Sunday, June 12, 2011

ပြောလိုက်ကြရအောင် အရပ်ကတို့။ (ရပ်ကွက်ထဲမှာ သည်လိုပဲ ရှိတယ်။)

ရိပ်ဖမ်း သံဖမ်း ပါးပါးလေး ပြောလိုက် ချင်တယ်။
အကင်းပါးနပ်စွာနဲ့ သဘော ပေါက်ယင်လည်း ပေါက်။ မဟုတ်ပဲ ဒုန်းဝေးနေလို့ကတော့ မလွယ်ဘူး လို့သာ အော်လိုက်ချင်တယ်။
ရပ်ကွက်ထဲမှာ သည်လိုပဲ ရှိကြတယ် လို့တော့ မပြောကြေး အေ။ ဘာလို့ဆို သူများ ရပ်ကွက် တွေ၊ တခြား ရပ်ရွာတွေမှာ သည်လိုမှ မဟုတ်တာ။
ပြောချင်တာတွေကို ပြောချင်သလို အကုန် ပြောရယင်တော့ အောင်မင်း လွန်ရာ ကျမယ်။ ပြောပြန် ပြီလား ဆိုကြဦးမယ်။ မပြောမပြီး မတီးမမည် ဆိုသလို မပြောမဖြစ် ပြောပြန်တော့ အဖြစ်က ကိုယ့်ပေါင် ကိုယ် လှန် ထောင်းပေါ့။
ကဲ ... နားသာ ဆင်ကြပါတော့ အရပ်ကတို့။
-                                     -                            -                            -
ပွဲခင်းဆီက တီးသံ မှုတ်သံ ဆိုင်းသံတွေက ကျယ်သထက် ကျယ်၊ ကျယ်လာနေပြီ။
လုပ်လက်စ အလုပ်တွေ ရပ်၊ စားလက်စ မြန်မြန် လက်စသတ်လို့၊ အခင်းတွေ ဆွဲ၊ ကလေးတွေ တွဲလွဲနဲ့ ပွဲခင်းဆီ သွားဘို့ အလျင်စလို ဟန်ပြင်ကြပါပြီ။
တချို့လည်း အိမ်က ထွက်စ၊ တချို့က လမ်းတဝက် မှာ ရှိသေးသလို၊ တချို့ကတော့ ပွဲခင်းအဝ ရောက်နေကြပြီ။
ဦးသူလာ စနစ်မို့ နေ့ခင်းကတည်းက အချို့ နေရာလာဦးထားပေမယ့် လူပိယင် ကိုယ့်အတွက် ယူထားတဲ့ နေရာ ပျောက်သွားနိုင်တယ်လေ။ ပွဲခင်းထဲမှာ နေရာကောင်း မရမှာ စိုးလို့ ပွဲခင်း အဝင်ဝမှာ ဝင်ဘို့ တန်းစီ နေသူတွေဟာ လက်မှတ်ပြ၊ လက်မှတ်ဝယ်၊ အထဲကို ဝင်ဘို့ စိတ်စော နေကြတယ်။ တန်းစီယင်းနဲ့ပဲ ပွဲခင်းထဲ လူ ဘယ်လောက် ရောက်နေပြီလဲ၊ နေရာကောင်းလေးမှ ကျန်ပါဦးတော့မလား၊ အိမ်က လွှတ်ထားတဲ့သူတွေ ဘယ်နားမှာလဲ၊ လဲ ပေါင်းများစွာနဲ့ ခြေဖျား ထောက်၊ မေးမော့၊ မျှော်ကြည့် ကဲကြည့် ကြည့်နေကြသူတွေ မနည်းပါဘူး။
စင်ပေါ်မှာ တီးနေသံတွေကလဲ ပို ပိုလို့သာ ကျယ်လာတော့ ... တီးသံ ကျယ်လေ၊ အထဲကို မြန် မြန် ရောက်ချင်လေ၊ နေရာတကျ ထိုင်ချင်လေ။ ရင်ထဲ ကလိ ကလိ၊ စိတ်ထဲ ရွစိ ရွစိ နဲ့၊ ကိုယ် ကြိုက်တဲ့ အဆိုတော် တွေလဲ ပါမယ်ဆိုတော့ နေရာကောင်းကောင်း အတတ်နိုင်ဆုံး ရှာပြီး ပွဲ ကြည့်ချင် ကြပြီလေ။

ဟော ... အရေးကောင်းတုန်း၊ သင်းတို့ ရောက်လာကြပါပြီ။
ဝတ်စုံတွေသာ မတူညီ ရှိရမယ်၊ မျက်နှာပေါက်တွေကတော့ တပုံစံထဲ။ မျက်နှာဖုံးဆင်တူ ဝယ် တပ် ထားသလား အောင်းမေ့ရတယ်။ ရှစ်ခေါက်ချိုးချိုး အပေါက်ဆိုးဆိုးတွေ။
သင်းတို့ ရောက်လာတာနဲ့ ပွဲခင်းအဝမှာ ဆူညံနေတဲ့ အသံတွေ ရှဲကနဲ ငြိမ်သွားပါတယ်။
တန်းစီနေတဲ့ လူတွေကို လူကြီးလား၊ ကလေးလား၊ ကျား လား၊ မ လား မကြည့်။ မသိတတ်တာ အပြင် မညှာတာ တာလည်း ပါမှာပေါ့။ တွန်း၊ တိုက်၊ ဖယ်ထိုး၊ ကျော်လွှားပြီး အရှေ့ကို ရအောင် ဝင် သွားတယ်။ လဲသူ လဲ၊ ကျသူ ကျ နဲ့ ရောက်နှင့်နေသူ အားလုံးက ဝိုင်း မေတ္တာ ပို့ကြတာ ပေါ့။ ခပ်တိုးတိုး ပေါ့လေ။ ကြားအောင်တော့ ဘယ်သူမှ မပြောရဲ ပါဘူး။

အရှေ့မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ အနောက်က မသိ။ ဘာမှ မမြင်ရတော့ သင်းတို့ တတွေ ဘာ လာလုပ်တာလဲ၊ ဘာ လာရှုတ်တာလဲ၊ သိချင်နေကြတယ်။ ဒီတော့ တခါက ဆရာမ တယောက် မှာထားသလို မသိသေးသူကို သိပြီးသားသူက ပြောပြ၊ အရှေ့က အနောက် ကို တဆင့်စကား ပါးကြ နဲ့ သတင်းစကား သယ် ပေးတာ အင်တာနက်၊ အီးမေးလ်ထက် မြန်သေး။

‘ပါမစ် စစ်နေတာ' တဲ့။
‘ဟယ် ... ပါမစ် မရှိပဲနဲ့ ပွဲ သွင်းရ သတဲ့လား'
လက်မှတ် ဝယ်ထားပြီးသူတွေက ငွေတော့ ဆုံးပါပြီ၊ အားငယ်၊ စိတ်လျော့သံနဲ့ ပြော၊ ပွဲကြည့်ဘို့ မောင်း တင်ထားသူတွေကလည်း သွားပါပြီ စိတ်ပျက်။
တချို့ကတော့ ချိန်ချိန်ဆဆ ပြောတယ်။
‘ပါမစ် မရှိပဲနဲ့ ဘယ်သူက သည်လို ပွဲစင်ကြီး ငွေ အကုန်ခံ ဆောက်ပါ့မလဲ။ မပိုင်ယင် ဘယ်သူ က စရန်ပေး ဖျော်ဖြေမယ့်သူတွေ ခေါ်ထားပါ့မလဲ။ လုပ်ခွင့်ရထားလို့၊ လုပ်လို့ရတာ သေချာလို့၊ ငွေအကုန်ခံ ပွဲ သွင်းတာပေါ့' ... ပြောသူကပြော။ ထင်ကြေးတွေ အသီးသီး ပေးနေကြတယ်။
လက်မှတ်ဘိုး ဆုံးမှာ မပူပါနဲ့။ သည် ပွဲသွင်းသူတွေက လူသားဆန်တယ်။ ပွဲပျက်ယင် ငွေ ပြန် လျော် ဘူးသတဲ့။ တချို့ အကြောင်းသိသူလား၊ ကြားဘူးသူတွေလား က ဖြောင်းဖျပေမယ့် ကြားရတာ ရင်ထဲ ဘဝင် တော့ သိပ်မကျ။ စိုးရိမ်တာပေါ့၊ ရှိစု မဲ့စုလေးနဲ့ အောပြီး ဝယ်ထား ရတဲ့ လက်မှတ်လေး။
ပွဲ အဖျက်ခံရဘူးလျက်နဲ့ ဘာဖြစ်လို့ ပွဲ ထပ်သွင်းရတာလဲ။ လူ အပင်ပန်းခံ၊ ငွေ အရှုံး ခံလို့။
ဒါကိုလည်း တယောက်က ရှင်းပြတယ်။ အဲဒါ သူတို့ စေတနာပေါ့ ... တဲ့။
ညီးတို့ ငါတို့ ပွဲကြိုက်တာ၊ ပွဲကြည့်ချင်တာ သိလို့ ကြည့်ပါစေ ဆိုတဲ့ သူတို့ စေတနာပေါ့ တဲ့။
အင်း ... ဒါလည်း ဟုတ်တာပါပဲ။

ခြေဖျား ထောက်လိုက်၊ ခေါင်းမော်လိုက်နဲ့ အရှေ့မှာ ဘာတွေ ဖြစ်နေသလဲ။
ပွဲခင်းထဲမှာ ဆိုင်းသံ၊ ဗုံသံ ကနေ သီချင်းဆိုသံ စ ကြားနေရပြီ။
ဟာ ... ပွဲစနေပြီပဲ။
မီးကလည်း နည်းနည်း မှိန်သွားပြီ။ နာရီ ပါသူတွေက မှုန်မွှားမွှား အလင်းရောင်အောက် နာရီကို အမျိုးမျိုး လှည့်ပတ်ကြည့်ပြီး အော်တယ်။
သွားပါပြီ။ မကြည့်ရတော့ဘူး။
ကြည့်ရမှာပါ။ ခဏလေး သည်းခံ စောင့်ပါဦး။
ကြည့်တယ်ဆိုယင် အစကနေ အဆုံး ကြည့်ချင်တာ။ ဘာမှ မလွတ်ချင်ဘူး။ ကန့်လန့်ကာ မတင်ခင် ဝင်ပြီး ကန့်လန့်ကာ ချမှ ထွက်ချင်တာ။ ... ။ ဆိုပြီး မျက်ရည်စစ၊ ငိုမဲ့မဲ့ ပြောသူက ရှိသေး။
‘ကဲ ... အရှေ့က ဆရာတို့၊ အနောက်ကို သတင်းပေးပါဦး'
မကြာပါဘူး၊ စောစောကလိုပဲ တဆင့်စကားနဲ့ အရှေ့က အနောက်ကို စကား လက်ဆင့် ကမ်း လာကြ ပြန်တယ်။
‘ပါမစ် တရားဝင် ရှိပါလျက်နဲ့ ရုံက သေးတယ်၊ လူက များတယ်၊ ဘေးက အကာတွေက မလုံဘူး၊ လာ ရစ်နေကြတာ' တဲ့။
ဘုရားရေ၊ ရုံက သေးတယ်ဆိုရအောင် လူတွေတောင် မဝင်ရသေး။ အချောင်ကြီး ဗလာ ဟောင်းလောင်း ကို၊ ဘယ်လို သေးတယ် လာ ပြောနေတာလဲ။

စောစောက အဝင်ဝနားမှာ လက်မှတ်ပါသူရော၊ မဝယ်ရသေးသူတွေရော လူတွေ အများကြီး ရှိပေမယ့် ကိုရှစ်ခေါက်ချိုးတို့ ရစ်နေတာ ကြာလို့ အချို့လူတွေ စိတ်ညစ်ပြီး ပြန်ကုန်ကြပါပြီ။ အမာခံ၊ အမှန်အကန် အားပေး လိုသူများသာ ကျန် ပါတော့တယ်။ သည်လိုဆို ရုံက ချောင်ပြီး အထဲမှာ ဘရိတ်ဒန့်စ်တောင် ကလို့ ရနေပြီ။
‘အပေါ်က တီးဝိုင်း၊ အောက်မှာ ဘရိတ်ဒန့်စ် ဆိုယင် ကိုယ်တို့တော့ တထောကြီး ပျော်ရတော့ မယ်'
ကိုယ့်ဘာသာ တွေး ပျော်နေတုန်း နဘေးကနေ လက်ကုတ်တယ်။
မင်း ဘရိတ်ဒန့်စ် က မသေချာဘူး။ ဟိုမှာတွေ့လား။ ငရစ်တွေ ပြန်ယင်၊ ပွဲဖြစ်တယ်ဆိုယင် ပြန် ထွက် လာမယ့် လူတွေ ... တဲ့။
ဟုတ်ပ။ မီးရောင်မှိန်တဲ့ အကွယ်တွေ အနောက်မှာ ပြူတစ် ပြူတစ်နဲ့ အခြေအနေကို စောင့် ကြည့် နေသူတွေ၊ ပွဲ ကြည့်ချင်သူတွေ၊ စင်ပေါ်က လူတွေကို တိတ်တခိုး အားပေးနေ သူတွေ။
ငရစ်တွေ ပြန်ပြီး ပွဲစလို့က လှစ်ကနဲ ပြိုဆင်းပြီး ဝင်လာမယ့် လူအုပ်ကြီး။ မနည်းဘူး ဟ။

ပြောဆိုနေကြတုန်း ပွဲခင်းထဲက သီဆို တီးမှုတ်သံတွေ ဗြုန်းဆို ရပ်သွားပြန်တယ်။
ဟယ် ... ဘယ်လို ဖြစ်တာလဲ၊ ဘာလို့ ရပ်သွားတာလဲ၊ ဘာလဲ ... ပွဲ မဖြစ်တော့ဘူးလား။
စိုးရိမ် ကြောင့်ကျမှုနဲ့ မေးသံတွေ ပလုံစီလာပြန်တယ်။ ရှေ့ဆင့်နောက်ဆင့် ကမ်းလာတဲ့ အဖြေ ရောက် လာပြန်ပြီ။
‘ဖျော်ဖြေမယ့် သူတွေက လူတွေ မဝင်ရသေးတာ၊ အရစ် ခံနေရတာ သိလို့ လူစုံမှ ပွဲစမယ်တဲ့။ စောင့်ပေးမယ်တဲ့'
တော်သေးတာပေါ့။ မောင်မင်းကြီးသား၊ မယ်မင်းကြီးမတွေ ကျမ်းမာချမ်းသာ ကြပါစေ။
ပွဲကို အစကနေအဆုံး ဘာမှမလပ်အောင် ကြည့်ချင်တယ် ဆိုသူတွေ ဝိုင်း မေတ္တာပို့နေချိန်မှာ တချို့ က မဝန့်မရဲလေး မေးပြော ပြော လာတယ်။
ပွဲချိန်နည်းသွားယင် အစီအစဉ်တွေ လျော့ချင် လျော့မှာပေါ့နော်။
တီးဝိုင်းနဲ့ ဖြေဖျော်သူတွေအကြောင်း သိတဲ့ သူတွေက ဖြေသိမ့်တယ်။
သူတို့ အဲသည်လို ဘယ်တော့မှ မလုပ်ဘူး တဲ့။ မိုးလင်းချင် လင်းသွားပါစေ၊ အစီအစဉ်ကို အပြည့် ဖျော် ဖြေတတ်တာ ... တဲ့။
မောင်မင်းကြီးသား၊ မယ်မင်းကြီးမတွေ ကျမ်းမာချမ်းသာ ကြပါစေ။ ဖျော်ဖြေရေးအဖွဲ့ကို ဝိုင်း မေတ္တာ ပို့ သလို၊ အနှောက်အယှက်သမား ငရစ်တွေကို ကျိန်ဆဲကြ ပြန်တယ်။
‘ကဲ ... အရှေ့မှာ ဘာတွေ ဖြစ်နေကြသလဲ'
အနောက်က သိလိုသူတွေက မေးပြန်တယ်။
‘ရုံနဲ့ အတိ လက်မှတ် ရိုက်ထားတယ်၊ ရုံမလျှံစေရပါဘူး ဆိုတဲ့ စာကို ရပ်ကွက်လူကြီးဆီက ပြေစာ ပြ၊ ခွင့်ပြုချက် လက်မှတ် သွား ယူနေတယ်' တဲ့။
အလွန်တိုပြီး တဆစ်စာလောက်ပဲ ကျန်တော့တဲ့ စိတ်တွေကို မရှည် ရှည်အောင် ဆွဲ ဆန့်ပြီး ပရိသတ်ကြီး မှာ ဘယ်အချိန် ဝင်ရနိုး၊ တမျှော်မျှော် လုပ်နေကြ ပြန်တယ်။ တက်ညီလက်ညီ တိတ်တိတ် ဆိတ်ဆိတ် စောင့်နေကြရာက တဖြေးဖြေးနဲ့ ပွစိပွစိ ဖြစ်လာကြ ပြန်တယ်။

ဟုတ်တယ်လေ။ လူတွေပဲ။ အတိုင်းအတာ တခု အထိပဲ သည်းခံ နိုင်တာပေါ့၊ စောင့်နိုင်မှာပေါ့။ ဖိအားဆိုတာ သိပ်များလာယင် တင်းပြီး ပေါက်ကွဲနိုင်တာ၊ ငရစ်တွေ မသိကြဘူးလား။ ရစ် ပြီး ယင်း ရစ် ချင် တုန်းလား။

လက်မှတ်ကလေး တခု ထိုးတာ သည်လောက် ကြာရသလား။ ဘောပန် မရှိလို့လား။ ခဲတန်နဲ့ ထိုး ပါလား။ သွား ငှားပေးရ မလား။ တဗျစ်တောက်တောက် မကြေမချမ်းသံတွေ ထွက်လာ ပြန်တယ်။
အရှေ့က ပို့လိုက်တဲ့ သတင်း အနောက်ကို ရောက်လာပြန်ပြီ။
ကြာနေရတဲ့ အဖြစ်က သည်လို ... ...၊
လက်မှတ်ထိုးခွင့် ရှိတဲ့ လူကြီး နှစ်ယောက်မှာ တယောက်က အရက်မူးပြီး ခေါင်း မထောင်နိုင် အောင် မှောက်နေသတဲ့။ နောက် တယောက်ကတော့ ဘုရားသွားတယ် ပြောလို့ တဆူပြီး တဆူ လိုက်ရှာ နေတာ အခုထိ ရှာလို့ မတွေ့သေးဘူး တဲ့။
အင်း ... တကယ်ပဲ ဘုရားသွားဖူး သလား၊ ဘယ်ကျင်းထဲ လိပ်ဥ တူးနေသလဲ။
‘ဟာကွာ၊ သည်လောက်တောင် တုန်းရသလား။ သည်လူကြီးလား၊ ဘုရား သွားမှာ။ ဘုရား၊ ဘုရား ဆိုပြီး လက်က ကားယား ကားယား အမြဲလုပ်နေတဲ့ သူ။ ဖဲဝိုင်းတို့၊ ချဲဝိုင်းတို့၊ အနှိပ်ခန်း တို့မှာ လိုက်ရှာပါလား'
ကဲ ... အကြောင်းသိတွေကတော့ ဖေါ်ကုန်ပြီ။
ဘုရား ဒကာတို့ရေ၊ ပိပိယိယိလေးတွေလဲ ဖြီး ကြပါနော်။
မကျေမချမ်း ဆူညံဆူညံသံတွေ အကြားမှာ အနောက်ကနေ ပြောသံတခု တိုးတိုးလေး ထွက် လာ ပြန်တယ်။
‘သူတို့ကလွဲပြီး အခြားလူ လက်မှတ် ထိုးလို့ မရလို့လား'
လက်မှတ်ထိုးတာက လွယ်တယ်။ ဒါပေမယ့် လူကြီးလက်မှတ် မဟုတ်ပဲ လက်ထောက်က လက်မှတ် ထိုးတယ်ဆိုယင် ဘာဖြစ်လို့ သူက ထိုးရတာလဲ၊ အဲသည်အချိန်က တကယ် လက်မှတ် ထိုး ရမယ့် လူကြီးတွေက ဘယ်ရောက် နေလို့လဲ၊ ဘာဖြစ် နေလို့လဲ နဲ့ လူတိုင်း သိနေတဲ့ သူတို့ အကြောင်း တွေ မီးခိုးကြွက်လျှောက် ပေါ်ကုန်မယ်လေ။ အဲသည်အခါမှာ အထက်ဖါး အောက်ဖိ ဓါတ်သက် ကျေနေ သူတွေမို့ လက်ထောက်တွေ အထု အထောင်း ခံရမယ်။ အခန့်မသင့်ယင် စေတနာနဲ့ အများသူငါကို ပွဲကြည့်ပါစေ အဆင်ပြေအောင် လက်မှတ်ထိုး ပေးမှုက သူတို့ အလုပ် ပြုတ် နိုင်တယ်လေ။

ကိုယ့်မိသားစု ကွက်ကွက်ကလေး (အိမ်က ကလေးတို့ အမေရယ်၊ ဆိုင်က ကောင်မလေးရယ်၊ ကိုယ့်ကလေး နှစ်ယောက်ရယ်) ထမင်းမငတ်အောင် ပွဲရုံအဝက လူအုပ်ကြီး မျက်နှာကို မငဲ့ညှာ နိုင်တော့ ပါဘူး။
ရှေ့မှာ ဖြစ်ခဲ့ဘူး၊ ပြုတ်ခဲ့ဘူးတာတွေ မြင်ဘူး ကြားဘူးနေလို့ လက် ရှောင် နေလိုက်ပါမယ်။ နင်တို့ ထိုက်နဲ့ နင်တို့ ကံပေါ့လေ။ သည်ရပ်ကွက် ထဲမှာမှ လာနေကြတာကိုး။

-                                     -                            -                            -
ဇာတ်အကျဉ်း ပြန်ချုပ်ရမယ်ဆိုလျှင် -

ပွဲငတ်နေတာ ကြာပြီမို့ ပရိဿတ်ကလည်း ပွဲကို သိပ် ကြည့်ချင်နေတယ်။ ဇွဲ ကောင်းကောင်းနဲ့ အားတင်းလို့ စောင့်တယ်။ ပရိဿတ်ဆိုတာ ကျားကျား မမ၊ လူငယ်၊ လူရွယ်၊ လူကြီးချည်းပဲ မဟုတ်ဘူး နော်။ အဘိုးအို၊ အဘွားအိုတွေနဲ့ ကလေး သူငယ်၊ လူမမယ်တွေပါ ပါတယ်။ ဟိုနား သည်နား အရောင် ဝါဝါလေးတွေပါ မြင်မိ သလားလို့။

ပွဲသွင်းသူတွေ ကလည်း ပြဿနာများတဲ့ ရပ်ကွက်၊ အရစ် ခံရနိုင်တာ သိပါလျက်နဲ့ စိတ်ရှည် လက်ရှည် အဘက်ဘက်က ပြင်ဆင်ခဲ့တယ်။ ပြည့်စုံပြီးသားကို မပြည့်စုံသေးဘူး၊ ဟိုဟာ လိုတယ်၊ သည်ဟာ လိုတယ် ဆိုလဲ မငြီးမညူ ရအောင်လုပ်ပေးတယ်။ လူလည်း ပင်ပန်းသေး၊ ငွေလည်း ကုန်သေး၊ အဆူ အဟောက်၊ အကြိမ်း အမောင်းလည်း ခံရသေး။ အခန့် မသင့်ယင် ဟိုခေါ် သည်ပို့ လုပ်တာ ခံရ ဦးမှာ။

ဒါတွေ သိလျက်နဲ့ ဘာဖြစ်လို့များ ထိုထိုသော ကိစ္စတွေကို သူတို့ လုပ်ချင်ကြတာလဲ ဆိုတော့ ပွဲကြည့် ပရိဿတ်ရဲ့ ဆန္ဒ၊ လိုလားချက်တွေကို သိလို့ ဖြည့်ပေးချင်တဲ့ စေတနာပါ တဲ့။

စင်ပေါ်က တီးဝိုင်းနဲ့ ဖျော်ဖြေမယ့် သူတွေကလည်း ဖြစ်နေ ပျက်နေတာတွေ အားလုံး မြင်နေ ကြားနေ ရပေမယ့်  ခင်ဗျားတို့ရပ်ကွက် ဇာတ်လမ်း ရှုတ်တယ် ဆိုပြီး၊ စရံပိုက်ပြီး အိမ်ပြန် မအိပ်ကြဘူး။ ပွဲခင်းအဝမှာ စုရုံးနေတဲ့ လူထုကြီးရဲ့ ဆန္ဒ၊ မျှော်လင့်ချက်အပြည့်နဲ့ အကွယ် ကနေ တိတ်တခိုး အားပေး နေသူတွေရဲ့ အာသီသ၊ ဘယ်လိုပင် ဖြစ်ပါစေ ပွဲကို မဖြစ်ဖြစ် အောင် လုပ်မယ်ဆိုတဲ့ ပွဲသွင်းသူ တွေရဲ့ အာဂ သံဓိဌာန် တွေကို အလေးပေးတဲ့ အနေနဲ့ ပွဲကို စတင်ဘို့ ဇွဲ ကောင်းစွာနဲ့ စောင့်နေကြပါတယ်။

ပွဲလုပ်ခွင့်ကို တရားဝင် အဆင့်ဆင့် ရယူထားပါလျက်၊ ပွဲသွင်းခွင့် ရှိပါလျက်နဲ့ ပြဿနာမရှိ ပြဿနာရှာ၊ ဂကျီ ဂကြောင် လာရစ်နေတဲ့ လူတစုဟာ အယင်ကတည်းက ရပ်ကွက်ထဲမှာ စီကနဲ ဆို အီဖေကိုယ် ဆိုတာလို ကျော်ကြားနေတဲ့သူ တစုပါ။

အများသူငါ စိတ် အနှောက်အယှက် ဖြစ်အောင် သူတို့ ဘာလို့ သည်လို လိုက် လုပ်နေတာလဲ ဆိုတော့ ရပ်ကွက်ထဲက လူတွေ သူတို့ကို အထင်ကြီးအောင်၊ လေးစားအောင်၊ အာဏာ၊ ပါဝါ ရှိကြောင်း ပြ နေတာလို့ ဆိုပါတယ်။

သူများလုပ်တာ သဘောမကျ၊ အားမရယင် ကိုယ် ကိုယ်တိုင်ပဲ ဦးဆောင် လုပ် လိုက်ပါလား။ လူတွေက ပွဲ ကြည့်ချင်နေတာ ကြာပြီ။ စီစဉ်မယ့်သူ ဦးဆောင်လုပ်မယ့်သူ မရှိလို့ မနေသာတဲ့ သူတွေက မနေနိုင် မထိုင်နိုင်၊ ကိုယ့်ထမင်း ကိုယ်စားပြီး ထ လုပ်ပေးတာ ရပ်ကွက်နေ အများ ပြည်သူတွေ အတွက်၊ သူတို့ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ အချို့ ရပ်ကွက်တွေက ပွဲသွင်းသူ တွေလို ကိုယ်ကျိုးစီးပွား အမြတ် ရဘို့ မဟုတ်ဘူး။ သည်ရပ်ကွက်မှာက ဘာလုပ်လုပ် ပြဿနာ ရှုတ်၊ စရိတ်စက များ၊ အမြတ်နည်းလို့ ဘယ်သူမှ ဘာမှ မလုပ်ချင်တာ အားလုံးအသိ။

အခုတော့ ကိုယ်လည်း စ မလုပ်။ သူများ လုပ်တော့လည်း က ဖျက် ယ ဖျက် နဲ့။

သည်လို လုပ်ရပ်တွေကို သည်လို လိုက်လုပ်နေသရွေ့ ရပ်ကွက်ထဲက လူတွေက သူတို့ကို ပို ချဉ် သထက် ချဉ်၊ အဝိဇ္ဇာတွေပွား၊ မေတ္တာတွေ ပို့ကြမှာ သိသင့်နေပါပြီ။

လူတွေ လေးစားမှု ထောက်ခံမှုကို လိုချင်ယင် ရပ်ကွက်နေ ပြည်သူများ လိုချင်၊ ဖြစ်ချင်တာ လေးတွေ လျောလျောလျူလျူ လုပ်ပြပေးပါလား။ ဖိနှိပ်၊ ချိမ်းခြောက်၊ ဟိန်းဟောက်နေလို့ ဘယ်သူကမှ ထောက်ခံ အားပေးမှာ မဟုတ်ဘူး။

အော် ... ပြောလည်း ပြော ပြော ပါပဲ။ နားမှ ဝင်ကြရဲ့လား။
ရိပ်ဖမ်း သံဖမ်း ပြောမရပဲ ဒုန်းဝေး နေလို့က နောက်တခါဆို တည့်တိုး ပြောမှပဲ ထင်တယ်။

အခုတော့ စိတ်မပါပေမယ့် ရှေးစာလေးနဲ့ပဲ အဆုံးသတ်ပါတော့မယ်။
တို့ ချဉ်ခြင်း (ပွဲ ကြည့်လိုသော အာသီသ) ကို
ခွင်း ၍တစေ၊ ပွဲတိုင်း မွှေတဲ့ (နေ့တိုင်းပေါ့လေ)                                                            မြင်သူ မုန်းစရာ့၊ ကိုအရစ်ဘို (လူတွေကို ဘို ကျ၊ အနိုင်ကျင့် လွန်းလို့လေ)                        ရေလို ခမ်းခြောက် ပါစေသား။

အင်း ... အခုတော့ ပွဲပဲ ဆက် စောင့်ရမလား၊ အိမ် ပြန်ရမလား။ ဘာ လုပ်ရမလဲ။
အမေ့အိမ် နဲ့ မဗေဒါကို သတိရမိတယ်။                                                                          
ကဲ ... ကိုသုခရယ်၊ ဘာကျန်သေးသလဲကွယ်။

မှတ်ချက် ... နာမည် အခေါ်အဝေါ်တူသော်လည်း လူချင်းမတူသူ အများရှိပါသည်။
(လက်နှစ်ဘက် စုံပိုက်၊ စည်းရိုးပေါ် ခွထိုင်ပြီး၊ အိတ်ထဲကလည်း တပြား စိုက်မလှု၊ လူလည်း ချွေးတစက် ကျအောင် မကူပဲ၊ သူများတွေ လုပ်သမျှကို ဘေးထိုင်၊ ဘုပြောလို့ သင်္ကြန် အမြှောက် ဖေါက် နေကြတဲ့ သူများကို ဖိမှ၊ ကိုယ့်ကို လူသိမယ် ဆိုတဲ့ သုခမိန်ကြီးတွေ အကြောင်းတော့ ဘာဆို ဘာမှ မပြောတော့ ပါဘူး။ ဝေဖန်ရေးနဲ့ လေကန်နေတာထက် ပွဲ ဖြစ်ဘို့က အခရာပါ။)

မာလုစံ
ဇွန်လ ၆ ရက် ၂ဝ၁၁

မူရင်း ရှေး ကဗျာ။
တို့ ချစ်ခြင်းကို                                                                                                            ခွင်း၍ တစေ၊ နေ့တိုင်း မွှေတဲ့                                                                                         မြင်သူ မုန်းစရာ့ ဂုန်းမအို(စုန်းမအို)                                                                                 
ရေ လို ခမ်းခြောက် ပါစေသား။ ... ။

No comments: