နေတာလား။
ဒါဆို အိမ်ကကောင်လေး မနေ့က ကတည်းက ရေလောင်းပြီး ရေဘုံဘိုင် ပြန်မပိတ်သွားဘူး ပေါ့။ ပြောမိရင် ကိုယ့်အလွန် ဖြစ်ဦးမယ်။ အကောင်းပြောလဲ သူက ကြိုက်တာမဟုတ်။ ပြောလိုက်မိတဲ့ ကိုယ့် ကိုပဲ အပြစ် ပြန် ပြောချင်သေး။
စိတ်တိုစွာ တဖျစ်တောက်တောက် ရေရွတ်ပြီး လက်ထဲကရေစိုအဝတ်ကို ပုခုန်းပေါ် လွှားတင်လို့ ကျွန်မ ရေဘုံဘိုင်ကို ပိတ်လိုက်ပါတယ်။
သည်မနက် ကျွန်မလုပ်ဖြစ်ခဲ့တာကတော့ ရေဘုံဘိုင်ကို ဖွင့်ထားခဲ့ပြီး အခု ပြန်ပိတ်လိုက်တာပါပဲ။ (မယုံရင် စာကို အစကနေ ပြန် ဖတ်ပါ။)
သည်စာကို ဆုံးအောင်ဖတ်သူများကို ကျေးဇူးတင်ပါတယ် …. ။

No comments:
Post a Comment