ကျွန်မ စာမရေးဖြစ်တာ ကြာပါပြီ။ ခေါင်းထဲမှာ တွေးနေမိပြီး၊ စိတ်ထဲမှာ ရေးချင်နေတာတွေကတော့ အများကြီးပါ။
ဘယ်သူကမှ ကိုယ့်ကို တာဝန်မပေးပါပဲလျက်၊ ကိုယ့်ဘာသာ လုပ်ချင်လို့ လုပ်ခဲ့မိတဲ့ အလုပ်တခုက သြဂုတ်လကတည်းက အလုပ်များနေလိုက်တာ အောက်တိုဘာလဆန်း အထိပေါ့။
အခုတော့ အားပြီ ဆိုကြပါစို့။ အချိန်လေး နည်းနည်း ရလာပြီဆိုတော့ စာရေးဘို့ စဉ်းစားမိတယ်။ ရေးချင်တာတွေက အများကြီး။ ရေးလက်စဝတ္ထုရှည်လေးကိုလည်း ဆက်ရေးချင်သေးတယ်။ အရင် ရက် ပိုင်းတွေ ကတည်းက ခေါင်းထဲ တဝဲ၀ဲလည် စိတ်ကူးနဲ့ ရေးနေမိတာတွေလဲ လက်က ချ ရေး ချင်တယ်။
ဒါပေမယ့် မပြုမဖြစ် ပြုချင်တဲ့၊ ပြုရမယ့် ကိစ္စလေးတွေကလည်း ရှိပြန်သေးတယ်လေ။ တနယ်တကျေး က လာလည်တဲ့ ငယ်သူငယ်ချင်းကို တွေ့ဆုံ ဧည့်ခံဘို့၊ တပြည်တရွာက ကြွလာတဲ့ ရွှေညဝါဆရာတော် တရားပွဲကို သွားဘို့၊ မွေးရပ်မြေကို ပြန်တော့မယ့် ကိုကျော်သူကို နှုတ်ဆက်ဘို့။
ဒါနဲ့ ကိုကျော်သူ နှုတ်ဆက်ပွဲကို အောက်တိုဘာ ၁၂ ရက်၊ သောကြာနေ့ ညနေမှာ ရောက်သွားတယ်။
ချိုသင်းတို့ မေတ္တာရိပ်မြုံ ဂေဟာလေးကို ရောက်သွားတော့ ခြံထဲရော၊ လမ်းမ ပေါ်မှာပါ ကားရပ်စရာ နေရာ မရှိတော့။ ကားတွေက အပြည့်။ ဒါနဲ့ပဲ တပွဲထဲ လာကြတဲ့ လူအချင်းချင်း၊ ပြန်သူရှိမှ ကားဖယ် ပေးမယ် ဆိုပြီး အရင်ရောက်သူတွေ ကား အနောက်ကနေ ပိတ်ကာ ရပ်လိုက်ရတယ်။
အိမ်ထဲမှာလည်း လူအပြည့်။ အိမ်တဘက်ခြမ်းမှာ အမျိုးသားတစု စကားကောင်းနေသလို၊ တဘက်ခြမ်းမှာတော့ ကျားကျား မမ အရွယ်စုံက ကာရာအိုကေ သံပြိုင် ဆိုနေကြတယ်။ ပျော်စရာကြီးပေါ့။
အိမ်အတွင်းထဲ ထမင်းစားခန်းဆီ သွားပြီး ကိုကျော်သူနဲ့ နှုတ်ဆက် စကားပြော။ ဘိတ်ကပ်ကျေးကိုက် ခေါက်ဆွဲကြော်ကို သူလဲ စား၊ ကိုယ်လဲ စား။ ကိုကျော်သူ ခမြာမှာတော့ ခေါက်ဆွဲ တပုဂံ ဖြောင့်ဖြောင့် မစားရ။ တယောက်ပြီးတယောက် လာနှုတ်ဆက်သူတွေနဲ့ စကားပြောရတာ မနားရအောင်ပါပဲ။
ကိုယ်ကလဲ ပူပူနွေးနွေး ပြီးထားတဲ့ ပွဲ အပြီးကတည်းက မဆုံရသေးတဲ့ ပွဲလုပ်ဘော်ကိုင်ဘက်တွေနဲ့ ပြန်တွေ့ရတော့ ပွဲ အကြောင်းတွေ စမြုံ့ပြန်ကြ၊ ကောင်းကွက်ကလေးတွေ ပြန်ပြောကြ၊ ချွတ်ချော် သွားခဲ့တာတွေကို သင်္ခန်းစာယူနိုင်ဘို့ ပြန် သုံးသပ်ကြပေါ့။ အများစုကတော့ ကိုယ့်လိုပါပဲ၊ ဆယ်ရက် ကျော် ကြာနေတာတောင် ပျော်လို့ မဝသေးပုံပဲ။ ပွဲအကြောင်း စကား စလိုက်တာနဲ့ အပြုံးတွေ ဝင်း လက်သွားတဲ့ မျက်နှာတွေပဲ မြင်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖန်သားမျက်နှာပြင် အပေါ်မှာ မဟုတ်၊ ပုံနှိပ်စာရွက် အပေါ်မှာ မဟုတ်ပဲ လူကိုယ်တိုင် မြင်လိုက်ရတာကို ပြန်တွေး တွေးပြီး ပျော်နေ ကြဆဲ။ နှစ်သိမ့် ပီတိ ဖြစ်လို့ မဝကြသေး။ နှစ်ရှည်လများ ခွဲခွာနေခဲ့ရတဲ့၊ စိတ်ကူးနဲ့ လွမ်းနေ၊ တမ်းတ နေရတဲ့ အမေ့ကို လူကိုယ်တိုင် မြင်ခွင့် တွေ့ခွင့် ရလိုက်တဲ့ သားသမီးတွေရဲ့ ဝမ်းသာမှု ခံစားချက်မျိုး ဆိုတာ လူတိုင်းလိုလို ပြောသလို၊ ပြောသူကိုလဲ ငြင်းသူ နည်းပါတယ်။
ပွဲမှာ တင်စားပြောခဲ့သလို ဒါ ကျွန်မတို့ ကျွန်တော်တို့ရဲ့ အမေ။
ကွဲကွာနေခဲ့တဲ့ အမေ့ကို ပြန် တွေ့ရခြင်း။
X - X - X - X - X
အချိန်နည်းနည်းကြာလာတော့ အိမ်တဘက်ခြမ်းက အမျိုးသားဝိုင်းကလဲ ရေချိန်တက်လာသလို၊ ကာရာအိုကေ ဝိုင်းကလဲ အရှိန်တက်လာပါတယ်။ ကိုကျော်သူကတော့ အိမ်နောက်ဖေး အခန်းထဲမှာ ပြော ဆိုနေဆဲ၊ အလုပ်များဆဲ။ သူ့ကို နှုတ်ဆက်သူတွေနဲ့ အလုပ်ရှုတ်ဆဲ ပဲ။ သူ့ခမြာ ဘယ်ဝိုင်းမှာမှ မပါနိုင်ရှာဘူး။
ကျွန်မတို့ စကားကောင်းနေတုန်း ဘယ်က ဘယ်လို စလာတယ် မသိ။ နယ်က လာတဲ့ မိတ်ဆွေဟောင်း တယောက်က ကျွန်မတို့ကို သီချင်းဆိုဘို့ အတင်း လာခေါ်တယ်။
မဆိုတတ်ပါဘူး ပြောလဲ မရ။ တဦးချင်း မဆိုချင်ရင် စုံတွဲ ဆိုရမယ် တဲ့။
သွားပြီ လို့။ စုံလဲ မတွဲဘူး၊ တကိုယ်တော်လဲ မချဲဘူး။
အကိုတွေ မောင်တွေ သီချင်းဆိုကြ၊ တီးကြ ခတ်ကြတာတွေ၊ ဂီတလောက မျိုးရိုးရှိတယ်နဲ့၊ ဘာဘာ ညာညာ လာ ညောင် နေတော့ ကျွန်မက စာရေးတာပဲ ရတယ်။ အဲသည် ဂီတနဲ့ ကျွန်မက ပြဒါးတလမ်း သံတလမ်း ပေါ့။ ဘယ်လိုမှ မနီးစပ်တဲ့ အရာတွေပါ ဆိုပြီး မဆိုပါရစေနဲ့ တောင်းပန်။ ခေါ်သူက အမျိုးမျိုး ကုတ်ကပ် ခေါ်နေတာကို သည်ကလဲ အားမနာတမ်း အတင်းကို လှည့်ပတ် ညင်းတော့တာပဲ။
နောက်ဆုံးမှာတော့ မနေသာတဲ့ အိမ်ရှင် ကိုကျော်ဝဏ္ဏ ဝင်ကယ်ကာမှ ဈေးတည့်သွားတယ်။ ကျွန်မတို့ အကြိုက်ဆုံး သီချင်းကို ပြော၊ သူ (ကိုကျော်ဝဏ္ဏ) ဆိုပေးမယ် တဲ့။
အဲဒါမှ ခက်တော့တာပဲ။ လင်စုံမယားရယ်လို့ ကျွန်မတို့ အိမ်ထောင်ဘက်မှာ အကြိုက်ဆုံးသီချင်းက မရှိ။ သူ နှစ်သက်တဲ့ သီချင်း၊ ကျွန်မ သဘောကျတဲ့ သီချင်းတွေ အများကြီး ရှိပေမယ့် တပုဒ်ထဲ တူညီ သတ်သတ်မှတ်မှတ် မဟုတ်။ သည်တော့ ကျွန်မတို့ မင်္ဂလာဆောင်တုန်းက ဘာသီချင်းဖွင့်သလဲ တဲ့၊ မေးပြန်တယ်။ သွားပါပြီ။ သူနဲ့ ကျွန်မမှာ မင်္ဂလာမောင်မယ်သီချင်း ဆိုတာ မရှိ (မင်္ဂလာဆောင်မှ မရှိခဲ့တာ)။
ဒါပေမယ့် မရှိဘူး ပြောတာကို လက်မခံပဲ ဘယ် သီချင်းလဲ၊ ဘာ သီချင်းလဲ အတင်း ကပ်မေးနေတာမှာ ခေါင်းထဲ ဖြတ်ကနဲ ဝင်လာတဲ့ ခေါင်းစည်းကလေးကို ပြောလိုက်မိတယ်။
‘ယုဇနပင်နဲ့ ဖဲကြိုးဝါ’
အကျိုးတော်ဆောင် ဆိုပေးမယ့်သူကလဲ အဲသည် သီချင်းရှိတယ်၊ ဆို တတ်တယ် ဆိုပြီး ဈေးတည့် သွားတယ်။
နဘေးက အသက် သုံးဆယ်လောက် မိန်းမငယ်လေး တယောက်က ‘အော် အဲဒါ xxxx ရဲ့ သီချင်း’ တဲ့။
သူပြောတဲ့ အဆိုတော်ကို အသက် ငါးဆယ်ကျော် ကျွန်မ မသိ။ သည်သီချင်းကို ကျွန်မ စ ကြားဘူးတာက ကလေးဘ၀ ငါးတန်း လား၊ ခြောက်တန်း လားမှာ အဆိုတော် (အကိုကြီး) မင်းမင်းလတ် ဆိုတာ ကြားဘူးတယ်။ အရွယ်ရောက်လာချိန်မှာ မောင်ငယ် ဇော်ဝင်းထွဋ် ပြန်ဆိုတာ ကြားဘူးတယ်။ အခု နောက်ဆုံး ပြန်သီဆိုသူကို မသိသလို သူ ဆိုတာကိုလဲ မကြားဘူး ဘူး။ အချိန်တွေ ဘယ်လောက် ကြာ ညောင်းခဲ့ပြီး ကိုယ်တွေ ဘယ်လောက် အို မင်းခဲ့ပြီဆိုတာ သတိပြုလိုက်မိပါတယ်။
ချိုသင်းက အိမ်ရှေ့မှာ သီဆိုနေသူတွေဆီမှာ သီချင်းစာရင်း သွားပေးတုန်း ထိုမိတ်ဆွေက အတူ ထိုင် နေကြတဲ့ လူငယ်တွေကို မေးတယ်။
“သည် သီချင်းရဲ့ မူလ လက်ဦး သီချင်းအမှန်ကို သိသလား” တဲ့။ လူငယ် လေး ငါးယောက်လောက် ရှိတာ တယောက်မှ မသိကြဘူး။ ဒါနဲ့ ကျွန်မ ဝင်ဖြေလိုက်တယ်။
“Dawn ဆိုတဲ့ အဖွဲ့က Tony Orlando ဆိုထားတဲ့ ‘Tie A Yellow Ribbon’ သီချင်း။ ကြာလှပြီ။ အဲ သည် သီချင်းပေါ်တုန်းက အန်တီတို့တောင် ကလေးဘ၀ ဆယ်နှစ် ကျော် ကျော်လောက် ရှိသေးတာ။ ၁၉၇၀ လောက်က ထင်တယ်”
လူငယ်တွေ အားလုံး တယောက်မျက်နှာ တယောက်ကြည့် ပြုံးပြီး ‘ဟာ ဒါဆို မမွေးသေးဘူး’ ပြော ကြတယ်။ ဟုတ်မှာပါ။ ကြာတော့ ကြာလှတာ သိပါတယ်။
ခဏနေတော့ ချိုသင်းက အမရေ လာ၊ လာ ဆိုပြီး လှမ်းခေါ်လို့ အိမ်ရှေ့ဘက် ထွက်လာခဲ့တယ်။ ရုပ်မြင် သံကြား ဖန်သားပြင်ပေါ်မှာ ပန်းတွေနဲ့၊ ဖဲကြိုးဝါတွေနဲ့ သီချင်းတီးလုံးက စပါပြီ။
ကိုကျော်ဝဏ္ဏတယောက် အစပိုင်းလေးပဲ တယောက်တည်း ဆိုလိုက်ရတယ်။ အခန်းတခုလုံး ရှိသမျှ လူကုန်နီးပါးက လက်ခုတ်လက်ဝါးတီးပြီး အားရပါးရ လိုက်ဆိုကြတယ်။ တချို့ကလဲ လိုက် က နေ ကြတယ်။ ကျွန်မလဲ ပျော်မြူးစွာနဲ့ လက်ခုတ် တီး၊ အသံတိုးလေးနဲ့ လိုက်ဆိုနေမိတယ်။
မြူးကြွတဲ့ ဂီတတီးလုံးနဲ့ သည်သီချင်းလေးကို လူအများ ကြားဘူးကြမှာပါ။ အိမ်အပြန်မှာ သစ်ပင်ပေါ် မှာ ဖဲကြိုးဝါ ချည် ထားတာ တွေ့ရင် ချစ်တယ် အဖြေ ရတယ်ဆိုတာ။ ဗမာလို စာသားထည့် ဘာသာ ပြန်ထားတဲ့ စတီရီယို ကော်ပီ သီချင်းမှာ သီချင်းတေးသွားနဲ့ လိုက်ဘက်အောင် ချစ်ကြောင်း အဖြေ တောင်းတာကို ထည့်စပ်ထားပေမယ့် တကယ့် မူရင်းသီချင်းကတော့ အဓိပ္ပါယ် နည်းနည်းလေး ကွာပါတယ်။ အဝေးကနေ အိမ်ပြန်လာတာကို လက်ခံဦးမှာလား မေးခဲ့တာပါ။
ဒါပေမယ့် စတီရီယို ကော်ပီသီချင်းရေးခဲ့တဲ့သူကလည်း အရည်အချင်းခေသူ မဟုတ်ပါဘူး။ စာသား ပြည့်ရင် ပြီးရော ဆိုပြီး သီချင်းသွားနဲ့ လိုက်ဘက်အောင် စာသားတွေ အသလွတ် ထည့်ရေးထားခဲ့တာ မဟုတ်ပါဘူး။ ကျွန်မ အမှတ်မမှားရင်တော့ ပုသိမ် မောင်စိမ်းသူ ဖြစ်ပါလိမ့်မယ်။ (မှားခဲ့ရင်လဲ အမှန် သိသူများ ပြင်ပေးပါ။)
‘အိမ် ပြန် အလာ တပေါင်းနေ့ ချစ်စရာ နွေ၊ ကြွေရွက်တွေ ဝဲလို့ ဝေ့လည်နေကြတယ်’ ဆိုတဲ့ အဖွင့် စာ သားကတင် အဓိပ္ပါယ် အပြည့် ပါ ပါတယ်။
ကျွန်မတို့တိုင်းပြည်မှာ နွေရာသီဆိုတာ အလွန် ပူပြင်းတဲ့အချိန်။ သည်အထဲမှာမှ နွေရာသီ လေးလတာ မှာ မတ်လထဲ ကျတဲ့ တပေါင်းလ ဆိုတာ အပူဆုံးလ ပါ။ ဒါပေမယ့် အပူတောမှာ အိမ်ပြန်လာရချိန်ကို ချစ်စရာနွေလို့ ရေးစပ်ခဲ့ပုံက ရာသီတွေ ဘယ်လို ပူပြင်းပါစေ၊ မျှော်လင့်ချက်ရှိရင် ချစ်စရာအချိန် ဖြစ်နေတာကို တင်စား ရေးစပ်ထားတယ် ထင်ပါတယ်။
ဒဿနိကဆန်ဆန် ပြောရမယ် ဆိုရင် မျှော်လင့်ချက်တခုနဲ့ ရှင်သန်နေရတဲ့ လူတွေရဲ့ ဘဝပေါ့။ တချိန် ကျရင် ဆိုတဲ့ မိမိရဲ့ လိုအင်ဆန္ဒ ပြည့်ဝလိုတဲ့ စိတ်စောမှုတွေနဲ့ လူတွေဟာ အသက်ရှင်နေရတယ် ဆိုတာ။
မူရင်း အင်္ဂလိပ်လို စပ်ထားတာမှာတော့ “I'm comin' home, I've done my time” (ကျသင့်တဲ့ အချိန်ကို ပေးဆပ်ပြီး အိမ်ပြန်လာတယ်) လို့ ဆိုထားတယ်။ တတိယ စာကြောင်းမှာ ‘I'd soon be free’ (မကြာခင်မှာ လွတ်မြောက်မယ်) လို့ သီကုံးထားတော့ ထောင်က အပြန်လမ်းကို ဆိုလိုတာလား၊ စစ်ပွဲမှာ တာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာတာလား။ သေချာတာ ကတော့ အခြေအနေအရ ခွဲခွာ ချန်ထားခဲ့ရတဲ့ အချစ်ဟောင်းကို သူ့ကို ပြန် လက်ခံမယ်ဆိုရင် ဖဲကြိုးဝါလေးကို ဝက်သစ်ချပင်အိုမှာ ချည်ထားပေးဘို့၊ တောင်းဆိုထားတဲ့ အဖြစ်ပါ။
သည်သီချင်းလေးထဲကလို သစ်ပင်တွေမှာ၊ ခြံစည်းရိုးတွေမှာ၊ အိမ်တိုင်တွေမှာ၊ ပြူတင်းပေါက်ဘောင် တွေမှာ ဖဲကြိုးဝါ ချည်တဲ့ ဓလေ့ အနောက်နိုင်ငံတွေမှာ လူသိများ၊ လုပ်ဆောင်သူ များခဲ့တာ ကြာပါပြီ။ အထူးသဖြင့် အမေရိကားမှာဆိုရင် ဗီယက်နာမ် စစ်ပွဲအပြီးမှာ နှစ်လရှည်ကြာစွာ ချစ်သူ ရည်းစား၊ ဇနီး မယားနဲ့ ခွဲခွာခဲ့ရသူတွေ အိမ်အပြန်မှာ သူတို့ရဲ့ ကြင်သူတွေ ရင်ခွင်သစ် တွေ့သွားတာတွေကို ရင်နာစွာ တွေ့တတ် ကြုံကြရလို့၊ အိမ်ရှေ့မှာ ဖဲကြိုးဝါမတွေ့ရလျှင် အိမ်ထဲ မဝင်တော့ပဲ တိတ်တိတ် ဆိတ်ဆိတ် လမ်းထိပ်ကနေ လှည့် ရှောင်သွားတဲ့ အဖြစ်တွေ မရေမတွက်နိုင်အောင် ဖြစ်ခဲ့၊ ရှိခဲ့ပါတယ်။ တချို့က Dear John လို့ အစ ချီတဲ့ အဆက်ဖြတ် စာ၊ ကွဲကွာ စာတွေ ကြိုတင် ရခဲ့ပေမယ့် တချို့ကတော့ စာ မလာ၊ ဘာ သတင်းမှ မကြားရပဲ မထင်မှတ်ထားတဲ့ အဖြစ်တွေကို မျက်မြင် ကိုယ်တွေ့ ရင်ဆိုင် တွေ့ ကြရတာဟာ ရင်ဝကို ဆောင့် အကန် ခံလိုက်ရသလို အလွန် အထိ နာကြပါတယ်။
ရက်လ ရှည်ကြာစွာ စစ်မြေပြင်မှာ လောကငရဲ ဆင်းရဲဒုက္ခ မျိုးစုံ ခံစား ကျော်ဖြတ်နေစဉ်မှာ သူတို့အတွက် အသက် ရှင်သန်ဘို့ မျှော်လင့်ချက်က အိမ် အပြန်လမ်း တခုပါပဲ။ အိမ်မှာ စောင့်ကြိုနေမယ့် သူပါ။ ကျန်ခဲ့ ချန်ထားခဲ့ရသူရဲ့ အပြုံးမျက်နှာ ပါ။
ဒါပေမယ့် ကံ မကောင်း အကြောင်း မလှသူများ ခမြာမှာတော့ …. … .. ။
X - X - X - X - X
ကျွန်မတို့ တိုင်းပြည်မှာလည်း အနောက်တိုင်းက နိုင်ငံတွေလို သည်လို ထုံးစံ လူသိမများခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်၊ ၁၉၆၂ ကတည်းက သည်လို ဖဲကြိုးဝါ ချည်ပြီး ကြိုခွင့်ရရင် ကြိုချင်သူတွေ အများကြီးရှိခဲ့မှာပါ။ အိမ် အပြန်လမ်း ကြိုချင် တွေ့ချင်တာတောင် မတွေ့ရနိုင်တော့တဲ့ အဖြစ်တွေလဲ ရှိကြမှာပါ။ နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ခွဲကြရတာကို ရဲရင့်စွာ ရင်ဆိုင်ပြီး ချစ်သူ၊ ကြင်သူ အပြန်လမ်းကို စောင့်ခဲ့သူတွေ၊ အဖေအမေ ပြန်အလာကို မျှော်ခဲ့တဲ့ ကလေးတွေ၊ သားသမီး အပြန်လမ်းကို စောင့်ခဲ့တဲ့ မိဘတွေ အများကြီး ရှိခဲ့ပါတယ်။
အခု ကျွန်မတို့ တိုင်းပြည်မှာ ပြည်တွင်း အခြေအနေတွေ ပြောင်းလဲကုန်ပါပြီ။
ပြည်ပထွက်သွားသူတွေ အတော်များများ ပြန်ချင်လျှင် ပြန်လို့ ရသလို၊ ပြည်တွင်းကလူတွေလဲ ပြည်ပ ကို ထွက်ခွင့် ဟိုယခင်ကထက် ပို လွယ်ကူလာပါပြီ။
ပြန်ခွင့်ရဦးမယ် မထင်ထားသူတွေ သွားကြ ပြန်ကြတာ တွေ့ရသလို၊ ထွက်လာခွင့်ရဦးမယ် မထင်ထား သူတွေ ခရီးတွေ ထွက်ကြ သွားလာကြတာ တွေ့ရပါတယ်။
မနှစ်က သည်အချိန်မှာတောင် စိတ်ကူးမယဉ်ခဲ့ဘူးတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပခရီးစဉ်တွေမှာ သောင်းသောင်းဖျဖျကြိုဆို နှုတ်ဆက်ခွင့်တွေ ရနေကြပါပြီ။
သူမကို တွေ့လိုက်ရသူတိုင်းလိုလို နီးပါးက ထုတ်ဖေါ်မပြောပြတတ်လောက်အောင် ဝမ်းသာကြည်နူးကြရတယ် ပြောကြပါတယ်။ ရပ်ဝေးကနေ နှစ်ရှည်လများ သူမနဲ့ သူမတို့ အဖွဲ့ကို အားပေးထောက်ခံခဲ့သူတွေထံ အရောက်လာပြီး ကျေးဇူးတင်စကား ပြောကြားတာပါဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် တွေ့လိုက်ရတာဟာ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့၊ အမျှော်ကြီး မျှော် စောင့်စားခဲ့ရသူကို တွေ့ရသလို ပီတိဖြစ်ကြ၊ ပျော်ရွှင်ကြရပါတယ်။
ရပ်ဝေးက သားသမီးတွေထံ အရောက်လာ နှုတ်ဆက်တဲ့ အမေလို့ တင်စား ပြောကြတယ်။
အမေနဲ့ သူမရဲ့ သားသမီးများ ပြန်ဆုံရတာ ပျော်စရာပါ။
ရပ်ဝေးကို ခဏလာပြီး အိမ်ပြန်သွားတဲ့ အမေ့ကို ပြည်မြန်မာမှာ ကျန်ရှိခဲ့သူတွေက အိမ်အပြန်လမ်းကို သောင်းသောင်းဖျဖျ ကြိုဆိုကြ ပြန်ပါတယ်။
ဒါပေမယ့် ပြည်မြန်မာမှာ အကြာကြီးခွဲခဲ့ရတဲ့ သားသမီးတွေနဲ့ ပြန်မဆုံနိုင်တော့မယ့် အမေတွေ အဖေတွေ အများကြီး ရှိနေပါတယ်။
လွန်ခဲ့တဲ့ ၂၄ နှစ်လောက်က စပြီး တဖွဲဖွဲ တစစ အိမ်က ထွက်သွားကြတဲ့ သားတွေ သမီးတွေထံက စာ မလာ သတင်းမကြားရတာကို အခက်အခဲ အတားအဆီးတွေကြောင့်ပါ၊ အခြေအနေမပေးလို့ သတင်း မကြားရတာပါ။ အခြေအနေ ပေးရင် သူတို့ ဆက်သွယ် လာမှာပါ၊ တနေ့တော့ သူတို့ ပြန်လာမှာပါ ဆိုပြီး မျှော်လင့်တကြီး စောင့်ခဲ့ရတဲ့ ယနေ့ချိန်ခါ မိအိုဘအိုတွေမှာ သတင်းစာတွေ စာစောင်တွေအထဲမှာ သူများသားသမီးတွေ ပြန်လာတာ၊ သူများမိသားစုတွေ ပျော်နေကြတာကို ကြည့်ပြီး ဘယ်နှစ်ယောက် ကြိတ် မျက်ရည် သုတ် နေကြမလဲ။
ကိုယ့်သား ကိုယ့်သမီး၊ ကိုယ်ချစ်ခင်ရသူတွေ ဘာဖြစ်သွားတယ်၊ ဘယ်လို ဖြစ်သွားတယ် တိတိကျကျ မသိကြသေးပဲ တနေရာရာမှာ အသက် ရှင်သန်နေသလိုလို၊ တနေ့မှာ အိမ်ဝ ဘွားကနဲ ပေါ်လာမှာလေလားနဲ့ မရေမရာ မျှော်လင့်ရတာက ဘဝမှာ အပင်ပန်းဆုံး အလုပ်။ ဘာမှန်း ညာမှန်း မသိရတာက အဆိုးဝါးဆုံး ခံစားချက်ပါ။ ကြုံဘူးမှ သိကြမယ့် ဝေဒနာပေမယ့် မကြုံစေချင်၊ မခံစားစေချင်ပါဘူး။
X - X - X - X - X
‘ယုဇနပင်ကိုင်းတွေ အကြားကို ကြည့်တယ် …
ယုံတောင် မယုံချင်ပါပြီကွယ် …
အား … ခေါင်းမှာ စည်းတဲ့ ဖဲကြိုးအဝါတွေ တပြုံကြီး၊ အများကြီး အများကြီး တွေ့တယ် …’
သီချင်းက အဆုံးသပ် နောက်ဆုံး အပိုဒ်ကို ရောက်ပြီမို့ အခန်းထဲ သီဆို ကခုန်နေသူတွေ အားလုံး သံပြိုင် ဝိုင်းအော် ကြပါတယ်။ အားရပါးရ တဟေးဟေး အော်သံတွေ ပျော်မြူးစွာ ထွက်လာသလို လက်ခုတ်သံ တွေက တဖြောင်းဖြောင်း။
ဒါပေမယ့် ကျွန်မ လက်ခုတ် မတီးနိုင်တော့ဘူး။ လက်ခုတ်တီးတာ ရပ်သွားမိတယ်။
ဖဲကြိုးဝါ ချည် ကြိုဆိုတာ ကျွန်မတို့ ဗမာ့ဓလေ့ထုံးစံ မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်ဝေးတနယ်ကို ထွက် သွားသူ၊ ကွဲကွာနေရသူကို ကြိုဆိုချင်တဲ့စိတ်ကတော့ လူမျိုး မရွေး၊ ဒေသ မရွေး စိတ်ဆန္ဒ ပြင်းပျမှုက အတူတူ ဖြစ်ကြမှာပါ။
သူများတိုင်းပြည် နိုင်ငံမှာ ချစ်သူ၊ အိမ်ထောင်ဘက်ကို ဖဲကြိုးဝါ ချည်ပြီး စောင့်မျှော်ခဲ့သူတွေ၊ ဖဲကြိုးဝါ ဝေ့ယမ်းပြီး အဖေ အပြန်လမ်းကို စောင့်ခဲ့တဲ့ ကလေးတွေ၊ ဖဲကြိုးဝါ ကိုင်ပြီး သားသမီး အပြန်လမ်း ကြိတ်မျှော်နေတဲ့ အဖေတွေ အမေတွေ ရှိသလို ဖဲကြိုးဝါ ကူ ချည်ပေးရင်း စောင့်ခဲ့တဲ့ အမတွေ၊ ညီမတွေ၊ အကိုတွေ၊ ညီတွေ ရှိမှာပဲ။ ဦးလေးတွေ အဒေါ်တွေ အဖိုးအဖွားတွေနဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေလဲ ရှိမှာပဲ။ တကယ်တော့ ချစ်သူ ဇနီးမယား အိမ်ထောင်ဘက်၊ မိသားစုတွေတင်မက တဆွေလုံး တမျိုးလုံး၊ သိကျွမ်းခင်မင်သူတွေက အိမ်ပြန်လာသူတွေကို ကြိုဆိုခဲ့တာပါ။ ဝမ်းပမ်းတသာ ကြိုဆိုကြတာပါ။
ကျွန်မတို့ တိုင်းပြည်မှာလဲ ဖဲကြိုးဝါ ပါ ပါ၊ မပါ ပါ၊ ကိုယ် သံယောဇဉ်ရှိသူကို ကြိုဆိုချင်ကြသူတွေ အများကြီး ရှိမှာပါ။
တခုပဲ ဖြစ်သင့်တာက၊ သည်လူတွေကို သိခွင့် ပေးသင့်တာက သူတို့ စောင့်မျှော်နေသူတွေကို ကြိုရ မှာလား၊ မကြိုရ ဘူးလား။ ထွက်သွားသူတွေ ပြန်လာဦးမှာလား၊ ပြန် မလာတော့ဘူးလား။ ပြန်တွေ့ခွင့် ရှိဦးမှာလား၊ သည်ဘဝမှာ မတွေ့ရတော့ဘူးလား။
ဒါတွေကို အကြောင်းမှန် သိသူများက တိတိကျကျ သတင်းပေးကြသင့်ပါတယ်။
အိမ်အပြန်လမ်း ရှိသူတွေ ပျော်ကြရပေမယ့် အိမ်အပြန်လမ်း မရှိတော့သူတွေကို စာနာပေးကြပါ။
ဘာ့ကြောင့် သူတို့ ပြန်မလာကြတော့တာလဲ သိသူများက ပြောပြကြပါ။
ခွဲချန်ထားခဲ့တဲ့ သူတွေဆီ သူတို့ ပြန် မလာကြတော့ဘူးဆိုတာ စိတ်မကောင်းပေမယ့် အသိပေးကြပါ။ စောင့်နေသူတွေ သိသင့်ပါတယ်။
‘ယုဇနပင်နဲ့ ဖဲကြိုးဝါ’ သီချင်းကို ဆိုသွားခဲ့ဘူးတဲ့ ကိုကြီးလို့ သူတို့ ခေါ်ကြတဲ့ ကိုထွန်းအောင်ကျော်၊ တပင်လုံး ဝေဝေဖြာအောင် ချည်ထားမယ့် ဖဲကြိုးဝါတွေကို တွေ့ခွင့်မရတော့တာ စိတ် မကောင်းဘူး။
တခုပဲ သိချင်တာက တူသော အကျိုးဆိုတာ ပေးတတ်သလား။
(၁၉၆၂ ဇူလိုင် ၇ ရက်မှ စတင်ကာ မြန်မာပြည် အာဏာရှင်စနစ်ဆိုးအောက်မှာ လူမသိ၊ သူမသိ အိမ်ပြန်မလာနိုင်ကြသူများ၏ မိသားစုများအတွက် ရည်ညွှန်းပါသည်။)
လေးစားစွာဖြင့်၊
မာလုစံ
အောက်တိုဘာလ ၁၈ ရက် ၂၀၁၂။
I'm comin' home, I've done my time
Now I've got to know what is and isn't mine
If you received my letter tellin' you I'd soon be free
Then you'll know just what to do if you still want me
If you still want me
CHORUS: Tie a yellow ribbon 'round
the old oak tree
It's
been three long years
Do you still want me?
If I don't see a ribbon round the old oak tree
I'll stay on the bus
Forget about us
Put the blame on me
If I don't see a yellow ribbon round the old oak tree
Bus driver, please look for me
'Cause I couldn't bear to see what I might see
I'm really still in prison, and my love she holds the key
A simple yellow ribbon's what I need to set me free
I wrote and told her this:
REPEAT CHORUS
Now the whole damn bus is cheering
And I can't believe I see
A hundred yellow ribbons 'round the old oak tree
I'm comin' home

No comments:
Post a Comment