Friday, October 4, 2013

ကိုယ်စောင့်နတ်

          သူ လမ်းလျှောက်လာတုန်း ရုတ်တရက် အနောက်ကနေ အသံ တခု ကြားလိုက်တယ်။

          “နောက်ထပ် ခြေတလှမ်း ဆက်လှမ်းရင် မိုးပေါ်က ကျလာတဲ့ အုတ်ခဲ ခေါင်းအပေါ် တဲ့တဲ့ ထိပြီး မင်း အသက် ထွက်သွားလိမ့်မယ်။”

          ထိတ်လန့်စွာနဲ့ လှမ်းနေတဲ့ ခြေလှမ်း ရပ်မိချိန်မှာ သူ့အရှေ့ လမ်းပေါ်ကို အုတ်ခဲတလုံး ပြုတ်ကျလာတာ တွေ့လိုက်ရတယ်။ အံ့သြ ထိတ်လန့်စွာနဲ့ စိတ် လှုပ်ရှားသွားမိတယ်။ 'တကယ်လို့များ မရပ်ပဲ ခြေတလှမ်း ဆက်လှမ်းမိခဲ့ရင်' ဆိုတဲ့ အတွေးက ရင်ကို ခြောက်ခြားစေတယ်။

           ဆက်လက်လို့ လျှောက်လှမ်းခဲ့ရာ ခေတ္တအကြာမှာ လမ်းဆုံကို ရောက်လို့ လမ်းထောင့်ကနေ လမ်း ဖြတ်ကူးဘို့ ဟန်ပြင်လိုက်မိတယ်။

           တချိန်ထည်းမှာ စောစောက ကြားခဲ့ဘူးတဲ့ အသံက အနောက်ကနေ ထွက်လာပြန်တယ်။

           “လမ်း မကူးနဲ့ဦး၊ ငြိမ်ငြိမ် ရပ်နေ။ နောက် ခြေတလှမ်း အရှေ့ကို လှမ်းလိုက်တာနဲ့ မင်းကို ကား ဖြတ် ကြိတ်ပြီး နေရာတင် သေသွားလိမ့်မယ်။”

           ကြောင့်ကျစိတ်နဲ့ အသံက သတိပေးတဲ့အတိုင်း ရပ်နေလိုက်တယ်။ တချိန်တည်းမှာ လမ်းအချိုးကနေ ကားတစီး အရှိန်ပြင်းစွာကွေ့ချိုးလာပြီး သူ့အရှေ့ကသီသီကလေး ပွတ်ကပ်မောင်းချသွားတယ်။

           တထိတ်ထိတ် ခုန်နေတဲ့ ရင်ခုန်သံ မပြယ်ခင် ကတုန်ကရင် မေးလိုက်မိတယ်။

           “အခု သတိပေးနေတာ ဘယ်သူလဲ”

           သည်မှာ ငြင်သာတဲ့ အသံလေးနဲ့ ပြန် ဖြေလာတာက -

          “အခုပြောနေတာ မင်းရဲ့ ကိုယ်စောင့်နတ်ပါ”

          “အော် အဟုတ်လား” …

           သည်မှာ သူ တဆက်တည်း ပြန် မေးလိုက်မိတာကတော့ …

           “ဒါနဲ့များ … ကျုပ် (ကျွန်မ) အိမ်ထောင် ပြုမယ် ဆိုတုန်းက ဘယ် ရောက်နေတာတုန်း၊ ဘာလို့ မတားခဲ့သလဲ … ကဲ ပြော။”

(ဆီလျော်အောင် ဘာသာပြန်ထားသော ဟာသ စာစု ဖြစ်ပါသည်။)


မာလုစံ
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၃

 

No comments: