Friday, November 8, 2013

ဘယ်မှာလဲ မင်းရဲ့ ကား။

          အမျိုးသမီးတဦးဟာ ခင်ပွန်းသည်နဲ့ အတူ နေပူကြဲကြဲအောက်မှာ ဘတ်စ်ကား အလာကို စောင့်နေပါတယ်။
 
          နေ အပူဒဏ်က သက်သာအောင် အိမ်ထောင်ဘက် ယောကျ်ားဖြစ်သူရဲ့ အရိပ်ကို ရသလောက် ခိုမှီ ရှောင်ဖယ်ပေမယ့် ပြင်းပျတဲ့ အပူရှိန်ကို မရှောင်ရှားနိုင်ပဲ ချွေးတဒီးဒီး စီးကျနေတယ်။ နဖူးပြင်ထက်က ချွေးစီးတွေကို လက်နဲ့ အသာ သပ်၊ ဖယ်ချရင်း တညီးညီး တညူညူ ဖြစ်နေတဲ့ ဇနီးသည်ကို ကြည့်ပြီး အမျိုးသားက မလှမ်းမကမ်းက သစ်ပင် အရိပ်အောက်ကို ဆွဲခေါ်သွားတယ်။

          သစ်ပင်ရိပ်အောက်မှာ သူတို့လို သစ်ရိပ်ခိုနေကြသူ အချို့ တွေ့ရတယ်။ အေးမြတဲ့ အပင်ရိပ် အောက်မှာ အပူရှိန်ဒဏ်က လွတ်ကင်းစွာ အနေသက်သာပေမယ့် ဘတ်စ်ကား အရိပ်အယောင် မြင်ချိန်မှာ သူတို့လို သစ်ပင်အောက် အရိပ်ခိုနေသူ အားလုံးနီးပါး ဘတ်စ်ကားဂိတ်ဘက် အပြေးအလွှား ပြေးကြတာမို့ ထိုလူစုကိုလဲ မကျော်နိုင်၊ ကားဂိတ်မှာ နဂိုမူလ ရှိနေတဲ့ ကားစောင့်နေသူ လူအုပ်ကိုလဲ မတိုးနိုင်ပဲ ဘတ်စ်ကား အပေါ် တက်လို့ မရ၊ ကားဂိတ်မှာ သူတို့စုံတွဲ ကျန်ခဲ့ပါတယ်။

           သည်လိုသာ နေပူသက်သာအောင် သစ်ပင်အရိပ် သွားခိုနေရင် ဘတ်စ်ကားလာတိုင်း တက်လို့ မရ၊ ကျန်ခဲ့ပြီး အိမ်ကို ပြန်ရောက်တော့မှာ မဟုတ်လို့ ခင်ပွန်းသည်က ဇနီးသည်လေးကို ချော့မော့ပြီး နေပူထဲမှာ ဘတ်စ်ကားဂိတ်က မခွာဘို့ ဆွဲဆောင် စည်းရုံးနေရတယ်။

           မလှမ်းမကမ်းမှာ အမြန်ကားလေးတွေ ရပ်ပြီး လူတွေ ခေါ်နေရာမှာ နေပူဒဏ် မခံလို၊ ဘတ်စ် ကား ကြပ်ကြပ် မစီးလိုပဲ၊ အခြားနေရာမှာ အသုံးအစွဲ ဆင်ခြင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့ မျက်နှာမျိုးနဲ့ အချို့လူတွေ တုန့်ဆိုင်း တုန့်ဆိုင်း လိုက်ပါသွားပေမယ့် ထပ်ခါထပ်ခါ ရောက်လာတဲ့ ခရီး သည်တွေကြောင့် ကားဂိတ်မှာ လူတွေဟာ များဆဲ၊ စည်ကားဆဲ။

           ဘတ်စ်ကား နောက်တစီး အလာ စောင့်ရင်းနဲ့ အမျိုးသမီးလေးဟာ သူမတို့ ဇနီးမောင်နှံ နှစ်ယောက် လုပ်စာ ဝင်ငွေနဲ့ တလ တလ ကုန်ကျငွေကို စိတ်တွက် တွက်ရင်း အမြန်ကားခ ငွေ ပို ထွက်၊ မထွက် တွက်ကြည့်နေပါတယ်။ ဘယ်နှစ်ခါ ဘယ်နှစ်ကြိမ်၊ ဘယ်လို တွက် တွက်၊ ငွေ အပိုက ထွက် မလာ။

           “ကိုကို၊ မီးနဲ့ အိမ်ထောင်မကျခင် လူပျိုဘဝတုန်းက တနေ့ ဘီယာ ဘယ်နှစ်လုံး သောက်သလဲဟင်” ..... ဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်တဲ့ ဇနီးသည်ရဲ့ မေးခွန်းကြောင့် အမျိုးသားဟာ သူ့မိန်းမကို မျက်မှောင်ကြုတ် ကြည့်မိတယ်။

          “ဟာ အဲဒါ လူပျို ဘဝက သောက်တာပဲ။ အခု သောက်မှ မသောက်တော့တာ။” ..... သဘောက မိန်းမ အလိုကျ မသောက်တော့ပဲ ဖြတ်လိုက်သလိုလို ဖြေပေမယ့် တကယ်က သူ ရသမျှ လခ၊ မိန်းမ လက် အကုန် အပ်ရပြီး မိန်းမက ကားခ၊ ဆေးလိပ်ဘိုး၊ လက်ဘက်ရည်ဘိုး ကွက်တိ ပြန်ပေးလို့ ငွေပို မရှိ၊ သောက်ချင်လျက် မသောက်ရတာပါ။ အခု အမေး ခံလိုက်ရကာမှ သတိရပြီး တံတွေး တစီစီနဲ့ သောက်ချင်လာတယ်။
         
          သည်လို နေပူ ပြင်းပျ၊ ပူအိုက်တဲ့ နေ့မျိုးမှာ ဘီယာလေး ကြိတ်လိုက်ရလို့ကတော့ ခြောက်လုံးတွဲ တတွဲ အသာလေး ကုန်နိုင်ရဲ့။ အာခံတွင်းထဲ ဆို့တက်လာတဲ့ တံတွေးတွေကို ဂလု ကနဲ မျိုချပြီး ကသောကမျော ဖြေလိုက်မိတာပေါ့။

           “ဟုတ်ပါတယ်။ ကိုကို မသောက်တော့တာ မီးလဲ သိပါတယ်။ သောက်ချင်လဲ သောက်လို့မှ မရတော့တာ။ အိမ်လခ၊ ရေမီး အသုံးစရိတ်တွေ၊ အစားအသောက်ဘိုးနဲ့ ပိုက်ဆံမှ မပိုတာ။”

          သူ့မိန်းမ ပြောတာ မှန်ပါတယ်။ သူ လူပျိုဘဝက သူငယ်ချင်းတွေ စုပြီး အခန်း ငှားနေတော့ နေစရိတ် သက်သာတယ်လေ။ ရည်းစားနဲ့ ချိန်းတွေ့ရင် ဟိုဟိုသည်သည် လည်ပတ်တာ ကုန်ကျစရိတ် အကုန် ထုတ်ပေးနိုင်တဲ့ အပြင် ရံဖန် ရံခါ ရည်းစားကို လက်ဆောင်လေးတွေ ဝယ်ပေး၊ ကိုယ်ကလဲ ပုံမှန် ဘီယာလေး သောက်၊ အပန်း ဖြေနိုင်ခဲ့သေး။

           အခုတော့၊ အိမ်ထောင်ကျပြီးတော့ မိန်းမကို သူငယ်ချင်းတွေနဲ့ စုငှားတဲ့ အခန်းမှာ ထားလို့ မရ။ အိမ်ထောင်သည်ဆိုတော့ ဇနီးသည်ကို တင့်တောင့်တင့်တယ် ထားရမယ်လေ။ လုံးချင်းအိမ်ခန်း ငှားခ၊ ဘာညာ ဘာညာတွေ အခနဲ့ ကိုယ့်လခ တက်တက် ပြောင်ပါရောလား။ အရင်က မီးဘိုး၊  အမှိုက်ဘိုး ဆိုတာတွေက အခန်းစုနေတဲ့ သူငယ်ချင်းတွေ ဝေပုံကျ တွက်၊ စု ဝင် ထည့်တော့ ပေးရတာ သက်သာတာပေါ့။ အခုတော့ အိမ်မှာ ထွန်းသမျှ မီး၊ သုံးသမျှ ဓါတ်ငွေ့ ဘိုး၊ ကိုယ်ကပဲ အပြည့် ပေးရတယ်လေ။

           အသေးသုံး စရိတ်ကလေးတွေ မိန်းမက ထုတ်ပေးလို့သာ ဆေးလိပ်လေး ဖွာရ၊ လက်ဘက်ရည်လေး သောက်ရသေးတာ …. မယ်မင်းကြီးမ၊ ကျေးဇူးကြီးပါ့။ သူ အလုပ် လုပ် နေလို့သာပေါ့။

          အခုတော့ ကိုယ့်မှာ ငွေ ပိုလဲ မရှိ၊ မနက် မိုးလင်းကနေ မိုးချုပ် သူနဲ့ တတွဲတွဲမို့ ကိုယ် ဘာ လုပ်၊ ဘယ် သွား၊ ဘာ စားတယ် သူ သိပါလျက်နဲ့ ဘာလို့ သည်မေးခွန်း မေးရတာလဲ ယောကျ်ား ဖြစ်သူ နားမလည်။ သည်တော့ အူလည်လည်နဲ့ မိန်းမကို ပြန် မေးမိတယ်။

          “ဒါဆိုရင် ဘာဖြစ်လို့ ဘီယာ ဘယ်နှစ်လုံး သောက်ခဲ့တယ် မေးနေရတာလဲ။”

          “သိချင်လို့ပါ။ ကိုကို လူပျိုတုန်းက တနေ့ ဘယ်နှစ်လုံး သောက်သလဲ လို့။”

          ဖြေရင်းနဲ့ သူမက ထပ် မေးတယ်။ ကား စောင့်နေရင်း တခုခု ပြောနေရင် အချိန်ကုန်မှန်း မသိ၊ စိတ် သက်သာအောင် ဆိုပြီး အမျိုးသားက ပြန်ဖြေလိုက်တယ်။

          “တနေ့မှ နှစ်လုံး၊ သုံးလုံးပေါ့။"

          “ဟင် … ကိုကို့ အဖြေကလဲ။ နှစ်လုံးဖြစ် နှစ်လုံး၊ သုံးလုံးဖြစ် သုံးလုံးပေါ့။ ဘာလဲ နှစ်လုံး၊ သုံးလုံး ဆိုတာ။”

          “မဟုတ်ဘူးလေကွာ။ အလုပ်သွားရတဲ့ ရက်တွေ၊ ဟိုတုန်းက ကျောင်းသားဘဝက ကျောင်းကလဲ တက်ရတော့ ကြားရက်တွေမှာ တနေ့ နှစ်လုံး နဲ့ သောကြာညလို၊ စနေညလိုမှာ ပိုပို မိုမို သုံးလုံးလောက် သောက်ဖြစ်တာပေါ့။”

           “အော် အော် … ဒါဆို ထားပါတော့၊ တနေ့ နှစ်လုံးနဲ့ ငါးရက် ရယ်၊ အလုပ်ပိတ်၊ ကျောင်း ပိတ်တဲ့ နှစ်ရက်မှာ တနေ့ သုံးလုံးနဲ့ နှစ်ရက်ဆိုတော့ စုစုပေါင်း တပတ်ကို ၁၆ လုံးပေါ့။”

          မိန်းမ ဘာကို ဆိုလိုချင်လို့ ဦးတည် မေးနေတယ် ဆိုတာ စဉ်းစားမရ။ အူတူတူ အကြည့်နဲ့ ခင်ပွန်းသည်က ခေါင်းညိမ့် ပြ၊ သဘော တူလိုက်တယ်။

          “တပတ်ကို ဘီယာ ၁၆ လုံး ဆိုရင် တနှစ်ကို ဘီယာ ၈၃၂ လုံး။ ကိုကို အသက် ၂၁ နှစ် ကတည်း က စသောက်တာလား။”

          “ဒါပေါ့။ အသက် ၂၁ နှစ် တရားဝင် သောက်ခွင့် ရချိန်ကို လက်ချိုး စောင့်နေခဲ့တာ။ အသက် ပြည့်တာနဲ့ စ သောက်တာပဲ။”

           ဘာကြောင့်ရယ် မသိ။ သည်အဖြေကို ဝင့်ကြွားသလို၊ လေသံမြှင့် ဖြေမိတော့ နဘေးက မသိမသာ နားစွင့်နေတဲ့ ကားစောင့်ဖေါ် အချို့က သာသာလေး ပြုံးကြတယ်။

           “ဒါဆိုရင် မီးနဲ့ အိမ်ထောင် ကျချိန် အထိ ဆိုရင် အလုံးပေါင်း …. ” အမျိုးသမီးငယ်က သူမရဲ့ လိုတရ  ဖုန်းပေါ်က ဂဏန်းပေါင်းစက်ကလေးပေါ်မှာ တွက်ချက်နေပါတယ်။ ငယ်စဉ်က အပျော်အပါး ခုံမင်တာရယ်၊ အလုပ်ကလဲ အချို့ အချို့သော သူတွေလို အရာရှိကြီး မဟုတ်ခဲ့၊ လခ ကောင်းခဲ့တာ မဟုတ်တော့၊ ငွေပို ငွေလျှံ မစုမိခဲ့၊ ဒါကြောင့် အိမ်ထောင်ပြု နောက်ကျ ခဲ့တယ်လေ။ လူပျိုဘဝနဲ့ နှစ်တွေ ကြာခဲ့တယ်ပေါ့။

           “နောက်ပြီး ဘီယာ တလုံးကို ..… ဆိုတော့ အခု အလုံးပေါင်း ….. ” ဇနီးသည်က သူ အသက် ၂၁ နှစ် ကနေ စပြီး အိမ်ထောင်ကျချိန်အထိ လူပျိုဘ၀ နှစ်တွေမှာ စုစုပေါင်း သောက်ခဲ့တဲ့ ဘီယာအလုံးရေကို တလုံး ဘယ်လောက်ဆိုပြီး တန်ဘိုးကို ဈေးတွက် တွက်နေတယ်။

           “ဟယ် ….. ”

           တအံ့တသြ ဖြစ်သွားတဲ့ သူမ မျက်နှာကို ကြည့်ပြီး ယောကျ်ားက မအံ့သြပါ။ သူ အိမ်ထောင်ကျသည်အထိ လူပျိုဘ၀ နှစ်ပေါင်း မနည်းသလို၊ ဘီယာ အလုံးပေါင်းလဲ နည်းမှာ မဟုတ်။ သည်တော့ ပျမ်းမျှခြင်း ဈေးနဲ့ပဲ တွက်ဦးတော့ ကိန်းဂဏန်းက မြင့်မှာ အသေအချာ။

           မိန်းမငယ်ဟာ သူမ လက်ထဲက လိုတရ ဖုန်းပေါ်မှာ တွက်ထားတဲ့ ကိန်းဂဏန်းကို ခင်ပွန်းသည် မျက်နှာရှေ့ ထိုးပြလိုက်ရင်း မျက်နှာ အမူအယာက ချက်ချင်း ပြောင်းသွားတယ်။

           “သည်မှာ ကြည့်စမ်း။ လူပျိုဘဝက ရှင်သာ ဘီယာတွေ သောက်၊ ငွေ မဖြုန်းခဲ့ရင် ပိုက်ဆံ သည်လောက် လက်ထဲမှာ ရှိမှာ။ ဒါဆို ကား တစီး ကောင်းကောင်း ဝယ်လို့ ရတယ်။ ကျွန်မ အခုလို နေပူ ကြဲတဲမှာ ဒုက္ခ ခံနေစရာ မလိုဘူး။”

           ပြောင်းသွားတဲ့ မျက်နှာပေးနဲ့ လိုက်ညီစွာ သူဟာ ‘မီး ရဲ့ ကိုကို’ မဟုတ်တော့ပဲ ‘ကျွန်မ နဲ့ ရှင်’ ဖြစ်သွားရပြီ။

           မာရည်ကျောရည် ပြောလိုက်တဲ့ မိန်းမရဲ့ စကား၊ နဘေးမှ လူတွေရဲ့ ဝိုင်းကြည့်မှုတွေ အကြားမှာ သူ့မိန်းမကို ချက်ချင်း တုန့်ပြန် မေးလိုက်မိတယ်။

           “မိန်းမ … မင်းရော အပျိုဘဝက ဘီယာ မသောက်ခဲ့ဘူးလား။”

           “အမလေး … သောက်ဘို့ ဝေးလို့၊ အနံ့တောင် မခံဘူး ဘူး။”

           ဇနီးသည်က ဝင့်ကြွားကြွား ဖြေလိုက်အပြီးမှာ ခင်ပွန်းဖြစ်သူ ပြန်မေးလိုက်တာက ......

           “ဒါဆို ဘီယာဘိုး တပြားတောင် မကုန်ခဲ့တဲ့သူ … ဘယ်မှာလဲ မင်းရဲ့ကား”


(ဘာသာခြား ဟာသစာတို ကို ဆီလျော်အောင် ဖြည့်စွက် ဘာသာပြန်ထားပါသည်။)


လေးစားစွာဖြင့် -
မာလုစံ
အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၃

 

No comments: