(ဂီတပဒေသာ မဂ္ဂဇင်း၊ ၁၉၈၃ ဇွန်လ၊ အတွဲ ၂ အမှတ် ၃၀)
၁၉၈၃ ခုနှစ် ဇွန်လ ထုတ်၊ ဂီတပဒေသာ မဂ္ဂဇင်း၊ အတွဲ ၂ အမှတ် ၃၀ တွင် ပါရှိခဲ့သော စာမူလေးအား ပြန်လည် တွေ့ရှိခြင်း အမှတ်တရ။
ရပ်ဝေးကို စွန့်ခွာသွားသူ၏ စာမူပါမဂ္ဂဇင်း အချို့ကို နှစ် ၄၀ ကျော်အောင် မပျောက်မရှ ထိန်းသိမ်းထား ပေးခဲ့သော ချစ်မိခင် စောမြဝတီနှင့် ချစ်ညီမငယ်လေး ယုကိစံ အား အထူး ကျေးဇူး တင်ရှိပါကြောင်း။
မယား နေစ ကြောင် သေမှ၊ လင် နေစ ဆင် သေမှ ... ... တဲ့။
အဘယ်သူ စ ပြောခဲ့သည် မသိရပေမယ့် ထို စကားသည် အိမ်ထောင်ဦး ကြင်စမောင်နှံတို့ အကြား အတော်လေး ခေတ်စားသော သြဝါဒ တခု ဖြစ်နေသည်။
သွယ်နှင့် အမောင်တို့ လက်ထပ်တော့မည် ဆိုသည်နှင့် ထိုစကားကို ဟိုမှ၊ ဒီမှ ကြား လာရသည်။ သွယ်နှင့် နီးစပ်ရာ အသိုင်းအဝိုင်းထဲမှ ခင်မင်သူများ၊ ဆွေမျိုးသားချင်းထဲမှ အမျိုးသမီးကြီးများထံမှ နည်းနာ သြဝါဒတွေ အများကြီး ခံယူ ခဲ့ရသည်။
ဆင်ကို အသေ သတ်နည်း၊ တနည်းအားဖြင့် ယောက်ျား နိုင်နည်းများ ... ...။
စန္ဒာရုပ်စုံ မဂ္ဂဇင်းထဲမှ မရှပ်တေး၏ သြဝါဒများထက် ပိုမို စုံလင် များပြားသော၊ ပရိယာယ် ကြွယ်ဝသော နည်းများကို သူတမျိုး၊ ငါတဖုံ၊ တီးတိုးရော၊ ကျယ်ကျယ်ပါ မကျန် အကြံ ပေးလိုက်ကြသည်မှာ သွယ့်မေမေ ကိုယ်တိုင် နား မခံသာ၍ ဟန့်တား ယူရသည် အထိ ဖြစ်သည်။
ဒီထဲမှာမှ အကဲဆုံးက မရွှေအေမီရယ်ပင်။
အေမီနှင့်သွယ်သည် တက္ကသိုလ်မှာကတည်းက ခင်မင် ရင်းနှီးခဲ့ကြသူများ ဖြစ်သည်။ ထိုစဉ်ကတည်းက နီးစပ်ရာ သူငယ်ချင်းများ အကြားတွင် ဟိုစပ်စပ်၊ ဒီစပ်စပ် အမြဲ ဝင် ပါပြီး နေရာတကာ သူသိသူတတ် ဆရာလုပ်တတ်သော အေမီသည် သွယ် အိမ်ထောင်ပြုတော့မည် ကြားသည်နှင့် သွယ့်ထံ ပြေးလာပြီး သူ့ဘာသာသူ ဆရာ တင်ကာ သွယ့်ကို လက်ချာ ရိုက် လေတော့သည်။
အေမီ ဆရာလုပ်သည်ကို မလိုလားပေမယ့် အခြေအနေအရ သွယ့်မှာ သူမ၏ စကားများကို နားထောင်ခဲ့ရသည်။ အဘယ်ကြောင့် ဆိုသော် အေမီသည် သွယ့်ထက် ခြောက်လခန့် စော၍ အိမ်ထောင် ပြုခဲ့သောကြောင့် ပေတည်း။
X X X X X
‘ယူတို့ ဘယ်မှာ နေမယ် စိတ်ကူး ထားကြသလဲ’
‘သွယ့် သဘောကတော့ ကိုယ့်ဘာသာ သီးခြား ခွဲပြီး နေချင်တာပေါ့။ ဒါပေမယ့် သူက သူတို့ အိမ်မှာ လိုက် နေစေချင်တယ်။ သူကော၊ သူ့မိဘကပါ ပေါ့လေ’
‘သူ့မိဘက ... ဘာဖြစ်လို့လဲ’
‘ဘာမှတော့ မဖြစ်ပါဘူး။ သူတို့အိမ်က ကျယ်တယ် မဟုတ်လား။ ဒီတော့ အိမ်ထောင် ကျခါစ နှစ်ယောက်တည်း ရှိတာ သူတို့နဲ့ပဲ လာနေ တဲ့။ ပိုက်ဆံ စုမိအောင်လို့ တဲ့။ ဒါပေမယ့် သူကတော့ ပြောပါတယ်။ သီးသန့် နေချင်သပ ဆိုရင် သူတို့ခြံထဲမှာ နှစ်ခန်းတွဲ အိမ်ကလေး တခု ရှိတယ်လေ။ အဲဒီမှာ တခန်း ရှင်းပြီး နေတာပေါ့ တဲ့’
‘ဘာလဲ ... နောက်ဖေး တန်းလျား လား။ လုပ် မနေနဲ့ သွယ်သွယ်။ အိမ်ကြီး ပေါ်မှာသာ နေ။ တဖဝါးမှ အောက် မလျော့နဲ့’
အေမီ၏ စကားကြောင့် အေမီ့ကို သွယ် မျက်ဝန်းကလေး ကျယ်ကျယ်ဖြင့် ကြည့်မိသည်။ အေမီကမူ သွယ့် အကြည့်ကို ဂရု မမူပဲ သူမ၏ စကားကို ဆက်၍ ပြောသည်။
‘နောက်ပြီး သူတို့ အိမ်မှာ လိုက် နေရတယ် ဆိုပြီး သိပ်ပြီး ကျုံ့ကျုံ့ ယုံ့ယုံ့ လုပ် မနေနဲ့ အမျိုးသမီး။ အေမီ့ကို အတု ယူစမ်းပါကွာ၊ အေမီလို လုပ်စမ်းပါ။ ယူ အားလုံးကို အပြတ်ကြောပြီး ဒီလို ဒီလို လက်မ ထောင် နိုင်ရမယ်။ အို ... အိုင် ယူ့ကို အားလုံး သင်ပေးမယ်ကွယ်။ အေမီ့ နည်းတွေ အကုန် ပြောပြမယ်’
အေမီ့ကို သွယ် အကြောင်သားကလေး ငေး ကြည့်နေမိသည်။ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် အေမီ၏ မျက်နှာသည် မာန် တတင်းတင်း ရှိနေပါသည်။
သူမ ပြောသည့်အတိုင်းပင် အေမီသည် သူမ နေသောအိမ်၊ တနည်းအားဖြင့် ယောက္ခမ အိမ်တွင် စတိုင် တင်းတင်းဖြင့် အသာ နေရသူ ဖြစ်သည်။ အိမ်မှုကိစ္စဟူ၍ ဘာ တခုမှ မယ်မယ် ရရ မလုပ်ရ။ မနက် မိုးလင်းလျှင် အလှအပ ပြင်ဆင်ပြီး နံနက်စာ စားကာ ရုံးသို့ ထွက်သည်။ ရုံးမှ အပြန်တွင် ယောက္ခမအိမ်မှ လာကြိုသော ကားနှင့် ပြန်ရလင့်ကစား ပင်ပန်းသည်ဟု ဆိုကာ တရေးတမော နားသည်။ ဆည်းဆာချိန်ရောက်သော် ထမင်းစားပြီး ကိုကျော်နှင့် လမ်းလျှောက် ထွက်သည်။ နေဝင်ချိန် အိမ် ပြန်ရောက်တော့ ညနေစောင်းက ငှားလာသော ဝတ္ထု စာအုပ်များ ဖတ်သည်။ ထို့နောက်သော် အိပ်ယာ ဝင်လေသည်။
စနေနေ့ဆိုလျှင် စိန်ဂျွန်းဈေး၊ စကော့ဈေး လျှောက်ရသည်နှင့်၊ အင်္ကျီ အပ်ရ၊ ရွေးရ သည်နှင့် အိမ်ကို စောစော မရောက်တတ်။
တနင်္ဂနွေ ကျတော့ မိဘအိမ်ကို ပြန်သည့်အခါ ပြန်သည်။ မိတ်ဆွေများထံ လည်သည့် အခါ လည်သည်။ ရံဖန်ရံခါ ဟိုဟို ဒီဒီ လျှောက်သွားသည်။
ဒီတော့ အေမီ့ အချိန်ဇယားသည် သူ့နေရာနှင့် သူ အကွက် စေ့နေသည်။ ဈေး ဝယ်ဖို့၊ မီးဖိုချောင် ဝင်ဖို့၊ အိမ်ကို သန့်ရှင်းဖို့၊ အဝတ်လျှော် မီးပူ တိုက်ဖို့ အချိန်တွေ သူ့မှာ မရှိ။ ယုတ်စွ အဆုံး သူတို့အိပ်ခန်း တံမျက်စီး လှည်းဖို့ ကိုပင် နေ့စဉ်မှန်မှန် မလှည်းနိုင်၍ ရံဖန်ရံခါ ကိုကျော် လှည်းရသည် ... တဲ့။
ဝင့်ဝင့်ကြွားကြွားကလေး ပြောနေသော အေမီ၏ စကားကို နားထောင်နေရပေမယ့် သွယ့်ရင်မှာ ဘဝင် မကျနိုင် ဖြစ်နေသည်။
အေမီ မှန် သလား၊ မှား သလား။
အေမီက မှန်သည် ယူဆပြီး ပြောနေပေမယ့် သွယ့်စိတ်ထဲမှာ လက် မခံနိုင်ပါ။ အေမီ မှန်သည်ဟု သွယ် မထောက်ခံလိုပါ။
X X X X X
မည်သို့ပင် ဖြစ်စေ၊ မိမိ မကျွမ်းဝင်သော ဒေသကို စတင် ခြေ ချရသည် ဆိုတော့ ရင်ထဲမှာ နည်းနည်းတော့ စိုးထိတ်မိသား။
ယောက္ခမအိမ်ထက် တက်လာရသော ချွေးမတဦး အနေနှင့် သွယ့်ရင်မှာ ဘာကိုရယ် မသိ၊ ကြောက်လန့်ခြင်းကလေးတော့ နည်းနည်း ရှိနေသည်။ သို့ပေမယ့် သွယ့်ရင်ထဲမှ ခံစားချက်ကို သိ နားလည်သည့်အလား အမောင်သည် သွယ့်ကို ဂရုတစိုက်နှင့် ဖေးမမှု ပြုခဲ့သည်။
အမောင်တင်လား ဆိုတော့ မဟုတ်ပါ။ အမောင့် ဖေဖေကလဲ ရယ်ကာမောကာနှင့် သွယ့်ကို ခရီး ဦးကြို စကား ဆိုသည်။
‘ဖေဖေတို့ အိမ်ကတော့ လူ နည်းတယ် သမီးရေ။ ဖေဖေရယ် မေမေရယ်၊ မင်းတို့ မမစိုးရယ်၊ ဟောဒီ အငယ်ရယ် ဒါပဲ ရှိတယ်။ ဒါကြောင့် တခြားမှာ နေမယ့်အစား ဒီမှာ လာ နေလို့ ခေါ်ရတာ။ သပ်သပ် နေချင်ရင်တော့ ခြံထဲက အိမ်ကလေးမှာ နေကြပေါ့ကွာ။ ဒါပေမယ့် ထမင်းတော့ သီးသန့် လုပ် မနေနဲ့။ မင်းတို့ နှစ်ယောက်စလုံး ရုံးသမားတွေ၊ ဖေဖေတို့နဲ့ ပေါင်း စား။’
အမောင့်ဖေဖေ ပြောသည်ကို အမောင့်မေမေက ထောက်ခံသည့်အလား ပြုံးနေသည်။ အမောင့်အမကလည်း ပြုံးပြုံးကလေး။ အမောင်က သွယ့်ကို လှည့် မေးသည်။
အိမ်ကလေးမှာ သွား နေမလား ... တဲ့။
သွယ် ဘာမှ အဖြေ မပေးရသေးမီမှာပင် အမောင့်ညီမလေး အငယ်က သွက်လက်စွာ ဝင် ပြောသည်။
‘အိမ်ကလေးသော့ ပေးလေ ဖေဖေ၊ မိငယ် ချိုတူးတို့ကို ခေါ်ပြီး သွား ရှင်းလိုက်မယ်။’
‘အို ... နေပါစေ ငယ်ငယ်၊ မရှင်းပါနဲ့။ သွယ်တို့ ဒီမှာပဲ နေမှာပါ။’
အမောင့်ကို တချက် ဝေ့ ကြည့်ယင်း သွယ် အဖြေ ပေးမိသည်။ သီးသန့် နေချင်ကြောင်း တကျီကျီ ပူဆာလွန်း၍ အိမ်မှာ နေကြည့်ပါဦး၊ နေ မရမှ ခွဲတာပေါ့ ဟု မကြာခဏ နှစ်သိမ့်စကား ဆိုခဲ့ရသော အမောင်သည် သွယ့်ကို ပြုံး၍ ကြည့်ပြီး ...
‘ဟုတ်သားပဲ၊ ပြောင်းရ ရွေ့ရနဲ့ အလုပ် ရှုတ်ပါတယ်။ ဒီမှာပဲ ပြင်ဆင်ပြီးသားကို။ ဘာလဲ မိငယ်က ကိုကိုတို့ကို ဒီမှာ မနေစေချင်လို့လား။’
‘ကိုကိုကလဲ။ ကိုကိုတို့ ဒီမှာ အတူ နေရင် ပိုတောင် သဘော ကျသေး။ အိမ်ကလေးမှာ သွားနေမှာတောင် မီးငယ်က စိုးရိမ်နေတာ။’
ရယ်ကာ မောကာဖြင့် သွယ့် အိမ်ဝင်ခန်းသည် အဆင် ပြေစွာ ချောမောခဲ့သည်။
သွယ်တို့ မိဘအိမ်ကို အလည် သွားတော့ အမောင် သွယ့်ဖေဖေနှင့် စကား ပြောနေစဉ်မှာ မေမေက သွယ့်ကို တီးတိုး ခေါ် မေးသည်။
နေရ ထိုင်ရတာ အဆင် ပြေရဲ့လား သမီး ဆိုသော မေမေ့စကား မဆုံးခင်မှာပင် သွယ်၏ ဦးခေါင်းက သွက်လက်စွာ ညိတ်ပြီး ဖြစ်သည်။ ရွှင်ပျသော သွယ့်မျက်နှာကြောင့် မေမေ၏ မျက်နှာပြင်ထက်မှ ပူပန်မှု အရိပ်တွေ အနည်းငယ် လျော့သွားသည်။
‘အဆင် ပြေရင် ပြီးတာပါပဲ သမီးရယ်။ မေမေ့သမီးလေး စိတ် ဆင်းရဲ နေမလားလို့ မေမေ စိတ်ပူနေတာ။ မတတ်သာလို့ ခွဲ ထည့်လိုက်ရပေမယ့် မေမေသမီးကို အောက်မေ့နေတယ်။ အိမ်မှာက နည်းနည်း သည်းခံနေယင်တော့ ရပါတယ်။ ဒါပေမယ့် ဟိုအိမ်မှာ သမီးပျော်တယ် ဆိုတော့လည်း ကောင်းပါတယ် လေ။’
မေမေ့ မျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဝေ့၀ဲ နေသလား လို့ သွယ့်စိတ်က ထင်လိုက်မိသည်။ အလတ်ဆိုလျှင် လပ် ကျန်တတ်သည်ဟု လူအများက ဆိုကြပေမယ့် မေမေ့မေတ္တာသည် သမီးအလတ် သွယ့်အပေါ်လည်း ကြီးမားလှသည်ကို မေမေ့အသံ၊ မေမေ့ဟန်များက ဖေါ်ပြ နေပါသည်။
ညီမအငယ်ဆုံး လွယ်လွယ်က သွယ့်ကို တီးတိုး လာပြောသည်။
‘မေမေရယ်လေ၊ တခါတလေ မမလတ်ကို အောက်မေ့လို့ ဆိုပြီး တယောက်တည်း ငို နေတယ်။’
လွယ်လွယ်၏ စကားကြောင့် သွယ် စိတ် မကောင်း ဖြစ်သွားသည်။ သွယ် အိမ်ထောင် ပြုတော့မည် ဆိုကတည်းက ဘယ်အိမ်မှာ နေမလဲ ဟူသည့်မေးခွန်းသည် နှစ်ဘက်မိသားစု အကြား အတော်ကလေး ဂယက် ရိုက်ခဲ့သော မေးခွန်းဖြစ်သည်။
မေမေက အိမ်မှာပဲ နေစေချင်သည်။ ဒါပေမယ့် ဒါကို သွယ်က လက် မခံ။ သွယ်တို့ အိမ်မှာက မှီခိုသူ အတော် များသည်။ သွယ်တို့ မောင်နှမကပင် ခြောက်ယောက်။ ထို့အပြင် သွယ့် အောက် ညီမ နွယ်က အိမ်ထောင်နှင့်။ ဆယ်တန်းစာမေးပွဲ ဖြေပြီးကတည်းက နှစ်ဦး သဘောတူ ခိုးရာ လိုက်ကာ ယူထားကြသူများမို့ တက္ကသိုလ်ပညာရေး မပြီးသေးသော်လည်း ကလေး နှစ်ယောက် မိခင် ဖြစ်နေပေပြီ။ အဘွားနဲ့ အဒေါ် ထည့်ပေါင်းလိုက်သော် လူကြီး ဆယ့်တစ်ယောက်၊ ကလေးနှစ်ယောက် နေထိုင်သော ဒီအိမ်ကြီးပေါ်ကို အမောင့်ကို သွယ် ခေါ် မတင်ရက်။ အမောင် မနေတတ် မထိုင်တတ်နှင့်၊ စိတ် ညစ် သွားမှာကို စိုးရိမ်ပါသည်။
သွယ်က သီးသန့် နေလိုကြောင်း အဆို ပြုပေမယ့် လူကြီး ငါးယောက်တည်းသာ ရှိသော အမောင်တို့ အိမ်မှာ သွယ်တယောက် ချောင်ချိစွာ နေထိုင်နိုင်ကြောင်း အမောင် အကြောင်းပြချက် ကောင်းသဖြင့် အမောင်တို့ အိမ်ကို သွယ်တယောက် သျှောင်နောက် ဆံထုံး ပါခဲ့ရခြင်း ဖြစ်ပါသည်။
X X X X X
‘မမသွယ် ထမင်း စားရအောင်’
ငယ်ငယ်၏ ခေါ်သံကြောင့် သွယ်သည် ဖတ်လက်စ စာအုပ်ကို ချကာ အပြင်ကို ထွက် လိုက်သည်။ ထမင်းဝိုင်းမှာ လူ စုံနေသော်လည်း အမောင် မရောက်သေးချေ။
‘လာ သွယ်သွယ်၊ ဖိုးအောင်တော့ ဧည့်သည် ရောက်နေလို့ ဧည့်သည် ပြန်မှ စားမယ်နဲ့ တူတယ်။ လာ ... ... စားနှင့်’
အမောင့်ကို မသိမသာ ရှာဖွေမိသော သွယ့် မျက်လုံးကလေးများကို အကဲ ဖမ်းမိသော မမစိုးက သွယ့်ကို ခေါ်ယင်း အမောင် ဘယ်မှာ ရှိသည်ကိုပါ အသိ ပေးလိုက်သည်။
‘သွယ် မစားသေးပါဘူး။ ကိုအောင် လာမှပဲ အတူတူ စားပါ့မယ်’
‘အို ... ဝမ်းချင်း ဆုံတာမှ မဟုတ်တာ။ သူ့ဧည့်သည်က ဘယ်အချိန် ပြန်မှန်း မသိဘူး၊ သမီး ဆာ နေမယ်။ လာ ... ဝင် စားလှည့်'
‘ရပါတယ် မေမေ။ သွယ် မဆာသေးပါဘူး’
‘ဒါဆိုယင် သွယ်တို့ဖို့ ဟင်း သပ်သပ် ခပ်ထား လိုက်ရအောင်၊ စားကျန်တွေ ဖြစ်နေဦးမယ်’
အမောင့်မေမေ၏ စကားဆုံးသည်နှင့် မမစိုးသည် ထိုင်ရာမှ သွက်လက်စွာ ထကာ မီးဖိုချောင်ထဲ ဝင်သွားသည်။ ထမင်းစားနေရက်နှင့် ထသွားသော မမစိုးသည် သွယ်တို့အတွက် ဟင်း ခပ်ထားရန် ပန်းကန် သွားယူသည် ဖြစ်ကြောင်း သွယ် သိပါသည်။ တအိမ်တည်း နေ မိသားစုများ ဖြစ်နေပြီမို့ ဧည့်သည်သဖွယ် ဟင်း သီးသန့် ခပ်ထားရန် မလိုပါ။ တမိသားစုထဲသဖွယ် ဖြစ်နေသောကြောင့်လည်း ဟင်းကျန်ရယ်၊ ဘာကျန်ရယ် မသတ်မှတ်သင့်တော့။ ထို့ကြောင့် မမစိုးကို ပန်းကန် မယူဖို့၊ မေမေ့ကို ဟင်းခွဲ မခပ်ဖို့ သွယ် ပြောသင့်သည်ဟု ထင်မိသည်။
သို့ပေငြား သွယ့်နားဝကို ပျံ့လွင့်လာသော အေမီ၏ စကားကြောင့် သွယ် နှုတ် ဆွံ့ခဲ့ရသည်။
‘တခါ ကိုယ်တို့ ရုပ်ရှင် သွား ကြည့်ပြီး အိမ် ပြန်ရောက်တော့ သူတို့က စားသောက်ပြီး နေကြပြီလေ။ ကိုယ်တို့ဖို့ ဆိုပြီး ပန်းကန်ကလေး တလုံးနဲ့ ဟင်းလေးဖတ် ခပ်ထားတယ်။ တယောက် နှစ်ဖတ် ဆိုပြီး ဝေပုံကျသဘောပေါ့လေ။ အေမီတို့ကို ဒီလို လာကြောလို့ ဘယ် ရမလဲ။ ကိုယ်လဲ ထမင်းပွဲ လှမ်း ကြည့်ပြီး အပြတ် ကော ပစ်လိုက်တယ်။ ဟင်းက နှစ်ယောက် စား လောက်ပါ့မလား၊ အေမီ မစားတော့ဘူး၊ သူပဲ စား ဆိုပြီး အခန်းထဲ ဝင်၊ စိတ် ကောက် နေတာပေါ့။ ကိုရွှေကျော်က ပြာပြာသလဲနဲ့ လိုက် ချော့တယ်လေ။ ဟင်းကို အေမီပဲ စား တဲ့၊ သူ့အတွက်က တခုခု လုပ်လိုက်မယ် တဲ့။ ကိုယ် စားလိုက်ယင် ကိုယ် အလွန် ဖြစ်သွားမှာပေါ့။ ဒီတော့ ကိုယ့် အလွန်လဲ မဖြစ်အောင်၊ ယောကျ်ားကို ပစား ပေးသလိုနဲ့ သူ့နောက်က ဟာတွေကို နှိမ်ပြီးသား ဖြစ်အောင် မစားပဲ နေပစ်လိုက်တယ်။ သူက ဟိုဟာ လုပ် ပေးရမလား၊ ဒါ လုပ် ပေးရမလားနဲ့ နောက်ဆုံး သူကိုယ်တိုင် ဆိုင်က သွား ဝယ် ပေးရတယ်လေ။ အဲဒီနေ့ကများ အားလုံး မျက်စိမျက်နှာ တပျက် ပျက်နဲ့၊ အေမီကို လာ ကြောလို့ ဘယ် ရပါ့မလဲ’
ကြောတာ တဲ့။ အဲဒါ ကြောတာ တဲ့။
အေမီ၏ စကားများ အလယ်မှာ တဝဲလည်လည်နှင့် သွယ်သည် မမစိုးကို တားမြစ်စကား မဆိုမိ သလို အမောင်၏မေမေ ဟင်းခပ်နေသည်ကိုလဲ ကြောင် ကြည့် နေမိသည်။ မေမေသည် ကောင်းနိုးရာရာ ဟင်းဖတ်လေးများ ရွေး ခပ်ပြီး ပန်းကန်ကို ငယ်ငယ်အား သိမ်းခိုင်းလိုက်သည်။
ထိုနေ့က အမောင်၏ ဧည့်သည် ပြန်သွားတော့ အမောင်နှင့်သွယ် နှစ်ယောက်တည်း ထမင်း စားကြ သည်။ ငယ်ငယ် ထုတ်ပေးလာသော ကြက်သားဟင်းပန်းကန်ထဲမှ ကြက်သား အသားတုံးများကို ကြည့်ယင်း သွယ်တယောက် ထမင်းစား မဝင်အောင် ဖြစ်နေရပါသည်။
X X X X X
မနေ့ညက နောက်ကျမှ အိပ်ရာ ဝင်ခဲ့ပေမယ့် ဒီနေ့ မနက် သွယ် အစောကြီး အိပ်ရာမှ နိုး နေသည်။ နာရီကို ကြည့်လိုက်တော့ ခြောက်နာရီပင် မထိုးတတ်သေးချေ။ ကိုယ်ကို တစောင်း လှည့်ပြီး အမောင့်ကို ကြည့်မိသည်။ အမောင်သည် လက်တဘက် ရင်ဘတ်ပေါ် တင်ကာ တဘက်ကို ခေါင်းနံဘေးမှာ ချထားပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
တဘက်ခန်းမှ မီး လင်းနေသဖြင့် မမစိုး ဈေးသွားရန် ပြင်ဆင်နေပြီ ဟု သွယ် သိရသည်။ မနက် ခြောက်နာရီတွင် ဈေး ထ သွားသည် ဆိုပေမယ့် မမစိုးသည် သနပ်ခါး အပြည့်နှင့် သပ်ရပ်စွာ ဝတ်စားပြီးမှ လှလှပပ သွားတတ်သူ ဖြစ်သည်။ ပြီးတော့ သွယ်တို့ ရုံးသွားချိန်အမီ ဟင်းကို ကျက်အောင် တယောက်တည်း ချက်နိုင်သူ လည်းဖြစ်သည်။
တခါတလေ မမစိုးနှင့် ဈေးအတူ လိုက်ကြည့်ရလျှင် ကောင်းမည်လား သွယ် တွေးမိ သည်။ ဒီအိမ်မှာ သွယ် လုပ်စရာ ဘာမှ မရှိအောင် အကွက် စေ့နေသဖြင့် ဈေးသွားရသည့် တာဝန် ယူရလျှင် ကောင်းမည် ဟု စဉ်းစားယင်း သွယ် အိပ်ရာမှ ဖြေးညှင်းစွာ ထလိုက်သည်။
အမောင် နိုးမည် စိုးသဖြင့် နံဘေးကို အသာ လှိမ့်ပြီး ခြင်ထောင်ထဲမှ ထွက်လိုက်ပေမယ့် အအိပ် ဆတ်သော အမောင်က နိုးဖြစ်အောင် နိုးလိုက်ပါသည်။
‘သွယ် ... ’
အမောင့် ခေါ်သံကြောင့် ခြင်ထောင်ထဲကို သွယ် ပြန် ဝင်လိုက်သည်။ အိပ်ချင်မှုန်မွှား မျက်လုံးအစုံနှင့် သွယ့်ကို မပီ ဝိုးဝါး ကြည့်ယင်း သွယ့်လက်ကို အမောင် ဖမ်း ကိုင်လိုက်သည်။
‘ဘယ် သွားမလို့လဲ’
‘မမနဲ့ ဈေးကို လိုက်ရမလား လို့’
‘မမ တယောက်ထည်း သွားနေကျပဲ၊ မလိုက်ပါနဲ့။ လာ ... အိပ်စမ်းပါ’
‘အိပ်လို့မှ မရတော့တာ’
‘တခါတလေ ရုံးပိတ်ရက်ကွာ။ နေမြင့်အောင် အိပ်ရအောင်၊ လာပါ’
‘ဟင့်အင်း၊ သွယ် မအိပ်ချင်တော့ဘူး’
‘သွယ် ကလဲကွာ’
မချိတင်ကဲ ညည်းသံ ပြုယင်း အမောင်က သွယ့်ကို ဆွဲခေါ်လိုက်သည်။ အမောင့် အလိုကျ အမောင့် နံဘေး စောင်ခြုံထဲကို ကွေးကွေးကလေး ပြန် ရောက်ခဲ့ရပေမယ့် သွယ် အိပ်၍ မပျော်တော့ပါ။ သွယ့် မျက်လုံး ကလေးများကို အမောင်က လက်နှင့် ပိတ်ယင်း ...
‘အစောကြီးထလို့ ဘာလုပ်မှာလဲ သွယ်ရယ်။ ခုနှစ်နာရီလောက်မှ ထရအောင်နော်။ ပြီးတော့ မေမေ့ကို လိုက်ပို့ယင်း မောင်တို့ပါ ဘုရား သွားဖူးရအောင်’
‘ဘာမှ မလုပ်ပဲ နေရတာ သွယ် ပျင်းတယ် မောင်ရယ်။ သွယ်လည်း တခုခု လုပ်ချင်တယ်။ လှည်းတာ ကျင်းတာ၊ သိမ်းဆည်းတာ ဖြစ်ဖြစ်။ ဒါမှမဟုတ်လဲ ဈေးသွား၊ မီးဖိုချောင် အလုပ် တခုခုပေါ့’
‘လုပ်လေ ...၊ သွယ် လုပ်ချင်တာ လုပ်ပေါ့။ ဒီအိမ်မှာ သွယ်လဲ အိမ်သားတယောက် ပဲဟာ။ နေချင်သလို နေ၊ လုပ်ချင်တာတွေ လုပ်’
အမောင်က ဒီလို ဆိုပေမယ့် သွယ် ဘဝင် မကျ။ ဂရုတစိုက်၊ အလိုက် သိတတ်လွန်းသော အမောင်တို့ မိသားစုအကြား ဧည့်သည်ကြီးတယောက်လို နေနေရသော ကိုယ့်အဖြစ်ကို ကိုယ့်ဘာသာ အားမလို အားမရ ဖြစ်မိသည်။
ရုံးတက်ရသော နေ့များကိုဖြင့် ထားတော့၊ ရုံးပိတ်ရက်များတွင် သွယ်လဲ အိမ်လုပ်ငန်းကို ကူညီချင်သည်။ ဒါပေမယ့် ဘယ်သူကမှ သွယ့်ကို အကူ မခံကြပေ။ မီးဖိုချောင်ထဲ ဝင်လိုပေမယ့် မမစိုးသည် သွယ့်ကို မဆိုထားနှင့် ငယ်ငယ့်ကိုပင် အဝင် မခံ။ သူမတယောက်တည်း နိုင်နင်းစွာ ချက်သွားသည်။
အိမ်ကို လှည်းကျင်း သိမ်းဆည်းတာ ကျတော့လည်း ငယ်ငယ်က လက် မခံပေ။ ငယ်ငယ် စာကျက်ချိန် ပို ရအောင် သွယ် လုပ်ပါရစေ ဆိုပေမယ့်၊ ငယ်ငယ်က စာကျက်ရတာ အညောင်း အညာ ပြေ၊ လေ့ကျင့်ခန်း ယူသည့်သဘော လုပ်သည်မို့ သူမ တဦးတည်းပဲ လုပ်ချင်သည် တဲ့။
အဝတ် လျှော်ပေးမည် ဆိုတော့လည်း မဟုတ်ရပြန်။ အအေးမိမည် စိုး၍ အမောင်နှင့် သွယ်တို့၏ အဝတ်ပဲ ဖွတ်ရသည်။ ငယ်ငယ်က သူမ၏ အဝတ်ကို သူမဘာသာ လျှော်သလို၊ မမစိုးက မေမေနှင့် ဖေဖေတို့၏ အဝတ်ကို တာဝန် ယူထားသည်။ အလုပ် လုပ်ချင်လွန်းလှသော သွယ့်ကို ငယ်ငယ်က ရှာကြံ၍ အလုပ် ပေး လိုက်တော့သည်။
‘မမသွယ် ရယ်၊ ကိုကို့ ကိုပဲ နိုင်အောင် ထိန်း။ အဲဒါ မမသွယ်ရဲ့ အလုပ်ပဲ။ ကိုကိုက သိပ် ပေါ့ဆတာ၊ သတိ မေ့တတ်တာလည်း သူ့အပြင် မရှိဘူး။ ဒီနားက ပစ္စည်း ယူယင်၊ ဟိုနား ထားခဲ့တယ်။ လက်ထဲမှာ တခု ကိုင်ထားပေမယ့် ရှေ့နား ကျယင် ထားချင် ထားခဲ့တတ်တာ။ အိမ်မှာဆိုယင် ကိုကို ဖွခဲ့သမျှ လိုက် သိမ်းရတာ အလုပ် တခု။ အခုအဲဒါ မမသွယ် တာဝန် ယူပေတော့။ ပစ္စည်း ပျောက်တာလဲ ခဏ ခဏပဲ။ မေ့တတ်လို့လေ။ အစား ကြီးတာလဲ သူ့အပြင် မရှိဘူး။ အအိပ် ပုတ်တာလဲ သူ ဗိုလ်ပဲ’
‘အလကား သွယ်၊ သူ ပြောတာ မယုံနဲ့။ အဲဒါ ကိုယ့်ကို မနာလိုလို့ သိက္ခာ ချတာ’
‘အမယ်တော် ... အလကား။ သိက္ခာချတာ မဟုတ်ပါဘူး။ သွယ်မို့လို့ မင်းကို ကြိုက်တာ။ မမ သာဆို မင်းလို လူမျိုး၊ ဝေးစွ ခြောက်ပါး၊ လေးလနဲ့ မသနားဘူး မှတ်။ မမစိုးတို့ မောင် ဆိုပေမယ့် တစက်မှ မတူဘူး။ သူ အားကြီး အပျင်းကြီးတာ’
ပြောယင်းနှင့်ပင် မမစိုးသည် အမောင်၏ ခေါင်းကို သာသာကလေး တချက် လှမ်း ခေါက် လိုက်သည်။ အမောင်ကလည်း မနာကျင်ပါပဲနှင့် နာကျင်သယောင် လက်နှင့် ပွတ် သပ်ယင်း ရှုံ့မဲ့မဲ့ကလေး လုပ်နေသည်။
မောင်နှမတတွေ နောက်ပြောင် ကျီစယ်နေသည်ကို ကြည့်ပြီး သွယ်လဲ ကြည်နူး နေမိသည်။ သွယ့်ကို ဘာမှ မလုပ်စေပဲ မမစိုးတို့ကချည်းသာလျှင် အားလုံး တာဝန်ယူပြီး လုပ်သည့်အကြောင်းကို သွယ့်အိမ်ကို ပြန်သောအခါ မေမေတို့ကို ပြောပြမိသည်။
‘သဘောထား ပြည့်ဝတဲ့ မိသားစုပဲကွယ်။ မောင်အောင်က တဦးတည်းသော သား ဆိုတော့ အစက သမီးအတွက် မေမေ တော်တော် စိတ်ပူမိတာ။ သားတယောက်တည်း ဆိုတာ အချစ်ပိုပြီး အလိုလိုက် ခံရတော့ ဆိုးတတ်တယ်။ ပြီးတော့ သူ့ပတ်ဝန်းကျင်ကလဲ သူ့ကို သိပ် ချစ်လွန်းတော့ ပတ်သက်လာမဲ့ ချစ်သူ ဇနီးမယား ကို မနာလိုဖြစ်ပြီး ပြဿနာ ဖြစ်ကြတာ ချည်းပဲ။ သမီးရဲ့ယောက္ခမမိသားစုကတော့ ဒီလိုမျိုး မဟုတ်ကြဘူး။ မေမေ့သမီးလေး ကံကောင်းပါတယ်။ သမီးကသာ သူတို့မေတ္တာကို အလို လိုက်၊ အမိုက် မစော်ကားနဲ့။ သူတို့က မခိုင်းပေမယ့် ကိုယ်က အလိုက်တသိနဲ့ လုပ်စရာရှိတာ လုပ်။ တတ်နိုင်တာ ဆိုယင် အတင်း ဝင် လုပ်၊ အခိုင်း မစောင့်နဲ့။ ယဉ်ကျေးတဲ့သူတွေ ဆိုတော့ သမီးကို ဘာ လုပ်ပါ၊ ဘာ ကိုင်ပါနဲ့ ပြောနေမှာ မဟုတ်ဘူး။ သူတို့ အလိုက်တသိနဲ့ မခိုင်းတာကို ကိုယ်ကလည်း အလိုက်တသိနဲ့ လုပ်ကွက်ကို ကြည့် လုပ်ရမယ်’
ကြည်နူး ကျေနပ်စွာဖြင့် မေမေ့မျက်နှာသည် ဝင်းထိန် နေပါသည်။
ယောက္ခမ မိသားစုနှင့် မသင့်တင့်သော နွယ့်အတွက် စိတ်ဆင်းရဲ ရပေမယ့် သွယ့် အခြေ အနေကိုဖြင့် မေမေ စိတ်ချ လက်ချ ရှိသွားပြီဖြစ်ကြောင်း သွယ် သိလိုက်ပါသည်။ ယောက္ခမနှင့် အတူနေသော သွယ်တို့ အဆင်ပြေ နေကြပေမယ့် အတူမနေသော နွယ်တို့ကတော့ ဘာများ ပြဿနာ တက် နေကြသည် မသိ။
များပြားလှသော အေမီ၏ သြဝါဒများထဲမှ တပိုင်းတစကို သွယ် အမှတ် ရမိပြန်သည်။
‘ယောက္ခမ ဝေယျာဝစ္စကို ချွေးမက ဘာမှ လုပ်ပေးစရာ မလိုဘူး သွယ်။ သူတို့အိမ်မှာ အဲဒါတွေ လုပ်မယ့်အစား ကိုယ့်အိမ်မှာပဲ လုပ်မှာပေါ့။ သူတို့ကို ပြုစုမယ့်အစား ကိုယ့်မိဘကိုပဲ ပြန် ပြုစုမှာပေါ့၊ မဟုတ်ဘူးလား။ ကိုယ့်အဖေအမေ အရင်းကိုတောင် မပြုစုရသေးပဲနဲ့တော့ သူများမိဘကို မပြုစုနိုင်ပေါင်’
အေမီ ပြောသလိုသာဆိုလျှင် ယောက္ခမအိမ်မှာ သူတို့ကျွေးသော ထမင်းဟင်းကို အခန့်သား ထိုင်စား ရန်မှာ ... ၊ မလွယ်ပါလားကွယ်။
သူတို့သားကို ယူထားမှတော့ သူတို့လည်း ကိုယ့်မိဘတွေပဲပေါ့။
စိတ်ပျက် လက်ပျက်ဖြင့် သွယ် ခေါင်းကို ယမ်းကာ နေမိပါသည်။
X X X X X
ဧည့်ခန်းထဲမှာ ထိုင်နေပေမယ့် သွယ့် စိတ်တွေက မီးဖိုချောင်ထဲ ရောက်နေသည်။ ကြက်သား ဟင်း ချက်ရမည်။ ဘာလချောင်ကြော် ကြော်ရမည်။ ကြက်အသည်းအမြစ်နှင့် ဟင်းရွက်အစိမ်းကြော်၊ ငါးမြင်းရင်း ခရမ်းချဉ်သီးချက်၊ ခရမ်းသီးနှပ်၊ တို့စရာ အရွက်ပြုတ်များ၊ ငန်ပြာရည် ဆီသတ်ချက်တို့အပြင် အသီးအရွက်စုံ ချဉ်ရည်ဟင်းကိုလည်း အရည်သောက် ချက်ရမည်တဲ့။
ညက မမစိုးကို မေမေ မှာနေသော ဟင်းစပ်များကို သွယ့်နားမှာ ကြားလာမိသည်။ ဒီနေ့သည် အမောင်တို့မေမေ မွေးနေ့ ဖြစ်သမို့ မိသားစု ကိုးကွယ်သည့် ဘုန်းကြီးကျောင်းကို ဆွမ်းဟင်း တချိုင့် ပို့လိုသည်ဟု မေမေ ကြိုတင်၍ ပြောထားသည်။ ဒီနေ့မနက် ချက်ရန်ဟင်းများ မနေ့ညနေက မှာကတည်းက သွယ်လည်း ကုသိုလ် ယူလိုသဖြင့် ကူညီပါရစေဟု မမစိုး ထံမှာ ခွင့်တောင်းပြီး ဖြစ်ပါသည်။
တကယ်တော့ ဟင်းများကို မမစိုး တဦးတည်း နိုင်နင်းစွာ ချက်နိုင်မည် ဖြစ်ပေမယ့် သွယ်က ဝင်၍ ကူညီပါရစေ ဆိုထားသဖြင့် ညဦးက ကြို မချက်ပဲ ဒီမနက်ကျခါမှ လတ်ဆတ်စွာ ချက်ကြရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့ပေမယ့် မနက် စောစောစီးစီး ဒေါ်အေမီက ဆိုင်းမဆင့် ဗုံမပါ၊ ပေါက်ချလာသောကြောင့် သွယ့်ခမျာ မီးဖိုချောင်ထဲမှ ထွက်၍ အေမီ့ကို ဧည့်ခံနေရသည်။
‘ကိုကျော်တို့ ဦးလေးတယောက် ဆုံးသွားလို့ သူတို့ အားလုံး အဲဒီအိမ် ရောက်နေကြတယ်။ ငိုကြ၊ ယိုကြနဲ့ အသုဘအိမ်ဆိုတော့ စိတ်ညစ်စရာ တကယ်။ ပြီးတော့ သူတို့ အမျိုးတွေကလဲ အိုင်နဲ့ ခင်မင်တာ မဟုတ်တော့ မနေချင်ဘူး’
‘အေမီကလဲ၊ ကိုကျော့်အမျိုးက အေမီ့အမျိုးပဲ ပေါ့လို့’
‘အို ...နိုး .. နိုး၊ မဟုတ်ပါဘူး။ တောပုံ အောက်အောက်ကြီးတွေ၊ အမျိုး မတော်ချင်ပါဘူး’
မဲ့ကာရွဲ့ကာနှင့် ပျာပျာသလဲ ငြင်းလိုက်သော အေမီ့စကားကြောင့် မလှမ်းမကမ်းမှာ စာကျက် နေသော ငယ်ငယ့် ခေါင်းကလေး တချက် မော်လာသည်။
‘တကယ် စိတ်ပျက်စရာကွယ်၊ ဘယ်လို လူတွေမှန်း မသိဘူး။ အော်ကြ၊ ဟစ်ကြ၊ ငိုကြနဲ့၊ ကြည့်လို့ မရအောင်ပဲ။ အိုင်လဲ စိတ် ရှုတ်တာနဲ့ ကိုကျော့်ကို၊ ကဲ ဒါလင်၊ အချစ်ကို တနေရာရာ လိုက်ပို့မှပဲ ဖြစ်မယ်၊ ကြာယင် စိတ် နောက်တာနဲ့ အချစ်ပါ အသက် ထွက်နိုင်တယ် ဆိုပြီး နားအေး ပါးအေး သွယ့်ဆီ ပြေး လာတာ။ သွယ်နဲ့လဲ မတွေ့ရတာ ကြာပြီ မို့လား။ ကိုကျော့်ကို ထမင်းစားချိန်မှာ လာခေါ်လို့ မှာလိုက်တယ်။ ဒါမှ သွယ်နဲ့ ပြောစရာတွေ၊ နားထောင်စရာတွေ အကုန် စုံမှာ။ နည်းပေးစရာတွေ ... ပါပေါ့လေ’
နောက်ဆုံး စကားစုကို ဆိုယင်း အေမီသည် မထီတထီ မျက်နှာပေးနှင့် အိမ် နောက်ဖေးဘက်ကို မျက်စ ပြစ်ပြ ပါသည်။
ထို့နောက် အေမီသည် ကိုကျော်နှင့် သူမ၏ အကြောင်းများကို ပြောပြသည်။ ဟုတ်သည် မဟုတ်သည် မသိရသော်လည်း အေမီ ပြောသမျှ ဇာတ်လမ်းများသည် ကိုကျော့်ကို သူမက အရာရာ၊ အနိုင် ရလိုက်သည်ချည်း ဖြစ်သည်။
သွယ့်မှာတော့ နားထဲကို မဝင်တချက်၊ ဝင်တချက်နှင့် တအင်းအင်း လိုက် နေရသည်။ အေမီ့ စကားများကို လုံး၀ စိတ် မဝင်စားပဲ မမစိုးထံမှာသာ စိတ်က ရောက်နေသည်။ မေမေ လာ ခေါ်၍ ငယ်ငယ် ထသွားသည်ကို တွေ့ရသောအခါ ပို၍ စိတ် ဂဏှာမငြိမ် ဖြစ်မိသည်။
‘ခဏ နေဦးနော် အေမီ’
အမောင့်ကို ခေါ်၍ ဧည့်ခံခိုင်းမည် စိတ်ကူးနှင့် သွယ် ထိုင်ရာမှ ထသည်ကို အေမီက တလွဲ အဓိပ္ပါယ် ကောက်ပြီး ... ၊
‘ဘာမှ လုပ် မနေနဲ့ သူငယ်ချင်း၊ ကိုယ် ဘာမှ မစားဘူး။ မနက်က ကိုယ် ပူဆာတာနဲ့ ကိုကျော်က တာမွေက မုန့်ဟင်းခါး သွား ဝယ်ပေးတယ်လေ။ ကောင်မလေး ကော်ဖီဖျော်တာ ကြဲလို့ မသောက်ဘူး ပြောတာ ကိုကျော့်အမေက အိုဗာတင်း ဖျော် တိုက်လိုက်တယ်။ ကိုယ် ဘာမှ စားနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် စကား ပြောရတာ ရေ ငတ်တယ်ကွယ်။ ရေခဲရေ တခွက်လောက် တိုက်စမ်းပါ’
‘အအေး တခုခု လုပ် လိုက်မယ်လေ’
အေမီ ပြောကာမှ သူမကို ဘာမှ မတည်ရသေးကြောင်း သွယ် သတိရသည်။ ထို့ကြောင့် လောကွတ်စကားကို အပေါ်ယံ ဟန်လုပ် ဆိုလိုက်ရသည်။
‘ဟင့်အင်း၊ အိုင် ရေခဲရေ အေးအေးပဲ လိုချင်တယ်’
ရေခဲရေ ယူရန် သွယ်က သွားမည် ပြုသော် အေမီက သွယ့်လက်ကို ဆွဲပြီး ...
‘ဟေး ... ယူ သွားမလို့လား။ ကိုအောင်ထက် မရှိဘူးလား။ သူနဲ့လဲ စကားပြော ရအောင် တခါထဲ ခေါ်လိုက်ပါလား’
အေမီ၏ စကားကြောင့် သွယ် ကြောင်တောင်တောင် ဖြစ်သွားမိသည်။
‘ကိုအောင်ထက် မရှိယင် သူ့ညီမကလေးကို ယူခိုင်းလိုက်ပေါ့။ စောစောက ဟိုနားမှာ ထိုင်နေတာ သူ့ညီမ မဟုတ်လား’
‘ဟိုလေ ... ဟို ... အင်းလေ ..၊ ရပါတယ်။ သွယ်ပဲ သွား ယူလိုက်ပါ့မယ်။ သူတို့ မအားကြဘူး ထင်တယ်’
မရေမရာ ဝါး ပြောလိုက်သော သွယ့်စကား အဆုံးတွင် အေမီသည် သွယ့်လက်ကို နာနာကလေး တချက် ဖျစ် ညှစ်လိုက်ပြီး
‘သွယ်ရယ် ... အိုင် အတန်တန် ပြောရက်နဲ့။ အခု အချိန်က အရေးကြီးဆုံး အချိန် သွယ်ရဲ့။ လင် နေစ၊ ဆင် သေမှ တဲ့။ အိမ်ထောင် ကျလာကာစ ကိုယ့်ယောက်ျားကို မီး မသေယင် ယူ မလွယ်ဘူး။ ဆင် နင်း ခံရမယ်နော်’
အေမီ၏စကား မဆုံးခင်မှာပင် သွယ်က ပြုံးပြပြီး လှည့်ထွက်ခဲ့သည်။ အခန်းထဲမှာ အမောင့်ကို ဝင်ခေါ်ပြီး သွယ့်ကိုယ်စား အေမီ့ကို ခေတ္တ ဧည့်ခံပေးဖို့ ပြောမိသည်။ သွယ့်စကား ကြားသော အမောင်သည် သွယ့်ကို စူးစူးဝါးဝါး ကြည့်ယင်း ...၊
‘ဘာ ... ဧည့်ခံရမယ် ဟုတ်လား။ စကားနဲ့တော့ ဧည့် မခံနိုင်ဘူး။ မောင် လက်သီးနဲ့ ဆွဲ ထိုးမိလိမ့်မယ်။ ဒီလောက် စိတ်ထား မပြည့်ဝတဲ့ မိန်းမကို သွယ် ဘာဖြစ်လို့ အပေါင်း အသင်း လုပ်နေရတာလဲ။ ဘာလို့ ဧည့်ခံ နေရတာလဲ။ နှင်ထုတ် ပစ်လိုက်ပါလား’
အမောင် စိတ်တိုတာ သွယ် တခါမှ မတွေ့ခဲ့ဘူးပါ။ သွယ်နဲ့ အမောင်နဲ့အကြား သဘော မမျှတာ၊ အတွေးအခေါ် မတူတာလေးတွေ ရှိပေမယ့် စိတ်တိုရလောက်အောင် ဘယ်တော့မှ မဖြေရှင်းရ။ နှစ်ယောက်စလုံးက အလျှော့အတင်းလေးတွေနဲ့ ညှိတတ်စမြဲ။ တယောက် တလှည့်စီ အသာပေးမြဲ။
အမောင်သည် သွယ့်ကို အခန်းထဲ ဆွဲသွင်းလိုက်ပြီး တံခါးကို ပိတ်လိုက်သည်။ သွယ့်ကို အပြင် မထွက်ရ တဲ့။
‘အို ... မကောင်းပါဘူး အမောင်ရယ်။ သွယ့်ဆီ တကူးတက လာလည်တာ။ သွယ် ဒီလို မလုပ်ရက် ပါဘူး’
‘ဘာ တကူးတကလဲ၊ သူ့ရဲ့ မူမမှန်တဲ့ အတွေးအခေါ်တွေ ဖြန့်ဖြူးပေးဖို့ လာတာများ။ သွယ်က တလေး တစား လုပ်နေရ မှာလား’
‘ဒီတခါတော့ သည်းခံလိုက်ပါ အမောင်ရယ်။ အမြဲတမ်း လာနေသူလဲ မဟုတ်ပါဘူး။ သွယ်အပြင် ထွက်ပါရစေ’
‘မောင်လဲ လိုက်မယ်’
‘မလုပ်ပါနဲ့ မောင်ရယ်။ သွယ်တောင်းပန်ပါတယ်။ ဒီတခါကို ထားလိုက်ပါတော့။ နောက်ကို သူ လာယင် သွယ် ဧည့် မခံတော့ပါဘူး’
အမောင့်ကို အတန်တန် ချော့မော့ တောင်းပန်ပြီး သွယ် အိမ်ရှေ့ကို အမြန် ပြန်ထွက်ခဲ့ရသည်။ သွယ် ဧည့်ခန်း တံခါး၀ ခန်းဆီးကို မ လိုက်ချိန်မှာတော့ သွယ်တို့၏ အိပ်ခန်းဆီမှ ဝုန်းကနဲ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တံခါးကို တအား ပိတ်လိုက်သံပေပဲ။
ဟန်ဆောင် အပြုံးကလေးနှင့် ရေခွက် မပါ ပျာယီးပျာယာ ဝင်လာသော သွယ့်ကို ကြည့်ပြီး အေမီ မဲ့ပြုံး ပြုံးသည်။
‘အိုင် ဖုန်း ဆက်ချင်တယ်’
‘ဟိုမှာလေ’
ဘာရယ် ညာရယ် မေး မနေတော့ပဲ တယ်လီဖုန်းကို လက်ညိုး ထိုးပြလိုက်သည်။ အေမီသည် ထိုင်နေရာမှ စွေ့ကနဲ ထကာ ပိုက်ဆံအိတ်ကို ဟန်ပါပါ ချိုင်းကြား ညှပ်လိုက်ပြီး တယ်လီဖုန်းခွက်ကို ကောက် မလိုက်သည်။
‘ဟဲလို ကျော်လား။ ဒါဒါရေ လာ မခေါ်သေးဘူးလား။ ဘာ ... အဲဒါတွေ ထားလိုက် စမ်းပါ။ အဘိုးကြီးလဲ ခေါက်ထားပါ။ စိတ် မဝင်စားပါဘူး။ ... ... ဘာရယ်၊ ဘာ ပြောတယ်။ အဘိုးကြီးနဲ့ အချစ်နဲ့ ဘယ်သူ ပို အရေး ကြီးသလဲ။ တော်ပြီ။ လာ ... မ ... ခေါ် ... နဲ့။
(ဂျောက်)
နောက်ဆုံး စကားလေးလုံးကို တလုံးစီ မာန်ပါပါ ဆောင့် အော်ပြီး ဖုန်းခွက်ကို ချထား လိုက်ကာ သွယ့်ကို မချိုမချဉ်လေး ပြုံးပြသည်။
‘ကြည့် နေ၊ ဆယ့်ငါးမိနစ် အတွင်း ရောက်လာလိမ့်မယ်’
အေမီ ပြောသည့်အတိုင်းပင် ဆယ့်ငါးမိနစ် ကျော်ကျော် အချိန်ကလေးတွင် ကိုကျော် ကား တစီးနှင့် ရောက်လာပါသည်။ သွယ့်ကို နှုတ်ဆက်သော ကိုကျော်သည် မျက်နှာ မကောင်း။ ဆံပင် ပွပွ၊ ချွေး အရွှဲသားနှင့် အဆီ ပြန်ပြီး ဝင်းနေသော မျက်နှာက ဦးလေး၏ အသုဘကိစ္စအတွက် ပင်ပန်းနေဟန်ပင်။
ပျက်ချင်ချင် မျက်နှာထားကို ဟန်ဆောင် တည်ထားရသော ကိုကျော့်မျက်နှာကို အေမီသည် ဂရုထား၍ လှည့်ပင် မကြည့်ပဲ မာန် တင်းလှသော မျက်နှာနှင့် ကားထဲကို အစွေ့သား ဝင် ထိုင်သည်။ အိမ်ထဲမှ မထွက်မီ သွယ့်ကို နှုတ်ဆက်ရာတွင် မျက်စိ တဘက် မှိတ်ပြပြီး ... ... ၊
‘တွေ့လား၊ အဲသလို ပိုင်ရတယ်။ နို့မို့ယင် မလွယ်ဘူး။ ယူလဲ ဆင် သေအောင် လုပ်ထားနော်။ ခု အချိန်မှာ မှီသေးတယ်။ နို့မို့ယင် ဆင် နင်း ခံရမယ်’ တဲ့။
ဆင်ပဲ သေမလား၊ ဆင် အနင်းပဲ ခံရမလား၊ ဒါကို သွယ် မသိ။
သို့ပေမယ့် ဆင်သေ ဆရာမကြီး အေမီကြောင့် ထိုနေ့က အမောင်သည် သွယ့်ကို မအော်စဖူး အော်ကာ၊ သွယ်လဲ အပြစ် မရှိပါပဲနှင့် အဆူ ခံခဲ့ရပါသည်။
X X X X X
‘သွယ်ရေ ... ဟေး သွယ်’
အမောင်၏ အော် ခေါ်သံကြောင့် အမောင့်အတွက် နွားနို့ ကျိုနေရာမှ သွယ် ပြေးထွက် ခဲ့ရသည်။ သွယ် မီးဖိုတံခါးအ၀ မရောက်မီမှာပင် အမောင်သည် အနွေးထည်ကြီး တဖားဖား၊ သတင်းစာကြီး တကားကားနှင့် မီးဖိုခန်းထဲ ဝင်လာပါသည်။
‘မောင် ကလဲကွယ်၊ အခန်းထဲမှာ နေပါ ဆိုတာ။ အေးတယ် မောင်ရဲ့၊ ပြန် ဖျားနေဦးမယ်’
‘မဖျားပါဘူး၊ ရပါတယ်။ ဒီမှာ သွယ့်ကို ပြမလို့’
အမောင်သည် လက်ထဲမှသတင်းစာကို မီးဖိုခန်းထဲရှိ စားပွဲပေါ်တွင် ဖြန့် ခင်းလိုက်သည်။ သတင်းစာ စာမျက်နှာ ခြောက်၊ အလယ်နားရှိ ကြော်ငြာကြီးတခုကို လက်ညှိုးနှင့် ထောက် ပြ၍ သွယ် ဖတ်လိုက်သည်။
'စွန့်လွှတ်ခြင်း'
ကျွန်တော် ကျော်ကျော်လွင်၏ ဇနီးဖြစ်သူ မအေမီတင်၊ မှတ်ပုံတင်အမှတ်------ သည် ဇနီး ဝတ္တရား ငါးပါးကို မကျေပွန်သည့်အပြင် ခင်ပွန်းသည်၏ စကားကို မနာခံ၊ ဘေးလူများ၏ စကားကို နာခံပြီး မောက်မာ ထောင်လွှား၊ လူကြီးမိဘများကိုလဲ မလေးစားသဖြင့်၊ --- ရက်တွင် အသိသက်သေများ ရှေ့မှောက်၌ ကွာရှင်းပြတ်စဲ၊ ဇနီးအဖြစ်မှ စွန့်လွှတ်ပြီး ဖြစ်ပါသည်။ နောက်နောင် ၎င်းနှင့် ပတ်သက်၍ မည်သည့် ကိစ္စကိုမျှ တာဝန် မယူပါကြောင်း။
(စုံစမ်း မေးမြန်းခြင်း သည်းခံပါ)
ကျော်ကျော်လွင်
‘ဟယ်တော်’
သွယ် အမောင့်ကို မော့် ကြည့်လိုက်သည်။ အမောင်သည် သွယ့်ကို မကြည့်ပဲ လက်ထဲတွင် ကိုင်လာသော ဘောပဲန်ကို ဖွင့်ကာ သတင်းစာပါ စကားလုံး အချို့ကို ပြင် ရေးလိုက်ပါသည်။
ကြော်ငြာပါ ခေါင်းစဉ် စွန့်လွှတ်ခြင်း ဟူသည်ကို ခြစ်ပစ်လိုက်ပြီး အပေါ်နားမှ ကပ်၍ အမောင် ပြင်ဆင် ရေးလိုက်သည်က ... ...
ဆင် နင်းခြင်း ..... တဲ့။
မာလုစံ(သဘာဝသိပ္ပံ)
(မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၃ ခုနှစ် ဇွန်လ၊ အတွဲ ၂ အမှတ် ၃၀)
No comments:
Post a Comment