Sunday, October 20, 2013

ထပ်တူ မညီသော တြိဂံများ

(Reposted with Unicode on April 25th, 2025)

(မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၅ ခုနှစ် မတ်လ၊ အမှတ် ၈)

ညနေစောင်း လေးနာရီ ထိုးတော့မည်။

ကိုအောင် ပြန်လာချိန် နီးပြီ။

လက်ထဲမှ ချည်ထိုးလက်စ စားပွဲခင်း အသေးလေးကို ချထားပြီး သွယ် ထိုင်ရာမှ ထ၊ အညောင်း ဆန့်လိုက်သည်။ ကိုအောင် အိမ် ပြန်ရောက်လျှင် အမောပြေ သောက်ရန် သံပုရာရည် တခွက် လတ်လတ် ဆတ်ဆတ် ဖျော်ရဦးမည် ဖြစ်သည်။

မီးဖိုခန်းထဲ မဝင်မီ မှန်တင်ခုံရှေ့ဝယ် ခေတ္တ ထိုင်ကာ မျက်နှာကို နည်းနည်းပါးပါး ပြင်ဆင်လိုက်သည်။ အဆီပြန်ကာ မလှမပ မျက်နှာနှင့် ဆိုလျှင် ကိုအောင် အမော မပြေမည်ကို စိုးရသည်။

သံပုရာရည် ဖျော်ပြီးတော့ အိမ်ရှေ့မှာ အကျအန ထိုင်ကာ ချစ်လင် ရုံးအပြန်ကို လှလှပပ မျှော်ရသည်။

ခြံဝမှာ ကိုအောင့်အရိပ်ကို မြင်လိုက်သည်နှင့် အပြေးအလွှား ဆီးကြိုမည်။ အိမ်ထဲကို ရောက်လျှင် တိုက်ပုံ အင်္ကျီကို တယုတယ ကူချွတ်ပေးမည်။ လဲလှယ်ရန် အဝတ်အစားကို ထုတ်ပေးပြီး အမောပြေ သံပုရာရည် တိုက်ကာ အနား ယူစေမည်။ ကိုအောင် ရေချိုးနေစဉ်မှာ ပူပူနွေးနွေး ထမင်း လက်ဆုံ စားနိုင်ရန် ဟင်းလျာတွေကို နွှေးတန် နွှေးမည်။

ဒါတွေက သွယ်၏ နေ့စဉ်နေ့တိုင်း လုပ်မြဲ အလုပ်တွေ ဖြစ်သည်။ နှစ်ဆယ်ရာစု ခေတ်သမီးပျို ဖြစ်ပေမယ့် သားကို သခင်၊ လင်ကို ဘုရား၊ ဆိုရိုးစကားနှင့် အညီ အလေးထား ပြုစုလိုသည်မှာ သွယ်၏ ဟန်ဆောင်မှု ကင်းသော ရင်ထဲမှ ဆန္ဒ ပေတည်း။


X                                X                                X                                X


အိမ်ထောင်သက် သုံးနှစ်ခန့် ရှိခဲ့ပြီ ဖြစ်ပေမယ့် သွယ်၏ လှုပ်ရှားမှုတွေသည် ယခင်ကလိုပင် သွက်လက်ဆဲ ဖြစ်သည်။

အိမ်မှုကိစ္စ အားလုံးကို ခင်ပွန်းသည် အလုပ် သွားနေချိန်တွင် ပြီးစီးအောင် ပြုလုပ်ထားပြီး ခင်ပွန်း ပြန် အလာကို လှလှ ပပ ဆီးကြိုကာ အမောပြေအောင် ပြုစုရသည်မှာ တနေ့တနေ့ မရိုး နိုင်အောင်ပင်။

သူမကို မြင်လိုက်ရချိန်တွင် နွမ်းနယ်သယောင် ကိုအောင့်မျက်နှာမှာ အပြုံးတချက် လက် သွားလျှင် သွယ့်မှာလည်း တနေ့ခင်းလုံး အိမ်မှုကိစ္စတွေနှင့် မောထားခဲ့ရသမျှ အမောပြေသည်ပင်။

ယခင်က သူမ တယောက်တည်း စောင့်ကြိုခဲ့ရာမှ ယခုမူ သမီးကလေးနှင့် နှစ်ယောက် ကိုအောင့်ကို အမော ပြေစေခဲ့သည်။

ထိုအချိန်မှာ ကိုအောင် ရာထူးတိုးသည်။ တဆက်တည်းပင် နယ်ပြောင်းမိန့် ထွက်လာသည်။

အစ ပထမတော့ နယ်ပြောင်းရမည်ကို သွယ် နောက်တွန့်မိသည်။ အခြေကျပြီးသား ပတ်ဝန်းကျင်ကို သွယ် မခွဲခွာချင်ပါ။ မိဘဆွေမျိုး သူငယ်ချင်းများနှင့် ဝေးရာမှာ သူတစိမ်းတွေ အကြား နေရမည်ကို စိတ်ထဲ မရဲ၊ အားငယ်မိသည်။

ဟိုကျရင် ကိုတို့ မိတ်ဆွေ အသစ်တွေ ရမှာပါ။ အလုပ်က ဝန်ထမ်းတွေ တစုတဝေးတည်း သီးသန့် နေရမှာ။ သည်တော့ အိမ်နီးချင်း ပတ်ဝန်းကျင်နဲ့ မိတ်သစ်ဆွေသစ် အတွက်တော့ သွယ် ဘာမှ မပူနဲ့။”

တကယ်လဲ ကိုအောင် ပြောသလိုပင် အရာရှိငယ်တွေ တစုတဝေးနေသော ဝင်းကြီးထဲတွင် နေခဲ့ရသည်။

ဒီမှာ မီမီ နှင့် သွယ် သိကျွမ်းခဲ့ရသည်။

မီမီ ဆိုသည်က သွယ်တို့နှင့် ဘေးချင်းကပ်လျက် အိမ်မှ အိမ်ရှင်မလေး။ သွယ့်လိုပင် အရာရှိငယ် ကတော်လေး။ သူမ၏ သွက်လက်သော ဟန်၊ ချစ်စဖွယ် အပြုံး၊ တီတီတာတာ စကားတို့ကြောင့် သွယ်မှာ မြင်လျှင် မြင်ချင်းပင် မီမီကို ခင်မင်မိခဲ့သည်။ မီမီကလည်း သွယ့်ကို အစ်မရင်းသဖွယ် ချစ်ချစ်ခင်ခင် ရှိခဲ့သည်။

အတူတူနေသောရက်တွေ များလာတော့ တယောက်၏ အကြောင်းကို တယောက် ပိုလို့ နားလည်လာရသည်။ မီမီသည် စိတ်ထဲ ရှိသလို ဟောဟောဒိုင်းဒိုင်း ပြောတတ်၊ ပြုမူတတ်သူ ဖြစ်ပေမယ့် ပင်ကိုယ် စိတ်ရင်းကလေးက ရိုးဖြောင့် ပွင့်လင်းသူ ဖြစ်သည်။

မီမီ့ ကို သွယ် ခင်ပါသည်။ ဒါပေမယ့် မီမီနှင့် ပတ်သက်၍ သွယ် နားမလည်တာ တခု ရှိသည်။

ဒါကတော့ မီမီ၏ အိမ်ထောင် ထိန်းသိမ်းပုံပင်။

မီမီသည် အိမ်ထောင်မှုမှာ ညံ့ဖျင်းသည်တော့ မဟုတ်။ သူမ၏ အိမ်ကလေးမှာ သွယ်တို့ အိမ်နှင့်မခြား အမြဲ သေသပ် သန့်ရှင်း နေပါသည်။

ဒါပေမယ့် မီမီက အိမ်မှုကိစ္စတွေကို နေ့လယ်နေ့ခင်း ဘယ်တော့မှ မလုပ်။ ညနေစောင်းကာမှ လုပ်တတ်သည်။ သူမ၏ ခင်ပွန်း အလုပ်မှ ပြန်လာချိန် နီးကာမှ ဒရောမျောပါး လုပ်နေတာ တွေ့ရတတ်သည်။

ဒီလိုဆိုတော့ တနေ့ခင်းလုံး မီမီ ဘာ လုပ်နေသနည်း။

နေ့ခင်းဆိုလျှင် မီမီသည် အင်္ကျီချုပ်ဆိုင်မှ အင်္ကျီတွေကို လက်ချုပ် ယူ ချုပ်ပေးသည်။ ကြယ်သီး တပ်သည်။ ဇာပန်း ထိုးပေးသည် တဲ့။

ဟိုတုန်းကတော့ မီမီလဲ အလုပ် လုပ်တယ် အမရဲ့။ သူနဲ့ အိမ်ထောင်ကျပြီးတော့ အိမ် အလုပ်က တဘက်၊ ရုံးက တဘက်နဲ့ ကသီတယ်လေ။ အိမ်အကူ ခေါ်ထားရအောင်လဲ မီမီတို့မှာ ငွေက မပိုဘူး။ မီမီ ရတဲ့ လခက မီမီ့ ကားခ၊ မုန့်ဖိုး နှုတ်လိုက်ရင် ဘာမှ မကျန်ချင်ဘူး။ ရုံးတက်ရတယ် ဆိုတော့ အဝတ်အစား၊ ပိုက်ဆံအိတ်တို့၊ ဘိနပ်ဘာညာကအစ အလှပြင် ပစ္စည်းတွေပါ လိုလာပြီလေ။ အရင်က အဘိုးတို့ အိမ်မှာနေတုန်းက အိမ်ပြန်ရောက်ရင် တမိသားစုလုံး ဝိုင်းဝန်းကူညီ ချက်ပြုတ် ကြတာ။ အခုက ကိုယ့်အိမ်ထောင်နဲ့ ဆိုတော့ အလုပ်က ပြန်ကာမှ ဈေးဝင်ဝယ်ရ၊ အိမ်ရောက်ကာမှ ချက်ရနဲ့ ပင်ပန်းတာပဲ အဖတ် တင်တယ်။ ကိုယ့်ရှာစာက အိမ်စရိတ်ထဲလဲ ဘာမှ မထည့်နိုင်။ ဒါကြောင့် အလုပ်က ထွက်လိုက်တာ။ မီမီ အလုပ်ထွက်တာ သူက သိပ် သဘော မကျဘူး။ လောလောဆယ် လခ မကောင်းပေမယ့် နောင် ရေရှည်မှာ လခတိုးရင်၊ ရာထူးတက်ရင် အဆင် ပြေနိုင်မယ်ပေါ့။ ခဏ သည်းခံ လုပ်စေချင်တယ်။ ဒါပေမယ့် အမရယ်၊ မီမီ ရုံးနဲ့ အိမ်၊ အလုပ် နှစ်ခုကို အပင်ပန်းခံ မလုပ်နိုင်ဘူး။ ပြီးတော့ သူ့မိန်းမ အနေနဲ့ ချို့ချို့ငဲ့ငဲ့ ရုံး မတက်ချင်ဘူး။ ရုံးမှာက သူများနဲ့ တန်းတူ မဝတ်နိုင်၊ မသုံးနိုင်ရင် ကိုယ့်လုပ်စာနဲ့ ကိုယ် အနှိမ် ခံရ၊ အတင်း ပြော ခံရဦးမှာ။ အပျိုတုန်းကမှ လှလှပပ ဝတ်နိုင်သေး၊ အိမ်ထောင်ကျကာမှ မသုံးနိုင်၊ မဝတ်နိုင်ဆိုရင် သူ့အတွက်လဲ ဘယ်ကောင်းမလဲ နော်။”

ကိုအောင်နှင့် သွယ် အိမ်ထောင် ပြုတော့မည် ဆိုကတည်းက သွယ့်ကို ရုံးအလုပ် မလုပ်ပါနဲ့၊ သွယ် ပင်ပန်းတာ မကြည့်ရက်ဘူး၊ စီးပွားရှာတာ ယောက်ျား တာဝန်ပါ၊ အိမ်မှာပဲ နေပါ ဟု အထပ်ထပ် အဖန်ဖန် ဆိုခဲ့သော ကိုအောင့် စကားတွေ ကြားမိလာသည်။

အင်းပေါ့လေ၊ အခုလို အင်္ကျီ ယူ ချုပ်တာကတော့ အိုး မကွာ၊ အိမ် မကွာ လုပ်ရတာပေါ့။”

ဟုတ်တယ် အမ၊ ဒါပေမယ့်လေ တခုရှိတာက မီမီ ဒါတွေ လုပ်နေတာကို သူ မသိဘူး။”

သွယ် အံ့သြသွားသည်။

ယောက်ျားအများစုဟာ အချိန်ပိုယင် အရက် သောက်ချင်တယ်၊ ခြေ ရှည်ချင်တယ်။ ငွေပိုယင် အငယ် ထားချင်တယ်။ အပြောကတော့ သင်းပါပေ့။ ကိုယ် ကျွေးနိုင်လို့ ကိုယ် ထားတာ တဲ့လေ။ တချို့ မိန်းမတွေ အချိန်ပိုလို့ အတင်း လည် ပြော တာကို သူတို့က တမှတ်တရ ပြောစရာ လုပ်နေပေမယ့် အဲဒီ မိန်းမတွေ အတင်း ပြောတာက ပိုက်ဆံ မကုန်ဘူး။ ကိုယ့် ယောက်ျားကို မစွန့်ဘူး။ ယောက်ျားတွေ အငယ်ထားတော့ မယားကြီးတွေ ဒုက္ခရောက်ရော။ တခါ နှစ်ယောက် မကျွေးနိုင်ရင် မယားကြီးကို စွန့်ပစ်တာ များတယ်နော်။ အခု မီမီ သူ မသိအောင် အင်္ကျီချုပ်လို့ ရတဲ့ ပိုက်ဆံက သုံးဖြုန်းဖို့ မဟုတ်ဘူး အမ။ အိမ်သုံးစရိတ်ကို သူ ပေးတာနဲ့ပဲ မီမီ လောက်ငအောင် သုံးတယ်။ အပို မသုံးဘူး။ မီမီ ရှာ ထားတာကို နောင်ရေးအတွက် စု ထားရတယ်။ အသက်ငယ်တုန်းမှာ မီမီ့အပေါ် သူ ကောင်းပေမယ့် နောင် တနေ့မှာ ဘာ ဖြစ်လာနိုင်မယ် ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး မဟုတ်လား။ လူ့စိတ်ဆိုတာ အစိုးရတာ မဟုတ်ဘူး။ အခု ကိုယ့်အနား ကပ်နေပေမယ့် တနေ့ ဘာဖြစ်မယ် မသိနိုင်ဘူး။ အသက်ကြီးကာမှ ကလေးတွေနဲ့ ဒုက္ခ မရောက်ချင်ဘူး အမရယ်။ မီမီ သားသမီးတွေကို မဆင်းရဲစေချင်ဘူး။”

မီမီတို့ လုပ်လိုက် ပြောလိုက်မှဖြင့် အဆန်းချည်းပဲ ဟု သွယ် တွေးမိသည်။

အသက်သာ ငယ်သည်၊ အတွေး မငယ်သည့် မီမီ့ စကားတွေကို ဟုတ်တုတ်တုတ် တွေးကာ ထောက်ခံမိပေမယ့် မီမီပြောတဲ့ ဘာဘာညာညာ ပိုရင် ဟိုဟာသည်ဟာ လုပ်တတ်တဲ့ သူတွေအထဲ ကိုအောင် ပါမယ် မထင်ပါ။ ကိုအောင်ကတော့ ဒီလို လူစားမျိုး မဟုတ်ပါဘူးဟု သွယ် တွေးမိသည်။ ‘ယောက်ျား အများစု …’ ဆိုတော့ မီမီ ချန်ထားခဲ့တဲ့ ယောက်ျား အနည်းစုထဲမှာ ကိုအောင် ရှေ့ဆုံးက ပါ မှာပါ … လို့ သွယ့်ဘာသာ ဖြေတွေး တွေးလိုက်သည်။

တခုတော့ မီမီ့ကို သွယ် ချီးကျူးမိသည်။

ထီးကလေး ဆောင်းကာ အိမ်တကာ လည် အတင်း မပြောတတ်ပဲ အကြွေး ကင်းကင်း နေတတ်သော မီမီ၏ နေထိုင်ပုံ ကလေးကို …. ။

 

X                                X                                X                                X

 

ညနေစောင်းမို့ လေးနာရီ ခွဲတော့မည် ဆိုလျှင် မီမီ အလုပ် စလေပြီ။ တခါတလေ မီးဖိုချောင်ထဲ တဂိုးဂိုးတဂွတ်ဂွတ် ထုထောင်းနေတတ်သည်။ တခါတလေ အိမ်ရှေ့ခန်းမှာ အဝတ်ထုပ်ကြီး ချခင်းလို့ မီးပူ တိုက်နေတတ်ပြန်သည်။

လက်သုတ်ပုဝါ၊ လက်ကိုင်ပုဝါ၊ စွပ်ကျယ် အစရှိသော အထည်သေးများကို တခါတရံ ညနေပိုင်းများမှာ လျှော်ဖွတ် လှန်းတတ်တာ တွေ့ရပေမယ့် အခါများစွာ လျှော်လေ့လျှော်ထ ရှိတတ်တာ ကတော့ ရုံးပိတ်ရက်များမှာ ဖြစ်သည်။

ရုံးပိတ်ရက်မို့ သူများတကာ မိသားစုတွေ ဟိုဟိုသည်သည် အလည်အပတ် ထွက်ကြချိန် ဆိုလျှင် မီမီတယောက်က မိုးလင်းကတည်းက အဝတ်ပုံကြီးကို ချကာ လျှော်ဖွပ် နေတတ်သည်။ ဒီတော့ သူမ၏ ခင်ပွန်းသည်ခမြာ မကြည့်ရက်ဟန် တူသည်။ မီမီ တားနေသည့် အကြားမှ အတင်းကာရော အဝတ်တွေ ဝင် လျှော်တာ တွေ့ရတတ်သည်။ ထိုအခါ ရေသံ တဗြန်းဗြန်း အကြားမှာ မီမီ့ အသံကလေးကို တဆူဆူ ကြားရတတ်သည်။

တခုတော့ မီမီ ချစ်စရာ ကောင်းသည်။

သူမ၏ ခင်ပွန်းကို ဘယ်သောအခါမှ မလေးမစား ဆက်ဆံတာ မတွေ့ရ။ အနိုင်ယူသော အထက်လေသံနှင့် ပြော ဆိုခြင်း မရှိ။ ဟိုဟာ လုပ် ပေးပါ၊ ဒီဟာ လုပ် ပေးပါနှင့် တခါမှ ခိုင်းသံ မကြားစဖူးခဲ့။

အင်းလေ … ဒါကလည်း သူမ၏ ယောက်ျားက အလိုက်တသိ ဝင် ကူနေလို့ ခိုင်းစရာ ပြောစရာ မလိုလို့ ဖြစ်ချင်လဲ ဖြစ်မှာပေါ့’

သွယ် တွေးသလိုပါပဲ။ မီမီ၏ ခင်ပွန်းကလေးကလည်း ငါ ယောက်ျား ပဲ၊ အိမ်မှုကိစ္စ ငါနှင့် မဆိုင် ဟု ဆိုကာ အခန့်သား ထိုင် နေတတ်သူ မဟုတ်ပေ။

မီမီ မီးဖိုထဲ ရောက်နေလျှင် သူကလဲ အိုးခွက် ကူ ဆေးပေးတတ်သည်။ မီမီ မီးပူတိုက်လျှင် ဘေးနားမှာ ထိုင်ပြီး အဝတ်တွေကို ရေဆွတ် ပေးချင် ပေးတတ်သည်။ ယပ်ခတ် ပေးချင် ပေး နေတတ်သည်။ မီမီ ကြမ်းတိုက်လျှင် သူက စားပွဲ ကုလားထိုင် ကူ ရွှေ့ပေးလို့ မီမီက မလုပ်ပါနဲ့ဟု တစာစာ ပြောနေသည့် ကြားက ထိုင်၊ အနား ယူနေတယ်လို့ တခါမှ မတွေ့ရ။

တတွဲတွဲ တဆူဆူနှင့် သူတို့ အိမ်ကလေးက ပျော်တော့ ပျော်စရာပင်။ သူတို့ လင်မယား ချစ်ခင်တာ ကြည့်ပြီး မနာလိုသူတွေက ကြံဖန် ပြောပေမယ့် မီမီက ဂရုမစိုက်။

မီမီလည်း သူ့ကို မနိုင်ချင်ဘူး၊ သူ အနိုင်ယူရင်လည်း မီမီ မခံဘူး၊ တကယ်တော့ အိမ်ထောင်ရေးမှာ လင်က နိုင်တယ်၊ မယားက နိုင်တယ် ဆိုတာထက် နှစ်ဦး နှစ်ဘက် နားလည်ပြီး ကိုယ်လင်မယားချင်း ကျေနပ်ဘို့က အဓိကပါပဲ … တဲ့။

ဒီလို အမြင်တွေ ရှိ၊ အပေးအယူ မျှပါလျက်နှင့် မီမီ့ကို သူမ၏ ခင်ပွန်းက လခ အကုန် မအပ်ပဲ တိုင်းထွာ ပေးနေတာကို သွယ် နား မလည်နိုင်ပေ။ ကိုအောင်ဆိုလျှင် ရတဲ့လခ ထုတ် လာသမျှ သွယ့် လက်ထဲ အကုန် ထည့်ပြီးမှ သူ လိုတာ၊ သုံးချင် သလောက် ပြန် တောင်းတတ်ပေမယ့် မီမီ့ခင်ပွန်း ကတော့ မီမီ့ကို တနေ့တာအတွက်ပဲ ဈေးဘိုး နေ့တိုင်း ပေးတယ် တဲ့။ လိုတာရှိရင် လိုက် ဝယ်ပေးတယ် တဲ့။

ထိုအကြောင်းကို သွယ့်အား ခင်မင်စွာနှင့် မီမီ ဖွင့် ပြောပြ ရှာပါသည်။

သူ့ အစ်ကိုရဲ့ အိမ်ထောင်ရေးကို ကြည့်ပြီး သူက လန့်နေတာ အမရဲ့၊ သူ့မရီးက အပျော်အပါး အဝတ်အစား ခုံမင်တော့ ယောက်ျား ရှာစာနဲ့ မလောက်နိုင်ဘူး။ ရုပ်ရှင်ဆို ရုံတင်တာနဲ့ ကြည့် ပြီးပြီ၊ အဝတ်အစား အသစ်အဆန်း ပေါ်ရင် သူ့ခါးပေါ် ရောက် ပြီးပြီ။ ဇာတ်ပွဲ၊ စတိတ်ချ်ရှိုး ဘာမှ မလွတ် စေရဘူး။ ရပ်ကွက်ထဲ ဘယ်သူ ဘာ သုံးသလဲ၊ သူ့မှာလဲ ရှိရမယ်၊ သူလဲ သုံးဘူးရမယ်။ ဒါတောင်နော် သူ့အစ်ကိုက ညဘက်ဆို အငှားကား မောင်းသေးတာ၊ အစားအသောက်ကို ကလေးပါးစပ်က အစ ချွေတော့ သားတယောက် ဆုံးပြီး ပြီလေ။ ကလေးကို သွားလေရာ ခေါ်၊ တွေ့ရာ အစာ ဝယ်ကျွေးတော့ ဝမ်းသွား တာပေါ့။ အဲဒါ ဆေးခန်း မပြပဲ လမ်းထိပ် ကွမ်းယာဆိုင်က ဝမ်းပိတ်ဆေး ဝယ် တိုက်သတဲ့။ သူ့အကို ည သန်ခေါင်ကျော် ကား အပ်ပြီး ပြန်လာတော့ ကလေးက မျော့နေပြီ။ ရပ်ကွက်ထဲက ဆေးခန်းကလဲ ပိတ်ပြီဆိုတော့ ဆေးရုံ အမြန်ပြေးပေမယ့် နောက်ကျသွားပြီ။ ကလေးကလဲ အစကတည်းက ချည့်နဲ့နဲ့ ရယ် ဆိုတော့ ရောဂါဒဏ် မခံနိုင်ပဲ ဆုံးသွားရော။ တကယ်က မဆုံးသင့်ပဲ ဆုံးတာ။ ဝမ်းတွေ တအားသွားပြီး အားပြတ်၊ အာဟာရ ပြတ်သွားတာ တဲ့၊ ဆရာဝန်က ပြောတယ်။ အဲတာနဲ့ မပြီးသေးဘူး၊ အသုဘ ချဖို့ ငွေက မရှိ။ အဘွားက မြေးဦးလေး မြေကျလှအောင် ရှိတဲ့ လက်ဝတ်လက်စား ရောင်း၊ လုပ်ပေးမှ လှလှပပ အသုဘ ချရတာ ဆိုပဲ အမရဲ့။ မီမီကလဲ ငယ်သေးတယ်။ အိမ်ထောင်သက်ကလဲ နုသေးတော့ မီမီ့ကို သူ မယုံ သေးတာ သဘာ၀ ကျပါတယ်၊ ဒါကို မီမီ လက်ခံတယ်။ တနေ့ ရလာမယ့် သားသမီးအတွက် သူ့ဘာသာ စုထားတယ် တဲ့။ ဒီတော့ အခုတော့ နေပစေအုံးပေါ့။ နောင်နှစ်လောက်မှာ မီမီတို့ ကလေး ယူမယ်။ အဲဒီအချိန်မှာ သူ့ဆီက ငွေ ထွက်ယင် ထွက်ပေါ့။ မီမီကလဲ စောင့်ကြည့် နေတာပါ”

သွယ်နှင့် ကိုအောင်တို့ ခံယူထားသော အိမ်ထောင်ရေး အဘိဓမ္မာနှင့်တော့ တခြားစီပင်။

သူ့ ဇာတ်လမ်းနှင့် သူ လှုပ်ရှား ကပြ နေကြသော အိမ်ထောင်ရေး ဇာတ်ခုံကြီးမှာ မီမီ ကြည့်ခဲ့၊ ပါဝင်ခဲ့ရတဲ့ ဇာတ်လမ်း ကလေးက တမျိုး ဖြစ်ခဲ့သည်။

ဖခင်ဖြစ်သူက မိခင်နှင့် သူမတို့ မောင်နှမကို စွန့်ခွာ သွားခဲ့တာ ယနေ့ထိ မေ့ မရနိုင်ခဲ့ ဟု ဆိုသည်။

မီမီ၏ မိခင်သည် ချစ်သူမျက်နှာ တကမ္ဘာ ထင်ကာ မိဘ အရိပ်ကို စုံကန် စွန့်ခွာခဲ့သူမို့ ခင်ပွန်းက ပစ်သွားချိန်မှာ အားကိုးရာ မဲ့ပြီး ကလေးနှစ်ယောက်နှင့် အတိဒုက္ခ ရောက်ခဲ့ရသည်။ ပညာ ကလည်း ဆုံးခန်းတိုင် မသင်ခဲ့ရ။ လက်ထဲမှာလည်း ငွေက မရှိမို့ မိခင်ဖြစ်သူ ဈေးတောင်း ခေါင်းရွက်ချိန် မှာ မောင်လေးကို ခါးထစ်ခွင် ချီပြီး အမေ့နောက် တကောက်ကောက် လိုက် ခဲ့ရတာ မီမီ့ အသည်း စွဲနေဆဲ ဖြစ်သည်။ သူတို့၏ သတင်းကို ကြားပြီး အဘိုးအဘွားက ပြန်ခေါ်၍သာ တော်တော့သည် တဲ့။

နို့မို့ဆို အမနဲ့ မီမီ ဒီလို ခင်ရ သိရမှာ မဟုတ်ဘူး။ ဘိုးဘိုးနဲ့ ဘွားဘွားသာ ပြန် မခေါ်ယင် မီမီလဲ အခုဆို ဘယ်ဘ၀ ရောက် နေမယ် မသိဘူး။ ဒီလို အရာရှိ ကတော် ဖြစ်ဖို့ မပြောနဲ့ အတည်ကြံတဲ့ ယောက်ျား ရှိယင်တောင် ကံကောင်း။ ဒါကြောင့် မီမီကလဲ သူ့ကို မယုံသေးဘူး အမရေ။ အသက်ရှုချင်း ကွဲကြတယ် ဆိုပေမယ့် သူ့ ကျကာမှ မီမီ့အဖေနဲ့ သွားတူနေယင် ဒုက္ခ။ ဒါကြောင့် မီမီ နောင်ရေးအတွက် ရှာဖွေ စုဆောင်းနေတာပါ။ မီမီ မတရား လောဘ ကြီးတာ မဟုတ်ပါဘူး။ နောက်ပြီး မီမီ့ တယောက်တည်း အတွက် မဟုတ်ဘူး။ တနေ့ ရလာမယ့် ရင်သွေးတွေ အတွက်ပါ ပါတယ်”

လင်ကလည်း မယားကို မယုံ။ ဇနီးကလည်း ခင်ပွန်းဖြစ်သူကို မယုံကြပါပဲနှင့် အချစ် ပိုကြသော သူတို့ လင်မယားက အဆန်းပင်။ ဒါကို ပြောမိလျှင် မီမီက အပြုံးကလေးနှင့် ဖြေမည် ထင်သည်။

ဦးနှောက်က မယုံပေမယ့် နှလုံးသားက ချစ်တယ် ရှင်ရေ ….’ ဟု

 

X                                X                                X                                X

 

ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ ဖိတ်ကြားလွှာ’

ဒေါ်သွယ်သွယ်ခင် အမည်တပ်၍ ဖိတ်ကြားလာသော ဖိတ်စာကြီးသည် ခန့်ညားလှသည်။

အလှူ့ရှင် အလှူ့အမ အမည်ကို ကြည့်လိုက်တော့ မီမီတို့ စုံတွဲ ဖြစ်နေသည်။ မီမီ့ ခင်ပွန်းက ရဟန်းခံ၊ သားငယ်က ရှင်ပြု၊ သမီးကြီးက နားသ မင်္ဂလာ တဲ့။

မေမေ့ကို ဆက်ဆက် လာပါ တဲ့၊ အဲဒီ အန်တီက မှာသွားတယ်။ သား နဲ့ မမ ကိုလဲ လိုက်ခဲ့ တဲ့။ အပြန်ကို သူတို့ လိုက် ပို့ ပေးမတဲ့”

သားက နံဘေးမှ ပြောနေသည်။

အလှူ၊ ပွဲလမ်း၊ သာရေးတွေကို အတတ်နိုင်ဆုံး ရှောင်နေခဲ့သည်မှာ ကြာပြီ ဖြစ်ပေမယ့် ယခု တခါကိုဖြင့် မီမီနှင့်လည်း တွေ့ချင်သည်မို့ ရောက်အောင် သွားရန် သွယ် ဆုံးဖြတ်လိုက်သည်။

မီမီ နှင့် မတွေ့ရသည်မှာ ကြာပြီ ဖြစ်သည်။ နောက်ဆုံး ခွဲခဲ့ရချိန်က သွယ့်မှာ သားငယ် ကိုယ်ဝန်ကြီးနှင့်။ မီမီကလည်း သမီးဦးကလေး ဖွားပြီးကာစ။ အခုဆို ကလေးတွေပင် အရွယ်ရောက် လူလား မြောက် နေကြပြီ ဖြစ်သည်။

ရောက်အောင် သွားမည်ဟု တွေးထားခဲ့သည်မို့ မီမီတို့ အလှူနေ့တွင် မရောက် ရောက်အောင် သွားခဲ့သည်။ အနည်းငယ် ဝလာသည်မှ လွဲ၍ မီမီသည် ယခင်ကလိုပင် ချစ်စရာ ကောင်းဆဲ၊ သွက်လက်ဆဲ။ သွယ့်ကိုလဲ ခင်မင်ဆဲ ပင်။

သွယ်တို့ သားအမိ တတွေကို တွေ့လိုက်သည်နှင့် မီမီသည် ပုဝါကြီး တကားကားနှင့် ချက်ချင်း အနားကို ရောက်လာသည်။ ခင်မင် လှိုက်လှဲစွာ ဆီးကြို နှုတ်ဆက်သော အလှူ့အမ၏ ရင်းနှီးမှုကြောင့် မိမိကိုယ်ကို သိမ်ငယ်သလို ခံစားနေရသည်တို့ အနည်းငယ် သက်သာသွားသည်။

ခမ်းခမ်းနားနား ကြီးကျယ်သော အလှူနှင့် တောက်ပြောင် ထည်ဝါသော အလှူ့ရှင်တွေကို ကြည့်ပြီး သူတို့အတွက် သွယ် ဝမ်းသာ ဂုဏ်ယူမိသည်။ မီမီတို့ နှစ်ဦးစလုံး ဘယ်မိဘထံကမှ လက်ဖြန့် မတောင်းရပဲ ကိုယ့်ဒူး ကိုယ်ချွန် ကြီးပွား လာကြသည်ကို သွယ် ချီးကျူး၍ မဆုံး။

အထူးသဖြင့်ကတော့ မီမီ့ကို ဖြစ်သည်။

အလှူပွဲ ပြီးတော့ မီမီက ညနေမှ ပြန်ပါ ဆိုကာ ဆွဲထားပြန်သည်။ သွယ် ကိုယ်တိုင်ကလည်း မီမီနှင့် စကား ပြောချင်သဖြင့် မီမီ၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။

ကဲ … ပြောပါဦး မီမီရဲ့၊ အမနဲ့ ကွဲသွားပြီးတဲ့ နောက်ကို”

ပြောမယ် အမရေ၊ ပြောချင်လို့ကို မီမီက အမကို ဆွဲ ထားတာ”

အစချီကာ သူမတို့ ဇာတ်ကြောင်းကို ပြန်လေသည်။

အမတို့ ပြောင်းသွားကြပြီး တနှစ်ကျော်လောက် ဖြစ်မယ် ထင်တယ်။ မီမီတို့ အကြီးအကျယ် ရန်ဖြစ်ကြတယ်လေ။ ဖြစ်ပုံက ဒီလို အမရေ …။ အဲဒီနေ့ မနက်က သမီး ကိုယ် နည်းနည်း ပူချင်တယ်။ ဒါပေမယ့် နေ့လယ်မှာ အဖျားကျသွားတော့ မီမီလဲ ကလေးကို ဘေးက အိမ်မှာ ခဏ အပ်ထားခဲ့ပြီး ချုပ်ပြီးသား အထည်တွေ ဆိုင်မှာ သွား ပြန်သွင်းတာပေါ့။ အဲဒီနေ့ ကျကာမှပဲ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ကလေး နေမကောင်းလို့ ဆိုပြီး စောစော ပြန်လာတော့ မီမီနဲ့ အိမ် အဝင်ဝတင် တိုးမိကြ ရော။ ဘယ် သွားသလဲ … ဘာညာ မေးပြီး ကလေးအတွက်ကလည်း စိတ်ပူ နေကြတာ မဟုတ်လား။ ဟိုထင် သည်ထင်နဲ့ စကား များကြရော။ သူ ကလည်း ဒေါသတွေ ထွက်။ မီမီကလည်း အစက မပြောဘူး လို့ပဲ၊ ဒါပေမယ့် မဟုတ်တာ အထင်ခံရမှာ စိုးလို့ မီမီ ဘယ် သွားတယ်၊ ဘာ လုပ်တယ် ဖွင့် ပြောရတာပေါ့။ သူ့ကို မပြောပဲ ဖုံး ထားရ ကောင်းလား ဆိုပြန်တော့ မီမီလည်း ကိုယ့် ခံစားချက်ကို ရင်ဖွင့်ရတာပေါ့။”

မီမီ့ စကားကို ဝင် မဖြတ်ပဲ သွယ် ငြိမ်သက်စွာ နားထောင်နေသည်။ သွယ် စိတ်ဝင်တစား နားထောင်နေမှန်း သိ၍ မီမီက ဆက်ပြောသည်။

တကယ်တော့ အမရယ် … သူ ရော မီမီပါ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ် သူများ ခဲမှန်တာကို မြင်ဘူးလို့ ကိုယ့်လည်း မှန်နိုးနိုး လန့်နေကြပေမယ့် မီမီတို့ချင်းက ချစ်လို့ ယူထားကြတာပဲ။ ဒါနဲ့ နှစ်ယောက်စလုံး စိတ်ထဲမှာ ရှိတာတွေ ဖွင့်ပြော၊ ကတိတွေ ပေးပြီး နားလည်မှု ယူလိုက်ကြတယ်။ သူက မီမီ့ကို ငွေထုတ်ပြီး စက်တလုံး ဝယ်ပေးတယ်။ အိမ်မှာပဲ လက်ခံ ချုပ်ပေါ့။ အဲဒီကနေ မီမီ ကြိုးစား လာတာ အင်္ကျီလည်း ချုပ်တယ်၊ ဇာထိုး ပန်းထိုးလည်း လုပ်တယ်။ အခုဆို အထည်ချုပ်ဆိုင်တွေ တောင် ဖွင့်နိုင်ပြီ။ အလုပ်သမလေးတွေ ခန့်ထားပြီး မီမီက အခုတော့ ကြီးကြပ်ရုံပါ”

စကားတွေ အများကြီး ဆက်တိုက် ပြောပြီး မီမီ မောသွားဟန် ရှိသည်။ ယပ်တောင်ကို တဖျပ်ဖျပ် ခတ်ယင်း သူမကို ရေတခွက် ပေးရန် လှမ်းအော် တောင်းနေသည်။

သွယ့်ထက် ငယ်ရွယ်သော်လည်း ဖျတ်လတ် သွက်လက်သော ပြောရဲ ဆိုရဲ လုပ်တတ်သော မီမီ။

'မီမီ မတရားတာ လုပ်တာ မဟုတ်ဘူး အမ' ဟု ငယ်ရွယ်စဉ်က မာနကလေးနှင့် ပြောဟန်ကို သွယ် ပြန်၍ မြင်ယောင်နေသည်။

ဝမ်းသာပါတယ် ညီမရယ်။ မြင်ရ ကြားရတာတွေ အားလုံးကို အမ တကယ် ဝမ်းသာပါတယ်”

စိတ်ထဲမှာ မထားနိုင်တော့ပဲ နှုတ်က ဖွင့်ဟ ချီးကျူးမိသည်။

ကြည်နူးစွာ ပြုံးနေသော မီမီ့ကို ကြည့်ပြီး မိမိ၏ ဘဝကို ဝမ်းနည်းမိသည်။ ထိုအချိန်မှာ မီမီကလည်း မေးလာသည်။

အမတို့ အကြောင်းကို ကြားရတာ မီမီ စိတ် မကောင်းဘူး။ အစ်ကိုအောင်ကြီးက အမကို ချစ်ရဲ့သားနဲ့ ဘယ်လို ဖြစ်ကြတာလဲ အမရယ်”

သွယ်တို့၏ အကြောင်းကို မီမီက မယုံသလို မေးသည်။ မီမီတင် မဟုတ်၊ ဒီအကြောင်းကို ကြားရသူတိုင်းက မယုံကြ။

တကယ်လဲ မယုံနိုင်စရာ၊ ဖြစ်ရတာက ရိုးရိုးလေးပင်။

အများတကာလိုပင် သားနှင့် သမီး အရွယ် ရောက်လာတော့ အိမ်သုံးစရိတ်က ကြီးလာသည်။ ကိုအောင်ကလဲ ရာထူးလေး ရလာတော့ အခြား သူလို အရာရှိတွေနဲ့ ဂေါက် ရိုက် ကစားတာတို့ ကလပ် ထိုင်တာတို့ ရှိလာသည်။ ဟိုက သည်က ဖိတ်တဲ့ ပွဲတွေ များလာသလို ပွဲထိုင် လူတန်းစေ့အောင် မဝတ်လျှင် ကိုအောင်က မကြိုက်။

ထို့ကြောင့် သွယ်က ကိုအောင် ပေးသောငွေနှင့် မလောက်ငဘူး ဟု ရိုးရိုးလေးပင် ပြောမိသည်။ ဒါပေမယ့် ဖြစ်ချင်တော့ ကိုအောင်ကပဲ စိတ် မကြည်မသာ ဖြစ်နေ၍လား မသိပါ။ လူဖြောင့် စိတ်တို ကိုအောင် တယောက် စကား အထအန ကောက်ကာ ဒေါသူပုန် ထလေတော့သည်။

ပေးတဲ့ ပိုက်ဆံနဲ့ မလောက်ဘူး ဆိုတော့ သည်က ဘာ လုပ်ပေးရဦးမှာလဲ။ ကိုယ်လို အရာရှိက ဆိုက်ကား ထွက် နင်းလို့ သင့်တော်မလား၊ ပေးတာနဲ့ လောက်ငအောင် သုံးမှပေါ့၊ ဒိထက် ငွေ လိုချင်ယင် ဒမြ တိုက် ကျွေးဖို့ပဲ ရှိတော့တယ်”

နား မခံသာအောင် ရင့်သီးသော ကိုအောင်၏ စကားတွေကို သွယ် တသက် တခါပဲ ကြားခဲ့ ရသည်။

လင်မယားချင်း ရန်ဖြစ်ရတာလဲ တသက်မှာ တခါပဲ ကြုံခဲ့ရသည်။
ပြီးတော့ အိမ်ထောင်ရေး ပြိုကွဲသွားတာကလည်း တသက် တခါဆို … ဆိုသလောက်ပါပဲ။

အိမ်ထောင်သက်တလျှောက် စကား အခြေအတင် ပြောဘူးပေမယ့် သည်လို တင်းတင်းမာမာ ရန်ဖြစ်ခဲ့ဘူးတာ မရှိ။ သည်တော့ မာန်ကြီးသော သွယ် အိမ်ပေါ်က ဆင်းခဲ့သလို ဟန်ကြီးသော ကိုအောင်ကလဲ သွယ့်ကို မတားခဲ့ပါ။

ကောင်းကျိုး လိုလားသူတွေက ကြားဝင် စေ့စပ်ပေးသလို၊ ကူညီသလိုလိုနဲ့ စကားတွေ ဟိုဒီ သယ်ပို့ကာ မီးလောင်ရာ လေပင့် လုပ်သူတွေကလည်း မရှားပေ။ 

ခင်မင်သူများက ဖျန်ဖြေကြပေမယ့် ကိုအောင်က မာနကို တင်းခံသည်။ သူက နှင်ချခဲ့သည် မဟုတ်၊ သွယ့်ဆန္ဒ အလျောက် ဆင်းသွားသည်မို့ သူက ပြန်လာပါ ခေါ် စရာ မလို တဲ့။

သွယ်ကလည်း မလျှော့ ရေးချ၊ မလျှော့။ ကိုယ့်ကို ပြန်လာပါ ချော့ မခေါ်သော ယောက်ျားအိမ်ပေါ် ဘယ်လို ပြန် တက် ရမှာလဲ။ သူက ခေါ်မှ ပြန်လာမှာပေါ့။ သူမမှာ ဘာ အပြစ်မှ မရှိခဲ့၊ မယား ဝတ္တရား ငါးပါးကို အမြဲ ပြည့်စုံစေခဲ့သူ၊ ဖြစ်ခဲ့ကြတာကလည်း သူမ၏ အမှား မဟုတ်သည်မို့ မျက်နှာငယ်ငယ်နဲ့ ပြန် လာပါရစေ အောက်ကျို့ကာ တံခါး သွား ခေါက်စရာ မလို၊ တင်းခံခဲ့သည်။

နောက်ဆုံးမှာတော့ မိဘမောင်ဘွား၊ ဆွေမျိုး ပတ်ဝန်းကျင်၏ အားပေးကူညီမှုဖြင့် ဘဝကို ရဲရင့်စွာ ရင်ဆိုင်ခဲ့သည်။

ဖြစ်မှ ဖြစ်ရလေ အမရယ်၊ တခါလေး ရန်ဖြစ်တာနဲ့ပဲ”

ဒီလိုပဲပေါ့ ညီမရယ်။ အိမ်ထောင်ရေး ဇာတ်ခုံပေါ်မှာ လူတွေဟာ ဇာတ်လမ်း အမျိုးမျိုး ကနေ ကြတာ။ ညီမတို့လို ကျတော့ သူများဇာတ်လမ်းတွေ ကြည့်ဖူးတော့ ကိုယ့်ဇာတ်လမ်းကို အကောင်းဆုံး ဖြစ်အောင် ပြင်နိုင်သပေါ့။ အမတို့ကတော့ ကိုယ့်ဘာသာပဲ အဟုတ် ထင်နေတာ မို့လား။ ပတ်ဝန်းကျင်ကိုလဲ လေ့လာမှု မရှိ၊ သူများ ပြောသမျှ ယုံတော့ ခံရတာပေါ့လေ။ နောက်ဆုံးမှာတော့ ညီမရေ … ဒါရိုက်တာနဲ့ ဇာတ်ညွှန်း ဘယ်လောက်ပဲ ကောင်းကောင်း သရုပ်ဆောင်တွေကလည်း အပေးအယူ မျှအုံးမှ … နော် … မဟုတ်ဘူးလား”

စာပေးစာယူ တတိယနှစ် ကျောင်းသူ သမီးကြီး၏ ကော်နားကပ်ပြောင်ပြောင် နားရွက် ကလေးကို မသက်မသာ ကြည့်ယင်း သွယ်က စကားစ သတ်လိုက်သည်။ မီမီ၏ သမီး ဆေးကျောင်းသူ၏ နားရွက်မှာတော့ အသစ်စက်စက် စိန်နားကပ်က တဖိတ်ဖိတ် တလက်လက်။

 

လေးစားစွာဖြင့်၊
မာလုစံ(သဘာဝသိပ္ပံ)
(မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၅ ခုနှစ် မတ်လ၊ အမှတ် ၈)

No comments: