လူနာတွေများတဲ့ မနက်ခင်းတခု၊ အချိန်က ရှစ်နာရီလောက်မှာ အသက်ရှစ်ဆယ်ကျော်ခန့်ရှိမယ့် သက်ကြီးရွယ်အိုအဘိုးအိုဟာ သူ့လက်မ ဒဏ်ရာက ချုပ်ရိုးကိုဖြေဘို့ ဆေးခန်းကို ရောက်လာပါတယ်။
သူဟာ သူ့လက်ကနာရီကို ခဏခဏ ငုံ့ ကြည့်နေတာ ကျွန်မ တွေ့ရတယ်။ သည်မှာ ကျွန်မလဲ မိမိ အနားယူချိန်ကို ခဏဆိုင်းထားဦးမယ် တွေးလိုက်ပြီး အဘိုးအိုကို ကြည့်ပေးဘို့ ဆုံးဖြတ်လိုက်တယ်။
အဘိုးကိုလူနာကြည့်အခန်းထဲခေါ်ပြီးသူ့လက်မကပတ်တီးကိုဖြေလိုက်ရာမှာ အနာက ကောင်း စွာ ကျက်နေတာ တွေ့ရတယ်။ သည်မှာ ကျွန်မဟာ အနာချုပ်ရိုးကို ဖြေပေးပြီး နဘေးမှ သူနာပြုကို ဆေးထပ် လိမ်းပေးတာ၊ ပတ်တီးပြန်စည်းပေးဘို့ လိုအပ်တာတွေ ညွှန်ကြားချက် ပေးလိုက်ပါတယ်။
အဘိုးအိုကို ဆေးကုသမှု ပေးနေစဉ်မှာ ကျွန်မက အဘိုး ဘာ့ကြောင့် အခုလို အရင်စလို ဖြစ်နေရတယ် မေးကြည့်မိတယ်။ သူ့မှာ နောက်ထပ် ဆေးကုသမှု ပြုဘို့ ဆရာဝန်နဲ့ ချိန်းထားတာ ရှိသေးသလား ပေါ့။
သည်မှာ အဘိုးအိုက ကျွန်မကို ဆရာဝန် ချိန်းဆိုချက် မရှိပါဘူး ဖြေတယ်။ သူဟာ သူ့ဇနီးသည်နဲ့ အတူ မနက်စာ စားဘို့ လူအိုရုံကို အချိန်မီသွားဘို့ ရှိတယ် ပြောတယ်။ မနက်စာကို သူတို့ အမြဲ အတူစားကြတယ် ဖြေတယ်။
ကျွန်မလဲ သူ့ဇနီးသည်ရဲ့ ကျမ်းမာရေး အခြေအနေကို မေးမိတယ်။
သည်မှာ သူက ပြောပြရှာတယ်။ သူမဟာ လူအိုရုံမှာ နေ နေတာ ကာလ အတန် ကြာခဲ့ပြီ တဲ့။ တခြားရောဂါကြီးမရှိပေမယ့် Alzheimer လို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ ခံစားနေရတယ် တဲ့။
ပြောဆိုလက်စနဲ့ ကျွန်မက မေးမိတယ်။ ‘တကယ်လို့ အဘိုး သွားတာ နောက်ကျခဲ့ရင် အဘွားက အဘိုးကို စိတ်ခုမှာလား’ လို့။ သည်မှာ အဘိုးအိုက တိုးတိုးလေး ဖြေတယ်။
“သူ ကျွန်တော့်ကို ဘယ်သူဘယ်ဝါမှန်း မသိတော့တာ ကြာပါပြီ ဆရာမရယ်။ သူ ကျွန်တော့်ကို မမှတ်မိတော့တာ အခုဆို ငါးနှစ်တောင် ရှိပါပေါ့လေ … ။”
သူ့အဖြေကို ကြားရတာမှာ အံ့အားသင့်စွာနဲ့ ကျွန်မ ပြောမိတယ်။ “ဒါနဲ့များ အဘိုးရယ်၊ မနက်တိုင်း သွားတုန်းပဲ ရယ်လို့။ သူက အဘိုးကို ဘယ်သူမှန်း မသိတော့၊ မမှတ်မိတော့တာများ။”
သူက ပြုံးပြီး ကျွန်မရဲ့ လက်ဖမိုးကို အသာ ပွတ်သပ်ပြီး ကြည်နူးသံလေးနဲ့ ဖြေတယ်။ “သူက ကျွန်တော့်ကို မသိတော့ပေမယ့် ကျွန်တော်က သူ ဘယ်သူလဲ ဆိုတာ သိနေတယ်လေ ...”
မျက်လုံးအိမ်ထဲ ဝေ့တက်လာတဲ့ မျက်ရည်တွေ ပါးပြင်ပေါ် လိမ့် မကျလာအောင် ကျွန်မ မနည်း ထိန်းလိုက်ရတယ်။
ကျွန်မကို ကျေးဇူးတင်ကြောင်း ပြောပြီး တုန်ရီနှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ သတိကြီးစွာ သွက် သွက်ကလေး သွားဘို့ ကျိုးစားလျှောက်သွားတဲ့ သူ့ကြောပြင်ကို ကြည့်ရင်း ကျွန်မ ကြက်သီးမွှေးညှင်းတွေ ထ မိတယ်။
‘ကျွန်မ ဘဝမှာ လိုချင်နေတဲ့ အချစ် ဆိုတာ သည်လိုမျိုး ပါလား’
အချစ်စစ် အချစ်မှန်ဆိုတာ ရုပ်ရည် ရူပကာ တို့၊ တီတီတာတာ နှစ်သက်စဖွယ် အပြုအမူတွေ ရှိမှ ခံစားနိုင်တာ မဟုတ်ပါဘူး။
အချစ်စစ် အချစ်မှန်ဆိုတာ အရှိကို ပကတိ အတိုင်း လက်ခံမှု၊ လက်ခံခဲ့မှု နဲ့ ထာဝစဉ် လက်ခံနိုင်မှုသာ အဓိက အခရာပါ။
အရာရာ ဟာ မမြဲတာ လူတိုင်း သိပြီးပါ။ ဒါပေမယ့် မေတ္တာဆိုတာ အမြဲ တည်မြဲ ခိုင်ခန့်ပါတယ်။ မိမိ ဖြစ်စေချင်သလို မဖြစ်တော့ပေမယ့် ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို မပြောင်းမလဲသော စိတ်၊ မသွေမဖေါက်သော အမြင်နဲ့ လက်ခံ ကျေနပ်ဘို့ မေတ္တာ အရင်းခံ လိုပါတယ်။
မိမိတို့ ဘဝကို ပျော်ရွှင်နေသူတွေဟာ အရာရာ အကောင်းဆုံးနဲ့ ပြီးပြည့်စုံသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ အရာရာကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ဖန်တီးတတ်သူတွေပါ။
(ဆီလျော်အောင် ဘာသာပြန်ထားသော စာစုလေး ဖြစ်ပါတယ်။)

No comments:
Post a Comment