သောကြာနေ့တွေဆိုတာ ကျွန်မတို့ အလုပ်မှာ အလွန့်အလွန် ပျော်စရာ ကောင်းတဲ့ နေ့တွေပါ။
တပတ်မှာ အလုပ် လုပ်ရက် ၅ ရက် ရှိတာမှာ တနင်္လာနေ့ဆိုရင် လူ အတော်များများ၊ ပျင်းရိပျင်းတွဲနဲ့ အလုပ် လာတတ်ကြတယ်။ မေးလိုက်ရင် ‘Weekend’ လို့ ပြောကြတဲ့ စနေ၊ တနင်္ဂနွေ ၂ရက်ဆက် အလုပ်ပိတ်ရက် က အလွန် တိုတောင်းကြောင်း၊ အလုပ်ကို ပြန်မလာချင်သေးကြောင်း ပြောကြတယ်။ (ပါးစပ်အပြောတွေပါ။ တကယ်က ပြန်လာချင်ကြပါတယ်။ မဟုတ်ရင် အလုပ် ပြုတ်သွားမယ်လေ။)
အဂါင်္၊ ဗုဒ္ဓဟူး ဆိုရင် ပုံမှန်လေးတွေ ပြန် ဖြစ်သွားပြီး ကြာသပတေးနေ့တွေဆိုရင် အလွန် တက်ကြွကြပါတယ်။ တပတ်ကုန်ဆုံးပြီး အလုပ်ပိတ်မယ့် ရက် နီးလာပြီလေ။ သောကြာနေ့တွေကတော့ အတက်ကြွဆုံးပေါ့။
အဲသည် သောကြာနေ့တွေမှာ အလုပ်မှာ ဘာညာဟီရတွေကလဲ များပါတယ်။ ဌာနအလိုက် လလည် လကုန် အစည်းအဝေးတွေ၊ တလအတွင်း တပတ်အတွင်း ကျရောက်တဲ့ မွေးနေ့ပွဲတွေ (မွေးနေ့ကိတ် မှာပြီး ဝိုင်းဝန်း ဆုတောင်း ကိတ်မုန့် ခွဲကြတာ၊ မွေးနေ့ရှင်ကို နေ့လည်စာ လိုက်ကျွေးဘို့ နေ့လည်စာ စားချိန် အချိန်ပို (extended lunchtime) ယူတာ ကနေ၊ သူ့အုပ်စုအလိုက် စည်းဝေးတာ၊ ဘာညာ ဘာညာပေါ့။ အဲသည် အစည်းအဝေးတွေ၊ စုဝေးမှုတွေမှာ အလှည့်ကျ မုန့်ယူလာတာတွေ၊ ဝိုင်းဝန်း စုငွေထည့်ပြီး ဝယ်စားကြတာတွေ၊ မန်နေဂျာ၊ ဌာနမှုး၊ ဒါရိုက်တာတွေလို (ရာထူးကြီးသူ) က အကျွေးအမွေး တာဝန်ယူတာတွေ ရှိပါတယ်။
သည်တော့ အချို့အချို့တွေ ဆိုရင် နောက်ပြောင်သလိုလိုနဲ့ တကယ် အတည် လုပ်နေကြတာက သောကြာနေ့ဆိုရင် ထမင်းဘူး မယူလာတဲ့အပြင် မနက်စာတောင် အိမ်က စား မလာဘူး ဆိုပဲ။ အဲသည် အစည်းအဝေးတွေ၊ စုဝေးပွဲတွေကနေ ပိုတာ လျှံတာ လိုက် လှည့်စားရုံပဲ တဲ့။ အလုပ်ခွင် ထိမ်းသိမ်းရေး အဖွဲ့လို့ ခေါ်တဲ့ (Maintainance group/crew) သန့်ရှင်းရေး အလုပ်သမားတွေနဲ့ ခင်ခင်မင်မင် နေလိုက်ရုံပါပဲ။ (သည်တိုင်းပြည်မှာ အဲသည်လို သန့်ရှင်းရေး အလုပ်သမားကို အလုပ်ပိုင်ရှင် သူဌေး၊ CEO, President တွေက အစ၊ ဒါရိုက်တာ၊ မန်နေဂျာတွေ အလည် အလုပ်သမား အားလုံးက ဖေါ်ဖေါ်ရွေရွေ တရင်းတနှီး ခေါ် ပြော ဆက်ဆန်ကြတာ မြင်ရတာ ပျော်စရာပါ။)
အစည်းအဝေးတွေ အပြီး၊ ကျွေးတာ မွေးတာ အပြီးမှာ ပိုလျှံတာတွေကို သန့်ရှင်းရေး အဖွဲ့ကိုပဲ ပေးလိုက်ကြတတ်တယ်။ သည်တော့ သန့်ရှင်းရေး အဖွဲ့ကလဲ ကျွေးချင်တာ ကျွေးချင်သလို ကျွေး၊ လိုလားစွာ ရှင်းလင်း သိမ်းဆည်းပေးကြတယ် ပေါ့။
၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့ဟာလဲ ပုံမှန် သာမန် သောကြာနေ့အနေနဲ့ စခဲ့ပါတယ်။ ပုံမှန် သောကြာနေ့ တွေနဲ့ မတူ၊ တမူ ထူးခြားတာလေးက ၁၃ ရက်နေ့ ဖြစ်နေတာပါပဲ။ သူတို့ အနောက်တိုင်းသားတွေ ‘၁၃’ ဂဏန်းကို အလွန် ကြောက်ကြတယ်။ နံပါတ် ၇ ကို ‘Lucky Seven’ ဆိုပြီး ကြိုက်ကြပေမယ့် ‘13’ ဆိုရင် အသည်းအသန် ထိတ်လန့်ကြတယ်။ တချို့ ဟိုတယ်၊ အဆောက်အဦးတွေမှာ ၁၃ ထပ် မရှိ၊ အခန်းနံပါတ် ၁၃ မထားရဲတဲ့ အထိပဲ။ ရှိခဲ့၊ ထားခဲ့ရင် အဲသည် အထပ်၊ အခန်းကို ဘယ်သူမှ မလိုချင်ကြလို့ တဲ့။
၁၃ ဂဏန်းကို ကြောက်ကြတဲ့ အထဲ ၁၃ ရက်ကျရောက်တဲ့ သောကြာနေ့ကို အမှတ်ထင်ထင် ထိတ်လန့်တကြား ဖြစ်နေကြရခြင်း အကြောင်းရင်းကတော့ ‘Friday the 13th’ ဆိုတဲ့ အလွန် ကျော်ကြား၊ ခြောက်ခြားဘွယ် ရုပ်ရှင်ကြောင့် ပါ။ တကယ့်တကယ်တော့ သောကြာနေ့ဟာ ဘယ်ရက် ကျ ကျ၊ မိမိတို့ ကျင်လည်ရာ ဝန်းကျင်က သည်အတိုင်းပါပဲ။ (ဒါပေမယ့် တချို့ အယူသည်းသူတွေ ၁၃ရက်၊ သောကြာဆိုရင် အိမ်အထဲက အိမ်အပြင်တောင် မထွက်ကြဘူး ဆိုပဲ။)
သည် ၂၀၂၀ မတ်လ ၁၃ရက် သောကြာနေ့ပေမယ့် အလုပ်မှာကတော့ ထုံးစံအတိုင်း စားလိုက် သောက်လိုက်နဲ့ စားစရာတွေ အလျှံပယ် အစည်းအဝေးတွေနဲ့ စခဲ့ကြပါတယ်။ ကျွန်မတို့ အခန်းထဲမှာလဲ ပုံမှန် တိတ်တိတ်ဆိတ်ဆိတ် အလုပ် လုပ်နေကြတာပေါ့။ အလုပ်ချိန် စအပြီး သိပ်မကြာခင် (ဆယ်နာရီ မထိုးခင်) မှာ မန်နေဂျာတယောက်က အလုပ်ခန်းတွေ နဘေး ဖြတ်လျှောက်ရင်း လျှပ်တပျက်အစည်းအဝေးနဲ့ ပြောစရာ ရှိလို့ အခန်းဝကို လာဘို့ ပြောသွားတယ်။ ကျွန်မတို့ အခန်းထဲမှာ သူတို့ အဖွဲ့က လူ ၂၀ ကျော်နဲ့ ကျွန်မတို့ အဖွဲ့က ၁၄ ယောက် ရှိတာမို့ သူ့အဖွဲ့က လူတွေကို ခေါ်တာ ဆိုပြီး ကျွန်မ ထိုင်ရာ မထ၊ အလုပ် ဆက်လုပ်နေမိတယ်။ စက္ကန့်ပိုင်းအတွင်းမှာ ကျွန်မတို့ မန်နေဂျာ အခန်းဘေး ရောက်လာပြီး အစည်းအဝေး တဲ့။
ခန်းမကျယ် အဝ၊ အဝင်ပေါက် နဘေးက ကွက်လပ်မှာ အခန်းတွင်းရှိ လုပ်ဘော်ကိုင်ဘက် ၄၀ ကျော် အကုန် စုစည်း ရပ်နေကြတယ်။ ဌာနအလိုက် အစည်းအဝေးတွေ၊ စုစည်း ပြောဆိုတာတွေ လုပ်ပေမယ့် သူ့အဖွဲ့နဲ့ သူ၊ လုပ်လေ့ရှိတာမို့ ၂ ဖွဲ့စလုံးကို အတူခေါ်ထားတာ ထူးဆန်းနေတယ်။ ဘာလဲ၊ သို့လော သို့လောတွေ တွေးနေကြတာပေါ့။ သူဌေး ဘာ ဖြစ်လို့လဲ၊ အရေးပေါ် မီးဘေး ဘာညာဆိုလဲ အသံချဲ့စက်ကနေ ထွက် ထွက်၊ နီးရာအပေါက်ကနေ အမြန် ထွက်ကြပဲ အော်တတ်တာ။ သည်လို လူတွေ စုဝေးထား၊ စကား ခေါ်၊ ပြော တတ်တာ မဟုတ်။ တချို့ စိတ်လောတတ်သူတွေက ဘာလဲ၊ ဘာ့ကြောင့် လူစုထားတာလဲ ဆိုတာ မန်နေဂျာ ၂ယောက်စလုံးကို မေးပေမယ့် ၂ ယောက်စလုံးက ဘာမှ မဖြေ။ ခဏလောက် စိတ်ရှည်ရှည်နဲ့ စောင့်ကြ လို့ပဲ ပြောတယ်။ (တကယ်ကတော့ ဘာ့ကြောင့် လူစုထားတယ်ဆိုတာ သူတို့ သိပြီးသားပါ။)
ခေတ္တအကြာမှာ အင်ဂျင်နီယာဌာနရဲ့ ဒါရိုက်တာ လူကြီး ရောက်လာတယ်။
ယနေ့ချိန်ခါ ဖြစ်ပျက်နေတဲ့ ကိုဗစ်ရောဂါပိုးဟာ အမေရိကားမြေပေါ် ရောက်လာပြီ ဖြစ်ကြောင်း၊ ရောဂါ ဖြစ်ပွားသူတွေ တွေ့ရှိလာလို့ ကြိုတင် ကာကွယ်မှုတွေ ပြုရမယ်။ အစိုးရ စည်းမျဉ်းအရ ၂ပတ်၊ အိမ်အထဲကနေ အိမ်အပြင် မထွက်ကြရတော့ဘူး တဲ့။ ဒါကြောင့်မို့ နောင် ၂ပတ်ကို အိမ်ကနေပဲ အလုပ် လုပ်ကြရမယ် … ပြောပြတယ်။
ကိုဗစ် ၁၉ ရောဂါ ပြန့်နှံ့ ဖြစ်ပွားနေတာ၊ ကြောက်မက်ဘွယ် ပြန့်ပွားနှုန်း မြန်သလို ကုသထုံးလဲ ရှာမတွေ့သေးတာ ကျွန်မ သိပြီးပါပြီ။ ကျွန်မလိုပဲ အတော်များများလဲ သတိပြုမိပြီး ဖြစ်ပါပြီ။
မနှစ်က ၂၀၁၉ နှစ်ကုန်ပိုင်းလောက် ကတည်းက တရုတ်ပြည် ဝူဟန်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ ထိုဒေသမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတော်က သတိကြီးစွာ ထား ပြန်လည် ခေါ်ဆောင်ခဲ့တာတွေ၊ ပြည်တွင်းမှာ သီးသန့်ထား စောင့်ကြည့်ခဲ့တာတွေ ကြားပြီး သိပြီးသလို ထို့နောက်ပိုင်း ဂျပန်ဆိပ်ကမ်းမှာ ကပ်ပြီး ကုန်းပေါ်တက်ခွင့် မပေး၊ သီးသန့်ထားခဲ့ရတဲ့ အပန်းဖြေ သင်္ဘောကြီးအပေါ်က ခရီးသည်တွေ၊ ဥရောပမှာ စတင် ဖြစ်ပေါ်လာပြီး အခြေအနေတွေ ဆိုးနေတဲ့ အီတလီနိုင်ငံ အကြောင်းကနေ ကျွန်မတို့နဲ့ အလှမ်းမဝေးတဲ့ ဆန်ဖရန်စစ်စကိုမြို့အနီး ကမ်းကပ်ခွင့် မပေးပဲ ထား ထားတဲ့ အပန်းဖြေ သင်္ဘောကြီး နောက်တစီး အကြောင်း။ ဒါတွေ ကြားမိ စိုးရိမ်စိတ် ဖြစ်မိနေတာ ၂၀၂၀ နှစ်ဆန်းကတည်းကပါ။
အလုပ်မှာလဲ ခရစ်စမတ်နဲ့ နှစ်သစ်ကူးရယ်၊ တရုတ်နှစ်သစ်ကူးအချိန်တွေမှာ တရုတ်ပြည်မကြီးကိုအလည် ပြန်သွားသူတွေကို အမေရိကား ပြန်ရောက်အပြီး၊ အလုပ်ကို ချက်ချင်း ပြန် မလာဘို့၊ အိမ်မှာ ၂ပတ် နေဘို့ ဆော်သြချက်တွေ ထုတ်တာလဲ ကြားနေရပါပြီ။ ကိုယ့်ခွင့်ရက် မသုံးရပဲ လစာ အပြည့်နဲ့ ၂ပတ် အလုပ် မလာရ၊ အိမ်မှာ နေရမယ် ဆိုတော့ တချို့က သဘော ကျကြတယ်။ ‘ဟယ် … ငါတို့ရော၊ မရဘူးလား’ စောဒက တက်ကြတယ်။ တရုတ်ပြည်မကြီးက ပြန်လာသူမှ တဲ့။ တိုင်ဝမ်၊ ဟောင်ကောင်တောင် အကျုံး မဝင်။ လေယာဉ်လက်မှတ် သက်သေ ပြရမယ် ဆိုတော့ ‘ဟယ် သည်လိုမှန်းသိ တရုတ်ပြည်ဘက် ကူးခဲ့ပါတယ်’ မချိတင်ကဲ နောက်သူက ရှိသေး။
အိမ်ကနေ အလုပ် လုပ်ရမယ် ဆိုတော့ ကွန်ပြူတာ၊ ကီးဘုတ်နဲ့ မော်နီတာတွေ (တချို့က ၂ခု၊ ၃ခု တွဲဖွင့် လုပ်ရသူ ရှိတယ်) အိမ်ကို ယူသွားကြ … တဲ့။ အင်တာနက် မရှိသူတွေကို အင်တာနက် သွယ်လိုက်ပါ၊ အလုပ်အတွက် သွယ်တာ သက်သေပြရင် တပ်ဆင်ခ အလုပ်က ပြန်ပေးမယ် တဲ့။
ကျွန်မတို့ကို အခုမှ ပြောပေမယ့် တကယ်တော့ အလုပ်က လူကြီးတွေက ပြင်ဆင်နေတာ ကြာပါပြီ။ အစိုးရကလဲ ပြင်ဆင်ဘို့ သတိ ပေးထားမှာပေါ့။ သည်တပတ်အထဲ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ကျွန်မတို့ ကွန်ပြူတာတွေကို စစ်ဆေးတာ၊ အလုပ်ဆက်သွယ်မှု (network) နဲ့ ပတ်သက်တာတွေ ထပ်ထည့်တာ၊ ဆော့ဖ်ဝဲလ်အသစ်တွေ အလုပ် လုပ်၊ မလုပ် စစ်တာတွေ လုပ်ခဲ့တာ၊ မိုဘိုင်းဖုန်း နံပါတ်တွေ မပေး မနေရ ပေးခဲ့ရတာ၊ မိမိတို့ လုပ်ခကို စက္ကူချက်လက်မှတ်နဲ့ ယူနေသူတွေကို ဘဏ်အကောင့်ထဲ တိုက်ရိုက်ထည့်စနစ် ပြောင်းသင့်တယ် ဆိုပြီး ပြောင်းခိုင်းခဲ့တာတွေ …. ။ ဒါ့ကြောင့် ကိုး … လို့ သဘောပေါက်လိုက်ကြတယ်။
အစိုးရက ထုတ်တဲ့ အိမ်ပြင် မထွက်ရ အမိန့်က အခု အကျုံး မဝင်သေးပေမယ့်၊ အိမ်ကနေ အလုပ် လုပ်ရမှာက နောက် အပတ် တနင်္လာနေ့ကျမှ စမှာ ဖြစ်ပေမယ့် အခု သောကြာနေ့ မနက်ကတည်းက စက်တွေ ပိုက်ပြီး အိမ် ပြန်ကြတော့။ ကိုယ့်အိမ်မှာ စက်တွေ ဆင်ပြီး အလုပ် လုပ်၊ မလုပ် စမ်းကြတော့။ မိုဘိုင်းဖုန်းကို အလုပ် ကွန်ယက်စနစ် ပို့ထားတာ လက်ခံပြီး အဲသည်စနစ်နဲ့လဲ ဆက်သွယ်နိုင်တာတွေ ပြောပြပြီး အိမ် ပြန် လွှတ်လိုက်ကြပါတယ်။
ဟောလီးဝုဒ်က စိတ်ကူးယဉ် ရိုက်ပြခဲ့တဲ့ အချို့ရုပ်ရှင်တွေ အထဲက ကမ္ဘာပျက်ကာနီး အခြေအနေလိုပဲ။ အားလုံးဟာ အပြေားအလွှား စက်တွေ ဖြုတ်၊ အိမ် ပြန်ကြပါတယ်။ တချို့ စက်တပ်ဆင်မှုနဲ့ မကျွမ်းသူတွေကလဲ တတ်သိသူတွေကို၊ မန်နေဂျာတွေကို မေးပြီး စက်တပ်ဆင်ပုံ လိုက်မှတ် ကူးကြတယ်။ တချို့ကလဲ ဖုန်းတွေ ဆက်ကြပေါ့။
လုပ်ဘော်မိတ်ဆွေတွေ တယောက်နဲ့ တယောက် နှုတ်ဆက်ကြတယ်။ ဧပြီလဆန်း ပြန်တွေ့ကြမယ် တဲ့။ ပျော်ပျော် ပါးပါးတော့ မဟုတ်။ မျက်နှာငယ်လေးတွေနဲ့ပါ။
တကယ်က အမေရိကန်အစိုးရက မလုပ်မဖြစ်၊ မရှိမဖြစ် အလုပ်သမားတွေက လွဲပြီး ကျန်သူများ ၂ပတ် အိမ်ပြင် မထွက်ရ ကန့်သပ်ချက်ကို မတ်လ ၁၆ ရက်မှ စမှာပါ။ သူတို့ ကန့်သပ်ချက်အရ မတ်လ ၃၀ရက်က ၂ပတ်ပြည့်၊ အလုပ်ကို ပြန်လာရမှာ ဖြစ်ပေမယ့် ကျွန်မတို့ အလုပ်က ၂ရက် ထပ်ဖြည့်ပြီး ဧပြီ ၁ ရက်ကျမှ ပြန်လာရမယ် လုပ်ခဲ့တာပါ။
အလုပ်မှာ စက်ကြီးတွေနဲ့ လုပ်ရသူတွေ၊ တန်ဘိုးကြီး ကိရိယာတွေ သုံးရသူတွေက အလုပ် ဆက်လာရမယ် ဆိုပေမယ့် သူတို့မှာလဲ ကန့်သပ်ချက်က အပြည့်။ မျက်နှာကာကို အလုပ်က ပေးမယ်။ လက်သန့်ဆေးစက်တွေ လူလျှောက်လမ်းတွေမှာ ကပ်ပေးထားမယ်။ အချိန်ပြည့် မျက်နှာကာ တပ်ထားရမယ်၊ လက်ဆေးနေရမယ် … အစရှိသဖြင့်ပေါ့။ ကျန်သူတွေကိုတော့ ထောင်ကျော်တန် စက် တစုံစီ ပေး၊ အိမ်ကနေ အလုပ် ပြန်လုပ်ကြတော့ လွှတ်လိုက်ပါတယ်။
ဧပြီ တရက်နေ့ဆိုတာ သည်အရပ်မှာ ‘April Fool’s day’ ဆိုပြီး ရယ်ကြ မောကြ ပျော်ကြရတဲ့ နေ့။
ဧပြီ အရူးနေ့မှာ ငါတို့တတွေ သည်အခန်းကျယ်ကြီးအထဲ ပျော်ပျော်ပါးပါး ပြန်လာ အလုပ် လုပ်ကြမယ်နော် … ပြောပြီး ခွဲခွာခဲ့ကြပါတယ်။
တပတ်ကျော်အကြာ မတ်လ ၂၅ ရက် မနက်မှာ အလုပ်ပိုင်ရှင်ဆီက အီးမေးလ် ဝင်လာပါတယ်။ ဧပြီ ၁၃ ရက်အထိ အိမ်ကနေ အလုပ် လုပ်ကြပါ …. တဲ့။
နောက် တပတ်ကျော်အကြာ ဧပြီလ ၇ ရက် မနက်မှာ အလုပ်ပိုင်ရှင်ဆီက အီးမေးလ် ဝင်လာတယ်။ ဧပြီ ၃၀ ရက်အထိ အိမ်ကနေ အလုပ် လုပ်ကြပါ …. တဲ့။
နှစ်ပတ်ကျော်အကြာ ဧပြီလ ၂၃ ရက် နေ့လည်မှာ အလုပ်ပိုင်ရှင်ဆီက အီးမေးလ် ဝင်လာပြန်တယ်။ လောလောဆယ် အိမ်ကနေ အလုပ် လုပ်ကြပါ။ အလုပ် ပြန်တက်ရမယ့် နေ့ကို အကြောင်း ကြားပါမယ် …. တဲ့။
အဲသည် အနောက်ပိုင်း အလုပ် ပြန်လာဘို့ ရက်နဲ့ ပတ်သက်ပြီး သူဌေးဆီက စာ မလာတော့ပါဘူး။ ဒါပေမယ့် အများစု မှန်းခဲ့ကြတာကတော့ -
- မေလ နောက်ဆုံး အပတ် တနင်္လာနေ့၊ ၂၅ ရက်နေ့မှာ ကျတဲ့ ‘Memorial Day’ (အောင်းမေ့ဘွယ်နေ့) အပြီးမှာ ပြန်လာရ မလိုလို၊
- ဇူလိုင် ၄ ရက် ‘Independent Day’ (အမေရိကန်လွတ်လပ်ရေးနေ့) ပိတ်ရက် အပြီးမှာ အလုပ် ပြန်တက်ကြရ မလိုလို၊
- စက်တင်ဘာလ ပထမဆုံး အပတ် တနင်္လာနေ့၊ ၇ ရက်နေ့မှာ ကျတဲ့ ‘Labor Day’ (အလုပ်သမားနေ့) အပြီးမှာ ပြန်တွေ့ကြရ မလိုလို၊
- နိုဝင်ဘာလ နောက်ဆုံး အပတ် ကြာသပတေးနေ့၊ ၂၆ ရက်နေ့မှာ ကျတဲ့ ‘Thanksgiving Day’ (ကျေးဇူးတော်နေ့) ပိတ်ရက်ရှည် အပြီးမှာ ပြန်ဆုံကြရ မလိုလိုနဲ့၊
နောက်ဆုံး အခုထိ အိမ်တွင်းအောင်းနေကြရဆဲ။
ဒီဇင်ဘာလ ခရစ်စမတ်ပွဲတော် အပြီးမှာလဲ ထွက်ရမယ့်ပုံ မပေါ်ပါ။ နှစ်သစ်ကူးကတော့ ကိုယ့်အိမ်ထဲကနေ ဆိုရှယ် မီဒီယာတွေ အကူအညီနဲ့ အင်တာနက်အပေါ်ကသာ ဟက်ပီး နယူးရီးယား ကြရမှာ သေချာနေပါပြီ။ အခုအတိုင်းက နောင်နှစ် မတ်လ ၁၃ ရက်တောင် အလုပ်ကို ပြန်သွားရမယ့် ပုံ သိပ်မမြင်။
နောက်တခါ ကျမယ့် ‘Friday the 13th’ ကတော့ သြဂုတ်လ ၁၃ရက် ၂၀၂၁ ခုနှစ်၊ သောကြာနေ့။
အဲသည်နေ့ကျရင်ကော၊ အလုပ်က ကျွန်မ အခန်းအထဲ၊ ကျွန်မ စားပွဲအပေါ် အလုပ်သွားလုပ်ခွင့် ရနိုင်ပါ့မလား။
တကယ်လို့ အလုပ်ကသာ ပြန်လာခဲ့တော့ ဆိုရင် အဲသည်နေ့ဟာ သောကြာနေ့ ၁၃ ရက် မကလို့ ကြောင်အမဲ ကားအပေါ် တက်ထိုင်နေလဲ Jason ကို ကြောက်ပေမယ့် ကျွန်မ အလုပ်ကို သွားမှာပဲ။
ဒါနဲ့ ရေးရဦးမယ်။ သူဌေးဆီက ဘယ်နေ့ ဘယ်ရက်မှာ လူကိုယ်တိုင် အလုပ် ပြန်ဝင်ရမယ်ဆိုတာ အီးမေးလ်တွေ ထပ်မလာတော့ပေမယ့် မေလ ၈ ရက်နေ့တုန်းကတော့ စာ တစောင် ဝင်လာခဲ့သေးတယ်။
အလုပ်အခြေအနေ အရင်လို မဟုတ်၊ လုပ်ငန်းမကောင်းလို့ လူနည်းနည်းပါးပါး အလုပ် ဖြုတ်လိုက်ရကြောင်း။
သူ့ဆီက အီးမေးလ် မလာခင်ကတည်းက ကျွန်မတို့ သိပြီးပါပြီ။ ဌာနပေါင်းစုံက လုပ်ဘော်ကိုင်ဘက် ၂၀၀ နီးပါး အလုပ် ပြုတ်သွားတယ် ဆိုတာကို။ ပြုတ်သွားသူတွေအတွက် စိတ် မကောင်းပေမယ့် ကိုယ့်နာမည် မပါသေးတာ ကံကောင်းနေသလိုလို၊ ကံကြီးပေစွ ပေါ့။
မိတ်ဆွေ အပေါင်း၊ ကျမ်းမာစွာနဲ့ လုပ်ငန်း ကိုင်ငန်း ကောင်းကြပါစေ။
လေးစားစွာဖြင့် -
မာလုစံ
ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၀
(ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၆ ဖြည့်စွက်စာချပ် - ယနေ့ထိတိုင်
အလုပ်ကို ပြန်မသွားရပဲ အိမ်မှ လုပ်နေရဆဲ။ မသွားမဖြစ် ကိစ္စများ ရှိချိန်၊ ၃လ၊ ၄လမှ
တခါလောက်သာ သွားရပါကြောင်း။ လုပ်ဘော်ကိုင်ဘက်များ ပင်စင်ယူသူ ယူ၊ ဘဝကူး သူတွေ ကူးကုန်ပြီး
ဖြစ်ပြီ။)
No comments:
Post a Comment