Thursday, January 30, 2014

အလှည့်ကျရင် မနွဲ့စတမ်း … နော်။

             မင်္ဂလာဆောင် အခမ်းအနားကို တက်ရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်ပရိသာတ် အပေါင်းရဲ့ မျက်လုံးတွေဟာ တနေရာတည်းကို စုပြုံ ရောက်ရှိနေပါတယ်။ ရှက်သွေးတွေ ဖြာဝေနေပေမယ့် အချစ်သွေးတွေနဲ့ လှပနေတဲ့ သတို့သမီးလောင်းကို သူမရဲ့ဖခင်က လက်တွဲခေါ်ယူလာတယ်။ လျှောက် လမ်းတဘက် အဆုံးမှာ မျှော်လင့်တကြီး စောင့်နေတဲ့ သတို့သားလက်ထဲ ပြောင်းလွှဲအပ်ပေးဘို့ သူမရဲ့လက်ကို ဖခင်က တွဲခေါ်ယူရာကို ငြိမ့်ငြောင်းတဲ့ အခါတော်ပေးသီချင်းသံနဲ့အတူ တလှမ်းချင်း ညင်သာ စွာ လှမ်းလိုက်လာခဲ့တဲ့သူမရဲ့ပုံသွင်ဟာလေအဟုန်မှာပျံဝဲသွားတော့မယ့်ငှက်ငယ်လေးအသွင်အလား။

              သမီး လိုက်မီအောင် ခြေလှမ်းစိပ်စိပ်နဲ့ လျှောက်နေတဲ့ ဖခင်ရဲ့မျက်နှာမှာ ပီတိအပြုံးတွေ ဖုံး လွှမ်းနေသလို ဧည့်ခံခမ်းမကြီးအတွင်းရှိ လူအပေါင်းဟာလဲ သဘောကျ၊ နှစ်ခြိုက်စွာ ပြုံးနေကြတယ်။ ဒါပေမယ့် တလှမ်းချင်း လှမ်းနေတဲ့ ခြေလှမ်းတွေနဲ့ အပြိုင် ဖခင်ကြီး ရင်တွေ တဒိတ်ဒိတ် ခုန်နေတာ  ပရိသာတ်ကြီး ကြားသိပုံ မရပါ။

              တလှမ်းချင်း ဖြေးလေးစွာ လှမ်းလာခဲ့ကြတာ လျှောက်လမ်းအဆုံးကို ရောက်ကြပါပြီ။ မျှော် လင့်တကြီးစောင့်နေတဲ့ သတို့သားနဲ့ မျက်နှာချင်း ဆိုင်မိကြပါပြီ။ သတို့သမီးလေးဟာ သူမရဲ့ ဖခင်ပါးကို တမြတ်တနိုး နမ်းလိုက်တယ်။ ‘ကျေးဇူးပါ ဖေဖေ’ - ပါးစပ်လှုပ်ရုံကလေး အသံတိုးတိုးလေးနဲ့ ပြော ရင်း ဖခင် လက်ထဲကို သူမလက်ထဲ ကိုင်လာတဲ့ ပစ္စည်းလေးကို ထည့် ပေးလိုက်တယ်။

              သူ့လက်ထဲကို သမီးငယ် ထည့်ပေးတဲ့ ပစ္စည်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း ဖခင်ဟာ သူ့ရင်ထဲက ခံစားမှုကို မပေါ်လွင်အောင် ထိန်းချုပ်နေရတယ်။ တဒိတ်ဒိတ် ခုန်နေတဲ့ သူ့ရင်ဟာ ပေါက် ကွဲမတတ် တထိန်းထိန်း အမြင့်ဆုံး ရောက်သွားပြီးမှ ရင်ထဲ ဟာ ထွက်သွားတယ်။ နောက်တော့ တဖြေးဖြေး ရင်ခုန်သံ ပြန် နှေးလာပြီး သူဟာ အသက်မှန်အောင် ရှုနိုင်လာပါပြီ။ သူ့စိတ်ကို သူ ထိန်းနိုင်ချိန်မှာ ဖခင်ဟာ သမီးငယ်ကို လက် တွဲ ဖြုတ်ပြီး မင်္ဂလာမောင်မယ်အနီး ရပ်နေရာမှ နဘေးကို ရှောင်ထွက်ပေးဘို့ ခြေတလှမ်း ဆုတ်၊ ဘေးကို ထွက် ရပ်လိုက်တယ်။

              အခမ်းအနား တက်ရောက်လာသူ အားလုံးဟာ ဖခင်ဖြစ်သူ အတွင်းကျိတ်ဖြစ်နေတာကို မသိကြသော်ငြား သတို့သမီးငယ်က သူမရဲ့ ဖခင်လက်ထဲ အနီးကပ် ထည့်ပေးလိုက်တဲ့ ပစ္စည်းကို စိတ် ဝင် စားနေကြတယ်။ ခန်းမတခုလုံး ဧည့်သည်တွေနဲ့ လက်ထပ် ထိမ်းမြားပေးမယ့် ဘိသိတ်ဆရာကပါ သူ့ကို စူးစမ်းတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်နေတာကို သတိပြုလိုက်မိစဉ်မှာပဲ သူ့နဘေး ကပ်လာတဲ့ သတို့သမီး မိခင်ရဲ့ မေးသံ ကြားလိုက်တယ်။

             “စောစောက ရှင့် သမီး၊ ရှင့် လက်ထဲ ဘာ ထည့် ပေးလိုက်တာလဲ။”

             သည်တော့မှ ဖခင်ကြီးလဲ သတို့သား အပါအဝင် ခန်းလုံးပြည့် လူတွေ အားလုံး ဘာကို စိတ်ဝင် တစား ဖြစ်နေကြတယ် သဘော ပေါက်သွားတယ်။ ရင်ထဲမှာ ကျေနပ်စိတ် အပြည့်နဲ့ ပီတိတွေ အဖြာဖြာ၊ ပျော်မြူးစိတ်ကို မထိန်းနိုင်တော့လို့ ဖခင်ကြီးလဲ ဝမ်းသာ အားရ ကျေညာလိုက်တယ်။

             “ကျွန်တော့် သမီး မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်ပရိသာတ် အပေါင်းတို့ ခင်ဗျား။ သည်နေ့ဟာဖြင့် ကျွန်တော့်ရဲ့ ဘဝမှာ ကံ အကောင်းဆုံးနေ့ တနေ့ ဖြစ်ပါတယ်။”

             သိချင် စိတ်ဇောကြီးစွာ နားတစွင့်စွင့်၊ လည်တဆန့်ဆန့်နဲ့ လှမ်းကြည့်နေကြသူတွေကို သူ့ လက်ထဲ သမီးငယ် ထည့်ပေးလိုက်တဲ့ ပစ္စည်းကို မြှောက်ပြလိုက်တယ်။

             “ကျွန်တော့် သမီးလေး လေ။ အခုတော့၊ နောက်ဆုံးတော့ နှစ်ပေါင်းများစွာ သူ ယူ သုံးနေတဲ့ ကျွန်တော့် အကြွေးဝယ် ကပ်ပြား (credit card) ကို ကျွန်တော့်ကို ပြန်ပေးလိုက်ပြီ။”

             ဝမ်းသာအားရ နှုတ်ကပြောသလို လက်ထဲက သမီးပြန်ပေးတဲ့အကြွေးဝယ်ကပ်ပြားကို အခန်း ထဲရှိ လူကုန် မြင်အောင် ဝှေ့ယမ်း ပြမိတယ်။

             အခန်းတွင်း လူကုန်၊ ဧည့်ပရိသာတ်များတင်မက ဘိတ်သိတ်ဆရာရော၊ တီးဝိုင်းက ဖြေဖျော်သူ တွေရော၊ ဧည့်ခံပွဲ ကျင်းပပေးနေတဲ့ အလုပ်သမားတွေပါ သူ့ကို ကြည့်ပြီး ရယ်မော နေကြတယ်။ သဘောကျ နေကြတယ်။

             တဝေါဝေါရယ်မောသံတွေအကြားက အပြုံးမျက်နှာတွေကို ကြည့်ပြီး လက်ထဲက အကြွေး ဝယ် ကပ်ပြားကို အားရပါးရ ဝှေ့ပြနေတဲ့ သတို့သမီး ဖခင်လက် ရုတ်တရက် ရပ်သွားတယ်။

             ဆန့်တန်းထားတဲ့ သူ့လက်ကို ဖြေးလေးစွာ ပြန်ချရင်း ဖခင်လဲ မျက်နှာပိုး သပ်လိုက်ပါတယ်။

             ဖခင်ကြီး ရင်ဆိုင်လိုက်ရတာက ခြောက်ခြားနေတဲ့ မျက်လုံးအစုံနဲ့ သွေးဆုတ် ဖြူလျောလျော မျက်နှာ။

             တထိန်းထိန်း ခုန်နေတဲ့ ထိုသူ့ထံက ရင်ခုန်သံကိုတောင် သတို့သမီး ဖခင် ကြားနေရသလိုပဲ။ ဒါကြောင့် ဖခင်ကြီး ကမန်းကတန်း ပြောလိုက်ရတယ်။

             “မင်း အခုမှ ငြင်းလို့ မရတော့ဘူးနော်။ မင်း ဘဏ်စာရင်းမှာ ငွေ များများ ရှိပါစေ။ သမီးက ပစ္စည်းကောင်းမှ ကြိုက်တယ်။”

             သတို့သား ခမြာ အခုမှ ရင် စ ခုန်ရပါပြီ။

(ဘာသာခြား ဟာသကို မှီငြမ်း ရေးထားပါသည်။)

လေးစားစွာဖြင့်၊
မာလုစံ
အောက်တိုဘာ ၃ ရက်၊ ၂၀၁၃



No comments: