ကျွန်မ ဘဝမှာ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက် ရှိပါတယ်။
ဝေလု ရယ်၊ အိချို ရယ်။
ကလေးဘ၀ ငယ်ငယ်၊ လူရယ်လို့ သိတတ်ကာစကတည်းက တတွဲတွဲ ကစားကြ၊ အတူ ကြီး ပြင်းခဲ့ကြတဲ့ သူငယ်ချင်း သုံးယောက်ပါ။
ကျွန်မတို့ သုံးယောက်မှာ ကျွန်မက အသက် အကြီးဆုံး။ သည်တော့ နေရာတကာမှာ ဆရာမကြီး လုပ်ပြီး ဆုံးဖြတ်၊ ဦးဆောင်၊ အရှေ့က နေချင်တယ်။ နေခဲ့တယ်။ အဲသည်အတွက် ကျွန်မတို့အထဲ အသက် အငယ်ဆုံးဖြစ်တဲ့ အိချိုက ပြသာနာ မရှိပေမယ့် ကျွန်မထက် တလထဲ ငယ်တဲ့ ဝေလုက သိပ် မကြည်ချင်ဘူး။ သူက သူ့အိမ်မှာ သား အငယ်ဆုံးမို့လို့လား မသိ။ ကျွန်မတို့ သူငယ်ချင်းတွေအကြား သိပ် ဆရာ လုပ်ချင်တယ်။ အရာရာကို သူသိ သူတတ် လုပ်ချင်တယ်။
သည်လို ကျွန်မက ပြောရင် သူက မခံဘူး။ ‘ငါ ဆရာ လုပ်ချင်လို့ မဟုတ်ဘူး။ ငါ ပိုသိလို့ ပြောနေတာ’ ဆိုပြီး ခံ ငြင်းတတ်တယ်။ အိချိုကတော့ ကျွန်မတို့ နှစ်ယောက်ကို ကြည့်ပြီး တဟားဟား ရယ်နေတတ်တယ်။
‘ညီးက ဘာလို့ သည်လောက် အူမြူးနေတာလဲ’ ငေါ့ မေးရင် ပြုံးစစနဲ့ … ‘ဘာ ထူးလဲ၊ နင်တို့ နှစ်ယောက် အတူတူပဲ။ ဝေလုကိုသာ ပြောနေတာ၊ တူးမာ နင်လဲ ဆရာ သိပ် လုပ်တာပဲ။ တကယ်ဆို ငါတို့ အသက် အတူတူပဲ။ ပြောရမယ်ဆိုရင် နင်တို့နှစ်ယောက်က ဘာမထူး အာလူးတွေချည်းပဲ’ ပြောပြီး ရယ် နေတတ်တယ်။
အိချိုပြောတာလဲ ဟုတ်ပါတယ်။ အိချိုက ကျွန်မတို့ထက် သက္ကရာဇ်အားဖြင့် တနှစ် ငယ်ပေမယ့် တကယ် တွက်ကြည့်ရင် ကျွန်မထက် သုံးလပဲ ငယ်ပြီး ဝေလုနဲ့က နှစ်လပဲ အသက် ကွာတာပါ။ ကျွန်မတို့က အောက်တိုဘာ၊ နိုဝင်ဘာ လို နှစ်ကုန်ပိုင်းတွေမှာ မွေးခဲ့ပြီး သူက နှစ်ဆန်း ဇန်နဝါရီမှာ မွေးခဲ့သူလေ။
ကျွန်မတို့ ကလေးဘ၀ အလွန် ပျော်စရာ ကောင်းခဲ့ပါတယ်။
နွေရာသီ ကျောင်းပိတ်ချိန်ဆိုရင် မနက်မိုးလင်းတာနဲ့ ကျွန်မ နဲ့ အိချို၊ ဝေလုတို့ အိမ်တံခါးဝ ရောက်နေကြပြီ။ တနေ့လုံး တိုက်ဝင်းအထဲမှာ ပြေးလွှား ဆော့ကစားလိုက်၊ ရေငတ်ရင် အောက်ဆုံးထပ်မှာရှိတဲ့ ဝေလုတို့အိမ် ဝင် သောက်လိုက်၊ နေ့လည်ခင်း နေပြင်းချိန်မှာ ဝေလုအိပ်ခန်းထဲ ဝင်နားလိုက်၊ ညနေ နေ နည်းနည်းအေးပြီး ဝေလု အမေ မီးစိမ်းပြတာနဲ့ တခါ တိုက်အပြင်ထွက် ပြေးလွှား ဆော့ကြပြန်တာပေါ့။ မနက်စာစားချိန် ကိုယ့်အိမ်တိုက်ခန်းကို ကမန်းကတန်း ပြန်ပြေးတက်၊ ကသော ကမျော စားချိန်ကလွဲရင် တချိန်လုံး ကျွန်မနဲ့ အိချို၊ ဝေလုနဲ့ တတွဲတွဲ၊ အပြင်မှာ ကစားနေကြတာ မဟုတ်ရင် ကျွန်မတို့ ဝေလုတို့ အိမ်မှာ၊ ဝေလု အခန်းထဲမှာ။ ညနေစောင်း အိမ်ကအဖေတွေအမေတွေ အလုပ်က ပြန်လာချိန်၊ ညစာစားချိန်နီးမှ ဆိုင်ရာဆိုင်ရာ အိမ်တွေက၊ လူကြီးမိဘတွေ အော်ခေါ်ကာမှ ကိုယ့်အိမ်ကို ပြန်တတ်သူတွေမို့ ဝေလုအဖေ အန်ကယ်တိုးက ‘သူ့ချွေးမလောင်းလေးတွေ’ လို့ ချစ်စနိုး နောက်ပြောင် ခေါ်တဲ့အထိပဲ။
ကျောင်းဖွင့်ရက်တွေ ဆိုရင် မနက်ဆို တိုက်ဝန်းထိပ်မှာ ကျောင်းကား အတူတူ စောင့် စီးကြရတယ်။ ကျွန်မက ကျွန်မနေတဲ့ တိုက်တန်း တံခါးကနေ ထွက်၊ ဝေလုနဲ့ အိချိုက သူတို့နေတဲ့ တိုက်တံခါး အဝကနေ ကျွန်မ ထွက်အလာကို စောင့်ပြီး ဝန်းထိပ် ဂိတ်တံခါးမကြီးဆီ အတူ လျှောက်ကြတယ်လေ။
ဂငယ်ပုံ သုံးဘက်မျက်နှာစာနဲ့ တိုက်တန်းမှာ ဝေလုတို့အိမ်နဲ့ အိချိုတို့အိမ်ခန်းတွေက အလည်တန်းမှာ ရှိပြီး ကျွန်မတို့အိမ်က လက်ဝဲတန်း ဒုတိယထပ်မှာ ရှိတယ်။ အိချိုတို့ အခန်းက အလည်တန်း အပေါ်ဆုံးထပ်မှာ ဖြစ်ပြီး ဝေလုတို့ အိမ်က အလည်တန်း အောက်ဆုံးထပ်ပါ။
သည်တော့ ကျွန်မအိပ်ခန်းကနေ ဝေလုနဲ့ အိချို အခန်းတွေကို မြင်နိုင်၊ ပြူတင်းဝကနေ လက် ဟန် ခြေဟန်နဲ့၊ ဆက်သွယ်လို့ ရပေမယ့် အိချိုနဲ့ ဝေလုနဲ့က အပေါ်ထပ် အောက်ထပ်မို့ တခန်းနဲ့ တခန်း မမြင်နိုင်ဘူး။
‘အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း’ ဆိုတဲ့ သီချင်းကို ဆိုပြီး အိချိုနဲ့ ဝေလုကို ကျွန်မတို့ သူငယ်ချင်း တွေက စရင် အိချိုက ပါးကလေးတွေ ရဲပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေပေမယ့် ဟို ဝေလုဆိုတဲ့ သကောင့်သား ကတော့ ခပ်တည်တည်နဲ့ ‘စိတ်ချ၊ ငါတို့ ဘယ်တော့မှ အဲသည် ဇာတ်လမ်း ဖြစ်မှာ မဟုတ်ဘူး။’ … လို့ ရဲရဲကြီး အာမခံ ပြောတတ်တယ်။
အိချိုက မျက်လုံးပြူးပြူး၊ ပါးဖေါင်းဖေါင်းလေးနဲ့ အသား ဖြူဖြူဖွေးဖွေး ချစ်စရာလေးမို့ ‘နင်က ဘာ ကြီးကျယ် တာလဲ။ အိချိုက လှတာကို’ ကျွန်မက ဝင်ပြောရင် ကျွန်မကို မျက်လုံးကြီး ပြူးကြည့်ပြီး ဝေလု ဘာမှ ပြန် မပြောဘူး။
X X X
မကြာခင် ကျွန်မတို့ ဘဝထဲ လူ အသစ် တဦး ထပ်တိုး ဝင်လာတယ်။
မူလတန်းကျောင်းထွက် လေးတန်းစာမေးပွဲ ဖြေပြီးလို့ အလယ်တန်းကျောင်းကို ပြောင်း မတက်ခင်မှာ ကျွန်မတို့ တိုက်ဝန်းထဲ မိသားစု အသစ် တစု ပြောင်းလာတယ်။
ကျွန်မတို့အိမ်နဲ့ အနောက်ဘက်ချင်း မျက်နှာချင်းဆိုင် တိုက်တန်းမှာ အောက်ဆုံးမြေညီထပ်ကို ပြောင်း လာကြတာပါ။ လူသစ်တွေမို့ လူခံ၊ လူရင်းတွေနဲ့ ဝင်ဆန့်ချင်လို့လား၊ ပင်ကိုယ်ကပဲ ဖေါ်ရွေ ခင်မင်တတ်လို့လား မသိ။ ထိုပြောင်းလာတဲ့ မိသားစုအသစ်ဟာ စ ပြောင်းလာချိန်ကစပြီး တိုက်ဝန်းထဲမှာ မိတ်ဆွေတွေဖွဲ့လာပါတယ်။ စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်၊ အလုပ်ပိတ်ရက်တွေဆိုရင် ကျွန်မ တို့ အိမ်ခန်း တံခါးတွေ ခေါက်ပြီး ထိုလူသစ် မိသားစုရဲ့ ကလေးတွေ စားစရာ၊ မုန့်တွေ လာပေးတတ်တယ်။
လက်ရာကောင်းစွာနဲ့ အရသာရှိရှိ မုန့်မျိုးစုံ လုပ်တတ်ပုံရတဲ့ ထိုမိသားစုအသစ်မှ အိမ်ရှင်မက သူတို့အိမ်မှာ သည်မုန့် လုပ်လို့၊ ဟိုမုန့် လုပ်လို့ ဆိုပြီး အခန်းစေ့ နည်းနည်းစီ ဝေပို့တတ်တယ်။ သည်မှာ ဦးဆောင်ပြီး မုန့်ယူလာတဲ့ သားအကြီးဆုံးကို ကျွန်မတို့ သတိပြုမိလာတယ်။ သူက ကျွန်မတို့နဲ့ အရွယ်တူ။ သူလဲ လေးတန်းစာမေးပွဲ ဖြေထားသူ တဲ့။
သည်မှာ လေးတန်း စာမေးပွဲ ဖြေထားသူတွေ ဖြစ်တဲ့ ကျွန်မ ရယ်၊ ဝေလု ရယ်၊ အိချိုတို့နဲ့ ချက်ချင်း အဖွဲ့ ကျသွားတယ်။ ကျောင်းတွေ ပြန်ဖွင့်ရင်၊ အားလုံး စာမေးပွဲ အောင်ခဲ့ရင် ငါးတန်းကို အတူ တက်ရမယ့်သူတွေမို့ သူ့မိဘတွေကလဲ သူတို့သား၊ အဖေါ်တွေ ချက်ချင်းရတာ သဘောကျသွားတယ်။ သဘောကောင်းတဲ့ သူ့အမေက ကျွန်မတို့သုံးယောက်ကို နေ့လည်နေ့ခင်းတွေ သူတို့အိမ်မှာ ပေးလာကစားသလို မုန့်တွေလဲ လုပ်ကျွေးတတ်တယ်။
သည်တော့ အရင်က ဝေလုတို့အိမ်မှာ စတည်းချခဲ့တဲ့ ကျွန်မတို့ သုံးယောက်၊ စုစည်းစရာ နေရာ အသစ် ရလာတာပေါ့။
ဝေလု အဖေ အန်ကယ်တိုးက ‘ငါ့ချွေးမလောင်းလေးတွေ ဘယ်ရောက်သွားကြသလဲ’ လို့ စ နောက် မေးပေမယ့် အသစ် ပြောင်းလာတဲ့အိမ်က အန်ကယ်ကတော့ ကျွန်မတို့ကို အဲသလို မနောက်ဘူး။ အန်တီက ဖေါ်ရွေပေမယ့် အန်ကယ်က အေးအေး ဆေးဆေး နေတတ်သူထင်ပါရဲ့။ သိပ် စကား မပြောဘူး။ ကျွန်မတို့ ကလေးတွေနဲ့ ပြောဟယ် ဆိုဟယ် မရှိဘူး။ သူတို့အိမ်မှာ ဝင်ထွက် ကစားနေတာကိုတော့ ဘာမှ ညိုညင်မှု မပြုပါဘူး။
အဖေတူသားမို့ ထင်ပါရဲ့။ ကျွန်မတို့ သူငယ်ချင်းအသစ် ရန်နောင်ကလဲ သူ့အဖေလိုပဲ အေး ဆေးသူ တဦး ဖြစ်ပါတယ်။ သူ့ညီမလေးတွေကတော့ သူတို့အမေလိုပဲ သွက်လက်ချက်ချာ ဖေါ်ရွေပေမယ့် ရန်နောင်ကတော့ အလွန် စကားနည်းတယ်။ တခွန်း မေးလို့ တခွန်း ပြန်မပြော၊ သုံးခွန်းလောက် မေးမှ ပြောမှ သူက တခွန်း ပြန်ပြောတတ်သူပါ။ ဒါပေမယ့် သူ့ကြည့်လိုက်ရင် အမြဲ ပြုံးနေတတ်လို့ ကျွန်မတို့နဲ့ အပေါင်းအသင်း ဖြစ်၊ ချက်ချင်း ခင်မင်သွားကြတယ်။
ဝေလုရယ်၊ အိချိုရယ်၊ ရန်နောင်ရယ်၊ ကျွန်မရယ်ကို တိုက်ဝန်းထဲမှာ အမြဲ တတွဲတွဲ တွေ့ကြရမယ်။
ကျွန်မတို့ ဝန်းအထဲမှာ တခြားကလေးတွေလဲ ရှိကြပေမယ့် ကျောင်းလဲ တူ၊ အတန်းလဲ တူ၊ အရွယ်တူ အတူ ကြီးပြင်း လာကြသူတွေမို့ ကျွန်မတို့ မခွဲပဲ တတွဲတွဲ ဖြစ်ခဲ့ကြတယ်။
ကလေးဘဝက အတူ ဆော့ကစား ကြီးပြင်းခဲ့ကြရာက အပျိုပေါက်၊ လူပျိုပေါက် အရွယ် ရောက်လာချိန် အထိ တတွဲတွဲ လက်တွဲ မြဲခဲ့ကြတယ်။
ငယ်ငယ်တုန်း ကလေးဘဝကတည်းက ကျွန်မနဲ့ ဝေလု၊ အတိုက်အခံ ငြင်းကြ ခုန်ကြသလို အရွယ်တွေ ကြီးပြင်းလာတဲ့ အထိလဲ ငြင်းလို့ခုန်လို့ ကောင်းတုန်း။ ရန်နောင်နဲ့ သူငယ်ချင်း မဖြစ်ကြခင်တုန်းကတော့ ကျွန်မတို့ သုံးယောက်မှာ ပြောခဲ့ပြီးသလို အိချိုလေးက ဘာမှ အခြေအတင် မလုပ်၊ ကျွန်မနဲ့ ဝေလု ငြင်းကြ ခုန်ကြရင် သူက နဘေးက အမြဲ ပါးစပ်ပိတ် ငြိမ်၊ နားထောင်နေတတ်တယ်။ သူ့သဘောထားကို မေးရင်၊ ဘယ်သူ ပြောတာကို လက်ခံမလဲ၊ ဘယ်သူ့ဘက် ပါမလဲ မေးရင် မျက်နှာအိုအိုကလေးနဲ့ ‘ဟယ် … ငါ့ အဲသလို လာမမေးနဲ့။ တခြားဟာ ဆော့မယ် ဟယ်’ ဖြစ်ဖြစ်၊ ကျွန်မတို့ နှစ်ယောက်စလုံး လက်ဆုပ်လက်ကိုင် ပြု၊ အငြင်း ပွားနေတာကို ရှောင်လွဲလို့ ဖြစ်ဖြစ် ကြားနေ အဖြေကို ပေး၊ အခြေအနေကို ညှိပေးတတ်၊ ဘယ်သူ့ဘက်မှ မပါတတ်ပေမယ့် ရန်နောင် ပါလာပြီးချိန်မှာ အခြေ အနေတွေက နည်းနည်း ပြောင်းသွားတယ်။
တကယ်တော့ ရန်နောင်ဟာလဲ အိချိုလိုပဲ ကျွန်မတို့ ဦးဆောင်မှုကို အေးဆေးစွာ လက်ခံ၊ နောက်ကွယ်မှာနေ လိုက်ပါတတ်သူပါ။ ဒါပေမယ့် အိချိုနဲ့ မတူတာ တချက်က ကျွန်မနဲ့ ဝေလုနဲ့ ငြင်းကြ ခုန်ကြရင် ရန်နောင့် အတွေးအမြင်က ကျွန်မနဲ့ တူတတ်တာ များတယ်။ ကျွန်မ ပြောတာကို လက် ခံတတ်တယ်။ ငယ်ငယ်တုန်းက အိချို လုပ်ခဲ့သလို ဘယ်သူ့ဘက်မှ မပါပဲ ကြားနေ ရှောင်လွဲတဲ့စကား မပြောပဲ စဉ်းစဉ်းစားစားနဲ့ သူ့ အထင်အမြင်ကို ပြောပြတတ်တယ်။ သည်တော့ အတွေးတူတဲ့ ကျွန်မဘက်က အမြဲ ရပ်တည်လေ့ ရှိခဲ့တယ်။ ကျွန်မအပြောကို ဘာကြောင့် လက်ခံတယ် ဆိုတာကို ချက်နဲ့ လက်နဲ့ ရှင်းပြတတ်တယ်။
အစပိုင်းမှာတော့ အများနဲ့ တယောက် ဆိုပြီး ဝေလုတယောက် မအီမလည်နဲ့ ရန်နောင့် ရှင်းပြချက်ကို နားထောင်ပြီး ကျွန်မ ဆုံးဖြတ်ချက်ကို လက်ခံ၊ မကျေမချမ်းနဲ့ ကျွန်မ ဦးဆောင်မှု အနောက်ကို လိုက်ပါခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူကလဲ အလျော့ မပေးတော့ဘူး။ ရန်နောင် ရှင်းပြတာကိုလဲ လက်မခံပဲ ဘုတော ဘေးထွက် သွားတော့တယ်။ သူ မပါဘူး ဆိုပြီး အတိအလင်း ကျေညာ ရှောင် ထွက်သွားတတ်တယ်။
သည်အခါမှာ အိချိုကလဲ မျက်စိမျက်နှာပျက်စွာနဲ့ ‘ဟယ် နင်တို့ကလဲ အဲသလို မဖြစ်ကြပါနဲ့။’ ဆိုပြီး ဝေလု အနောက်ကို လိုက်၊ ချော့တတ်တယ်။ တခါတလေ အိချို အချော့ ကောင်းလို့လား မသိ။ စူပုတ်ပုတ် မျက်နှာပေးနဲ့ ဝေလု ပြန် လိုက်လာပြီး အောင့်သက်သက် အမူအယာ ပြလို့၊ မပါချင့် ပါချင်ပုံစံ လုပ်ပြခဲ့ပေမယ့် နောက်တော့ တဖြေးဖြေးနဲ့ သူ ရှောင်ထွက်၊ ချန်နေခဲ့ တော့တယ်။ ဝေလု မပါတော့ အိချိုကလဲ ဝေလု နဘေး ရပ်တည်ခဲ့လို့ ကျွန်မ နဲ့ ရန်နောင်ပဲ ကျန်ခဲ့တတ်တယ်။
တကယ်က သူငယ်ချင်းတွေ အားလုံး အတူတူ ပါဘို့ စီစဉ်ခဲ့တာပါ။ တနေရာ သွားတာပဲ ဖြစ် ဖြစ်၊ စားတာပဲ ဖြစ်ဖြစ်၊ လည်ပတ်တာ၊ ကစားတာ၊ ဘာပဲ စီစဉ်သည် ဖြစ်စေ အမြဲတမ်း သူငယ်ချင်း လေးယောက်စလုံး အတူသွားကြ၊ ပါကြဘို့ ထည့်တွေးစီစဉ်မိတာပါ။ ဒါကို ဝေလုက လက်မခံပဲ ရှောင် ထွက်ခဲ့၊ အိချိုက ဝေလုနဲ့ နေရစ်ခဲ့လို့ ကျွန်မနဲ့ ရန်နောင် နှစ်ယောက်တည်း ဆိုတော့ ဘယ်လို ပျော်နိုင်ပါတော့မလဲ။
စီစဉ်ပြီးသားမို့က တကြောင်း၊ ဝေလုကို စိတ် အချဉ်ပေါက်တာက တကြောင်း၊ မခံချင်စိတ်နဲ့ ရန်နောင်နဲ့ နှစ်ယောက်ထည်း အစီအစဉ်အတိုင်း ဆက်လှမ်းခဲ့ပေမယ့် ကျွန်မရင်ထဲ တနုန့်နုန့်ဖြစ်နေခဲ့တာ ဘယ်သူမှ မသိဘူး။ ရင်ထဲ ကြေကွဲသလိုလိုနဲ့ မပျော်နိုင်တာ ဘယ်သူမှ မသိခဲ့ဘူး။
ကိုယ်က ပြောပြီး၊ စီစဉ်ပြီး ဖြစ်သလို ကိုယ့်စကားကို ရန်နောင်ကလဲ သင့်မြတ်လျော်ကန်တယ် ထောက်ခံမှု ရခဲ့လို့သာ ဆက် လှမ်းခဲ့ရပေမယ့် သည်လိုသာ ဝေလုနဲ့ အိချို မပါတော့ဘူး ဆိုရင် ကျွန်မ ဆုံးဖြတ်ချက်ကို ပြောင်းပေးဘို့ ဝန် မလေးပါဘူး။ အထူးသဖြင့် ဝေလု သည်လောက် တင်းခံမယ် ဆိုတာ သိခဲ့ရင် ကျွန်မ အလျော့ ပေးမိမှာ အမှန်ပါ။
ဝေလုနဲ့ အိချို မပါပေမယ့် ဝေလုကိုသာ တသသ သတိရ နေမိတာ ကိုယ့်ဘာသာ အံ့သြမိတယ်။
ငယ်ငယ်ကတည်းက ကိုယ်သာလျှင် သိ၊ ကိုယ်သာလျှင် တတ်တယ် ဆိုပြီး ကျွန်မ ဆရာမကြီး အမြဲ လုပ်ခဲ့၊ ဝေလု ငြင်း ခုန်သမျှ အလျော့ မပေးခဲ့ပေမယ့် အိချိုက ဘယ်သူ့ဘက်မှ မလိုက်ပဲ ကျွန်မတို့ နှစ်ယောက် စလုံးကို ဖြောင်းဖျတတ်သလို၊ အချိန်တန်ရင် ဝေလုကလဲ ကျွန်မ စီစဉ်တာကို လက်ခံခဲ့ စမြဲ။ ဘယ်တော့မှ အခုလို မပါတော့ဘူး ရှောင် ထွက်ခဲ့တာ မရှိခဲ့ဘူး။
အခု ရန်နောင် ပါလာပြီးကာမှ အလျော့ မပေးစတမ်း ငြင်းသူက ငြင်းပြီး မပါတော့ဘူး ခွဲချန် နေခဲ့သလို ယခင်က အမြဲ ကြားနေ စေ့စပ်ပေးခဲ့သူကလဲ ကြား မနေတော့ပဲ ခွဲချန်သူကို အဖေါ်လုပ် ကျန်ခဲ့ကြပါပြီ။
ကျွန်မတို့ ဘဝထဲ ရန်နောင် ရောက်လာတာ ကောင်းသော လာခြင်းလား၊ ဘယ်လိုလဲ။
X X X
ဝေလု တရှောင်ရှောင် လုပ်နေတာကို အိချိုကို ကျွန်မ မေးမိတယ်။ ဘာဖြစ်နေတာလဲ ပေါ့။
သည်တော့ အိချိုက ဖြေတယ်။ ဝေလု နေ မကောင်းလို့ မလာတာ တဲ့။
သူ နေ မကောင်းတာကလဲ ခဏခဏ။ သည်တော့ ဘာဖြစ်နေတာလဲ ထပ်မေးမိတယ်။ ခေါင်း မူးနေတယ်၊ ဗိုက် အောင့်နေတယ်၊ နေ မကောင်းဘူး ဆိုပြီး ဝေလု မလာရင် အိချိုကလဲ ပေါ် မလာတော့ဘူး။ ဝေလု နေမကောင်းတာနဲ့ ညီးကရော ဘယ်ပျောက်နေတာလဲ မေးမိတော့ ‘ဟဲ့ လူမမာကို တယောက်တည်း ပစ်ထားလို့ ကောင်းမလား။ ငါက သူ့ကို အဖေါ် လုပ်၊ အားပေး နေရတာပေါ့’ တဲ့။ ပြန် ဖြေတယ်။
သူ သိပ် ဖြစ်နေသလား။ ငါလဲ လာခဲ့မယ်လေ … မေးမိတော့ ‘ရပါတယ်။ မလိုပါဘူး။ နင့် လူကိုပဲ နင် ဂရုစိုက်ပါ’ … တဲ့။
‘နင့်လူ …. ဘယ်သူလဲ ငါ့လူ ဆိုတာ’ အူလည်လည်နဲ့ နားမလည်စွာ ကျွန်မ ပြန်မေးမိတော့ အိချိုမ ပြုံးစစ လုပ်နေတယ်။ မျက်နှာပိုး မသေတဲ့ အိချိုကို ဘာလို့ ပြုံးစစ လုပ်နေတာလဲ အတင်း မေးကာမှ သူက ပြောတယ်။ သူ ထင်မြင်နေတဲ့ ရန်နောင့် အကြောင်း။
‘ဟယ် မဟုတ်တာတွေ လျှောက် ပြောမနေနဲ့၊ လူကြား မကောင်းဘူး’ ရယ်လို့ ရှက်ကိုး ရှက်ကန်း ကျွန်မပြောမိတော့ ‘လူကြား မကောင်းတာက အရေးမကြီးဘူး။ လူတွေ အမြင်မှာ ငြင်းမရစရာ အများကြီး’ … တဲ့။
အိချိုမ ပြောကာမှ ကျွန်မ သတိထားမိတယ်။ ရန်နောင်ရဲ့ ကျွန်မ အပေါ် ဆက်ဆန်ပုံ ကို … ။
ကျွန်မ စကားပြောရင် အလေးထား နားထောင်တယ်။ ကျွန်မကို ကြည့်တဲ့ အကြည့်က လေး စားမှု ပါတယ်။ ကျွန်မကို ပြောတဲ့ လေသံက နာပျော်ဘွယ် ကောင်းသလို၊ ကျွန်မ ဆန္ဒကို အမြဲ အလေး ထား အရေးပေး တတ်လေ့ ရှိတယ်။
ပြောရမယ် ဆိုရင် ဟိုတယောက် ‘ဝေလု’ နဲ့တော့ တခြားစီ ပဲ။
ဝေလုတို့များ ကျွန်မ ပြောစကား ဆိုရင် ဘယ်နေရာ အထအန ကောက်၊ အထွန့် တက်ရမလဲ ပဲ စဉ်းစား နေတယ်။ လူကို အမြဲ ဟားဘို့ လှောင်ဘို့ပဲ ကြည့်နေသလို၊ ပြောလိုက်ရင် လေသံမာမာနဲ့ ဘုဂလန့် စကားချည်းပဲ။ ကျွန်မက အဖြူဆို သူက အမဲ ပြော၊ ကျွန်မက အရှေ့ဘက် သွားမယ်ဆို သူက အနောက်ကို ခြေလှမ်း ပြင်ပြီးသား ဆိုတာလို ကျွန်မ ဖြစ်ချင်တာ၊ ကျွန်မ လုပ်လိုတာကို အမြဲ ဗြောင်းပြန် ဆန့်ကျင်ချင်သူပါ။
ငါ ပြောတာများ နင် ဘယ်တော့မှ လက်မခံဘူး။ ငါ့စကားကို နင် ဘယ်တော့မှ အလေး မထားဘူး ... ဝမ်းနည်းစွာပြောမိရင်တော့ ‘စ တာပါဟာ’ ဆိုပြီး စကား လျောချတတ်တယ်။ ဒါပေမယ့် အချိုး ကတော့ မပြောင်းဘူး။ နောက်တခါ ပြော၊ သည်လိုပဲ ကဖျက်ယဖျက် ပေါ့တန်တန် လုပ်ပစ်နေတာပဲ။
သူငယ်ချင်းတွေ အတူတွဲ သွားလာချိန် ကျွန်မ လိုချင်တာ၊ ဖြစ်ချင်တာကို ရန်နောင်က ကြည်ကြည် ဖြူဖြူ ရအောင် ယူပေး၊ ဖြစ်အောင် လုပ်ပေးချိန်မှာ ဝေလုတယောက်ကတော့ ရှောင်ဖယ်ဖယ် စိတ် မပါသလိုနဲ့ မဖြစ်သာလို့ လုပ်ပေး၊ ယူပေး ရရင်တောင် ‘ရော့ အင့်’ ဆိုပြီး ဆောင့်ကြီး အောင့်ကြီး လုပ်တတ်တယ်။ အခါများစွာမှာတော့ သူဟာ အလေးမထား သလိုနဲ့ လမ်းခွဲ ထွက်သွားတတ်ပါတယ်။
တစတစနဲ့ ဝေလုတယောက် ကျွန်မတို့နဲ့ အနေ ဝေးလာတယ်။
ငယ်သူငယ်ချင်း ချင်း အတူတူ သူ့အကြောင်းတွေကို အိချိုဆီက တဆင့်ပဲ မေးရ ကြားရတော့တယ်။ သူနဲ့ တွေ့ဆုံမှုက နည်းလာတယ်။
ကျွန်မကလဲ လူတမျိုး။
ငယ်ငယ်ကတည်းက ရွဲ့ချင် ခနဲ့ချင်စိတ်က ခပ်များများ။ သူများက ဘုဆို ကိုယ်က ဘောက် လုပ်ပစ် လိုက်ရမှ ကျေနပ်တတ်သူ။ တခါတလေ ဝေလု အိမ်မှာရှိလျက်နဲ့ ကျွန်မ ခေါ်တာကို မဖြေရင်၊ ကျွန်မတို့ဆီ မလာရင် ကျွန်မကလဲ စိတ်အချဉ် ပေါက်စွာနဲ့ သူ့ကို ရိသဲ့သဲ့ လုပ်မိတယ်။
အခန်းပြူတင်း၀ ရပ်ပြီး ရန်နောင်နဲ့ ခြေဟန် လက်ဟန်တွေနဲ့ စကားပြောမိတယ်။ ဝေလုတယောက် အိမ်မှာရှိတာ၊ သူ့အခန်းထဲကနေ မြင်နိုင်တာကို သိထားတော့ ပိုပြီး တဟီးဟီးတဟားဟားနဲ့ ဟီလာ တိုက်ပြတယ်။ ဝေလု အရိပ်အယောင်များ သူ့အခန်းထဲ မြင်မိလို့ကတော့ အကြောင်း မဟုတ်တာကို ရန်နောင့်ကို အရေးလုပ် ပြောပြပြီး ရယ်စရာ မဟုတ်တာကို တခိခိ ရယ်ပြမိတယ်။ ‘နင် မပါလဲ၊ နင် မလာလဲ၊ ငါတို့ ပျော်နေကြတယ်’ ဆိုတာ ဝေလု မြင်အောင် ပြခဲ့တယ်။
ရံဖန်ရံခါ ရန်နောင် မပါပဲ ဝေလုနဲ့ အိချိုနဲ့ ဆုံမိရင်လဲ ရန်နောင့် အကြောင်းတွေ ပြောမိတယ်၊ အိချိုက မေး လာတာကို ပိုပိုသာသာ အပိုဆာဒါးလေး ထည့် ပြောမိ၊ ဖြေမိတယ်။ တကယ်တော့ ရန်နောင့်ကို ဝေလုထက် ပိုခင်လို့တော့ မဟုတ်။ အမှန်ကို ပြောရမယ် ဆိုရင် ကျွန်မ အရေးအထားဆုံးက ဝေလု နဲ့ အိချိုပါ။ ရန်နောင့်ကို ခင်ပေမယ့် သူဟာ ဝေလု အနောက်မှာ ဒုတိယ နေရာမှာ ရှိတာပါ။
ကိုယ်က သည်လို သူ့ကို စိတ်ထဲ အလေးထားပေမယ့် သူက ဝေးဝေးမှာ သွားနေတာမို့ တမင် အရွဲ့ တိုက်၊ လုပ်နေ ပြောနေ မိတာတွေပေါ့။
သည်လို အချိန်တွေမှာပဲ ပတ်ဝန်းကျင် တိုက်ခတ်မှုတွေကလဲ ကျွန်မကို ဝေလုနဲ့ ဝေးရာကို ဆွဲခေါ် နေတယ်။
အပျိုပေါက်၊ လူပျိုပေါက်တွေ ဖြစ်လာတော့ ဝေလုတယောက် ဖိုးစွံ ဖြစ်လာတယ်။
သူက ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ ဂစ်တာလေး တဒေါင်ဒေါင်ခတ်ပြီး ဆံရှည် တခါခါနဲ့ သီချင်းတွေ လိုက်ဆိုတော့ ရပ်ကွက်ထဲမှာရော၊ ကျောင်းမှာပါ လူတွေက သတိပြုမိလာတာပေါ့။ လူတွေဆိုတာ ကောင်မလေး တွေပေါ့။
ကျွန်မတို့ တိုက်ဝင်းထဲမှာ လူငယ်တွေ ညဘက်စုပြီး သီချင်းဆိုကြရင် နောက်တနေ့မှာ အပျို ကြီး အပျိုငယ်တွေ မေးကြ၊ မြန်းကြ၊ တီးခေါက်ကြတယ်။ မနေ့ညဉ့်က ဘယ်သီချင်းကို ဆိုသွားတာ ဘယ် တယောက်လဲပေါ့။ သည်မှာ ဝေလု ဆိုသွားတာဆိုတာ သိလိုက်ချိန်မှာ အသံကောင်းတယ် ဆိုပြီး နာမည် ရလာတယ်။ ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ၊ ဟိုမှာသည်မှာ တွေ့သူတွေက သီချင်းအဆို ကောင်းတယ်ဆိုပြီး ချီးကျူးကြတယ်။ သည်ကနေ ရပ်ကွက်ထဲမှာ ပတ်ဝန်းကျင်မှာ ပွဲကလေးတွေ၊ ဘာညာဘာညာ အထိမ်းအမှတ်တွေလုပ်ရင် ဖျော်ဖြေစင်ကလေးထည့်ပြီး ဝေလုနဲ့သူ့အပျော်တမ်းအဖွဲ့ သီချင်း ဆိုခွင့် ရလာကြတယ်။ ပရိဿတ် ကလဲ သီချင်းဆိုပြဘို့ တောင်းဆို ကြတယ်။ သဘောကျသူတွေက သီချင်းသည်လေးကို မိတ်ဖွဲ့ကြတယ်။ အသိ ဖြစ်ချင်ကြတယ်။
သည်လိုနဲ့ ဟိုမှာသည်မှာ ကြည့်လိုက်ရင် ဝေလုတယောက် မိန်းကလေး ကြီးငယ် အရွယ်စုံနဲ့ ပြောလို့၊ ဆိုလို့၊ ရယ်မောလို့၊ အတူတွဲ သွားလာလို့ တွေ့လာရတယ်။ တဟီးဟီး တဟားဟားနဲ့ ဝေလုကို မိန်းကလေး ထည်လဲနဲ့ ကိုယ်တိုင်လဲ မျက်မြင် တွေ့ရသလို၊ အိမ်က လူကြီးတွေကလဲ ပြောလာ၊ မေး လာတာ ခဏခဏ ကြားရတယ်။
ကျွန်မသူငယ်ချင်း ဝေလု စွံလှချည်လား … ဆိုတာ။
အိချိုကို ကျွန်မ မေးမိတယ်။ (ဟုတ်တယ်လေ။ သကောင့်သား ရွှေကိုယ်တော်ကို တွေ့ဘို့က ရက်ချိန်း ယူရမလို အတွေ့ရ ခက်တာကိုး။)
အဲသည် မိန်းကလေးတွေနဲ့ ဝေလုနဲ့က ဘာတွေလဲ ဆိုတာ။
သူ့ ပရိဿတ်တွေပါ … တဲ့။ အိချိုက ဖြေတယ်။ ဒါပေမယ့် အချို့ အချို့သော အမျိုးသမီးများနဲ့ မကြာခဏ အတူတွဲ တွေ့ဖန်များလာတော့ ‘ပရိဿတ်ဆိုတာ ဘယ်လိုပရိဿတ်လဲ’ မေးမိပြန်တယ်။
“မသိပါဘူးဟယ်။ ဘယ်တယောက်ကို သူ သဘောကျသလဲ ဆိုတာ မပြောတတ်ပါဘူး။ ငါ မေးတော့ ကောင်မလေးတွေက လာ ကြည်နေလို့ အလိုက်အထိုက် နေ နေတာ ပြောတာပဲ။ ဘယ် တယောက်လဲ ဆိုတာ ငါလဲ မှန်း မရဘူး။”
အိချို အဖြေကြားရတာ ရင်ထဲ မျက်တဲ့တဲ့၊ ရှတတ ဖြစ်သွားသား။
နောက်တော့ တီးဝိုင်းတခုနဲ့ အဆက်ရတယ် သတင်း ကြားရပြီး သီချင်း တိုက်တာ၊ ဖျော်ဖြေတာတွေနဲ့ ဝေလုကို ပိုလို့ မတွေ့ရတော့ဘူး။ ကျွန်မတို့ ဘဝစက်ဝိုင်းထဲက တဖြေးဖြေး ဝေးစပြုလာတဲ့ သူ့ကို ရှားရှားပါးပါး တွေ့ရချိန်တွေဆိုလဲ သူက အရင်လို မဟုတ်တော့။ စကားကို ကောင်းကောင်း မပြောသလို မေးမိ မြန်းမိရင်လဲ ကောင်းကောင်း မဖြေချင်။
သူ့ဘဝမှာ ကျွန်မလို အိမ်နီးနားချင်း ငယ်သူငယ်ချင်းထက် ပိုလို့အရေးထားစရာတွေ၊ အလေး ထားရမယ့် သူတွေ အများကြီး ဖြစ်သွားပြီ ထင်ပါရဲ့။
X X X
ကျွန်မတို့ မိသားစုမှာ အဖေက အိမ်မှာ ရှိချိန် နည်းပါတယ်။ ကျွန်မအဖေဟာ သူ့အလုပ်ရှိရာ အနီး၊ တနယ်တကျေး အဝေးမှာ နေရပြီး တလမှာ နှစ်ခေါက် သုံးခေါက်လောက်ပဲ အိမ်ကို ပြန်လာတတ်သူပါ။
အဖေ့လိုပဲ အမေကလဲ အိမ်မှာ ရှိချိန် နည်းပါတယ်။ အမေဟာ မနက် မိုးလင်း ကျွန်မတို့ အိပ်ယာက မနိုးခင် သူ အလုပ် လုပ်တဲ့ဆီ ထွက်သွားရတာ ညနေစောင်း အိပ်ချိန်နီးမှ အိမ် ပြန်လာတတ်ပါတယ်။ ငယ်ငယ်တုန်းကတော့ အမေ ဘာလုပ်တယ်၊ ဘယ်သွားတယ် မသိပေမယ့် အရွယ်ရောက်လာချိန်မှာတော့ လူနာအစောင့် သွားလုပ်ရတယ် ဆိုတာ သိရတယ်။
ကျွန်မငယ်ငယ်က တရက်မှာ အကြောင်းတိုက်ဆိုင်လို့ အမေ အလုပ် လုပ်ရာ အိမ်ကြီးဆီ ရောက်ဘူးတယ်။ ကလေးငယ်လေး ကျွန်မအတွက် မိုးထိလုနီးပါး မြင့်တယ် ထင်ရတဲ့ အုတ်တံတိုင်း အတွင်းမှာ ဂိတ်တံခါး ကနေ အိမ်ကြီးအထိ လျှောက်လိုက်ရတာ တမေ့တမောပဲ။ ဘောလုံးကွင်း တကွင်းစာလောက် ဝေးမလား ပဲ။ လျှောက်လမ်း တဘက်တချက် အဆုပ်လိုက် အဆုပ်လိုက် ပွင့်နေတဲ့ ရောင်စုံပန်းတွေကြောင့်သာ ဝေးမှန်းမသိ၊ လျှောက်ခဲ့ ရောက်ခဲ့ရတဲ့ အိမ်ကြီး အထဲမှာ ငေးမောစရာ အပြည့်ပေမယ့် တစက္ကန့်တောင် စိတ်ဘဝင် မကျခဲ့။ ကြောချမ်းသလိုလို၊ ဘာလိုလို နေမထိ ထိုင်မသာနဲ့ နောက် တခေါက် ထပ် မသွားချင်သလို အမေ့ကိုလဲ မသွားပါနဲ့ တော့လား ပြောမိတယ်။
အမေကတော့ ပြုံးပြီး သည် အလုပ်က ဘာမှ မပင်ပန်းဘူး။ လူနာကို နဘေးမှာ အဖေါ်ပြုပြီး စကား ပြောရုံ၊ သူပြောတာ နားထောင်ရုံပဲ တဲ့။ အိပ်ယာပေါ် လဲနေတဲ့ ကိုယ်အောက်ပိုင်း သေနေသူ လူနာ၊ အိမ်ကြီးရှင်ရဲ့ဇနီးကို အမေက စာ ဖတ်ပြရတယ်။ စကား ပြောရတယ်။ သူ ပြောတာ နားထောင်ရတယ်။ သူနဲ့ အတူ ဗီဒီယို၊ တီဗီ ကြည့်ရတယ်။ တွန်းလှည်းပေါ် တင်ပြီး ခြံထဲ နေပူစာ လှုံပေးရတယ်။ လှည့်လည် သွားတယ်။ တခါတလေ အထိုင် အထ တွဲရတာ လုပ်ရတယ်။
ထမင်းစားချိန်မှာ လူနာနဲ့အတူ အမေက တဝိုင်းတည်း စားရတယ်။ လက်ဆေး အသင့် ထိုင် စားရုံပဲ။ ကိုယ့်ပုဂံတောင် ကိုယ် မဆေးရ။ ချက်ကျွေးသူ၊ ပုဂံဆေးသူ သီးသန့် ရှိတယ်။ လူနာရေချိုးချိန်မှာ အမေက အဝတ်သစ် ထုတ်ပေးပြီး ထိုင်စောင့်ရုံ တဲ့။ ရေတခွက် လောင်းပေးဘို့ မလို။ အိမ်သာ တက်ချင်ရင်လဲ အိမ်သာ တည်ပေးမယ့်သူကို ခေါ်ပေးပြီး အခန်းထဲ ပြန်အလာကို စောင့်ရုံပဲ တဲ့။ ဆေးသောက်ချိန်မှာ ဆေးပုလင်း ယူပေးတာ၊ ရေခွက် ကိုင်ပေးတာက လွဲပြီး အမေ ဘာမှ မလုပ်ရ။ ဒါကို မနက်စာ၊ ညစာ ထမင်း နဲ့ မုန့်ပဲ သရေစာ ကျွေးတဲ့အပြင် လူနာ စောင့်ခငွေ ထောက်သေးသတဲ့။
သူနာပြုလဲ မဟုတ်၊ ဘာမှ ထိရောက်စွာ လုပ်ပေးရတာလဲ မဟုတ်ပဲနဲ့ အမေ့ကို ဘာလို့ သည် လို အဖေါ် ခေါ်၊ ပေးကမ်းတာလဲ ဆိုတော့ ထိုလူနာက အမေ့ရဲ့ အလွန်ခင်သော ငယ်သူငယ်ချင်း ဆိုပဲ။
ငယ်ငယ် ကလေးဘဝကတည်းက အရွယ်တူ ကျောင်းနေဘက် သူငယ်ချင်းတွေ။ ဖူးစာကောင်းလို့ ကြွယ်ဝသူနဲ့ အိမ်ထောင် ကျခဲ့ပေမယ့် ကံခေလေတော့ အမေ့သူငယ်ချင်းခမြာ ငယ်ငယ် ရွယ်ရွယ်နဲ့ ဒုက္ခိတ လူမမာဖြစ်ရတယ်လေ။ အမေကတော့ သန်သန်မာမာ ကျမ်းမာရေးကောင်းပေမယ့် ဖူးစာကံ ခေတော့ အိမ်ထောင်နဲ့ ခဏ ခဏ ခွဲနေရတဲ့ ဘ၀ပေါ့။
တနေကုန်တနေခန်း ငယ်သူငယ်ချင်းကို အဖေါ်ပြုရင်း အိမ်သုံးစရိတ်ကလေးလဲ ထောက်ပန့်ကြေးရလို့ အမေက အလုပ် တခုလို သွားလုပ်နေတော့ အမေ့သားသမီး ကျွန်မတို့ မောင်နှမဟာ အမေ့ညီမ အဒေါ်နဲ့ အဖွား လက်ထဲ ကြီးပြင်းခဲ့ရပါတယ်။ အမေဆိုတာ ညဘက် အိပ် မပျော့်တပျော်မှာ ကျွန်မပါးလေးကို အသာနမ်းပြီး သူ့ရင်ခွင်အထဲ ပွေ့ပိုက်အိပ်တတ်သူလို့ပဲ မှတ်မိတော့တယ်။
တခါတလေ အဖေ ပြန်လာတတ်တဲ့ အချိန်တွေမှာ အမေ အလုပ် မသွားတတ်ဘူး။ မဟုတ်လဲ အိမ်ကို စောစော ပြန် လာတယ်။ အဲသလို နေ့ရက်တွေမှာဆိုရင် အဖေရယ်၊ အမေရယ်နဲ့ ကျွန်မတို့မောင်နှမ မြို့ထဲ သွား၊ ရုပ်ရှင် ကြည့်၊ အပြန်မှာ စားသောက်ဆိုင် တခုခုမှာ ဝင် စားလို့၊ ဈေးမှာ အဝတ် အစား၊ အရုပ် ဝယ်ပေးလို့ အမှတ်ရဘွယ် မိသားစု နေ့ရက်ကလေးတွေ ဖြစ်ရတယ်။
ဒါပေမယ့် တဖြေးဖြေး အသက်ကြီးလာတာနဲ့အမျှ အဖေ အိမ်ပြန်လာချိန် နည်းသွားသလို အမေ အိမ်မှာ မရှိချိန်ကလဲ များလာတာ သတိပြုမိတယ်။ ကျွန်မအပေါ် အဒေါ်နဲ့ အဖွားရဲ့ အုပ်ထိန်းမှုကလဲ ပို တင်းကျပ် လာတယ်။
ဆယ်ကျော်သက်၊ အပျိုဖေါ် ဝင်စ၊ အလယ်တန်း ကျောင်းသူဘဝကတည်းက အဖွားနဲ့ အဒေါ်က ဟိုဟို သည်သည် ဇာတ်လမ်းလေးတွေ ပြောပြတယ်။ ငယ်ငယ်က နားထောင်ခဲ့ရဘူးတဲ့ စင်ဒရယ်လားပုံပြင်တွေနဲ့မတူ ကွဲပြားသွားတာကတော့ မြင်းဖြူစီး၊ ဓါးရှည်လွယ်ထားတဲ့ ကယ်တင်ရှင်မင်းသား ကို ဘယ်လိုရှာရမယ် ဆိုတာပါပဲ။
လက်တွေ့ဘဝမှာ ကျွန်မ ရှာရမယ့် မင်းသားက မြင်းဖြူ စီးဘို့ မလိုဘူး တဲ့။ ဒါပေမယ့် ကားကောင်းကောင်း ပိုင်ဆိုင်ဘို့၊ တန်ဘိုးကြီးကား မောင်းနှင်လာဘို့တော့ လိုပါသတဲ့။ ဓါးရှည် မလွယ်ထားပေမယ့် ဘဏ်စာရင်းမှာ ပိုင်ဆိုင်တဲ့ငွေ ဂဏန်းတွဲ ကတော့ ရှည်ဘို့ လိုပါသတဲ့။ နန်းတော်တမျှ ခမ်းနားတဲ့ အိမ်၊ ကျယ်ဝန်းတဲ့ ခြံကျယ်ထဲ အခြွေအရံ အဆောင်အယောင်ကလဲ ပြည့် ရမယ် ဆိုပဲ။ ဥပမာကတော့ အမေ အဖေါ်စောင့်ပေးနေရတဲ့ အမေ့ သူငယ်ချင်း ယူထားတဲ့ အိမ်ထောင်ဘက်မျိုး ရှာရမယ် ဆိုပဲ။
အဖွားက ပြောတယ်။ အိမ်ထောင်ဘက် အရွေး မှားလို့ အမေ ပင်ပန်းတယ် တဲ့။ အမေက သူ့အလုပ်က ဘာမှ မပင်ပန်းဘူး၊ သက်သာတယ် ပြောပေမယ့် အဖွားကတော့ လက် မခံဘူး။ အမေသာ သူ့စကား နားထောင်ခဲ့ရင် အခုလို သူများအိမ်မှာ အလုပ် သွား လုပ်နေစရာ မလို၊ အိမ်ထောင်နဲ့လဲ ခွဲနေရမယ် မဟုတ် … ပြောတယ်။ အဖေ့ကို တဲ့တိုး အပြစ်ပြောတာမဟုတ်ပေမယ့် အဖေနဲ့ အိမ်ထောင် ကျ ခဲ့တာကို အဖွား မလိုလားဘူးလား ဝမ်းနည်းစွာ တွေးခဲ့မိတယ်။
‘အချစ်ဆိုတာ အလကား။ တကယ်တမ်း ဘဝမှာ အလိုအပ်ဆုံးက ထမင်းအိုးထဲ မပင်မပန်း ဆန် ဖြည့် နိုင်ဘို့ ပဲ။ တအိုးတအိမ် သက်တောင့်သက်သာ ထူထောင်နိုင်ဘို့ ပဲ။ ချစ်တယ် ဆိုပြီး ဝင်ငွေ မရှိရင်၊ ချစ်သူကို တင့်တယ်စွာ မထားနိုင်ရင် အဲသည် အချစ်က နောက်ဖေး တံခါးပေါက်က လွင့်ထွက်သွားလိမ့်မယ်’ - အဖွား တဖွဖွ ပြောတယ်။
သီချင်း တပုဒ်ထဲ ဆိုထားသလို ‘အတူ နေလာတာ ကြာရင် အိမ်မွေးတိရိစ္ဆာန်၊ ခွေးကြောင် ကလေးတွေကိုတောင် သံယောဇဉ် တွယ်တတ်တယ်’ တဲ့။ သည်တော့ ကိုယ့်ကို တင့်တောင့်တင့်တယ် ကောင်းမွန်စွာ ထားနိုင်သူကိုလဲ အတူနေတာ ကြာရင် သံယောဇဉ် တွယ် သွားမှာပဲ၊ ချစ်သွားမှာပဲ … တဲ့။
အဒေါ်ကတော့ ပြတ်တယ်။ စကားကို ရှင်းရှင်း ဘွင်းဘွင်းပဲ ပြောတယ်။
လမ်းဘေး လပ်ယားလပ်ယား လုပ်နေသူတွေနဲ့ မတွဲနဲ့။ ကလေကခြေလေးတွေ အိမ် မခေါ်လာနဲ့။
စာ တော်သူ၊ ပညာ ကျိုးစားသူ၊ မိဘ အခြေအနေ ဟန်ကျသူကို ရှာ … တဲ့။
ကဲ သည့်ထက် ရှင်းတာ ဘာ ရှိမလဲ။
သူ ဆိုလိုတာက ဆံပင်ရှည်ဖါးလျားနဲ့ လမ်းဘေးထိုင် ဂစ်တာ တီးနေတတ်သူ၊ ပညာရေးမှာ ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ အောင်ရုံလေး အမှတ်ရတတ်သူ ဝေလုကို တတွဲတွဲ လုပ်မနေတော့ပဲ အတန်းထဲမှာ စာတော်သူစာရင်း ဝင်သူ၊ အချိန်တန် အိမ်ပြန်ပြီး စာကြည့်စားပွဲ ထိုင်၊ အိမ်စာ လုပ်တတ်သူ၊ ပညာတတ်ကြီး ဖြစ်နိုင်သူ၊ အလုပ်အကိုင်ကောင်း ရနိုင်သူ ရန်နောင့်ကို နီးနီးကပ်ကပ် နေဘို့ ဗြောင် ဖွင့် ပြောလိုက်တာပါပဲ။
ဘဝအဖေါ်ဆိုတာ အရည်အချင်းတွေ၊ ဖြစ်နိုင်ဘွယ်တွေ ချိန်ခွင်ပေါ် ထည့်ချိန်ပြီး အလေး သာသူကို ရွေးကြေး တဲ့လား။
လူ့စိတ်ဆိုတာ ဆန်းကျယ်ပါတယ်။
မရတာကိုမှ လိုချင်တယ်။ မဖြစ်နိုင်တာကိုမှ ဖြစ်ချင်တယ်။ ရှောင်ပုန်းနေသူကိုမှ ရအောင် ရှာချင်တယ်လေ။
အဖွားက မသိမသာ စောင်းပြော၊ အဒေါ်က အဲသလို တဲ့တိုး ပြောကာမှ ဝေလုကို ပို တွယ်တာမိတယ်။
ဝေလုဆိုတဲ့ သကောင့်သားကလဲ ကျွန်မက နီးစပ်ဘို့ မျှော်လင့်ကာမှ ပိုလို့ ပိုလို့ ဝေးသွားပါတယ်။ တီးဝိုင်းနဲ့ အချိန်ကုန်နေတယ်ဆိုပြီး မတွေ့ရတတ်ဘူး။ ရှားရှားပါးပါး တိုက်ဝန်းထဲမှာ၊ ကျောင်း မှာ၊ တွေ့ရချိန်ဆိုရင်လဲ နဘေးမှာ မိန်းကလေးတွေ တရုန်းရုန်းနဲ့ ကိုယ်တော်က ဖိုးစွံ ဖြစ်နေပြီလေ။ ကျွန်မက အတင်း သွားခေါ်ရင်တောင် သူ့နဘေးက မိန်းကလေးတွေကို ဦးစားပေး အလေးထားပြီး ကျွန်မကို အရေးမယူ ဥပေက္ခာ ပြုသလိုလို လုပ်နေတယ်။
သည်တော့ ကျွန်မဆိုတဲ့ ကျွန်မကလဲ ကျွန်မဘဝမှာ သူက အရေးမထားပေမယ့် ကျွန်မကို တလေးတစား ဂရုပြုသူတွေ ရှိသေးတယ် ဆိုတာ ရန်နောင်နဲ့ တွဲ၊ ရွဲ့ ပြလိုက်တယ်။
ကျွန်မနဲ့ ရန်နောင်ကို တွဲမြင်လိုက်ရင် ဝေလုမျက်နှာ ပျက်သလိုလိုလား ထင်မိတယ်။ ဒါပေမယ့် အိချိုကို မေးမိတော့ သူက ကျွန်မတို့ နှစ်ယောက် တွဲတာကို သတိထားမိပုံတောင် မရ တဲ့။ ဘာမှလဲ မမေးဘူး တဲ့။
တခါတွဲ ပြတာကို သတိ မထားမိဘူး ဆိုတော့ နှစ်ခါ တွဲ ပြတာပေါ့။ သုံးခါ လေးခါနဲ့လဲ မမြင်လေတော့ ခဏခဏ တွဲ ပြတာပေါ့။ ဘယ်သွားသွား ရန်နောင့်ကို ခေါ်ပြီး နှစ်ယောက်တည်း လျှောက် သွားပစ်လိုက်တာပေါ့။
သည်အခါမှာတော့ ‘သိပ် မတွဲနဲ့။ လူတွေ တမျိုးထင်ပြီး အပြော ခံရမယ်’ ဆိုတာမျိုး သတိ ပေး သလိုလို ပြောလာတယ်။ ကျွန်မက ‘အထင်ခံရ ကောင်းတာပေါ့’ လို့ မထီတထီ ပြန်ပြောတော့ သူ ဘာမှ မပြောဘူး။ ကျွန်မ ရန်နောင်နဲ့ တွဲနေတာကို ဝေလု ဘယ်လိုထင်သလဲ အိချိုကို စကားနှိုက်ကြည့်တော့ 'ဘာမှ မပြောဘူး။ ကြည့်ရတာ သဘောတူပုံ ပဲ' … တဲ့။
ကျွန်မ ကြားချင်တာက သည်လို စကား မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ ကြားချင်တဲ့ စကားကိုလဲ မပြောကြဘူး။
X X X
အစကတော့ ဝေလုကို ရွဲ့ပြီး တွဲပြတာပါ။
ဒါပေမယ့် အပျက်အပျက်နဲ့ တကယ် ဖြစ်ရပါပြီ။
ရန်နောင်က ကျွန်မကို ချစ်ရေးဆိုလာတယ်။
ထိုအချိန်မှာ တိုင်ပင် ပြောပြဘို့ လိုက်ရှာတော့ ဝေလုကို ဘယ်မှာမှ ရှာ မရ။ တီးဝိုင်း ကိစ္စတွေ၊ အမျိုး တွေဆီ အလည် သွားတာတွေ၊ ဘာညာဘာညာတွေနဲ့ အိမ်မှာ ဘယ်တော့မှ သူ မရှိ။ ပြန်ရောက်ချိန် ကျွန်မကို အကြောင်း ကြားဘို့ အိချိုကို မှာ ထားပေမယ့် သူ ပြန်ရောက်ပြီ ကြားလို့ သွားတွေ့ရင် သူက တနေရာ ထွက်သွား ပြန်ပြီ တဲ့။
တကယ်တော့ ရန်နောင်ဟာ လူကောင်းတယောက်ပါ။ နောက်ပြီး ကျွန်မအပေါ် တကယ် မေတ္တာသက်ဝင်နေသူပါ။ ပြောခဲ့ပြီးသလို အိမ်ကလူကြီးတွေကလဲ ရန်နောင်နဲ့ နီးစပ်တာကို လိုလားတယ်။ အိချိုကလဲ သဘောတူတယ်။ ကိုယ်ကလဲ ဆပ်ဆော့စွာနဲ့ တပူးတွဲတွဲ လုပ်မိတော့ ပတ်ဝန်းကျင် ကလဲ မဖြစ်ခင်ကတည်းက ကျွန်မတို့ကို အတွဲရယ်လို့ သတ်မှတ်ပြီး နေပြီ။
ရှားရှားပါးပါး ဝေလုနဲ့ တွေ့ရချိန်မှာ ရန်နောင့်အကြောင်း ပြောပြ၊ သူ့ အတွင်းစိတ်ကို တီးခေါက်မိတော့ သူက အလေး မထားသလို ပေါ့တန်တန်ပဲ နားထောင်တယ်။ ရန်နောင့်ကို လက်မခံသင့်ဘူး ပြောစေချင်ပေမယ့် ‘ကောင်းတာပေါ့။ ဖိတ်ချင်း ဖိတ်၊ ကိုယ့်အိတ်ထဲဖိတ် ဆိုတာ အဲဒါကို ပြောတာပေါ့’ ဆိုပြီး ကျွန်မအကြောင်းကို စကား ဖြတ်လိုက်တယ်။ သူ့အကြောင်းတွေ ပြောတော့တယ်။
သည်လိုနဲ့ ကျွန်မနဲ့ ရန်နောင် ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ ဝေလုနဲ့ကတော့ အိချိုပြောသလို ကျွန်မကို သူက အမ တယောက်လို၊ သူငယ်ချင်းလိုပဲ သဘောထားပုံ ရတယ်ဆိုလို့ ကျွန်မလဲ ကျိုးစားပြီး သူ့ကို မောင် တယောက်လို၊ သူငယ်ချင်း တယောက်လို သဘောထားလိုက်ပါတယ်။
အိချို ပြောတာလဲ ဟုတ်မှာပါ။
ရန်နောင်နဲ့ အဆင်မပြေသလို၊ ဘာလိုလို ဇာတ်လမ်းတွေလုပ်ပြီးငိုပြလဲ ဝေလုက မတုန်လှုပ်။ သူက ရန်နောင့်ဘက်ကတောင် ကိုယ်စားပြုချော့လိုက်သေး။ သည်လောက် စိတ်ဒုက္ခပေးနေရင်၊ အလို မပြည့်ရင် ဖြတ်ပစ်လိုက် ပြောစေချင်ပေမယ့် ဘယ်လို ဘယ်ညာကြောင့် ဘာတွေ ဖြစ်နိုင်တယ် ဆိုတာ သူက ထောက်ပြ ဖြေပြ နေလိုက်သေး။
သည်လိုအချိန်မှာပဲ ဘဝမှာ အကြီးကျယ်ဆုံး အလှည့်အပြောင်းတွေ ရောက်လာပါတယ်။
အမေ အဖေါ်ပြု၊ သွား စောင့်ပေးနေရတဲ့ အမေ့ငယ်သူငယ်ချင်း၊ ကိုယ်တပိုင်းသေလူနာ ဆုံး ပါးသွားတယ်။ တကယ်တော့ အမေ့ သူငယ်ချင်း လူနာ မရှိတော့ရင် အမေ အဲသည်အိမ်ကို သွားစရာ မလို၊ အလုပ် မရှိ ဖြစ်ရမှာ ဖြစ်ပေမယ့် အမေက အဲသည် အိမ်ကို ဆက်သွားနေတယ်။ အရင်ကလို အိမ်အပြန် နောက်ကျနေဆဲ။
သည်အချိန်မှာ အဖေကလဲ အရင်လို အိမ် ပြန်မလာတော့ဘူး။ တလ တခါတောင် ပြန် မလာတော့ဘူး။ ရံဖန်ရံခါ အဖေ ပြန်လာရင်လဲ အမေက အိမ်မှာ မရှိ။ အဖွားရဲ့ ညိုညင်တဲ့ အကြည့်၊ အဒေါ်ရဲ့ ညူစူတဲ့ အပြောတွေ အကြားမှာ အဖေဟာ ကျွန်မတို့ မောင်နှမနဲ့တောင် နွေးနွေးထွေးထွေး နေခွင့် မရပဲ အိမ်က ပြန်ထွက်သွားတယ်။
အမေ ပြန်လာလို့ ကျွန်မက သည်အကြောင်းတွေ ဝမ်းနည်းစွာ ပြောမိပေမယ့် အမေ့အမူအယာက အေးတိအေးစက်။ အမေ့မျက်လုံးတွေက ခံစားမှု ကင်းမဲ့စွာနဲ့ ကျွန်မတို့ မောင်နှမ ပြောနေတာ နား မဝင်သလို။ အဖွားကို အိမ်စားရိတ် ပေး၊ အဒေါ်ကို လိုအပ်တာတွေ မေးပြီး နောက်တနေ့ အလုပ်ကို ပြန်သွားဘို့ ပဲ စိတ်စော နေသလိုပဲ။ အဲသည် အိမ်ကြီးကိုပဲ သွားချင်နေသလိုပဲ။ နောက်ဆုံးမှာ အမေ့ကို ကျွန်မ အားငယ်တဲ့ လေသံလေးနဲ့ မေးမိတယ်။
‘အမေနဲ့ အဖေနဲ့ အဆင်ပြေကြရဲ့လား’၊ ‘အမေ … အဖေ့ကို ချစ်သေးရဲ့လား’
ကျွန်မကို တွေတွေကလေး ကြည့်ပြီး အမေ ဘာမှ ပြန် မဖြေဘူး။
အိမ်အပြန် တဖြေးဖြေး ကြဲလာတဲ့ အဖေဟာ၊ လူမသိသူမသိ တိုးတိတ်စွာနဲ့ပဲ လုံး၀ ပြန် မလာတော့ဘူး။
နောက်ဆုံးတော့ အဖွား နဲ့ အဒေါ်ပြောသလိုပဲ ကျွန်မ တွေးလိုက်ပါတယ်။
အသဲနှလုံးထဲ အချစ်တွေ ဖြည့်ပေးတာထက် ထမင်းအိုးထဲ ဆန် ဖြည့်ပေးနိုင်သူကို ဘဝမှာ အလေးထား ရမယ် … လို့။
ကိုယ့်စိတ်ကြိုက် အချစ်အိမ်လေးကို ချစ်သူနဲ့ အတူ တည်ဆောက်ရတာ၊ အခြေအနေတွေ မပြေလည်ခင်မှာ ခရီးကြမ်းကို နားလည်စွာနဲ့ လက်တွဲညီညီ လျှောက်လမ်းရတာ၊ လက်တွဲ ခေါ်ယူရတာ၊ အပေးအယူ မျှတစွာနဲ့ လောကဓံ အ၀၀ ကြံကြံခံ ရင်ဆိုင်ရမှုတွေဟာ ချစ်သူတွေအတွက် လွမ်းမောဘွယ် ဂုဏ်ယူစရာ အတူ တက် လှမ်းခဲ့တဲ့ လှေကားထစ်တွေ … ဆိုတာ စာရွက်ပေါ်မှာ ဖွဲ့နွဲ့ထားတာထက် လက်တွေ့ကျကျ ကျင့်သုံးချင်ပါတယ်။ အဘယ်မျှ ကြမ်းတမ်းပါစေ၊ ထိုလျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးကို တနေ့မှာ ပြန်ကြည့်ရချိန်မှာ ထိုခရီးဟာ ချစ်ရသူနဲ့ အတူ ဖြတ်သန်းခဲ့တာ ဖြစ်ချင်ပါတယ်။
ဒါပေမယ့် ထိုထိုသော ခရီးကြမ်းကို ဖြတ်ကျော်ဘို့၊ လှေကားထစ်တွေ အတူတက်ဘို့ … ချစ်သူက ကိုယ့်နဘေးမှာ ရှိနေရမယ်။ ကိုယ့်လက်ကိုတွဲ မဖြုတ်တမ်း ဆုတ်ကိုင်ထားရမယ် …. လေ။
တကယ်တော့ လက်ဆိုတာ တွဲထားပါများရင် တခါတလေ လက်ချွေးထွက်လို့ ဖြုတ်ချင်ကြ၊ ဖြုတ်တတ် ကြတာလဲ သတိ မူကြသင့်တယ်။ အချို့က ထွက်တဲ့ချွေးကို သုတ်၊ ခေတ္တ ဖြုတ်လိုက်ရတဲ့ လက်ကို ပြန်တွဲပေမယ့် အပြီးတိုင် လက်လွှတ်၊ လက်တွဲ ဖြုတ်လိုသူတွေလဲ ရှိပါတယ်။
ဘယ်အရာမှ မမြဲဘူးဆိုတာ တကယ် မှန်တယ်။
လူတွေသိထားတဲ့ ကျွန်မချစ်သူ ရန်နောင်နဲ့ ကျွန်မ အခြေအနေကလဲ အချိန်နဲ့ အမျှ တမျိုးတမည်ပြောင်းလဲလာတယ်။ တနယ်တကျေးအဝေးနယ်မှာ ကျောင်းသွားတက်နေတဲ့ရန်နောင်တယောက် အရင်လို ကျောင်းပိတ်ချိန် အိမ်ပြန် မမှန်တော့ဘူး။ ကျောင်းကနေ လေ့လာရေးခရီးတွေ သွားတယ် ဆိုတာ၊ သူငယ်ချင်းတွေ နေတဲ့ မြို့တွေကို အလည် လိုက်သွားတယ် ဆိုတာကနေ တဖြေးဖြေး အိမ်အပြန် ကြဲလာတယ်။ မဆီမဆိုင် တွေး မိတယ်ပဲ ဆိုဆို … ကျွန်မစိတ်ထဲ အိမ်ပြန်မမှန် ဖြစ်ခဲ့ဘူးတဲ့ အဖေ့ကို သတိ ရမိတယ်။
ပုဝါပါးနဲ့ ကြက်သား ထုတ်တော့ စွန်းတတ်သတဲ့။ တရွာသား မဟုတ်ပေမယ့် အဝေးတနယ် ခွဲခွာနေရသူ နဲ့ ရည်းစား ထားမိတော့ လွမ်းရရုံတင်မက စွန်းထင်းမှုတွေလဲ ရှိတာပေါ့။
ကျွန်မတို့ တိုက်ဝန်းထဲက လူတွေရဲ့ ကျွန်မတို့ မိသားစုအပေါ် အကြည့်အမြင်တွေကလဲ တမျိုး ဖြစ်လာတယ်။
ရန်နောင်နဲ့ အတူ သွားလာလည်ပတ်ချိန်၊ သူခေါ်ရာ အရပ်တွေ လိုက်ခဲ့မိတဲ့ ကျွန်မကို အချို့လူငယ်တွေက ရိသဲ့သဲ့ စလား၊ နောက်လား လုပ်ကြတယ်။
နောက်ဆုံးမှာတော့ အိမ်က လူကြီးတွေ စီစဉ်ဆုံးဖြတ်တာကိုပဲ ကျွန်မ လက်ခံရတော့တယ်။
ကျွန်မဟာ ပညာရေးမှာရော၊ ဘဝရပ်တည်မှုအတွက် အလုပ်အကိုင်ရော ဘာမှ ရေရာစွာ အခြေ မကျသေးသူပါ။
X X X
‘သွားကြတော့မယ် တဲ့'
အိပ်ခန်းပြူတင်းဝမှာ ငေးငိုင်စွာ ရပ်နေမိတဲ့ ကျွန်မကို မောင်လေးက အခန်းတံခါးဝမှာ လာရပ်ပြီး သတိ ပေးတယ်။
ရင်ထဲမှာ စူးကနဲ ခံစားမှုနဲ့အတူ အနောက်ဘက် လှည့်၊ အိပ်ခန်းတံခါးဆီ သွားရမယ့်အစား အယောင်ယောင် အကန်းကန်းနဲ့ ကျွန်မ အိပ်ခန်းပြူတင်းနဘေး တိုးကပ်သွားမိတယ်။ လူမှန်းသိတတ်စ ကတည်းက အကြိမ်ကြိမ် တိုးကပ်ပြီး ခေါင်းပြူ ကြည့်ခဲ့လို့ ဘယ်ထောင့်ကနေ ဘယ်လိုကြည့်ရင် ဘာ မြင်ရမယ် သိပြီးသားပါ။
ပြူတင်းပေါက် ညာဘက်ထောင့်ကို ကပ်ပြီး မှန်သားပေါ် ဘယ်ဘက်ပါးလေးကပ်၊ မျက်လုံးလေး စွေ၊ အောက်ထပ်က အိပ်ခန်း ပြူတင်းထောင့်ကို ငဲ့ကြည့်မိတယ်။ စိတ်ထဲ မမျှော်လင့်ထားပေမယ့် ကျွန်မ လှမ်းကဲ ကြည့်လိုက်မိတဲ့ ပြူတင်းအဝမှာ မျက်နှာလေး တခု။ ငယ်ငယ်ကတည်းက အကြိမ် ကြိမ် အဖန်ဖန် အခါများစွာ တွေ့ခဲ့ဘူးသလို မျက်လုံးထောင့်ကပ် အထက်ကို မော် ကြည့်နေတာ တွေ့လိုက်တယ်။
ကျွန်မရင်ထဲ ထိန်းကနဲ ခံစားမှုနဲ့ အတူ စိတ်ထဲ ပျော်မိသလိုလို။ ထိုမျက်နှာလေးကို ပြုံးပြဘို့ ကျိုးစားမိတယ်။ ဒါပေမယ့် ပြုံးလို့ မရဘူး။ ကျွန်မ မျက်နှာ တပြင်လုံး အကြောတွေ တင်းနေတယ်။
“ဟဲ့ ကောင်မလေး။ သွားပါတော့မယ်ဆို ဘာလုပ်နေတာလဲ။”
ပြောပြောဆိုဆိုနဲ့ အဖွားက အခန်းထဲ ဝင်ချလာပြီး ကျွန်မလက်ကို ဆွဲခေါ်သွားတယ်။
ပြုံးပြဘို့လဲ အချိန်မရ၊ နှုတ်ဆက်ဘို့လဲ အခွင့်မရတော့ပဲ အဖွားလက်ထဲ ယက်ကန်ယက်ကန် ပါသွားရင်း တိုက်အရှေ့ ရပ်ထားတဲ့ ကားကြီးအပေါ် တွန်းထိုးတင်လို့ တက်ထိုင် လိုက်ပါသွားရတယ်။
စိတ်ထဲ မဝန့်မရဲ မျှော်လင့်ထားမိသလို တိုက်တန်းအကွေ့ ကားလမ်းနဘေးမှာ အိချိုနဲ့ ဝေလု ရပ်နေတာ ကားအပေါ်ကနေ လှမ်းတွေ့လိုက်တယ်။ တလှပ်လှပ် ခုန်နေတဲ့ ရင်ခုန်သံကို ထိန်းပြီး ကားပြူတင်းနဘေး မျက်နှာကို ကပ်ပြီး ပြုံးပြ နှုတ်ဆက်ခဲ့မိပါတယ်။
ကျွန်မ ပြုံးပြတာကို သူတို့ မြင်၊ မမြင် မသေချာဘူး။ ကားဒရိုင်ဘာကြီးက မောင်းသွားတာ မြန်လွန်းလှတယ်။ ကားအနောက်ကို လှမ်းကြည့်တော့ သူတို့နှစ်ယောက်စလုံး ကျွန်မတို့ စီးနင်းလာတဲ့ ကားကြီး အနောက်မြီးကို ငေးမော ကြည့်နေတာ တွေ့လိုက်ရတယ်။
သြော် … နွေနေရယ်၊ ကျွန်မရင်ထဲ ခံစားချက်နဲ့ အပြိုင် ပူလောင်နိုင်ပါဘိ …. ။
X X X
ကျွန်မ နေရတဲ့ နေရာ အသစ်၊ ခြံကြီး အစပ်မှာ ခရေပင်ကြီး ရှိပါတယ်။ တိုက်နဘေး မလှမ်း မကမ်းမှာ သစ်ခွပင်တွေကို အမိုးအကာ ပါးပါးအောက်မှာ တယုတယ မွေး၊ စိုက်ထားတယ်။ အပြိုင်း အရိုင်း အခိုင်လိုက် အဆုပ်လိုက် ပွင့်နေတဲ့ အရောင်စုံ သစ်ခွပန်းတွေထက် မြေပြင်ပေါ် ကြွေကျနေတဲ့ ခရေပန်း မွှေးမွှေးကလေးတွေကို ကျွန်မ တမြတ်တနိုး ကောက်ယူ၊ သီ ပန်မိလေ့ရှိတယ်။
အိမ်ကြီးရှင်က သစ်ခွပန်းတွေ ခူးပန်ဘို့ ပြောပါတယ်။ သစ်ခွပန်းအိုးတွေကို တမြတ်တနိုး အိမ်ထဲမှာလဲ အလှဆင် ထားတယ်။ ဒါပေမယ့် ကျွန်မအတွက်တော့ အနံ့ ဂန္ဓာ ဘာမှ မရှိတဲ့ သစ်ခွပန်းတွေဟာ အဆင်းပဲ ရှိလို့ ပန်းအင်္ဂါ မပြည့်သလိုပဲ။
သူဟာ တခြားပန်းတွေထက် စာရင် ဈေးကြီးပါလိမ့်မယ်။ အချို့သူများ တန်ဘိုး ထားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မအကြိုက် ပန်းတော့ မဟုတ်ခဲ့ဘူး။
X X X
‘ပန်းစံပယ် နန်းလည် မပေါ်ခိုက်ဟာမို့၊ အလိုက်တော် တန်သင့်ရုံပါ့ … ခံပွင့်ကို ကုံးရတယ်’ … တဲ့။
တခါတရံမှာ အချို့အချို့သော အရာတွေဟာ အသပြာ တန်ဘိုးမြင့်မှ အသရေ တင့်တာ မဟုတ်ပါဘူး။ သူတို့မှာလဲ ဂုဏ်မြင့်စရာ ကိုယ်ပိုင် အရည်အချင်း ရှိကြပါတယ်။
အပြင်ပန်း အမြင်နဲ့ တန်ဘိုးဖြတ်ခံရပေမယ့် မြေခ ကြွေကျနေတဲ့ ပန်းခရေကို အထင်သေးလို့ ရကြေးလား။ ဂရုစိုက်စရာ မလို၊ တယုတယ ပြုစုစရာ မလိုပေမယ့် သူဟာ ပန်းအင်္ဂါညီစွာ သင်းကြိုင်တဲ့ မွှေးရနံ့ ထုံသင်းစွာ ပေးနိုင်ပါတယ်။
ဒါပေမယ့် ခရေပန်းကို တန်ဘိုးထားချင်ရင် အကောက်မြန်ဘို့တော့ လိုပါမယ်။ သူက ကြာကြာ အထား မခံ၊ တခဏချင်း နွမ်းသွားမယ်လေ။
လေးစားစွာဖြင့် -
မာလုစံ
မတ်လ ၅ ရက်၊ ၂၀၁၄

No comments:
Post a Comment