အမျိုးသမီးတယောက်ဟာ ကုန်စုံဆိုင်အတွင်းမှာ ဈေးဝယ်နေပါတယ်။
သူမဟာ ဈေးခြင်းလှည်းကို တွန်းရင်း လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ဈေးလိုင်းတန်း တလိုင်းချင်းမှာ ဝင်ထွက် ရှာဖွေနေတယ်။ ထိုစဉ်မှာ သတိပြုလိုက်မိတာကတော့ သူမရဲ့ အရှေ့က ဈေးဝယ်လာတဲ့ မြေးအဘိုး နှစ်ဦးကိုပါပဲ။
မြေးကလေးက အသက် သုံးနှစ်သားလောက် ရှိပါမယ်။ ဒါပေမယ့် အဘိုးတွန်းနေတဲ့ လှည်းအထဲမှာ ငြိမ်ငြိမ် ထိုင်မလိုက်ပဲ ဆူပူ ဂျီကျနေတယ်။ ဈေးတန်း တလျှောက်လုံးမှာ တင်ထားသမျှ သကြားလုံး၊ ချိုချဉ်၊ မုန့်၊ စားစရာ၊ ကစားစရာ တွေ့ တွေ့သမျှကို လိုချင်တယ် အော်ဟစ် တောင်းဆိုနေသလို လက်ကလဲ လှမ်းယူဘို့ ကျိုးစားနေတယ်။
အဘိုးဟာ ဈေးခြင်းလှည်းကို တွန်းရတာ တဘက်၊ မြေးငယ်ကို ထိန်းရတာ တဘက်၊ လိုအပ်တာတွေ ရှာဖွေ တွန်းလှည်းထဲ ထည့်ရာမှာ မြေးငယ်က ကောက်ယူ လွှင့် မပြစ်နိုင်အောင် ကာကွယ်ရတာနဲ့ အတော်ကို အလုပ်ရှုတ်နေတာ တွေ့ရတယ်။
ဈေးဝယ်နေသူ အမျိုးသမီးဟာ မြေးအဘိုး နှစ်ဦး နဘေးကနေ ဖြတ်ကျော်လာချိန်မှာ အဘိုးဟာ ထိန်း ထိန်းသိမ်းသိမ်း လေသံနဲ့ ‘စိတ် ထိန်းထား မောင်ပုည၊ မကြာပါဘူး ပြီးတော့မှာပါ။ အေးဆေးပေါ့ ကိုယ့်လူရယ်’ လို့ ပြောနေသံ ကြားလိုက်ရတယ်။
နောက်ဈေးတန်း တတန်းထဲ ချိုး အဝင်မှာ သူမဟာ ထို မြေးအဘိုးနဲ့ တခါ မျက်နှာချင်းဆိုင် တိုးမိပြန်တယ်။ သူတို့ နဘေးကနေ သူမရဲ့ ဈေးတွန်းလှည်းကို ဖြတ်တွန်းလာချိန်မှာ အဘိုးဟာ အေးဆေးတဲ့ အသံလေးနဲ့ ပြောနေတာကို ကြားရပြန်တယ်။
‘သည်းခံပါ မောင်ပုညရယ်။ နောက်ထပ် နှစ် မိနစ်၊ သုံး မိနစ်လောက်ပါပဲ။ ဒါဆို သည်က ထွက်လို့ ရပြီ။ ခဏလေး အောင့်ထားပါ ငါ့ကောင်ကြီးရယ်’
မကြာခင် ငွေပေး ကောင်တာ အနားမှာ သူတို့ မြေးအဘိုးကို ပြန် တွေ့ရတယ်။ သည်တခါမှာတော့ အရွယ်နဲ့ မလိုက်အောင် သောင်းကျန်းလှတဲ့ မြေးငယ်လေးဟာ လှည်းအထဲမှ ပစ္စည်းတွေကို ကောက် ယူပြီး လှည်း အပြင်ကို လွှတ် ပစ်နေသမျှကို လိုက် ပြန်ကောက်ရင်း အဘိုးဟာ ထိန်းထိန်း သိမ်းသိမ်းအသံနဲ့ ချော့ ပြောနေတာ ကြားရတယ်။
‘မောင်ပုည၊ မောင်ပုည၊ စိတ်ကို လျော့ပါ ငါ့လူရယ်။ စိတ် မတိုပါနဲ့။ နောက်ထပ် ငါးမိနစ် ဆိုရင် အိမ် ပြန်ရောက်တော့မှာပါ။ မင်း အမေကြီးလက်ထဲ ရောက်တော့မှာပါ။ စိတ်အေးအေးထားပါ မောင်ပုညရယ်။’
သည်လောက် ဂကျီဂကြောင် ကျပြီး သောင်းကျန်းလွန်းတဲ့ မြေးငယ်ကို တချက် မအော်၊ မညီးမညူ ချော့မော့ ပြောနိုင်တဲ့ အဘိုးရဲ့ သည်းခံနိုင်စွမ်းကို ဈေးဝယ်သူ အမျိုးသမီးသာမက တဈေးလုံး ဈေး ဝယ်သူတွေရော၊ ဈေးအလုပ်သမားတွေပါ တအံ့တသြ ဝိုင်းကြည့်နေကြတယ်။
အဘိုးဖြစ်သူကို စာနာ ချီးကျူးတဲ့ အကြည့်တွေနဲ့ ကြည့်နေသလို မြေးငယ်လေးကို စက်ဆုတ် အမြင်ကပ်စွာနဲ့ လက်ယားနေတဲ့ အကြည့်တွေကလဲ အပြည့်ပါ။
အဘိုးရဲ့ သူ့မြေးငယ်အပေါ် ထားတဲ့ မေတ္တာ၊ သည်းခံစွမ်းကို အားကျစွာနဲ့ ဈေးဝယ်သူ အမျိုးသမီးဟာ ဆိုင်အပြင်မှာ ထို မြေးအဘိုး အနောက်ကို နောက်ယောင်ခံ လိုက်ခဲ့မိတယ်။ အဘိုးဟာ ဈေးဝယ်လာတဲ့ ပစ္စည်းတွေနဲ့ မြေးငယ်ကို ကားထဲထည့်နေစဉ်မှာ သူမဟာ နဘေးကို အသာချဉ်းကပ်ပြီး စကားစလိုက်တယ်။
“ဦးလေး။ ကျွန်မ ကိစ္စမဟုတ်လို့ စပ်စုတယ် မထင်ပါနဲ့ ဦးလေးရယ်။ ဒါပေမယ့် ဈေးထဲမှာ ဦးလေးကို ကျွန်မ ချီးမွမ်းလို့ မဆုံးဘူး။ ဦးလေး ဘယ်လို သည်းခံနိုင်တယ် တွေး မရဘူး။ တချိန်လုံး ဦးလေးဟာ အိန္ဒြေ လုံး၀ မပျက်ဘူး။ ဦးရဲ့ မြေးကလေးက သည်လောက် ဆူပူ၊ အော်ဟစ်၊ သောင်းကျန်းနေတာကို တချက်ကလေးမှ မဆူမဟောက်တဲ့ အပြင် လေသံအေးလေးနဲ့ ပြီးတော့မှာပါ၊ အိမ် ပြန်ရောက်တော့မှာပါ နဲ့ ချော့နိုင်တယ်နော်။ ဦးလေးလို အဘိုးမျိုးကို ရတာ မောင်ပုညလေး သိပ် ကံကောင်းတာပဲ။”
ကံကောင်းတယ် သာ နှုတ်က ပြောတာ၊ အမျိုးသမီးဟာ မြေးငယ်ကို ရွံ့တွန့်တွန့် အကြည့်နဲ့ စွေ ကြည့်မိတယ်။
“ကျေးဇူးတင်ပါတယ် မိန်းကလေးရယ်။” အဘိုးလုပ်သူက အမျိုးသမီးကို ကျေးဇူးတင် စကား ပြောပါတယ်။
ကားတံခါးကို ပိတ်ရင်း တဆက်တည်း ပြောလိုက်တာကတော့ …..
“ဒါပေမယ့် မောင်ပုည ဆိုတာက ကျုပ် နာမည်။ သည် မျောက် ထိုင်ငိုရလောက်တဲ့ သတ္တဝါလေး နာမည် မဟုတ်ဘူး။”
(ဆီလျော်အောင် ဘာသာပြန်ထားသော စာစုလေး ဖြစ်ပါတယ်။)

No comments:
Post a Comment