အခုတလော ပြောကြ၊ ဆိုကြ၊ စကားသံတွေ ကြားနေရပါတယ်။ ကြားနာနေရတယ် ဆိုရင် ပိုမှန်လေ မလား။ လူတွေလဲ ပြောတယ်၊ ဘုန်းကြီးတွေကလဲ ပြောတယ်၊ နိုင်ငံရေးသမားတွေလဲ ပြောတယ်၊ နိုင်ငံ အုပ်ချုပ် မင်းလုပ်နေသူများကလဲ ပြောတယ်။
တချို့စကားတွေက ကြားနာ မှတ်သားဘွယ် ကောင်းသလို တချို့စကားတွေကတော့ ‘ဟယ် … ဘယ့် နှာကြီးလဲ’ ရေရွတ်မိလောက်အောင် စိတ်လေစရာ ပြောင်မြောက်လှတယ်။
လူချင်းအတူတူ ပြောကြ၊ ဆိုကြတာချင်း အတူတူ၊ တဘက်သား နားဝင် လက်ခံအောင် လျောက်ပတ် သင့်တော်စွာ၊ လိမ်မာ ပါးနပ်စွာ ပြောတတ်လျှင် မိမိလိုရင်း အောင်မြင်တတ်တာ များပါတယ်။ ရှေး လူကြီးများ ပြောကြားခဲ့တဲ့ “နှုတ်ချို သျှိုတပါး” ဆိုတာ အပြော ချိုရင် ဘာမဆို လိုရာ ရောက်၊ အလုပ် ဖြစ်နိုင်တာကို ရည်ရွယ် ပြောခဲ့တာပါ။ နောက်တမျိုး ပြောလေ့ ရှိတာက “အပြော မတတ်တော့ ဆဲ” ဆိုတာ။ နှုတ်ရေး မကြွယ်ရင်၊ အပြော မတတ်ရင် ရိုးရိုး ပြောလိုက်တဲ့စကားက ဆဲသလို ကြမ်းတမ်း အဓိပ္ပါယ် တလွဲ ဖြစ်သွား နိုင်တာ သတိပေးထားတာပါ။
လူတဦးတယောက် ပြောစကားဟာ သူ့စိတ်အတွင်း စရိုက် အမှန်ကို ပြဆိုတယ် ပြောကြသလို အသိ ဉာဏ် ကြွယ်ဝမှု၊ နုန့်နည်းမှုနဲ့လဲ ဆိုင်တယ် ထင်တယ်။
လူ့ဘောင်လောက နေရာဌာန အသီးသီးမှာ ခေါင်းဆောင်ဆိုတာ တော်လို့ တတ်လို့၊ ပို သိကျွမ်းလို့၊ ထက်မြက်လို့ ခေါင်းဆောင် ဖြစ်ကြသူတွေ ရှိသလို အလေးထားဘွယ် အကျင့်သိက္ခာ၊ သူ မတူတဲ့ အရည်အချင်းကြောင့် ခေါင်းဆောင် အတင်ခံရသူ တွေလဲ ရှိတယ်။ (လူတော် ခေါင်းဆောင် နဲ့ လူ ကောင်း ခေါင်းဆောင်)။ တချို့ကျတော့ လူတော်လဲ မဟုတ်၊ လူကောင်းလဲ မဟုတ်ပေမယ့် အပြောကောင်းလို့ ခေါင်းဆောင် ဖြစ်လာကြတယ်။ တချို့ကျတော့လဲ ကြမ်းနိုင် ရမ်းနိုင်လွန်းလို့ ထိမှာကြောက်လို့ ခေါင်းဆောင် တင်ပေးလိုက်ကြရတာလဲ ရှိတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ ခေါင်းဆောင်နေရာ ရပြီးကြရင်၊ အထူးသဖြင့် မိမိကိုယ်ကို ခေါင်းဆောင်လို့ ယူဆ မိရင် လူကြမ်းခေါင်းဆောင်တွေက လွဲပြီး ကျန်ခေါင်းဆောင်ဆိုသူများအနေနဲ့ အနေအထိုင်၊ အပြုအမူ အပြင် အပြောအဆိုလေးတွေပါ ဆင်ခြင်ကြသင့်တယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင် ဆိုတာ သူ ဦးဆောင်တဲ့ အဖွဲ့အစည်း လူထု ဗိုလ်ပါကို ကိုယ်စား ပြုနေလို့ပါ။ သည်တော့ ဘယ်လို အကြောင်းနဲ့ပဲဖြစ်ဖြစ် ကိုယ့်ကို ခေါင်းဆောင် တင်ပေးလိုက်တဲ့၊ ကိုယ့်အနောက်မှာ ပန့်ပိုး ပေးနေတဲ့ အဖွဲ့သားတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ စကားကို တန်ဘိုးရှိစွာ ပြောသင့်ကြတယ်။
အထူးသဖြင့် နိုင်ငံရေး၊ နိုင်ငံအုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ခေါင်းဆောင်တွေ ပိုပြီး စကားပြော ဆင်ခြင် သင့်တယ်။ (အကြောင်းကတော့ သူတို့ဟာ နိုင်ငံကို ကိုယ်စား ပြုနေလို့ပါ။)
တိုင်းပြည်အတွက် ပြည်သူအတွက် ခေါင်းဆောင်လုပ်လိုသူတွေဟာ တိုင်းပြည်လူထုက လေးစားမှုနဲ့ ထိုက်တန်အောင် တရားမျှတ၊ လျော်ကန်စွာ တွေးတတ် ပြောတတ်ရမယ်။ လူတယောက်ရဲ့ ပြောဆိုချက်မှန်ကန်မှုဟာ အတွေးအခေါ် မြင့်မားမှုကြောင့်ဖြစ်သလို အတွေးအခေါ် မြင့်မားသူဟာ လူ့ဘောင်လောကအတွက် အလွန်တန်ဘိုးရှိတဲ့သူတဦးဆိုတာ မငြင်းနိုင်ပါ။ ဒီလိုလူမျိုးရဲ့ လုပ်ရပ်တွေက အများ အကျိုးကိုပဲ ရှေ့တန်းတင်မယ်ဆိုတာ စောင့်ကြည့်စရာ မလိုပါဘူး။
ထို့အပြင် ခေါင်းဆောင်ဆိုတာ သမတနေရာ၊ လွှတ်တော် ဥက္ကဌလို၊ လွှတ်တော်အမတ် နေရာတွေ၊ ဝန်ကြီးတွေလို၊ ပါတီခေါင်းဆောင်တွေသာမက ဘယ်နေရာမဆို လူမှုအဖွဲ့အစည်းတွေ၊ အခြေခံအုပ်ချုုပ်ရေး အဖွဲ့အစည်းတွေ၊ ရပ်ကွက်တွင်း၊ ဈေးခေါင်းဆောင်က အစ ကျောင်းတွေ၊ စာသင်ခန်းတွေက အသင်း ခေါင်းဆောင်တွေ အတန်း ခေါင်းဆောင်တွေလိုအထိ မိမိတို့ ပြောစကားကို အထူး သတိချပ်သင့်တယ်။
နောက်ပြီး ခေါင်းဆောင် မဟုတ်သော်ငြား လူသိများတဲ့၊ နာမည်ထင်ရှား ကျော်ကြားသူများ …. ဥပမာ ဆိုရလျှင် - အနုပညာသည်တွေ၊ အားကစားသမားတွေလဲ စကားကို ဆင်ခြင် ပြောကြစေချင်တယ်။ မိမိတို့ မဆင်မခြင် ပြောစကားကြောင့် အောင်မြင်နေတဲ့ အဖြစ်ကနေ ထိုးကျသွားနိုင်သလို တိုးတက်တဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံကြီးတွေမှာဆိုရင် နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ၊ နာမည် ထင်ရှား ကျော်ကြားသူတွေဟာ ပြောလိုက်မိတဲ့ စကား တခွန်းကြောင့် အလုပ်ရာထူးမှ ထွက်ပေးရ၊ ကျိုးစား တည်ဆောက်ခဲ့တဲ့ မိမိတို့ ပုံရိပ် ပျက်ဆီးသွားရသူတွေ ဒုနဲ့ ဒေး ဖြစ်ပါတယ်။
သမိုင်းဝင် ထင်ရှား ကျော်ကြားတဲ့ အပြော ဆိုး၊ စကား အမှားတွေထဲက နမူနာ ရေးပြရလျှင် ၁၈ ရာစု အနှောင်းပိုင်းက ပြင်သစ်ဘုရင် လူဝီ ၁၆ ရဲ့ မိဖုရားဖြစ်ခဲ့တဲ့ သြစတြီးယား မင်းသမီး မာရီ အန်တြွာနက် (Marie Antoinette) ရဲ့ “(ပေါင်မုန့် မရှိရင်) ကိတ်မုန့် စားကြလေ” ဆိုတဲ့ စကားပါပဲ။
ထိုစကားကို မိဖုရား မာရီ ပြောခဲ့တယ်၊ မပြောခဲ့ဘူး ဆိုတာ သမိုင်းပညာရှင်တွေအကြား ဝေဖန် ငြင်းခုန် နေကြပေမယ့် သူမ ပြောခဲ့မယ်ဆိုတာလဲ လက်ခံနိုင်စရာ အချက်တွေ ရှိပါတယ်။ သြစတြီးယား နန်းတွင်းမှာ မွေးဖွားခဲ့တဲ့ ဘုရင့်သမီးတော် မာရီ မင်းသမီးဟာ အသက် ၁၅ နှစ်မှာ နယ်စပ်ချင်းကပ်နေတဲ့ ပြင်သစ်နိုင်ငံ အိမ်ရှေ့စံ မင်းသားနဲ့ လက်ဆက်ခဲ့ကြပြီး လေးနှစ်အကြာ အသက် ၁၉ နှစ်မှာ ပြင်သစ်နိုင်ငံရဲ့ (နောက်ဆုံး) မိဖုရား ဖြစ်ခဲ့တယ်။
အသက်ငယ်တဲ့ အပြင် အသိမကြွယ်ကြသူတွေမို့ ပြင်သစ်နိုင်ငံအတွင်း ဂျုံ စိုက်ခင်းတွေ ပျက်ဆီး၊ လူတွေ စီးပွားပျက်၊ စားစရာမဲ့ အတိဒုက္ခတွေ ရောက်နေကြချိန်မှာ အလှအပကို ခုံမင်၊ အပျော်အပါး လိုက်စား၊ စိန်ရွှေ ရတနာ၊ ဇိမ်ခံပစ္စည်းတွေ မက်မောတဲ့ မိဖုရား မာရီဟာ နန်းတော်အတွင်းမှာ ပါတီပွဲတွေ တချိမ့်ချိမ့် ကျင်းပ ပျော်ပါးနေသလို၊ ပိုးဖဲကတ္တီပါတွေ၊ လက်ဝတ်ရတနာတွေ အလျှံပယ် နေတာတောင် ထပ်မံ ဝယ်လို့မဆုံး၊ သုံးသုံး ဖြုန်းဖြုန်း နေခဲ့တယ်။
နန်းတော်ပြင်ပ တိုင်းပြည်အနှံမှာ ငတ်ပြတ်လွန်းလို့ လူထုက ဆန္ဒပြကြတာကို ‘ဘာဖြစ်လို့ ဆန္ဒ ပြ နေကြတာလဲ’ သူမ မေးတယ်။ ‘ပြည်သူတွေ ဆင်းရဲလွန်းလို့၊ ပေါင်မုန့်တောင် စားစရာ မရှိလို့’ ဆန္ဒပြ နေကြတယ် ဆိုတဲ့ အဖြေကို သူမက ကိတ်မုန့်စား ... လို့ တုန့်ပြန်ခဲ့တယ် ဆိုကြတယ်။ အခြေခံအစာ ဖြစ်တဲ့ ပေါင်မုန့်တောင် မစားနိုင်ကြတဲ့ အဖြစ်ရဲ့ ပြဿာနာ အရင်းအမြစ်ကို ဘယ်လို ဖြေရှင်းပေးရမယ် အသိဉာဏ် မရှိခဲ့ဘူး။
ယနေ့ မြန်မာပြည်မှာ နိုင်ငံကျော် မှတ်တမ်းဝင်စကားတွေ ဖြစ်တဲ့ ‘မီးမလာရင် ဖယောင်းတိုင် ထွန်း’၊ ‘အကြွေး ကြေအောင် ထမင်း တနပ်ပဲ စား ဆပ်’ ဆိုတာတွေ၊ အမျိုးသားတွေ ကျမ်းမာ အသက်ရှည်ဘို့ အရက်အစား နွားနို့ သောက်သင့်တယ် ဆိုတဲ့ စကားတွေလိုပေါ့။ အလွန် ပြောင်မြောက်တဲ့ တုန့်ပြန်ချက်တွေ စာတင်ထားကြရပါမယ်။
ဒါကြောင့်မို့လို့ အနောက်တိုင်းမှာ ဆိုစကား တခု ရှိတယ်။ ‘Talk slowly but think quickly’ တဲ့။ နောက်တမျိုး ပြောကြတာကတော့ ‘Think before you speak’ တဲ့။ တခါနဲ့ မလုံလောက်ရင် နှစ်ခါ၊ သုံးခါ လောက် အထိ စဉ်းစားပြီးမှ ပြောပါ။
မိဖုရားမာရီဟာ အရည်အချင်းရှိလို့ ပြည်သူက ရွေးကောက် တင်မြှောက်လိုက်သူ မဟုတ်ခဲ့ဘူး။ ၁၈ရာစု အတွင်းမှာ မင်းသမီး အနေနဲ့ မွေးဖွားခဲ့၊ အိမ်ရှေ့မင်းသားနဲ့ အိမ်ထောင်ကျခဲ့သူမို့ အပြော မတတ်၊ အနေ မတတ်၊ ဆင်ခြင် တွေးခေါ်မှု နုန့်နည်းပေမယ့် ခေတ်ကာလအရ မိဖုရား ဖြစ်ခဲ့သူပါ။
နှစ်ဆယ်ရာစုခေတ်ထဲမှာ တကယ် ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သူ၊ အရည်အချင်း ပြည့်ဝတဲ့ ကမ္ဘာ့ ခေါင်းဆောင် အများစုကတော့ ပြောလိုက်ရင် လျှမ်းလျှမ်းတောက်၊ ကြက်သီးထခမန်း၊ လက်ခုတ် တဖြောင်း ဖြောင်း တီးချင်စရာ ပြောတတ်ကြတယ်။
လူသိအများဆုံး ဥပမာ ပေးရမယ် ဆိုရင်တော့ မလိုသူတွေ လုပ်ကြံမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက် ပေးသွားရသူ ၃၅ ယောက်မြောက် အမေရိကန် သမတ ဂျွန်ကနေဒီ ရဲ့ သမတကျမ်းကျိန်ပွဲ မိန့်ခွန်းက စကား တခွန်း ရေးရပါမယ်။ ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြောသွားတဲ့ သူ့စကားဟာ ယနေ့အချိန်ခါအထိ ကမ္ဘာတဝှန်း နိုင်ငံသားတိုင်းလိုက်နာသင့်တဲ့ မွေးရာပါ အသိတရား ဖြစ်သင့်တယ်။
Ask not what your country can do for you – ask what you can do for your country.
(တိုင်းပြည်က ကိုယ့်အတွက် ဘာ လုပ်ပေးမှာလဲ မမေးပဲ တိုင်းပြည်အတွက် ကိုယ်က ဘာ လုပ်ပေး နိုင်မလဲ ပြန်မေးပါ။)
သမတကနေဒီလို ကမ္ဘာကျော်တွေ မဟုတ်ပေမယ့် မှတ်သားဘွယ် စကားလေးတွေ၊ သိမ်းထားမိတဲ့ စကားလေးတွေ ဝေမျှချင်ပါတယ်။ အင်တာဗျူးတွေမှာ ပြောခဲ့တာ၊ သူတို့ မိတ်ဆွေ သားချင်းတွေကို ပြောခဲ့ တာတွေပါ။ ဘယ်အချိန် ဘယ်အခါဆိုတာ တချို့စကားတွေ မှတ်မိပေမယ့် တချို့ကို မမှတ်မိတော့ပါဘူး။
ထို အမှတ်ထင်ထင် စကားတွေကတော့ -
''ကျနော်တို့တတွေ လက်နက်မပါဘဲနဲ့ ငြိမ်းချမ်းစွာ လာပြီး စုဝေးနေကြတယ်။ အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ကျနော်တို့ ဘဝများစွာ စတေးခဲ့ပြီးပြီ။ လမ်းတွေပေါ်မှာ အသက်ပါ ပေးခဲ့ပြီးပြီ။ ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့မှ ချုပ်ချယ်လို့ မရဘူး'' (မင်းကိုနိုင်)
“စားစရာ ပါ မလာရင်လည်း နေပါစေ၊ ဆေးဝါး မပါရင်လည်း နေပါစေ။ အဲ … သတင်းစကားတော့ ပါအောင်ယူခဲ့နော်” (နိုင်ငံရေးအကျဉ်းသားတဦးမှ မိသားစုသို့ အမှာစကား) (မြန်မာပြည် အကျဉ်းထောင် များ အတွင်းမှာ နိုင်ငံရေးအကျဉ်းသားများကို ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်၊ သတင်းတွေ အမှောင်ချထားခြင်း သာဓက)
“မကြိုက်တဲ့ အရာတွေကို ငြင်းပယ်ဘို့ သတ္တိ ရှိကြပြီး၊ အမှန်ကို မလုပ်ရဲရင်တောင်မှ အမှားတွေကို မထောက်ခံကြဘို့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်။ (ဇေယျာသော်) (ကလေးမှ အစ လူကြီးအဆုံး လူတိုင်း လိုက်နာသင့်၊ လုပ်ဆောင်နိုင်သော အခြေခံ သဘောတရား)
“သားကလည်း သမိုင်းပေးတာဝန် ထမ်းဆောင်နေတော့ အန်တီတို့ မိဘတွေ အနေနဲ့ကလည်း သမိုင်းပေး ဝတ္တရား ထမ်းဆောင်ရတာပေါ့။” (ဒေါ်ညွန့်ညွန့်ဦး - ကိုပဏ္ဏိတ်ထွန်း မိခင်) (မိမိ သားချင်းလုပ်ရပ်ကို လက်ခံမှု)
“ကိုယ့်သားလေး အဖမ်းခံရတယ် ဆိုတော့ အမေ တယောက်အနေနဲ့ ရင်ထဲ မချိဘူးပေါ့။ ဒါပေမယ့် ကိုယ် မလုပ်နိုင်တဲ့ ကိစ္စကို ဒီကလေးတွေက လုပ်ပြသွားတာ ဂုဏ်ယူပါတယ်။” (ဒေါ်တင်တင်ဝင်း - ကိုအံ့ဘွယ်ကျော် မိခင်) (မိသားစုရဲ့ အားပေးထောက်ခံမှု)
“မြေပုံကို ကြည့်မယ် ဆိုရင် ဟိုဘက်ထိပ်နဲ့ သည်ဘက်ထိပ်ပေါ့။ တော်တော့ကို ဝေးတယ်။ သူ ဘယ်နေရာ ရောက် ရောက်၊ သွား တွေ့ရမှာပဲ” (ကိုအောင်အောင်ထွန်း - ကိုကိုကြီး ညီ) (နိုင်ငံရေးသမားများကို အကျဉ်းချရာတွင် ကျန်ရစ်သူ မိသားစုကိုပါ သွယ်ဝိုက် အပြစ်ပေးသော သာဓက)
“လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျ အလုပ်ကို လုပ်သွားရမယ်။ ကိုယ့်အလုပ် လုပ်တဲ့အခါကျရင် အများ ကြိုက်စေချင်လို့ လုပ်တာ မဟုတ်ဘူး။ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ မဟုတ်ဘူး။ ရာထူးရာခံ လိုချင်လို့ လုပ်တာ မဟုတ်ဘူး။ နာမည် လိုချင်လို့ လုပ်တာ မဟုတ်ဘူး။ ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်တာသာ ဖြစ်ရမယ်။ ကိုယ့်ရဲ့ ယုံကြည်ချက်အရ မှန်တယ် ထင်လို့ လုပ်လို့ရှိရင် ဘယ်သူက ဘယ်လိုပဲ အန္တရာယ် ပြုပြု၊ ခံနိုင်ရည် ရှိရမယ်။ ဘယ်သူက ဘယ်လိုပဲ ကိုယ့်ကို ပုတ်ခတ် ပုတ်ခတ် ခံနိုင်ရည် ရှိရမယ်။ ဒီလို ခံစားချက်တွေနဲ့ လုပ်သွားမှသာ လူငယ်များဟာ တိုင်းပြည် အကျိုး ထမ်းဆောင်နိုင်မှာ ဖြစ်တယ်။”
(ဒေါ်အောင်ဆန်းစုကြည် - ၁၉၈၉ ခုနှစ် ဧပြီလ၊ ချင်းပြည်နယ် ခရီးစဉ်တွင် အန်အယ်လ်ဒီ လူငယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။)
လေးစားစွာဖြင့် -
မာလုစံ
ဇန်နဝါရီလ ၈ ရက်၊ ၂၀၁၄
No comments:
Post a Comment