Sunday, May 1, 2011

အမှတ်တရ ၆၄။

(Reposted with Unicode on December 24th, 2024)

အမှတ်တရ ၆၄။

            အကြိုက်ဆုံး သီချင်းတော့ မဟုတ်ပါဘူး။
            အကြိုက်ဆုံး အဆိုတော်လည်း မဟုတ်ပါဘူး။
            အကြိုက်ဆုံး အဖွဲ့လည်း မဟုတ်ပါဘူး။
 
            ဒါပေမယ့် ….. …..

            အောင်မြင်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။
            အောင်မြင်တဲ့ အဆိုတော် ဆိုခဲ့တာပါ။
            အောင်မြင်တဲ့ အဖွဲ့က ထုတ်၀ေခဲ့တာပါ။

            ဒါကြောင့်မို့လို့လဲ အနှစ်လေးဆယ်ကျော် ကြာတာတောင် အောင်မြင်ဆဲ၊ လူကြိုက်များဆဲပါ။
            အဲသည် သီချင်းကတော့ နာမည်ကျော် The Beatles အဖွဲ့ရဲ့ ‘When I’m Sixty-four’ ဆိုတဲ့ သီချင်းပါပဲ။

            When I get older losing my hair, many years from now.
            Will you still be sending me a Valentine, Birthday greetings bottle of wine.
            If I'd been out till quarter to three, would you lock the door,
            Will you still need me, will you still feed me, when I'm sixty-four.

                (သီချင်း မြန်မာဘာသာပြန် - အဆုံးမှာ ကြည့်ပါ။) 

                    X                    X                    X                    

            ဆယ်ကျော်သက် ဘဝ၊ သီချင်း စ နားထောင် တတ်ကာစကတည်းက ကျော်ကြား အောင်မြင်ပြီး ဖြစ်ခဲ့တဲ့ သီချင်းဟောင်း၊ သီချင်းကောင်း တပုဒ် အနေနဲ့ နားထောင်ခဲ့ရပါတယ်။ 

            ငယ်ရွယ်သူသဘာဝ အချစ်အကြောင်း၊ အသဲဝေဒနာ ဘာညာကွိကွ အခြေခံ သီချင်းတွေကို အလေးထား နားဆင်နေချိန်မှာ ဒီသီချင်းကို ကြားရတော့ ပြောပြီးခဲ့သလိုပါပဲ၊ အကြိုက်ဆုံး မဟုတ်ခဲ့ပေမယ့် မှတ်မှတ်ရရတော့ ဖြစ်ခဲ့တယ်။

            အထူးသဖြင့် မိဘတွေနဲ့ ပတ်သက်လို့ပေါ့။

            အဲသည်အချိန်တုန်းက အဖေတောင် သည် သီချင်းအထဲက အသက်ဘောင်ထဲ မဝင်သေးပါဘူး။ အမေ့ကို ပြုံးစစနဲ့ ကြည့်ပြီး အဖေ မေးခဲ့တာ သတိရနေတယ်။

            “နောက် ဆယ်နှစ်ကျရင် ကိုယ့်ကို သီချင်းအထဲကလို ကျွေးထားဦးမှာလား” တဲ့။

            အမေက မခိုးမခန့် အပြုံးကလေးနဲ့ ပြန် ဖြေတယ်။

            “ဘယ်လောက် ကြာ ကြာ ကျွေးထားမလဲ သိချင်ရင် အသက် ရှည်ရှည် နေကြည့်လေ” တဲ့။

            တကယ်တော့ အမေ့ရဲ့ ရိသဲ့သဲ့ အပြုံးနဲ့ အပြောကလေးကတင် အဖေ့အတွက် အသက် ရှည်ဘို့ အကြောင်း ဖြစ်ခဲ့သင့်တာပါ။ ဒါပေမယ့် ကံက မပေးလေတော့ အဖေဟာ သီချင်းထဲကလို အသက်ကို ပြည့်အောင် မနေလိုက်ရရှာဘူး။ 


            အဖေ အသက် ၆၄ နှစ် ပြည့်ဘို့ နှစ်တဝက်ကျော် အလိုမှာ အမေ့ကို ခွဲချန် ထားခဲ့ရရှာတယ်။ 

            အဖေ ဆုံးချိန်မှာ အမေဟာ အသက် ငါးဆယ်သာ ရှိပါသေးတယ်။ သူတို့ရဲ့ လက်ထပ် သက်တမ်းဟာ အဆိုတော် ကိုင်ဇာရဲ့ နာမည်ကျော် “ရွှေရတု အချစ်” သီချင်းထဲက အချိန်ကို မှီဘို့ မဆိုထားနဲ့၊ တဝက် ကျော်ကျော်ကလေးပဲ ရှိပါသေးတယ်။ မြစ်တွေ တိုးပွားဘို့ အသာထား၊ ရှားရှားပါးပါး မြေးဦးကလေး မချောစုတောင် ငါးလ မပြည့်တပြည့် အချိန်ပါ။

            အဲသည် ရွှေရတုအချစ် သီချင်း ထွက်လာတုန်းကလဲ အဖေ အမေ့ကို စခဲ့၊ နောက်ခဲ့ဘူးတာ မှတ်မိပါတယ်။ စပယ်ပန်းကုံး ဖြူဖြူဖွေးဖွေးလေးကို အမေ့ဆံထုံးပေါ် ပန်ပေးယင်း သားတွေ သမီးတွေ မမြင် မြင်အောင် အမေ့ပါးကို နမ်းပြခဲ့ဘူးတယ်။ 

            ရှက်ကိုးရှက်ကန်းနဲ့ အမေက အဖေ့ကို တွန်းထုတ်ပြီး၊
            “မကြီးမငယ်နဲ့ ကလေးတွေ ရှေ့မှာ မရှက်ဘူးလား” ဆို‌တော့ ရယ်ကြဲကြဲနဲ့ ကက်ဆက်ကို လက်ညွှန်ပြပြီး
            “ဟိုမှာလေ၊ ကိုင်ဇာက လုပ်ခိုင်းတာ။ ခဏနေရင် စာ သွားရေးရဦးမယ်။ မောင်လို့ ခေါ်ဘို့ ပြင်ထား” တဲ့။

            ရှက်ပြုံးလေးနဲ့ အမေက သီချင်းထဲက ရွှေရတု ဆိုတာ အနှစ်ငါးဆယ်ကို ‌ပြောတာ၊ ကိုယ်တွေက အခုမှ တဝက်ပဲ ရှိသေးတယ် ဆိုတော့ ပြုံးဖြီးဖြီးနဲ့ အဖေ ပြန်ပြောပုံက “ဒါဆို စာတဝက် အရင် ရေးထားမယ်” တဲ့။

            တကယ့်တကယ်မှာတော့ အဖေ့ခမြာ တဝက် ကြို ရေးထားတဲ့ စာကို အဆုံးသတ်အောင် ရေးခွင့် မရတော့သလို အမေကလဲ သူ့ကို ‘မောင်’ လို့ ခေါ်ဘို့ အခွင့် မရတော့ပါဘူး။ 


            အမေ အသက် ၆၄နှစ် ပြည့်ချိန်မှာ အမေ့အနားမှာ ဘယ်သူမှ မရှိခဲ့ဘူး။

            အဖေလဲ မရှိတော့ဘူး။ သားတွေ သမီးတွေကလဲ အ‌‌‌‌‌ဝေးနယ်မှာ ရောက်နေခဲ့တယ်။

            ဒါပေမယ့် စိတ်ဓါတ် ခိုင်မာတဲ့ အမေဟာ ၆၄နှစ် မွေးနေ့ကို အဓိပ္ပါယ်ရှိရှိ ဖြတ်ကျော်ခဲ့ပါတယ်။

            တမလွန်က အဖေ့ကို ပြန်မတွေ့ရတော့ဘူးလို့ ငိုကြွေး လွမ်းဆွတ်နေမယ့်အစား ဗုဒ္ဒဘာသာဝင် ပီပီ သွားနှင့်လေသူအတွက် ကုသိုလ် ကောင်းမှုတွေ ပြုပေးခဲ့တယ်။ 

            အဝေးက သားသမီးတွေကို ဘယ်တော့ ပြန်တွေ့ရမှာလဲ တမ်းတနေမယ့် အစား ပြန်တွေ့ရမယ့် အချိန်မှာ ကိုယ် ကျမ်းမာနေဘို့ စိတ်ကို ချမ်းသာအောင် ထားခဲ့တယ်။

            ဘဝဆိုတာ အမြဲ အကျချည်း မဟုတ်သလို တက်ချိန် ရှိဦးမှာပါ။
            ချစ်သူ ခင်သူတွေနဲ့လဲ အမြဲ ဝေးနေရမှာ မဟုတ်သလို တချိန် ပြန်တွေ့ ကြရမှာပါ။

            သူ ချစ်တဲ့ သားသမီးတွေ အနားမှာ မရှိ၊ လူ မမြင်၊ အသံ မကြားရပေမယ့် အဝေးမှာ သူမရဲ့ ကလေးတွေ သူတို့ ချစ်တဲ့ ‘အမေ့’ မွေးနေ့ကို ကျင်းပနေမှာ အမေ သိခဲ့ပါတယ်။ 


                    X                     X                     X                     


            အမေနဲ့ အဖေ လက်ထပ်ခဲ့တဲ့ ရွှေရတုကာလ အနှစ် ငါးဆယ် ပြည့်ချိန်မှာတော့ မပြည့်သေးတဲ့ အမေ့ဆုတောင်း တဝက် ပြည့်ခဲ့တယ်။

            ရပ်ဝေးက သားတွေ သမီးတွေနဲ့ အမေ ပြန်ဆုံခွင့် ရခဲ့တယ်။ သားသမီးတွေ အားလုံး ကျမ်းမာသလို အမေလဲ ကျမ်းကျမ်းမာမာပါပဲ။

            ဒီ ပြန်တွေ့ဆုံပွဲမှာ အဖေ မပါတော့ ပေမယ့် အဖေ အထောက်အထား ပြုခဲ့တဲ့ ကိုင်ဇာရဲ့ သီချင်းထဲကလို မြေးတွေ၊ မြစ်တွေ တိုးပွားနေပါပြီ။

            သူ့ကို ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်အကြားမှာ အေးမြတဲ့ အပြုံးလေးနဲ့ ထိုင်နေတဲ့ အမေ့ကို ကြည့်ပြီး စပါယ်ပန်းကုံးလေး သူ့ဆံထုံးဖွေးဖွေးပေါ် တင်ပေးလို့ သူ့ပါး ချောင်ချောင်ကလေးကို ဖွဖွလေး နမ်းပြီး ကျွန်မ ပြောလိုက်မိတယ်။

            “အဖေ့ကိုယ်စား အနမ်းပန်းပါ အမေ”

            အမေက ပြုံးပြီး ကျွန်မနဖူးကို သူ့လက်ဖျားကလေးနဲ့ အသာလေး ပြန် ပုတ်တယ်။ အမေ့နှုတ်က ဘာမှ မပြောပေမယ့် ကျွန်မရင်ထဲ သိလိုက်ပါတယ်။


            ညတိုင် ရွှေရောင်အိပ်မက်တွေထဲမှာ အဖေ့ဆီက အနမ်းပန်းတွေ သူ အမြဲ ရနေမှာပါ။ 


                    X                        X                     X                     X                    


            တခါတခါ စဥ်းစားကြည့်မိတယ်။

            အဖေတို့ အမေတို့လို စပယ်ကုံး ဖြူဖြူလေးကို ဆံပင်ဖွေးဖွေးလေးပေါ် ပန်ပေးခွင့် မကြုံလိုက်ရသူတွေ အများကြီး ရှိမှာပါ။

            နောင် ဆယ်နှစ်နဲ့ နှစ်အနည်းငယ် ကျော်ပြီးရင် ကျွန်မအလှည့် ၆၄နှစ်ပါ။


            အဲသည်အချိန် ရောက်ရင်ကော
            - ကျွန်မ ချစ်တဲ့သူဆီက အနမ်းပန်း ရဦးမှာလား။
            - ကျွန်မကကော ရှိဦးမှာလား။
            - ၆၄ ကို မှီဦးမှာလား။
            - အမေ့လို ရဲရဲဝန့်ဝန့် ဖြတ်ကျော်ရဲမလား။


            အမေ့အပြုံးကို ငေးကြည့်ယင်း ဝဲနေတဲ့ မျက်ရည်တွေ ကျမလာအောင် ကျွန်မ ထိန်းထားရတယ်။

            ရင်ထဲမှာတော့ ဆုတောင်းပေးယင်း ဆုတောင်းယင်း 'ဆု'ကတော့ . . . . . 

            ‘အမေတိုင်း ၆၄နှစ် မွေးနေ့ကို သားတွေသမီးတွေ စုံစုံညီညီနဲ့ ချစ်သူခင်သူ ဝိုင်းဝိုင်းလည် ဖြတ်သန်းနိုင်ကြပါစေ။

            သားတို့သမီးတို့ တင်မက၊ 'အများချစ်တဲ့ အချစ်ဆုံးအမေ' အသက် ရာကျော် ရှည်ပါစေ . . . . . လို့။’

(သွားလေသူ အဖေ၊ ရှင်သန်ဆဲ အမေနဲ့ အဝေးက မောင်နှမများသို့)


လေးစားစွာဖြင့် -
မာလုစံ
ဇွန် ၂ ရက် ၂၀၀၉

မူရင်းသီချင်း မြန်မာဘာသာပြန်။
“ကိုယ် အိုမင်းလာမယ့် အချိန်၊ ဆံပင်တွေ လျော့ပါး ဆုံးရှုံးတော့မယ့် အခုက တွက်ရင် နောင်နှစ်ပေါင်း များစွာမှာပေါ့။
ကိုယ့်ကို မင်း Valentine အချစ်တွေ ဆက် ပို့ပေးနေဦးမှာလား၊ မွေးနေ့လက်ဆောင် ဝိုင်ပုလင်းနဲ့လေ။
တကယ်လို့ မနက် သုံးနာရီ ထိုးကာနီး တစ်ဆယ့်ငါးမိနစ်အထိ ကိုယ် အပြင်ထွက် လည်ပတ်နေရင်၊ တံခါးကို မင်း သော့ခတ် ပစ်မှာလား။
မင်း ကိုယ့်ကို လိုအပ်ဦးမှာလား။ မင်း ကိုယ့်ကို ကျွေးထားဦးမှာလား။
တချိန် ကိုယ် ခြောက်ဆယ့်လေး ဖြစ်ခဲ့ရင်လေ။

1 comment:

Moe Cho Thinn said...

၆၄ မက အသက်အရှည်ကြီး နေရပါစေလို့ ဆုတောင်းပါတယ် မမရေ..
အသက်ရှည်သလောက် အဓိပ္ပါယ်ရှိရှိ တန်ဖိုးရှိရှိ ကျော်ဖြတ်ရတဲ့ ကိန်းဂဏန်းတွေသာ ဖြစ်မှာကို ယုံကြည်လို့ တောင်းတဲ့ဆုပါလေ..