Thursday, September 5, 2013

ကိုကိုရယ် … သိပ်ချစ် တယ် … တဲ့လား။

          တခါက အမျိုးသမီးတစုဟာ ‘ခင်ပွန်းထံမှ မေတ္တာအပြည့်နဲ့ အိမ်ထောင်သည်ဘ၀ ရရှိရေး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးပွဲကို တက်ရောက်လာကြတယ်။

         ဟောပြောသူက အမျိုးသမီးများကို မေးတယ်။

          ‘မိမိတို့ ခင်ပွန်းသည်များကို နှစ်နှစ်ကာကာ ချစ်သလား’
          တက်ရောက်လာသူ အမျိုးသမီးအားလုံးမှ လက်များ ထောင်ပြကြတယ်။ မျက်နှာတွေမှာလဲ ပီတိ အပြုံးတွေ ကိုယ်စီ ဖြာလို့ပေါ့။
          သည်မှာ နောက်ထပ် အမေးခံရတဲ့ မေးခွန်းက - ‘ကိုယ့်ခင်ပွန်းသည်ကို ရှင့်ကို ကျွန်မ ချစ်တယ် လို့ ဘယ်တုန်းက နောက်ဆုံး ပြောခဲ့သလဲ’
          တချို့ အမျိုးသမီးတွေက သည်နေ့ လို့ ဖြေတယ်။ တချို့က မနေ့က တဲ့။ တချို့ကတော့ ဘယ်တုန်း က နောက်ဆုံးအကြိမ် ပြောမိတယ် မမှတ်မိ။
          သည်မှာ ဟောပြောသူက အမျိုးသမီးများကို သူတို့ရဲ့ ဆဲလ်ဖုန်းတွေ ဖွင့်ခိုင်းလိုက်တယ်။ ပြီးတာ့ သက်ဆိုင်ရာ ခင်ပွန်းသည်တွေဆီကို စာစကား (text message) အကြောင်းကြား ခိုင်းလိုက်တယ်။
          ရိုက်ရမယ့် စကားလုံးက … ‘ချစ်တယ်နော် … အချစ်’
          စာစကား ရိုက် ပို့ အပြီးမှာ အမျိုးသမီးများကို နဘေးမှာ ထိုင်နေသူ အသီးသီးနဲ့ တယ်လီဖုန်းတွေ လဲ ကိုင် ခိုင်းပါတယ်။ မိနစ် အနည်းငယ် အကြာမှာ ဆဲလ်ဖုန်း အသီးသီးမှာ တန်ပြန် စာစကားတွေ ပြန်ဝင်လာသံ အသီးသီး ကြားလိုက်ရတယ်။
          ဖုန်းအားလုံး တန်ပြန် စာစကား ဝင်လာအပြီးမှာ ဟောပြောသူက အမျိုးသမီးများကို သူတို့လက်ထဲက ဖုန်းမှာ ပြန်ဝင်လာတဲ့ စာစကား တုန့်ပြန်ချက်ကို တဦးချင်းစီ ဖတ်ပြခိုင်းတယ်။

          အချို့ ခင်ပွန်းသည်များကတော့ ရိုးရှင်းစွာနဲ့ ကျေးဇူးတင်ကြောင်း၊ သူတို့ကလဲ ချစ်ကြောင်း တိုတုတ်စွာ ပြန်ဖြေပေမယ့် အချို့ တုန့်ပြန်ချက်တွေက စိတ်ဝင်စားစရာပါ။

          အမျိုးသမီးများ ဖတ်ပြတာတွေ တချို့ ဆင်တူရိုးမှားပေမယ့် အဓိပ္ပါယ် တူတာတွေ စု ရေးပြရရင် …
၁) အယ် … အမေကြီး နေမှ ကောင်းရဲ့လား။
၂) ဘာ ဖြစ်ပြန်ပလဲ။ ကား တိုက်မိပြန်ပလား။
၃) ဘာ ပြောချင်တာလဲ၊ ကိုယ် နားမလည်ဘူး။
၄) ပြသာနာ တက်ပြန်ပလား။ သည်တခါတော့ ကိုယ် သည်း မခံနိုင်တော့ဘူးနော်။
၅) အယ် … ဘာလဲ။ ဒါက … ။ ထူးထူးဆန်းဆန်း …. ။ ဘယ်လို ဖြစ်ရပြန်တာတုန်း။
၆) ပလီပလာတွေ လုပ်မနေနဲ့။ ဘာလိုချင်လို့လဲ/ဘာဝယ်လိုက်ပြီလဲ၊ ရှင်း ရှင်းပြော။
၇) မိန်းမရေ … တကယ်လား။ ကိုယ် အိမ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော်။
၈) ဘယ်အကောင် ဖုန်းနံပါတ်နဲ့ ငါ့ဆီ မှားပို့တာလဲ။ ဒါ နင့်ယောက်ျားနံပါတ်။ အိမ်ရောက်ရင် နင်တော့ နာပြီ မှတ်။
၉) မင်းကွာ၊ နေ့ခင်းကြောင်တောင် မသောက်ပါနဲ့တော့ ပြောတာ မမှတ်သေးဘူးလား။
         ထိုထိုသော အသီးသီး အသက တုန့်ပြန်မှုများ အထဲမှာမှ ထင်ရှားသိသာစွာ ဂရုပြုမိကြတဲ့ တုန့်ပြန် စာစကား ကတော့ ….
၁၀) သည်စာ ပို့လာသူ ဘယ်သူပါလဲ။ အမည်လေး တဆိတ် သိပါရစေ …. ။ <>
(နဘေးမှာ အနမ်းပန်း ပုံကလေးတောင် ပါသေးသတဲ့။)
ကဲ ... အဲဒါ ဘယ်သူ့ ဖုန်းကို ပြန်စာလဲဟေ့ ... ။
(ဆီလျော်အောင် ဘာသာပြန်ထားသော စာစု ဖြစ်ပါသည်။)

No comments: