Sunday, October 20, 2013

အမေနှင့် သူ၏ အဖွဲ့သားများ

(စိန်ဂျွန်းကျောင်းသားဟောင်းများ အသင်း၊ ၇၅ နှစ်မြောက် စိန်ရတု အမှတ်တရ၊ စွမ်းအားမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ဘူးပါသည်။)

အမေ့အိမ်သည် စင်စစ်အားဖြင့် ယခုခေတ် အနေနှင့် မကျဉ်းလှ။ နှစ်ဆယ်ရာစု လူနေထူထပ်သော မြို့ကြီးများရှိ အိမ်ခန်းနှင့် လူဦးရေ နှိုင်းယှဉ်ချက် အတိုင်းဆိုလျှင် အတန်အသင့် ကျယ်သည်ဟု ဆိုရပေမည်။

အိမ်က နှစ်ထပ် ရှိသည့်အနက် အပေါ်ထပ်သည် အိပ်ခန်းများ ဖြစ်သည်။ အောက်ထပ်မှာတော့ အိမ်၏ စီးပွားရေး ပြုလုပ်ရာနှင့် မီးဖိုချောင်၊ ဧည့်ခန်း အစရှိသည်တို့ဖြစ်သည်။ အိမ်၏ အပေါ်ထပ်တွင် ရေချိုး ခန်းနှင့် တွဲလျက် အိမ်သာ ရှိသလို အောက်ထပ်တွင်လည်း ရှိပေသည်။

အမှန်စင်စစ် ပြဿနာက ဒီက စသည်။ အဲဒီ ရေချိုးခန်း အိမ်သာမှ စသည်။

ဟိုး အယင် တခေတ်တခါက ဒီအိမ်မှာ အဘိုးရယ်၊ အဘွားရယ်၊ အမေရယ်၊ အဒေါ်ရယ်ပဲ နေသည်။ နောက် အဖေနှင့် အမေ အိမ်ထောင်ကျတော့၊ ဘိုးဘိုးနှင့် ဘွားဘွားရယ်၊ ဖေဖေနှင့် မေမေရယ်၊ ဒေါ်ဒေါ်ရယ်ပေါ့။

နောက်တော့ သားကြီး၊ ပြီး သားလတ်၊ တခါ သမီးကြီး၊ သမီးလေး၊ နောက် သားထွေး၊ လူတွေက တဖြည်းဖြည်း ပွား များလာသည်။ ဘိုးဘိုးနှင့် ဘွားဘွား မရှိပြီးသည့်နောက် သားက အိမ်ထောင်ကျတော့ ချွေးမ၊ သမီးတယောက် ထပ်ရသည်။ ထိုမှတဖန် သမီးပိစိကွေးလေး၊ အမေ့ မြေးကလေး ရလာပြန်သည်။

ပျော်ရွှင်စွာ နေလာကြသော ဒီအိမ်ထဲက ဒီမိသားစုထဲမှာ ဒီပြဿနာ စလာသည်မှာ သိပ်မကြာသေးဟု အမေ ထင်သည်။

အမေ့အိမ်မှာ အိပ်ခန်းတွေ အသီးသီးနှင့် နေကြရာ အမေ့အိပ်ခန်းမှာ အိမ်၏ နောက်ဘက် အစွန်ဆုံး အခန်း ဖြစ်၏။ အမေ့ အခန်းနဘေးမှ အခန်းကျယ်မှာ စာကျက်ကြ၊ စကားပြောကြနှင့် အမြဲ လူစုမိသော အခန်းဖြစ်ပြီး၊ ထို အခန်းဘေးက အခန်းငယ်မှာ အိမ်သာနှင့် ရေချိုးခန်း ဖြစ်သည်။ အမေသည် ညဘက်တွင် စာရေး စာဖတ် အလုပ် လုပ်သည်။ ညလယ်တွင် ထပြီး အိမ်တံခါးတွေကို စစ်ဆေးတတ် သည်။ ညရေးညတာ စိတ်မချ၍ အမေ ကောင်းစွာ အိပ်၍ မရ။ အိမ်ကို သူခိုး သုံးခါ ဝင်ပြီးကတည်းက အမေ သွေး လန့်သလို ဖြစ်နေသည်။ ဒီလို ညဘက်မှာ ကောင်းစွာ အိပ် မပျော်တတ်သော အမေသည် နံနက် လင်း၊ အာရုဏ် လာကာနီးမှ စိတ်ချလက်ချ အိပ်စက် တတ်သည်။

ဒီတော့ နံနက် အာရုဏ်ဦး အများသူငါ အိမ်သားတွေ နိုးထကာစ အချိန်သည် အမေ နှစ်နှစ် ချိုက်ချိုက် အိပ်ပျော် လေသော အချိန်။ ဒီလို အချိန်မှာ ပထမဦးဆုံး နိုးလာတတ်သူက အဖေ။ အဖေသည် ရေချိုးခန်း ဝင်၊ မျက်နှာ သစ်ပြီး ဘုရား ရှိခိုးသည်။ ပြီးတော့ အဆာပြေ အနည်းငယ် စားပြီး လမ်းလျှောက် ထွက်သွားသည်။

ပြီးတော့ အမေ့သားတွေ သမီးတွေ အသီးသီး နိုးကြသည်။

အိမ် အပေါ်ထပ်၌ မိသားစုတွေချည်းမို့ ရေချိုးခန်း အိမ်သာသည် ပစ္စည်း စုံလင်စွာ ရှိသည်။ အောက်ထပ်၌မူ အများသုံးမို့ ပစ္စည်းက တော်သင့်ရုံသာ ထားသည်။ အလုပ်သမားတွေလဲ သုံး၊ ဧည့်သည်ရော ဈေးဝယ်က အစ အသုံးပြုကြသည်မို့ အဒေါ်က သင့်တင့်ရုံသာ ထားပေးသည်။

ဒီတော့ အမေ့ သားသမီးများသည် အောက်ထပ်မှ အခန်းကို မသုံးချင်ကြ။ အသုံးပြုမည် ဆိုလျှင်လည်း လိုအပ်သော ပစ္စည်းများ၊ သုံးနေကျ ပစ္စည်းများကို သယ် သွား၊ ပြန် တင်ရသည်မို့ အလုပ်ရှုပ်သည် ဆိုကာ သူတို့ စိတ် ညစ်ကြသည်။ ထို့ကြောင့် အိမ်၏ အပေါ်ထပ်မှ အခန်းကိုသာ အသုံးများကြသည်။

အထက်တန်းကျောင်းမှာ သူတို့ ပညာသင်ကြားစဉ် အရွယ်က နံနက်တိုင်လျှင် အမေနှိုးသောအချိန်တွင် သူတို့ အိပ်ရာမှ ထကြသည်။ ကလေးတို့ ထ သင့်သောအချိန်တွင် အမေသည် အကြီးဆုံး တယောက်ကို နှိုးလိုက်ရုံသာ ဖြစ်သည်။ သားကြီး မျက်နှာသစ်၊ ရေအိမ်ဝင်၊ ရေချိုးပြိးလျှင် သားလတ်ကို နှိုးသည်။ သားလတ်ပြီးတော့ သမီးကြီး။ ပြီးတော့ အငယ်များကို ကြီးစဉ်ငယ်လိုက် နှိုးသွားကြသည်။ သားသမီးတွေ အားလုံး နံနက် အိပ်ယာထ သန့်စင်ပြီး သူတို့အခန်းတွေထဲ ကျောင်းသွားဘို့ ပြင်ဆင်ရန် ရောက်ကာမှ လမ်းလျှောက်ထွက်ရာမှ ပြန်လာသော အဖေ ရေချိုးသည်။ ပြီးတော့ တစုတဝေးတည်း နံနက် စာ စားကြသည်။ ဒီလိုပုံစံနှင့် လည်ပတ် လာခဲ့သည်မှာ သားတို့ သမီးတို့ အရွယ်ရောက်သည့် တိုင်ပင်။

သား အကြီးဆုံး ဆယ်တန်းကို ရောက်တော့ ခေတ်မီစွာနှင့် ကျူရှင် တဘာသာ ယူပေးလိုက်သည်။ သားအလတ် ဆယ်တန်းကို ရောက်တော့ မနက်၊ ည နှစ်ဘာသာ ယူပေးသည်။ သမီးကြီး အလှည့်ကျတော့ လေးဘာသာ ဖြစ်သွားသည်။ ကျူရှင်တခုက နှစ်ဘာသာ၊ တလက်စတည်း ယူလျှင် ဈေးလျှော့ ပေးသည် တဲ့။

ဒီအချိန်မှာ သားကြီး နှစ်ယောက်က တက္ကသိုလ် ရောက်ပြီ ဖြစ်သည်။ တယောက်က နံနက် သင်တန်း၊ တယောက်က ညနေ သင်တန်း။ သမီးကြီးက ကျူရှင်မီရန် ခြောက်နာရီ ကတည်းက အိပ်ယာမှ ထ သွားရသည်။ အငယ်နှစ်ကောင်ကမူ ပုံမှန် ကျောင်းချိန် ကိုးနာရီ ကျောင်းတက်တုန်းပဲ ရှိသေးသည်။

သည့်နောက်မှာလည်း တနှစ်ပြီး တနှစ် အချိန်တွေ ကုန်လာရာမှ သားကြီးက တချိန်၊ သားလတ်က တချိန်၊ တက္ကသိုလ် ရောက်လာတဲ့ သမီးကြီး ကလည်း တချို့နှစ်တွေ အစ်ကိုကြီးနှင့် အချိန်တူပြီး တချို့နှစ်တွေ အစ်ကိုငယ်နှင့် အချိန် တူခဲ့သည်။ ဒီအချိန်တွေမှာ သမီးငယ်ကလည်း ဘာသာစုံ ကျူရှင်နှင့် မိုး လင်းမှ မိုးချုပ် လုံးလည် ချာလည် လိုက်နေသည်။

သားငယ် ဆယ်တန်းရောက်သောနှစ်မှာ သူ့အစ်ကိုကြီးက လုပ်ငန်းခွင် ဝင်သွားပြီ ဖြစ်သည်။ ကျန် အလတ် သုံးယောက်မှာ တက္ကသိုလ်ဝယ် မတူညီသော အချိန်ဇယားများနှင့် တဦးက အဝင်၊ တဦးက အထွက် မျက်နှာချင်း မဆိုင်ကြရ။

ဤသို့သော အချိန်မှာပင် ကလေးတို့ အဖေ ဆုံးပါးခဲ့လေသည်။

တဘ၀ အနားယူသွားသော သွားလေသူအား တမ်းတ လွမ်းဆွတ်စိတ်ကို မျိုသိပ်ယင်း အမေသည် အဖမဲ့ သားသမီး ကလေးတွေကို ငါသည်ပင် အဖေ၊ ငါသည်ပင် အမေ ဟု အုပ်ထိန်းယင်း ဘဝလမ်းမှာ ရှေ့ဆောင်ရပြန်သည်။

သမီးငယ် ဘွဲ့ ရပြီး အလုပ် စဝင်သော နှစ်မှာပင် ဒီကိစ္စက စပြီး ဖြစ်လာရသည်။

ပြောခဲ့ပြီးသလိုပင် အမေသည် ညဉ့်နက်သန်းခေါင် မအိပ်မနေပဲ မိုးလင်းကာနီးမှ အိပ်ပျော်တတ်သူ ဟု။

နံနက် မိုးသောက်စ မှေးမှေး၊ မှေးမှေးနှင့် အိပ်ကောင်းဆဲမှာ အမေ့နားထဲ၌ တဒေါက်ဒေါက်နှင့် ကြားလာရ၍ မနိုးထက်ဝက် နိုးထက်ဝက်နှင့် နားစွင့်မိသည်။

“ဒေါက် … ဒေါက် …၊ ဒေါက် ... ဒေါက် …”

အသံက အုပ်အုပ်ကလေး ခေါက်နေပေမယ့် တဒေါက်ဒေါက်နှင့် သိသာစွာ ကြားနေရသည်။

“ကျွီ …..”

ဒါကတော့ တံခါး ဖွင့်သံပင်။

ဘယ် တံခါးလဲ … ၊ ရေချိုးခန်း တံခါးလား၊ အိမ်ရှေ့ခန်းကို ထွက်သော တံခါးလား။ အိပ်ချင်စိတ် တဝက်နှင့် အမေ တွေးမိသည်။

“အထဲမှာ ဘယ်သူလဲ”

“မမငယ်”

“မပြီးသေးဘူးလား”

“ရေ ချိုးနေတယ် ထင်တယ်”

“တံခါး ခေါက် လိုက်လေ”

“ခေါက် ပြီးပြီ”

“နင် ဘာလုပ်မှာလဲ၊ မျက်နှာ သစ်မလို့လား။ မမ ခဏလေး ဝင်ချင်တယ်”

အသံ အုပ်အုပ်ကလေးတွေနှင့် ပြောနေကြယင်းက အကြီးမ၏ စကားကို ပြန်ဖြေသော အငယ်ကောင် ၏ အသံက နည်းနည်း ကျယ်သွားသည်။

“ကျွန်တော်လည်း အိမ်သာ တက်ချင်လို့”

ထို့နောက် တဒေါက်ဒေါက် ခေါက်သံ ကြားရပြန်သည်။

“ကျွီ ….” ဒါက တံခါး ဖွင့်သံ၊ ပြီးတော့ တဆက်တည်း သမီးငယ်၏ အသံကို ကြားရသည်။

“ဘာလဲ၊ ဘာလို့ ခဏခဏ ခေါက်နေတာလဲ”

“ဒီမှာ ဝင်ချင်လို့၊ ခဏ ထွက်ပေးစမ်းပါ”

“ဖြစ်လိုက်ယင် အသည်းအသန်၊ ဒီမှာ ရေတောင် မချိုးရသေးဘူး”

“ပြီးမှ ချိုးပါဗျာ”

အသံတွေ တိတ်သွားသည်။ တခဏ ကြာတော့ တံခါးဖွင့်သံ၊ ဖိနပ်ချွတ်သံ၊ ဖိနပ်စီးသံ၊ တံခါး ပိတ်သံ ကြားရ ပြန်သည်။

“မငယ်၊ မမကြီး ထွက်ယင် ကျွန်တော် မျက်နှာ သစ် လိုက်မယ်နော်၊ ခဏလေးပဲ”

“ဟဲ့ … ငါ ရေ မချိုးရသေးဘူး”

“မျက်နှာ သစ်တာ ပို မြန်ပါတယ်”

“ငါတော့ ရုံး နောက်ကျတော့မှာပဲ”

အငယ်ကောင်နှင့် သမီးငယ် အချီအချ ပြောသံကြားဝယ် စကားသံ တသံ ဝင်လာသည်။

“အထဲမှာ ဘယ်သူလဲ”

“မမ”

“ဝင်တာ ကြာပြီလား”

“အခုတင်ပဲ”

သားကြီး၏ မေးခွန်းကို သားငယ်က ဖြေအပြီးဝယ် သမီးငယ်၏ အသံကို ကြားရသည်။

“မီးမီး ရေချိုးနေတုန်း သူတို့ ဝင်ချင်လို့ ခဏ ထွက်ပေးရတာ၊ အချိန်တောင် တော်တော် ကုန်သွားပြီ”

သမီးငယ်၏ ပြောစကားက သူ့အမ ထွက်လာယင် သူ ဝင်မယ်ပေါ့။ သားငယ်ကလည်း အားကျ မခံ။

“ကျွန်တော်လဲ ပရက်တီကယ် ရှိတယ်ဗျ၊ မျက်နှာတောင် မသစ်ရသေးဘူး။”

“အို … ကျုပ်တို့က ရေချိုးပြီးယင် သနပ်ခါး လိမ်းရမှာနဲ့ ဘာနဲ့ ကြာဦးမှာ၊ ယောက်ျားလေးက ခေါင်းဖြီးရုံပဲ၊ မြန်ပါတယ်။ နောက်မှ ဝင်”

ထိုအချိန်မှာပင် တံခါးဖွင့်သံ ကြားရပြီး တဆက်တည်း ‘ကြာလိုက်တာ’ ဟူသော သားကြီး၏ အပြစ် တင်သံကို ကြားရသည်။

“အမြန်ဆုံး ပဲ၊ ဒါတောင် မျက်နှာ မသစ်ရသေးဘူး၊ ဘယ်သူ ဝင်မှာလဲ၊ မြန်မြန် လုပ်ကြနော်”

သမီးကြီး၏ မေးသံ အဆုံးဝယ် သားငယ်နှင့် သမီးငယ်တို့၏ အသံကို လွှမ်းပြီး သားကြီး၏ အသံကို ကြားလိုက်ရ၏။

“ခဏလေးဟာ … ကိုကြီးက အိမ်သာ တက်ချင်လို့။ ထွက် တော့မယ်။”

တံခါးပိတ်သံ ကြားရသည်။ တိုးတိုး ပြောနေကြပေမယ့် အသံများကို အတိုင်းသား ကြားနေရသည်မို့ အမေ အိပ်၍ မရတော့။

“ဗွမ်း … ဗွမ်း …”

အတန်ကြာသော် ရေချိုးခန်းအတွင်းမှ ရေလောင်းသံနှင့်အတူ သားတို့သမီးတို့၏ အသံကို ကြားလိုက် ရသည်။

“ဟာကွာ … ကိုကြီး၊ ရေ တခါတည်း ချိုးနေပြီ”

“ဟယ် … တကယ်ပဲတော့”

“အေးလေ … နောက်ဆုံးမှ နိုးပြီး ဗိုလ်ကျတယ်”

မှေးစက်လုလု အမေ၏မျက်လုံးများ ပြန်ကျယ်လာရပြန်သည်။ အိပ်ကောင်းနေဆဲ နိုးလာရ၍ အိပ်ရေး က မဝမလင် တွင် သားတို့ သမီးတို့၏ စကားသံတွေကြောင့် စိတ်တိုစ ပြုလာသည်။

“ကျွီ … ဂျိုင်း …”

ရုတ်တရက် ပေါ်လာသော အသံကြောင့် အမေလန့်သွားသည်။ ညက ညဉ့်နက်မှ အိပ်သည်ကို သိပါလျက်နှင့် နံနက် စောစောစီးစီး တံခါးကို ဖြည်းဖြည်း မဖွင့်ကြ။ အမေ ဒေါသကို ထိန်း၍ မရတော့ပါ။

“ဘယ်သူလဲ … အမေ အိပ်နေတာ မသိဘူးလား”

အမေ အော်မေးသံအောက်မှာ ရုတ်ချည်း တိတ်ဆိတ်သွားသည်။ အသံတွေကို တစိုးတစိမှ မကြားရ။ အတန်ကြာမှ …

“သားပါ မေမေ”

အလတ်ကောင်၏ ကျို့ယို့သော အသံ။ ယခုမှ အိပ်ရာမှ နိုးလာဟန် ရှိသည်။

“မင်းတို့ ဂါရဝတရား နည်းနည်းမှ မရှိကြဘူး။ ကိုယ့်အမေ အိပ်နေတာ သိကြတယ် မဟုတ်လား”

“မတော်လို့ပါ မေမေ၊ ဖြည်းဖြည်း ဖွင့်ယင်း မြည်သွားတာပါ”

“ဆင်ခြေ ပေး မနေနဲ့၊ ကြမ်းတမ်းတာ အမေ မကြိုက်ဘူးလို့ ပြောထားတယ် မဟုတ်လား”

အိပ်ချင်စိတ်ကလေး ပြေသွားမည်စိုး၍ ဤမျှသာ ရပ်ထားလိုက်သည်။ ထို့နောက်သော် ရေချိုးခန်း တံခါး ဖွင့်သံနှင့် အတူ …

“အဲဒီ ကိုကြီးက တကယ်ပဲ၊ သမီး ရုံး နောက်ကျတော့မယ်”

“အံမယ် … ငါလဲ နောက်ကျမှာ စိုးလို့ပေါ့ဟ”

“ကဲ … ကဲ … ၊ ရေချိုးမယ့်လူတွေ ခဏနေပါဦး၊ ကိုလတ် ခဏ ဝင်ပါရစေ”

“လာပြန်ပြီ တယောက်”

အလုအယက် ပြောသံတွေကို အမေ လုံး၀ သည်း မခံနိုင်တော့။

“ကဲဟေ့ … မင်းတို့ဟာတွေ မပြီးနိုင်တော့ဘူးလား။ ကိုယ့်ကိစ္စ အရေးကြီးလဲ နည်းနည်းပါးပါး ဝီရိယလေး စိုက်ပြီး အိပ်ယာက စောစော ထကြပါလား”

အိပ်ရာထဲမှာ ထ ထိုင်ယင်း အမေ အော်မိသည်။

“မီးမီး စောစော ထပြီး ဝင်တာပဲ၊ သူတို့ တံခါး ခေါက်ပြီး အတင်း ထွက် ခိုင်းလို့ ထွက်ပေးရတာ”

“အိမ်သာ တက်ချင်လွန်းလို့ ခဏ ထွက်ခိုင်းတာပါ”

တယောက် တပေါက် ဆင်ခြေပေးကြပေမယ့် အမေ့နားထဲ မဝင်တော့ပါ။

“တော်ကြစမ်း၊ ပြောလိုက်ယင် ဒါပဲ။ ညဆို အမေ့မှာ အိပ်လို့ ရတာ မဟုတ်ဘူး။ မနက်ခင်းလေးပဲ အိပ်ရတာ။ ဒါကိုပဲ မသိတတ်ကြဘူး။ သံပုရာမျိုးတွေ”

ခြင်ထောင်ကို မ ဖယ်ပြီး အမေ အခန်းဝကို သွား ရပ်လိုက်သည်။ အမေ့ကို မရဲတရဲကြည့်ယင်း မျက်နှာ ငယ်ကလေးတွေ ကိုယ်စီ ရှိနေကြစဉ် ရေချိုးခန်းတံခါး ပွင့်လာပြန်သည်။ ကျန် သုံးယောက် အလု အယက် ဝင်မည် ပြုကြသည်။

“အောက်ထပ်ကိုလဲ တချို့တလေ သွားကြပါလား။ ယောက်ျားလေးတွေ အောက်ကို သွားကြ”

“အောက်ထပ်မှာ ဆပ်ပြာ မရှိဘူးလေ အမေရဲ့”

“အပေါ်က ယူ သွားပေါ့”

“မိငယ် ဝင်သွားပြီ။ ဘယ်လိုလုပ် ယူလို့ ရတော့မှာလဲ အမေရဲ့”

“အေး … ကောင်းတယ်၊ မင်းတို့ ကိုယ့်ကိစ္စတောင် ကိုယ် ဖြေရှင်းလို့ မရနိုင်တဲ့ ဟာတွေ၊ အိမ်မှာ ဆပ်ပြာ တခွက်ပဲ ရှိကြသလား”

စိတ်ပေါက်ပေါက်နှင့် အမေ အော်ဟစ် ဆူလိုက်သည်။ သူတို့တတွေ ကလေးဘဝတုန်းကတော့ ကိုယ့်သြဇာ အောက် တသွေး တသံ တမိန့်။ အခုတော့ ဒီလို မဟုတ်ကြတော့။ အရွယ်ရောက်စ ကတည်းက ကိုယ်က အိပ်ခိုင်းပေမယ့် အိပ်ချင်မှ အိပ်ကြသလို ထ ခိုင်းပေမယ့် မထချင်ယင် မထကြ။

အတန်းမရှိလို့ အိပ်ပါရစေ။ ကျူတိုရီရယ် ရှိလို့ စာကျက်ပါရစေ ဆိုတာကို မအိပ်နဲ့ ထ၊ မကျက်နဲ့ အိပ်လို့ ဘယ်လိုမှ ပြောလို့ မရ။ အယင်က အတန်းချိန် အလုပ်ချိန် မတူကြ၍ ပြဿနာ မရှိခဲ့ပေမယ့် အခုတော့ အလုပ်ခွင် ဝင်နေကြပြီမို့ တချိန်တည်းသော အလုပ်ချိန်ကို သူတို့ လုနေကြသည်။ ဒီတော့ အမေ ဘာ လုပ်ပေးရမည်နည်း။

အိပ်ရေး မဝမလင်နှင့် အမေ ပြန်အိပ်၍ မရတော့။ နေ့ခင်းဆို ပို ဆိုးသေး၊ တယ်လီဖုန်း ကိုင်ရတာနှင့်၊ မြေး ထိန်း ရတာနှင့်၊ အိမ်မှုကိစ္စ လုပ်ရတာနှင့် အိမ်ရှင်မ တာဝန်ဆိုတာ ပြစရာ မရှိပေမယ့် မအားရ အောင် အလုပ်က များသား။

ဒီလိုဆိုတော့ သူတို့ အဖေကို ပို၍ တမ်းတမိသည်။ သူ ရှိတုန်းကတော့ သားသမီးတွေလိုပဲ သူနဲ့လည်း တကျက်ကျက် တဆူဆူ ပြောဆိုနေရပေမယ့် သားတို့တတွေ မရှိတဲ့ နေ့လယ်ဆို အဖော်ရသား။ မြေးကလေးကို ကူ ထိန်းလို့၊ စကားစမြည် ပြောစရာ ပြောလို့၊ စိတ်ညစ်စရာ တွေ့လည်း ဖြေသိမ့်စကား ပြောလို့၊ ဦးဆောင်စရာ ရှိလည်း ရှေ့က နေလို့။

သြော် … အခုတော့ သူ မရှိတော့ ဒီအိမ်ထောင်ရဲ့ တာဝန်တွေ၊ ကိစ္စ အ၀၀တွေက အမေ့ရဲ့ ပခုံးပေါ်မှာပါလား။

တခြားကိစ္စတွေ အသာထားဦး၊ ဒီ သားသမီးတွေကိုပဲ အမေ နိုင်အောင် ကြည့်နိုင်ပါ့မလား။

ဒေါသဖြစ်နေရာမှ အောက်မေ့စိတ်ဖြင့် မျက်ရည် လည်လာသည်။ အယင်က အမေ မျက်ရည် လည်ယင် ချော့မည့်သူ ရှိသည်။ ယခုတော့ မရှိတော့။ မတတ်နိုင်ပါ။ ဒီသားသမီးတွေနှင့် ဘဝခရီးကို ချော မော ပြေပြစ်စေဖို့ အမေပဲ ထိန်းသိမ်း ပြုပြင် ပေးပြီး ဆက် လျှောက်ရဦးမှာပေါ့။

ခုတော့ ဒီတပ် (အဖွဲ့)၊ ကိုယ့်သားသမီးတွေ အပေါ်မှာ ကိုယ်က ဗိုလ် (ခေါင်းဆောင်) ဖြစ်လာပြီ မဟုတ်လား။


လေးစားစွာဖြင့်၊
မာလုစံ

No comments: