Sunday, October 20, 2013

ရင်ထဲက ဝတ္ထု တပုဒ်

(Reposted with Unicode on July 25th, 2025)

(မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၅ခု စက်တင်ဘာလ၊ အမှတ် ၁၄)
၁၉၈၅ ခုနှစ် စက်တင်ဘာလ ထုတ်၊ မဟေသီ မဂ္ဂဇင်း၊ အမှတ် ၁၄ တွင် ပါရှိခဲ့သော စာမူလေးအား ပြန်လည် တွေ့ရှိခြင်း အမှတ်တရ။
ရပ်ဝေးကို စွန့်ခွာသွားသူ၏ စာမူပါမဂ္ဂဇင်း အချို့ကို နှစ်အစိပ် (၂၀၁၁) ကျော်အောင် မပျောက်မရှ ထိန်းသိမ်းထား ပေးခဲ့သော ချစ်မိခင် စောမြဝတီနှင့် ချစ်ညီမငယ်လေး ယုကိစံ အား အထူး ကျေးဇူး တင်ရှိပါကြောင်း။

ညက အိပ်မက် မက်သည်။ တရေးနိုး ညဉ့်အလယ် မှောင်မည်းမည်းမှာ တယောက်တည်း ပြုံး မိရသေးသည်။ ချက်ချင်းပြန်အိပ်လျှင် မေ့သွားမည်စိုး၍ မက်ခဲ့သော အိပ်မက်ကို အစမှအဆုံး သုံး လေးခေါက် ပြန် စဉ်းစားရသည်။

မဖြစ်နိုင်သော အိပ်မက်မို့ သူများတွေ ကြားလျှင် ရယ်ပွဲ ဖွဲ့ကြမည်မှာ အမှန်ပင်။ ဒါပေမယ့် ဖြစ်စေချင်သော အကြောင်းမို့ မိမိဘာသာ တွေးပြီး ကျေနပ်မိရသည်။

အိပ်မက်အကြောင်း မပြောခင် ပြောချင်တာလေးတွေ အလျင် စလိုက်ရအောင်လား။

          -            -            +            -            -            +            -            -        

လွန်ခဲ့သော နှစ်များစွာ (ဆယ်နှစ်ကျော်ကာလ) မြန်မာနိုင်ငံမှာ စတီရီယိုဂီတခေတ်ဦးပိုင်းဟု ခေါ်ရမည့် ၇၀ ခုနှစ် အစပိုင်း အချိန်များက ဖြစ်ပါသည်။ 

ထိုစဉ်က သီချင်း စ နားထောင်တတ်ကာစ အသက် ဆယ်နှစ်ပတ်ဝန်းကျင် ကလေးအရွယ် ကျွန်မတို့မှာ ယနေ့ခေတ် ကလေးများလို လှိုင်းသစ် ဂီတမှာ ယစ်မူးခဲ့ဘူးပါသည်။

မြန်မာ့ သီချင်း ဂီတဟူသည် အမျိုးမျိုး ရှိပါသည်။ သီချင်းကြီး၊ ပတ်ပျိုး၊ ဘောလယ် ဆိုတာတွေ။ မြန်မာသံ စစ်စစ်၊ ကျေးလက်တေး အပြင် အနှစ် နှစ်ဆယ်တေး၊ ကာလပေါ် တေးသီချင်းများ။ မြန်မာ့အသံမှ ခေတ်ပေါ်တေးဂီတ နှင့် မြူးကြွကြွ ရုပ်ရှင်သီချင်းများ။

သည်လို အသွင်ကွဲပြားသော လက်ရှိ တေးဂီတလိုင်း များစွာအပြင် စတီရီယို ဟု ခေါ်သော ဂီတလိုင်းသစ် တလိုင်းကို ထိုအချိန်က လူငယ်တွေ အောင်မြင်စွာ လမ်းခင်းနိုင်ခဲ့ကြသည်။ နိုင်ငံခြားတေးသီချင်း သံစဉ်အတိုင်း သင့်လျော်သောစာသားများ ထည့်၊ တချို့က တိုက်ရိုက် ဘာသာပြန်သည်လည်းရှိသည်။ သံစဉ်ဂီတကိုတော့ မူရင်းသီချင်းနှင့် တသံတည်း ရအောင် တီးခတ်ပြီး သီဆိုကြသော သီချင်းများ စတီ ရီယိုလိုင်းမှာ အများဆုံး ပါဝင်ပါသည်။

အမှန်ကိုဝန်ခံရလျှင် ဂီတအကြောင်းကို နားထောင်ရုံ သက်သက်ကလွဲပြီး ကျွန်မ ကျွမ်းကျင်သူ မဟုတ် ပါ။ နားထောင် ကောင်းသည်၊ မကောင်းသည် ပြောတတ်ရုံကလွဲပြီး ဒို ရေ မီ ဖာ ကို အမြီး အမောက် တည့်အောင် ရွတ်တတ်သူ မဟုတ်။

ဒါပေမယ့် စတီရီယိုခေတ်ဦးက အဆိုတော်အတော်များများကို အားပေးခဲ့ဘူးပါသည်။ လက်ချိုး ရေနိုင်သော ခေတ်ဦး အဆိုတော်များမှ တယောက် စ၊ နှစ်ယောက် စ က လွဲလျှင် ကျန်သူများကို လူငယ် အတော်များများ၊ အားလုံးနီးပါးက လက်ခံခဲ့ကြသည်။

လူကြီးတွေကတော့ တီးမှုတ်သံတွေ ဆူလွန်းသည်၊ ဆိုသံ မပီမသမို့လို့ ဘာတွေ ဆို နေမှန်း မသိရ၊ ဗမာလို ဆိုတဲ့ သီချင်း ဗမာ နား မလည်ဘူး၊ ဘာညာ ကွိကွနှင့် အပြစ် ဆိုကြသေးသည်။

ထားပါတော့လေ။ ကျွန်မ ရေးချင်တာက စတီရီယိုလောက ဂီတ လေ့လာရေးစာတမ်း မဟုတ်လို့ လူတိုင်း သိပြီးတဲ့ ဒီအကြောင်းတွေ မပြောတော့ပါဘူး။ ကျွန်မပြောချင်တာက စတီရီယို ခေတ်ဦးက အဆိုတော် တယောက်ရဲ့ သီချင်းကလေး တပုဒ် အကြောင်းပါ။

အဆိုတော်က လူတိုင်း သိပြီးတဲ့၊ သိကြတဲ့ နာမည်ကြီး မင်းမင်းလတ်။

သူ သီဆိုခဲ့သော သီချင်းများ အားလုံးနီးပါး ယခုထိတိုင် ကျွန်မတို့၏ ရင်ထဲ စွဲနေဆဲ ဖြစ်သည်။ နောက်လူတွေ ဘယ်လို ပြန် ဆို ဆို၊ သူ့ ဆိုဟန်နှင့် သူ ကောင်းကြပေမယ့် နဂိုမူလ မင်းမင်းလတ်၏ ဆိုဟန်က ယခုထက်တိုင် နားထဲမှ မထွက်နိုင်သေးသည် အထိ ဖမ်းစားနိုင်ခဲ့သူ တယောက် ဖြစ်သည်။

ကော်ပီသံစဉ်တွေ သီဆိုပေမယ့် သီချင်းဖြစ်လျှင် ပြီးစတမ်း၊ စာသား ထည့် သီဆိုခဲ့သူ မဟုတ်။ ယနေ့တိုင် နာမည်ကြီးကြဆဲ ဖြစ်သည့် သူ၏ သီချင်းရေးဆရာများကလည်း လက်စွမ်း ထက်ခဲ့ကြသည်မို့ ဆယ်စုနှစ် တနှစ် ကျော်သည်အထိ သူ့သီချင်းများ မရိုးနိုင်သေး ဟု ထင်ပါသည်။

အဖွဲ့အနွဲ့ မလွန်ကျူးပဲ ရိုးရိုးလေး သီကုံးထားသော မင်းမင်းလတ်၏ နာမည်ကျော် သီချင်းများထဲမှ သီချင်းကလေး တပုဒ်ကဖြင့် ... ...

‘စာအုပ်ထဲမှာ သင်တဲ့၊ မယ်သီတာ ခိုးတာ ဘယ်သူလဲ၊
သူငယ်ချင်း ငယ်ရည်းစားက မေးတယ်။
ဒီလိုပါ မောင့် ချစ်တဲ့ ချစ်သူမေရယ်၊ ဒဿဂီရိ ဘီလူးတဲ့ ကွယ်။

ရည်းစား များများ ထားတဲ့သူကို၊ ဒဿဘီလူးနဲ့ တူသလို မျက်နှာ များကြတာကို ဆိုသတဲ့။
စဉ်းစဉ်းစားစား တွေးကြည့်ပါကွယ်၊ ဒဿမင်းနဲ့ တူမယ်၊ မျက်နှာ မများနဲ့နော် ကွယ်။

ဒီလို မဖြစ်ပါစေနဲ့၊ ဒီလို မဖြစ်အောင် နေကွဲ့၊
သူငယ်ချင်း ငယ်ရည်းစားလေးရယ်။
လိမ္မာပါ၊ နောက်တယောက်လည်း မချစ်စေချင်တယ်၊ သစ္စာတွေ မဖျက်နဲ့ ကွယ်။’
(စာသားမှားခြင်း၊ ကျန်ခြင်းများ ရှိပါက ခွင့်လွှတ်ပါရန်)

ဒီသီချင်းလေးတွင် 'သူငယ်ချင်း ငယ်ရည်းစား' ရယ်လို့ စာ ဖွဲ့ထားသဖြင့် သူငယ်ချင်းဘဝမှ တဆင့် တက်လာသော ချစ်သူများ ပေပဲပေါ့။ ဒီတော့ သမီးရည်းစား အချစ်တွင် ဖြူစင်သော ငါးရာ နှစ်ဆယ့်ရှစ် အခြေခံသည်မို့ သူ၏ ချစ်သူလေးကို မည်မျှ စေတနာ ထား ချစ်မည်ကို ယောကျ်ားလေး ဘက်မှ ခံစား ကြည့်နိုင်ပါသည်။

ချစ်သူလေးကို ရည်းစား မများဘို့ရာ ဒဿဂီရိဘီလူးနှင့် တူမည် ဟု သတိပေး ပြောထားသည်။

ငယ်ငယ်ကတည်းက ဒဿဂီရိအကြောင်းကို ကျွန်မတို့ ထပ်တရာတေအောင် ကြားဖူးခဲ့ပြီး ဖြစ်သည်။

သူများချစ်သူကို ဝင် လုလျှင် ဒဿဂီရိ၊
သူများချစ်ခြင်းကို ခွဲသူသည် ဒဿဂီရိ၊
ရည်းစားများတဲ့ သူကို ဆိုလည်း ဒဿဂီရိ ပါပဲ။

ဒီလို နာမည်ဆိုးတွေ အတပ်ခံရတဲ့ အကြားမှာမှ ဒဿဂီရိ ဆိုတာ လူမဟုတ်ဘူး တဲ့။ ဘီလူး တဲ့။

ဘီလူးမှ ရိုးရိုး ဘီလူးတောင် မဟုတ်ပါဘူး။ ခေါင်း ဆယ်လုံး ပါသတဲ့။

ဒီတော့ အော့နှလုံးနာစရာ မျက်နှာ အများကြီးနဲ့ ကြောက်စရာ ဒီကြာကူရီ မင်းသားကြီးကို အသည်းထဲ စွဲနေအောင် မှတ်မိခဲ့ကြတာပေါ့ ရှင်။

ဒါက လွန်ခဲ့တဲ့ (၁၉၇၀) ဆယ်စုနှစ် များမှ ခံစားမှု။

-            -            +            -            -            +            -            -   

ကုန်လွန်ခဲ့သော ၇၀ခုနှစ် ဆယ်စုနှစ်ထဲ အနှောင်းပိုင်းများမှ ၈၀ခုနှစ် အလယ်ပိုင်းများတွင် စာပေလော ကမှာလည်း မထင်မှတ်သော အပြောင်းအလဲတွေ ဖြစ်ခဲ့ပါသည်။

စာရေးဆရာတွေ မှိုလို ပေါက်လာသည်။ စာအုပ်လောက ဖေါင်းပွလာသည်။ လုံးချင်းဝတ္ထု စာအုပ်ဈေးတွေ မိုးထိအောင် လှေကားထောင်နေကြချိန်မှာ ရုပ်ပြကာတွန်းလောက က တဟုန်တိုး ရှေ့သို့ ချီတက် သွားသည်။ ကာတွန်းစာအုပ်တွေ ဟော တအုပ်၊ ဟော တအုပ် လှိမ့် ထွက်လာချိန်မှာ လုံးချင်းရေးဆရာ တွေမှာတော့ ဝတ္ထုစာအုပ် တအုပ် ထုတ်နိုင်ဘို့ စာမျက်နှာ သုံးရာ အနည်းဆုံး ရအောင် ကုန်း ရုန်း ရေးကြရတုန်း။ 

သည်အချိန်မှာ ဆန်အိုးထဲ ဆန် ဖြည့်နိုင်ဘို့ ရှဲဒိုးစာရေးဆရာ အလွှာတခု ပေါ်လာသည်။

တဗိုလ်တက်ဆင်း ထွက်လာကြသော ကလောင်ရှင်တွေထဲတွင် အတွေး ရဲသူ၊ အရေး ရဲသူတွေ၊ ဆန်းသစ်သူတွေ တချို့ နာမည် ကျန်ရစ်ခဲ့သည်။

အချို့ အချို့သော ဆရာကြီးတွေ ဝေဖန်နေကြသလို အကျိုးပြုစာပေ၊ အဆိပ်အတောက်စာပေ ဆိုတာကိုတော့ ကျွန်မ ခွဲမပြောတော့ပါဘူး။ ပါဝင် ဝေဖန်ရလောက်အောင်လည်း ကျွန်မက အဆင့်မမီပါဘူး။ အဆိပ်အတောက်ပဲ ဖြစ်ဖြစ်၊ အကျိုးပဲ ပြု ပြု၊ အဆိုးအကောင်း ဘယ်လိုပဲ အဝေဖန် ခံရပါစေ လက်ခံ အားပေးသူ အထိုက်အလျောက် ရှိခဲ့၊ ပရိသတ် အတော်အတန် ရခဲ့လို့ နာမည် တလုံး ရခဲ့သော စာရေး ဆရာများ ရှိခဲ့ပါသည်။

စာပေ လေ့လာလိုက်စားသူ မဟုတ်ပဲ သာမန်စာဖတ်သူတွေအတွက်ကတော့ စိတ်ဝင်စားစရာ ကောင်း သော၊ အရေးအသား ကောင်းသော စာအုပ်ဆိုလျှင် ဖတ်ကြ၊ ကြိုက်ကြ၊ အားပေးကြ တာချည်းပါပဲ။ လူငယ်ထု အကြားမှာ လူကြိုက် များ၊ အရောင်း သွက်သော စာအုပ်များမှ ကောက်နှုတ် ပြောရမည် ဆိုလျှင် -
ဥပမာ ... ... ဆရာ မင်းသိင်္ခ ဆိုလျှင် သူ ရေးသောလိုင်း (ကျွန်မ အမည် မတပ်တတ်ပါ) တွင် ထိပ်ဆုံးက ကျွန်တော် ဖြစ်နေဆဲ ဖြစ်သည်။ သူလို စာမျိုးတွေ ရေးသားသူတွေ ရှိလာပေမယ့် သူ၏နေရာကို ဘယ်သူမှ မယူနိုင်ကြ။
 
နွမ်ဂျာသိုင်း ဆိုလျှင်လည်း သူလိုပုံစံ ဆင်တူယိုးမှား ရေးသူများစွာအထဲမှာ ရှေ့ တိုးထွက် လာပြီး ယခုအချိန်ထိ အရှေ့ဆုံးမှာ နေရာရဆဲ ဖြစ်သည်။
 
ဆရာငြိမ်းကျော်ကတော့ အထူး ပြောစရာ မလိုပြီ။ အများပြည်သူတွေ သိကြတဲ့ အတိုင်းပါပဲ။ အသွင် ကွဲပြားသော ဆရာ၏ရေးဟန်က အနည်းငယ် လေးသလို ရှိပေမယ့် အရေးအသား ပိုင်သူမို့ ထို လေးသလိုလို ရေးဟန်ကပင် စာဖတ်သူကို ဆွဲခေါ်သွားသည်မှာ မြန်မာစကားပြေ စာအုပ်ထက် ထူလိုသော သူ၏ဝတ္ထုကြီး ဆုံးကာမှပင် သက်ပြင်းလည်း ချ၊ စာအုပ်လည်း ချနိုင်ကြသူတွေ မနည်းပေ။

ဒီနေရာမှာ နာမည် မဖေါ်ပြပေမယ့် ဒီဆရာတွေလို နာမည်တလုံး ရသွားသူ အခြား ကလောင်ရှင်တွေ အများကြီး ရှိပါသေးသည်။
(မှတ်ချက်။  ။ တက္ကသိုလ်ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေးနှင့်တကွ လွန်ခဲ့ သော ဆယ်စုနှစ် မတိုင်မီကတည်းက နာမည် ရပြီးသော၊ ပရိသာတ် ရှိပြီးသော ဝါရင့် ကလောင်ရှင် ဆရာကြီး၊ ဆရာမကြီးများမှအပ နာမည်ရစ ပြုလာသူများ၊ လူသိ များလာသော ကလောင်သစ်၊ ကလောင်ဟောင်း များကို ဆိုလိုပါသည်။)

ထို များလှစွာသော ကျား၊ မ၊ ကလောင်ရှင်များ၊ သီးခြားပေါ်ထွက်လာသော ဝတ္ထု နောက်ခံ၊ ရေးဟန် လိုင်းများထဲမှ ဒီနေရာတွင် ကျွန်မ ရွေးချယ် ပြောလိုသူက ဆရာချစ်ဦးညို ဖြစ်ပါသည်။

ဆရာချစ်ဦးညိုသည် တမူ ထူးခြားစွာ လိုင်းနှစ်လိုင်းမှာ တချိန်တည်း တပြိုင်တည်း အောင်မြင်ခဲ့သည်။ ရာဇဝင်နောက်ခံ ဝတ္ထုများနှင့် ဇာတ်သဘင်လောက အခြေခံဝတ္ထုများ ဖြစ်သည်။ ထိုအချိန်က ဆရာ၏ စာရေးသက် မည်မျှရှိပြီ၊ ဘယ်လိုစာတွေ ရေးနေခဲ့သည်မသိခဲ့တာကတော့ ကျွန်မနှင့် ကျွန်မလိုလူငယ် အများစုရဲ့ စာပေဆိုင်ရာ လေ့လာမှု ချို့ယွင်းချက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ဒါပေမယ့် သည်အချိန်မှာ ရာဇဝင်နောက်ခံဝတ္ထုများနှင့်အတူ လူငယ်ထုအကြား ဆရာ့ကို ရုတ်တရက် လူသိများလာခဲ့သည်။

ရာဇဝင်နောက်ခံ ဝတ္ထုများ ရေးသားရာတွင် လူတိုင်း သိပြီး၊ ကြားပြီး ဖြစ်သော ရာဇဝင် ဇာတ်လမ်းများကို ပြန်လည် ရေးသားခဲ့သည် ဖြစ်ပေမယ့် ဆရာ့စာတွေမှာ ဆန်းသစ်မှုတခုကို သတိ ပြုခဲ့မိသည်။ ဒါကတော့ လူတိုင်း သိပြီး၊ မှတ်မိပြီးသော အဓိက ဇာတ်ကောင်တွေကို ဘေးမှ ဝန်းပြီး ဇာတ်ရန်ကို ရှေ့တန်း တင် ရေးတတ်ပုံလေးပင် ဖြစ်သည်။

ရှေးရိုးစဉ်လာ ဇာတ်ရန်များကို အဓိက ဇာတ်ကောင်နေရာ ပို့လိုက်သောအခါ လူတိုင်း သိပြီးသော၊ အထူးသဖြင့် ဇာတ်သိမ်းကို သိပြီးသော ဇာတ်လမ်းလေးများသည် အမြင်တမျိုးနှင့် ဆန်းသစ် လာရသည်။ ဇာတ်ရန်၏ နေရာမှ ဝင် ကြည့်ရ၍ စာဖတ်သူတွေမှာ ခံစားမှု အသစ်တွေ ခံစားလာရသည်။ ဒီတော့ ဇာတ်သိမ်းကို သိပြီးပါလျက်နှင့် ဒီဇာတ်ကို အသစ်အဆန်း လုပ်၊ စိတ် ဝင်စားခဲ့သူတွေ မရေမတွက်နိုင် ဖြစ်ခဲ့ရသည်။

စင်ပေါ် တက်ပြီး သရုပ်ဆောင် ပြတာမျိုးသာဆိုလျှင် လက်ဝါး နှစ်ဘက်စလုံး သွေးခြေ ဥကုန်အောင် လက်ခုတ် တီး၊ သြဘာ ပေးချင်စိတ်မျိုး ပေါ်မိသည်အထိ စွဲလမ်းမိခဲ့သည်က ဆရာချစ်ဦးညို၏ ဇာတ်လမ်းများ ဖြစ်ပါသည်။

စာ တမျက်နှာကို ဖတ်၍ ဆုံးသွားလျှင် နောက်တမျက်နှာ မကူးမိသေးပဲ ၊ ဖတ်ပြီးခဲ့သော စာမျက်နှာကို တခေါက် ပြန်ကျော့ရုံနှင့် အား မရ၊ နှစ်ခေါက် သုံးခေါက် ထပ်ပြန်တလဲလဲ ဖတ်မိသည်အထိ ဖမ်းစားခဲ့သည်က ဆရာချစ်ဦးညို၏ အရေးအသားများ ဖြစ်သည်။

စာပေလောက၏ ဤဆယ်စုနှစ် အတွင်းမှာ စာအုပ်ဈေးများ အဆမတန် ကြီးမြင့်လွန်း၍ စာအုပ် အဌားဆိုင်မှ စာအုပ်တအုပ်ကို တရက်လျှင် အငှားဖတ်ခ တစ်ကျပ်နှင့် တရက်အတွင်း အပြီး ဌားဖတ်လေ့ ရှိခဲ့ရာမှ စိတ်ကို မထိန်းနိုင်တော့ပဲ ဘတ်ဂျက် အပွန်းခံပြီး တအုပ်ကို နှစ်ဆယ်ကျပ်နှင့် အထက်ပေးကာ အပိုင် ဝယ်၊ အမြတ်တနိုး သိမ်းခဲ့မိသည်က ဆရာချစ်ဦးညို၏ ဝတ္ထုများ ဖြစ်ပါသည်။

အားလုံးကျော်ကြားသော ဆရာ၏ ရာဇဝင်နောက်ခံ ဝတ္ထုများ အထဲမှာမှ သည်နေရာတွင် ကျွန်မ ကောက်နှုတ် ပြောချင်သည်က နာမည်ကျော် “လင်္ကာဒီပ ချစ်သူ” ဝတ္ထု ဖြစ်သည်။

ဆယ်ကျော်သက် အတွေးထဲမှာတုန်းက မင်းမင်းလတ်ရဲ့ သီချင်းနဲ့ မှတ်ထားခဲ့မိတဲ့ ဘီလူးဆိုတဲ့ အရုပ် ဆိုးဆိုး ဗီလိန်ကြီးကို အခု နှစ်ဆယ်ကျော် အသက်ပိုင်းမှာ ဆရာ့ဝတ္ထု ဖတ်ယင်း ပုံဖော် ကြည့်မိတော့ အမြင်က တမျိုး ဖြစ်နေသည်။

လင်္ကာဒီပတိုင်းမှ အသား မည်းပြီး ခန္ဓာကိုယ် ထွားကြိုင်းသူ လူမျိုးများမို့ ကျွန်မတို့ ဇာတ်လိုက်ကျော် ရာမ၊ သီတာတို့လို အသားဝါလူမျိုး၊ အရွယ်လတ်များနှင့် ယှဉ်လိုက်သော် ကိုဒဿတို့ အသွင်က တမျိုးကြီး ဖြစ်နေမှာပေါ့လေ။

ထားပါတော့။ ကျွန်မ ပြောချင်သည်က ဒဿဂီရိ ချောသလား၊ လှသလား မဟုတ်ပါဘူး။ သူ့ဘ၀ အကြောင်းပါ။

ဆယ်ကျော်သက် အရွယ်ငယ်စဉ်က ကိုယ်တိုင်ပဲ အသိဉာဏ် နည်းပါးလွန်းသေး၍ ထင်သည်။ ဒဿဂီရိအပေါ်  မြင်ခဲ့သည်က သူသည် တကယ့် လူဆိုး၊ ဗီလိန်၊ ကြာကူရီ။ သူ့ အကြောင်းကို ဂဂဏဏ မသိသေးသော်လည်း သိချင်စိတ် မရှိခဲ့။ သိလည်း မသိချင်။ သိဘို့ မလိုဘူး ထင်ပြီး အပေါ်ယံ အမြင်နဲ့ သူ့ကို တဘက်သတ် တံဆိပ်တပ်ခဲ့သည်။ သူသည် လူဆိုး လို့။

ယခု နှစ်ဆယ်ကျော် အသက်ပိုင်းမှာဖြင့် နည်းနည်း စဉ်းစားတတ်လာပြီ။ ကိုယ်ချင်းစာတရား ဟူသည်ကို ခံစားတတ်လာပြီ။ ဒိအပြင် ဆရာချစ်ဦးညိုကလည်း အမြင်သစ်တမျိုးနဲ့ မီးမောင်း ထိုးပြတော့ ဒဿဂီရိကိုတောင် သနားမိသလိုလို ... ။

ဟိုတုန်းကတော့ ကိုယ်က မချစ်တဲ့သူ၊ မေတ္တာ မထားနိုင်ပဲ မုန်းတဲ့သူဆိုယင် အချဉ် ပါပဲ။ သူတို့ ဘာပဲ ဖြစ်နေဖြစ်နေ နည်းနည်းမှ ဂရုမစိုက်ခဲ့ပါ။ လူသားတယောက်ရယ်လို့ သူတပါး ခံစားချက်ကို စာနာစိတ် တရားဟူသည် ရင်ထဲမှာ စိုးစဉ်းမျှ မရှိခဲ့။ စိတ်ထဲမှာ ထင်ခဲ့သည်က မိမိ ချစ်သောသူသည် မိမိကို ချစ်မှာပဲ။ ကိုယ်ချစ် ဆိုတာ တွေ့မှာပဲ။ နှစ်ဦး နှစ်ဘက် ချစ်ကြလျှင် ချစ်သူချင်း ဖူးစာ ဆုံမှာပဲ ဟု ထင်ခဲ့မိ သည်ကိုး။

အခုတော့ ဘဝမှာ အတွေ့အကြုံလေးတွေလည်း တော်တော်တန်တန် ရှိခဲ့ပြီ ဖြစ်သည်။ အသွားအပြန် ရှိသော မေတ္တာမျိုးကို ပိုင်ဆိုင်ရဖို့၊ ဒီလို မေတ္တာရှိသူချင်း ပေါင်းဖက်ကြဘို့ ဟူသည် အတော် ခဲယဉ်းသော ကိစ္စမျိုး ဆိုတာ သိခဲ့ပြီလေ။

ဒီနေရာမှာ နှလုံးသားသက်သက်အမြင်ကို ကျွန်မ ပြောလိုရင်းပါ။ ဦးနှောက်က တွက်ချက်ပြီး ချစ်လိုက်စမ်းဆိုတဲ့ အသည်းနှလုံးကို ငွေသေတ္တာထဲ ထည့်သင်္ဂြိုဟ်ပြီး အတင်းလုပ် ယူ ချစ်ရတဲ့ မေတ္တာမျိုးတွေ မပါ ပါဘူး။

ဒီတော့ ဒဿဂီရိတို့ ခေတ်ကတည်းက ဒီလိုမျိုး အဖြစ်တွေ ရှိခဲ့ပါကလား။

အုံ့ပုန်းချစ် ချစ်ရတာ။ မိမိကအချစ်တွေပေးဝေပါလျက် တဘက်ကလက်မခံတာ၊ သူက ဘယ်လောက် ချစ် ချစ်၊ ကိုယ့်ဘက်က ဘယ်လိုမှ မေတ္တာ ပြန် မမျှနိုင်တာ။

ဒါတွေဟာ လုပ်ယူ ဖန်တီးလို့ မရပဲ ခေတ်အဆက်ဆက် လူသားတွေရဲ့ ရင်မှာ အလိုလို တည်ရှိ လာတာတွေ ပါလားလို့ သိခဲ့ရသည်နှင့်အမျှ ဒဿဂီရိ၏ဘဝကို စာနာမိလာသည်။ ဟိုစဉ်က သူ့အပေါ် အထင် အမြင် လွဲမှားမိခဲ့သမျှ သနားလာသည်။ သူလည်းလေ လောကီသားပေမို့ ချစ်သူကို ပိုင်ဆိုင်ချင်မှာပဲ စာနာမိလာသည်။

ချစ်သူအပေါ် သစ္စာ ရှိလွန်းသော မယ်သီတာကို လေးစားမိသလို၊ မယ်သီတာလေးအပေါ် သံသယ ရှိရ ကောင်းလားလို့ ရာမကိုပင် ငြူစူမိရသည်။

ဇာတ်သိမ်းခန်းမှာ မျက်ရည်ကျလုမတတ် ခံစားရသည့်အထိ ဆရာချစ်ဦးညို အရေးအသား ကောင်းခဲ့သည်မို့ ကိုဒဿ တင် မကသေး၊ မစူဠာသုဘဒ္ဒါ ပါ ဒီနှစ်ဆယ်ရာစုမှာ ဗီလိန် ဘဝများက ကျွတ်လွတ် သွားကြရသည်။

အပြစ် မမြင်ကြတော့ပါဘူး။ အချစ်အတွက် သူတို့မှာလည်း သည်း ရင်နင့်မျှ ခံစားခဲ့ကြရသည်ပဲ မဟုတ်လား။

          -            -            +            -            -            +            -            -             

ပြီးခဲ့သောညက ရုပ်မြင်သံကြား တေးဂီတ အစီအစဉ်တွင် အကော်ဒီယံအုန်းကျော်၏ သီချင်း တပုဒ် လာသည်။ 

‘အချစ်ရှုံးသမား ဒဿဂီရိ’ ... တဲ့။

အလဲ့ ... ဘယ် ဆိုးလို့လဲ။ တို့ မင်းသားကြီးက စတား ဖြစ်နေပါရောလား။

စတီရီယိုတေးလောကမှာ အဆိုတော် မေဆွိကို နာမည်တလုံး ရအောင် တင်ပေးခဲ့တဲ့ သီချင်းတွေထဲမှာ ‘ဒဿလို မိန်းမ’ သီချင်းက ထိပ်ဆုံးက ပါခဲ့ပါသတဲ့။

နောက် ... ဟိုရုပ်ရှင် ရှိသေးသည်။ ‘ဒဿဂီရိ အသည်း’ တဲ့။

ဆရာ ချစ်ဦးညို သူ၏ကလောင်ဖျားနှင့် ပြောင်းပြန် လှန်ပေးလိုက်၍ နှစ်ဆယ်ရာစုတွင် ဒဿဂီရိ စူပါစတား ဖြစ်နေလေပြီ။
 
ယခင်က နှစ်ပေါင်း ထောင်ကျော် လူဆိုး၊ လူကြမ်း၊ ဗီလိန်၊ လူယုတ်မာ ဘဝမှ ဝတ္ထု တအုပ်ထည်းနှင့် ထိပ်တန်းမင်းသား ဘဝရောက်အောင် တင်ပေးခဲ့သော ဆရာချစ်ဦးညိုကို ကျေးဇူးတင်ဖို့ မကောင်းပေဘူးလား။
 
အခုတော့လည်း လူတိုင်းဟာ ဒဿဂီရိ ဘက်ကချည်းပါပဲ။
 
အသက်သာ အသေ ခံမယ်၊ လူ အပါ မခံဘူးရယ်လို့ ချစ်သူအပေါ် သစ္စာ ကြီးခဲ့တဲ့ မယ်သီတာလေး။ ကံ ကောင်းလို့ မချစ် မနှစ်သက်သူ လက်က လွတ်ခဲ့ရတာကို အခု ဘယ်ဣတ္ထိယတွေကမှ  သတိ မပြုမိကြတော့သလိုပဲ။

ချစ်သူအတွက် အသက်ပင် သေသေ၊ အသေအကြေ ပြန်တိုက်ယူခဲ့ရတဲ့၊ ကံကောင်းလို့ အသက်လည်း မဆုံး၊ ချစ်သူလည်း မရှုံးခဲ့ရတဲ့ ကိုရာမလည်း ကံနိမ့်တဲ့ အချိန်မို့ ထင်ပါရဲ့။ ခေါင်းဆောင် မင်းသား ဘဝကနေ ဇာတ်ရန် ဖြစ်နေရပါပြီ။ 

ဘယ်သူတွေ ဘာ ပြောပြော ဒီအချိန်မှာ ကိုဒဿတို့ ဇာတာ စန်းလဂ် တက်နေချိန်မို့ ဂီတနယ်၊ စာပေ လောက၊ ရုပ်ရှင်ပိတ်ကား သာမက ဇာတ်သဘင် စင်မြင့်ပေါ်အထိ အနုပညာ နယ်ပယ်တဝှန်းမှာ 'အောင်လံထူ ဒဿဂီရိ ပွဲ' ဖြစ်ဆဲပါပဲ။

         -             -             +               -             +           -             -                

အော် - ဒါနဲ့ ညက အိပ်မက် ပြောရဦးမယ်။

အိပ်မက်ထဲမှာ ဒဿဂီရိနဲ့ တွေ့တယ်။ သူ့ကို တခါမှ မမြင်ဖူးပေမယ့် သူမှန်း ကျွန်မ သိနေတယ်။ ဘာလို့ဆို ပန်းချီဝသုန် ဆွဲတဲ့ ရုပ်ပြစာအုပ်ထဲက ဒဿဂီရိနဲ့ တပုံစံထည်းကိုး။ ဝတ်တာ စားတာက အစ၊ ဖိနပ်အထိ အကုန်တူတယ်။ ပြီးတော့ မျက်နှာပေါက်ကလည်း အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်ရဲ့ သားအလတ် ကိုဝင်းဗိုလ်ရဲ့ မျက်နှာမျိုး။

သူက တစုံတယောက်ကို သဲသဲမဲမဲ လိုက် ရှာနေတယ်။

ဘယ်သူ့ကို ရှာနေတာလဲ ဆိုတော့ ဆရာ ချစ်ဦးညို တဲ့။

ဒါနဲ့ ကျွန်မကပဲ 'ဆရာ ဟိုမှာလေ' လို့ ညွှန်ပြ လိုက်ရတယ်။

တကယ်တော့ ဆရာ ချစ်ဦးညိုကို ကျွန်မ တခါမှ မမြင်ဖူးပါဘူး၊ ဓါတ်ပုံတောင် မတွေ့ ဖူး ဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ အလိုလို သိနေတယ်။ စာပေအရ လေးစားခဲ့ရတဲ့ ဆရာ့ကို တခါမှ မတွေ့ဖူးပေမယ့် ဆရာမှန်း ကျွန်မ သိနေတယ်။

ကျွန်မရဲ့ အိပ်မက်ထဲမှာ ... ဆရာဟာ ယောကျ်ား ပီပီသသ ခန့်ချော ချောတဲ့ ရုပ်ရည်မျိုး၊ တည်တည် ခန့်ခန့်ကြီး၊ သန်မာ ကျစ်လစ်တဲ့ ကိုယ်လုံးကိုယ်ပေါက် နဲ့။ စာရေးဆရာဆိုတော့ ကချင်လွယ်အိတ် အပြာလေးလည်း လွယ်လို့။

ဒဿဂီရိက ဆရာ့အနား သွားပြီး တရိုတသေ လက်ကလေး နောက်ပစ်လို့ စကား ပြောနေတယ်။

ကျေးဇူးတင်ကြောင်း ... ပြောနေမှာပေါ့။

ဆရာက ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရာက ဒဿဂီရိနောက်ကို လိုက်သွားတယ်။ သူတို့ စစ်ရထားပေါ် တက်ကြမယ့် ဟန်ပြင်တော့ ... ဘယ်သွားကြမှာလဲ ဆိုတာ သိချင်လာတယ်။ အဲဒီအချိန်မှာ ဘယ်ကမှန်း မသိပဲ စကားသံ တသံ လွင့်လာတယ်။

‘လင်္ကာဒီပက ဆရာ့ကို ဂုဏ်ပြုတဲ့ပွဲမှာ စာပေ ဟောပြောမလို့’ တဲ့။

စစ်ရထား စ အထွက်မှာ ကျွန်မ ရုတ်တရက် အော်လိုက်မိတယ်။

‘ဆရာ ဆက်ဆက် ပြန်လာနော် …’

ကျွန်မ အော် ပြောတာကို ဆရာ ကြားမှ ကြားရဲ့လား မသိဘူး။

တကယ်တော့ ကျွန်မ အစိုးရိမ် ပိုမိတာပါ။ ဆရာ ပြန် မလာလို့ကော ဖြစ်မှာတဲ့လား။ နှစ်ဆယ်ရာစုမှာ ဆရာ ထမ်းဆောင်ရမယ့် စာပေတာဝန်တွေ အများကြီး ရှိသေးတယ်ဆိုတာ ဆရာ သိ နားလည်ပြီးသား ဖြစ်မှာပါလေ ... ။


လေးစားစွာဖြင့်-
မာလုစံ (သဘာဝသိပ္ပံ)








2 comments:

Anonymous said...

Great delivery. Great arguments. Keep up the great work.

Anonymous said...

Very nice post. I just stumbled upon your blog and wanted to say that I
have truly enjoyed surfing around your blog posts. After all I'll be subscribing to your rss feed and
I hope you write again very soon!