Sunday, June 19, 2011

အဖိုးမဖြတ်နိုင်တဲ့ အဖေများနေ့ပါ အဖေ

(Reposted with Unicode on January 16th, 2025)
Originally posted on June 18th 2011

အဲသည့် အချိန်က တကယ်တော့ ကျွန်မ အသက် မငယ်တော့ပါဘူး။

ကလေးသူငယ်လည်း မဟုတ်တော့သလို၊ ဆယ်ကျော်သက်ရွယ် အပျိုပေါက်မလေးလည်း မဟုတ်တော့ဘူး။ အသက်နှစ်ဆယ် ကျော်နေပါပြီ။ မြကျွန်းသာ တက္ကသိုလ် ကျောင်းတော်ကြီး မှာ လေးနှစ် လေးမိုး တက်ပြီးလို့ နိုင်ငံခြားဘာသာဘွဲ့ တခုရပြီး အလုပ်ခွင်တောင် ဝင် နေပါပြီ။

ဒီဇင်ဘာ လလယ်ပိုင်းမို့ မကြာခင် ရောက်လာတော့မယ့် ခရစ်စမတ်ပွဲကို ကြိုတွေးပြီး မျှော်နေ၊ ပျော်နေ မိချိန်ပါ။ အရွယ်ရောက်ပြီး လူငယ်တဦးမို့ လှချင် ပချင်တာကတော့ အမြဲပါပဲ။ ဘယ်လို လှအောင် ဝတ်ရမလဲ။ ဘယ်လိုဆိုယင် ပိုလှမလဲပဲ အမြဲ တွေးနေတတ်တဲ့ အရွယ်ပါ။ ကျွန်မ အလုပ်လုပ်တဲ့ စက်ရုံက ဂျာမန်မကြီး ပေးလိုက်တဲ့ မဂ္ဂဇင်းစာရွက်တွေကို တဖျတ်ဖျတ် လှန် လှောယင်း ဘယ် အင်္ကျီပုံ ဆိုယင် ဆန်းမလဲ၊ ကိုယ်နဲ့ လိုက်ဖက်မလဲ တွေးတော စဉ်းစားယင်း လက်ကလဲ စာရွက်တရွက်အပေါ်မှာ အင်္ကျီပုံ ဒီဇိုင်းလေးတွေ အမျိုးမျိုး ချဆွဲ နေမိတယ်။

နဘေးက ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ အဖေက စကား လှမ်း ပြော၊ မေးနေပေမယ့် ကျွန်မ ကောင်းကောင်း မကြားဘူး။ ကျွန်မ အာရုံက အင်္ကျီ ဒီဇိုင်းအပေါ်မှာပဲ အပြည့်။ ဘယ်လိုလေးဆို ကောင်းမလဲ၊ ဘာ အရောင်လေး လုပ်ရမလဲ။ သည်လိုလေး လား၊ ဟိုလိုလေး လား။ သူ မေးတာ ကြားပုံ မရ၊ ပြန် မဖြေတော့ အဖေက ကျွန်မ ကြည့်နေတဲ့ စာအုပ်ကို မသိချင်ယောင် ဆောင်၊ လှမ်း ဆွဲတယ်။

“အဖေ ... သမီး ကြည့်နေတယ်”

ဆတ်ကနဲ မော်ကြည့်ပြီး ပြောလိုက်တော့ သူ ပြန် ပေးရှာတယ်။

“အော် ရော့ ... ရော့၊ အဖေက မသိလို့”

စာအုပ်ကို လှမ်းယူပြီး အရှေ့မှာ ချ၊ စောစောက စာမျက်နှာကို ပြန် ရှာလိုက်ပြီး လှန်ထားလိုက်တယ်။ ပြီးတော့ ကျွန်မ အင်္ကျီဒီဇိုင်းပုံ စဉ်းစားလိုက်၊ စာရွက်ပေါ် ချဆွဲ ကြည့်လိုက် လုပ်နေမိ တယ်။ ကျွန်မ ငုံ့ပြီး စာရွက်အပေါ် ခဲနဲ့ ချယ်နေတုန်း အရှေ့က စာအုပ်က ဖျတ်ကနဲ ဆို ရွေ့သွား ပြန်တယ်။

ဘယ်သူ ယူသွား ပြန်ပြီလဲ။

ဆတ်ကနဲ ကျွန်မ ခေါင်းမော် ကြည့်လိုက်ပြန်တော့ စာအုပ်က အဖေ့လက်ထည်းမှာ ...

“အဖေ ... ....”

“သမီး ကြည့်နေတာလား”

“ဟုတ်တယ်”

ခပ် ဆတ်ဆတ်၊ ဆူအောင့်အောင့် ပြန်ဖြေတော့ စာအုပ်ကို ပြန် ကမ်းပေးတယ်။

ကျွန်မ ခေါင်းငုံ့ ၊ ပုံ ဆက်ဆွဲနေချိန်မှာ စာအုပ်ကလေးက ဘေးကို တဖြေးဖြေး ရွှေ့သွား ပြန်တယ်။ ဘယ်သူ ရှိရမှာလဲ၊ အဖေ ပဲပေါ့။

“အဖေ ... သမီး ကြည့်နေတယ်လေ ... ”

“သမီးက ကြည့်တယ်သာ ပြောတယ်။ ခေါင်းကြီး ငုံ့ပြီး ပုံ ဆွဲနေပြီးတော့”

သည်တခါတော့ ကျွန်မ စိတ်ထဲ နည်းနည်း ကလိကလိ ဖြစ်လာပါပြီ။

“သမီး အင်္ကျီပုံ ဒီဇိုင်း ထုတ်နေတာ အဖေ”

သည်တော့ သူက ပက်လက်ကုလားထိုင် အပေါ်က ဆင်းပြီး ကျွန်မနဘေး လာ ထိုင်ပါတယ်။ ပြီးတော့ ကျွန်မ ဆွဲနေတဲ့ ပုံကို ကြည့်လိုက်၊ စာအုပ်ထဲက ပုံတွေ ကြည့်လိုက်နဲ့ ဟိုနားက ဘယ်လို၊ သည်အင်္ကျီပုံက ဘယ့်နှယ်၊ အရောင်တွေက ဘယ်လိုနဲ့ ပြော နေပါတယ်။

တကယ်တော့ အဖေက ပင်စင် ယူထားသူပါ။ 

သူတို့ငယ်ငယ် လူငယ်ဘဝက ကျွန်မတို့ တိုင်းပြည် တိုင်းတပါးကျွန်၊ ကိုလိုနီ ဖြစ်ဆဲမို့ ကျောင်းသားဘဝ ကတည်းက ကျောင်းစာ တဘက်၊ တို့ဗမာအစည်းအရုံး တာဝန် တဘက်နဲ့ မနားရအောင် အလုပ်များခဲ့သူပါ။ ၁၉၃၈ ခုနှစ်မှာ ကျောင်းသား လူငယ် ဗိုလ်အောင်ကျော် ကျဆုံးတဲ့ သပိတ်တိုက်ပွဲက စပြီး အသွင်အမျိုးမျိုးနဲ့ တိုင်းပြည်အတွက် လှုပ်ရှားခဲ့၊ ခေတ်အဆက်ဆက် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တာ အသက်ပြည့် ပင်စင် ယူရမယ့် အချိန်ထိ ဆိုပါတော့။ သည်တော့ တချိန်လုံး တောက်လျှောက် မနေမနား အလုပ်လုပ်ခဲ့သူမို့ အခု အလုပ် မရှိတော့ မနေတတ် မထိုင်တတ် ဖြစ်။ သားသမီးတွေ ကျောင်းသွား၊ အလုပ်သွားတဲ့ နေ့အချိန်မှာ အမေ့အနောက် တကောက်ကောက် လိုက်၊ ဈေးသွားလည်း လိုက်၊ မီးဖိုချောင်ထဲလည်း လိုက်၊ ဖဝါးထပ်ချပ် မကွာ လိုက်နေတော့ အမေက စိတ်ရှုတ်ပြီး နှင်ထုတ် ခံရတာ ခဏခဏ ပါ။ သည်တော့ သားသမီးတွေ ပြန် အလာကို စောင့်ပြီး စကားပြော၊ ဝင်ရော၊ အဖေ ဘာ လုပ်ပေးရမလဲ၊ ဘာ ကူရမလဲ နဲ့၊ တယောက် ယောက်များ အပြင်သွားမယ် ဟန် မပြင်နဲ့၊ သူက ကားသော့ ကိုင်ပြီးပြီ။ မျက်မှန်ကြီး တဝင်းဝင်းနဲ့ သူ လိုက် ပို့မယ် ပြင်ပြီး ပါပြီ။ တကယ်တော့ သူ့အခန်း ကဏ္ဍကလေး မပျောက် မပျက်အောင် လုပ်နေ၊ သတိပေးနေတာနဲ့ တူပါတယ်။

ဒါကို သတိ မမူ၊ ဂူ မမြင်မိတဲ့ ကျွန်မတို့ သားသမီးတွေကလည်း သူ့ကို ဂရု မထား၊ ကိုယ့် ကိစ္စနဲ့ ကိုယ် အလုပ် များ။ စကားရော ဖေါရော လာ လုပ်နေတဲ့ အဖေ့ကို လာ ရှုတ်နေတယ် ထင်မြင်မိတာ ခဏခဏပါ။

သူ့ကို စကားကောင်းကောင်း ပြန် မပြောတော့ ကျွန်မ အာရုံစိုက်အောင် အဖေဟာ ကျွန်မ လှန်ထားတဲ့ စာရွက်တွေကို ဟိုလှန် သည်လှန် လာ လုပ်နေပါတယ်။ သည်တော့ ကျွန်မက လက်ထည်းက ခဲတန်ကို အသာချပြီး သူ့ကို ကြည့်နေလိုက်တယ်။ မရယ်မပြုံး ခပ်တည်တည် မျက်နှာထားနဲ့ ကျွန်မကို ရယ်ကျဲကျဲနဲ့ ပြန် ကြည့်ပြီး - 'ဟောသည် ဂျာမန်မတွေ ဘာ လှလို့လဲ။ အဖေ့သမီးကမှ တကယ် လှတာ ...' ဆိုပြီး ကျွန်မကို ချော့သလိုလို၊ မြှောက်သလိုလို လာ ပြော နေတယ်။ သူ့ကို ခပ်တည်တည်နဲ့ စိုက် ကြည့်ပြီး ဘာမှ ပြန် မပြောပဲ စာအုပ်ကိုသာ ကျွန်မ လိုချင်တဲ့၊ ပုံစံ ယူနေတဲ့၊ စာမျက်နှာကို ပြန်ရှာ လှန်ထားလိုက် ပါတယ်။

ခဏအကြာမှာ အမေ အနားကို ရောက်လာတယ်။

“ဟေ ... မာမီစံကြီး။ လာ စမ်းပါဦး။ သည်မှာ ကြည့်ပါဦး။ ဂျာမန်မိုဒယ်လ်တွေတဲ့။ ကိုယ်တို့ သမီးကြီး လောက်တောင် မလှဘူး။”

အမေ့ကို ပြောယင်း ကျွန်မအရှေ့က စာအုပ်ကို ဖျတ်ကနဲ ဆွဲယူလို့ လှမ်းပေးလိုက်တယ်။ ကျွန်မလည်း သိပါပြီ။ သည်ညတော့ ဘယ်လိုမှ ကျွန်မ အင်္ကျီ ဒီဇိုင်းပုံ ထုတ်လို့ ရတော့မှာ မဟုတ်တော့ဘူး ဆိုတာ။ အဖေ အိပ်ယာဝင်ဦးမယ့်ပုံ မပေါ်သလို၊ အခု အမေက အနား လာ ထိုင်ပြီ ဆိုတော့ တော်ကြာနေ ကျန် မောင်နှမ တတွေလည်း အနား ရောက်လာ ကြဦးမှာပါ။

ငေါက်ကနဲ ထရပ်ပြီး စာအုပ်ကို ဖျတ်ကနဲ ယူလို့ ဆောင့်ဆောင့် အောင့်အောင့် လှည့်ထွက် လာခဲ့မိတဲ့ ကျွန်မ အနောက်မှာ အမေ မေးတဲ့ အသံနဲ့ အဖေ့ရဲ့  ရယ်စစ အသံကို ကြားနေရပါတယ်။

“အကြီးမ ဘာဖြစ်သွားတာလဲ။”

“ကိုယ့်ကို စိတ်ကောက်သွားတာ နေမှာပေါ့ ...”

“ပါပါစံကြီးက ဘာပြောလို့လဲ”

အဖေက ဘာပြောတယ် မသိ၊ အမေ့ အသံက နည်းနည်း ကျယ်ကျယ်လေး လွင့်လာတယ်။

“ကိုယ့်အဖေက ချစ်လို့ စတာ၊ ဒါ စိတ် ဆိုး၊ စိတ် ကောက်စရာလား။ အလကားနေယင်း တကောက်ထည်း ကောက်နေတာပဲ၊ ကောက်တေးမ။”

အခန်းထဲ ဝင်၊ တံခါး ပိတ်၊ ဂျက် ထိုးပြီး ကျွန်မ အိပ်ယာ ဝင်ခဲ့တယ်။ အပြင်မှာ သူတို့ ရယ်သံ မောသံ ကြားလေ၊ စိတ်က ပို တိုလေ ပါပဲ။ အိပ် မပျော်ခင်မှာ ကျွန်မ အခန်းတံခါးကို လာ ခေါက်သံ ကြားရတယ်။ ကျွန်မက ဘာမှမထူးပဲ ငြိမ်နေတော့ မေးသံ တိုးတိုးလေး ကြားရတယ်။

“သမီးကြီး၊ အိပ်ပြီလား”

အဖေ့ အသံပါ။ နှစ်ခါလောက် မေးတာကို ကျွန်မ ဘာမှ ပြန် မဖြေပဲ နေတော့ ထွက်သွားတဲ့ သူ့ခြေသံ ဖွဖွ၊ ကျွန်မ အခန်းတံခါးဝကနေ တဖြေးဖြေး ဝေးသွားတာ သိလိုက်ပါတယ်။

ဒါက ကျွန်မ အဲသည် အချိန်က သိတဲ့ အသိတခု။


+                                +                                 +                                +


နောက်တနေ့ မိုး မလင်းသေးဘူး၊ ကျွန်မ အိပ်ခန်းတံခါးကို တအုန်းအုန်း တဒုန်းဒုန်း လာ ရိုက် ထုသံ ကြားရတယ်။ ပထမတော့ အိပ်မက် ထင်နေပါတယ်။ မနိုးတဝက် ရီဝေဝေ အသိမှာ ကြားလိုက်ရတာ ညီမလေးရဲ့ အထိတ်တလန့် အသံ။

“မမ ... လာပါဦး။ ဖေဖေရယ် ဘာဖြစ်မှန်း မသိဘူး”

ကျွန်မ ဘယ်လိုက ဘယ်လို အမေတို့ အဖေတို့ အိပ်ခန်းထဲ ရောက်သွားတယ် မမှတ်မိတော့ဘူး။ အိပ်ခန်းထဲက အဖေ့ကုတင်နဘေးမှာ အမေနဲ့ ညီမလေးကို စိုးရိမ် ကြောင့်ကျတဲ့ မျက်နှာတွေနဲ့ တွေ့ရတယ်။ အိမ်ထောင်ကျသွားပြီးတဲ့ အကိုလတ်က ယောက္ခမအိမ်မှာ နေပါတယ်။ အိမ်မှာ နေတဲ့ အကိုကြီးနဲ့ မောင်လေးကို မတွေ့လို့ မေးမိတော့ အကိုကြီးက လမ်းထဲက ဆရာဝန်ကို ပြေး ခေါ်နေပြီး မောင်လေးက အကိုလတ်နဲ့ အဖေ့ညီမ အဒေါ်တွေ၊ အမျိုးတွေကို ဖုန်းဆက် အကြောင်း ကြားနေတယ် တဲ့။

အမေက အဖေ့လက်ကို ကိုင်ပြီး သတိပေးနေတယ်။

“ကိုကို ... သတိထားနော်။ စောတို့ ရှိတယ်။ အား တင်းထား။ ဆရာဝန် လာတော့မယ်”

ခဏနေတော့ မောကြီးပန်းကြီးနဲ့ အကိုကြီး အခန်းထဲ ပြေး ဝင်လာပါတယ်။ ဆရာဝန် ပါ မလာလို့ မေးတော့ လာလိမ့်မယ်။ နှိုးခဲ့ပြီ တဲ့။ အဖေဟာ မျက်လုံးမှိတ်လျက် အသက်ကို ပြင်းပြင်း ရှုနေ ပါတယ်။ မြင့်လိုက် နိမ့်လိုက်နဲ့ သူ့ရင်ဘတ်ကို ကြည့်ပြီး နှလုံးရောဂါ ဆိုတာ ဘယ်လို ခံရမလဲ ကျွန်မ တွေးနေမိတယ်။

နှလုံးရောဂါ ဗွေဖေါက်တာ သူ သုံးခါ ခံရ ပြီးပါပြီ။

ပထမဆုံးတခါက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကပါ။ မနက် အလုပ် မသွားခင် ရေချိုးခန်းက အထွက် အခန်းရှေ့ ကန့်လန့် ကြီး လဲနေတာ အမေ တွေ့လို့ ဆရာဝန် ခေါ်၊ ဆေးရုံ ပို့ခဲ့ရပါတယ်။ ဒုတိယ တခါက မျက်စိ တိမ်ခွဲအပြီး ဆေးရုံ ကုတင်နဘေးမှာ လဲကျနေတာ လူနာစောင့် အကိုလတ်က တွေ့ခဲ့တာပါ။ တတိယ အကြိမ်ကတော့ အိမ်မှာ သားသမီးတွေ လူစုံရှေ့ စကားပြောနေယင်းနဲ့ ပက်လက် ကုလားထိုင် လက်တန်းကို တင်းတင်းဆုပ်လို့ မျက်လုံး စုံ မှိတ်၊ ချွေးသီး ချွေးပေါက် အလုံးလိုက် ကျပြီး အသက်ပြင်းပြင်း ရှုလို့ သူနှလုံး ဗွေ ဖေါက်နေမှန်း ကျွန်မတို့ သိခဲ့ရတာပါ။

ပထမဆုံးတခါ ဖြစ်ပြီးကတည်းက နှလုံးကိုလည်း ခွဲ အကုခံရ ပြီးပါပြီ။ နောက်ထပ်လည်း အချိန်မရွေး သူ့နှလုံးက ထ ဖေါက်ပြီး အသက် ပျောက်နိုင်တာမို့ နေ့စဉ်နေ့တိုင်း သူ့ကို အရိပ် တကြည့်ကြည့်နဲ့ ကျွန်မတို့ စိုးရိမ်နေခဲ့တာပါ။ ဒါပေမယ့် တတိယတခါ ဖြစ်အပြီးမှာ သူ့ကို သူ့ဆရာဝန်က နောက်တာလား၊ အတည် ပြောတာလား မသိ၊ ပြောခဲ့တာက “အကို သုံးခါ heart attack ရလို့မှ မသေယင် လက် ခမောင်း ထ ခပ်တော့။ ဘယ်သူမှ သုံးခါ အဖေါက် (heart attack) မခံနိုင်ဘူး” တဲ့။

သည်စကားကို အတည် ယူပြီး ပေါင်နှစ်ဆယ်ကျော် လေးတဲ့အိတ်ကို လွယ်လို့ ဗုဒ္ဓါဂါယာ ဘုရားဖူး သွားလိုက်ပါသေးတယ်။ သူ့ကျမ်းမာရေး စိုးရိမ်လို့ အမေနဲ့ အမျိုးတွေ၊ မိတ်ဆွေအချို့က မလိုက်ဘို့ ပြောတော့၊ လမ်းမှာ သေတဲ့နေရာ မီးသင်္ဂြိုလ်ပြီး ပြာကို မြေပေါ်  ကြဲခဲ့ တဲ့။ လိုက်မှာပဲ၊ မတားနဲ့ ဆိုပြီး ဘုရားဖူး သွားဘို့၊ သုံးလေးမိုင် ခရီး အများနည်းတူ လမ်း လျှောက်နိုင်ဘို့ မနက်တိုင်း လမ်း ထ လျှောက်ပြီး ကျင့်ခဲ့ပါတယ်။

ဗုဒ္ဓါဂါယာက အပြန်မှာ သူ့ကျမ်းမာရေး ပို ကောင်းလာတယ်။ သုံးခါ ဗွေဖေါက်လို့ မသေယင် လက်ခမောင်း ခတ်တော့ ဆိုတဲ့ စကားက တွန်းအား ကောင်းတာလားတော့ မသိပါ။ သည် အပြောကို သူကလည်း တကယ် ယုံသလို၊ အသားအရေက အစ ပိုပြီး ကြည်ကြည်လင်လင် ဖြစ်လာတဲ့ သူ့ကို သူ့ဆရာဝန်ကတောင် အံ့သြတယ်။ 'အကို့ အခြေအနေ ကောင်းလာတယ်' တဲ့။ အယင်နဲ့ မတူ ဖျတ်ဖျတ်လတ်လတ်နဲ့ သူ့ ကို သူ့မိတ်ဆွေတွေက တွေ့တော့ ဝမ်းသာအားရ ဖြစ်ကြတယ်။ တချို့ကဆို အလုပ် ပြန်လုပ်မလား။ အချိန်ပြည့် မဟုတ်တောင် အချိန်ပိုင်း ဖြစ်ဖြစ်၊ အကြံပေး ဖြစ်ဖြစ် လုပ် ပါလား ပြောကြတယ်။ သူကလည်း အလုပ် ပြန်လုပ်ယင် ကောင်းမလား စဉ်းစားနေချိန်ပါ။

ခဏနေလို့ ဆရာဝန် လိုက် မလာတော့ အကိုကြီး လမ်းထဲ ပြန် ပြေးဆင်း သွားပါတယ်။ ဖုန်းတွေ လျှောက်ခေါ်နေတဲ့ မောင်လေး အခန်းထဲ ပြန်ဝင်လာချိန်မှာ ညီမလေးကတော့ အဖေ့ကို ကြည့်ယင်း မျက်ရည်တွေ စီးကျနေပါပြီ။ ကျွန်မလည်း အဖေ့ကို ကြည့်ပြီး ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ ဖြစ်နေတယ်။ ဘာ လုပ်လို့ကော ရမှာတဲ့လဲ။

ခဏနေတော့ အဖေရယ် လက်သီးနှစ်ဘက် တင်းတင်းဆုပ်လို့ မြင့်လိုက်နိမ့်လိုက် ရင်ဘတ်ကလည်း ငြိမ်သွားပါတယ်။ ကျွန်မ ထင်တာကတော့ သူ တခုခုကို တောင့်ခံ နေပုံပဲ။ မကြာပါဘူး ဖူးကနဲ လေ မှုတ် ထုတ်လိုက်ပြီး ငြိမ် သွားတယ်။ အသက်ထွက်တာ တခါမှ မမြင်ဘူးပေမယ့် ဒါပဲလို့ ကျွန်မ သိလိုက်တယ်။

ရုပ်ရှင်တွေထဲကလို အသက် မျှင်းမျှင်းကလေး ရှု၊ အသံ ယဲ့ယဲ့ကလေးနဲ့ နှုတ်ဆက်စကား မပြောသွားပါလား။ တချိန်တည်းမှာ လမ်းထည်းက ဆရာဝန်ပေါက်စ ကိုတူးနဲ့ အကိုကြီး အခန်းထည်းကို အပြေးအလွှား ဝင်လာတယ်။ 

(နောက်မှ သိရတာက ပထမ အကိုကြီး သွားခေါ်တဲ့ ဆေးခန်း ဖွင့်စားသူ ဆရာဝန်မကြီးက မိုးမလင်းသေးလို့ ပြန် အိပ်နေပါသတဲ့။ မနက် လင်းအားကြီး အရူးတယောက်လို လမ်းထဲမှာ ခေါက်တုန့် ခေါက်ပြန် ပြေးနေတဲ့ အကိုကြီးကို တွေ့လို့ ဆရာဝန်ပေါက်စအိမ်က သူတို့ သားကို နှိုးပေးလို့ ဆေးအိတ် ဆွဲ၊ ပြေး လိုက်လာတာပါ တဲ့။ အဲသည် နောက်ပိုင်း အဲသည် ဆရာဝန်မကို ဟိုမှာ သည်မှာ တွေ့ပေမယ့် ကျွန်မ တချက် လှည့် မကြည့်တော့ဘူး။ သူက နှုတ်ဆက်လည်း မကြားချင်ယောင် ဆောင်နေခဲ့တယ်။ ဘဝမှာ စိတ်နာတယ် ဆိုတာကို ပထမဆုံး သိ နားလည်ခဲ့ရပါတယ်။ )


+                                +                                +                                +


ဘုရားရှင် ဟောကြားခဲ့ဘူးသလို ကျွန်မတို့ အိမ်မှာ လူ သေဘူးပါတယ်။

ဖေဖေ့မိဘ ကျွန်မတို့ အဘိုးအဘွားဆုံးတုန်းက ကျွန်မတို့ အသက်သိပ်ငယ်ပြီး နိုင်ငံခြားမှာ ရောက်နေခဲ့တယ်။ သည်တော့ သိပ် မမှတ်မိချင်ဘူး။ ပူဆွေးမှုလည်း မရှိခဲ့ဘူး။ မှတ်မှတ် ရရ ပထမဆုံး အပူဟာ ကျွန်မ မူလတန်း ကလေးဘဝမှာ စ ကြုံရတာပါ။ အဲသည်အချိန်က ဖေဖေ ဟာ မိတ္ထီလာ လေတပ်စခန်းမှာ တာဝန် ထမ်းဆောင် နေချိန်ပါ။ သားသမီး အကြီးတွေ ကို ကျောင်း မပြောင်းစေချင်လို့ ရန်ကုန်မှာ ထားခဲ့ပြီး မေမေနဲ့ ညီမ အငယ်ဆုံးလေးပဲ ဖေဖေနဲ့ တပ်ထည်းမှာ လိုက်နေခဲ့ပါတယ်။ တရုပ် ဗမာ အရေးအခင်းဖြစ်တော့ ကျွန်မတို့က အဒေါ်အိမ် မှာ။ ညဘက်ကြီးမှာ ရပ်ကွက်ထဲက တရုပ်ကုန်စုံဆိုင်ကို လူအုပ်ကြီးက ဝိုင်းလုယက် ဖျက်ဆီးပြီး မီးတင်ရှို့တာ ကျွန်မ အလွန် ထိတ်လန့်ခဲ့ပါတယ်။ ဆိုင်ရှင်မိသားစု ကယ်ပါ၊ ကူပါ အော်သံတွေ ရယ်၊ ဝုန်းကနဲ တက် လာတဲ့ မီးလုံးကြီးကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ မိသားစုဝင်တွေ မသေ ပေမယ့် အတော်ပြင်းထန်စွာ ဒါဏ်ရာရပြီး အပျက်အဆီး အဆုံးအရှုံး အများကြီး ရှိခဲ့မှာပါ။ ရပ်ကွက်ထဲမှာတော့ သဘော ကောင်းပြီး ကလေးချင်း ကစားဘက်တွေမို့ ခင်မင်ရင်းစွဲ ရှိနေလို့ ဘာ့ကြောင့် သူတို့ အိမ်၊ သူတို့ ဆိုင် ကိုမှ ရွေး အဖျက်ခံရတယ် ဆိုတာ နားမလည်ခဲ့ဘူး။ လူအုပ်ကြီးက ဖျက်ခဲ့တယ် ဆိုပေမယ့် တကယ်ကတော့ စနစ်ဆိုးရဲ့ သားကောင် ဖြစ်ခဲ့ ရတာ ခုမှ နားလည်ပါတယ်။

စနစ်ဆိုးဒါဏ် အရိုက်ခံခဲ့ရသူတွေထဲမှာ ကျွန်မတို့ မိသားစု၊ ဆွေမျိုးတွေလည်း ပါပါတယ်။ အဲသည်အချိန် မတိုင်ခင်ကလေးမှာ ကျွန်မဘကြီး ဦးမျိုးလှိုင် (စန္ဒယား တင်ဝင်းလှိုင်တို့ အဖေ) က ရန်ကုန်မြို့လယ်က ဆေးခန်းတခုမှာ ဆေးရုံတက်နေချိန်ပါ။ ကျွန်မ မှတ်မိ သိ နားလည် သလောက်ကတော့ ဘဘဟာ လတ်တလော အသက်ဆုံးရှုံးရ လောက်အောင် ရောဂါဝေဒနာ အသဲအသန် နာမကျန်းဖြစ်လို့ ဆေးရုံတက်ခဲ့တာ မဟုတ်ပါဘူး။ ရောဂါ သက်သာအောင် ဆေး ကုသမှု ခံယူဘို့ ဆေးရုံ တက်ခဲ့တာပါ။ အရေးအခင်း ဖြစ်တော့ ဘဘ တက်နေတဲ့ ဆေးရုံ ပတ်ပတ်လည်ဟာ အဆိုးဆုံးနေရာတွေ ဖြစ်ခဲ့တယ်။ နှစ်ဘက်တိုက်ခိုက်မှုတွေ ကြမ်းလွန်းတော့ နေဝင်မီးငြိမ်း အမိန့်အပြင် နေ့အချိန်တွေမှာလည်း လမ်းတွေပိတ်ပြီး ဘယ်သူ့ကိုမှ အဝင် အထွက် ပေး မလုပ်တော့ဘူး။ ဖုန်း အဆက်အသွယ်လည်း မရတော့ပဲ ဆေးရုံပေါ်မှာ ဘဘနဲ့ အချို့လူနာတွေ ပိတ်မိနေခဲ့တယ်။ ဖေဖေတို့ ရန်ကုန်ကို လိုက်လာပြီး ဘဘကို ဆေးရုံပြောင်း ချိန်မှာ အချိန်တွေ လွန် ကုန်ပါပြီ။ မကြာဘူး ဘဘ ကွယ်လွန်သွားပါတယ်။ အသက် ၄၂ နှစ် ပဲ ရှိပါသေးတယ်။ (အရေးအခင်းသာ မဖြစ်ခဲ့ယင် ဘဘ အဲသည် အချိန်က မဆုံးဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။)

ဘဘ ဆုံးပြီးတော့ လေးနှစ်လောက်အကြာမှာ အမေ့ဘက်က အဘိုး ဆုံးပါတယ်။ နောက် ဖေဖေတို့ အမ အကြီးဆုံး ကြီးမေ ဆုံးပါတယ်။ အသုဘ သုံးခုစလုံးမှာ အသက် ဆုံးပါးပြီး ဆရာဝန် ဘာညာ ရောက်ပြီး၊ ကိစ္စဝိစ္စတွေ ပြီးကာမှ ကျွန်မ တွေ့ဘူးတာပါ။ အဲသည်နှစ် စောစောပိုင်းမှာ ကျွန်မ ယောက်ခမလောင်းက အဖေ့ထက် ရှစ်လစော ဆုံးပေမယ့် သူက ဆေးရုံမှာ အသက်ရှုစက် တန်းလန်းနဲ့ တရက်ကျော်ကြာ မေ့မျောနေပြီးမှ စက်ကို ဖြုတ်ပေးခဲ့ရတာမို့ ကိုယ့် မျက်စိရှေ့တင် ဆုံးပါးတာကို အဖေ့ကျမှ စ ကြုံဘူးတာပါ။

ကျွန်မ ငယ်ငယ်ကတည်းက စာ အလွန် ဖတ်ပါတယ်။ သုံးတန်းကျောင်းသူဘဝမှာ “ပိတောက်မြိုင်” နဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ခိုင်” ကနေ စလို့ဖတ်လိုက်တာ ဆရာ ပေါင်းစုံ၊ စာ ပေါင်းစုံ၊ စာအုပ် အမျိုးစုံ ဖတ်ပါတယ်။ ဆရာ အောင်ခင်ဆင့်ရဲ့ ဆေးပညာ ဆိုင်ရာတွေလည်း ဖတ်ဘူး သလို၊ အံ့သြဘွယ်ရာ ထူးဆန်းတဲ့အဖြစ်တွေလည်းဖတ်ဘူးပါတယ်။ အသုဘ ချကာနီး သင်းချိုင်း ရောက်မှ ပြန် ရှင် ထလာသူတွေ၊ ဆေးရုံပေါ် ရင်ခွဲခုံပေါ် ကျမှ အသက် ပြန်ရှုသူတွေ အကြောင်း ဖတ်ထားမိတော့ အဖေ့ကို ဆေးထိုးဘို့၊ လုပ်ထုံး လုပ်နည်းတွေ လုပ်ဘို့ကို ကျွန်မ အကြောက်အကန် ကန့်ကွက်ခဲ့တယ်။ အဖေသေတာ မဖြစ်နိုင်ဘူး။ သူ သုံးခါ နှလုံးဗွေဖေါက်တာတောင် မသေခဲ့တာ။ နာလွန်းလို့ ခဏ မေ့နေတာ၊ မျောနေတာ။ အချိန်ပေး စောင့်ယင် အဖေ အသက် ပြန် ရှုမယ် လို့ပဲ တထစ်ချ ယုံကြည်နေပါတယ်။

အဖေ့ဘေးက မခွာတဲ့ ကျွန်မကို အကို အမဝမ်းကွဲတွေ ရောက်လာပြီး ဝိုင်း ချော့မော့ ခေါ်သွား တော့မှ အဖေ့ကို လုပ်စရာရှိတာတွေ ဆက်လုပ်လို့ ရခဲ့တယ်။ အများနဲ့ တယောက်မို့ အလျော့ ပေးလိုက်ရပေမယ့် ကျွန်မ စိတ်ထဲ မကျေနပ်ပါဘူး။

အဖေ့ကို ကုတင်တလုံးနဲ့ အိမ်ရှေ့ခန်းမှာ ထား ထားတာကို ကျွန်မ လှေကားပေါ်ကနေ တနေကုန် ထိုင်ကြည့်နေမိတယ်။ အဖေ့ကြည့်ရတာ အိပ်နေသလိုပဲ။ တနေ့လုံး သားသမီးတွေ အရှေ့မှာ မျက်ရည် မကျတဲ့ အမေ၊ ညဘက် အိပ်ယာထဲမှာ အဖေ့ကို တပြီး တိုးတိုးလေး ကြိတ် ငိုသံ ကြားရတာ ကျွန်မ အသဲနှလုံးကို ကြိတ်စက်ထဲ ဖိ လှည့်နေသလိုပဲ။ လူတွေ ရှေ့မှာ အမေ တင်မက ကျွန်မတို့ တတွေလည်း မငိုမိခဲ့ဘူး ထင်ပါတယ်။ အသုဘ အပြီးမှာ ရပ်ကွက်ထဲမှာ အဖေဆုံးတာကို သားသမီးတွေ ငိုလည်း မငိုကြဘူး ပြောကြသတဲ့။ အဖေ့ကို မချစ်ဘူး ထင်ကြ သတဲ့။

လူတွေ ယုံအောင် ချစ် မပြတတ်ပေမယ့် အဖေ့ကို ကျွန်မ ချစ်တယ် ထင်ပါတယ်။ သူရဲ အလွန် ကြောက်တတ်ပြီး ဘာမှန်း မသိတဲ့ နာနာဘာဝ ဝိနာဘာဝတွေကို ထိတ်လန့်တတ်တဲ့ ကျွန်မဟာ အဖေဆုံးပြီး ရက် မလည်ခင်မှာ အဖေရယ် သမီးကို ကိုယ်ထင် လာပြပါ ဆုတောင်း နေခဲ့မိတယ်။ ညအမှောင် အခန်းထောင့်က မှိန်ပြပြ အရိပ်တွေဟာ အဖေလား စိုက်ကြည့် နေခဲ့မိတယ်။ အနည်းဆုံးတော့ အနံ့ကလေး ပေးပါ ဆိုပြီး စိမ်းရွှေရွှေ ဆနွင်းစိမ်းနံ့ ရမလား သတိထား လိုက်ရှု နေမိခဲ့တယ်။

ကိုယ်ကသာ အဖေ့ကို မကျွတ်လွတ်ခင် တခေါက် မြင်ချင်တယ် ကြိတ် ဆုတောင်းနေတာ အိမ်မှာ အဖေါ်နေတဲ့ အဒေါ်ကြီးက ညက ကိုအောင်ညွန့် သူ့ကို အနံ့ ပေးတယ်။ ခြေသံ ပေးတယ် ပြောတော့ အဖေ့လို ကိုယ် ကိုယ်တိုင်လည်း မဟုတ် မမှန်တာ မလုပ်၊ သူများ လုပ်တာကိုလည်း အား မပေးတတ်သူ၊ ဘုရားတရား အလွန်ကြည်ညိုသူက အသက် ထွက်ကတည်းက အထက်ဘုံ ကောင်းရာ ရောက်သွားပြီ။ ဝိညာဉ်အနေနဲ့ သည်လို လွင့်မျောနေမှာ မဟုတ်ဘူး၊ မဟုတ်တာတွေ လာ မပြောနဲ့လို့ ကက်ကက်လန်အောင် ရန်တွေ့ခဲ့ တာလည်း ကျွန်မ ပါပဲ။

တကယ်တော့ ကျွန်မချစ်တဲ့ အဖေက အမေနဲ့ သူ့သားသမီးတွေကို အနံ့ မပေး၊ ခြေသံ မပေးပဲ မဆီမဆိုင်သူကို ပေးရကောင်းလား မနာလိုစိတ်နဲ့ ဒေါသတွေ ထွက်နေမိ တာပါ။


+                                     +                                     +                                     +


တခါတခါ အိပ်မက်ထဲမှာ၊ အဖေနဲ့ တွေ့ခွင့် ရပြန်တယ်။
တခါတလေ အာရုံထဲမှာ တကယ် ရှိသေးသလားလို့ထင်တယ်။
ပျိုရွယ်ချိန် သန်စွမ်းဆဲတွင် အိမ် ဦးစီးစဉ်၊ တို့ ဘဝ နေသာချိန်၊
အတောင်စုံအောင် ဖန်တီးပေးသူ၊ အနန္တ ကျေးဇူးရှင် ဖခင် ... ..
.”

ကျွန်မရဲ့ မောင်လေး မောင်စိန်ဖိုး (သီရိညွန့်) က အဖေနဲ့ ပတ်သက်တဲ့ သူ့ခံစားချက်ကို သီချင်း ရေး ထုတ် သီဆိုခဲ့ပါတယ်။ ကျွန်မက သူ့လို သီချင်း မရေးတတ်၊ မဆိုတတ်ပေမယ့် သူ့ သီချင်း ထဲကလိုပဲ အဖေနဲ့ အိပ်မက်တွေထဲမှာ တွေ့လေ့ ရှိတယ်။ ထုံးစံအတိုင်း အဖေဟာ ပြုံးစစနဲ့ ကျွန်မကို စ နေ၊ စဘို့ အကွက်ပဲ ရှာနေပါတယ်။

စိန်ဖိုးလေး သီချင်းထဲကလိုပဲ အချိန်တွေ ကြာလာမှ တကယ် မရှိတော့မှန်း သိရ၊ လက်ခံရ ပေမယ့် အချိန်တိုင်းမှာ အဖေဟာ ကျွန်မ အတွေးထဲ၊ အသိထဲ၊ ရင်ထဲမှာ ရှိဆဲပါ။ နှစ်တွေ ဘယ်လို ပြောင်း ဟောင်းခဲ့ပေမယ့် အဖေ့ကို ကျွန်မ စိတ်ကောက်မိခဲ့တဲ့ ညက မနေ့ တနေ့ ကလိုပါပဲ။ မောင်ဖိုးရဲ့ သီချင်းထဲကလို အော်ခေါ်ယင် ပေါ်လာလေမလား ကလေးအတွေးက ခုထိ တွေးမိဆဲပါ။

သည်လိုသာ အော်ခေါ်လို့ ပြန် ပေါ်လာမယ်ဆိုယင် ရင်ကွဲအောင် အော် ခေါ်လိုက်ချင်ပါတယ်။

အဖေ့ကို စိတ်ကောက်မိခဲ့တာ တောင်းပန်ဘို့ပါ။

သူ အိပ်ကာနီး လာခေါ်တာကို မကြားချင်ယောင် ဆောင်ခဲ့တာ၊ တံခါး ထ မဖွင့်ပေးမိတာ၊ ကျွန်မ သေရာပါ ရနေမယ့် နောင်တတွေပါ။

(နောင်မှ တရတဲ့ နောင်တတွေနဲ့ ကင်းဝေးကြပါစေ။)


မာလုစံ
ဇွန်လ ၁၈ ရက် ၂ဝ၁၁

 

No comments: