Sunday, April 7, 2013

ရွှေရောင်အိပ်မက်ထဲက သူငယ်ချင်းများ (၂)

“အရှေ့တန်းက ချီတက်သူတို့”

‘အာရ်အိုင်တီမှာ တစ်ဆောင်တည်းရှိတဲ့ ဂျီဟော ကျောင်းတော်သူ၊
 ပုံ မလာပါတယ် … တို့များ မုန်းတဲ့ ဝါဒင်ကြီးနဲ့ တူ။
 အစ်ကို ပြောပြမယ်၊ အို … ချောနှမရယ် တကယ်ပဲ နားထောင်ကွယ်၊
 စိတ်ကူး မလွဲနဲ့၊ တစ်ကိုယ်တည်းပဲ တကယ် … အပျိုကြီး လုပ်တော့ကွယ်။’

     ငယ်ငယ်တုန်းက ပထမဆုံး ဖတ်ဘူးတဲ့ ဆရာမ မစန္ဒာရဲ့ နာမည်ကျော် “ဂျီဟောသူ” ဝတ္ထုထဲက အဖွင့် စာသား ဖြစ်ပါတယ်။ အာရ်အိုင်တီ စက်မှုတက္ကသိုလ် ကျောင်းတော်သားကြီးတွေရဲ့ သူတို့ရဲ့ ရှားရှား ပါးပါး နှမတော် ကျောင်းသူတွေကို ရည်ညွန်း စပ်ဆိုထားတဲ့ သည် ကျောင်းတွင်းသီးသန့် စာချိုး ကလေးဟာ၊ ဟာသမြောက်သလို ချစ်စရာလဲ ကောင်းလွန်းတယ်။

     သည်စာအုပ် တအုပ်ထဲနဲ့ (ဆရာမ) မစန္ဒာကို အသဲထဲ စွဲသွားသလို အာရ်အိုင်တီကျောင်းတော်ကြီး ကို တက်ချင်စိတ်၊ ဝါဒင်ကြီးနဲ့ တူချင်စိတ်တွေ တဖွားဖွား ဖြစ်ခဲ့မိတယ်။

     ဒါပေမယ့် ကျွန်မ ကံဆိုးခဲ့ပါတယ်။

     ကလေးဘဝကတည်းက အခုချိန်ခါထိ ဘဝတလျှောက်မှာ အကြမ်းဖျင်း ပြောရမယ် ဆိုရင် လိုချင်တာလေးတွေ ရခဲ့၊ ဖြစ်ချင်တာလေးတွေ ဖြစ်ခဲ့တာ များခဲ့ဘူးတယ် ဆိုပေမယ့် အလွန် တက်ချင်ခဲ့တဲ့ အာရ်အိုင်တီ ကျောင်းတော်ကြီးကို တက်ခွင့် မရခဲ့ဘူး။ စက်မှုတက္ကသိုလ်ကျောင်းသူ ဖြစ်ခွင့် မရခဲ့ဘူး။ အာရ်အိုင်တီမူပိုင် စာချိုးထဲက ဝါဒင်ကြီးကိုလဲ တွေ့ခွင့် မြင်ခွင့် အတုခိုးခွင့် မရခဲ့ဘူး။

     ကျွန်မ ဆယ်တန်းအောင်တုန်းက နီးစပ်ရာသူငယ်ချင်းတွေ ဘယ်သူမှ အာရ်အိုင်တီ မလျှောက်ကြဘူး။ ကျွန်မတို့ ခေတ်ရဲ့ ထုံးစံလို့ပဲ ဆိုရမလား၊ ဆေးတက္ကသိုလ်နဲ့ သွားကောလိပ်ကို ထိပ်ဆုံးမှာ နံပါတ်တစ်နဲ့ နှစ်နေရာ ထည့်ရေးပြီးရင် မိန်းကလေး အများစု စီးပွားရေးတက္ကသိုလ်ကို တညီတညွတ်တည်း ရေးကြတယ်။ တချို့က ပညာရေးတက္ကသိုလ် ထည့်တယ်။ အင်္ဂလိပ်ဘာသာ အဓိက ရွေးတယ်။ ကျွန်မက စီးပွားရေးတက္ကသိုလ်လဲ စိတ် မဝင်စားဘူး၊ ကျောင်းဆရာမလဲ မဖြစ်ချင်ဘူး။

     နောက်တခု ပြောရရင် ကျွန်မ ငယ်ငယ်ကတည်းက လမ်းတွေ တံတားတွေ ကြည့်ပြီး ဘယ်လို ဆောက်ကြတယ်ဆိုတာ သိပ်သိချင်ခဲ့တယ်။ အာခီတက်ခ် ခေါ်တဲ့ အိမ်တွေ၊ အဆောက်အအုံတွေ ဒီဇိုင်း ဆွဲတဲ့ ပညာထက် လမ်းတွေ တံတားတွေ ဆောက်တဲ့ မြို့ပြအင်ဂျင်နီယာကို စိတ်ဝင်စားတယ်။ အမေနဲ့ အဖွားက မီးဖိုချောင်ထဲ ယောက်မကိုင်စေချင်ပေမယ့် ကျွန်မက အဖေ့နဘေး ကားဂိုဒေါင်ထဲမှာ ဝက်အူလှည့်တွေ၊ တူ၊ ပလိုင်ယာတွေနဲ့ ရှိနေတတ်တယ်။

     ဒါပေမယ့် ဘယ်လိုပဲ စိတ်ဝင်စား စား၊ ငယ်ငယ်ကတည်းက အပေါင်းနဲ့ အဖော်နဲ့ အမြဲ သွားလာ လှုပ်ရှားခဲ့၊ အိမ်ကလဲ အမြဲ သူတို့ အုပ်ထိမ်းမှုအောက်မှာ သိုသိပ်စွာ ထားခဲ့ခြင်း ခံခဲ့ရတော့ အိမ်နဲ့ အဝေးကြီးက စက်မှုကျောင်းတော်ကြီးမှာ တယောက်တည်း ကျောင်း သွား တက်ဘို့၊ အထူးသဖြင့် အမျိုးသား ကျောင်းသားတွေ အများစု ပညာသင်တဲ့ ကျောင်းကို တယောက်တည်း မသွားရဲ၊ အတန်း မတက်ရဲ၊ ပညာ မသင်ရဲ ဖြစ်ခဲ့တယ်။

     စက်မှုတက္ကသိုလ် အမှတ် မီနိုင်တဲ့ သူငယ်ချင်းတွေကို အာရ်အိုင်တီ လျှောက်ရအောင် အဖေါ် ညှိတော့ သူတို့တွေက အင်တင်တင်။ သူတို့ ကိုယ်တိုင်ကလဲ စိတ် မပါကြသလို သူတို့ အိမ်တွေကလဲ မတိုက်တွန်းကြဘူး။ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်က ၃ ခုပဲ ပေးလျှောက်တော့ ဆေးရယ်၊ သွားရယ် ပြီးရင် စီးပွားရေးဖြစ်ဖြစ်၊ ပညာရေးဖြစ်ဖြစ် ထည့်ပြီး အဲသည်တွေ ရောက်သွားသူတွေ ရှိတယ်။ ကျွန်မလို စီးပွားရေးရော၊ ပညာရေးရော စိတ် မပါသူတွေကျတော့ ဝိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ်မှာ သိပ္ပံဘာသာတွေထဲက အမြင့်ဆုံး ဓါတုဗေဒကို လျှောက်ကြတယ်။ အဲသည်ကမှ တဆင့် ကုန်ထုတ်ဓါတု တို့၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ သင်တန်းတွေ ဆက်တက်ဘို့ ကျိုးစားကြမယ်တဲ့။ ဘွဲ့ရပြီးရင်လဲ ထိုစဉ်က ခေတ် စားနေတဲ့ ဆေးသုသေသနတို့ ဘာတို့မှာ အလုပ် ရနိုင်သတဲ့။

     ကျွန်မ ဘယ်လောက်ပဲ ကျိုးစားဆွဲဆောင်ပေမယ့် သူတို့ပြောတဲ့ ပညာရပ်တွေက ထိုခေတ် မြန်မာပြည်မှာ ကျွန်မတို့လို မိန်းကလေးတွေ အတွက် ပို လက်တွေ့ ကျတယ်လေ။ ခုနှစ် နှစ်သမီး အရွယ် ကလေးဘဝ ကတည်းက တချိန်လုံး တတွဲတွဲ၊ လက်တွဲ မဖြုတ်တမ်း သင်တန်းတွေ အတူ တက်ခဲ့တဲ့ အမဝမ်းကွဲကလဲ စက်မှုတက္ကသိုလ်ထက် ဓါတုဗေဒက ပိုသင့်လျော်တာ ချက်နဲ့ လက်နဲ့ ပြောပြတယ်။

     အဝေးကြီးမှာ တက်ရမယ့် ကျောင်းကို အိမ်က နေ့တိုင်း လိုက်ပို့ ပြန်ကြို လုပ်နိုင်ပါ့မလား ထည့် စဉ်းစား၊ သူက ပြောတယ်။

     သူကတော့ ဘတ်စ်ကားနဲ့ တယောက်တည်းသွားရမှာ ကြောက်တယ်လို့ သတိပေးသလိုလို ခြောက် တယ်။

     အာရ်အိုင်တီမှာ တက်တာ ယောကျာ်းလေးတွေ များလို့ ဘယ်သူမှ ကျောင်းကားစီးမှာ မဟုတ်ဘူး။ သည်တော့ ကျောင်းကားလဲ မတွေးနဲ့။ ကျောင်းကားတွေက ရာဇူးနဲ့အီကို ပို့ပြီးရင် သမိုင်းကောလိပ်ဝင်း ထဲတင် ပြီးသွားမှာတဲ့၊ အမှန်တရား ဆိုပြီး သူပဲ အပိုင်သိသလိုလို ဆိုတယ်။

     တယောက်တည်း နေ့စဉ်နေ့တိုင်း မနက်၊ ညနေ၊ ဘတ်စကား (၈ ကားလိုင်း ထင်ပါတယ်) ကို တိုးခွေ့ ရပ်စီးနိုင်ရင် လျှောက် တဲ့။ သူကတော့ အိမ်ကိုလဲ ဒုက္ခ မပေးချင်ဘူး၊ သူလဲ ဘတ်စ်ကား တိုး မစီးနိုင်ဘူး။ အမြန်ကားနဲ့ ဆိုလဲ တနေ့  ၂ ကျပ်ဆိုတာ တပတ်ကို တစ်ဆယ် ဖြစ်နေပြီ။ မုန့်ဟင်းခါး တခွက် တစ်ကျပ်၊ အချဉ်ထုတ် တထုတ် တမတ်ခေတ်မှာ အိမ်ကနေ ကမာရွတ်လမ်းဆုံ အထိ ဘတ်စကားခက ပြားနှစ်ဆယ်ပဲ ပေးရတယ်။ ကံကောင်းလို့ ကားကြုံရှိရင် တပြားမှတောင် ကုန်မှာ မဟုတ်ဘူး။ လက် တွေ့ကျကျ စဉ်းစား၊ ရာဇူးပဲ လျှောက် … အကြံပေးသလိုလိုနဲ့ အတင်း တိုက်တွန်း တော့တယ်။

     ကျွန်မ အိမ်ကလဲ အင်တင်တင်။ စက်မှုတက္ကသိုလ် လျှောက်ရမလား မေးတော့ တကယ် ဝါသနာ ပါလို့လား တဲ့။ အိမ်က မေးတာလဲ သဘာဝ ကျတယ်။ အခု ပြန် စဉ်းစားမိတော့ တကယ် တက်ချင်ရင် ဘယ်သူဘာပြောပြော၊ အမဝမ်းကွဲ ပြောသလို ကျွန်မ ဘတ်စကား တိုးဝှေ့ စီးပြီး တက်ခဲ့မှာပေါ့။ ကိုယ် ကလဲ ဆရာမ မစန္ဒာကို အားကျလို့သာ၊ တကယ်ကျတော့ အာရ်အိုင်တီကို ချစ်တဲ့ စိတ်က စိတ်ရင်းမှန်ပုံ မရခဲ့ပါ။ (မှတ်ချက်။ ယနေ့ချိန်ခါ မွေးစားနိုင်ငံမှာ Mechanical Design Engineer ဖြစ်ခဲ့လို့ အာရ်အိုင်တီ ချစ်စိတ် မှန်ခဲ့ပါကြောင်း)

     ဒါနဲ့ပဲ အမဝမ်းကွဲနဲ့ အခြားသူငယ်ချင်းတွေနဲ့ အတူ ဓါတုဗေဒကို တတိယ ဦးစားပေး နေရာ ထည့် လျှောက်ခဲ့ပါတယ်။

     ဓါတုကလျာ ဖြစ်ခဲ့ပါတယ်။

     ဂျီဟောသူ မဖြစ်နိုင်ပေမယ့် စက်မှုကျောင်းတော်သူ မဖြစ်လိုက်ရတာကို စိတ်ထဲ မကြေမလည် ဖြစ်နေမိတဲ့ ကျွန်မကို အမဝမ်းကွဲက နောက်သလိုလိုနဲ့ အတည်လို ပြောတယ်။

     “အင်ဂျင်နီယာ မဖြစ်လဲ အရေးမကြီးပါဘူး ငါ့ ညီမရယ်။ စာ ကျက်ရတာ သက်သာတာပေါ့။ ကျောင်းသက် မရှည်ဘူးပေါ့။ အင်ဂျင်နီယာကတော် ဖြစ်အောင် လုပ်” တဲ့။

                             x                                                    x                                                       x

     အင်ဂျင်နီယာကတော် ဖြစ်ဘို့ဆိုတာ အင်ဂျင်နီယာနဲ့ အရင် ရည်းစား ထားဦးမှပေါ့။

     အင်ဂျင်နီယာ ဖြစ်နိုင်တဲ့ စက်မှုတက္ကသိုလ်ကျောင်းတော်သားနဲ့ ဇာတ်လမ်း စ ဦးမှပေါ့။

     တခြားသူတွေတော့ မသိ။ အင်ဂျင်နီယာ ကျောင်းသားနဲ့ အတွဲ ဖြစ်သွားတဲ့ သူငယ်ချင်းတွေ ရှိပေမယ့် ကျွန်မကတော့ စက်မှုကျောင်းသားတွေနဲ့ နီးစပ်ခဲ့ရပုံက တမျိုး။

     ငယ်စဉ် ကလေးဘ၀ မူလတန်းကျောင်းသူ သုံးတန်းကနေ အထက်တန်း ထွက်တဲ့ ဆယ်တန်း ကျောင်းသူအထိ အကသင်တန်းတွေနဲ့ လုံးလည် ချာလည် လိုက်ခဲ့တဲ့ ကျွန်မဟာ ဆယ်တန်းအောင် တာနဲ့ လွတ်ပြီ ကျွတ်ပြီဟေ့ ဆိုပြီး ထမသိမ်း နဲ့ ခါးတောင်အင်္ကျီတွေကို ကုတင်အောက်က သေတ္တာ အောက်ဆုံးအထဲ ထိုးထည့်လိုက်ပါတယ်။ ပုလဲပုတီးကုံးတွေ ပြိုးပြိုးပြက်ပြက်ကျောက်အတု လည် ဆွဲ၊ နားကပ်၊ လက်ကောက်တွေကိုလဲ ဘူးတခုထဲထည့်ပြီး မှန်ဘီဒို အနောက်ဆုံး ထောင့်ကို ရွှေ့လိုက်တယ်။

     ကတတ်တာ အကြောင်းသိသူတွေက တက္ကသိုလ် အနုပညာအသင်းကို လာဘို့၊ အသင်းဝင်ဘို့ ဘာညာပြောပေမယ့် အာရ်စီ ခေါ်တဲ့ ကျောင်းသားအပန်းဖြေရိပ်သာထဲ ရောက်ရင် ကျွန်မ ဘောလီဘောပွဲတွေပဲ ထိုင် ကြည့်တတ်တယ်။ အားကစားကွင်းတွေ အနားက မခွာတော့ဘူး။

     ရာဇူးထဲ လာလည်တဲ့ အာရ်အိုင်တီစက်မှုကျောင်းတော်သားကြီးတွေ ကျွန်မကို တွေ့တော့ ချဉ်းကပ် လာတယ်။ သူတို့ ကျွန်မကို မျက်စိကျပုံက တမျိုး။

     “ဟော်ကီ ကစားမလား” တဲ့။

     မြန်မာပြည်ရဲ့ မြို့တော် မဟာရန်ကုန်မှာ ရှိ ရှိသမျှ တက္ကသိုလ်တွေ (ဆေး၊ သွားဘက်ဆိုင်ရာ၊ စီးပွား ရေး၊ စက်မှု၊ ဝိဇ္ဇာနဲ့ သိပ္ပံ) အားလုံးပေါင်းပါမှ မိန်းကလေး ဟော်ကီအသင်း တသင်းစာ မပြည့်ချင် ပြည့် ချင်ရယ်။ ဟော်ကီဆိုတာ မြန်မာပြည် အမျိုးသမီး အားကစားလောကမှာ ရေပန်း မစား၊ လူသိ မများ။ ကျွန်မထင်တာ အသင်း လေး၊ ငါး သင်းပဲ ရှိမယ် ထင်တယ်။

     တပ်မတော်ကိုယ်စားပြု အသင်းတွေရယ်၊ တောင်တန်းပြည်နယ်တွေက အသင်းတွေရယ်နဲ့ ကျွန်မတို့ မရှိ ရှိတာနဲ့ အတင်း စုပေါင်း ဖွဲ့ထားရတဲ့ ရန်ကုန်တက္ကသိုလ်ပေါင်းစုံ အမျိုးသမီးအသင်းပေါ့။

     ဟော်ကီဆိုတော့ အိမ်က အင်တင်တင်။ မကစား စေချင်ဘူး။

     အမေကတော့ ထုံးစံအတိုင်း သူ့သမီး မဂျမ်းတောကို မိန်းကလေး ဆန်ဆန် သိမ်သိမ်မွေ့မွေ့နဲ့ သူ့လို နူးနူးညံ့ညံ့လေး ဖြစ်စေချင်တယ်။ အနုပညာ အသင်း ဝင်ပြီး ဆက် ကပါလား သမီးရယ်။ တသက်လုံး သင်ခဲ့ တတ်ခဲ့တဲ့ အကပညာတွေ နှမျောစရာ တဲ့။ အဖေကကျတော့ ဟော်ကီက ကြမ်းတယ်။ သမီးက လူကသာ လူကောင်ထွားထွား၊ အသဲက နုနုရယ် ပြောတယ်။

     သူ့သမီးအကြောင်း အဖေ အသိဆုံးပေါ့။

     နေ မကောင်းရင်၊ ဆရာဝန်ဆီ ပြရင် ဆေးထိုးခံရမှာ ကြောက်လို့ နေမကောင်းတာကို ဘယ်တော့မှ မပြောပဲ ကြိတ် ခံတတ်သူ။ လူကြီးတွေ မသိအောင် အကိုက်အခဲ ပျောက်ဆေး ခိုး သောက်ပြီး ကိုယ့် ဘာသာ ဒေါက်တာရမ်းကု လုပ်တတ်သူ။

     အမှား တခုခု လုပ်မိရင်လဲ အခြေအနေ မကောင်းတာ၊ အရိုက် ခံရတော့မယ် ကြို သိတာနဲ့ နာမှာ ကြောက်ပြီး အရင် ဦးအောင် တဗြဲဗြဲ ငိုတတ်လို့ ဆူမယ့် ရိုက်မယ့် လူကြီးက ပြန် ချော့ရတာ အမြဲ။ သည်တော့ အဖေက မဖြစ်ပါဘူး ခေါင်းခါတယ်။

     ဒါပေမယ့် အကိုလတ်သူငယ်ချင်း ကိုဖိုးသံ (ကိုတင်ဦးသိန်း) က အတင်းကို ဆွယ်တရား ဟော တော့တာပဲ။ အာရ်အိုင်တီကို မတက်ရလဲ၊ အာရ်အိုင်တီကျောင်းသူ မဖြစ်ရလဲ အာရ်အိုင်တီကျောင်းက အကိုကြီးတွေက ကစားစေချင်တာ၊ သူတို့စကား နားထောင်လိုက်ပါ့မယ်ဆိုပြီး ကျွန်မ ဟော်ကီ ကစား ခဲ့တယ်။ ခြေသလုံး ညို့သကျည်းကို တုတ်နဲ့ ဖြတ် အရိုက် ခံရတိုင်း နာလွန်းလို့ ငိုပြီး အသင်းက ထွက် ချင်ပေမယ့် ကစားဖေါ်တွေ (အေမီဆွေတို့) အားပေးကောင်း အချော့ကောင်းလို့ ဆက်ကစားလိုက်တာ ဆုတွေ ဘာတွေ ရလို့။

     သည်တော့လဲ အနာ ခံရသမျှ မေ့ပျောက်ပြီး ငွေတံဆိပ်လေး ကိုင် တပြုံးပြုံး ကျေနပ်လို့ပေါ့။ မျက်မှန်ကြီး တဝင်းဝင်းနဲ့ သိမ်ဖြူကွင်းကို လိုက် လိုက် ပို့ရတဲ့ အဖေလဲ အမော ပြေသပေါ့။ သမီးကို ဂုဏ်ယူ ကျေနပ်တာပေါ့။ သုံးသင်းပြိုင်တာ ဒုတိယ ရတာ နည်းသလား။

     သည်အကြားထဲ အထင်ကြီးခဲ့မိတဲ့ အာရ်အိုင်တီကို စိတ်နာစရာ တခုကလဲ ဖြစ်လိုက်သေး။

     ဓါတုဗေဒမှာ ပထမတနှစ် အတူတက်ပြီးမှ ဒုတိယနှစ်မှာ အာရ်အိုင်တီ ပြောင်းတက်ခွင့်ရသူ သူငယ် ချင်းမ တယောက်က ဖိတ်ခေါ်လို့ စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးကို ကျွန်မတို့ သူငယ်ချင်း တစု အလည် ရောက်သွားခဲ့တယ်။

     သူငယ်ချင်းမက ကျောင်းထဲမှာ လိုက်ပြတယ်။ သည်ဟာက ဘာ၊ ဟိုမှာက ဘာ၊ နာမည်ကျော် ဂျီဟောဆောင်က ဟိုး ….  ဘက်မှာ၊ ခဏနေရင် စားသောက်ဆိုင်တန်း မုန့် လိုက်ကျွေးမယ် ဆိုနေရင်းနဲ့ ဟော်ကီကစားတုန်းက သိခဲ့တဲ့ အကိုကြီးများနဲ့ တွေ့ ပါတယ်။ သူတို့က ပဉ္စမနှစ် လို၊ နောက်ဆုံး နှစ်လို အတန်းတွေက။ နှုတ်ဆက်စကား ပြောရင်းနဲ့ တခြား ကိုယ်သိတဲ့ အသင်းက အကိုကြီးတွေရော မေးတော့ သူတို့က အဆောင်တဘက်က စာသင်ခန်းတွေ လက်ထိုးပြပြီး ‘ဟိုက အတန်းတွေမှာ’ တဲ့။ တွေ့ချင်လို့လား ပြန် မေးတော့ ကောင်းသားပဲပေါ့။ ရောက်တုန်းပေါက်တုန်း တွေ့လိုက်၊ နှုတ်ဆက်လိုက် ဆိုပြီး သူတို့ကလဲ တိုက်တွန်းတယ်။

     ‘ဟိုးက အတန်းတွေပဲ။ သည် အလယ် ဖြတ်လမ်းအတိုင်း တည့်တည့်သာ လျှောက်သွား’ တဲ့။ လေးထောင့်ပါတ်လည် ကျောင်းဆောင်တန်းကြီးတွေ အလယ်၊ မြက်ခင်းပေါ်မှာ အလျားလိုက် လူသွား လမ်းလေးကို ညွှန်ပြပြီး သွားခိုင်းတယ်။ စာသင်ခန်းတွေ နဘေးက ဖြတ် လျှောက်ရင် စာသင်ချိန်၊ သူများတွေ အနှောက်အယှက်ဖြစ်မှာ စိုးလို့ သူတို့ ပြောသလို မြက်ခင်း အလယ်က ဖြတ်လမ်းအတိုင်း လျှောက်ဘို့ ကျွန်မတို့ ဟန်ပြင်တယ်။

     အာရ်အိုင်တီရောက်သွားတဲ့ သူငယ်ချင်းမကြီးစာက တွန့်ဆုတ်ဆုတ်နဲ့ “ငါ လိုက်ခဲ့မယ်။ နင်တို့ သွားနှင့်” တဲ့။

     ဒါနဲ့ ကျွန်မတို့ ရာဇူးက လာလည်တဲ့ မိန်းကလေး ငါးယောက်၊ မြက်ခင်း အလယ်က ဖြတ် လျှောက် ကြတယ်။ အဆောင် အဆောက်အဦး အောက်ကနေ မြက်ခင်းပေါ် ဆင်းလို့ ခြေလှမ်း နှစ်လှမ်း လားပဲ လှမ်းရပါသေးတယ်၊ အထပ်တိုင်း အထပ်တိုင်း လေးဘက်လေးတန် စာသင်ခန်းတွေ အထဲက ကျောင်း သားတွေ အကုန်လုံး ပြုံအော ထွက်လာကြပြီး တဝေးဝေး တဝါးဝါး ဝိုင်း အော်ကြပါလေရော။ ကျွန်မတို့လဲ အော်သံတွေကြောင့် ရုတ်တရက် ကြောင်သွားတယ်။ ဘာဖြစ်တာလဲပေါ့။ နောက်ထပ် ခြေလှမ်း သုံးလှမ်းလောက် လှမ်းပြီးကာမှ သဘော ပေါက်တယ်။ ဒါ ကိုယ်တို့ အဖွဲ့ကို ဝိုင်း အော်နေကြတာပဲ ဆိုတာ။

     အနောက်က သူငယ်ချင်း သုံးယောက်က အနောက်ဘက်လှည့် ပြန်ပြေး၊ အဆောင်အောက် ပြန် ဝင်သွားပါပြီ။

     ကျွန်မလဲ ထူပူပြီး ဘာလုပ်ရမှန်း မသိ။ ရုပ်ရှင်တွေထဲက ရိုမန် အင်ပါယာခေတ်က Colosseum ကွင်းကြီး အလယ် ရောက်သွားသလိုပဲ။ အရပ်လေးမျက်နှာ ပတ်ပတ်လည်က ပရိသာတ်တွေ ကွင်းအလယ်ကို အာရုံ စိုက်ပြီး ဝိုင်း အော်နေကြသလိုပဲ။ တခုပဲ ကွာတာက ကျွန်မတို့ လက်ထဲမှာ ဘာ လက်နက်မှ မရှိ။ ကျွန်မတို့က Gladiators ဂလက်ဒီရေတာတွေ မဟုတ်။

     အာရ်အိုင်တီရောက်သွားတဲ့ ကျွန်မတို့ သူငယ်ချင်းမလေးက တကူးတက လာလည်တဲ့ ကျွန်မတို့ သူ့ဆီ အလည်လာရကျိုး နပ်ချင်စရာ အဆောင်ထဲကနေ ပြုံးဖြီးဖြီးနဲ့ ကြည့်နေတယ်။ သူ့ကျောင်းနေဘော် ကျောင်းနေဘက် အသစ်တွေ ပျော်ရ၊ ဟားရအောင် ရာဇူးက သူငယ်ချင်းဟောင်းတွေကို ရောင်း စားလိုက်ပြီ ဆိုတာ သဘောပေါက်မိပါပြီ။

     စိတ်တိုစွာနဲ့ သူ့ကို သွား တီးမယ်ဆိုပြီး အဆောင်ထဲ ပြန်ဝင်ပြေးမယ် ဟန်ပြင်တော့ ဘေးက သူငယ် ချင်းက ကျွန်မ လက်ကို ဆောင့်ဆွဲခေါ်တယ်။

     “လာ၊ ဆက် လျှောက်မယ်” တဲ့။

     တဝူးဝူး တဝါးဝါး အော်ဟစ်သံတွေ အကြားကနေ လွယ်အိတ်ကြိုးကို တင်းတင်း ဆုတ်ကိုင်ရင်း တည်တည်ငြိမ်ငြိမ်နဲ့ခြေလှမ်းမပျက် လမ်းအဆုံး တဘက်အဆောင်ထဲရောက်တဲ့အထိ ကျွန်မတို့ ဆက် လျှောက်ခဲ့တယ်။ နောက်မှသိရတာက ဒါ သူတို့ကျောင်းထုံးစံ တဲ့။ အဲသည်အလယ်လမ်း၊ သြဘာလမ်း ကို လူဖြတ်တိုင်း တကျောင်းလုံး အတန်းရှိ လူကုန် ထွက်အော်ကြ၊ အားပေးကြတာ၊ ဆရာတွေပါ မနိုင် လို့လား၊ သူတို့ကိုယ်တိုင် ကျောင်းသားစိတ် မပျောက်သေးလို့လား မသိ။ ထွက် အော်တဲ့ အမောင် ကျောင်းသား တို့ကို စိတ်ရှည်စွာ လွှတ်ပေးထားတတ် သတဲ့။

     မှတ်မှတ်ရရ အာရ်အိုင်တီ ဓလေ့ကို ဖြည့်ပေးခဲ့ရဘူးပါတယ်။

                    x                                                      x                                                       x
 
     နောက်တခု အာရ်အိုင်တီကို မှတ်မှတ်ရရ ဖြစ်စေတာက ကျွန်မ မောင်ငယ် စက်မှုတက္ကသိုလ် ကျောင်းသား ဖြစ်ချိန်ပါ။

     သူ အာရ်အိုင်တီကျောင်းသား ဖြစ်ပြီးကတည်းက ကျွန်မတို့အိမ်ကို ဖုန်းတွေ လာတာ များသလို တခါတလေလဲ ထူးထူးဆန်းဆန်း ဖုန်းတွေ ဖြေရတတ်တယ်။

     “ကလင် ကလင်”

     “ဟဲလို”

     ဖုန်းလာတော့ ထုံးစံအတိုင်း ညီမငယ်က သွားဖြေတယ်။

     “မရှိပါဘူး။ ဖုန်း မှားနေတယ် ထင်တယ်”

     ဖုန်း ပြန်ချအပြီးမှာ တခါ ဖုန်းက မြည်လာပြန်တယ်။ ညီမငယ်ကပဲ သွက်သွက်လက်လက် ထ ဖြေတယ်။

     “မရှိပါဘူး။ အဲသည်နာမည်နဲ့လူ သည်အိမ်မှာ မနေဘူး။ ဖုန်း မှားနေပြီ”

     သည်လို ဖုန်းတွေက တခါလဲ မဟုတ်၊ တရက်လဲ မဟုတ်။ နေ့စဉ်ရက်ဆက် ဆိုသလို အခါခါ လာနေတယ်။

     “ကုလားလူမျိုးတယောက်ယောက် အိမ်နဲ့ မှား ခေါ်နေပြီ ထင်တယ်။ မူတူး ရှိလားချည်းပဲ မေးနေတယ်”

     သည်တော့မှ အာရ်အိုင်တီ ကျောင်းသားကြီး ကျွန်မ မောင်ငယ်က ခေါင်းမော်ကြည့်ပြီး သူ့ ညီမကို ပြောတယ်။

     “ဟဲ့ အဲဒါ ကိုလေးဆီကို ခေါ်နေတာ။ နောက်တခါ ကိုလေးကို ပေး”

     “ကိုလေးကလဲ ဖုန်း မှားတာပါဆို။ မူတူး ရှိသလား မေးတာ”

     “အေးပါ၊ ဟုတ်ပါတယ်။ အဲဒါ ချစ်တီးတို့ ခေါ်နေတာ။ ကိုလေးဆီ လာတဲ့ ဖုန်း”

     သည်တော့မှ အဖေက ဇဝေဇဝါ မျက်နှာနဲ့ သူ့သားအငယ်ကို ကြည့် မေးလာတယ်။

     “ဟေ … ဒါဆိုရင် ဟိုတနေ့က အဖေ့ကို ဦးဆာမိလား ဆိုပြီး ခေါ်လာတာ မင်းသူငယ်ချင်းတွေ ပဲပေါ့။ မူတူး ရှိသလား ဆိုတော့ အဖေက မူတူး မရှိဘူး၊ မင်းတို့ ဖုန်းမှားနေပြီ ပြောတော့ မမှားပါဘူး။ ကျွန်တော်တို့ ဦးဆာမိ အိမ်ကိုပဲ ဖုန်းခေါ်တာပါ။ အန်ကယ်ဆာမိ နေကောင်းတယ်နော် ပြောသွားတယ်။”

     ကျွန်မ မောင်ငယ် အာရ်အိုင်တီ ကျောင်းသားဖြစ်ကာမှ အဖေလဲ ဦးအောင်ညွန့်ကနေ ဦးဆာမိ ဖြစ်ရတော့တယ်။ အမေသာ ဖုန်းကိုင်ရင် စောမြဝတီတယောက် ဒေါ်ခါတမာဘီဘီ ဖြစ်ဦးမလား မသိ။ ညီမလေးကတော့ အမြဲ ဖုန်းထ ဖြေသူမို့ လက်ချမီး ဖြစ်ကောင်း ဖြစ်ခဲ့ပါမယ်။

     ကျွန်မမောင်ငယ်က အသား ညိုညို၊ မျက်လုံးမျက်ဖန် ကောင်းကောင်း၊ နှာတန် ပေါ်ပေါ် ၊ ဆံပင် ကောက်ကောက်နဲ့ ကုလားဆင်လေးမို့ သည်နာမည် ရခဲ့ပေမယ့် သူ့သူငယ်ချင်း စက်မှုတက္ကသိုလ်ကျောင်းတော်သားတွေ အားလုံးလဲ နာမည်သစ် ကိုယ်စီ ရှိကြပါတယ်။ တချို့ဆို ကျောင်းသာ ပြီးသွားတယ်၊ လေး၊ ငါးနှစ် မက အိမ်ကို လာကြ၊ ဝင်ထွက်နေတာ တွေ့နေ၊ မြင်နေပေမယ့် ယနေ့ထိ ကျွန်မ နာမည်အမှန် မသိသူတွေ ရှိတယ်။

     တခါ အိမ်မှာ သူတို့တွေ စာ စုဖတ်ကြတယ်။ မောင်လေး အိပ်ခန်းထဲကနေ ထွက် လိုက်၊ ဝင် လိုက်၊ ထမင်းစားခန်းထဲ လာ စားလိုက်ကြနဲ့ သူတို့ထဲက တယောက်က ဖြူဖြူသွယ်သွယ် ခပ်မိမိ ပုံစံလေး။ ကျွန်မနဲ့ ဆုံမိရင် ပြုံးပြတတ်ပေမယ့် ဘာစကားမှ မပြောမိကြ။

     ကျွန်မက မောင်လေးကို မေးမိတယ်။ ‘ဟဲ့ နင့်သူငယ်ချင်း အဲသည်တယောက်က ဘယ်သူလဲ’ ပေါ့။

     ရွှေကိုယ်တော် ဖြေလိုက်တဲ့ နာမည်က ‘ဗိုလ်ကြက်ဥ’ တဲ့။

     စိတ်ထဲ မိတယ် ထင်နေမိတာလေး ဘယ် ရောက်သွားမှန်း မသိ။

     ‘ဟဲ့ နောက် မနေနဲ့၊ ငါ အကောင်း မေးတာ’ … ထပ်မေးတော့ ‘သည်ကလဲ အကောင်း ဖြေနေတာပဲ။ သူ့နာမည် ဗိုလ်ကြက်ဥ’ တဲ့။

     တော်ပါပြီ၊ ထပ် မမေးတော့ဘူး ဆိုပြီး နေလိုက်တယ်။

     တနေ့ ကျွန်မ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ဘို့ မြို့ထဲအသွား ဗိုလ်ချုပ်ဈေး ဝင်၊ ဟိုလျှောက် သည် လျှောက် လုပ်ပြီး နေ့လည်စာ ဝင်စားကြတယ်။ ကျွန်မတို့ ခေါက်ဆွဲသုတ် စားနေတုန်း သူငယ်ချင်း တယောက်က လက်တို့ပြီး ဟိုဘက်ဆိုင်က ကောင်လေးတယောက် ငါတို့ကို (check) ချက်နေတယ်ပေါ့။ လှမ်းကြည့်လိုက်တော့ အိမ်ကို လာဘူးတဲ့ မောင်လေးသူငယ်ချင်း ခပ်မိမိတယောက်။ သူက တဘက်ဆိုင်မှာ။ ကျွန်မနဲ့ အကြည့်ချင်းဆုံတော့ သူက ပြုံးပြတယ်။ ‘အဲဒါ ငါ့မောင်လေး သူငယ်ချင်း’ ဆိုတော့ ကျွန်မ ဘော်ဒါတွေက ‘ဟယ် မိုက်တယ်' ပေါ့။ သူက သူစားနေတဲ့ ဆိုင်ကနေ စားအပြီး ပြန်အထွက်မှာ ကျွန်မဆီ တကူးတက လာ နှုတ်ဆက်တယ်။

     သူ့ကို မှတ်မိလားပေါ့။ အမတို့ အိမ်ကို ကျွန်တော် စာလာဖတ်ရင်း ရောက်ဘူးတယ် တဲ့။ သည်တော့ ကျွန်မကလဲ မှတ်မိတယ်၊ ကိုသီရိ သူငယ်ချင်း မဟုတ်လား။ နေကောင်းလား၊ မတွေ့တာ ကြာပြီပေါ့။ သည်တော့ သူကလဲ ဟုတ်ကဲ့၊ စာမေးပွဲတွေ ဖြေပြီးကတည်းက မရောက်ဖြစ်ဘူး ပေါ့။ မေးကြ ဖြေကြပြီး ကျွန်မက ‘နေပါဦး၊ လူကိုတော့ မှတ်မိတယ်။ ဒါပေမယ့် နာမည် တခါမှ မမေးဖြစ်ဘူး။ နာမည် ဘယ်လို ခေါ်သလဲ’ မေးမိတယ်။

     “ကျွန်တော့ နာမည် ဗိုလ်ကြက်ဥ ခေါ် ပါတယ်”

     ပါးစပ် အဟောင်းသားနဲ့ ကျွန်မ ဘာ ပြန် ပြောရမှန်း မသိ ဖြစ်သွားချိန်၊ ကျွန်မ သူငယ်ချင်းတွေ တယောက် မျက်နှာ တယောက် ပြုံးစေ့စေ့နဲ့ ကြည့်မိချိန်မှာ သူက ခပ်တည်တည်နဲ့ ….

     “သွားဦးမယ် အမ ဇီးနတ်အမန်း”

     ကျွန်မကိုနှုတ်ဆက်ပြီး မလှမ်းမကမ်းမှာစောင့်နေတဲ့ သူ့သူငယ်ချင်းတွေရှိရာဘက်ထွက်သွားတယ်။ တလှမ်းချင်း မှန်မှန် လျှောက်သွားတဲ့ သူ့နောက်ကြောကို ကြည့်ပြီး ကျွန်မ သူငယ်ချင်းတွေနဲ့ အတူ ဝါး လုံးကွဲ အော်ရယ် မိကြတယ်။

     ကျွန်မကို နှုတ်ဆက်ရင်း သူ ခေါ်သွားတာက အဲသည်အချိန်၊ ၁၉၈၀ ခုနှစ်ပိုင်းတွေက နာမည် ကြီးနေတဲ့ နာမည်ကျော် အိန္ဒိယ ရုပ်ရှင်မင်းသမီး Zeenat Aman နာမည်။

     တော်သေးတာပေါ့။ ဒေါ်ခါတမာဘီဘီ နဲ့ ဦးဆာမိ သမီးပေမယ့် ဇီးနတ်အမန်း ဆိုတော့ သဘော တော့ ခွေ့သပေါ့။

     တကယ်ပဲ ဗိုလ်ကြက်ဥရဲ့ နာမည်အမှန်ကို ခုထိ မသိသလို မောင်လေး သူငယ်ချင်း အတော် များများကိုလဲ နာမည်မှန်တွေ မသိခဲ့ပါဘူး။ ခေါ်နေ ပြောနေကြတာတွေ ကြားရတာက မူတူးသူငယ်ချင်းတွေဆိုတာ ချစ်တီး၊ ကြွက်ပျင်း၊ သူကြီး၊ ဝက်ကြီး၊ နွားကြီး ဆိုတာတွေပဲ ကြားနေရတယ်။

     သီတင်းကျွတ် လပြည့်နေ့မှာ မွေးခဲ့လို့ အဖေနဲ့ အမေက ‘ဖိုးလပြည့်’ လို့ ချစ်စနိုး ငယ်နာမည် ပေးခဲ့တဲ့ ကျွန်မ မောင်ငယ်လည်း အာရ်အိုင်တီကျောင်းသား ဖြစ်ပြီးကတည်းက မူတူး နာမည်ရ၊ အိမ်မှာ ‘ဖိုးလ’ ခေါ်နေကြရာက ‘ကုလားလေး’ လို့ ချစ်စနိုး အခေါ်ခံ နေရတာ ယနေ့ထိပါပဲ။

                              x                                           x                                             x 
 
     မနှစ်က စက်တင်ဘာလ လကုန်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကား အနောက်ဘက်ခြမ်းကို အလည်လာမယ်ဆိုလို့ အယ်လ်အေမြို့မှာ လုပ်တဲ့ပွဲတင်မက ဆန်ဖရန်စစ်စကို မှာ ကျင်းပတဲ့ပွဲ အထိပါ တက်ရောက်ကြိုဆို အားပေးကြဘို့ ကျွန်မတို့ အားခဲ ပြင်ဆင် နေကြပါတယ်။

     စက်တင်ဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့မှာ မက်ဆိတ်ချ် ဝင်လာတယ်။
     “Mutuu got heart attack.  @ ICU now.” တဲ့။

     ကျွန်မမောင်ငယ် အသက် ငါးဆယ် ကျော်ရုံလေး ရှိပါသေးတယ်။

     ကျွန်မအဖေဘက်က နှလုံးရောဂါ ဖြစ်တတ်ကြတဲ့ မျိုးရိုးရှိပြီး အဒေါ်တွေဆို နှလုံးရောဂါနဲ့ ဆုံးခဲ့ကြတာ များတယ်။ အဖေကိုယ်တိုင်လဲ နှလုံးရောဂါနဲ့ အသက် ၆၄ မှ ဆုံးပေမယ့် ပထမဆုံး နှလုံးဖေါက်တာ အသက် ၅၀ ကျော်ရုံလေး ထင်ပါတယ်။

     ကျွန်မတို့ ဆန်ဖရန်စစ်စကိုပွဲကို သွားဘို့အစီအစဉ် ဖျက်လိုက်ပြီး မောင်ငယ်ရှိရာအရီဇိုနားကို လိုက် ဘို့ ပြင်ကြတယ်။ ဒါပေမယ့် လူနာက အရမ်းအားနည်းနေလို့ ICU ထဲမှာ၊ ဆရာဝန်က လူနာအခန်းထဲ ဘယ်သူမှ ပေး မဝင်သလို၊ လူနာက စကားလဲ မပြောနိုင်ဘူး။ ဆရာဝန်တွေတောင် သူ အသက် ဆက် ရှင်နေတာ အံ့သြယူရအောင် အရမ်း အားနည်းနေတယ် ဆိုပဲ။ သူ့ဘာသာ heart attack ရလို့ ရမှန်း မသိ။ အရင်တုန်းကဒဏ်ရာဟောင်းကြောင့်ရင်ဘတ်အောင့်တယ်ထင်နေတော့ ဆေးရုံသွားတာ အရမ်း နောက်ကျသွားတာပေါ့။ ဆယ်မိနစ်လောက် ပို နောက်ကျရင် အသက် ပါသွားလောက်ပြီ တဲ့။ ပွဲကိစ္စတွေလဲ ရှိတော့ မလာပါနဲ့၊ ပွဲပြီးမှ လာချင် လာပါ ပြောတယ်။ လူနာနဲ့ ဖုန်းပြောတော့ သူကလဲ အသံယဲ့ယဲ့လေးနဲ့ ‘မလာပါနဲ့ဦး’ ပြောရှာတယ်။

     အကိုအလတ် ဇနီးမောင်နှံက သူတို့ လိုက်သွားမယ် ဆိုပြီး ချက်ချင်း ထ လိုက်သွားပါတယ်။ ဒါနဲ့ ကျွန်မတို့လဲ ပွဲပြီးမှ သွားမယ် ဆုံးဖြတ်လိုက်တယ်။ အယ်လ်အေမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်ဖွား မိသားစုများ တွေ့ဆုံပွဲလုပ်တဲ့ အောက်တိုဘာ ၂ ရက်နေ့ မနက်မှာ သူ နှလုံးခွဲရတယ်။ (အား အရမ်းနည်းပြီး လူက ယဲ့ယဲ့ကလေးမို့ ဆရာဝန်က ချက်ချင်းမခွဲရဲပဲ အားပြည့်အောင် ရက် အနည်းငယ် စောင့်ခဲ့ရပါတယ်။)

     ခွဲစိတ်ခန်းထဲ မဝင်ခင် သူနဲ့ ဖုန်းပြောလိုက်ရတယ်။

     ‘စိတ်မပူနဲ့၊ ခွဲမယ့် ဆရာဝန်က တော်တယ် ပြောတယ်။ ခွဲပြီးရင် ကောင်းသွားမှာပါ။’ ကျွန်မကို သူက ပြန်နှစ်သိမ့်နေပါတယ်။ နှလုံးကိုခွဲတယ်ဆိုတာ ဆရာဝန် ဘယ်လောက် တော်တော်၊ အခြေအနေ ဘယ် လောက် ကောင်းကောင်း၊ ခွဲစိပ်မှုတွေ ရာခိုင်နှုန်းပြည့် အောင်မြင်တာမှ မဟုတ်တာ။ အနည်းအကျဉ်းသော ချို့ယွင်းမှုတွေ ရှိတယ်ဆိုတော့ တချိန်တခါမှာတော့ မှား မှာ၊ ဆုံးရှုံး မှာပဲလေ။ အဲသည် တချိန်တခါကို ဘယ်သူမှ မဖြစ်ချင်ပေမယ့် တဦးဦးမှာ ဖြစ်ခဲ့ဘူးလို့သာ ရာခိုင်နှုန်းပြည့် မအောင်မြင်တာ မဟုတ်လား။

     ကဲ သည်တော့ ဘယ်သူက အဲသည် တစိတ်တပိုင်း ရာခိုင်နှုန်းကို ကိုယ်စား ပြုမှာလဲ။

     သူရော ကျွန်မပါ နှုတ်က ထုတ်မပြောခဲ့ကြပေမယ့် အဲသည် စကားပြောချိန်လေးဟာ နောက်ဆုံး နှုတ်ဆက်တာ ဖြစ်ချင် ဖြစ်နေနိုင်တာ နှစ်ယောက်စလုံး စိတ်ထဲက သိနေခဲ့တယ်။

     နေ့လည် နှစ်နာရီ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဘို့ စောင့်ရင်း ကျွန်မ ရင်ထဲ တထိတ်ထိတ်။

     ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အနီးကပ် ကိုယ်တွေ့ မြင်ရမှာကို ရင်ခုန်နေမိ သလို၊ ခွဲစိပ်ခန်း အထွက်သတင်း မလာသေးလို့ စိတ်လဲ ပူနေမိတယ်။

     မတ်တပ် တန်းစီ ရပ်စောင့်နေရင်း အိတ်ထဲကဖုန်းကို မက်ဆိတ်ချ် ဝင်နေသလား ထုတ်ကြည့် မိတာ ခဏခဏ။

     ဒေါ်အောင်ဆန်းစုကြည် တက်ကြွစွာ ဝင်လာတာ မြင်လိုက်ရတာနဲ့ သူမရဲ့ ကြည်ကြည် လင်လင် အပြုံးအောက်မှာ အားလုံးကို ကျွန်မ မေ့သွားမိတယ်။ ပွဲအပြီးမှာ အကိုကြီးက လာပြောတယ်။ အကိုလတ်ဆီက ဖုန်းလာတယ် တဲ့။ ချောချော မောမော ခွဲလို့ ပြီးသွားပြီ။ ခွဲစိတ်ခန်းထဲက ထွက်လာပြီ။ ဒါပေမယ့် မေ့ဆေး မပြယ်သေး၊ သတိ မရသေးဘူး တဲ့။ စိတ် မပူနဲ့ ပြောတယ်။

     “မူတူး နိုးလာရင် ခေါ်ဘို့ ကိုလတ်ကို ပြောလိုက်ပါ။”

     အနှစ်သုံးဆယ်ကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် သူ့ သူငယ်ချင်းတွေ ပေးခဲ့တဲ့ နာမည်က ယနေ့ထိ တိုင် တွင်နေဆဲပါ။
     ကျွန်မ မောင်ငယ်  ‘မောင်မူတူး’ ……။

                              x                                            x                                             x

     မတ်လဆန်းက ကျွန်မမောင်လေး ဖေ့စ်ဘွတ်ခ်ပေါ်မှာ နာရေးကိစ္စ ဝမ်းနည်းကြောင်း ရေးထားတာ တွေ့ရတယ်။

     “သူငယ်ချင်း ပီတာညွန့် စောလျင်စွာ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း”

     ကျွန်မ သူ့ကို မေးမိတယ်။ ပီတာညွန့်ဆိုတာ ဘယ်သူလဲ ပေါ့။

     “ဖေသက်ညွန့်” တဲ့။

     ကျွန်မ မှတ်မိသလောက် သူ့အသိထဲ မှာ ဖေသက်ညွန့်ဆိုတာ တခါမှ ပြောသံ မကြားဘူးခဲ့။

     အသက်က ရလာတော့ ဦးနှောက်က သိပ် မသွား၊ မှတ်ဉာဏ်တွေက ခပ်ယဲ့ယဲ့။ အခု မိတ်ဆက် ပေးပြီး အခု ချက်ချင်း မေ့တတ်လွန်းလို့ နာမည် မေ့သွားမိတာလား ပြန် မေးမိတယ်။

     “ဖေသက်ညွန့် ဆိုတာ ဘယ်သူလဲ။”

     သည်တော့မှ မောင်လေးက ပြန်ရေးတယ်။

     “မောင်လေး သူငယ်ချင်းလေ။ အာရ်အိုင်တီက ချစ်တီး” တဲ့။

     အသက် ဆုံးကာမှပဲ သူ့သူငယ်ချင်းကို နာမည် အမှန် သိရတော့တယ်။

     ဘယ်လို ဖြစ်တာလဲ မေးတော့ “မောင်လေးလိုပဲ နှလုံးရောဂါ ဖြစ်တာ။ သည်ကောင်က ကံဆိုးတော့ အသက်ပါ ပါသွားတယ်။”  မူတူးလေသံက သူ ဘယ်လောက် ကံကောင်းခဲ့တယ် ဖေါ်ပြ နေပါတယ်။

     တကယ်လဲ ဟုတ်ပါတယ်။ သူ ဖြစ်ပြီး မကြာခင်မှာ အကိုအမတွေလို ခင်ရတဲ့ မိတ်ဆွေ စုံတွဲမှာ ခင်ပွန်းသည်ဟာ ကျွန်မမောင်လေးလိုပဲ ရင်ဘတ်အောင့်တော့ မိန်းမကို ဖုန်းခေါ်ပြီး ‘ငါတော့ နှလုံး ရောဂါ ဖြစ်ပြီနဲ့ တူတယ်။ ဆေးရုံ သွားနှင့်ပြီ၊ လိုက်ခဲ့’ ဆိုပြီး ကိုယ်တိုင် ကားမောင်းသွားခဲ့တယ်။ ခွဲစိပ်ခန်းအထဲ မဝင်ခင် ခွဲမယ့် ဆရာဝန်က အခြေအနေ ဖြစ်နိုင်ဘွယ်တွေ ရှင်းပြတော့ ‘မင်းကို ငါ ယုံတယ်။ လုပ်စရာရှိတာ လုပ်’ ဆိုပြီး ပေါ့ပေါ့ပါးပါး ပြောဆို၊ စိတ်လက် ပေါ့ပါးစွာနဲ့ ခွဲစိပ်မှုကို ရင်ဆိုင်ခဲ့တယ်။ အသက် ခြောက်ဆယ်ကျော် သူ့ပတ်ဝန်းကျင်မှာ သူလို ဖြစ်တာတွေ၊ ခွဲကြတာတွေ၊ ပြန် နေ ကောင်းသွားတာတွေတွေ့နေတော့ သူက နှလုံးခွဲဘို့ ခွဲစိပ်ခန်းထဲဝင်ရတာကို ထမင်းစားရေသောက်လို သဘော ထားနေပုံပဲ၊ စိတ် ပူပင်မှု မရှိခဲ့။

     ဒါပေမယ့်ဖြစ်ချင်တော့ ခွဲစိတ်ခုံပေါ်မှာတင်ခွဲစိပ်နေဆဲမထင်မှတ်တဲ့တခြားဖေါက်ပြန်မှုတွေကြောင့် သူ အသက် ဆုံးပါး သွားရတယ်။ သူ ယုံကြည်စိတ်ချခဲ့တဲ့ ဆရာဝန်လဲ မျက်စိအောက်တင် အစွမ်းကုန် ကျိုးစားခဲ့ပေမယ့် သူ့အသက်ကို မကယ်နိုင်ခဲ့ဘူး။

     နှလုံးရောဂါဆိုတာ အချိန်မီ သိပြီး ခွဲစိတ်ခန်းထဲ ခွဲဘို့ အခွင့်ရတာတောင် အသက် ဆုံးပါး တတ်တဲ့ ရောဂါကြီးပါ။

     မောင်လေးနဲ့ သူငယ်ချင်းတွေဟာ အသက် ၅၀ အစပိုင်းတွေမို့ ကျွန်မက ချစ်တီးကို အသေ စောတယ်၊ စိတ် မကောင်းဘူး ပြောမိတော့ သူက ပြန် ပြောတယ်။

     ‘ကြွက်ပျင်းလဲ ဆုံး သွားပြီ၊’ တဲ့။

     သူနဲ့ တနှစ်တည်း ကျောင်းနေဘော်တွေ ဆိုတော့ အသက်တွေက မတိမ်းမယိမ်း ဖြစ်မှာပေါ့။ သည်နေ့ အသက်ရှိခဲ့ရင် ငါးဆယ်ကျော်စတွေ ဖြစ်မှာပေါ့။ သူက ဆက်ပြီး အသက်ငယ်ပေမယ့် အရင် သွားနှင့်သူ နာမည်တွေ ရွတ်ပြနေပေမယ့် ကျွန်မ နားထဲ မကြားမိတော့ဘူး။

     ခေါင်းထဲမှာ တွေးနေမိတာက မူတူး သူငယ်ချင်းတွေ ….. ချစ်တီး၊ သူကြီး၊ ကြွက်ပျင်း၊ ဗိုလ်ကြက်ဥ၊ ဝက်ကြီး၊ နွားကြီး၊ လိပ်ပု၊ ခေါင်းကြီး၊ စာကလေး …. နောက် အများကြီး ရှိပါသေးတယ်။

     ငယ်ငယ်က ရယ်မော ပျော်ပါးခဲ့ကြတဲ့ လူငယ်ပုံရိပ်ကလေးတွေ တဖြေးဖြေး ဝါးကုန်ပြီ ပေါ့လေ။

     ကိုယ့်ထက် အသက် ငယ်ပေမယ့် ကိုယ့်အရှေ့က သွားချင်သူကြီးတွေ။

     နောင်ဘဝကျလဲ သူတို့ အာရ်အိုင်တီမှာ ဟေးလားဝါးလား ဆုံကြဦးမှာလား။

     ကျွန်မကတော့ နောင်ဘ၀ ရှိရင် ရန်ကုန်မြို့ ကြို့ကုန်းက အာရ်အိုင်တီကျောင်းတော်ကြီးကို တက်ချင်ပါတယ်။
- အာရ်အိုင်တီ ကျောင်းသူ၊ ဂျီဟောသူ ဖြစ်ဘို့ နာမည်ဝှက် ရှာရပါဦးမယ်။
- စာဥ ဆိုရင် ကောင်းမလား၊ ဂျမ်းဘုံ ဆိုရင် ပို သင့်လျော်မလား။
- တချို့က ပြောလိမ့်မယ် … မဘုတ်ဆုံ ... လား၊ စည်ပိုင်း ... လား လို့။ 


လေးစားစွာဖြင့်၊
မာလုစံ
ဧပြီလ ၂ ရက် ၂၀၁၃





2 comments:

Lorem Ipsum said...

ဂျီဟောသူက ပြန်ဖတ်ပြီး ဂျီဟောစိတ်နဲ့ရူးနေမိပြီ :D google လုပ်ရင်းတွေ့မိလို့ ဖတ်သွားပါတယ်..။ အားပေးနေပါတယ်

မာလုစံ said...

အားပေးတာ ကျေးဇူးတင်ပါတယ်။ ဂျီဟောသူဆိုလို့ မနာလို ဖြစ်မိပါကြောင်း ....