လေအဝှေ့မှာ တဖြုတ်ဖြုတ် ကြွေကျနေတဲ့ ရော်ရွက်ဝါတွေကို ငေးကြည့်ရင်း ကျွန်မရင်ထဲ ဘာကိုရယ် မသိ လွမ်းဆွတ် သလိုလို၊ ဆွေးမြေ့ သလိုလို။
ဘယ်လို ဘယ်ညာ တိတိပပ မပြောပြတတ်ပေမယ့် အသဲကွဲဝေဒနာ ဆိုတာ သည်လိုလား … ကျွန်မ တွေးနေမိတယ်။
ဘဝမှာ ဆုံးရှုံးမှုတွေ အမျိုးမျိုး ကြုံဆုံနိုင်တာမှာ မိဘသားချင်း ဆုံးရှုံးမှု ပြီးရင် အကြီးမားဆုံး ဆုံးရှုံးမှုဆိုတာ အချစ်ဆုံး ချစ်သူနဲ့ အချစ်ဆုံး သူငယ်ချင်းကို ဆုံးရှုံးရတာပဲ ဖြစ်မယ် ထင်ပါတယ်။ အခု ကျွန်မဘဝမှာ ထိုတန်ဘိုးကြီးတဲ့အရာ နှစ်ခုကို တပြိုင်နက်တည်း ဆုံးရှုံးရတယ်ဆိုတော့ ... နှစ်ခါစာကို တခါတည်း ကွဲတဲ့ အသဲ၊ နာချက်က မပြင်းပဲ နေပါ့မလား။
X X X
ကျွန်မ ဘဝမှာ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက် ရှိပါတယ်။
ဝေလု ရယ်၊ တူးမာ ရယ်။
ကလေးဘ၀ ငယ်ငယ်၊ လူရယ်လို့ သိတတ်ကာစ ကတည်းက တတွဲတွဲ ကစားကြ၊ အတူ ကြီး ပြင်းခဲ့ကြတဲ့ သူငယ်ချင်း သုံးယောက်ပါ။ အိမ်နီးနားချင်းဖြစ်တဲ့ အမေတွေ ကိုယ်ဝန် အပြိုင်ရခဲ့ပြီး အချိန်ပိုင်း သုံးလ အတွင်း မွေးခဲ့လို့ ‘အဖေ မတူ၊ အမေ ကွဲ၊ သုံးမွှာ ပူး’ လို့ ကျွန်မတို့ကို ပတ်ဝန်းကျင်က နောက်ခေါ်ခဲ့ကြတယ်။
ကျွန်မတို့ သုံးယောက်မှာ ကျွန်မက အသက် အငယ်ဆုံး။ သည်တော့ နေရာတကာမှာ အသက် ပိုကြီးသူတွေ ဆုံးဖြတ်၊ ဦးဆောင်တာကို နာခံပြီး သူတို့ ခိုင်းတာ လုပ်၊ အနောက်မှာ နေခဲ့တယ်။
ကျွန်မတို့အထဲ အသက် အငယ်ဆုံးဖြစ်တဲ့ ကျွန်မက နောက်လိုက် လုပ်ရတာကို ဘယ်တော့မှ ရေးကြီး ခွင်ကျယ် မလုပ်၊ သူများဦးဆောင်မှု အနောက် အေးအေး ဆေးဆေး လိုက်ပေမယ့် ကျန်တဲ့ နှစ်ယောက်၊ ဝေလုနဲ့ တူးမာကတော့ ခဏခဏ ပြသာနာ တက်ကြတယ်။ တယောက်က သည်လို လုပ်ချင်ရင်၊ နောက်တယောက်က ဟိုလို လုပ်ချင်တယ်။ တယောက်က အဖြူဆို နောက်တယောက်က အမဲ။ သည်တော့ ကျန်တဲ့ ကျွန်မကို ဖြူသလား၊ မဲသလား လာမေးတယ်။ သည်လို လုပ်မလား၊ ဟိုလို လုပ်မလား ရွေးခိုင်းတယ်။
ကျွန်မ သူတို့ နှစ်ယောက်စလုံးကို ခင်တယ်။ ဖြူဖြူ မဲမဲ၊ ဘယ်လို လုပ်လုပ်၊ ကျွန်မကတော့ သူတို့နဲ့အတူ နေရ၊ သွားရ၊ ဆော့နေရရင် ပျော်တာချည်းပဲ။ သည်တော့ ပျော်ရဘို့ အဓိကမို့ ဘယ်သူ့ဘက်မှ မလိုက်ပဲ ကြားနေ လုပ်ပစ်လိုက်တယ်။ ဖြူ သလား၊ မဲ သလား မေးတာကို မီးခိုးရောင် လို့ ဖြေလိုက်တယ်။ သည်လိုလား၊ ဟိုလိုလား ဆိုရင် အဲသည်လိုဆိုပြီး နောက်တမျိုး ညွှန်လိုက်တယ်။ ကိုယ်သာ သိ ကိုယ်သာ တတ်၊ ဆရာ လုပ်ချင်ကြတဲ့ နှစ်ယောက်စလုံးကို ကြည့်ပြီး ကျွန်မ ထိုင် ဟားပစ်လိုက်တယ်။
ကျွန်မတို့ ကလေးဘ၀ အလွန် ပျော်စရာ ကောင်းခဲ့ပါတယ်။
နွေရာသီ ကျောင်းပိတ်ချိန်ဆိုရင် မနက်မိုးလင်းတာနဲ့ တူးမာနဲ့ ကျွန်မ၊ ဝေလုတို့ အိမ်တံခါး၀ ရောက်နေကြပြီ။ တနေ့လုံး တိုက်ဝင်းအထဲမှာ ပြေးလွှား ဆော့ကစားလိုက်၊ ရေငတ်ရင် အောက်ဆုံးထပ်မှာရှိတဲ့ ဝေလုတို့အိမ် ဝင် သောက်လိုက်၊ နေ့လည်ခင်း နေပူချိန်မှာ ဝေလုအိပ်ခန်းထဲ ဝင်နားလိုက်၊ ညနေ နေ နည်းနည်းအေးပြီး ဝေလု အမေ မီးစိမ်းပြတာနဲ့ တခါ တိုက်အပြင်ထွက် ပြေးလွှား ဆော့ကြပြန်တာပေါ့။ မနက်စာစားချိန် ကိုယ့်အိမ်၊ တိုက်ခန်းကို ကမန်းကတန်း ပြန် ပြေးတက်၊ ကသောကမျော စားချိန်ကလွဲရင် တချိန်လုံး တူးမာနဲ့ ကျွန်မ၊ ဝေလုနဲ့ တတွဲတွဲ၊ အပြင်မှာ ကစားနေကြတာ မဟုတ်ရင် ကျွန်မတို့ ဝေလုတို့ အိမ်မှာ၊ ဝေလု အခန်းထဲမှာ။ ညနေစောင်း အိမ်က အဖေတွေ အမေတွေ အလုပ်က ပြန်လာချိန်၊ ညစာ စားချိန်နီးမှ ဆိုင်ရာ ဆိုင်ရာ အိမ်တွေက၊ လူကြီးမိဘ တွေက အော်ခေါ်ကာမှ ကိုယ့်အိမ်ကိုပြန်တတ်သူတွေမို့ ဝေလုအဖေအန်ကယ်တိုးက ‘သူ့ချွေးမလောင်းလေးတွေ’ လို့ချစ်စနိုး နောက် ပြောင် ခေါ်တဲ့အထိပဲ။
ကျွန်မတို့ ကျောင်းသွားရင် တိုက်ဝန်းထိပ်မှာ ကျောင်းကား အတူတူ စောင့်စီးကြရတယ်။ တူးမာက သူတို့နေတဲ့ တိုက်တန်း တံခါးကနေ ထွက်ပြီး ကျွန်မနဲ့ ဝေလုတို့နေတဲ့ တိုက် တံခါး မျက်နှာစာဘက်ကို လျှောက်လာတယ်။ သူအလာကို ကျွန်မတို့က တိုက်တံခါးကနေ စောင့်နေပြီးမှ ဝန်းထိပ်ဂိတ်တံခါးမကြီးဆီ အတူ လျှောက်ကြတယ်။
ဂငယ်ပုံ သုံးဘက်မျက်နှာစာနဲ့ တိုက်တန်းမှာ ဝေလုတို့အိမ်နဲ့ ကျွန်မတို့ အိမ်ခန်းတွေက အလည်တန်းမှာ ရှိပြီး တူးမာတို့ အိမ်က လက်ဝဲတန်း ဒုတိယထပ်မှာ ရှိတယ်။ အလည်တိုက်မှာ ကျွန်မတို့ အိမ် ခန်းက အပေါ်ဆုံးထပ်မှာ၊ ဝေလုတို့ အိမ်က အောက်ဆုံးထပ်ပါ။
သည်တော့ ကျွန်မ အိပ်ခန်းကနေ တူးမာ အခန်းကို မြင်ရ၊ ပြူတင်းဝကနေ ခြေဟန်လက်ဟန်နဲ့ စကားပြောလို့၊ အချက်ပေးလို့ရပေမယ့် ဝေလုအခန်းကိုတော့ အပေါ်ထပ် အောက်ထပ်မို့ မမြင်နိုင်ဘူး။
‘အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း’ ဆိုတဲ့ သီချင်းကို ဆိုပြီး ဝေလု နဲ့ ကျွန်မကို သူငယ်ချင်းတွေက စ တတ်တယ်။ ကျွန်မ ရှက်ပြီး မျက်နှာ ဘယ်ထားရမှန်း မသိ၊ သူ့မျက်နှာ မကြည့်ရဲ ဖြစ်နေချိန်မှာ ရွှေကိုယ်တော် ဝေလုဆိုတဲ့သကောင့်သားက ခပ်တည်တည်နဲ့ ‘စိတ်ချ၊ ငါတို့ ဘယ်တော့မှ အဲသည်ဇာတ်လမ်း ဖြစ်မှာမဟုတ်ဘူး။’ … လို့ ဟောဟောဒိုင်းဒိုင်းကြီး ပြောနေတယ်။
‘နင်က ဘာ ကြီးကျယ်တာလဲ။ အိချိုက လှတာကို’ ဆိုပြီး ကျွန်မကိုယ်စား တူးမာက ဝင်ရန်တွေ့ချိန်မှာ တူးမာကို မျက်လုံးပြူးကြီးနဲ့ ကြည့်ပြီး ဘာမှ ပြန်မပြောပဲ နှုတ်ဆိတ်သွားတဲ့ ဝေလုကို ကြည့်ပြီး ကျွန်မစိတ်ထဲ ဝမ်းနည်းသလိုလို ခံစားခဲ့ဘူးတယ်။ နှုတ်က ဘာမှ ပြန် မပြောမိပေမယ့် သူ ဘာဖြစ်လို့ အဲသလို ပြောရတာလဲ၊ လူရှေ့ သူရှေ့ ရှက်လို့လား တွေးခဲ့မိတာ အခါခါ။
X X X
မကြာခင် ကျွန်မတို့ ဘဝထဲ လူ အသစ် တဦး ထပ်တိုး ဝင်လာပါတယ်။
မူလတန်းကျောင်းထွက် လေးတန်းစာမေးပွဲ ဖြေပြီးလို့ အလယ်တန်းကျောင်းကို ပြောင်း မတက်ခင်မှာ ကျွန်မတို့ တိုက်ဝန်းထဲ မိသားစု အသစ် တစု ပြောင်းလာတယ်။
တူးမာတို့အိမ်နဲ့ အနောက်ဘက်ချင်း မျက်နှာချင်းဆိုင် တိုက်တန်းမှာ အောက်ဆုံးမြေညီထပ်ကို ပြောင်း လာကြတာပါ။
ထို မိသားစုအသစ်မှာ သားအကြီးဆုံးက ကျွန်မတို့နဲ့ အရွယ် တူ၊ အတန်း တူ။ သူ့နာမည်က ရန်နောင် တဲ့။
ကျွန်မတို့ သူငယ်ချင်း သုံးယောက်၊ သူငယ်ချင်း အသစ် ရလိုက်ပါတယ်။
သူငယ်ချင်းအသစ် ရန်နောင်ဟာ အလွန် အေးပါတယ်။ စကားပြောရင် အသံချိုချိုနဲ့ အေးဆေးစွာ ပြောတတ်သလို သဘောလဲ ကောင်းတယ်။ ဝေလုလို ဟောင်ဖွာဟောင်ဖွာနဲ့ ဆရာမလုပ်တတ်ဘူး။ ရန်နောင့်လိုပဲ သဘောကောင်းပုံရတဲ့ သူ့အမေက ကျွန်မတို့ သုံးယောက်ကို နေ့လည်နေ့ခင်းတွေ သူတို့အိမ်မှာ ပေး လာ ကစားသလို မုန့်တွေလဲ လုပ်ကျွေးတတ်တယ်။
သည်တော့ အရင်က ဝေလုတို့အိမ်မှာ စတည်းချခဲ့တဲ့ ကျွန်မတို့ သုံးယောက်၊ စုစည်းစရာနေရာ အသစ် ရလာတာပေါ့။
ရန်နောင့် အဖေကလဲ အေးအေးဆေးဆေး သူ့ဘာသာ စာပဲ ဖတ်နေတတ်တယ်။ ရန်နောင့် ညီမလေးတွေကလဲ ကျွန်မတို့အနောက် တကောက်ကောက် လိုက်၊ ကစားတဲ့အခါ ကစားသလို တခါတလေလဲ သူတို့ ဘာသာ အရုပ်ကလေးတွေနဲ့ ကစားနေတတ်တယ်။ သည်တော့ တိုက်ဝန်းထဲမှာ ဝေလုရယ်၊ တူးမာရယ်၊ ရန်နောင်ရယ်၊ ကျွန်မရယ်က အမြဲတမ်း တတွဲတွဲပေါ့။
ကလေးဘဝက အတူ ဆော့ကစား ကြီးပြင်းခဲ့ကြရာက အပျိုပေါက်၊ လူပျိုပေါက် အရွယ် ရောက်လာချိန်အထိ တတွဲတွဲ လက်တွဲ မြဲခဲ့ကြတယ်။
ငယ်ငယ်တုန်း ကလေးဘဝကတည်းက ဝေလုနဲ့ တူးမာဟာ အမြဲတမ်း အတိုက်အခံ ငြင်းကြ ခုန်ကြသလို အရွယ်တွေ ကြီးပြင်းလာကြတဲ့ အထိလဲ ငြင်းလို့ခုန်လို့ ကောင်းတုန်း။ ရန်နောင်၊ ကျွန်မတို့ အုပ်စုထဲ မပါခင်ကတော့ အဲသလို သူတို့နှစ်ယောက် ငြင်းကြ၊ ခုန်ကြရင် ကျွန်မက ဘယ်သူ့ဘက်မှ မလိုက်ပဲ ကြားနေ လုပ် ပစ်လိုက်တယ်။ ဟုတ်တယ်လေ။ သူတို့ နှစ်ယောက်စလုံးကို ကျွန်မ ခင်တယ်။ ကျွန်မကိုလဲ သူတို့ ခင်စေချင်တယ်။ တယောက် ယောက်ဘက်ကို အလေးသာ ပေးလိုက်ရင် ကျန်တယောက်က ကျွန်မကို စိတ်ဆိုးမှာ၊ အမျက်ရှမှာ မဖြစ်စေချင်ဘူး။ သည်တော့ ဘယ်တော့မှ ဘယ်သူ့ဘက်မှ မပါပဲ အမြဲ ပါးစပ် ပိတ်၊ ငြိမ်၊ သူတို့ ပြောချင်ရာ ပြော၊ နားထောင်နေလိုက်တယ်။
ဝေလု နဲ့ တူးမာ ငြင်းကြ ခုန်ကြရင်၊ ကျွန်မ သဘောထားကို မေးလာရင်၊ ဘယ်သူ ပြောတာကို လက်ခံ မလဲ၊ ဘယ်သူ့ဘက်ပါမလဲ အမေးခံရရင် စိတ်ရှုတ်ရှုတ်နဲ့ ‘ဟယ် … ငါ့ အဲသလို လာမမေးနဲ့။ တခြားဟာ ဆော့မယ် ဟယ်’ ဖြစ်ဖြစ်၊ သူတို့ နှစ်ယောက်စလုံး လက်ဆုပ်လက်ကိုင် ပြု၊ အငြင်း ပွားနေတာကို ရှောင်လွဲလို့ဖြစ်ဖြစ် ကြားနေ အဖြေကို ပေး၊ အခြေအနေကို ညှိ ပေးတတ်ပေမယ့် ရန်နောင် ပါ လာပြီးချိန်မှာ အခြေအနေတွေက နည်းနည်း ပြောင်းသွားတယ်။
ပြောခဲ့ပြီးသလိုပဲ ရန်နောင်ဟာလဲ ကျွန်မလိုပဲ အများစုစိတ်ဆန္ဒရှိတာကို အေးဆေးစွာ လက်ခံ၊ နောက်ကွယ်ကပဲ နေတတ်သူပါ။ ဒါပေမယ့် ကျွန်မနဲ့ မတူတာ တချက်က ဝေလုနဲ့တူးမာ၊ ငြင်းကြ ခုန်ကြရင် ရန်နောင့် အတွေးအမြင်က တူးမာနဲ့ တူတတ်တာ များတယ်။ တူးမာ ပြောတာကို လက်ခံတတ်တယ်။ ကျွန်မလို ဘယ်သူ့ ဘက်မှ မပါပဲ ကြားနေ ရှောင်လွဲတဲ့ စကား မပြောပဲ သူ့ထင်မြင်ချက်ကို စဉ်းစဉ်းစားစားနဲ့ ပြောပြတတ်တယ်။ တခါတလေ သူ့အတွေး အမြင်တွေက ဝေလုနဲ့ တူပေမယ့် အများအားဖြင့်တော့ သူဟာ တူးမာဘက်က ရပ်တည်လေ့ ရှိခဲ့တယ်။
တူးမာအပြောကို ဘာကြောင့် လက်ခံသင့်တယ် ဆိုတာ ရန်နောင် ချက်နဲ့ လက်နဲ့ ရှင်းပြရင် ဝေလုတယောက် မအီမလည် မျက်နှာနဲ့ အလျော့ပေး နားထောင်ရှာတယ်။ အစောပိုင်း အချိန်တွေတုန်းက မကျေမချမ်း ပုံစံနဲ့ အများဆန္ဒအရ ဆိုပြီး တူးမာအလိုကျ လိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူကလဲ အလျော့မပေးတော့ဘူး။ ရန်နောင် ရှင်းပြတာကိုလဲ လက်မခံပဲ ဘုတော ဘေးထွက် သွားတော့တယ်။ သူ မပါဘူး ဆိုပြီး အတိအလင်း ကျေညာ ရှောင် ထွက်သွားတတ်တယ်။
သည်အခါမှာ သူငယ်ချင်းတွေ အားလုံးကို သင့်တင့်စေချင်တဲ့ ကျွန်မက ‘ဟယ် နင်တို့ကလဲ အဲသလို မဖြစ်ကြပါနဲ့။’ ဆိုပြီး ဝေလု အနောက်ကို လိုက်၊ ချော့ရတယ်။ တခါတလေ ကျွန်မကို အားနာလို့လား၊ တကယ်ပဲ စိတ်လျော့လိုက်တာလား မသိ။ စူပုတ်ပုတ် မျက်နှာပေးနဲ့ ဝေလု ပြန်လိုက်လာပြီး အောင့်သက်သက် အမူအယာ ပြလို့၊ မပါချင့် ပါချင် ပုံစံ လုပ်ပြ ခဲ့ပေမယ့် နောက်တော့ တဖြေးဖြေးနဲ့ သူ ရှောင်ထွက်၊ ချန် နေခဲ့တော့တယ်။
ဝေလု မပါတော့ ကျွန်မလဲ ဘယ်ပျော်တော့မလဲ။ လူမစုံကြတော့ချိန်မှာ တူးမာနဲ့ ရန်နောင်က တဘက်၊ ဝေလုက တဘက် ဖြစ်နေပြီလေ။ သည်တော့ ဝေလုနဘေး ကျွန်မ ရပ်တည်ခဲ့ပါတယ်။ သူ့ကို တယောက်ထဲ အဖေါ်မဲ့ မဖြစ်စေချင်ဘူး။ အထီးကျန်မဖြစ်အောင် ကျွန်မ ဝေလုကို အဖေါ်ပြုနေချိန်မှာ တူးမာကတော့ ရန်နောင်နဲ့ ကျန်ခဲ့တတ်တယ်။
တခါတလေ တူးမာကို ကျွန်မ မေးချင်တယ်။ ဘာဖြစ်လို့ သည်လောက်တောင် အတိုက်အခံ လုပ် ငြင်း ခုန်နေရတာလဲ ဆိုတာ။ အဓိက က ကျွန်မတို့ သူငယ်ချင်းအားလုံး အတူ ပျော်ပါးဘို့ မဟုတ်လား။ တနေရာ သွားတာပဲ ဖြစ်ဖြစ်၊ စားတာပဲ ဖြစ်ဖြစ်၊ လည်ပတ်တာ၊ ကစားတာ၊ ရုပ်ရှင်ကြည့်တာ ဘာပဲ စီစဉ်ပါစေ လိုရင်းက သူငယ်ချင်း အားလုံး အတူ ပါဘို့၊ သွားကြဘို့၊ လုပ်ကြဘို့ မဟုတ်လား။ အခုတော့ ဘာဖြစ်လို့ ဝေလု လက်မခံ တာကို သဲသဲမဲမဲ လက်ကိုင်ပြု ငြင်းနေရတာလဲ။ တခါတလေ အလျော့ပေးလိုက်လို့ ဘာ ဖြစ်သွားမှာလဲ။ ဘာ ဆုံးရှုံးသွားမှာ မို့လို့လဲ။ ဘာဖြစ်လို့လဲ ဆိုတာ … ။
စိတ်ထဲ မရဲတရဲ ဝင်လာမိတဲ့ အတွေးက တူးမာတယောက် ရန်နောင်နဲ့ နှစ်ယောက်တည်း ဖြစ်ချင်လို့ လား၊ ဝေလုကို ပ ထုတ် ချင်လို့လား၊ လူ မစုံအောင် တမင် လုပ်နေတာလား …. လို့။
အရင်က မခွဲတမ်း တတွဲတွဲ သူငယ်ချင်း သုံးယောက်ဟာ အခုတော့ အကွဲကွဲ အပြားပြား ခွဲခြား ခွဲခြား ဖြစ်ရပြီလား။
ကျွန်မတို့ ဘဝထဲ ရန်နောင် ရောက်လာတာ ကောင်းသော လာခြင်းလား၊ ဘယ်လိုလဲ။
X X X
ဝေလု တရှောင်ရှောင် လုပ်နေတာကို တူးမာက ကျွန်မကို မေးတယ်။ ဘာဖြစ်နေတာလဲ တဲ့။
သည်တော့ ကျွန်မ ဖြေလိုက်တယ်။ ‘ဝေလု နေ မကောင်းလို့ မလာတာ’ လို့။
ခဏခဏ မေးနေတာကို ထပ်တလဲလဲ နေမကောင်းဘူး ဖြေနေတော့ တူးမာက ဘာဖြစ်နေတာလဲ ဆက် မေးတယ်။ သည်အခါမှာ ခေါင်း မူးလို့၊ ဗိုက် အောင့်လို့၊ နေ မကောင်းဘူး ဆိုပြီး ဖြေနေရတဲ့ ဆင်ခြေအဖြေတွေ ကုန်တော့ ကျွန်မလဲ တူးမာကို ရှောင် နေလိုက်တယ်။
သည်တော့ ကျွန်မ ပျောက်နေတယ် ဆိုပြီး တူးမာက ရောက်ချလာတယ်။
‘ဝေလု နေမကောင်းတာနဲ့ ညီးကရော ဘယ်ပျောက်နေတာလဲ’ တဲ့။ အကဲစမ်းချင်တာနဲ့ ကျွန်မ ရွဲ့ ဖြေလိုက်တယ်။
“ဟဲ့ လူမမာကို တယောက်တည်း ပစ်ထားလို့ ကောင်းမလား။ ငါက သူ့ကို အဖေါ် လုပ်၊ အား ပေးနေရတာပေါ့”
တူးမာမျက်နှာ တွေတွေကလေး ဖြစ်သွားသလိုပဲ။ မျက်မှောင်ကလေးတွေ တွန့်တွန့်ဖြစ်ပြီး တခုခု ပြောတော့မလို နှုတ်ခမ်းဖျားကလေးက လှုပ်သွားတယ်။ ဒါပေမယ့် ဘာအသံမှ ထွက် မလာဘူး။ ခဏနေမှ အသံ တိုးတိုးကလေးနဲ့ ဖြေးဖြေးလေး ပြောလာတယ်။
“သူ သိပ်ဖြစ်နေသလား။ ငါလဲ လာခဲ့မယ်လေ။”
ဟယ် ဘယ်ဖြစ်မလဲ …. စိတ်ထဲ ကိုယ့်ဘာသာ တိုးတိုးလေး ပြောမိတယ်။ ဝေလုကို လူမမာ သတင်း မေးဘို့ တူးမာ လာလို့ ဘယ်ဖြစ်ပါ့မလဲ။ ဟို သူကောင့်သားက တကယ် နေမကောင်းတာမှ မဟုတ်တာ။ သူက တူးမာကို စိတ်ကောက်လို့၊ ရန်နောင့်ကို မျက်စိနောက်လို့၊ မလာချင်လို့ မလာတာ။
ဒါပေမယ့် ဒါကိုသိပါလျက်နဲ့ အမှန်အတိုင်း မပြောပဲ ကျွန်မကလဲ ဖုံးကွယ်၊ လုပ်ကြံဇာတ် ခင်းထားတယ်။ တူးမာ တယောက် ရန်နောင့်အပေါ် ဘယ်လို သဘောထားသလဲ သိချင်လို့ ကျွန်မ ပြောလိုက်မိတယ်။
“ရပါတယ်။ မလိုပါဘူး။ နင့် လူကိုပဲ နင် ဂရုစိုက်ပါ။”
“နင့်လူ ….. ဘယ်သူလဲ ငါ့လူ ဆိုတာ”
အူလည်လည်နဲ့ နားမလည်သလို တူးမာပြန်မေးတော့ ကျွန်မ ဘာမှ မဖြေပဲ ပြုံးနေလိုက်တယ်။
ခဏခဏ ‘နင့်လူ … နင့်လူ’ ဆိုပြီး ရိသလိုလို၊ ခနဲ့သလိုလို ပြုံးစစ ပြောလွန်းလို့ တူးမာက ဘယ်သူလဲ အတင်း မေးတယ်။ သည်မှာ ကျွန်မက ဖွင့် ပြောလိုက်တယ်။ သူ့ကို ကျွန်မက ရန်နောင်နဲ့ စနေတာကို။
“ဟယ် နင်ကလဲ ပေါက်တတ်ကရတွေ။ သူ ကြားသွားရင် မကောင်းပါဘူး။ ငါတို့ သူငယ်ချင်းတွေ ဟာကို။”
“အေးလေ။ ဒါပေမယ့် ရန်နောင့်လို လူကောင်းလေးကို သူများလက်ထဲ မပါသွားစေချင်ဘူး။ ဖိတ်ချင်း ဖိတ်ရင် ကိုယ့်အိတ်ထဲ ဖိတ် စေချင်တယ်။ အဲလေ … နင့် အိတ်ထဲ ဖိတ်စေချင်တယ် ပြောတာ။”
ကျွန်မ သည်လို ပြောတော့ တူးမာ ဘာမှ မဖြေပဲ ပြုံးစိစိ လုပ်နေတယ်။
ကျွန်မကလဲ အသလွတ် တွန်းထိုး စနေတာ မဟုတ်ပါဘူး။ ရန်နောင်နဲ့ ဝေလုနဲ့ တူးမာအပေါ် ဆက်ဆန်ပုံတွေ မတူပါဘူး။
ရန်နောင်က တူးမာကို စကားပြောရင် ကောင်းကောင်းပြောသလို တူးမာ ပြောတာကိုလဲ တလေးတစား နားထောင်တတ်တယ်။ တူးမာဖြစ်ချင်တာ၊ လိုချင်တာကို ဖြစ်အောင် လုပ်ပေး၊ ရအောင် ယူ ပေးတတ်တယ်။ ဝေလုကတော့ တူးမာပြောရင် ဘယ်နေရာ ဟာသ လုပ်ရမလဲ၊ လှောင်ရမလဲ ပဲ အကွက် ရှာနေတယ်။ တချိန်လုံး စလိုက် ပြောင်လိုက်နဲ့ သူ အစလွန်သွားလို့ တူးမာ စိတ်ဆိုးသွားရင်လဲ ချော့ဘို့ ဝေးလို့ ထပ်တောင် ဟားလိုက်သေး။
တလ၊ တနှစ်နဲ့ အချိန်တွေ ကြာ၊ အသက်တွေ ကြီးလာလေ ရန်နောင်က တူးမာအပေါ် တယု တယ အရေး ပေးလာလေ ဖြစ်ပြီး ဝေလုကတော့ တစတစ လမ်းခွဲ၊ အနေ ဝေးလာလေ ဖြစ်လာတယ်။ တူးမာနဲ့ ရန်နောင်အကြား အနှောက်အယှက် မဖြစ်ချင်လို့ ကျွန်မကလဲ သူတို့ နှစ်ယောက်ကို လွှတ်ပေး ထားပြီး ဝေလုကို အဖေါ်ပြုမိတယ်။
သူ့နဘေး ရောက်ပြီ ဆိုတာနဲ့ ကျွန်မကို ဝေလု ပထမဆုံး မေးတဲ့ မေးခွန်းက ‘ဟို တယောက်ရော၊ ဘယ်မှာလဲ’
တူးမာ ဘယ်မှာလဲ၊ ဘာလုပ်နေလဲ၊ ဘယ်သူနဲ့လဲ စုံနေအောင် မေးတတ်တယ်။ ရွှေတူးမာ တယောက် ဘယ်မှာ ဘယ်သူနဲ့ ဘာလုပ်နေတယ် ဆိုတာ ကျွန်မ သိတဲ့အခါ သိပေမယ့် အချိန်စေ့အောင် အခါတိုင်းတော့ ကျွန်မ ဘယ်လို သိမှာလဲ။
ဒါကို မသိလို့ မသိဘူး ဖြေတော့ ‘ဘာလို့ မသိရတာလဲ’ အကော ခံရသေးတယ်။ ‘တူးမာကို လွှတ် မထားနဲ့။ ကိုယ့်သူငယ်ချင်း နာမည် မပျက်အောင် နင်ကလဲ ဝိုင်းဝန်း ထိမ်းသိမ်း ကြည့်ရမယ်’ တဲ့။
ဘာ တွေလဲ၊ ဘာတွေ လာ ပြောနေတာလဲ။ တူးမာက ဘာကို နာမည် ပျက်ရမှာလဲ။ ကျွန်မက ဘာကို ဝိုင်းဝန်း ထိမ်းသိမ်း ရမှာလဲ။ တူးမာနဲ့ ရန်နောင် လက်တွဲကြမယ်ဆိုရင် ဘာ နာမည် ပျက်ရမှာလဲ။ သူငယ်ချင်း လူရင်း အချင်းချင်း ပို မကောင်းဘူးလား။ ကျွန်မက ဖြစ်စေချင်ပေမယ့် ဝေလုက သူတို့ နှစ်ယောက်ကို မနီးစပ် စေချင်ဘူးလား။
နာမည်ပျက်မယ် ဆိုတဲ့ ဝေလုစကားတွေ အစက နားမလည်ပေမယ့် တဖြေးဖြေးနဲ့ ကျွန်မ ရှေ့မှာ စကားလုံးတွေ ရုပ်လုံး ပေါ်လာတယ်။
ညနေစောင်း နေညိုချိန်၊ ကျွန်မတို့ အပျိုပေါက်တွေကို အိမ်က လူကြီးမိဘတွေက အိမ်ထဲပြန် ခေါ် ထိမ်းသိမ်းထားချိန်မှာ၊ နေမဝင်ခင်တုန်းက စာအုပ်အငှားဆိုင်မှာ ပြေးငှားခဲ့တဲ့ မဂ္ဂဇင်း၊ ကာတွန်း၊ ဝတ္ထုတွေကို ကျွန်မအိပ်ခန်းထဲ တယောက်တည်း ဖတ်နေချိန်မှာ၊ တူးမာတယောက် သူ့အိပ်ခန်း ပြူတင်းဝမှာ ရပ်ပြီး ရန်နောင့် အခန်းကို ခြေဟန်လက်ဟန်တွေ ပြ၊ အဆက်အသွယ် ပြုနေတယ်။ ပြုံး ပြ ကြည်နူးနေတယ်။ လက်ပြလိုက်ကြ၊ ပြုံးပြလိုက်ကြနဲ့၊ အခါများစွာမှာ ရန်နောင်က သူ့လက်ဖဝါးကို သူ့ဘာသာ နမ်းပြီး လက်ဖဝါးပေါ်ကို ဖူးကနဲ လေ မှုတ်ထုတ်လို့ တူးမာဆီ အနမ်းပန်း ပို့သလို လုပ်ပြတတ်သလို၊ လက်ဝါးပေါ်မှာ ‘တူးမာ’ လို့ နာမည်ရေးပြပြီး အဲသည်လက်ဖဝါးကို သူ့ဘယ်ဘက် ရင်အုံပေါ် တင် နှလုံးသားထဲ ထည့်သိမ်းတယ်ဆိုတာမျိုး လုပ်ပြတတ်တယ်။ လုပ်သူမရှက် မြင်သူရှက်စရာတွေ လုပ်နေလိုက်ကြတာဆိုပြီး ပထမတော့ မမြင်ချင်ယောင် ဆောင်နေပေမယ့် သူတို့တတွေက အကဲပိုစွာ သည်းသည်း လှုပ်လွန်းလို့ မကြည့်ချင် မြင်လျက်သား ဖြစ်ရတာ ခဏခဏ။ ကျွန်မ မြင်သလို တခြားလူတွေလဲ မြင်မှာပေါ့။ သူတို့ သဲနေ၊ ကဲနေကြတာကို။ သည်တော့ ပတ်ဝန်းကျင်က လူတွေကလဲ မေးကြ၊ ပြောကြ ဖြစ်လာကြတာပေါ့။
လူချင်းတွေ့ချိန်မှာ ကျွန်မ တူးမာကို မေးမိ စမိတယ်။ ‘နင်တို့ လုပ်နေတဲ့ အဲသည် လက် အမူအယာတွေက ဘာ အဓိပ္ပါယ်လဲ’ ဆိုတာ။ ဝေလုကို မသိမသာ မျက်လုံးစွေ ကြည့်ပြီး တူးမာက သူ မလုပ်ပါဘူး ငြင်းတယ်။ သည်မှာ ကျွန်မက သူတို့ လုပ်ပြတဲ့ လက်ဟန်တွေ ထ လုပ်ပြတော့ ကျွန်မလက်ကို လိုက်ဆွဲ တားတယ်။ နောက် ဆုံးတော့ သူ မငြင်းနိုင်တော့ဘူး။ ရန်နောင့် အပေါ် ပြောင်းလဲလာတဲ့ သူ့စိတ် ခံစားချက်တွေကို ကျွန်မနဲ့ ဝေလုကို ဖွင့်ဟ ဝေငှလာတယ်။
တူးမာ ရင်ဖွင့်တာကို ဝေလုက စိတ် မဝင်စားသလိုလို ဘာလိုလိုနဲ့ နား မထောင်ချင်သလို လုပ်ပေမယ့် တကယ်တမ်းကျတော့ တူးမာကို ရန်နောင်နဲ့ မနီးစပ်စေချင်သလိုပဲ။ ဘာဖြစ်လို့ မနီးစပ်စေချင်တာလဲ ကျွန်မက မေးတော့ တကယ် အတည် မြဲရင် ကောင်းတာပေါ့။ ကွဲသွားရင် နှစ်ယောက်စလုံးက သူငယ်ချင်းတွေ၊ ဘယ်ကောင်းပါ့မလဲ တဲ့။ ကျွန်မကတော့ ဖိတ်ချင်းဖိတ်၊ ကိုယ့်အိတ်ထဲ ဖိတ်။ အတွင်း သိ အစင်းသိ၊ အကြောင်းသိတဲ့ ငယ်ပေါင်းတွေမို့ သူတို့ နီးစပ်သွားတာ ကောင်းတာပေါ့။ ကွဲစရာလဲ အကွက် မမြင်ဘူး။ မကွဲအောင် ဝိုင်း ထိန်းကြတာပေါ့ ပြောတော့ ဝေလု တွေတွေကြီး နား ထောင်နေတယ်။ ဘာမှ ပြန် မပြောဘူး။ ဒါပေမယ့် သူ့မျက်နှာ မကောင်းတာ ကျွန်မ သတိထားမိတယ်။ သူ တူးမာကို နှမျောနေတာလား။
“တခြားလူ အပြင်လူတွေနဲ့ ဖြစ်သွား၊ ပါသွားတာထက်စာရင် ကိုယ့်လူ အချင်းချင်း နီးစပ်သွားတာ ကောင်းတာပေါ့ဟယ်။ မဟုတ်ရင် အဝေးကို ပါသွားပြီး ငါတို့နဲ့ ကွဲသွားရမှာ။ နင်လဲ အဝေးကသူနဲ့ အတွဲ မရှာ နဲ့နော်။ နီးနီးနားနား ပတ်ဝန်းကျင်မှာပဲ ရှာ။ ငါလဲ အဝေးက လူ မရှာဘူး။ သည်ပတ်ဝန်းကျင်က မခွဲချင်ဘူး။”
ကျွန်မ ပြောနေပေမယ့် ဝေလု နားထဲ ဝင်ပုံ မပေါ်။ မဟုတ်လဲ မကြားချင်ယောင် ဆောင်နေတာလား။
သည့်ထက်ပို ကွက်ကွက်ကွင်းကွင်း မပြောရဲပေမယ့် သည်စကားတွေကို ကျွန်မ တကယ် ပြောတာပါ။ ကျွန်မလဲ တူးမာလိုပဲ အနီးအနားက လူပဲ လက်တွဲချင်ပါတယ်။ သည်ပတ်ဝန်းကျင်က မခွာချင်ပါဘူး။ ဖိတ်ချင်း ဖိတ်ရင် အနီးဆုံးလူ အိတ်ထဲပဲ ဖိတ်ချင်ပါတယ်။
X X X
တူးမာနဲ့ ရန်နောင် နီးစပ်သွားပြီးတဲ့နောက်မှာ ကျွန်မတို့ သူငယ်ချင်းတွေဘ၀ ပိုလို့ ခြောက်သွေ့ ပျင်းစရာ ကောင်းလာတယ်။ အထူးသဖြင့် ကျွန်မ အတွက်ပေါ့။
တူးမာတယောက် ရန်နောင်နဲ့ တတွဲတွဲ လုပ်နေသလို ဝေလုကလဲ သူ့တီးဝိုင်းနဲ့၊ သူ့ ပရိသာတ်ဆိုတဲ့ ကောင်မလေးတွေ၊ အမျိုးသမီး ကြီးငယ် အရွယ်လတ်၊ ပေါင်းစုံသကာတွေနဲ့ မျက်စိနောက်လောက်အောင် သွားကြ၊ လာကြ၊ တွေ့ကြ၊ ဆုံကြပေါ့။
အခါပေါင်းများစွာ တိုက်နဘေးက ရေတမာပင်အောက်မှာ ကျွန်မ တယောက်တည်း ထိုင်ပြီး ငယ်ငယ်က ပျော်ရွှင်ဘွယ် ကလေးဘဝကို တမ်းတ လွမ်းမောမိတယ်။ ရေတမာပင် ပင်စည်တဝက်ရဲ့ အထက်လောက်မှာ ထွင်းထားတဲ့ နာမည်လေး သုံးခုကို လက်ညိုးထိပ်ကလေးနဲ့ ဖွဖွလေး ပွတ်သပ်ပြီး ရင်ထဲ ကြည်နူး ပီတိ ဖြာမိသလို ကြေကွဲသလို ဝမ်းနည်းမှုလဲ ခံစားရတယ်။
တူးမာ၊ ဝေလု၊ အိချို ….. တဲ့။
ပင်စည်လုံးပတ် ကြီးလာတာရယ်၊ ရာသီဥတုဒါဏ်တွေနဲ့ စာလုံးလေးတွေက ဝေဝေဝါးဝါး ဖြစ်နေပေမယ့် ဖတ်လို့တော့ ရပါသေးတယ်။ သည်နာမည်တွေ ပင်စည်ပေါ် ထွင်း ရေးတုန်းက ကျွန်မတို့ ဘဝထဲ ရန်နောင် မရောက်လာသေးဘူး။ ဒါပေမယ့် နောက်ပိုင်း ရန်နောင် ပါလာပြီးတော့လဲ ကျွန်မတို့ သည် ရေတမာပင်အောက် စုဝေး ကျက်စားခဲ့ဘူးတယ်။ ပျော်ပါးစွာ ဆော့ကစား ခဲ့ဘူးတယ်။ သစ်ပင် ပင်စည်ပေါ်မှာလဲ နာမည် နောက်တခု ရေးထွင်းစရာ နေရာ လုံလောက်စွာ ရှိပါတယ်။
ဒါပေမယ့် ဘာ့ကြောင့်ရယ် မသိခဲ့။ ကျွန်မတို့ ရန်နောင့် နာမည်ကို ထည့် မရေးခဲ့ကြဘူး။ ဘယ်သူကမှ ရေးဘို့ သတိ မရ တာလား၊ သတိရလျက် မတိုက်တွန်းမိတာလား။ ရေးဘို့ အာသီသ မရှိတာလား။
ဝေလုနဲ့ တူးမာ သဘောကို မသိပေမယ့် ကျွန်မကတော့ ရန်နောင့် နာမည်ကို ထပ်ထည့် မရေးချင်ခဲ့ဘူး။ကျွန်မတို့ နာမည်လေး သုံးခုနဲ့ သုံးပွင့်ဆိုင် ဖိုခနောက် ခင်မင်မှုက ဘဝမှာ လုံလောက်ပြီလို့ ထင်ခဲ့တယ်။
နောက်တခုက ရန်နောင်ပါလာပြီးကတည်းက ကျွန်မတို့ရဲ့ ဖိုခနောက်ဆိုင်ခင်မင်မှုမှာ အက်ရာ နဲ့ရာတွေ ဖြစ်လာတယ်လို့ ထင်မိတယ်။ ပြောခဲ့ပြီးသလို ရန်နောင် ပါလာပြီးကတည်းက ဝေလု တယောက် တူးမာနဲ့ ပိုလို့ ငြင်း ခုန်လာသလို၊ တူးမာကလဲ ပြောလိုက်ရင် ထေ့သလို၊ ငေါ့သလို၊ ရိသဲ့သဲ့ ခနဲ့တဲ့တဲ့ အပြောတွေ အပြုအမူတွေက ကျွန်မစိတ်ထဲ ရန်နောင့်အပေါ် မကြည်လင်စိတ်ကို ပို နောက် ကျိစေတယ်။ ရန်နောင့်ကို အလေးပေးပြီး ဝေလုကို ပထုတ်သလို ဖြစ်နေတဲ့ တူးမာကို စိတ်ခုမိတယ်။
ဒါက ငယ်ငယ်တုန်း အရွယ်၊ ကလေးဘဝက ခံစားချက်ပေါ့။
ထူးဆန်းတာက အရွယ်ရောက် အပျိုပေါက် ဖြစ်လာချိန်မှာ ရန်နောင့် အပေါ် ကျွန်မအမြင်တွေ ပြောင်း လာတယ်။ ရန်နောင်နဲ့ တူးမာ နီးစပ်မှုကို လက်ခံလာတယ်။ တူးမာတယောက် ရန်နောင်နဲ့ တတွဲတွဲ လုပ်နေချိန်မှာ အထီးကျန် ဝေလုကို အဖေါ်ပြုနေရတာကို ကျေနပ်မိလာတယ်။
ဝေလုက ရန်နောင့် အကြောင်း အပြစ်ပြောရင် ကျွန်မ ရန်နောင့် ဘက်က ကာကွယ်မိတယ်။ ဒါပေမယ့် ရန်နောင့်အပေါ် ကျွန်မ ရာခိုင်နှုန်းပြည့် စင်းလုံးချော ခင်မင်လို့တော့ မဟုတ်။ ဘာကြောင့် ကာကွယ် ပြောမိတယ် မသိ။
“နင် ထင်လို့ပါဟယ်။ သူက အဲသလိုမဟုတ်ပါဘူး။ လူကောင်း တယောက်ပါ” ဆိုတော့ ဝေလု မကြည်ဘူး။
“ငါတို့ သူငယ်ချင်း မဟုတ်တယုတ် လူနဲ့ နီးစပ်သွား၊ မကောင်းတဲ့ သူနဲ့ တွဲတာ စာရင် ရန်နောင့်လို အကြောင်းသိသူနဲ့ ဖြစ်သွားတာ ပို မကောင်းဘူးလား။ ကိုယ့်သူငယ်ချင်း ကိုယ့်လူရင်းနဲ့ အတွဲ ဖြစ်သွားတာ ငါတို့ ဝမ်း မသာသင့်ဘူးလား။” အဲသည်လို မေးလိုက်ရင် သူ တွေဝေ သွားတယ်။
ဝေလုကို အဲသလိုပြောသလို တူးမာကိုလဲ ကျွန်မ ရန်နောင်နဲ့ လိုက်ဘက်ကြောင်း၊ ရွေးချက် မှန်ကြောင်း ပြောမိတယ်။ အစပထမ ရန်နောင်က သဘောကျပေမယ့် တူးမာက လက်ခံဘို့ အင်တင်တင် ဖြစ်နေပုံပဲ။ ဘာကို တွေးပြီး ဘာ့ကြောင့် တုန့်ဆိုင်းနေတယ် မသိပေမယ့် ကျွန်မကလဲ တူးမာနဲ့တွေ့တိုင်း ရန်နောင့်ကိုလက်ခံဘို့ တိုက်တွန်းပြောမိပြီး ရန်နောင်နဲ့နီးစပ်ဘို့ တွန်းတွန်း ထိုးထိုး လုပ်မိတယ်။
သည်လိုနဲ့ နောက်ဆုံးတော့ တူးမာနဲ့ ရန်နောင်နဲ့ ချစ်သူရည်းစားတွေ ဖြစ်သွားကြပါတယ်။
ကာယကံရှင်နှစ်ဦးမှာ ရန်နောင်က ကျေနပ် ပျော်မြူးနေတာ သိသာပေမယ့် တူးမာကတော့ အိုက်တင် လုပ်နေတာလား၊ ရှက် နေတာလား။ ရည်းစားရပြီးမှ ပိုပြီး အိန္ဒြေရ၊ တည်တန့်သွားသလိုပဲ။ ကျွန်မတို့ ကျန်သူငယ်ချင်း နှစ်ယောက်မှာလဲ သူတို့ အတွဲဖြစ်သွားတာကို ကျွန်မက ကျေနပ်အားရ ဝမ်းသာမိပေမယ့် ဝေလုကတော့ မထုံတက်တေး။ အရေးမထား သလိုလို။
တကယ်တော့ တူးမာနဲ့ ရန်နောင် တရားဝင် လက်တွဲကြတာမှာ ရန်နောင်ကတော့ သူ ချစ်နေရသူက သူ့ကို လက်ခံလို့ ဝမ်းသာခဲ့ပေမယ့် ကျွန်မက ဘာကြောင့် ဝမ်းသာမိတာလဲ …. ကိုယ့် ဝမ်းနာ ကိုယ့်ဘာသာပဲ သိပါတယ်။
X X X
ကျွန်မတို့ ဆယ်တန်းအောင်ပြီးကြတော့ ရှေ့ဆက်တဲ့ ပညာရေးခရီးမှာ တသီးတသန့် လမ်းခွဲ လိုက် ကြရတယ်။
ဝေလုက သူ့တီးဝိုင်းနဲ့ ပို အချိန်ပေးချင်လို့ ဆိုပြီး စာပေးစာယူသင်တန်းနဲ့ အဝေးရောက် ဘွဲ့ ယူမယ် ရွေးတယ်။
တူးမာကလဲ ရုံးတရုံးမှာ အလုပ်သင် ဝင်လုပ်ပြီး ညနေပိုင်း သင်တဲ့ ကျောင်းကို ဆက်တက်တယ်။
ရန်နောင်က တနယ်တကျေး၊ ခပ်ဝေးဝေးက မြို့မှာ ကျောင်း သွား တက်ခဲ့တယ်။
ကျွန်မတယောက်ပဲ ကိုယ်နေတဲ့ အိမ်နဲ့ မနီးမဝေးမှာ တက္ကသိုလ်ကျောင်းကို ဆက်တက်ရတယ်။
တက္ကသီလာ ကျောင်းတော်ကြီးမှာ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေ အသစ်တွေ တွေ့ရ၊ ပေါင်း သင်းရပေမယ့် ကျွန်မ ငယ်ငယ်က ငယ်သူငယ်ချင်းတွေကိုပဲ သတိရနေတယ်။ သူတို့နဲ့အတူ တွဲ သွားလာ ပျော်ပါး ခဲ့ရတာတွေကိုပဲ လွမ်းတ နေမိတယ်။
ရန်နောင်တယောက် အဝေးမှာမို့ လွမ်းနေတာလား မသိ။ တူးမာကို တွေ့လိုက်ရရင် သူ့မျက်နှာက မကောင်း။ ဟိုတုန်းက ရွှန်းလဲ့တဲ့ မျက်လုံးလေးတွေ၊ အခုတော့ မှေးမှေး မှိုင်မှိုင်။ လူကလဲ ငိုင် တိုင်တိုင်။
အစက တူးမာနဲ့ ရန်နောင်နဲ့ ရည်းစား မဖြစ်ခင်က ဝေလုက စိတ်ပူပင်စွာနဲ့ ‘လူတွေ တမျိုး ထင်မယ်’ ဆိုပြီး ကျွန်မကို တူးမာနဲ့ အဖေါ် လိုက်ပေးလိုက် လို့ ပြောရင် ကျွန်မက ‘ဟဲ့ သူက အထင် ခံချင်နေတာ။ တူးမာက သဘောကျနေတာ။ ရန်နောင် ဘယ်တော့ ပြောမလဲ စောင့်နေတာ’ ပြန်ပြောမိခဲ့တယ်။
တူးမာတယောက် ရန်နောင့်ကို သဘောကျသလား၊ ဘာလား မသိပေမယ့် တဘက်သတ်အတွေးနဲ့ ကျွန်မ ထင်ကြေးပေးပြီး သူတို့နှစ်ယောက် နီးစပ်ဘို့ကို တွန်းတွန်းထိုးထိုး လုပ်မိတယ်။ နှုတ်ဆွံ့နေတဲ့ ရန်နောင်ကို အားမလို အားမရနဲ့ တွန်းအားပေးဘို့ ‘ဟို တယောက်ကလဲ သည်လောက် အထာပေးတာတောင် မပြောသေးဘူး။ နင့်သူငယ်ချင်းကို တွန်း ပေးလိုက်ဦး။’ လို့ ဝေလုကို ပြောမိတယ်။
ကျွန်မ အဲသည်လို ပြောတော့ ဝေလု ငြိမ်ကျသွားတယ်။ ကျွန်မ အကြံပေးသလို ရန်နောင့်ကို သူ တိုက် တွန်းသလား၊ ဘာလားတော့ ကျွန်မလဲ မသိ။ ဒါပေမယ့် ကျွန်မ အမြင်တော့ ဝေလုတယောက် တူးမာကို ရန်နောင်နဲ့ သိပ် မနီးစပ် စေချင်သလိုပဲ။
‘နင့် သူငယ်ချင်းက ကဲကို ကဲတယ်။ ယောက်ျားလေးကို စ ကြိုက်ရတယ် လို့။’ ဆိုပြီး တူးမာကို အပြစ် ပြောခဲ့ဘူးတယ်။
သည်တော့ ဝေလုကို စေ့စေ့ပါအောင် မျက်လုံးချင်း ဆိုင်ကြည့်ပြီး ကျွန်မ ပြောလိုက် မေးလိုက်မိတယ်။
“ဟဲ့ သူလဲ လူပဲ။ သူ့မှာလဲ အသဲနဲ့။ လူတိုင်းမှာ အသဲနဲ့။ လူတိုင်း ချစ်တတ်တယ်။ နင်ရော မချစ်တတ် ဘူးလား။ အသဲ မရှိဘူးလား။ ပြော။”
ကျွန်မ မေးတာကို ဝေလု ဘာမှ မဖြေပဲ မျက်နှာလွှဲသွားတယ်။ သူ့မျက်နှာကို မမြင်ရတော့လို့ သူ့ မျက် နှာရိပ် မျက်နှာကဲကို မမြင်နိုင်တော့၊ သူ့ အတွင်းစိတ်ကို မခန့်မှန်းနိုင်ခဲ့ပေမယ့် ကျွန်မစိတ်ထဲ သံသယကလေးတွေ တော့ ဝင်နေခဲ့ပါတယ်။
ဝေလုတယောက် တူးမာအပေါ် ရှိသင့် ထားသင့်တာထက် ပိုလို့များ သံယောဇဉ် တွယ်နေသလား … ဆိုတာ။
တဘက်က မဖြစ်စေချင်လို့ မဟုတ်နိုင်ပါဘူး တွေးမိပေမယ့် လက်တွေ့အမြင်မှာ သူတို့ နှစ်ယောက်စလုံး အမူအယာတွေ ပျက်နေခဲ့ကြတယ်။ အထူးသဖြင့် ရန်နောင်နဲ့ တူးမာ တရားဝင် ချစ်သူရည်းစားတွေ ဖြစ်သွား အပြီးမှာ တူးမာနဲ့ ဝေလု ပိုပြီး အနေ ဝေး သွားကြသလိုပဲ။ တကယ်တော့ ဝေလုဘက်က ရှောင်ဖယ်ဖယ် အနေဝေး သလိုလို ဖြစ်ခဲ့သလိုပဲ။ တူးမာကတော့ ဝေလုကို အတင်းလိုက်ရှာ၊ ဆက်သွယ်မှု ရအောင် လုပ်ခဲ့ပေမယ့် ဝေလုက ရှောင်နေသလိုပဲ။ ဝေလု ဖယ်ရှောင်နေနိုင်အောင်လဲ ကျွန်မက အားပေးကူညီမှု ပြုခဲ့မိတယ်။
ဘာကြောင့်လဲတော့ မဖြေချင်ဘူး။ ဒါပေမယ့် တူးမာကို ဝေလုထက် စာရင် ရန်နောင်နဲ့ ပိုပြီး နီးစပ်စေချင် မိခဲ့တာ အမှန်။
တူးမာအိမ်က လူကြီးတွေကလဲ တူးမာကို ဝေလုထက်စာရင် ရန်နောင်နဲ့ ပိုလို့ နီးစပ်စေချင်ခဲ့တယ်။ ဒါပေမယ့် ဘာကြောင့် နီးစပ်စေချင်ခဲ့တယ် ဆိုတဲ့ ဆန္ဒအရင်းခံခြင်း မတူကြတာတော့ ကျွန်မ ကိုယ့်ဘာသာ တိုးတိုးတိတ်တိတ် သိပါတယ်။
မဖြေချင်တဲ့ သည်အကြောင်း၊ ဘာ့ကြောင့် တူးမာကို ရန်နောင်နဲ့ နီးစပ်စေချင်တယ် ဆိုတာ ကျွန်မ သေရာပါ ယူသွားမယ့် ကိုယ်ပိုင် လျှို့ဝှက်ချက် တခုပါ။ လူတွေသိခဲ့ရင် ကျွန်မအပေါ် မှားတယ်၊ မှန်တယ် ဝေဖန် ကြဦးမယ်။ ဝေလု သိရင်လဲ မှားတယ်၊ မှန်တယ်။ လုပ်သင့်တယ်၊ မလုပ်သင့်ဘူး အပြော ခံနေရဦးမယ်။
ဘယ်သူ ဘာပြောပြော၊ ဘယ်လို ထင်ထင် ကျွန်မကတော့ ကိုယ်မှန်တယ် ထင်လို့ လုပ်ခဲ့မိတာ၊ ကိုယ် ဖြစ်စေချင်လို့ လမ်းကြောင်းပေးခဲ့တာကို စွဲစွဲမြဲမြဲ ဖြစ်စေခဲ့တယ်။
ဝေလုရဲ့ ကြေကွဲတဲ့အသွင်၊ တူးမာရဲ့ လွမ်းတသသ သွင်ပြင်တွေကို တနေ့ကျရင် ကျွန်မ အသွင်ပြောင်း ပေးနိုင်မယ် ယုံကြည်ခဲ့တယ်။ တနေ့ကျရင် ကျွန်မတို့ သူငယ်ချင်း လေးယောက် ငယ်စဉ်ကလို ပြုံးတပျော်ပျော်နဲ့ လက်တွဲ ပျော်ပါးနိုင်ကြလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ သည်လို ဖြစ်အောင်လဲ အခြေအနေတွေကို ဖန်တီး ပြုပြင်ဘို့ ကျွန်မ ကိုယ့်ဘာသာ စိတ်ကူး၊ အတွေးနယ်ထဲ အစီအစဉ်တွေ ဆွဲခဲ့တယ်။
ဒါပေမယ့်ပေါ့လေ …။
အသိဉာဏ် မပြည့်ဝ၊ ရိုးအလွန်းတဲ့ ကျွန်မ၊ ဘဝကံ ဆိုတာ ကိုယ်လိုချင်သလို ဖန်တီးလို့ မရဘူးဆိုတာ သိမှတ် လိုက်ရပါတယ်။ လူ့ဘ၀ ဇာတ်ခုံမှာ ကံဇာတ်ဆရာ စေခိုင်းသလိုသာ ကကြရမယ်။ ကျွန်မတို့လို ပါဝင် ကပြနေတဲ့ မင်းသား မင်းသမီးတွေ၊ ဘယ်လိုပဲ ဇာတ်ညွှန်းကို ပြောင်းဘို့ ကျိုးစားပေမယ့် ဒါရိုက်တာ ‘ကံ’ ကို ဘယ်လိုမှ စည်းမကျော်နိုင်ဘူး။ သူ စီမံရာကို နာခံ၊ သူ ဆွဲတဲ့ ဇာတ်လမ်းအတိုင်းပဲ သွားရမယ်ဆိုတာ တန်ဘိုး ကြီးစွာ ပေးလို့ သိလိုက်ရပါတယ်။
နောက်ဆုံး ရန်နောင်တယောက် ပြန်မလာတော့၊ တူးမာတယောက် အဝေးကို တိတ်ဆိတ်စွာ ပြောင်း သွားပြီးတဲ့ အနောက်မှာ ကျွန်မနဲ့ ဝေလုပဲ ကျန်ခဲ့တော့တယ်။
ငယ်ငယ်က သူငယ်ချင်း လေးယောက်မှာ နှစ်ယောက် ကျန်သေးတာ တော်သေးတာပေါ့ တွေးမိတယ်။
အထူးသဖြင့် ကျွန်မ အနားမှာ ကျန်ခဲ့သူဟာ တူးမာလဲ မဟုတ်၊ ရန်နောင်လဲ မဟုတ်ပဲ ဝေလု ဖြစ်နေလို့ ပိုပြီး စိတ်ဘဝင် ကျမိတယ်။
X X X
ကျွန်မတို့ တိုက်နဘေးမှာ ရေတမာပင်တွေ ရှိပါတယ်။
အရင်က သူငယ်ချင်းတစု စုဝေးလေ့၊ အရိပ်ခို ကစားလေ့ရှိတဲ့ ရေတမာပင်အောက်မှာ တယောက်တည်း ဂစ်တာ တီးနေတဲ့ ဝေလုကို တွေ့လို့ ကျွန်မ သူ့နဘေးကို သွား ထိုင်လိုက်မိတယ်။
ဆရာ စိုင်းခမ်းလိတ် ရေးသားခဲ့ပြီး အဆိုတော် စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ နာမည်ကျော် ‘ပျောက်ဆုံး နေသော နိဗ္ဗာန်ဘုံ’ သီချင်းကို ဝေလုက တိုးတိုးလေး တီးနေတယ်။ သူ့နဘေးမှာ ငြိမ်ငြိမ်လေး ထိုင်၊ တီးလုံးသံကို နားထောင်ရင်း ကျွန်မ တိုးတိုးလေး လိုက်ညီးမိတယ်။
“အပူအပင်ကင်းတဲ့ ကလေးလေး ဘဝကို တခါ ပြန်ပြီး ရချင်သေးတယ်။ အပြစ်မရှိသေးတဲ့ ကလေးလေး ဘဝကို တခါ ပြန်ပြီး ရချင်သေးတယ်။”
“ဖြူစင်တဲ့ နှလုံးသားလေးဟာ အရောင် အမျိုးမျိုး စွန်း နေပါပြီ။”
သီချင်းကို တိုးတိုးလေး လိုက်ညီးနေရာက ကျွန်မ ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်မိတယ်။
“နင် ဘယ့်နှယ့် နေသေးသလဲ။”
ကျွန်မ မေးခွန်းကို နားမလည်သလို မျက်မှောင်ကြုတ် ကြည့်ပြီး ဝေလု ပြန်မေးတယ်။
“လုပ်ပြန်ပြီ အစ မရှိ၊ အဆုံး မရှိ မေးခွန်း။ ငါက ဘာကို ဘယ့်နှယ် နေရမှာလဲ။”
သည်မှာ ကျွန်မ သူ့ကို စေ့စေ့ကြည့်ပြီး ပြောမိတယ်။
“တူးမာကို လွမ်းနေသေးသလား။”
မေးမယ့်သာ မေးရတယ်၊ ဘာကြောင့်ရယ် မသိ … သူဘယ်လို ပြန်ဖြေမယ်ဆိုတာ သိနေသလို၊ သူ ပြန် ဖြေမယ့် အဖြေကို မကြားရဲဘူး။ ကျွန်မ ရင်ထဲ တထိန်းထိန်း ခုန်နေတယ်။ ကျွန်မ မေးခွန်း ကြားလိုက်တာမှာ ဂစ်တာကြိုးတွေအပေါ် ပြေးလွှား ဆော့ကစားနေတဲ့ သူ့လက်ကလေးတွေ တန့်သွားတယ်။ ဂစ်တာကို ပွေ့ပိုက်ပြီး ဝေလု မှိုင်ကျသွားသလိုပဲ။ တကယ်ပဲ တွေမှိုင်သွားတာလား၊ ကျွန်မ ထင်မိတာလား။
သူ တကယ် မှိုင်ကျသွားတာမဟုတ်ပဲ ကျွန်မစိတ်က ထင်မိတာပဲ ဖြစ်ပါစေ ကိုယ့်ဘာသာ တွေးရင်း ဆက် ပြောလိုက်မိတယ်။
“သူကတော့ ငါတို့ကို မေ့လောက်ပါပြီ။ ဒါပေမယ့် နင် သူ့ကို သတိရတုန်းလား။ နင့် စိတ်ထဲမှာ …”
မေးနေရင်း ဘာလို့ရယ် မသိ၊ ကျွန်မ အသံက တိမ်ဝင်သွားတယ်။ မေးနေရင်း အသံက ရပ်သွားပေမဲ့ မျက်လုံးချင်း အကြည့်ချင်း ဆိုင် မိနေလို့ ကျွန်မ မေးချင်တာကို မျက်လုံးအကြည့်ကနေတဆင့် သူ အဆုံးထိ ကြား လိုက်မယ် ထင်ပါတယ်။
ဘာမှ ပြန်မဖြေပဲ အသံတိတ်နေလို့ မဝန့်မရဲနဲ့ပဲ ကျွန်မ ထပ်မေးမိတယ်။
“နင့် ရင်ထဲမှာ သူ့ကို စွဲလမ်းတုန်းပဲလား ဝေလု။”
“ဘာကို စွဲလမ်းရမှာလဲ”
ကျွန်မ မေးတာကို ဖုံးကွယ်လိုတဲ့ အသံနဲ့ မသိဟန်ဆောင် ဖြေလို့ ကျွန်မ မဲ့ပြုံး ပြုံးမိတယ်။ နာကျင်စ ပြု လာတဲ့ ရင်တွင်း ခံစားချက်ကြောင့် အသံ မတုန်အောင် ထိန်းပြီး ကျွန်မ ကျိုးစား ပြောလိုက်မိတယ်။
“အချင်းချင်းတွေ၊ ငါ သိပါတယ်။ နင် သူ့အပေါ် ဘယ်လို ဆိုတာကို။”
ကျွန်မ စကား အဆုံးမှာ ဝေလု သက်ပြင်းရှည် တချက် ဆွဲဆွဲငင်ငင် ချလိုက်တယ်။ ခေတ္တခဏ တွေ တွေကြီး အဝေးကို ငေးကြည့်နေတယ်။ ဘယ်ဆီဘယ်ဝယ် ရောက်သွားတယ် မသိသူ၊ ခြေရာဖျောက် ပြေးသူ၊ ဆက်သွယ်နိုင်ပါလျက် ကျွန်မတို့ကို အဆက်အသွယ် မလုပ်၊ အဆက်ဖြတ်သွားသူ၊ ဝေးရာကို စွန့်ခွာသွားသူကို သူ မှန်းဆ ရှာနေတာလား။ ဘာဖြစ်နေတယ်။ ဘယ်ရောက်နေတယ် တမ်းတနေလေသလား။
မဝန့်မရဲနဲ့ သူ့မျက်နှာကို အကဲခတ်၊ သူ့ရင်တွင်း ခံစားချက်ကို မှန်းဆဘို့ ကျိုးစားနေမိချိန်မှာ ဝေလု ကျွန်မကို လှည့် ကြည့်တယ်။ ရီဝေဝေ သူ့အကြည့်က တစုံတရာကို လွမ်းတနေတာ သိသာ ထင်ရှားလွန်းတယ်။ သူလွမ်းတနေတဲ့ အရာဟာ နဘေးက ကျွန်မ မဟုတ်တာ သေချာသလို၊ အဝေးက …… တွေးရင်း ကျွန်မ ရင်ထဲ တဆစ်ဆစ် နာလာတယ်။ မွမ်းကျပ်လာတယ်။ ကျွန်မ ရင်တွင်း ခံစားနေရတာတွေ သူ့ကို ပြောပြ ရင်ဖွင့်လိုက်ရရင် ဝေဒနာ သက်သာမယ် လို့ ထင်မိတယ်။
ထိုအချိန်မှာပဲ အရည်ဝေ့လယ်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်မကို ကြည့်ပြီး သူက ပြောတယ်။
“နင် သိနေရင်လဲ ဘာလို့ မေးနေလဲ အိချိုရယ်။ သည်အကြောင်းတွေ ငါ မေ့လိုက်ချင်ပြီ။ မပြောချင်ဘူး။ ရင် နာတယ်။”
သူ့ကို ပြောမိတဲ့ ကျွန်မအသံ၊ လှောင်စစ ဖြစ်နေတာ ကိုယ့်ဘာသာ သတိပြုမိတယ်။ သည်မှာ ဝေလုက မချိတင်ကဲအသံနဲ့ ပေါက်ကွဲတော့တယ်။ သူ့မျက်လုံးအိမ်အတွင်းမှာ မျက်ရည်ကြည်တွေ ပြည့်လျှံတက်လာတယ်။
“ဟုတ်တယ်။ သည် ခံစားချက်ကို နှစ်ရှည် လများ မျိုသိပ်ခဲ့ရတာ၊ အနှစ် နှစ်ဆယ်ကျော် အနီးကပ် ပါးစပ် ပိတ်ထားခဲ့ရတဲ့ ငရဲ၊ ဘယ်လောက် အခံရခက်တယ်။ ငါ အသိဆုံး။”
တဆတ်ဆတ် တုန်နေတဲ့ ဝေလု နှုတ်ခမ်းလေးတွေကို ကြည့်ပြီး ကျွန်မလဲ စိတ်ထဲ ထိခိုက်မိတယ်။ ဝေလုတယောက် ရင်ထဲ ဘယ်လို ခံစားနေရတယ် ဆိုတာ ကျွန်မ တကယ် သိပါတယ်။ ဒါကြောင့် သူ့နဘေးကို ပိုလို့ တိုးကပ် ထိုင်လိုက်မိတယ်။ ပြီးတော့ ဂစ်တာကို ပိုက်ထားတဲ့ သူ့လက်ဖမိုးအပေါ် ကျွန်မ လက်လေးနဲ့ အသာ ပွတ် သပ် ပေးမိတယ်။
တဆတ်ဆတ်ခုန်နေတဲ့ ရင်ကြောင့် တုန်ရီနေတဲ့နှုတ်ခမ်းကို ထိမ်းပြီး ရင်ထဲမှာ အနှစ်နှစ်၊ ကာလကြာ ရှည် မျိုသိပ်ထားခဲ့ ရတာကို အားတင်း ပြောလိုက်မိတယ်။
“နင် ကျခဲ့တဲ့ ငရဲ ဘယ်လောက် အခံရဆိုးသလဲ ငါသိတယ် ဝေလု။ ငါ အသိဆုံး။”
သူ့လက်ကို ပွတ်သပ်ပေးနေရာက ကျွန်မ လက်နှစ်ဘက်နဲ့ တင်းတင်း ဆုတ်ကိုင်လိုက်ပြီး …
“နင့်လိုပဲ ငါလဲ အနှစ် နှစ်ဆယ်ကျော် ပါးစပ် ပိတ်ထားခဲ့ရတယ်။ သည်ငရဲကို ငါလဲ ခံခဲ့ရတယ်။ ဘယ်လို အခံရ ခက်တယ် ငါ အသိဆုံးပါ ဝေလုရယ်။”
တအံ့တသြ မျက်လုံးတွေနဲ့ ဝေလု ကြည့်လိုက်ချိန်မှာ ကျွန်မ သူ့ မျက်လုံးအိမ်အထဲ နက်နက်နဲနဲ စူးရှစွာ ကြည့်ပြီး အားတင်းလို့ ဆက်ပြောလိုက်မိတယ်။
“နင့် အနားမှာ ငါ ရှိသေးတယ် ဝေလု။ တူးမာ နင့်ကို ထားချန်ခဲ့သလို ငါ ဘယ်တော့မှ မလုပ်ဘူး။ စိတ်ချ။”
X X X
သူသူကိုယ်ကိုယ် အသဲပေါ် ထွင်းထားတဲ့ အမည်လေးတွေ ရှိပါလိမ့်မယ်။
ရေးထားတဲ့ အမည်တွေ အချိန်ကြာရင် ဝေဝါး ပြယ်ပျက် သွားနိုင်ပေမယ့် ထွင်းထားတဲ့ အမည်တွေ ကတော့ မပျက်မဆီး တသက် မြဲနေတော့မှာပါ။
နောက်ပြီး သည်အမည်လေးတွေကို ခပ်ထားတဲ့ ဘောင်တွေကလဲ မပြောင်းမလဲ တည်မြဲနေနိုင်ပါတယ်။
တချို့က သည်ဘောင်တွေကို ပြောင်းချင်ကြတယ်။ ပြောင်းဘို့ ကျိုးစားကြတယ်။ ဒါပေမယ့် သည် ဘောင်ကလေးတွေက ပြောင်းချင်တိုင်း လွယ်လွယ် ကူကူ ပြောင်းလို့ မရနိုင်ပါဘူး။
တခြားလူတွေတော့ မသိ။ ကျွန်မအတွက်ကတော့ ……
X X X
ကျွန်မ ဘဝမှာ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက် ရှိပါတယ်။
ဝေလု ရယ်၊ တူးမာ ရယ်။
ဒါပေမယ့် အခု သူတို့ နှစ်ယောက်စလုံး ကျွန်မအတွက် အဝေးဆုံးမှာ …..

No comments:
Post a Comment