ကျွန်တော် ဂစ်တာကို တဒေါင်ဒေါင် တဒင်တဒင် အသံစမ်း တီးနေတုန်း အိချို တယောက် ကျွန်တော့် နာမည် တကျော်ကျော် အော်ခေါ်ရင်း အိမ်ထဲဝင်လာသံ ကြားလိုက်ရတယ်။
“ဒေါ်ဒေါ်လှ၊ ဝေလု ရှိသလား။”
အိမ်နောက်ဖေး မီးဖိုချောင် အဝင်အထွက်တံခါးကနေ ဝင်လာရင်း ကျွန်တော့်အမေကို မီးဖိုထဲ တွေ့လို့ လှမ်း မေးသံလဲ ကြားရတယ်။ မကြာခင် သူ့ဘာသာ ကျွန်တော့် အခန်းထဲ ရောက်လာတယ်။
ဂစ်တာတီးနေတဲ့ ကျွန်တော့်လက်ကို ဆွဲဟန့်ရင်း ပြာယိပြာယာ အမူအယာနဲ့ သူက မေးလာတယ်။
“ဟဲ့ ဝေလု နင် ကြား ပြီးပလား။”
အရင်းမရှိ၊ အဖျားမရှိ မေးလိုက်တဲ့ မေးခွန်းကို ကျွန်တော် ဘယ်လို ဖြေရမှာလဲ။ ဒါပေမယ့် သည်လို အပြောမျိုး၊ အပြုအမူမျိုးက အိချိုဆီမှာတွေ့ရတာ အဆန်းမဟုတ်။ ဘယ်အရာမဆို သူဟာ အေးဆေး တည်ငြိမ်စွာ ပြုမူတတ်သူ မဟုတ်။ အစဉ်အမြဲဆိုသလို ထိတ်ထိတ်ပျာပျာ၊ ရေးကြီးခွင်ကျယ် လုပ်လေ့ရှိသူ ဖြစ်ပါတယ်။
သူ ဆုပ်ဖမ်းထားတဲ့ လက်တဘက်ကို ဆွဲရုန်းလိုက်ရင်း ကျွန်တော်က အလေးမထားသံနဲ့ ပြန် ပြောမိတယ်။
“ဘာလဲ။ နင့်အသံကြီးတော့ ကြားနေတာပေါ့။”
သည်မှာ သူမက ကျွန်တော့် ပုခုန်းကို ဖြတ်ကနဲ သာသာ ရိုက်လိုက်တယ်။
“အကောင်း မေးနေတာ။ နင် မကြားသေးဘူးပေါ့။”
“ဘာ ဖြစ်လာပြန်တာလဲ။ ဘာ အကြောင်း ကြားရမှာလဲ။”
စိတ်ရှုတ်သံနဲ့ ကျွန်တော် ဖြေလိုက်တော့ သူမက ပြူတင်းဝအနား တိုးကပ်၊ အပြင်ကို ခေါင်းပြူ မော့ ကြည့်ရင်း ဖြေလိုက်တယ်။
“တူးမာ အကြောင်းကို ပြောတာ။”
ဂစ်တာကိုငုံ့ကြည့်ပြီး ဆက်တီးဘို့ကျိုးစားနေတဲ့ ကျွန်တော့်လက် တန့်သွားတယ်။ အိချိုကို မော်ကြည့်ပြီး မေးမိတယ်။
“တူးမာ အကြောင်း။ တူးမာ ဘာဖြစ်လို့လဲ။”
အိချိုက ကျွန်တော့်ကို လှည့်ကြည့်ပြီး ဝမ်းနည်းတဲ့ အမူအယာနဲ့ ဖြေလိုက်တယ်။
“တူးမာ အိမ်ပြောင်းတော့မယ်။ သည်မှာ မနေတော့ဘူး တဲ့။”
ကျွန်တော့် ရင်ထဲ ထိန်းကနဲ အနုမြူဗုံးပေါက်ကွဲသလို ပွင့်ထွက်သွားတယ်။ ရှိသမျှ အူအသဲ ကလီစာတွေ လေဟာပြင်ထဲ စုတ်ထုတ်ခံလိုက်ရသလို ဟာတာတာ ဖြစ်ကျန်ခဲ့တဲ့ ရင်ထဲမှာ တခုတည်း ကျန်ခဲ့ပုံရတဲ့ နှလုံးသားအိမ်က တဆစ်ဆစ် နာလာတယ်။
“အိမ် ပြောင်းတော့မယ်။ ဘယ်ကိုလဲ၊ ဘယ်တော့လဲ။”
ဗလုံးဗထွေး ထွက်သွားတဲ့ ကျွန်တော့် မေးခွန်းတွေကို အိချိုက ပုခုန်း တွန့်ပြပြီး
“ဘယ်ကိုလဲတော့ ငါလဲ မသိဘူး။ ဒါပေမယ့် ပြောင်းမှာကအခုပဲ။ အခုတောင် ရှိမှ ရှိသေးရဲ့လား မသိ။”
ပြောရင်းနဲ့ ပြူတင်းပေါက် အပြင်ကို မော့ကြည့်နေပြန်တယ်။ အိချိုရဲ့ အဖြေက တဆစ်ဆစ် နာကျင်စပြုလာတဲ့ ကျွန်တော့်ရင်ကို သံဆူးကြိုးနဲ့ တခါ ထပ် ရစ်ပတ်လိုက်သလိုပဲ။ စူးရှမွန်းကြပ်တဲ့ ခံစားမှုက ဘယ်လို စာဖွဲ့ရမယ် မသိ။ လက်ထဲက ဂစ်တာကို ဘယ်နေရာ ဘယ်လို ချခဲ့မိတယ် မသိ။ ကျွန်တော် ပြူတင်းပေါက်နဘေးကိုလွှားကနဲရောက်သွားတယ်။ အိချိုကိုတွန်းဖယ်လို့ တူးမာအခန်းဆီ မော့ကြည့်လိုက်မိတယ်။
ကျွန်တော် မော့ကြည့်လိုက်မိချိန်မှာ တချိန်တည်းလိုပဲ တူးမာဟာ ပြူတင်းအ၀ လာရပ်ပြီး ကျွန်တော့် အိပ်ခန်း ရှိရာဘက်ဆီ ခေါင်းပြူ ငုံ့ကြည့်လိုက်တာ ကျွန်တော် တွေ့လိုက်တယ်။ စက္ကန့်ပိုင်းလောက်ပဲ ကြာမယ့် အကြည့်ချင်း ဆုံမိချိန်မှာ တထိန်းထိန်းခုန်နေတဲ့ ရင်ခုန်လှုပ်ရှားမှုနဲ့အတူ သူ့ မျက်နှာပေါ်က သူ့ခံစားမှုကို ကျွန်တော် အဖြေရှာ ဖတ်ကြည့်ဘို့ ကျိုးစားမိတယ်။ တူးမာရင်ထဲ ဘယ်လို ခံစားနေမလဲ ကျွန်တော် ခန့်မှန်းမရလိုက်ခင်မှာပဲ သူမဟာ အနောက်ကို ဆုတ်၊ ပြူတင်းနဘေးက ထွက်သွားခဲ့တယ်။ ပြူတင်းအဝမှာ တူးမာ ပြန်ပေါ်လာဦးမလား စောင့်ကြည့်ရင်း အနောက်ကို လှည့် မကြည့်ပဲ အိချိုကို ကျွန်တော် မေးမိတယ်။
“ဘယ်တော့လဲ အိချို။ သူ ဘယ်တော့ ပြောင်းမှာလဲ”
ပြူတင်းအပြင်ကို မော့ကြည့်ရင်း တတွတ်တွတ် မေးနေမိရာက ဘာမှ ဖြေသံ မကြားရလို့ အနောက်ကို လှည့်ကြည့်တော့ အခန်းထဲမှ အိချို မရှိတော့။
“အိချို… အိချို …”
အိချိုနာမည်ကို တတွတ်တွတ် ခေါ်နေမိပေမယ့် ကျွန်တော့် မျက်လုံးတွေက နဘေးတိုက် အပေါ်ထပ် ပြူတင်းဝက မခွာရဲ။ တော်ကြာ ပြူတင်းဝမှာ တူးမာ အရိပ် ပြန်ပေါ်လာလေဦးမလား၊ မဝန့်မရဲ မျှော်လင့်လို့။
“ဝေလု၊ ဘာလုပ်နေတာလဲ။ ဟိုမှာ ကား ထွက်တော့မယ်။ မြန်မြန် လာ။”
အိမ်ရှေ့ကနေ အိချို အော်ပြောသံကြားလိုက်လို့ ကျွန်တော် ပြူတင်းအဝနားကခွာပြီး အိမ်ရှေ့ တံခါး ပေါက်ကနေ အိမ်အပြင်ကို ပြေးထွက်ခဲ့တယ်။ ကျွန်တော်တို့ တိုက်တန်းလျား အရှေ့ကနေ တူးမာတို့ တိုက်တန်း အရှေ့ဘက်ဆီကို ပြေးလာခဲ့တယ်။ ကျွန်တော်တို့အိမ်ခန်းရှိတဲ့တိုက်တန်းနဲ့ တူးမာတို့အိမ် ခန်းရှိတဲ့တိုက်တန်း နှစ်ခု ဆက်စပ်ရာ ထောင့်ချိုးမှာ အိချို ရပ်နေတာ တွေ့လို့ ကျွန်တော် အိချို နဘေးမှာ ရပ်ပြီး တူးမာတို့ တိုက်တန်းရဲ့ အဓိက ဝင်ပေါက်ဆီ ကြည့်လိုက်မိတယ်။
တိုက်အဝင်ပေါက် အရှေ့နားကနေ ကားကြီးတစီးက ဖြေးလေးစွာ ဘီးတလိမ့်ချင်း စထွက်နေပါတယ်။ ကားအပေါ်မှာ လူတွေ ထိုင်နေတာတွေ့ပေမယ့် နည်းနည်းလှမ်းနေတော့ ဘယ်သူတွေမှန်း မသိ။ ကားပြူတင်းမှန်ကလဲ ပိတ်ထားတော့ ဘယ်သူဘယ်ဝါ သဲသဲကွဲကွဲ မတွေ့ရ။ ကားကြီးက ကျွန်တော်တို့ အရှေ့ အရောက်မှာ နည်းနည်း အရှိန်ရလာလို့ ထင်ပါရဲ့။ မောင်းနှုန်းက မြန်လာတယ်။ ဒါပေမယ့် ထိုမြန်ဆန်တဲ့ အရှိန်နှုန်းကြားကပဲ ကျွန်တော်တို့ အရှေ့အရောက်မှာ ကားပြူတင်းအဝကို မျက်နှာကလေး တခု တိုးကပ်လာတယ်။
တူးမာ….
ကျွန်တော့်နှုတ်က တိုးတိုးလေး ရွတ်လိုက်မိစဉ်မှာပဲ ကားကြီးက တရှိန်ထိုး အရှိန်တင် မောင်း ထွက်သွားတယ်။ နွေရာသီ အပူရှိန်အောက် ခြောက်သွေ့သွေ့ လမ်းပေါ် ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေက ကားဘီး လိမ့်တဲ့အရှိန်ကြောင့် လမ်းပေါ်ကနေ အနည်းငယ် မြောက်ကြွ လေထဲ ဝဲပြီးမှ မြေပေါ် ပြန်ကျလာတယ်။
ကျွန်တော့် ရင်ထဲမှာတော့ အသဲနှလုံးကို ကားကြီးရဲ့ဘီးတွေက မြေကြီးထဲဖိကြိတ် လှိမ့်မောင်း သွားသလို နာကျင်စွာနဲ့ ကျန်ခဲ့တယ်။
ကားဘီးအောက်မှာ ကြွေမွသွားတာ သစ်ရွက်ခြောက်လေလား၊ ကျွန်တော့် အသဲလေလား။ ဘယ်လိုမှ ဝေခွဲ မရ။
X X X
လူတယောက်အတွက် အခံရ အခက်ဆုံး ဝေဒနာဟာ အဖြေမရှိတဲ့ မေးခွန်းတွေကို ရင်ဆိုင်ရချိန်ပါပဲ။
ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ၊ ဘာအတွက်လဲ ဆိုတာ။ နောက်ပြီး ကိုယ် ဘာ လုပ်လိုက်မိလို့ ဖြစ်ရတာလဲ ဆိုတာကတော့ အဆိုးတကာ့ အဆိုးဆုံး မေးခွန်းပေါ့။
အခုတော့ ကျွန်တော်လဲ သည်မေးခွန်းတွေ အောက်မှာ အလူးအလိမ့် ခံနေရပါပြီ။
“နင် မသိဘူးလား။ နည်းနည်းလေးမှ ကြို မရိပ်မိဘူးလား။”
နီးရာ ဓါးကို ကြောက်ရသလို၊ နီးရာ ဖိထောင်းတတ်တဲ့ လူ့ဓလေ့ သဘာဝအတိုင်း ကျွန်တော် အိချိုကို မဲ၊ မာန် မေးမိတယ်။ မျက်နှာငယ်ကလေးနဲ့ အိချိုက မျက်လုံးလေး ကလယ်ကလယ်နဲ့ သူလဲ ဘာမှ ကြို မသိ၊ လုံး၀ မရိပ်စားမိခဲ့ဘူး ဖြေတယ်။
ပစ္စည်းကြီးတွေ မယူပဲ တနိုင်တပိုင် လက်ဆွဲသေတ္တာတွေနဲ့ မပြောမဆို ဗြုန်းစားကြီး ပြောင်းချ သွားကြတဲ့ တူးမာတို့ မိသားစုအကြောင်းက ကျွန်တော်တို့ တိုက်ဝင်းတခုလုံးမှာ ပြောစမှတ်ကျန်ခဲ့တယ်။ အမျိုးမျိုးသော ထင်ကြေးတွေ ပေးကြ၊ ဇာတ်လမ်းတွေ တွေးနေကြပေမယ့် ဘယ်သူမှ ရေရေရာရာ၊ တိတိကျကျ မသိကြ။
တူးမာတို့မိသားစု မယူသွားပဲ ကျန်ခဲ့တဲ့ ပစ္စည်းကြီးတွေကို လူတချို့ ကားကြီးတွေနဲ့ နောက်ရက်တွေမှာ လာရောက် သိမ်းဆည်း သယ်ယူနေတာ တွေ့ပေမယ့် ထိုလူတွေကို ဘယ်သူတွေလဲ ဘယ်သူမှ မသိ။ အချို့ စပ်စုတတ်သော အိမ်နီးနားချင်းများက စကားရော ဖေါရော လုပ်ပြီး မေးမြန်းတီးခေါက်ဘို့ ကျိုးစားပေမယ့် ထိုလူတွေကလဲ အိမ်ရွှေ့ပြောင်းပေးတဲ့ ကုမ္ပဏီမှာ အလုပ် လုပ်တဲ့ အလုပ်သမားတွေ။ သူတို့ကို ကုမ္ပဏီက သည်အိမ်၊ တိုက်ခန်းမှာ ကျန်ရှိတဲ့ ပစ္စည်းတွေ သိမ်းဆည်း ပြောင်းပေးဘို့ တာဝန်ပေးလို့ အလုပ် လာလုပ်နေသူတွေ။ သည်အိမ်ပိုင်ရှင်၊ ပစ္စည်းရှင်ကို သူတို့မသိ။ ပိုင်ရှင်တွေ ဇာတ်လမ်း ကိုလဲ သူတို့ မသိ။ ဘယ်ကို ပြောင်းပေးရမယ် ဆိုတာလဲ ပြောပိုင်ခွင့် မရှိ တဲ့။
သည်မှာ တီးတိုး တီးတိုး သဖန်းပိုး စကားတွေက ပိုလို့ လွင့်ပျံ့ လာတယ်။
တူးမာ မိဘတွေ အိမ်ထောင်ကွဲလို့ တယောက်တနေရာ အမြန် ပြောင်းသွား ကြတာ တဲ့။
တူးမာ အမေက ဖေါက်ပြန်လို့ တဲ့။
တူးမာ အဖေက အသစ် တွေ့လို့ တဲ့။
ဘယ်သူကမှ တူးမာမိဘတွေ အလုပ် အသစ် ရလို့၊ နယ်ပြောင်းရလို့ အိမ် ပြောင်းကြတယ် မထင်ကြ၊ မပြောကြ။ ဘယ်သူကမှ တူးမာမိဘတွေ ဘိုးဘွားအမွေ ရလို့၊ ကိုယ်ပိုင်အိမ်ဝယ်ပြီး ပြောင်းကြတယ် မပြောကြ။ ဘယ်သူကမှ တူးမာမိဘတွေ ရာထူး တိုးလို့၊ ထီ ပေါက်လို့၊ လက်ရှိ တိုက်ခန်းထက် ပိုမို တန်ဘိုးကြီးတဲ့ တိုက်ခန်းကို ပြောင်းကြတယ် မထင်ကြ။
အများစုက မကောင်းတဲ့ ထင်ကြေး၊ စိတ်ပျက်စရာ တွေးဆချက်တွေနဲ့ ကျိတ်ဝိုင်းတွေ ပြောနေလိုက်ကြတာ အဆိုးဆုံးကတော့ တူးမာအကြောင်း မကောင်း ပြောကြတာပါပဲ။
တူးမာတယောက် လွန်လွန်ကျုးကျုးဖြစ်မိပြီး ကိုယ်ဝန်ရှိလာလို့ တမိသားစုလုံး လူမသိသူမသိ တိုးတိုး တိတ်တိတ် အမြန် ပြောင်းပြေးကြတာ တဲ့။
သည် ထင်ကြေးကတော့ အဆိုးဆုံးပဲ။ အထူးသဖြင့် ကျွန်တော့် နားမှာ ကြားရတာ အဆိုးဆုံး ပဲ။ တူးမာကို ခင်မင်တဲ့ သူငယ်ချင်းတယောက်၊ သံယောဇဉ် ရှိသူတဦး။ အထူးသဖြင့် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာအောင် မွေးကတည်းက တဝင်းတည်း နေလာတဲ့ အိမ်နီးချင်းတွေ။ ကလေးဘ၀ ကစားဘော် ကစားဘက်၊ အရွယ်ရောက်ချိန် ကျောင်းနေဘော် ကျောင်းနေဘက်၊ အတူ ကြီးပြင်းလာသူတွေမို့ တူးမာအကြောင်း မကောင်းပြောတာ ကျွန်တော် မကြားချင်ပါ။ မယုံချင်ပါ။ ကျွန်တော် တယောက်တည်း မဟုတ်။ အိချိုလဲ သည်လိုပဲ၊ သည်စကားတွေ မကြားလိုပါ။
အိချိုရယ်၊ တူးမာရယ်၊ ကျွန်တော်ရယ် ဆိုတာ တနှစ်ထဲ လပိုင်းပဲ ခြားမွေးပြီး အတူတူ ကြီးပြင်း လာခဲ့တဲ့ အိမ်နီးချင်း၊ ကစားဘော်၊ သူငယ်ချင်း မောင်နှမတွေလေ။
X X X
“နင် ကြားပြီး ပြီလား။”
အိချိုက သူ့ထုံးစံ အတိုင်း အရင်း မရှိ၊ အဖျား မရှိ စကား စပြန်တယ်။
“လာ ပြန်ပြီ။ ဘာကို ကြားရမှာလဲ။ ပြောမှာ ပြောစမ်းဟာ။”
စိတ်မရှည်သံနဲ့ ကျွန်တော် ပြန်ဖြေတော့ အိချိုက နဘေးနဘီကို မလုံမလဲပုံစံနဲ့ လှည့်ပတ် ကြည့်ပြီး ကျွန်တော့် နဘေး တိုးကပ်ထိုင်လိုက်တယ်။
“တူးမာ အကြောင်း”
တူးမာ အကြောင်းဆိုလို့ ကျွန်တော် စိတ်ဝင်စားသွားတယ်။
“ဘာလဲ၊ ပြော”
“တူးမာ နဲ့ ရန်နောင့် အကြောင်း”
အိချို ထပ်ဆင့် ပြောလိုက်တာကြောင့် ကျွန်တော့် ရင်ထဲ မျက်ကနဲ ဖြစ်သွားတယ်။ မျက်နှာ မပျက်အောင် ထိန်းပြီး အိချိုကို မေးလိုက်တယ်။
“ရန်နောင်က ဘာဖြစ်လို့လဲ။”
“သူတို့ ပြတ်သွားပြီ တဲ့”
အိချိုမျက်နှာကို အငေးသား ကြည့်ရင်း ရင်ထဲမှာ ဘယ်လို ခံစားရမယ် မသိ။ ဝမ်းသာရမှာလား၊ ဝမ်း နည်းရမှာလား။ ရင်ထဲ နင့်နင့်နဲနဲ ခံစားရသလိုလိုပေမယ့် တကယ်က တူးမာနဲ့ ရန်နောင် ပြတ်သွားပြီ ကြားရရင် ကျွန်တော် ဝမ်း မသာသင့်ဘူးလား။
ကျွန်တော့် မျက်နှာ အမူအယာကို အကဲခတ်သလို ကြည့်ရင်း အိချိုက မေးတယ်။
“ဘာကို ဝမ်းသာရမှာလဲ”
“တူးမာ နဲ့ ရန်နောင် နဲ့ ပြတ်သွားပြီ ဆိုတာကို”
“ဘာဆိုင်လို့လဲ။ သူတို့ဘာသာ ပြတ်တာ။”
“တကယ် မဆိုင်ဘူးလား။ နင့် စိတ်ထဲ ဘယ်လိုမှ မနေဘူးလား။”
အိချိုက ကျွန်တော့်မျက်နှာကို စေ့စေ့ပါအောင် အကဲခတ် ကြည့်ရင်း ထပ်မေးတယ်။ ကျွန်တော်လဲ စိတ်ထဲ ခံစားချက်ကို မျက်နှာပေါ် မပေါ်အောင် ထိန်းပြီး သူပြောလာတဲ့ သတင်းကို အလေးမထားသလို နေပြလိုက်တယ်။ အိချိုက ကျွန်တော့် မျက်လုံးအိမ်အထဲ စူးစိုက်စွာ အဖြေရှာသလို ကြည့်ပြီး ပြောတယ်။
“မသိပါဘူး။ သူတို့ ပြတ်သွားတယ် ကြားရင် နင် ဝမ်း အသာဆုံး ဖြစ်မယ် ထင်လို့။”
“ငါက ဘာလို့ ဝမ်းသာ ရမှာလဲ။”
“မသိဘူးလေ။”
အိချိုက ပြုံးစေ့စေ့ မျက်နှာနဲ့ ကျွန်တော့်ကို မျက်တောင်မခပ် ကြည့်နေပြန်တယ်။
တကယ်တော့ တူးမာ နဲ့ ရန်နောင် ပြတ်သွားတယ် ဆိုတာကြားရင် ကျွန်တော် ဝမ်းအသာဆုံး ဖြစ်မယ် အိချို ထင်တာ မှန်ပါတယ်။ တကယ်သာ သူတို့ ပြတ်ခဲ့ကြရင်ပေါ့လေ။ သည့်ထက် တိတိကျကျ ပြောရမယ်ဆိုရင် အခုအချိန်ထက် နည်းနည်းစောပြီး တူးမာတို့ အိမ် မပြောင်းခင် ပြတ်ခဲ့ကြရင်ပေါ့လေ။
တကယ်က ရန်နောင်ဆိုတာကလဲ ကျွန်တော်တို့ ငယ်သူငယ်ချင်း၊ အတူ ကြီးပြင်းခဲ့ကြတဲ့ ကစားဘော်၊ ကျောင်းနေဘက် တယောက်ပါ။ ဒါပေမယ့် သူက ကျွန်တော်တို့သုံးယောက်လို သည်တိုက်ဝန်းအတွင်း မှာ မွေးဖွားခဲ့တာ မဟုတ်ပဲ မူလတန်းကုန်ကာနီး လေးတန်းစာမေးပွဲ ဖြေပြီးမှ ပြောင်းလာသူပါ။
ဂငယ်ပုံ သုံးဘက် မျက်နှာစာနဲ့ တိုက်တန်းမှာ ကျွန်တော်တို့အိမ်နဲ့ အိချိုတို့ အိမ်ခန်းတွေက အလည်တန်းမှာ ရှိပြီး တူးမာတို့အိမ်က လက်ဝဲတန်း ဒုတိယထပ်မှာ ရှိပြီး ရန်နောင်တို့အိမ်က လကျာ်တန်း မြေညီထပ်မှာ ရှိပါတယ်။ အိချိုတို့ အခန်းက အလည်တန်း အပေါ်ဆုံးထပ်မှာ ဖြစ်ပြီး ကျွန်တော်တို့ အိမ်က အလည်တန်း အောက်ဆုံးထပ်ပါ။
သည်တော့ တူးမာ အိပ်ခန်း နဲ့ ရန်နောင့် အခန်းကို အိချိုနဲ့ ကျွန်တော်တို့ အခန်းတွေက မြင် နိုင်ပေမယ့် ကျွန်တော်နဲ့ အိချိုနဲ့က အပေါ်ထပ် အောက်ထပ်မို့ တခန်းနဲ့ တခန်း မမြင်နိုင်ဘူး။
‘အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း’ ဆိုတဲ့ သီချင်းကို ဆိုပြီး ကျွန်တော်နဲ့ အိချိုကို သူငယ်ချင်းတွေက စရင် အိချိုက ပါးကလေးတွေ ရဲပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေပေမယ့် ကျွန်တော်ကတော့ မရှက်မကြောက်နဲ့‘ စိတ်ချ၊ ငါတို့ ဘယ်တော့မှ အဲသည် ဇာတ်လမ်း ဖြစ်မှာ မဟုတ်ဘူး။’ … လို့ ရဲရဲကြီး အာမခံ ပြောတတ်တယ်။
ဟုတ်တယ်လေ။ ကျွန်တော် ရဲရဲကြီး အာမခံရဲတာပေါ့။ ငယ်ငယ်ကတည်းက အခုထိ အိချိုကို ကျွန်တော် ညီမလေး တယောက်လို၊ အပေါင်းအဖော် သူငယ်ချင်း တယောက်လိုပဲ မြင်တယ်။ သည့်ထက် ပို မြင်လို့ မရ။ ခံစားလို့ မရ။
အဲ… ဒါပေမယ့် တူးမာနဲ့ ကျတော့ တမျိုး ပြောရမယ်။
ကျွန်တော့်ထက် လပိုင်း အသက်ကြီးလို့ တခါတလေ အရွယ်တူချင်း ဆရာလုပ်ချင်၊ လူကြီး လုပ်ချင်သူ တူးမာကို ကျွန်တော်က အမ တယောက်လိုထက် ပို မြင်ချင်တယ်။ အပေါင်းအဖော် သူငယ်ချင်း တယောက်လိုထက် ပို ခင်ချင်တယ်။ သည့်ထက် ပို နီးစပ်ချင်တယ်။ သူမနဲ့ ပတ်သက် လာရင် ခံစားချက်က ပြောမပြတတ်အောင် ပိုမိတယ်။
အရင်ကတော့ အိချိုနဲ့ တူးမာအပေါ် ထားမိတဲ့ စိတ် အတူတူပဲ ထင်ခဲ့မိပေမယ့် ရန်နောင် ပြောင်းလာပြီးတဲ့ အနောက်မှာ မတူတာကို ကျွန်တော် သတိထားမိလာတယ်။
ကျွန်တော်တို့ လေးယောက် တတွဲတွဲ သွားလာနေကြရာမှာ တူးမာက ရန်နောင့်ကို အရေး တယူ လုပ်တာ တွေ့ရင် ကျွန်တော် မနာလို ဖြစ်မိတယ်။ ရန်နောင်က တူးမာကို ဂရုတစိုက် ဆက်ဆန်တာ မြင်ရင် ကျွန်တော် မျက်စိ နောက်မိတယ်။
စိတ်တိုစွာနဲ့ သူတို့ အနားက ကျွန်တော် လှည့်ထွက်၊ ဝေးရာကို ရှောင်လာခဲ့ရင် ကျွန်တော့် အဖြစ်ကို မသိလို့လား၊ ဂရုမပြုတာလား မသိ။ တူးမာက ရန်နောင့် နဘေး ကျန်ခဲ့ပေမယ့် ကျွန်တော့် အနောက်ကို တကောက် ကောက် လိုက်လာတတ်တာက အိချိုပါ။
မျက်စိမျက်နှာ မကောင်းတဲ့ ကျွန်တော့်ကို နေမကောင်းလို့လား၊ ဘာ ဖြစ်လို့လဲ နဲ့၊ ဂရုတစိုက် မေးမြန်း၊ ချော့မော့ ရယ်မောအောင် ပြုတတ်တာ အိချိုပါ။
အိချိုက ဘာဖြစ်လို့လဲ မေးပေမယ့် ကျွန်တော်က အဖြေမှန်ကို မပြောပြမိ။ ခေါင်း မူးလို့၊ ဗိုက် အောင့်လို့၊ နေ မကောင်းလို့ ဆိုတာတွေ လျှောက်ပြောပြီး ရင်နာတာကို ဖုံးကွယ်ဘို့ ကျိုးစားမိခဲ့တာချည်း ပဲ။
အိချို မသိအောင် ဖုံးကွယ်နိုင်ခဲ့ပေမယ့် လုံး၀ ပျောက်ကင်း၊ ခံစားချက် ရှင်းအောင်တော့ မပြုနိုင်ခဲ့ဘူး။ တူးမာနဲ့ ရန်နောင်တို့ တတွဲတွဲ လုပ်တာ မြင်လေ၊ ကျွန်တော် ပို ရင်နာလေပဲ။ မျက်နှာချင်းဆိုင် ပြူတင်းပေါက် အ၀တွေမှာ ရပ်ပြီး တယောက်နဲ့ တယောက် လက်ဟန်၊ အမူအယာတွေနဲ့ ကြည်နူးစွာ အပြုံး ဖလှယ်နေကြတဲ့ သူတို့နှစ်ယောက်ကို တွေ့တိုင်း ကျွန်တော့်အခန်း ပြူတင်းတံခါးကို ဆောင့် ပိတ်မိတာ ခဏခဏ။ အရင်က ကျွန်တော့် အခန်းကို ပြူတင်းထောင့် ကနေ ခေါင်းပြူ ကြည့်တတ်တဲ့ တူးမာ တယောက် အခုတော့ ပြူတင်းထောင့်နားမကပ်တော့ပဲ ပြူတင်းပေါက်အလည်တည့်တည့် ရပ်၊ ရန်နောင်နဲ့ ပုံရိပ်ချင်း ကြည်နူးနေကြတာ ကျွန်တော်တင်မက အပေါ်ဆုံးထပ်မှာ နေတဲ့ အိချိုကလဲ တွေ့ မိတယ်။ ကျွန်တော့်ကို သတင်းပို့တယ်။ ကျွန်တော့်အရှေ့မှာ တူးမာကို စတယ်။ မေးတယ်။ သတင်း နှိုက်တယ်။
သည်မှာ တူးမာကလဲ ရှက်ပြုံးလေးနဲ့ မဟုတ်ပါဘူး လို့ အစပိုင်း ငြင်းပေမယ့် နောက်တော့ မငြင်းတော့ဘူး။ ရန်နောင့်အပေါ် စွဲလန်းမိတဲ့၊ ပြောင်းလဲလာတဲ့ သူမရဲ့ ခံစားချက်တွေကို ဖွင့်ဟ၊ ဝန်ခံ လာတယ်။ ရန်နောင့်အမူအယာ၊ ဆက်ဆန်ပုံကနေ သူ့အပေါ်ထားတဲ့ ရန်နောင့်သဘောထားကို ဘယ်လို အဓိပ္ပါယ် ဖွင့်ရမလဲ ကျွန်တော့်ကို မေးလာတယ်။ ယောက်ျားလေးချင်းမို့ ယောက်ျားလေး အထာ ကျွန်တော် သိမယ်ပေါ့။
တကယ်တော့ သိခဲ့ရင်တောင် ကျွန်တော်က အမှန် မပြောပဲ တလွဲ ဗြောင်းပြန် ပြောလိုက်ချင် တာပါ။ ရန်နောင်က နင့်ကို စိတ် မဝင်စားဘူး ဖြစ်ဖြစ်၊ ရန်နောင်ဟာ နင့်အတွက် မသင့်လျော်ဘူး ဖြစ်ဖြစ် ပြောလိုက်ချင်တာပါ။ ရန်နောင့်မှာ ရှိနိုင်မယ့် အပြစ်တွေကို ခရေစေ့ တွင်းကျ ဖွေရှာပြီး တူးမာ စိတ်ပျက် အောင် ပြောပြလိုက်ချင်တယ်။
ဒါပေမယ့် ရန်နောင်ဆိုတဲ့ သူကောင့်သားကလဲ အမြင် ကပ်ချင်စရာကောင်းအောင် အပြစ်ကင်း လွန်းတယ်။
ပြောရမယ်ဆိုရင်၊ စိတ်ထဲကသာ ကျိတ် သဘောကျနေမိတာ ကျွန်တော်ကလဲ တူးမာကို လုံး၀ အရေးပေး အလေးထားခဲ့သူ မဟုတ်။ အချို့မိန်းကလေးတွေ မျက်နှာသာပေးရင် ရိသဲ့သဲ့ ပြန်ပြောတတ်တာ ကျွန်တော်ပါ။ မိန်းကလေးတယောက် အထာပေးသွားတယ်ဆိုရင် လိုက်ပြီး မိတ်ဆက်စကား ပြော တတ်တာ ကျွန်တော်ပါ။ ရည်းစား အဆင့်ထိ မရောက်ပေမယ့် အီစီကလီ လုပ်၊ တဟီးဟီးတဟားဟားနဲ့ သူငယ်ချင်းတွေက ဖိုးစွံ ခေါ်တာကို ကျေနပ်နေမိတာ ကျွန်တော်ပါ။
ရန်နောင်ကတော့ အဲသလို မဟုတ်။ သည်ကောင်က အရှက်ကြီးတယ် ခေါ်ရမလား၊ အေးတယ် ဆိုရမလား။ သူငယ်ချင်း အပေါင်းအသင်း များများ မရှိသလို၊ မိန်းကလေးတွေနဲ့လဲ တရုန်းရုန်း မနေတတ်။ သူ့ဘဝမှာ သူ့ညီမတွေက လွဲရင် နီးနီးစပ်စပ် မိန်းကလေးဆိုလို့ တူးမာ နဲ့ အိချို ပဲရှိတယ်။
ငယ်ငယ်ကလေးဘဝက ကျွန်တော်တို့လေးယောက်တတွဲတွဲ အတူသွားလာ ဆော့ကစားခဲ့ကြပေမယ့် အရွယ် ရောက်လာချိန်မှာ ကျွန်တော်က ဂီတဝါသနာပါလို့ အခြား ဂီတဝါသနာရှင် လူငယ်လေးတွေနဲ့ တတွဲတွဲ လုပ်လာတယ်။ တီးဝိုင်းအတွက် အချိန်ပေးရတော့ သူတို့ သုံးယောက်နဲ့ အမြဲ တပူး တွဲတွဲ မလုပ်နိုင်တော့ဘူး။ ကျွန်တော်တို့တီးဝိုင်း သီချင်းတိုက်တာ၊ လေ့ကျင့်တာတွေ လာကြည့်၊ တီးဝိုင်း ဖြေဖျော်မှုတွေကို သူတို့ လိုက်ပါ အားပေးပေမယ့် တခါတလေ သီးသန့် ပွဲမျိုးတွေ၊ နယ်ဆင်းရတာတွေကျတော့ သူတို့ မလိုက်နိုင်ဘူး။
သည်လို ကျွန်တော် အနေဝေးခဲ့ချိန်မှာ တူးမာက ရန်နောင်နဲ့ ပို နီးစပ်သွားတယ်။
ကျွန်တော် ပြန်လာချိန်မှာ အိချိုတယောက် ကျွန်တော့်ကို ဝမ်းသာ အပြုံးနဲ့ စောင့်ကြိုပေမယ့် တူးမာကတော့ မေးခွန်းတွေ တထွေးကြီးနဲ့ စောင့်နေတတ်တယ်။
ရန်နောင်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေပေါ့။ ကျွန်တော် နားကြားပြင်းကပ်တဲ့ မေးခွန်းတွေပေါ့။ မကြားချင် မဖြေချင်တဲ့ မေးခွန်းတွေပေါ့။
သူ မေးလာတဲ့ မေးခွန်းတွေက သူ ကြားချင်တဲ့ အဖြေကို ဦးတည်နေတာ သိပါလျက်နဲ့ ကျွန်တော် ဘူးကွယ် ဘုတော တောမိတယ်။
‘ငါ ဘာသိမှာလဲ။ သူ့ကို မေးပါလား။’ ရွဲ့ဖြေပြီးမှ တူးမာ တကယ် ရန်နောင့်ကို သွားမေးမှာ စိုးရိမ်မိပြန်တယ်။
ဟိုတုန်းကလို ကျွန်တော်နဲ့ အိချိုကို မခေါ်တော့ပဲ ရန်နောင် တယောက်တည်းကို အဖေါ်ပြု သွားလာနေတဲ့ တူးမာကို မြင်တိုင်း ရင်ထဲ တဆစ်ဆစ် နာမိတယ်။
“နင်နဲ့ ရန်နောင်နဲ့ တတွဲတွဲ လုပ်လှချည်လား။ တော်ကြာ လူတွေက တမျိုးထင်ကြ ပြောကြ မယ်နော်” လို့ စိတ်ပူသလို ဘာလိုလို လုပ် ပြောမိတော့ ‘အထင်ခံရ ကောင်းတာပေါ့’ လို့ စပ်ဖြည်းဖြည်း ပြန်ဖြေတဲ့ တူးမာကို ကြည့် ပြီး စိတ်ခုမိတာ ခဏခဏ။
‘လူတွေ တမျိုး ထင်မယ်’ ဆိုပြီး အိချိုကို အဖေါ် လိုက်ပေးလိုက် လို့ ပြောမိတော့ အိချိုက ‘ဟဲ့ သူက အထင် ခံချင်နေတာ။ တူးမာက သဘောကျနေတာ။ ရန်နောင် ဘယ်တော့ ပြောမလဲ စောင့်နေ တာ။ ဟို တယောက်ကလဲ သည်လောက် အထာ ပေးတာတောင် မပြောသေးဘူး။ နင့်သူငယ်ချင်းကို တွန်းပေးလိုက်ဦး။’တဲ့။
ကဲ… ရှေ့နေ ငှားကာမှ ထောင် လုံးလုံး ကျပါပြီ။
အိချိုကို အဖေါ်လိုက်ခိုင်းကာမှ ရန်နောင့်ကို အထာ ပေးနေတာ ဆိုတာ ပြောခိုင်းနေပြန်တယ်။
“နင့် သူငယ်ချင်းက ကဲကို ကဲတယ်။ ယောက်ျားလေးကို စ ကြိုက်ရတယ် လို့။”
“ဟဲ့ သူလဲ လူပဲ။ သူ့မှာလဲ အသဲနဲ့။ လူတိုင်းမှာ အသဲနဲ့။ လူတိုင်း ချစ်တတ်တယ်။ နင်ရော မချစ်တတ်ဘူး လား။ အသဲ မရှိဘူးလား။ ပြော။”
စေ့စေ့ပါအောင် ကြည့်မေးတဲ့ အိချိုတယောက် ကျွန်တော့် မျက်လုံးတွေပေါ်မှာ တူးမာ ဆိုတဲ့ အမည်ကို မဖတ်မိအောင် မျက်နှာ အမြန်လွှဲလိုက်ရတယ်။
X X X
ကျွန်တော်တို့ ဆယ်တန်းအောင်ပြီးချိန်မှာ ရန်နောင်က တနယ်တကျေး၊ ခပ်ဝေးဝေးက မြို့မှာ ကျောင်း သွား တက်ခဲ့တယ်။
မရွှေတူးမာတို့ အကဲပိုစွာ အလွမ်းသယ် ခဲ့တာပေါ့။
‘ပိတောက် ပွင့်ရက်ဝယ် မောင် လာနေကျကွယ်’ ဆိုတဲ့ သီချင်းကို မူပိုင်ယူပြီး သင်္ကြန် ကျ၊ နှစ်သစ်ကူးချိန်ကို အမြဲ တမေ့တမောစောင့်ရှာတယ်။ ရန်နောင် ကျောင်းပိတ်လို့ ပြန်လာမယ့် အချိန်လေ။ ပြီးတော့ သူတို့ တတွဲတွဲ လုပ်ကြပါပြီ။ ပြူတင်း၀တွေ ရပ်ပြီး လက်ဟန် အမူအယာတွေနဲ့ အချစ် သည်းပြကြ ပါပြီ။
မျက်စိနောက်စွာနဲ့ ကျွန်တော်လဲ အိမ်မှာ မနေပဲ ရှောင်နေလိုက်တော့တယ်။
ရန်နောင် ကျောင်းဖွင့်လို့ ပြန်သွားချိန်မှာတော့ အလွမ်းသည်မလေး တူးမာရဲ့ ရင်ဖွင့်သံကို အိချိုက ဒိုင်ခံ နား ထောင်တယ်။ ပြီးတော့ ကျွန်တော့်ဆီ သတင်းပို့တယ်။ ‘ကောင်းတယ်။ လွမ်းရတာ နည်းတောင် နည်းသေး။ လဲ သေလိုက်။’ လို့ ကျွန်တော်က ချီးကျူး ထောပနာ ပြုတော့ အိချိုက လှောင်တယ်။
“ဘာလဲ နင်က သူများ ချစ်တာ မနာလို ဖြစ်နေတာလား။ နင့်ကို ချစ်မယ့်သူ မရှိလို့လား။”
အိချိုကို အသံထွက် မဖြေလိုက်ပေမယ့် စိတ်ထဲကတော့ ဖြေမိပါတယ်။ ‘သူများ ချစ်တာကို မနာလိုတာ မဟုတ်ဘူး။ ငါ့နေရာ သူများ ရသွားလို့ စိတ်တိုနေတာ။’ … လို့။
ရန်နောင့်ဆီက အဆက်အသွယ် ကြဲရင် တူးမာ မျက်နှာ မကောင်း။ အိချိုနဲ့ ကျွန်တော်နဲ့ ချော့ ရတယ်။
ရန်နောင် အပေါင်းအသင်း အသစ်တွေ ရလို့ တူးမာကို အချိန် မပေးတော့ချိန်မှာ အိချိုနဲ့ ကျွန်တော်နဲ့ အဖေါ် ပြုခဲ့ရတယ်။
ရန်နောင်နဲ့ တူးမာ အဆင်မပြေလို့ ခပ်ကွာကွာ နေကြချိန်မှာ တူးမာကို အိချိုနဲ့ ကျွန်တော်နဲ့ ရံပေးရတယ်။
အစဦးပိုင်း အချိန်တွေတုန်းက အိချို မရှိချိန်မှာ တူးမာကို ရင်ဖွင့်ဘို့ ကျွန်တော် ကျိုးစားခဲ့ ပေမယ့် ကျွန်တော် စကား အစ ရှာ မရခင်မှာပဲ သူက ရန်နောင်နဲ့ ပတ်သက်တဲ့ သူ့ခံစားချက်တွေ အရင် ဖွင့် ပြောလို့ ကျွန်တော် နှုတ် ဆွံ့ ခဲ့ရတာ ခဏခဏ။
နောက်တော့ တူးမာနဲ့ ရန်နောင် တရားဝင် ချစ်သူတွေ ဖြစ်သွားကြပြီ လို့ အိချိုထံက ကြားရ ပြီးချိန်မှာ ကျွန်တော်လဲ အသဲတံခါးကို ဆွဲပိတ်လို့ ကျွန်တော့်အချစ်တွေကို သော့ခပ် သိမ်းထားလိုက် ပါတော့တယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ရန်နောင် ကျောင်းပိတ်လို့ အိမ်ပြန်လာမယ့် အချိန်တွေမှာ တနယ်တကျေး သွားနေနိုင်ဘို့ ကျိုးစားခဲ့တယ်။
ရန်နောင် ကျောင်းကို ပြန်သွားချိန်မှာ ချစ်သူကို လွမ်းဆွတ်နေတဲ့ အပူသည်မလေး တူးမာကို အစက အမြင် ကပ်သလိုလို ဖြစ်ခဲ့ပေမယ့် နောက်တော့ သနားမိလာတယ်။ အလွမ်းရိပ်ကလေးတွေ ဝေနေတဲ့ တူးမာမျက်နှာ ညှိုးညှိုးလေးကို မြင်တိုင်း ရင်ထဲနင့်မိတယ်။ ကိုယ့်ကြောင့်တော့ တူးမာ ဘယ်တော့ မှ သည်လို မျက်နှာမနွမ်းစေရဘူး စိတ်ထဲပြောမိတယ်။ ရယ်စရာ ဟာသတွေပြော၊ စိတ်ပြေလက်ပျောက် ဟိုဟိုသည်သည် အလည်ခေါ်မိလို့ တူးမာ ပြုံးပျော်နေတာတွေ့ရင် ကျွန်တော့် ရင်ထဲလဲ ပီတိ ဖြစ်မိတာ အခါခါ။
တကယ်လို့သာ… ဖြစ်နိုင်မယ်ဆိုရင် … တူးမာရင်ထဲက ရန်နောင့်အရိပ် ပျယ်ပြက်မယ့်အချိန် အမြန်ဆုံး ရောက်စေချင်ပါပြီ … ။ အကြိမ်ကြိမ် တိတ်တခိုး တောင်းခဲ့မိတဲ့ ဆု … အခု ပြည့်ပြီလေ။
ရန်နောင်နဲ့ တူးမာ ပြတ်ကြပြီ တဲ့။
သည်တခါ ကျွန်တော့် အလှည့် ရင်ဖွင့် ရတော့မှာလား။
အခါခါ တယောက်တည်း ရင်ထဲ ကြိတ်ပြောခဲ့မိတဲ့ စကားတွေ တရားဝင် ဖွင့်ဟ ပြောနိုင်ပြီ ဆိုပေမယ့် နား ထောင်မယ့် သူက မရှိ။ ဘယ်ကို ရောက်သွားလေပြီ မသိ။ ပြောဘို့က မဖြစ်တော့။
X X X
ကျွန်တော်တို့ တိုက်နဘေးမှာ ရေတမာပင်တွေ ရှိပါတယ်။
ငယ်ငယ်က ရေတမာပင်တွေ အောက်မှာ အရိပ်ခို ဆော့ကစားရင်း သစ်ပင် ပင်စည်ပေါ်မှာ ကျွန်တော်တို့ နာမည်တွေ ထွင်းရေးခဲ့ဘူးတယ်။
တူးမာ၊ ဝေလု၊ အိချို ဆိုတဲ့ နာမည်လေး သုံးခုက အခုထိ သစ်ခေါက်ပေါ် ဝေဝေဝါးဝါး ဖတ်လို့ ရနိုင်ပါ သေးတယ်။
ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်လဲ အခုထိ ခင်မင်မှု သံယောဇဉ်တွေက မသွေမဖယ် မြဲခိုင်နေဆဲ။
ရေတမာပင်အောက် တယောက်တည်း ဂစ်တာ တီးနေတုန်း အိချို ကျွန်တော့် နဘေးကို ရောက်လာတယ်။
ဆရာ စိုင်းခမ်းလိတ်ရေးသားခဲ့ပြီး အဆိုတော် စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ နာမည်ကျော် ‘ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ’ သီချင်းကို ကျွန်တော် ဖြေးလေးစွာ တီးနေတာကို အိချိုက ငြိမ်သက်စွာ ထိုင်နားထောင်ရင်း တိုးတိုးလေး လိုက်ညီးနေတယ်။
“အပူ အပင်ကင်းတဲ့ ကလေး လေး ဘဝကို တခါ ပြန်ပြီး ရချင်သေးတယ်။ အပြစ်မရှိသေးတဲ့ ကလေး လေး ဘဝကို တခါ ပြန်ပြီး ရချင်သေးတယ်။”
“ဖြူစင်တဲ့ နှလုံးသားလေးဟာ အရောင် အမျိုးမျိုး စွန်း နေပါပြီ။”
သီချင်းကို တိုးတိုးလေး လိုက်ညီးနေရာက အိချိုက ဆိုင်းမဆင့် ဗုံမဆင့် မေးချလိုက်တယ်။
“နင် ဘယ့်နှယ့် နေသေးသလဲ။”
သူ့မေးခွန်းကို နားမလည်လို့ မျက်မှောင်ကြုတ် ကြည့်ပြီး ပြန်မေးမိတယ်။
“လုပ်ပြန်ပြီ အစ မရှိ၊ အဆုံး မရှိ မေးခွန်း။ ငါက ဘာကို ဘယ့်နှယ် နေရမှာလဲ။”
အိချိုက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး ပြောတယ်။
“တူးမာကို လွမ်းနေသေးသလား။”
ကျွန်တော့်ရင်ထဲ ထိန်းကနဲ ဖြစ်သွားတယ်။ အလွန်လေးလံတဲ့ သံတူကြီးနဲ့ မွမ်းကျပ်နေတဲ့ ရင်ကို ထုလိုက် သလိုပဲ။ အိချိုကို ဘာမှ ပြန် မဖြေပေမယ့် ကျွန်တော့် မျက်နှာကို တစိမ့်စိမ့် အကဲခပ်နေပုံ ရတဲ့ အိချိုက ကျွန်တော့် ရင်ထဲ ခံစားချက်ကို ထိုးဖေါက် မြင်ပုံ ရပါတယ်။
“သူကတော့ ငါတို့ကို မေ့လောက်ပါပြီ။ ဒါပေမယ့် နင် သူ့ကို သတိရတုန်းလား။ နင့် စိတ်ထဲမှာ …”
မေးနေရင်း အိချို အသံက တိမ်ဝင်သွားတယ်။ အသံက မေးနေရင်း ရပ်သွားပေမဲ့ မျက်လုံးချင်း အကြည့်ချင်း ဆိုင်မိနေလို့ သူ့မျက်လုံးတွေက တဆင့် သူ့မေးခွန်းကို ကျွန်တော် အဆုံးထိ ကြားလိုက် သလိုပဲ။ ကျွန်တော် ဘာမှ ပြန်မဖြေတော့ သူက ထပ်မေးတယ်။
“နင့် ရင်ထဲမှာ သူ့ကို စွဲလမ်းတုန်းပဲလား ဝေလု။”
“ဘာကို စွဲလမ်းရမှာလဲ”
ဖုံးကွယ်လိုစိတ်နဲ့ မသိဟန်ဆောင် မေးတော့ အိချိုက မဲ့ပြုံး ပြုံးတယ်။
“အချင်းချင်းတွေ၊ ငါ သိပါတယ်။ နင် သူ့အပေါ် ဘယ်လို ဆိုတာကို။”
သက်ပြင်းရှည်တချက် ကျွန်တော် ဆွဲဆွဲငင်ငင် ချလိုက်မိတယ်။ စိတ်ထဲမှာလဲ အခုအချိန်အခါ မှာ ကျွန်တော် ဘာမှ ဖုံးကွယ် ထားစရာ မလိုတော့ဘူးလို့ တွေးလိုက်မိတယ်။ တူးမာလဲ အနားမှာ မရှိတော့သလို ဘယ်ဆီဘယ်ဝယ် ရောက်နေလို့ ဘာဖြစ်နေတယ် မသိရတော့။ ခြေရာဖျောက် ပြေးသူ၊ ဆက်သွယ်နိုင်ပါလျက် အဆက် ဖြတ်သွားသူ၊ ဝေးရာကို စွန့်ခွာသွားသူကို ကျွန်တော်တို့ကလဲ လိုက်လံ ဆက်စပ်ဘို့ မကျိုးစားချင်တော့။
နောက်ပြီး အိချိုရဲ့ အကြည့်တွေက ကျွန်တော့် မျက်လုံးတွေကတဆင့် ရင်ထဲအထိ ထိုးဖေါက် မွှေနှောက် မြင် နေပါပြီ။ သည်တော့ ငြင်းနေလဲ အလကားပဲ။ အခုအချိန်မှာ တယောက်ယောက်ကို ရင် ဖွင့်လိုက်ရရင် ကျွန်တော် မွမ်း ကျပ်နေတဲ့ ဝေဒနာက သက်သာမယ်လို့ ထင်မိရဲ့။
“နင် သိနေရင်လဲ ဘာလို့ မေးနေလဲ အိချိုရယ်။ သည်အကြောင်းတွေ ငါ မေ့လိုက်ချင်ပြီ။ မပြောချင်ဘူး။ ရင် နာတယ်။”
“မေ့လိုက်ချင်ရင် မေ့လိုက်ပေါ့။ အတိတ်ကို မေ့ပြီး အသစ် စပေါ့။”
“အော် အိချိုရယ်။ တစ်၊ နှစ်၊ သုံး၊ ပျောက်စေ ဆိုပြီး ချက်ချင်း မေ့လို့ရရင် အကောင်းဆုံးပေါ့။ ငါလဲ အဲသလို သိပ် ဖြစ်ချင်တာပေါ့။ အခုတော့ နှစ်ရှည်လများ ခံစားခဲ့ရတဲ့ ခံစားချက်ကို ချက်ချင်း ဖျက်လို့ မရဘူးလေဟာ။”
“ဟုတ်ပါတယ်။ ငါ သိပါတယ်။ နှစ်ရှည် လများ ခံစားချက်ကို ဖျက်လို့ မရဘူး … ဆိုတာ။”
အိချို အသံက လှောင် စ စ။
“ဟုတ်တယ်။ သည် ခံစားချက်ကို နှစ်ရှည် လများ မျိုသိပ်ခဲ့ရတာ၊ အနှစ် နှစ်ဆယ်ကျော် အနီးကပ် ပါးစပ် ပိတ်ထားခဲ့ရတဲ့ ငရဲ၊ ဘယ်လောက် အခံရခက်တယ်။ ငါ အသိဆုံး။”
မချိတင်ကဲ ကျွန်တော် ပေါက်ကွဲမိတယ်။ မျက်လုံးအိမ် အတွင်းမှာတောင် မျက်ရည်တွေ စို့ တက်လာသလိုပဲ။
မခေါ်မပြော၊ ခြေရာဖျောက် ပြေးရက်လေခြင်းလို့ တူးမာကို စိတ်နာချင်ပေမယ့် ဘယ်လိုမှ နာလို့ မရ။ သည်တော့ လွမ်းတာကို ဆို့စရာ နာကွက်က မရှိ။ လွမ်းချက်က မပြေနိုင်ပါ။
ကျွန်တော့်နဘေးကို အိချိုက ပိုလို့ တိုးကပ် ထိုင်လိုက်တယ်။ ကျွန်တော့် လက်ဖမိုးအပေါ် သူ့လက်ကလေး နဲ့ အသာပွတ်သပ်ပေးပြီး…
“နင် ကျခဲ့တဲ့ ငရဲ ဘယ်လောက် အခံရဆိုးသလဲ ငါသိတယ် ဝေလု။ ငါ အသိဆုံး။”
ကျွန်တော့် လက်ကို ပွတ်သပ်ပေးနေရာက သူ့လက် နှစ်ဘက်နဲ့ တင်းတင်း ဆုတ်ကိုင်လိုက်ပြီး …
“နင့်လိုပဲ ငါလဲ အနှစ် နှစ်ဆယ်ကျော် ပါးစပ် ပိတ် ထားခဲ့ရတယ်။ သည်ငရဲကို ငါလဲ ခံခဲ့ရတယ်။ ဘယ်လို အခံရ ခက်တယ် ငါ အသိဆုံးပါ ဝေလုရယ်။”
ကြားလိုက်ရတာ တကယ်လားလို့ တအံ့တသြ မျက်လုံးတွေနဲ့ ကျွန်တော် ကြည့်လိုက်မိချိန်မှာ ကျွန်တော့် မျက်လုံးအိမ်အထဲ နက်နက်နဲနဲ စူးရှစွာ ကြည့်ပြီး အိချို ဆက်ပြောလိုက်တာကြောင့် ကျွန်တော် …. …. …. ၊
“နင့် အနားမှာ ငါ ရှိသေးတယ် ဝေလု။ တူးမာ နင့်ကို ထားချန်ခဲ့သလို ငါ ဘယ်တော့မှ မလုပ်ဘူး။ စိတ်ချ။”
X X X
သူသူကိုယ်ကိုယ် အသဲပေါ် ထွင်းထားတဲ့ အမည်လေးတွေ ရှိပါလိမ့်မယ်။
ရေးထားတဲ့ အမည်တွေ အချိန်ကြာရင် ဝေဝါး ပြယ်ပျက်သွားနိုင်ပေမယ့် ထွင်းထားတဲ့ အမည်တွေကတော့ မပျက်မဆီး တသက် မြဲနေတော့မှာပါ။
တခုပဲ မေးချင်တာက သည် အမည်လေးတွေကို ခပ်ထားတဲ့ ဘောင်တွေကို ပြောင်းလို့ ရသလား ဆိုတာ။
သည်ဘောင်တွေကို ပြောင်းချင်တိုင်း လွယ်လွယ် ကူကူ ပြောင်း … ရနိုင်ကြသလား … လို့။
တခြားလူတွေတော့ မသိ။ ကျွန်တော့်အတွက်ကတော့ ……
အိချိုရယ်… ငါ့ဘဝမှာ သူငယ်ချင်းဆိုလို့ နင် တယောက်တည်း ကျန်တော့တာပါဟာ။
ကျွန်တော့် ဘဝမှာ သူငယ်ချင်းဆိုလို့ အိချို တယောက်ပဲ ကျန်ပါတော့တယ်။

No comments:
Post a Comment