ကောင်းကွက်ကို အတုခိုးတာ၊ လိုက်လံ ကျင့်ကြံ ကျိုးစားတာ လုပ်သင့်ပါတယ်။ ဒါပေမယ့် မသိတာ မတတ်တာကို တတ်သိသလိုလို ဟန်မဆောင်ကြပါနဲ့။
ဘဝမှာ အရေးပါတာကိုသာ အရာ လုပ်နိုင်ကြပါစေ။
ရက်စ် ရယ်၊ နိုး ရယ်၊ ထောင်ဒဏ် ရယ်။
တခါက လွန်ခဲ့သော နှစ်ပေါင်းများစွာက မြန်မာပြည်ကြီးကို နယ်ချဲ့လို့ ခေါ်တဲ့ တိုင်းတပါးသား အင်္ဂလိပ် လူမျိုးများ အုပ်စိုးစဉ် ကာလက ဖြစ်ခဲ့ပါတယ်။
မြို့ငယ်ကလေးတခုမှ လူငယ်လေးတဦးဟာ အထက်တန်းလွှာဆိုတဲ့ ရေပေါ်ဆီ လူတန်းစားတွေကို အလွန် သဘောကျ အထင်တွေ ကြီးနေခဲ့တယ်။
သူဟာ တောက်ပြောင်တဲ့ ခေတ်မီ အဝတ်အစားတွေ၊ ကောင်းပေ့ဆိုတဲ့ ကားတွေ၊ လှပတဲ့ နေအိမ် အဆောက်အဦးတွေနဲ့ အထူးသဖြင့် အင်္ဂလိပ်စကားကို သွက်လက်စွာ မပြောနိုင်တောင်မှ ဗမာလို ပြောနေစဉ်မှာ အင်္ဂလိပ် စကားလုံးတွေကို ဟိုတလုံး စ၊ သည်တလုံး ညှပ်နဲ့ တွင်တွင်ကြီး ထည့် သုံး ပြောသူတွေကို အလွန် စိတ် ဝင်စား၊ အားကျ နေခဲ့တယ်။
သူဟာ အလုပ်ကို အလွန် ကျိုးစားသူ ဖြစ်ပါတယ်။ အလုပ်ကို အလေးထား လုပ်သလို ရှာရတဲ့ ငွေကို ကျစ်လစ်စွာ စုဆောင်းပြီး အတတ်နိုင်ဆုံး သပ်ယပ်သေသပ်စွာ ဝတ်စားတတ်သူလဲ ဖြစ်တယ်။
တနေ့သော အခါမှာ သူဟာ သူ အလွန် အထင်ကြီး အားကျနေမိတဲ့ အထက်တန်းလွှာဆိုတဲ့ အသိုင်း အဝိုင်းက မိန်းကလေးတဦးနဲ့ ဆုံဆည်းခဲ့တယ်။ သူ့ သူငယ်ချင်းတွေရဲ့ သတိပေးသံတွေကို လျစ်လျူ ရှု၊ တသက်လုံး အတူကြီးပြင်းခဲ့တဲ့ သူ့အပေါ် မေတ္တာကြီးမားတဲ့ အိမ်နီးချင်း သူငယ်ချင်းမလေးရဲ့ ပူပန်မှုကို မျက်ကွယ် ပြုပြီး သူဟာ သူဌေးသမီး မိန်းကလေးကို ရင်းနှီးခွင့်ရအောင် ကျိုးစားခဲ့တယ်။ သူဌေးသမီးလေးကလဲ လက်ခံလို့ ချစ်သူ ရည်းစားတွေ ဖြစ်ခဲ့ကြတယ်။
သူဟာ စကားပြောရင် ‘I say’ (ပြောပြရဦးမယ်) နဲ့ စပြီး ‘my dear’/‘dear’ (ခင်မင်ရသော) နဲ့ စကား အဆုံးသပ်တတ်တဲ့ သူမရဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံ သိကျွမ်းခွင့်ရတာကို အလွန် ဝမ်း မြောက် ဂုဏ်ယူနေခဲ့တယ်။
အင်္ဂလိပ်စကားကို စာကြောင်းအပြည့် အစအဆုံးလဲ ပြောဘို့ မလိုဘူး။ ‘you know’ ဆိုပြီး အင်္ဂလိပ်လို စကား စပြီးရင် မြန်မာလို ဆက်ပြောပြီး ‘yes’, ‘no’, ‘oh my God’ နဲ့ ‘thank you’ ကို အဆင်ပြေသလို ထည့်ပြောပြီး ‘good bye’ နဲ့ အဆုံးသတ် နှုတ်ဆက်တတ်ရင်ပဲ သူမရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ အကြားမှာ ဝင်ဆန့်လို့ ရနေပြီ။ သူများ ပြောတာကိုလဲ ‘really’, ‘unbelievable’ နဲ့ ‘right’ ဆိုတာကို တွင်တွင် ပြောပြီး နားထောင်လိုက်ရုံပဲပေါ့။
တနေ့မှာ သူဌေးသမီးလေးရဲ့ အကိုက နှမဖြစ်သူနဲ့ သူနဲ့ ချစ်ရည်မျှနေကြတာ သိသွားပြီး သူ့ကို ရန်ရှာ၊ ကိုယ်ထိ လက်ရောက် တိုက်ခိုက်မှု ပြုခဲ့တယ်။ ရန်ပြုလာသူကို ခုခံကာကွယ်ခဲ့ပေမယ့် သူပါ အဖမ်းခံရပြီး အချုပ်ခန်းထဲ ရောက်သွားခဲ့တယ်။
အမှုရင်ဆိုင်ဘို့ တရားရုံးထုတ်လာတဲ့ နေ့မှာ သူ့ချစ်သူ မိန်းကလေးရဲ့ လူဂုဏ်တန် မိသားစုကို တရားရုံး အတွင်း တွေ့လိုက်ရချိန်မှာ သူ ပူပန်သွားမိတယ်။
စွဲချက်က လွတ်အောင် ရင်ဆိုင်ဘို့ထက် သူ့ချစ်သူ သူဌေးသမီးလေးနဲ့ သူမရဲ့ မိသားစုကို သူ အင်္ဂလိပ်လို မတတ်ကျွမ်းတာ မသိစေချင်တာက သူ့အတွက် ပို အရေးပါနေတယ်။ သည်တော့ သူ ဘာ လုပ်ရမလဲ သူငယ်ချင်းတွေကို အကြံ တောင်းမိတယ်။
စေတနာနဲ့ အတန်တန် သတိပေးခဲ့ပါလျက် သူတို့စကားကို အလေးမထားခဲ့ခြင်း ခံရသူ သူငယ်ချင်းများနဲ့ အိမ်နီးချင်း ငယ်သူငယ်ချင်းမလေးက အခုအချိန်အထိ ဟန်ဆောင်ပန်ဆောင် လုပ်ချင်နေသူကို နားလည်မှုအပြည့်နဲ့ အတတ်နိုင်ဆုံး အကြံကို ပေးခဲ့ကြတယ်။
“တရားသူကြီး ဘာပြော ပြော၊ ဟုတ်တယ် (yes) နဲ့ မဟုတ်ဘူး (no) ကို တလှည့်စီသာ ပြောလိုက်ကွာ။ အားလုံး အဆင်ပြေသွားမှာပါ။”
ထို့အပြင် တရားခွင် အဆုံးသပ်မှာ တရားသူကြီးကို ကျေးဇူးတင်ကြောင်း မမေ့မလျော့ ပြောကြားဘို့ကိုလဲ သတိပေးလိုက်ကြတယ်။
ချစ်ရသူ သူဌေးသမီးလေးရဲ့ လူဂုဏ်တန်မိသားစုအရှေ့မှာ အမှတ်ပြည့်လိုချင်စိတ် ပြင်းပျစွာနဲ့ လူငယ် လေးဟာ သူ့သူငယ်ချင်းတွေ အကြံပေးစကားကို အပြည့်အ၀ နာခံ လိုက်နာခဲ့ပါတယ်။
ဘယ်လို လိုက်နာ ကျင့်သုံးခဲ့သလဲဆိုတာ ဆက်လက် ဖတ်ရှုပါရန်။
(မောင်မင်း၊ အင်္ဂလိပ်လို နားလည်သလား။)
လူငယ်။ ။ Yes Sir.
တရားသူကြီး။ ။ So you don’t need a translator? (ဒါဆို စကားပြန် မလိုဘူးပေါ့။)
လူငယ်။ ။ No Sir.
တရားသူကြီး။ ။ Well then, can we proceed in English.
(ကောင်းပြီ၊ ဒါဆို ကျွန်ုပ်တို့ အင်္ဂလိပ်လို ဆက် အမှုစစ်နိုင်မယ်နော်) ။
လူငယ်။ ။ Yes Sir.
တရားသူကြီး။ ။ Do you need a lawyer? (မောင်မင်း၊ ရှေ့နေ လိုမလား။)
လူငယ်။ ။ No Sir.
တရားသူကြီး။ ။ So we will start the trial now. (ဒါဆို ကျွန်ုပ် တို့ အမှုကို အခုစ စစ်ပြီ။)
လူငယ်။ ။ Yes Sir.
တရားသူကြီး။ ။ Do you want a plea bargain? (မောင်မင်း၊ ဖြောင့်ဆိုချက် ပေးချင်သလား။)
လူငယ်။ ။ No Sir.
တရားသူကြီး။ ။ Do you realize what you did? (မောင်မင်း ဘာလုပ်ခဲ့တယ် သိတယ်နော်။)
လူငယ်။ ။ Yes sir.
တရားသူကြီး။ ။ Did the other party initiate the fight?
(တဘက် အမှုသည်က ရန်စ ပြုခဲ့တာလား။)
လူငယ်။ ။ No sir.
တရားသူကြီး။ ။ So you are the one who instigated the fight.
(ဒါဆို မောင်မင်းက ရန်စ ပြုခဲ့သူပေါ့။)
လူငယ်။ ။ Yes sir.
တရားသူကြီး။ ။ Would you apologize to the other party?
(မောင်မင်း တဘက် အမှုသည်ကို တောင်းပန်မှု ပြုမလား။)
လူငယ်။ ။ No sir.
တရားသူကြီး။ ။ So you are willing to get punishment for this.
(ဒါဆို ကျသင့်တဲ့ အပြစ်ဒဏ်ကို မောင်မင်းခံမယ်ပေါ့။)
ဘယ်လို အူကြောင်ကြောင် လူပါလိမ့် လို့ လူငယ်လေးကို စိတ်မသက်မသာ ကြည့်ပြီး တရားသူကြီးမင်းဟာ သူ့ရဲ့ စီရင်ချက်ကို မပြောချင် ပြောချင် အသံနဲ့ ဖြေးလေးစွာ ပြောလိုက်ရပါတယ်။
“ကောင်းပါလေ့ကွယ်။ အကျွန်ုပ်အနေနဲ့ မပြုမဖြစ် တာဝန်အရ မောင်မင်းကို အပြစ်ဒဏ် ချမှတ် ရတော့မယ်။ ထောင်ဒဏ် သုံးလ ကျခံစေ။”
အင်္ဂလိပ်လိုပြောပြီး တရားစီရင်ချက် ချအပြီးမှာ တရားသူကြီးလဲ ထိုင်ရာမှ ဖြေးလေးစွာထ၊ ခုံရုံးတော်ပေါ်က ထွက်ခွာဘို့ ဟန်ပြင်ပါတယ်။ တရားရုံး အစောင့်ပုလိပ်များက လူငယ်ကို လက်မောင်း တဘက်တချက်စီမှ ကိုင်ပြီး တွန်းထိုး ဆွဲခေါ်သွားတော့တယ်။
သူ ထောင်ကျလို့ ကျမှန်း ရေရေရာရာ မသိသေးတဲ့ လူငယ်ဟာ ဝတ်ရုံရှည်အမဲကြီး တဖါးဖါးနဲ့ တရားရုံး နဘေးတံခါးက ထွက်ခွာစပြုနေတဲ့ တရားသူကြီးမင်း ကြားအောင် အလျင်စလို အော်ပြောရင်း အစောင့်ပုလိပ်များ လက်ထဲ ယက်ကန်ယက်ကန်နဲ့ ပါသွားရှာတယ်။
တရားသူကြီးမင်း ကြားအောင် သူ အသံမြှင့် အော်ပြောသွားတာက -
“Oh my God, really. Unbelievable … right? Thank you my dear. Good bye!!!”
သူသိတတ်ကျွမ်းသမျှ အင်္ဂလိပ်စကားက ဒါ အကုန်ပဲလေ … ။
(ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ ဟာသကလေးကို မှတ်မိသလောက်အခြေခံပြီး မိမိအတွေးနဲ့ ပြန်ရေးမိ ပါတယ်။)
No comments:
Post a Comment