ရုတ်တရက် ကြားလိုက်ရရင်တော့ အမြင်ကပ်ချင်စရာ အပြောပါ။
ပြောတဲ့သူကို အထင်အမြင် စမောလ် (small) ချင်လောက်အောင် ဂျစ်ကန်ကန် အပြောပါ။
ဒါပေမယ့် အကြောင်းစုံ သိလိုက်ရတဲ့ အခါ၊ သူ မပေးချင်တာ ဘာလဲ သိလိုက်တဲ့ အခါ ကျေးဇူး အခါခါ တင် မိပါတယ်။
X X X
ယနေ့ခေတ်အခါမှာ လူ အတော်များများ ကွန်ပြူတာနဲ့ အလုပ် လုပ်ကြရတယ်။
စာရင်းဇယား လုပ်တာ၊ အရောင်းအဝယ် လုပ်တာ၊ ပစ္စည်း မှာတာ၊ ငွေသွင်း ငွေထုတ်တာ၊ ပုံဆွဲတာ၊ စာ ရေးတာ၊ ဘာညာ ဘာညာတွေအပြင် အချိန်းအချက် လုပ်တာ၊ ခွင့် တောင်းတာ၊ အကြောင်း ကြားမလား၊ ဆုတောင်း ပေးမလား၊ …. ။ ကုန်ကုန် ပြောမယ် … ရည်းစား ရှာတာ တောင် ကွန်ပြူတာနဲ့ ရှာလို့ ရသလို ကွန်ပြူတာနဲ့ပဲ ရည်းစားထားလို့ ရသေး။ (ကွန်ပြူတာက တဆင့် ပြောတာပါ။ အောင်သွယ်တော် ဝက်ဘ်ဆိုဒ် နဲ့ အကျိုးတော်ဆောင် အင်တာနက်တော့ လိုတယ်နော်။)
ဆိုတော့ … အလုပ် လုပ်တာကော၊ လူမှု ဆက်ဆန်ရေးတွေမှာပါ ကွန်ပြူတာနဲ့ ပတ်သက်နေကြ၊ ကွန်ပြူတာပေါ် အချိန်တွေ ကုန်ကြရတယ် ဆိုပါတော့။
အလုပ်မှာ စားပွဲတင် (Desktop) ကွန်ပြူတာကြီးနဲ့ သုံးခဲ့ကြပြီး အိမ်ပြန်ရောက်တော့လဲ အိမ်က ကွန်ပြူတာ၊ ပေါင်ပေါ်တင် ဖွင့်လို့ရတဲ့ စက်အသေး (Laptop) ကနေ လမ်းပေါ်မှာ သွားရင်း လာရင်းနဲ့ဆို သင်ပုန်းပြား (Tablet) တို့၊ ယနေ့ လိုတရ ဖုန်း (Smart phone) တွေနဲ့ တနေ့တာ ပတ်လုံး အိပ်ချိန်နဲ့ ရေချိုး ချိန်ကလွဲပြီး သည်လူမှုဝန်းကျင်မှာ လူ အတော် များများ ကျင်လည် နေကြတယ်။ ဖန်သားပေါ်က မျက်လုံး မခွာကြတော့လို့ ဖန်သားပေါ် ကြည့်နေသ၍ စက် မပိတ် တဲ့ စက်မျိုးတောင် ပေါ်နေပြီ။
သည် ခေတ်ကာလ၊ သည် ပတ်ဝန်းကျင်မှာ ရှင်သန် နေထိုင်ရသူ ကျွန်မလဲ တနေ့တနေ့ ကွန်ပြူတာ နဲ့ပဲ နှစ်ပါးသွား နေရတာပေါ့။ သူငယ်ချင်းတွေနဲ့ လူချင်း မတွေ့ရင်သာ ရှိမယ်။ ကွန်ပြူတာ၊ တက်ဘလက်၊ စမတ်ဖုန်းတွေက တဆင့် သူတို့ ဘာတွေ ဖြစ်နေတယ်၊ ဘာ လုပ်နေ တယ် အကုန် သိ။ အမျိုးတွေ မိသားစုဝင်တွေနဲ့လဲ ဒါတွေနဲ့ပဲ အဆက် မပြတ်။ ကမာ္ဘတခြမ်းက ချစ်သူ ခင်သူ၊ ရပ်ဝေးက မိတ်ဆွေတွေနဲ့ နီးစပ်မှု ရနေတာပေါ့။ သည် အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်၊ တက်စ် မက်ဆိတ်ချ်၊ တွစ်တာ …. အင်တာနက် တွေ့ရှိ တီထွင်ခဲ့သူတွေ၊ ကျေးဇူး ကြီးမား ပါပေရဲ့။
ကျွန်မအလုပ် ကွန်ပြူတာမှာ ကြည့်စရာ မော်နီတာ သုံးခု ဆင်ပေးထားပါတယ်။ ဘယ်ဘက်က မျက်နှာပြင် ဖန်သားပေါ်မှာ ပုံကြမ်းနဲ့ ညွှန်ကြားချက်တွေ ဖွင့်ထားပြီး အလယ်က ကွန်ပြူတာ မျက်နှာပြင် ဖန်သားပေါ်မှာ ပုံဆွဲတဲ့ အစီအစဉ်ကို ဖွင့်၊ ပုံဆွဲရတယ်။ ညာဘက်က မော်နီတာ ပေါ်မှာ အီးမေးလ် ဖွင့်ထား တာပေါ့။ မျက်လုံးက နှစ်လုံး ဆိုပေမယ့် ဘယ်တဖက် ညာတဖက် ကြည့်လို့ မရဘူးလေ။ သည်တော့ ညာဘက်က ကွန်ပြူတာဖန်သားပြင်ပေါ်မှာ အီးမေးလ် အစီအစဉ် ဖွင့်ထားပေမယ့် ဘယ်သူ့ဆီက စာတွေ ဝင်လာတယ် ဆိုတာ တော်ရုံ သတိမထား မိတတ်ပါ။
ဒါပေမယ့် ကိုယ့်ဘဝမှာ အရေးပါသူတွေဆီက စာတွေလာရင် သတိပေးဘို့ စာရင်းလုပ်ထားလို့ သူတို့ ဆီက စာတွေလာရင် ကိုယ် ပုံဆွဲနေတဲ့၊ အဓိက အာရုံထားလေ့ရှိတဲ့ အလယ်မျက်နှာပြင် ဖန်သားအောက်ခြေ ညာဘက်ထောင့်မှာ ဘယ်သူ့ဆီက စာ ဝင်လာတယ် ဆိုတာ သတိပေးစာ ကလေး ပေါ် ပေါ် လာတတ်တယ်။
တချို့စာတွေ ဝင်လာချိန်မှာ ကိုယ့်မျက်နှာမှာ အပြုံးလေးတွေ ပွင့် ပွင့် သွားတာ ကိုယ့်ဘာသာ သတိ ထားမိတယ်။ လူချင်း မတွေ့နိုင်ပေမယ့် ကိုယ် အရေးထားသူတွေဆိုတော့ အီးမေးလ် ပို့လာတယ်ဆိုတဲ့ သူတို့ နာမည် တွေ့လိုက်ရတာကပဲ ရင်ထဲမှာ ကြည်နူးစိတ် ဖြာမိတယ်လေ။
သည်အခါမှာ အလုပ် လုပ်နေရင်း (ပုံ ဆွဲနေရင်း) နဲ့ပဲ ဖြတ်ကနဲ လက်က အဲသည် အီးမေးလ် ဝင်လာတယ် ဆိုတဲ့ သတိပေးစာလေးကို နှိပ်မိတယ်။ သည်မှာ သူတို့ဆီက ဝင်လာတဲ့စာက ညာဘက်က ဖန်သား မျက်နှာပြင်ပေါ် ပွင့်သွားရော။ ဘက်ဘက် ကွန်ပြူတာ မျက်နှာပြင်အပေါ် အာရုံထားနေတဲ့ မျက်လုံးတွေကို ညာဘက်ကို ပြောင်း၊ ပို့လာတဲ့ စာကို ဖတ် ပေါ့။
သူငယ်ချင်းတွေ ဆီက၊ ဆွေမျိုးသားချင်းတွေ ဆီက၊ ခင်သူမင်သူတွေ ဆီက ဘာဘာညာညာ အသိ ပေးတာ တွေ၊ ဖိတ်တာ တွေ၊ ချိန်းတာ တွေ။ အလုပ် လုပ်ဘော်၊ ကိုင်ဘက်တွေဆီက အလုပ်နဲ့ ပတ်သက်လို့ မေးလာ၊ အသိ ပေးလာ၊ အစည်းအဝေး ခေါ်စာတွေ။
သည်လိုသည်လို ဝင်လာတဲ့ အီးမေးလ်တွေကို ဖွင့်ဖတ်ရင်း တုန့်ပြန်တာတွေ၊ ရှင်းလင်းတာတွေ လုပ် သလို တခါတလေ သဘောကျမိတဲ့ စာလေး တွေ ပါလာရင် သိမ်းထားမိတာတွေ၊ စာ ကောင်းပေကောင်း ဝေမျှလာသူကို ကျေးဇူးတင်စာ ပြန်ပို့သလို ထပ်ဆင့် လက်ကမ်း ပို့တာ တွေလဲ ပြုမိ တာပေါ့။
(သည်အထဲ အမှိုက်ပုံးထဲ တန်းရောက်သွားတာတွေလဲ ရှိပါတယ်။ ထားပါတော့။ အဲသည်လို စာတွေ အကြောင်းတော့ ပြောချင်ဖူး တော်ရေ။)
X X X
ဆွဲထားတဲ့ ဒီဇိုင်းတွေ အံဝင်ဂွင်ကျ ရှိ၊ မရှိ ကွန်ပြူတာပေါ်မှာ တပ်ဆင် ကြည့်နေစဉ်မှာ အလယ် ဖန်သားပြင် အောက်ခြေ ညာဘက်ထောင့်မှာ အလုပ်မှ မိတ်ဆွေတယောက် နာမည်နဲ့ စာ လာ တယ် အကြောင်း ကြား လာတယ်။
သူ့ဆီက ရယ်စရာ ဟာသစာလေးတွေ၊ မှတ်ယူဘွယ် ဗဟုသုတ ဖြစ်စရာလေးတွေ၊ ကြည်နူး ဘွယ် ဖတ်စရာ လေးတွေ မကြာခဏ ရတတ်လို့ လက်ကိုင် မျှားတံကလေးကို ချက်ချင်း ကောက်ရွှေ့ပြီး သူ့စာကို ဖွင့်လိုက်မိတယ်။
သူ ပို့လာတဲ့ စာစုကလေးက ဖတ်ရတာ ကြည်နှုးဘွယ်ပါ။
‘လူ့ဘောင်လောကမှာ လူသားတွေဟာ ပစ္စည်း၊ ဥစ္စာ၊ ဓန စည်းစိမ်နဲ့ အာဏာ အနောက်ကို တစိုက် မတ်မတ် လိုက်ပါ ရယူဘို့ ကျိုးစားနေကြတယ်။ ထိုထိုသော အရာတွေ ရရှိလျှင် ဘဝဟာ ပြီး ပြည့်စုံမယ် ထင်နေကြတယ်။ တကယ်တော့ လူတယောက်ရဲ့ ဘဝမှာ အဓိက အလိုအပ်ဆုံးဟာ မိတ်ဆွေ တယောက်ရဲ့ ခင်မင်မှုပဲ။
ဘဝမှာ တကယ် အရေးပါဆုံး အချိန်ဟာ မင်း လိုက်လံ ဖမ်းယူနေတဲ့ အရာတွေကို ရရှိချိန် မဟုတ် ပါဘူး။ မင်း စိတ်တွေ ကြေနွမ်း၊ အားငယ် အထီးကျန်ချိန်ပါ။
ထိုအချိန်မှာ မင်းနဘေးမှာ ဘယ်သူ ရှိမလဲ။
မင်း လိုအပ်ချိန်မှာ မင်းနဘေး ငါရှိနေမယ် ဆိုတာ သည်စာနဲ့ ကတိ ပေးပါတယ်။
တကယ်လို့ ငါလိုအပ်ချိန်မှာ ငါ့နဘေး မင်းရှိမယ် ဆိုရင် သည်စာကို ငါ့ဆီ ပြန်ပို့ပါ။
ထို့အပြင် လိုအပ်ချိန်မှာ မင်း အထောက်အကူ ပြုနိုင်မယ့် သူငယ်ချင်း၊ အနည်းဆုံး ဆယ်ယောက် ထံကို သည်စာကို ဆက်ပို့ပါ။ ဒါဆို မင်းကို အားကိုးရမယ့် သူငယ်ချင်း စာရင်းမှာ ငါ ထည့်နိုင်ပြီ။’
ကြည်နူးစွာ ဖတ်နေရင်းကနေ နောက်ဆုံးအပိုဒ်ကို ဖတ်အပြီးမှာ စိတ်ထဲ မအီမလည် ဖြစ်မိ တယ်။
သူ့ကို ကျွန်မ ခင်ပါတယ်။ သူ လိုအပ်ချိန်မှာ အဖေါ်ပြုဘို့၊ အားပေးဘို့၊ ဝန် မလေးပါဘူး။ သည်တော့ သူ တောင်းဆိုသလို ကတိပေးစာ ပြန်ပေးဘို့ အဆင်သင့်ပါ။ ဒါပေမယ့် နောက်ဆုံး စာကြောင်းမှာ နောက်ထပ် သူငယ်ချင်း (အနည်းဆုံး) ဆယ်ယောက်ထံကို သည်စာ ဆက်ပို့ ရမယ် ဆိုတာ ဖတ်လိုက်ရတာ တမျိုးကြီးပဲ။
ကျွန်မဘ၀ အမှောင်ကျချိန်မှာ အလင်းရောင် သယ်လာပေးမယ့် သူ … ၊ ကျွန်မဘ၀ စိတ်ဓါတ် ကျ၊ အားငယ်ချိန်မှာ အခက်အခဲကို ရင်ဖွင့်နိုင်သူ ဘယ်နှစ်ဦး ရှိတယ် သူ မသိသလို၊ သူတို့ဘ၀ လိုအပ်ချိန်မှာ သူတို့ နဘေး တကယ် အချိန် ပေးမယ့် ကျွန်မ … သူတို့ဘ၀ အားငယ်ချိန်မှာ ကျွန်မ ပုခုံးထက် ခေါင်းမှီ မျက်ရည်ကျမယ့်သူ ဘယ်နှစ်ဦးရှိမယ် ဆိုတာလဲ သူ မသိပါဘူး။
ကျွန်မ ကူညီချင်သူ ဆယ်ယောက် ရှိချင်မှလဲ ရှိမယ်၊ ဆယ်ယောက်မက ပိုချင်လဲ ပိုမယ်။ အယောက် ငါးဆယ် ဖြစ်ချင်လဲ ဖြစ်မယ်လေ။ ဒါပေမယ့် ကျွန်မ ဘယ်သူတွေကို၊ သူငယ်ချင်း ဘယ်နှစ်ယောက်ကို အားပေး ကူညီမယ် ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်မှာပေါ့။ ကတိပေး မှာပေါ့။ ဘယ်နှစ်ယောက်ကို ကူမယ် ဆိုတာ သူက ဆုံးဖြတ် ပေးစရာလား။
တခါတလေ ပေါင်းသင်းဆက်ဆန်ရေးမှာ အရှိကို ပကတိအတိုင်း ကွက်ကွက်ကွင်းကွင်း ပြော လို့က မရ။
ကိုယ့်မိတ်ဆွေ ဘယ်နှစ်ယောက်ကို အားပေးနိုင်မယ်၊ စာ ဘယ်နှစ်စောင် ဆက်ပို့မယ် ဆိုတာ ရှင့် အလုပ် မဟုတ်ဘူး။ အရေအတွက် ကန့်သပ်ပေးစရာ၊ သတ်မှတ်ပေးစရာ မလိုပါဘူး ရယ်လို့ အမှန်အတိုင်း သွားပြောရင် သူနဲ့ ကျွန်မနဲ့ အလုပ်မှာ ဆက်ဆန်ရေးတွေ ခက်ခဲ သွားနိုင်တယ်။
သည်တော့ စိတ်ထဲ မအီမလည်နဲ့ … သူက ဆယ်ယောက်ဆိုပေမယ့် ကိုယ် ပ်ို့ချင်သလောက် ပို့မယ်၊ ကိုယ် လုပ်ချင်သလိုပဲ လုပ်မယ် ဆုံးဖြတ်လိုက်တယ်။ သူ တောင်းဆိုတဲ့အတိုင်း သူ့ဆီ စာ ပြန် ပို့လိုက်တယ်။ စာထဲမှာ စုစုပေါင်းမှ ဆယ်ယောက်ပဲ ထပ် ပို့ ရမယ် ဆိုပေမယ့် ကျွန်မက အမျိုးတွေရော၊ ခင်မင်သူ၊ ရင်းနှီးသူ မိတ်ဆွေတွေ စိတ်ထဲ ရှိတာ အားလုံး လျှောက် ထည့်တော့ ဆယ်ယောက်မက ကျော်ကုန်တယ်။
ကျွန်မ စာပို့လိုက်သူ အားလုံးဟာ စာထဲမှာ နောက်ထပ် ‘အနည်းဆုံး ဆယ်ယောက်ထံ ဆက်ပို့ ရာမှာ မူလ အစ ပို့လာသူဆီလဲ ပြန်ပို့ရမယ’် ညွှန်ကြားချက် ပါနေတော့ သည်စာကို သူတို့ ခင်ရာခင်ရာ မိတ်ဆွေ သူငယ်ချင်းတွေဆီ ပို့ချိန်မှာ ကျွန်မကိုလဲ အသိပေးတဲ့အနေနဲ့ ပြန်ထည့် သမို့ ကျွန်မဆီ သူတို့ထံက ပြန်စာ တွေ အသီးသီး ဝင် လာတယ်။
သည်စာကို နဂိုမူလ ပို့လာသူ အလုပ်လုပ်ဘက်က စာ စ ပို့စဉ်မှာ ကျွန်မတင်မက တခြား အလုပ် မှာ နီးစပ် ခင်မင်သူတွေကိုလဲ ပို့ဟန်တူပါရဲ့။ အလုပ်မှာ နည်းနည်း နီးစပ် ခင်မင်သူတွေ ဆီက တခါ သည်စာ ကျွန်မဆီ ဝင်လာ ပြန်တယ်။
အလုပ်က လူတွေရော၊ ကျွန်မ မိတ်ဆွေ သူငယ်ချင်းတွေပါ သူတို့ဆီ ဝင်လာတဲ့ စာမှာ စာပို့ခြင်း ခံရသူ အမည်စာရင်းကို အသေအချာ မဖတ်ကြဘူးနဲ့ တူတယ်။ မဟုတ်လဲ ကျွန်မလို အလုပ် လုပ်ရင်း၊ ဝင် လာတဲ့စာကို အမြန် ဖွင့်ဖတ်၊ ကမန်းကတန်း စာပြန် ကြတာပဲလား။ သည် အသိုင်း အဝိုင်းထဲက သည်လူ သည်လူတွေချည်းမို့ သူတို့ ထပ် ပို့လိုက်သူတွေက ကျွန်မဆီ ဆက် ပို့ လာ ကြတယ်။ သည်စာတစောင်ထဲကို ပေးပို့သူ အသီးသီးဆီက အခါခါ ရောက် လာတယ်။ ကိုယ် ပို့ လိုက်သူတွေက ကိုယ့်ဆီ ပြန်ပို့၊ သူတို့ မိတ်ဆွေ တွေကလဲ ကိုယ်နဲ့ သိသူတွေဆိုတော့ ကိုယ့်ဆီ ပို့။ သူ့ဆီ ငါ ပို့၊ ငါ့ဆီ သူ ပို့နဲ့ … စာက လည်ပြီး ကျွန်မဆီ ထပ် ပို့သူက ပို့။ စာ ပြန်သူက ပြန်။ ချာချာကို လည်နေရော။ သည်စာတစောင် အဖြစ်က ဂျာအေး သူ့အမေ ရိုက် ထက် ဆိုးနေရော။
ရပြီးသား၊ ပို့ပြီးသား စာပေမယ့် အစပထမ လေး၊ ငါးဦးကိုတော့ စာထဲပါ ညွှန်ကြားချက်အတိုင်း ရရှိ ကြောင်း အသိပေးတဲ့ အနေနဲ့ စာပြန် ပို့မိပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ စာ ပြန် တာတွေ၊ ဆက်ပို့ တာတွေ လုပ် မနေ တော့ဘူး။ စာ ဝင်လာချိန်မှာ စာ ခေါင်းစီးကို ဖတ်လိုက် တာနဲ့ သည်စာက ရပြီးသား စာ ဆိုတာ ကျွန်မ သိပြီး ပြီလေ။ သည်တော့ အလုပ်ပျက်ခံပြီး စာကို ဖွင့် တောင် မနေတော့ဘူး ပေါ့။
ကျွန်မက သည်စာဟာ ကိုယ့်ဆီက ထွက်သွားတယ်ဆိုတာ သိလို့ မဖွင့်ခဲ့၊ စာပို့လာသူတွေထံ စာ မပြန်ခဲ့မိ ပေမယ့် နောက် နောင်ကျမှ ပြန်ကြားခဲ့ရတာက ကျွန်မ အတော် တစိမ်း ဆန်တယ်၊ ရိုင်းတယ် ဆိုပဲ။
သူတို့ ပို့လိုက်တဲ့ စာ ‘မရဘူးလား’ မေးလာတယ်။
‘သူ လိုအပ်ချိန်မှာ ကိုယ်က သူ့နဘေး အပြေးလာပါ့မယ် ကတိပေးစာ ပို့လိုက်တာ၊ ကိုယ့် ကတိ ပေး စာလေး ရတယ် ဆိုတာတောင် သူက အရေးတယူ၊ အသိအမှတ် ပြု စာပြန်ဘော် မရဘူး’ ….. တဲ့၊ ပြော လာတယ်။
မကျေမချမ်း အီလည်လည် ပြောသံတွေ ထွက်လာကာမှ ကျွန်မ ဘုရား တမိတယ်။
ကဲ ခက်ပါပြီ။ သည်စာကို ရှင်တို့ဆီ ကျွန်မ ပို့လိုက်တာပါ …. ဆို။
X X X
နောက်တခါ စာလေးတစောင် ဝင်လာပါတယ်။
ရယ်စရာ ပုံရိပ်တွေနဲ့။ ပုံတွေကို တပုံပြီး တပုံ ကြည့်၊ ပုံအောက်မှာ ရေးထားတဲ့ ပြုံးချင်စရာ ဟာသစာ တွေကို ဖတ်နဲ့ ကျွန်မ သဘော ကျမိတယ်။ စာ အဆုံးမှာ ပို သဘော ကျမိတာက သည်စာကို သူ့ဆီ ပြန်ပို့ပါ ဆိုတာ မပါဘူး။ သည်တော့ သည်လို စာမျိုးတော့ ကြိုက်တယ်။
နောက်ထပ် ဘယ်နှစ်ယောက်ဆီ ထပ်ပို့ပါ ညွှန်ကြားချက် မပါပေမယ့် ကိုယ်သဘောကျမိရင် သူများ လဲ သဘောကျမှာပဲ၊ ခင်မင်သူတွေ ပြုံးပျော်စေချင်လို့ ကိုယ့်စာတိုက်ပုန်းထဲ ရှိသမျှ သူငယ်ချင်းမိတ်ဆွေတွေ ဆီ ထပ်ဆင့် လက်ကမ်း ပို့လိုက်မိတယ်။
နောက်တခါ ရတတ်တဲ့ စာတမျိုးကတော့ ဆုံးမ စာလေးတွေ၊ သံဝေဂ စာလေးတွေနဲ့ တရား သဘော ရေးထားတာလေးတွေ။ သည်လိုစာလေးတွေလဲ ကျွန်မ သဘောကျမိပါတယ်။ ဖတ် ရင်း အပြည့်အ၀ လက်ခံ မိ၊ တရားကျ မိတာမို့ ခင်ရာမင်ရာ မိတ်ဆွေတွေဆီ သည်စာလေးကို ဆက်ပို့မယ်ဆိုတာ ဖတ်နေရင်း တွေးပြီး သားပါ။
ဟာသစာပဲ ဖြစ်ဖြစ်၊ ဆုံးမစာပဲ ဖြစ်ဖြစ် စာကောင်းလေးတွေ ဖတ်ရတာ သဘောတွေ့သလို ကိုယ့် မိတ်ဆွေ တွေကိုလဲ ခံစားချက် ဝေမျှချင်လို့ ကျွန်မ စာလေးတွေ လက်ဆင့်ကမ်း ပို့တတ် ပါတယ်။ သူတို့လဲ သည်လိုပဲ ဝေမျှ လာလို့ ကျွန်မ သည်စာတွေ ရနေတာ၊ ပြုံးမိ သဘောကျမိ နေတာ မဟုတ်လား။
ဒါပေမယ့် တခါတခါမှာ တချို့တချို့သော စာတွေ အဆုံးမှာ တွေ့လိုက်ရတတ်တဲ့ စာ တကြောင်း ကြောင့် ဖတ်ခဲ့ချိန် ခံစားခဲ့ရတဲ့ ကြည်နူးမှု ပျောက်ပြီး စိတ်ထဲ ကလယ်ကလယ် ဖြစ်ရတယ်။ စာဖတ်သူ တွေလဲ တွေ့ဘူးမှာပါ။
ဒါကတော့ ‘သည်စာကို သဘောကျလျှင် မိတ်ဆွေများထံ ဆက်ပို့ပါ’ လို့ ညွှန်ကြားထားတာပါ။ တခါ တလေကျရင် ဆက်ပို့ပါ ဆိုတာနဲ့ မပြီး၊ အရေအတွက် ဘယ် နှစ်ယောက်ထံ ထပ် ဖြန့်ပါ … အတိအကျ ရေးထားတတ်တယ်။ နောက်ပြီး ပိုဆိုးတာက ထပ်ဖြန့်ရင် ကောင်းကျိုး ဘာဖြစ်မယ်၊ ကောင်းချီးပေးသလို ထပ် မဖြန့်ရင် ဆိုးကျိုး ဘာတွေ လာမယ် ကျိန်စာ ထည့် ထားတတ်သေး တယ်လေ။
အနောက်တိုင်းမှာ Chain letter ခေါ်တဲ့ သည်လို လက်ဆင့်ကမ်း ပို့တဲ့ စာတွေ ကျွန်မတို့ ငယ်ငယ် ကတည်း က ‘ရွှေပေလွှာ’ ဆိုပြီး ကြုံခဲ့ ရခဲ့ ဆင့်ကမ်း ပို့ခဲ့ဘူးပါတယ်။
ဘာသာရေးဆိုင်ရာ ဆုံးမစာ လိုလို၊ အဘိဓမ္မာဆန်ဆန် ဝေငှ ထားသလိုလို၊ ဒဿနိက သုံးသပ် မှု လိုလိုနဲ့ လက်ခံချင်စရာ၊ လိုက်နာချင်စရာ၊ သံဝေဂ ယူစရာလေးတွေ၊ လူ့ဘ၀ ရှင်သန် ရပ် တည်မှု၊ ပေါင်းသင်း ဆက်ဆန်မှု နယ်ပယ်မှာ အတုယူဘွယ်၊ အသုံးတည့်စရာ စကားလေးတွေ၊ လိုက်နာချင်စရာ အချက်လေး တွေ ပါတတ်ပါတယ်။ စာထဲ ပါတဲ့ အချက်တွေဟာ နာယူ မှတ် သားဘွယ်တွေ ဖြစ်သလို ခံစားချက် ဝေငှထား တာလေးတွေကလဲ သူသူ ကိုယ်ကိုယ် ဖြစ်တတ် တာတွေမို့ ဖတ်မိသူတိုင်း သဘောကျ၊ လက်ခံပါတယ်။
ဒါပေမယ့် စာအဆုံးမှာ သည်စာကို နောက်ထပ် ဘယ်နှစ်စောင် ဖြန့်ရမယ်၊ ဘယ် နှစ်ဦးထံ ထပ် ဝေငှရမယ် တိုက်တွန်းထားတာ အကြောင်း မဟုတ်၊ ညွှန်ကြားထားသလို ထပ်မံ ဝေငှရင် ဘယ်လို ကောင်းကျိုး ရမယ်၊ အောင်မြင်မှုတွေ ရမယ် ဆိုတာထက် ညွှန်ကြားသလို ထပ် မဝေငှ ရင် ဘာ ဆုတ်ယုတ်မယ်၊ ဘယ်လို ဆိုးကျိုးရမယ်၊ ပျက်ဆီးမှုတွေ ဖြစ်မယ် ရေးထားတာတွေက ဘဝင် မကျချင်စရာပါ။
တချို့စာတွေမှာဆိုရင် ညွှန်ကြားသလို ဆက်မဖြန့်လို့ ဘယ်မြို့ဘယ်နယ်က ဘယ်သူဘယ်ဝါ ကဖြင့် ဘာဖြစ်သွားတယ်။ ညွှန်ကြားသလို ဆက်ဖြန့်ခဲ့သူ ဘယ်နယ်ဘယ်မြို့က ဘယ်သူဘယ်ဝါ ကတော့ဖြင့် ဘယ်လိုအကျိုး ဖြစ်သွားတယ် ဆိုတာကို လူအမည်၊ ဒေသ အတိအကျနဲ့ ရေးထား တာကလဲ ပါတတ်သေး။
ဟုတ်သည် မဟုတ်သည် အပထား၊ သည်လို ထပ်ဆင့် ပို့နေတဲ့ စာတွေစာတွေဟာ နောက်ဆုံး တော့ အကောင်း ပို့သလိုလိုနဲ့ စာကို ဆက်ဖြန့်ဘို့ အတင်း တွန်းအားပေးထားတဲ့ ကျိန်စာတွေ ချည်းပဲ။
အသက်ငယ်တုန်းကတော့ ဘာသိမှာလဲ။ လူငယ်သဘာ၀ အောင်မြင်ချင်တယ်၊ ပြည့်စုံချင်တယ်၊ ပျော်ချင်တယ်၊ အရာရာမှာ အကောင်းပဲ ဖြစ်ချင်တယ်။ ကိုယ်စိတ်ကူးထားတဲ့ ချစ်သူမျိုး ရသလို ချစ်တဲ့သူနဲ့ ဖူးစာ ဆုံချင်တယ်။ သည်တော့ စာ ဆက် မပို့လို့ ဘယ်သူဘယ်ဝါတွေ သည်လို သည်လို ဆိုးကျိုး တွေ့သွား တယ် ဆိုတာ ဖတ်ပြီး ကိုယ်လဲ အဲသလို ဖြစ်မှာ ကြောက်မိတယ်။ စာကလေး တစောင်၊ စာတမျက်နှာ၊ တခါ တလေ စာမျက်နှာ တဝက်လောက်ပဲ ရှိတာကို ဆက် ပို့ရတာပေါ့။
ဒါပေမယ့် သည်စာ တမျက်နှာ၊ စာ မျက်နှာ တဝက်က တစောင်ထဲ ပို့ရတာ မဟုတ်။ နှစ်စောင် သုံးစောင် လောက် ပို့ရတာဆို တော်သေး။ အခုတော့ အနည်းဆုံး ငါးစောင်ကနေ တခါတလေ မညှာမတာ အစောင် နှစ်ဆယ်၊ နှစ်ဆယ့်ငါးစောင် အထိ ပို့ခိုင်းတတ်တယ်။ ကိုယ်က အိမ်မှာ လက်နှိပ်စက်လဲ ပိုင်တာ မဟုတ်။ ကျွန်မတို့ ငယ်ငယ်က စာကူးစက်တွေကလဲ အခုခေတ်လို များပြား၊ ဈေး မပေါသေး။ စာတစောင် ရေးပြီး စာကူးစက်ဆိုင် သွားကူးဘို့ဆိုတာ ငွေကြေးလဲ မတောင့်သလို ဒါက လူသိခံ လုပ်ရမယ့် ကိစ္စ မဟုတ်ဘူး တဲ့ … ကဲ မှတ်ကရော။
မှင်ခံ စက္ကူ ခံပြီး လက်နဲ့ ကူးရေးဦးတော့ တခါရေးမှ အလွန်ဆုံး နှစ်ရွက်ပဲ ခံရေးလို့ ရတာ။ သုံးရွက် ထပ် ရေးဘို့က လက်က တအားဖိရေးနေရလို့ လက်ထိပ်နာတာပဲ အဖတ်တင်တယ်။ တချို့စာကြောင်းတွေ ဖတ်မရတော့။ သည်အခါမှာ ရေးပြီးသား မှင်ခံမိတ္တူကို တခါ ထပ်ပြန် ရေးရတော့ နှစ်ခါပြန် ပင်ပန်းပေါ့။
ကြာတော့ သူငယ်ချင်း အချင်းချင်း တောင်းပန် ယူရ၊ တားမြစ် ပြောရတဲ့ အထိ ဖြစ်လာတယ်။ အဲသလို ရွှေပေလွှာတွေ ခဏခဏ မပို့ပါနဲ့ ဆိုတာ။ လူကို ခင်ပါ၏၊ သို့သော် ရွှေပေလွှာပို့ခြင်း လက်မခံပါ … ဆိုတာ။ စာထဲ ရေးထားတဲ့ ကောင်းကျိုးကို လိုချင်ပေမယ့် အဲသည်လို ကောင်း ကွက်တွေ ကိုယ့်မှာ ပြည့်မယ်၊ ရမယ် မသေချာခင်မှာ ရေးထားသလို ဆက် မဝေမိလို့၊ ထည့်ရေး ထားတဲ့ ကျိန်စာကြီးတွေ တွေ့ရမှာ ကြောက်တယ်လေ။
နောက်ဆုံး မဖြစ်သာလို့ တယောက်ယောက်က ချွန်ပြီး ပို့လိုက်တာလား၊ ကံဆိုးစွာနဲ့ ရောက် လာ တာလား၊ ထိုထိုသော ရွှေပေလွှာတွေ ရလာရင် သူငယ်ချင်းအချင်းချင်း တီးတိုးမေးရတယ်။ ‘ညီးတို့ ရပ်ကွက်ထဲ ညီး အမြင် ကပ်သူ နာမည်နဲ့ လိပ်စာ ပေး’ … လို့။ ကိုယ်ကလဲ ကိုယ် မျက်နှာ ကြော မတဲ့သူတွေ အမည်နဲ့ လိပ်စာ သူ့ကို ပြန် ပေးပေါ့။ အဲသည်တုန်းက မကြိုက်ပါဘူး ဆို တာကို မျက်နှာပြောင်တိုက်စွာ တကောက်ကောက် လိုက်ခဲ့၊ နောက်ပိုး ခဲ့တဲ့ ကောင်လေးတွေ ခံရပေတော့ ပဲ။ ကိုယ့်ကို လိုက်ပိုးသူကို ဆက်ဆန်မှု အချိုးမပြေသူ မမတွေလဲ ခံရတာပါပဲ။
ဒါနဲ့မှ အရေအတွက် မပြည့်သေးရင်၊ သတင်းစာဖွင့်ပြီး ကြော်ငြာတွေ၊ ဘာညာတွေက နာမည် လိပ်စာတွေ၊ မဂ္ဂဇင်းစာစောင်တွေက နာမည် လိပ်စာတွေ၊ မင်းသားမင်းသမီး အဆိုတော်၊ စာရေးဆရာ တွေဆီ ပို့ပြစ်လိုက်တယ်။ ဟုတ်တယ်လေ။ စာ ဘယ်နှစ်စောင် ထပ်ပို့ဆိုတော့ အရေအတွက် ပြည့်အောင် ပို့ရမှာက ကိုယ့်တာဝန်။ သိတဲ့သူပဲ ပို့ ရမှာလား၊ တစိမ်းကို ပို့လဲ အကျုံးဝင်သလား ထည့်မှ မရေးထားတာ။ သည်တော့ အရေအတွက် ပြည့်ဘို့သာ အဓိက၊ လက်ခံသူနဲ့ ကိုယ်နဲ့ သိတာ မသိတာ၊ တွေးစရာ၊ ပူစရာ မလို။
မှတ်မိသေးတယ်။
စာ ထဲ ပါသလို စာ အစောင်ရေ များစွာ ပြည့်အောင်လို့ တစောင်ပြီး တစောင် ကူးရေးနေတုန်း၊ စာအိတ်၊ တံဆိပ်ခေါင်းဘိုးအတွက် စိတ်ပူနေတုန်း လမ်းထိပ်လက်ဘက်ရည်ဆိုင်က ဖွင့်တတ်တဲ့ သီချင်းတပုဒ်ကို ကြားရတာ ရင်ထဲ ကလိကလိ အသဲ ယားမိတာ ခဏခဏပဲ။ အိမ်က အကိုတွေ မောင်တွေ ဖွင့် နားထောင်နေတာ ဆိုရင် ကက်ဆက်ခွေ ထ ပိတ်ပါတယ်။ အခုတော့ လက်ဘက် ရည်ဆိုင်ကို ခဲနဲ့ လှမ်းထု ဘို့က မဆီမဆိုင် သူ့ အရှေ့က ကွမ်းယာဆိုင်လေး ထိမှာစိုးလို့ မလုပ် ဖြစ်ခဲ့တာပါ။
နားကို ဂွမ်းဆို့ပြီး ကူးရေးလက်စ စာကို အမြန်ပြီးအောင် ဆက်ကူးခဲ့၊ ရေးခဲ့ပေမယ့် ဂွမ်းအကြား ကနေ နားထဲ တစိမ့်စိမ့် တိုးဝင်လာခဲ့တဲ့ သီချင်းကတော့။
“တယောက်ကို တယောက် ပေးတဲ့ စာလွှာ၊ တဦးနဲ့ တဦး လက်ဆင့် ကမ်းစေချင်တယ်။
မေ့မေ့လျော့လျော့နဲ့ ကွယ်၊ တန်ဘိုး မထားခဲ့ရင်၊ အလွယ်တကူ သေနိုင်ပါတယ်
ကြောက်ရွံ့ဘို့တောင် ကောင်းပါသေးတယ်။
ရွှေပေလွှာ၊ ရွှေပေလွှာ၊ ကိုယ့်လက်ထဲကို ရောက်လာတယ်။
ယုံယုံကြည်ကြည် တဆင့်ဝေပါရင်၊ သကြားလုံး စားမိတဲ့ အခါ ချိုမှာပင်
သိပါလျက်နဲ့ မပေးရင်၊ ငြုတ်သီးစားမိတဲ့အခါ၊ ပူတယ် ပူတယ်လို့ အော်မယ်။
ကြောက်ရွံ့ဘို့တောင် ကောင်းပါသေးတယ်။
(ရွှေပေလွှာ၊ ရွှေပေလွှာ၊ ကိုယ့်လက်ထဲကို ရောက်လာတယ်။)
သည်ရွှေပေလွှာများကို ဝေသူတွေ၊ တဦးမှ ကြီးပွားကြတာ မမြင်ပါလေ။
ကြောက်ကြောက်ရွံ့ရွံ့နဲ့ပင်၊ ကူးရေး ပေးမိခဲ့ရင်၊ မှင်ကုန်မှာပင် အသေအချာ မြင်၊
နည်းနည်းလေးမှ တို့ မယုံဘူးကွယ်။
(ရွှေပေလွှာ၊ ရွှေပေလွှာ၊ ကိုယ့်လက်ထဲကို ရောက်လာတယ်။)
ဒါလီ သည်အကြောင်းတွေ ယုံသလား။ ဆန်းတော့ မဆန်းဘူး အချစ်ရယ်၊ ရယ်စရာများ။
ကိုယ့်လက်ထဲက မင်းဆီ ပေးဘို့ မစဉ်းစားတော့ပါ။
သည်လို အသွင်သဏ္ဍာန်တွေကို၊ ဆုတ်ပစ်လိုက်တာ ကောင်းပါသေးတယ်။
(ရွှေပေလွှာ၊ ရွှေပေလွှာ၊ ကိုယ့်လက်ထဲကို ရောက်လာတယ်။)
X X X
တကယ်တော့ ‘ရွှေပေလွှာ’ ဆိုတဲ့ သည် ဆင့်ကဲ လက်ကမ်းစာတွေဟာ ယနေ့ချိန်ခါကျမှ ရှိလာ တာ မဟုတ် ပါဘူး။ အနောက်တိုင်းနိုင်ငံတွေမှာ ဟိုး လွန်ခဲ့တဲ့ အနှစ် ရှစ်ဆယ် ကျော်လောက် ကတည်းက ရှိခဲ့ လုပ်ခဲ့ကြတယ် ဆိုပါတယ်။ စာတိုက်ဗိုလ်မင်းများ တံဆိပ်ခေါင်း ရောင်းကောင်း ချင်လို့ စတင် ထွင်ခဲ့လေ သလား။ (တွေးမိတာလေးပါ)
ယနေ့ခေတ် အင်တာနက် အီးမေးလ်ခေတ်မှာ ဘာမှ အပန်းမကြီးဘူး။ forward ဆိုတာ တချက် နှိပ် လိုက်ရုံပဲ ဆိုပေမယ့် အထက်က ရေးခဲ့သလို ထပ်ခါထပ်ခါ ရနေရင် အခါခါ ဖျက်ရတာလဲ အလုပ်တခုပါပဲ။ နောက်ပြီး ကောင်းချီး ပေး၊ ဆုတောင်းစာ ထည့်ရေးတာက အကြောင်းမဟုတ် ပေမယ့်၊ ကျိန်စာတွေ ထည့် ထားတာက ဟုတ် သော်ရှိ၊ မဟုတ် သော်ရှိ၊ စိတ်ထဲ ဘဝင် မကျချင် စရာ။
ဗိုင်းရပ်စ်လို့ ခေါ်တဲ့ ကွန်ပြူတာ ပျက်လောက်တဲ့ အဆင့်ထိ ဆိုးကျိုးပေးတဲ့ စာ မဟုတ်ပေမယ့် အကြံ ပေးချင်တာကတော့ သည်လို စာတွေကို ဆင့်ကဲ လက်ကမ်းချင်ရင် ရိုးရိုးပဲ ပို့ပေးကြပါလို့။
စာကို ဆက်ဖြန့်ရင် ဖြစ်မယ့်ကောင်းကျိုး ထည့်ပို့တာ အကြောင်းမဟုတ်ပေမယ့်၊ ကျိန်စာတွေကို တော့ ဖျက် ပေးကြပါ … မိတ်ဆွေများတို့။
ပို့လာတဲ့စာကို လက်ခံ ရရှိသူက ကျေနပ် နှစ်သက်ရင်၊ ဝေမျှ ခံစားလိုရင် ညွှန်ကြားချက်တွေ ထည့်ရေး စရာ မလိုပါဘူး။ စာကို ဖတ်ရှု နှစ်သက်မိသူက သူ့ဘာသာ ဆက်ပို့၊ ဖြန့်ဝေမှာပါ။
သည်စာကို ဖတ်ရှုသူတွေကိုလဲ ကျေးဇူးတင်ပါတယ်။
အပေါ်မှာ ရေးလိုက်မိတဲ့ တခါက ကျွန်မကို ကလိကလိ ဖြစ်အောင် လုပ်ခဲ့တဲ့ သီချင်းလေးကို နား ထောင် ချင်ရင် ခေတ်ဟောင်းတေးတွေထဲမှာ ရှာကြည့်ပါ။ ၁၉၇၀ ခုနှစ်များက ထုတ်ခဲ့တာ လို့ ထင်ပါတယ်။
အဆိုတော်က မင်းမင်းလတ် ပါ။
သီချင်း အမည်ကတော့ …
“ငါ့မှာ ရှိတယ်၊ နင့် မပေးဘူး” …. တဲ့။
လေးစားစွာဖြင့် -
မာလုစံ
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၃

No comments:
Post a Comment