မကြည်မလင် မှန်ပြူတင်း မှုန်ဝါးဝါးကနေ လမ်းတဘက်ကို ကျွန်မ ငေးကြည့်နေမိတယ်။ ကတ္တရာလမ်းနဘေး ကွန်ကရစ် ပလက်ဖေါင်း အနားမသပ်ထားတဲ့ လူသွားမြေနီခဲလမ်းကလေးအပေါ်မှာ ရေစီးကြောင်းလေး ကွေ့ကွေ့ကောက်ကောက် စီးသွားနေတယ်။ အရင်က ကြွေကျထားတဲ့ သစ်ရွက်ခြောက်တွေရော၊ မကြာခင်ကမှ လောလောလတ်လတ် ကြွေထားတဲ့ သစ်ရွက်လေးတွေပါ ရေစီးကြောင်းနဲ့ ဖြေးလေးစွာ လိုက်ပါသွားတာ ကြည့်နေယင်း မျက်စိရှေ့တင် မျက်စိတဆုံး အကွယ်ရောက် ပျောက်သွားကြပါတော့တယ်။
တကယ်လို့ ကျွန်မသာ သစ်ရွက်ကလေး ဆိုရင် သည်ရေစီးကြောင်းကို မစီးချင်ဘူး။ သည်မိုး၊ သည်လေမှာ မကြွေပဲ သစ်ပင် ကိုင်းထက် စွဲစွဲမြဲမြဲ ရှင်သန်နေချင်သေးတယ်။ သည်အရပ် သည်ဒေသမှာ သည်မိုးသည်လေ သည်လို ပြင်းမှာမို့ သစ်ရွက်တွေ ကြွေကို ကြွေရမယ် ဆိုရင် တခြား လေငြိမ်တဲ့ အရပ်က သစ်ပင်အုပ်အုပ်ကလေးမှာ သစ်ရွက်ကလေး ဖြစ်ချင်ပါရဲ့။
ကြည့်ယင်း ကြည့်ယင်း မျက်စိအရှေ့တင် မိုးက ပိုလို့ သည်းလာပါတယ်။ လေကလဲ ပြင်းလာသလို မိုးချိမ်းသံ၊ တဂျိမ်းဂျိမ်းနဲ့ မလှမ်းမကမ်းမှာ မိုးကြိုးပစ်သံတွေပါ ကျိုးကြားကျိုးကြား ကြားလာရတယ်။
မိုးကြိုး ဘယ်မှာ ပစ်နေပါလိမ့်။ ကျွန်မတို့ နေအိမ် အနားမှာလား။ အိမ်ကရော မိုးကြိုးပစ်သံ ကြားနေရမှာလား။ မိုးလေတွေ အကြား တချိမ်းချိမ်း အသံတွေကို သမီးလေး ကြောက်နေမှာလား။
သမီးလေး ပုံရိပ်ကို မြင်ယောင်မိလာတယ်။ ပုံမှန်ဆိုရင် အမြဲ ပြုံးပျော်နေတတ်တဲ့ သမီးလေး။ အဖေတူ မျက်နှာထား ချိုချိုနဲ့ ကလေးမလေး။ ကျွန်မရဲ့ ဘဝကို ရှင်သန်မှု အင်အားတွေ ပေးနေတဲ့ အချစ်ဆုံးလေး။ ကောင်းကင် တပြင်လုံး မဲမဲမှောင်လို့ တလောကလုံး မိုးတွေ လေတွေ ထန်နေပေမယ့် အချစ်လေး တနည်းနည်း တဖုံဖုံ ဆက်လက် ရှင်သန်နေမှာပါ။
အတွေး တဆက်တည်း မောင့်ကို ကျွန်မ သတိရလာတယ်။ သတိရစိတ်နဲ့ အတူ ရင်တွေလဲ တသိမ့်သိမ့် ခုန်လာတယ်။ ရင်ခုန်သံဆိုတာ ဗုံတီးသံ တမျိုးပဲ နော်။ အချက်ကျကျ တချက်ချင်း တီးသံနဲ့ အညီ ‘မောင့်ကို ချစ်တယ်’ ဆိုတာ ပြောချင်လာတယ်။ လျှာဖျားမှာ တင်လာတဲ့ အချစ်ကြေညာချက်ကို ပြောချင်ပေမယ့် လက်ခံ နားထောင်စေချင်သူက အနားမှာ မရှိ။ ကိုယ် ကြားစေချင်သူ မရှိပဲ ကြေညာချက်ကို ဘယ်လို ထုတ်ရမှာလဲ။ သည်ကြေညာချက်ကို မောင်က လွဲလို့ ဘယ်သူ့ကိုမှ ကြားစေချင် နားထောင်စေချင်တာ မဟုတ်။ ကျွန်မရဲ့ အသဲအိမ်ကို ဖွင့်ခွင့် ပေးထားသူက မောင် တယောက်ထဲလေ။
အာကာမိုးပြင်နဲ့ ကမ္ဘာမြေထု ထိတွေ့နေရာမှာ သူတို့သာ ရှိမယ်ဆိုရင် ဘယ်ဆီဘယ်ဝယ် မသေချာတဲ့ ခရီးပေမယ့် ရေကုန်ရေခန်း တွေ့အောင် လိုက်ချင်လိုက်ပါရဲ့။
စားပွဲအပေါ် တင်ထားတဲ့ သူတို့ သားအဖ ပုံကို ကြည့်ယင်း မြင်ကွင်းက ဝေဝါး လာပါတယ်။ အမှောင်ထုက အခန်းထဲ တဖြည်းဖြည်း ကြီးစိုးလာပြီလေ။ မှိန်ပျပျ အလင်းရောင်လေးနဲ့ မြင်ရတဲ့ သူတို့ အပြုံးလေးတွေကို ကြည့်ယင်း မောင့်ရဲ့ ရင်ခွင်ကျယ်အကြား တိုးခွေ့ ဝင်ချင်သလို သမီးလေးကိုလဲ ကျွန်မရင်ခွင်အထဲ အားပါး တရ ပွေ့ဖက် ထားလိုက်ချင်မိရဲ့။
ရင်ထဲမှာ ကြည်နူးစိတ်နဲ့ ရင်တွေလဲ တသိမ့်သိမ့် ခုန်လာပြန်ပေါ့။ ပြောခဲ့ ပြီးသလို ရင်ခုန်သံဆိုတာ ဗုံတီးသံ တမျိုးဆိုတာ အမှန်ပဲ။ အချက်ကျကျ တချက်ချင်း ရင်ခုန်သံနဲ့ အတူ ‘မောင့်ကို ချစ်တယ်’ ဆိုတာ ပြောချင်လာတယ်။ လျှာဖျားမှာ တင်လာတဲ့ ရင်တွင်း ခံစားချက်ကို ပြောပြချင်ပေမယ့် မျှဝေ ခံစားစေချင်သူက အနားမှာ မရှိ။ ကိုယ် သိစေချင်သူ မရှိပဲ ခံစားချက်ကို ဘယ်လို မျှဝေရမှာလဲ။ သည်ခံစားချက်ကို မောင်က လွဲလို့ ဘယ်သူ့နဲ့မှ ဝေမျှချင် ခံစားချင်တာ မဟုတ်။ ကျွန်မရဲ့ အသဲအိမ်မှာ ခိုနားခွင့် ပေးထားသူက မောင် တယောက်ထဲလေ။
သည်လောက မြေတခွင် သူတို့သာ ရှိမယ်ဆိုရင် စကြာဝဌာတခွင် နှင်လိုရာ နှင်ပါစေ ရောက်အောင် လိုက်ချင်လိုက်ပါရဲ့။
အခန်းထဲမှာ လုံးဝ မှောင်ကျသွားပါပြီ။ မှုန်ဝေရီ မှန်ပြူတင်း အပြင်မှာလဲ ပိတ်ပိတ်ပိန်း မှောင်ကျနေပြီ။ မှိန်ပျပျ လမ်းမီးရောင်ကလေးက ကွေ့ကောက်ကောက် ရေစီးကြောင်းကလေးကိုရော၊ ရေကြောင်းအပေါ် စီးလိုက်နေတဲ့ သစ်ရွက်ခြောက်လေးတွေ၊ သစ်ရွက်အစိမ်းလေးတွေ၊ ဘာဆို ဘာကိုမှ မြင်အောင် ကူ၊ အလင်း မပေးနိုင်တော့။
အခန်းထဲမှာ မီးခလုတ်ကို ဖွင့်ရင် မီးလင်းလာမှာ သိပေမယ့် ကျွန်မ ထ မဖွင့်မိ။ မီးဖွင့်ချင်စိတ် မရှိသလို မီးခလုတ်အနား သွားဘို့တောင် အားမရှိသလိုပါပဲ။
သည်မီး လင်းလာလို့ရော ဘာ ထူးလာမှာလဲ။ မီးလင်းတာ၊ အခန်းထဲက ပစ္စည်းတွေ မြင်ရတာပဲ ရှိမယ် ကျွန်မ ရင်ထဲ တမ်းတမှုတွေ ပြည့်စုံလာမှာမှ မဟုတ်တာ။
မိုးလေ ငြိမ်သွားလို့ ထင်ပါရဲ့ တချက်ချက်နဲ့ စက်မြည်သံတွေ သဲ့သဲ့လေး ကြားလာရတယ်။ ဒါပေမယ့် စက်မြည်သံတွေကလဲ ကျွန်မ ကြားချင်တဲ့ အသံတွေ မဟုတ်။ ကြားရတာ ကြည်နူးစရာ မကောင်း။
ဘဝမှာ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရမယ် ပြောကြတာတွေ ကြားဘူး၊ ရေးကြတာတွေ ဖတ်ဘူးပေမယ့် မနေချင်ပဲနဲ့ နေ နေရတာ စိတ်အဆင်းရဲရဆုံးပဲ။ ပိုဆိုးတာက ချစ်တဲ့သူတွေနဲ့ ခွဲခွာ နေရတာ၊ ကွဲကွာ နေရတာပါပဲ။
ဒါပေမယ့် တာဝန်အရ မဖြစ်မနေ နေရမယ် ဆိုတဲ့ အသိရယ်၊ လောလောဆယ် ဝေးဝေး ခွဲနေတာ စိတ်ဆင်းရဲရပေမယ့် နှစ်ဦး နှစ်ဘက်အတွက် အကောင်းဆုံး ဖြစ်တယ် ဆိုတာ စိတ်ထဲ တွေးလိုက်မိချိန်မှာ ရင်ထဲ ကြေကွဲ ဝမ်းနည်းမှုတွေက သက်သာရာ ရမိပါတယ်။
တွယ်တာရသူတွေကို ဘယ်တော့ ပြန် တွေ့မယ် မသိပေမယ့် တနေ့နေ့ တချိန်ခါမှာတော့ တွေ့ကောင်းပါရဲ့။
တနေ့နေ့ တချိန်ချိန်ဆိုတာ တွေးမိတိုင်း ရင်ထဲမှာ တသိမ့်သိမ့် …..
(Covid
ကာလ အစပိုင်း ခွဲခွာသွားရသူတွေကို လွမ်းတလျက်)
မာလုစံ
မေလ ၁၈ ရက်၊ ၂၀၂၀
No comments:
Post a Comment