Sunday, May 10, 2015

နဖူးစာ လား၊ ကျိန်စာ လား ..... ။

     လူတယောက်ရဲ့ ဘဝသက်တမ်းမှာ နေ့ရက်ပေါင်း များစွာကို ဖြတ်ကျော်ခဲ့၊ ဖြတ်ကျော်နေကြတယ်။

     ထိုထိုသော များပြားလှစွာသော နေ့ရက်များ အထဲမှာမှ အချို့အချို့သော နေ့ရက်များဟာ လုံးဝ အမှတ် မထားမိ၊ သတိ မပြုမိခဲ့ ပေမယ့် အချို့သော နေ့ရက်များကတော့၊ သည့်ထက် တိကျစွာ ပြောရမယ်ဆိုလျှင် အချို့သော အဖြစ်အပျက်များဟာ နေ့ရက်သာ မက၊ အချိန် အတိအကျ၊ နေရာ အတိအကျ၊ ရင်ထဲ သံမှို စွဲလိုက်သလို စွဲစွဲ မြဲမြဲ ဖြစ်သွားခဲ့တဲ့ ရက်တွေ အဖြစ်တွေ ရှိပါရဲ့။

     ကျွန်တော် မမေ့နိုင်တဲ့ ရက်များထဲက ထို နေ့ရက်ကလေး တရက် ကတော့ ...

                              X                                 X                                 X       

     ထိုနေ့ထိုရက် မတိုင်မီကတည်းက ကျွန်တော့်မရီးက ကြို မှာထားခဲ့တယ်။ သည်နေ့သည်ရက် သူတို့အိမ်မှာ ဘုန်းကြီး ဆွမ်း ကျွေးမယ်။ အိမ်ချက် ထမင်းဟင်း ကောင်းကောင်း စားချင်ရင် လာခဲ့ ဆိုတာ။

     ဘုရားတရားနဲ့ ကျွန်တော် မနီးစပ်တာ သိလို့ တရား နာဘို့၊ ဘုန်းကြီး လာ ကန်တော့ဘို့ သူက ထည့်ကို မပြောတော့ တာပါ။ ဒါပေမယ့် အိမ်ချက်အစာ ကြိုက်တတ်တာရယ်၊ တယောက်တည်းသမား၊ ကိုယ့်ဘာသာလဲ ထမင်းဟင်း ကောင်းကောင်း မချက်တတ်တာ၊ ပတ်ဝန်းကျင်မှာလဲ ထမင်းဟင်း ကောင်းကောင်း ကျွေးမယ့်သူ မရှိတာကို သူ သိတယ်လေ။

     ကျွန်တော် အလုပ်ချိန်ပြီးတာနဲ့ အကို့အိမ်ကို ဦးတည် ကားမောင်း ထွက်ခဲ့တယ်။ အချိန်က နေ့လည် နှစ်နာရီကျော်။ တကယ်က မနက်စာ စားချိန်လဲ လွန်နေသလို ညနေစာ စားဘို့ကလဲ အချိန် မကျသေး။ တကယ့်ကို ကိုးလို့ ကန့်လန့် အချိန်။

     ဒါပေမယ့် ရှားရှားပါးပါး အိမ်ချက် လက်ရာ စစ်စစ်၊ ကောင်းကောင်း စားရမယ့် အခွင့်မို့ ကျွန်တော် သည် အခွင့်ကို အပြည့် လိုချင်နေတယ်။ နေ့လည်စာ စားတဲ့အပြင် ညစာကိုလဲ ထမင်းဟင်း တခါ ထပ်စားချင်တာမို့ အလုပ်မှာ နေ့လည်စာကို ငှက်ပျောသီး တလုံး၊ ကော်ဖီ တခွက်နဲ့ပဲ အာသာ ဖြေထားခဲ့မိတယ်။ ဟင်းချက်ကောင်းတဲ့ မရီး လက်ရာတွေကို အားရပါးရ အဝ စားလိုက်ချင်တာမို့ တမင် အဆာခံ အောင့်အည်း သည်းခံ နေခဲ့တယ်။

     အကို့အိမ်ကို ကျွန်တော့် အလုပ်ကနေ တနာရီ နီးပါး မောင်းရတယ်။ ဒါပေမယ့် ကျွန်တော် မညီး မညူမိဘူး။ ပြောပြီး ပါပကော၊ ငြုတ်ဆီရောင် ဝေ့ဝေ့၊ အနှစ်များများနဲ့ ဗမာဟင်းတွေ၊ ငပိနံ့၊ ငန်ပြာရည်နံ့ ကြိုင်လှိုင်နေမယ့် စားစရာတွေ၊ တွေးရင်းနဲ့တောင် ပါးစပ်ထဲ ပြည့်လျှံလာတဲ့ သရေတွေ မနည်း မျိုချ လိုက်ရတယ်။

     အကို့အိမ်ကို ရောက်တော့ သုံးနာရီ ခွဲလုပြီ။ အိမ်ရှေ့မှာ ချွတ်ထားတဲ့ ဘိနပ် အနည်းငယ်ပဲ တွေ့တယ်။ ဆွမ်းကျွေးလာသူတွေ ပြန် ကုန်ရောပေါ့။ မောင်နှမတွေ၊ ဆွေမျိုး အရင်းအချာတွေနဲ့ မိတ်ရင်း ဆွေရင်းလောက်ပဲ ကျန်တော့မှာပါ။

     အိမ်ထဲ ဝင်လိုက်တာနဲ့ အကို့ကို တွေ့လိုက်တယ်။ အိမ်ရှေ့ခန်းမှာ အမျိုးတွေ၊ မောင်နှမတွေနဲ့ ရင်းနှီးသူမိတ်ဆွေတွေ ထိုင် စကားပြော နေကြတာ တွေ့ရတယ်။

     ‘ဟော … ဝေလု ရောက်လာပြီ။ ကဲ အိမ်နောက်ဖေး တခါတည်း သွား စားပေတော့။’

     အကိုက အလိုက်သိစွာ ပြောတော့ ကျွန်တော် အရမ်း ဝမ်းသာသွားတယ်။ အိမ်ရှေ့ခန်းက လူတွေကို နှုတ်ဆက် စကား ပြောနေဘို့ အချိန်ကို သူက ဖြတ်ပေးလိုက်တယ်လေ။ မတွေ့ရတာ ကြာပြီ၊ စကား မပြောဖြစ်တာ ကြာပြီ ဖြစ်တဲ့ မိတ်ရင်းဆွေရင်းတွေနဲ့ အမျိုးတွေ မောင်နှမတွေကို အကျဥ်းရုံးနှုတ်ဆက်ရင်တောင် အနည်းဆုံး တစ်ဆယ့်ငါးမိနစ်ကနေ နာရီဝက် အသာလေး ကြာနိုင်အောင် လူက များသေး၊ ကျန်ပါသေးတယ်။

     မီးဖိုထဲ ကျွန်တော် ဝင်သွားတော့ ကျွန်တော့်မရီးက ဝမ်းသာအားရ နှုတ်ဆက်ပြီး ထမင်းစား ပန်းကန် တချပ် ချက်ချင်း လှမ်းပေးတယ်။

     ‘ကဲ ငါ့မောင်လေး … ထမင်းစားခန်းထဲက စားပွဲပေါ်မှာ ဟင်းတွေ အကုန်ရှိတယ်။ ထမင်းလဲ အဲသည်မှာ ရှိတယ်။ သွား စားတော့။ မင်းအတွက် ဟင်းချိုရည် မမ ထည့်ပြီး ယူလာခဲ့မယ်။’

     ဆာလောင်မှုကြီးစွာနဲ့ ကျွန်တော်ဟာ 'ဟင်းချိုရည်ကို ကိုယ့်ဘာသာ ခတ်ပါ့မယ်’ လို့ မရီးကို ဟန်ကလေးတောင် လုပ် မပြောနိုင်တော့ဘူး။ ဆာလွန်းလို့ သူ လှမ်းပေးတဲ့ ပန်းကန်ကို ဆွဲ၊ ထမင်းစားခန်းထဲ ဝင် လာခဲ့မိတယ်။

     အိမ်ရှေ့ခန်းမှာ လူအပြည့် အများကြီး ထိုင်နေကြပေမယ့် ထမင်းစားခန်းထဲမှာ လူ ရှင်းနေပါတယ်။ စားပွဲ တဘက်မှာ လူ တဦး ထိုင်နေတယ်။ ကြောပေး ထိုင်နေတဲ့ ထိုအမျိုးသမီးကို ဘယ်သူဘယ်ဝါရယ် ကျွန်တော် မတွေး အားဘူး။ အသိဆိုလဲ နောက်မှ နှုတ်ဆက်မယ်။ အမျိုးဆိုလဲ နောက်မှ စကားပြောမယ် ဆိုပြီး ထမင်းအုပ်ဆောင်း အဖုံးကို ဆွဲ ဖွင့်လိုက်တယ်။

     အုပ်ဆောင်း အဖုံး ဖွင့်သံကြောင့် ထင်ပါရဲ့၊ ထို ထိုင်နေသူက ကျွန်တော့်ဘက်ကို လှည့် ကြည့်တယ်။ သူ့ရဲ့ လှုပ်ရှားချက်ကြောင့် ကျွန်တော်ကလဲ ထမင်းအုပ်ဆောင်းကို ကိုင်ဖွင့်ရင်း မျက်လုံးက သူ့ဆီ ရောက်သွားတယ်။ ကျွန်တော် တခါမှ မတွေ့ဘူး၊ မသိဘူးသူ အမျိုးသမီးတဦး။

     အကြည့်ချင်း ဆုံမိချိန်မှာ သူက လျစ်ကနဲ တချက် ပြုံး ပြတယ်။

     ဒါ ပါပဲ။ သည်လောက်ပဲ လိုအပ်တာပါ။

     ကျွန်တော့်ရင်ထဲ တခါမှ မခံစားဘူးသေးတဲ့ လှုပ်ခတ်တဲ့ ခံစားမှုကလေး၊ သဲ့သဲ့ကလေး ခံစားလိုက်ရတယ်။ သူ့အပြုံးကို ငေးမိရင်း လက်ထဲမှာ ထမင်းအုပ်ဆောင်းကို ကိုင်ထားလျက် မင် သက်နေမိတယ်။ 

     ထိုစဥ်မှာပဲ ကျွန်တော့် မရီး ကျွန်တော့် နဘေးကို ရောက်လာတယ်။

     ‘ဟဲ့ အုပ်ဆောင်းကြီး ဖွင့် ကိုင်ထားပြီး ဘာ လုပ်နေတာလဲ။ ထမင်း ထည့်လေ။’

     ပါးစပ်က ပြောယင်း သူ့မျက်လုံးတွေက ကျွန်တော် ငေးနေရာဘက်ကို ရောက်သွားပြီး သူက တဆက်တည်း ဆက် ပြော လိုက်တယ်။

     ‘တူးမာနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက မမ မတ်လေ။ ကိုအာယု ညီ အငယ်ပေါ့။ ဝေလု တဲ့။’

     သည်တော့မှ ပြုံးဘို့ သတိရပြီး ပြုံးပြလို့၊ သူ့ကို နှုတ်ဆက်စကားပြောဘို့ ဟန်ပြင်ဆဲ အကို့ အမျိုးသမီး ဆက်ပြောသံ ကြားလိုက်ရတယ်။

     ‘ဝေလု၊ ဒါ … ချိုတူးမာ တဲ့။ မင်း သူငယ်ချင်း ရန်နောင့် ကောင်မလေး။’

     လက်ထဲက ထမင်းအုပ်အဖုံး လွတ်ကျသွားတယ်။ အောက်က ငပိရည် ပန်းကန်စောင်းကို ထိတော့ ငပိရည် အနည်းငယ် စားပွဲပေါ် ဖိတ်စင် ကျကုန်တယ်။

     ‘ဟောတော်၊ အမလေး ငပိရည်တွေ ဖိတ်ကျလို့က စားပွဲမှာ အနံ့ စွဲပါပြီ။’

     မရီးက အလန့်တကြား အော်တာမှာ ကျွန်တော်လဲ ထမင်းပန်းကန်ကို ချပြီး နဘေးက လက်သုတ်ပုဝါကို ဆွဲ၊ စားပွဲပေါ်က ငပိရည်စက်တွေကို သုတ်ဘို့ ကျိုးစားမိတယ်။ တူးမာဆိုတဲ့ မိန်းကလေးကလဲ ကျွန်တော့်ကို ပြုံးကြည့် နေရာက စိုးရိမ်သလို မျက်လုံး အပြူးသားကလေးနဲ့ နဘေးကို ရောက် လာတယ်။

     ဒါပေမယ့် လက်သွက်တဲ့ မရီးက မီးဖိုထဲက ရေစိုအဝတ်တခု ချက်ချင်း ပြေးယူပြီး သုတ်လိုက်လို့  ငပိရည် အရေးတော်ပုံ ပြီးသွားပါတယ်။ ကျွန်တော်လဲ ပုံပျက်ပန်းပျက် ဖြစ်သွားမိတာကို ထိန်းလိုက် နိုင်တယ်။ ဒါပေမယ့် ရင်ထဲ တထိတ်ထိတ် ခုန်နေတာကိုတော့ ထိန်းလို့ မရ။ နဘေးမှ သူတို့ ကြားသွားမှာကိုလဲ စိုးရိမ်နေမိတယ်။

     တူးမာဆိုတဲ့ မိန်းကလေးက ဘာမှ သတိ မထားမိသလို ကျွန်တော်နဲ့ မိတ်ဆက်ပြီး စကား စမြည် ဆက်လက် ပြောဆို နေတယ်။

     ဒါပေမယ့် ကျွန်တော် သိပါတယ်။ သေချာပေါက် သိပါတယ်။ သူ့အပြုံးကို တွေ့လိုက်ရချိန်မှာ ကျွန်တော် စိတ် လှုပ်ရှားစွာနဲ့ မထိန်းနိုင် မသိမ်းနိုင် ဖြစ်သွားမိတာကို သူ သေချာပေါက် သတိပြုမိသလို ကျွန်တော်လဲ ကိုယ့်ဘာသာ ဘာဖြစ်လို့ အဲသလို ခံစား စိတ်လှုပ်ရှားမိတယ်၊ ဘယ်လိုမှ နား မလည်နိုင်တော့။

                              X                                  X                                  X                             

     ရန်နောင်နဲ့ ကျွန်တော်နဲ့က ငယ်သူငယ်ချင်းတွေပါ။ 

     ပြောရမယ် ဆိုရင် အမွှာ သူငယ်ချင်းလို့တောင် ပြောလို့ ရသူတွေ ဖြစ်ပါတယ်။ မွေးနေ့ရက် အချိန်ချင်း မကွာသလို မူကြိုကျောင်း စတက်တဲ့ နေ့ကတည်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်း နှစ်ဦး၊ အရွယ်ရောက် လူလား မြောက်တဲ့အထိ အလွန်ခင်တဲ့ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့တယ်။

     ငယ်ရွယ်စဉ် ကလေးဘဝ၊ စပြီး သိကြကတည်းက ကျောင်းမှာလဲ တတွဲတွဲ၊ ကျောင်းပိတ်ချိန်တွေဆိုလဲ သူ့အိမ် ကိုယ့်အိမ် ရောက်လို့ လူချင်း မခွဲကြ။ အခု ကျောင်းပြီးလို့ ကိုယ်စီကိုယ်စီ အလုပ်တွေ ဝင်နေကြတော့လဲ အဆက်အသွယ်က မပြတ်။ သူ့မိသားစု ကိုယ့်မိသားစုက အစ သူနဲ့ ကျွန်တော်ကို မိသားစုဝင်တွေလို အသိအမှတ် ပြု ထားကြတာလေ။

     ကျွန်တော်တို့ နှစ်ဦးမှာ ရန်နောင်က အေးတယ်၊ စကား နည်းတယ်။ ကျွန်တော်က သွက်တယ်။ စကား များတယ်။ နောက်ပြီး ကျွန်တော်က သူ့ထက် လပိုင်းလေး နည်းနည်း အသက် ပိုကြီးတော့ ငယ်ငယ်ကတည်းက သူ့အပေါ် ဆရာ လုပ်ချင်တယ်၊ ဦးဆောင်ချင်တယ်။ သူ့အိမ်မှာ သူက အလတ်ပေမယ့် ကျွန်တော်က အိမ်မှာ အငယ်ဆုံးသားမို့ သူနဲ့ ကျွန်တော် အကြား ကျွန်တော်က လူသိလူတတ် လုပ်ပြီး အကြီး လုပ်ရတာ အလွန် သဘော တွေ့ခဲ့တယ်။ သူကလဲ လိုလားစွာနဲ့ ကျွန်တော့် ဦးဆောင်မှုကို အမြဲ နောက်က လိုက်ပါ ဖြည့်ဆည်းခဲ့တာမို့ အစစ အရာရာ အလွန် အဆင်ပြေခဲ့၊ သူငယ်ချင်းချင်း အကြား ဘာမှ အဖု အထစ် မရှိခဲ့။

     အရွယ်ရောက်ချိန် လူပျိုပေါက်ဖြစ်လာချိန်မှာ ကျွန်တော်က နှုတ်သွက်၊ လျှာသွက်၊ အပြော သွက်သလို မျက်စိ ကလဲ အမြင်သွက်၊ စိတ် အကြိုက်လဲ သွက်ခဲ့တယ်။

     ကျွန်တော် ကြိုက်မိသူကလဲ ခပ်များများ။ မိန်းကလေးတွေ နည်းနည်းလေး မလှနဲ့၊ ကြိုက် လိုက်ပြီပဲ။ နည်းနည်းလေး ကြည့် မကောင်းနဲ့၊ သဘောကျ လိုက်ပြီပဲ။ စိတ်ကလဲ အကြိုက် မြန်သလို နှုတ်ကလဲ အပြော မြန်သမို့  တွေ့မိ၊ သိမိသမျှ မိန်းကလေး၊ ကြည့်ကောင်းသူ မိမိ မိုက်မိုက်ကလေးတွေ၊ ကျွန်တော် သဘော မကျတာ မရှိ။ စိတ်ထဲ ဘာမှ လေးလေးနက်နက် ခံစားချက် မရှိပေမယ့် လှတာ တွေ့တာနဲ့ ”ဟာ မိတယ်ကွာ၊ ငါ ခိုက်တယ်’ ဆိုတာ ကျွန်တော်က ပြောပြီးသား။
     
     ကျွန်တော့် သူငယ်ချင်း ရန်နောင်ကတော့ ဂျီး အများသား။ ဘယ်သူ့မှ သူ သဘောကျတယ် မရှိ။ ကြိုက်တယ် ပြောသံ မကြားမိ။ ဒါပေမယ့် တခြားသူတွေက ကျွန်တော့်ကို ”ဝေလုရာ၊ မင်းကွာ တွေ့တဲ့ မိန်းကလေးတိုင်း ဦးအောင် ကြိုက်နေတာပဲ၊ ငါတို့ ကြိုက်ဘို့ ချန်ပါဦး’ ပြောရလောက်အောင် ကျွန်တော်ကလဲ တွေ့တဲ့မိန်းကလေးတိုင်း ကြိုက်မိ၊ ရည်းစားစကား ပြောမိနေတော့ လူတွေ ပြောသလိုပဲ ဖြစ်နေတာလား။ ကျွန်တော့်ကြောင့် ရန်နောင် ကြိုက်စရာ မကျန်တော့ တာလား။

     ‘ဟေ့ကောင် မင်း သဘောကျတာ ရှိရင် ပြောလေကွာ။’

     ကျွန်တော်က သည်လို ပြောတော့ တခြားသူငယ်ချင်းတွေက ကျွန်တော့်ကို ဝိုင်းဆဲကြတယ်။

     ‘ဝေလုရယ် ... မိန်းကလေး မြင်တိုင်း မင်းက အရင် ဦးအောင် ကြိုက်တယ်၊ ခိုက်တယ် ပြောနေတာ၊ ရန်နောင် ဘာ ပြောလို့ ရမှာလဲ။ ဘော်ဒါစိတ် မရှိရာ ကျမှာပေါ့။’

     ပေထက် အက္ခရာ မတင်ထားတဲ့ အသံတိတ် လိုက်နာရမယ့် စည်းမျဥ်း။ စာတတန် ပေတတန်နဲ့ ဥပဒေကြီး ထုတ်၊ သတ်မှတ်ချက်ကြီး မဟုတ်ပေမယ့် ကျွန်တော်တို့ သူငယ်ချင်း အချင်းချင်း အကြားမှာ သည်စောင့်စည်းမှု တခု ရှိပါတယ်။ ကိုယ့်သူငယ်ချင်း သဘောကျနေသူကို ဝင် မကြံရ၊ မလိုက်ရ။ မိန်းကလေးက ကိုယ့်ကို အထာ ပေးလျှင်တောင် သူငယ်ချင်းနဲ့ အရင် ညှိရမယ် လေ။

     ရန်နောင်က ဘာမှ မပြောပဲ ပြုံးနေပေမယ့် ကျန်သူငယ်ချင်းများက ကျွန်တော့်ကို အပြစ် ဖို့ကြတယ်။ 
     
     တကယ်ပဲ ဘော်ဒါစိတ် အပြည့်နဲ့ ကျွန်တော် သဘောကျမိသူတွေကို ရန်နောင် ရှောင်တာလား မသိပေမယ့် ကျွန်တော် ကတော့ မိန်းကလေး မြင်၊ ဂေါ်ချင်စိတ်က ဘယ်လိုမှ ထိမ်း မရနိုင်ခဲ့။ 

     သည်လိုနဲ့ အလယ်တန်းကျောင်းသား ဘဝကနေ အထက်တန်းကျောင်းသား ဘဝ၊ တက္ကသိုလ်ကျောင်းတော်သားကြီးတွေ ဖြစ်၊ အလုပ်ခွင်တွေ ဝင်တဲ့အထိ ကျွန်တော်တယောက် မိန်းကလေးတွေ တယောက်ပြီး တယောက် တွဲ၊ ရည်းစားတွေ တယောက်ပြီး တယောက် ကွဲ။ ရန်နောင်ကတော့ ဟုတ်တိဟုတ်ပါ့ တခါမှ ရည်းစား မထားဘူးသေး။

     ကျွန်တော် ရည်းစားစကား သွားပြောရင် ရန်နောင် အဖေါ် လိုက်ပေးတယ်။ ရည်းစားနဲ့ ချိန်းတွေ့ရင် သူ အဖေါ် စောင့်ပေးတယ်။ ရည်းစားအကို လာရင် အချက်ပေးပြီး နှစ်ယောက် အတူတူ ထွက်ပြေးကြတယ်။ ညဘက် ကောင်မလေးခြံထဲ ခိုးတွေ့ရင် သူက ခြံ အပြင်မှာ မိုးအလင်း ထိုင် စောင့် ပေးတတ်တဲ့အထိ ကျွန်တော့် လိုအင် ဖြည့်ဆည်း ပေးခဲ့တဲ့ သူငယ်ချင်းပါ။

     တခါတလေ ကျွန်တော် ချိန်းတွေ့တဲ့ ကောင်မလေးတွေ၊ ရည်းစားတွေက အဖေါ်တွေ ခေါ်လာတယ်။ ကျွန်တော်က ရန်နောင် ဘယ်လောက် အေးတယ်၊ သဘောကောင်းတယ် ပြောမိတော့ သူတို့ သူငယ်ချင်းတွေ၊ ညီမ၊ အမတွေနဲ့ နီးစပ်အောင် ခေါ်လာကြတယ်။ သည်မှာ ကျွန်တော်ကလဲ ကျွန်တော့် သူငယ်ချင်းကို အပိုင်ပဲ အသိ ပေးထားတယ်။ ကြည်မယ် ဆိုတာ တဝက် သေချာပြီးသား ဆိုတာလေ။

     ဒါပေမယ့် ရွှေကိုယ်တော်က ဘယ်သူနဲ့မှ မချိတ်။

     ‘ဟေ့ကောင် မင်းက တော်တော် ရွေးတာပဲ။ ကောင်မလေးတွေ မိသားပဲ၊ မဆိုးပါဘူး။ ငါက သူ့ဘော်ဒါနဲ့ ညိပြီး နေလို့၊ မဟုတ်ရင်၊ သူ့သာ အရင် တွေ့ရင် ငါ သူ့ကို ကြံတယ်။’

     အားမလို အားမရနဲ့ ကျွန်တော် ပြောမိတော့ ထုံးစံအတိုင်း သည်ကောင် ပြုံးနေတယ်။

     ‘ဟေ့ကောင် မလှလို့လား။’

     ‘လှပါတယ်။’

     ‘ဒါဆို မင်း ဘာလို့ မဖန်တာလဲ။’

     ‘ဟာ တကယ် ညိသွားရင် ဒုက္ခ။’

     သူ့စကားကြောင့် ကျွန်တော်တို့ အားလုံး ဝိုင်းရယ်ကြတယ်။

     ‘မင်း ဘာပြောတာလဲ။’

     ထက်ဇော်က နားမလည်သလို ဝင်မေးတော့ မအီမလည် ပုံစံနဲ့ ရန်နောင် ပြန်ဖြေတယ်။

     ‘သူက အထာတွေ အရမ်း ပေးနေတယ်ကွ။ အတင်းကြီး လာကြည်နေရင် ဘယ့်နှယ် လုပ်မလဲ။’

     ‘မင်းကွာ … ယောကျ်ားလေးပဲ။ ဘာ တွေး ပူနေသလဲ။ ပေးရင် ယူလိုက်ပေါ့။’

     ‘ဟာကွာ … ငါမှ သူ့ကို တကယ် မကြိုက်တာ။’
     
     ကျွန်တော်နဲ့ ကျန်သူငယ်ချင်းများက သည်လို ပေါ့တန်စွာ တွေးကြ၊ ပြောကြပေမယ့် ရန်နောင်က သည်လို မဟုတ်။ အလွယ်တကူ ရတိုင်း အမြတ် မထုတ်ချင်ဘူး သူ အမြဲ ပြောတယ်။ အတည် ကြံပါလျက်နဲ့ အခြေအနေ အရ ကွဲသွား၊ ပျက်သွား ရတာကို လက်ခံနိုင်ပေမယ့် တကယ် မကြိုက်ပဲ အပျော် မကြံချင်ဘူး တဲ့။ မိန်းကလေးက အထာပေးတိုင်း အလကား ရတာ၊ အမြတ် ဆိုပြီး မယူချင်ဘူး တဲ့။

     သည်ကောင် ဘာလဲ၊ တော်တော် ကြောင်တာပဲ ဆိုတာ ကျန်သူငယ်ချင်းအားလုံး တညီ တညွတ်တည်း ကောက်ချက် ချလိုက်ကြတယ်။ မိန်းကလေးက အလို မတူရင် ဟုတ်တာပေါ့။ အခု ကောင်မလေးတွေ ကိုယ်တိုင် လိုလားစွာနဲ့ ကြည်ဖြူနေတာ … မယူလိုက်က ကျွန်တော်တို့ လူမိုက်ပေါ့။ ဒါပေမယ့် သူကတော့ ယူလိုက်က ကြိုက်လို့ ထင်မှာကို ပို စိုးကြောက်နေခဲ့တယ်။

          သည်လိုနဲ့ ကျွန်တော် ရည်းစားတွေ လက်ချိုး မရေနိုင်အောင် ထားခဲ့တယ်။ အသကုန် ချစ်ခဲ့၊ လွန်ကျူးခဲ့မိတာတွေလဲ ရှိတယ်။ အထိအတွေ့တွေနဲ့ ခန္ဓာလိုဘ ပြည့်ခဲ့၊ သာယာ ကြည်နူးစွာ စိတ်ဆန္ဒအလိုတွေ ရခဲ့ပေမယ့် ရင်ခုန်မိလောက်အောင် ဘယ်မိန်းကလေးကိုမှ တသသ မစွဲလန်းမိခဲ့ဘူး။ ကျွန်တော့် စိတ်အာရုံကို ဘယ်မိန်းကလေးမှ စွဲစွဲမြဲမြဲ မဖမ်း စားနိုင်ခဲ့ဘူး။

         အဲသည် ကျွန်တော့် အကိုအိမ်မှာ ထမင်း သွားစားတဲ့နေ့ အထိပေါ့လေ။

                              X                                                X                                                X         
                   
     တောက်ပတဲ့ မျက်ဝန်း ရှည် သွယ်သွယ်လေးနဲ့ ပါးချိုင့် ခွက်ခွက် အပြုံးကလေးက ကျွန်တော့် အာရုံထဲ စွဲနေမိပါပြီ။ သူ့ အသံ၊ ဟန်ပန် မြင်ယောင်နေမိသလို ကြည်လင်စွာ ဟက်ဟက် ပက်ပက် ရယ်သံလေးက နားထဲက မထွက်။

     ရန်နောင်နဲ့တွေ့တော့ ကျွန်တော် မေးမိတယ်။ 'ဘယ်မှာ တွေ့ကြတာလဲ’ ပေါ့။ သူက အေးအေး ဆေးဆေးပဲ ဖြေတယ်။ သူ့ညီမ သူငယ်ချင်း တဲ့။

     ‘မင်း ဘယ်အချိန်က ဘယ်မှာ တွဲပြီး ရည်းစား ဖြစ်သွားတာလဲ။ ငါတောင် မသိရပါလား။’

     သည်မှာ သူက ထုံးစံအတိုင်း ပြုံးပြီး ဖြေတယ်။

     ‘မင်းကို ပေး သိလို့ ဘယ်ဖြစ်မလဲ။ မင်း ဖြတ် သုတ်သွားမှာပေါ့။’   
          
     ကျွန်တော် သူ့ကို ဘာမှ ပြန်မပြောပဲ ကြည့်နေမိတော့ သူက မေးလာတယ်။
          
     ‘မင်း သူ့ကို အခု တွေ့ပါပြီ၊ သိပါပြီ တဲ့။ မင်း သူ့ကို သဘော မကျဘူးလား၊ မခိုက်ဘူးလား။ ပြော။’
    
     ကျွန်တော် ဘာမှ ပြန်မဖြေတော့ သူက ထပ်မေးတယ်။
    
     ‘မင်း သူ့ကို ငါ့ကောင်မလေးလို့ သိလိုက်ချိန်မှာ အတွေ့  နောက်ကျတယ် မတွေးမိဘူးလား။’

     သူ့ကို ငေးကြည့်ရင်း ဘာမှ ပြန် မဖြေတဲ့ ကျွန်တော့်ကို ရန်နောင် စူးစူးစိုက်စိုက် ပြန် ကြည့်နေတယ်။ တကယ်တော့ ကျွန်တော့်မှာ အဖြေ ရှိပါတယ်။ မဖြေချင်တာပါ။ ကျွန်တော် သူ့ကို မလိမ် မညာချင်တာပါ။ ဒါကို သူကလဲ ရိပ်မိ၊ သိရှိပုံပဲ။

     နောက်တခု ကျွန်တော် သိလိုက်ရတာက 'မင်း ဖြတ်သုတ်သွားမှာပေါ့’ ဆိုတဲ့ စကားကို သူ နောက်ပြောနေတာ မဟုတ်၊ အတည် ပြောခဲ့တယ် … ဆိုတာ။

     တကယ်လဲ သူ စိုးရိမ်ပုံ ရတယ်။ 

     ကျွန်တော်တို့ သူငယ်ချင်းတွေ ရည်းစားတွေ၊ အတွဲတွေ ခေါ် ပြီး နှစ်သစ်ကူး ကပွဲ လုပ်ရင် ရန်နောင် တယောက် တည်းပဲ လာတယ်။ သူ့ကောင်မလေးကို ဘယ်တော့မှ ခေါ်  မလာဘူး။ 

     မလာဘူးလား မေးတော့ သူ့မိဘတွေက ရှေးဆန်တယ်။ သည်လို ည မိုးချုပ် ပေး မထွက်ဘူး တဲ့။

     သင်္ကြန်မှာ ကျွန်တော်တို့ ရည်းစားတွေ၊ အတွဲတွေ ခေါ် ပြီး ရေပက် ခံ ထွက်၊ ကားနဲ့ လည်ရင်       ရန်နောင် တယောက်တည်းပဲ လိုက်တတ်တယ်။ သူ့ကောင်မလေး အိမ်ရှေ့ ရောက်ရင် ကားရပ် ခိုင်းပြီး ရေ သွားလောင်းတယ်။ 

     ခေါ်လိုက်လေ ဆိုတော့ သူက နေပူထဲ လျှောက်လည်ရင် အသား မည်းမှာ ကြောက်တယ် တဲ့။

     ကျွန်တော်တို့ ပါတီတွေ ဘာတွေ လုပ်ကြ၊ ကကြရင်လဲ ရန်နောင် တယောက်တည်း သီချင်းတွေ    ဖွင့်ပေးတဲ့ ကက်ဆက်နဘေး ထိုင်ပြီး ကျွန်တော်တို့ ကကြတာကို ငေး နေတတ်တယ်။ 'မင်း ကောင်မလေး ခေါ်လာလေ’ ဆိုတော့ သူက မကတတ်ဘူး တဲ့။ မကတတ်လဲ မင်းတို့ ထိုင် စကားပြောလို့ ရတာပဲ ဆိုတော့ 'နေပါစေ။ သူ လာချင်မယ် မထင်ဘူး’ ပြောတယ်။
          
     သည်မှာ ထက်ဇော်တို့၊ ဥက္ကာတို့က ရယ်မောပြီး ”ဟေ့ကောင် ဝေလု၊ မင်းကို ကြောက်လို့ သည်ကောင် သူ့ရည်းစား ခေါ် မလာရဲတာ’ နောက်ကြတယ်။ တခြား သူငယ်ချင်းတွေက နောက်ပြောင် ပြောတဲ့ စကားကို ရယ်မော နေကြပေမယ့် ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်နေတဲ့ ရန်နောင့် အကြည့်ကြောင့် ကျွန်တော် ကြောရိုးထဲ စိမ့်တက် လာသလိုလို ခံစား လိုက်ရတယ်။

     ကျွန်တော့် သူငယ်ချင်း တကယ်ပဲ ကျွန်တော့်အပေါ်  စိတ် မချ၊ မယုံကြည် ဖြစ်နေသလား။

     ဒါပေမယ့် ကျွန်တော်ကလဲ ကျွန်တော့်အပေါ်  စိတ်ချပါ လို့ သူ့ကို ကတိ မပေးရဲဘူး။
          
     လပေါင်းများစွာ ကြာလာတဲ့ အထိ၊ ထို တခဏတာ တွေ့လိုက်ရတဲ့ နေ့လည်ခင်း တွေ့ဆုံမှု၊  ရွှန်းလဲ့တဲ့ အပြုံးကလေးက ကျွန်တော် အာရုံထဲ လတ်ဆတ်စွာ ထင်ဟပ်ဆဲလေ။
          
     ရန်နောင် မေးသလို ”အတွေ့ နောက်ကျတယ်’ ထင်မိဆဲ …. ။

                              X                                         X                                         X                                            

     မကြာသော ကာလမှာ ရန်နောင်နဲ့ သူ့ချစ်သူ လက်ထပ်လိုက်ကြတယ်။
          
     အကျဥ်းရုံး လုပ်တယ် ဆိုပြီး ဘယ်သူ့မှ မဖိတ်။ ကျွန်တော့်ကိုလဲ မဖိတ်။ ကျွန်တော့် အကိုနဲ့ မရီးကိုတော့ ဖိတ်ခဲ့တယ်။
          
     သည်မှာ ကျွန်တော့် စိတ်ထဲ မအီမလည် ဖြစ်မိတယ်။ သည်လောက် ခင်တဲ့သူငယ်ချင်းတွေ၊ သူ့ သံသယတွေက ကျွန်တော် သိက္ခာ ကျတယ်ပေါ့။ ကျွန်တော် မခံချင် ဒေါသစိတ်နဲ့ တွေးခဲ့မိတယ်။
          
     ရန်နောင် အိမ်ထောင်ပြုအပြီး မကြာခင်မှာ ကျွန်တော်လဲ အိမ်ထောင် ပြုလိုက်တယ်။ သူ့လိုပဲ အကျဥ်းရုံး လုပ်တယ်ဆိုပြီး ကျွန်တော် သူ့ကို မဖိတ်ခဲ့။ ဒါပေမယ့် လူပျိုတွေပဲ ဖိတ်တယ် ဆိုပြီး ထက်ဇော်နဲ့ ဥက္ကာကို ကျွန်တော် ဖိတ်ခဲ့တယ်။ သူတို့ကို မဖိတ်ခဲ့ပေမယ့် ရန်နောင်တို့ စုံတွဲက ကျွန်တော်တို့အတွက် အိမ်ထောင်ဦး လက်ဖွဲ့ပစ္စည်းလေး ပို့လာတယ်။ ငွေရောင် အနားကွပ်နဲ့ ဓါတ်ပုံ မှန်ဘောင်လေး။
          
     ဒါပေမယ့် ကျွန်တော်တို့ မင်္ဂလာဆောင် ဓါတ်ပုံကို တခြား မှန်ဘောင်နဲ့ ထည့်ပြီး သူတို့ပေးတဲ့ ဓါတ်ပုံမှန်ဘောင်ကို ဘူးထဲ ပြန်ထည့်၊ စားကြည့်စားပွဲ အံဆွဲထဲ ကျွန်တော် ထိုးထည့်ထား လိုက်တယ်။ စိတ်ထဲ ရန်နောင့် အပေါ်  မကြေမလည် ဖြစ်မိဆဲ။
          
      သည်လိုနဲ့ နှစ်တွေ လတွေ ကြာခဲ့ပါတယ်။ ကျွန်တော်တို့ အိမ်ထောင်မှာ ကလေး နှစ်ယောက် ရခဲ့ပါပြီ။
      
     ရန်နောင်နဲ့လဲ တွေ့တဲ့အခါ တွေ့ပေမယ့် မတွေ့ဖြစ်တာ များလာတယ်။ ကျွန်တော့်မရီး အပြောအရတော့ ရန်နောင့် အလုပ်က ခဏခဏ ခရီး ထွက်ရသတဲ့။ သည်တော့ မြို့မှာ မရှိတာ ခပ်များများ။ သူ့မိန်းမကလဲ အစကတည်းက ခပ်အေးအေး။ ဘယ်မှ လည်တတ်၊ ပတ်တတ်သူ မဟုတ်တော့ ရန်နောင်မပါပဲ သူ့ကိုလဲ မတွေ့ရတတ် တဲ့။
          
     ကျွန်တော်ကတော့ အိမ်ထောင် ကျပြီးကတည်းက တခြားမြို့မှာ ပြောင်းရွေ့ အလုပ် လုပ်ခဲ့တယ်။ ကားနဲ့ သွားဘို့ အဆင် မပြေ၊ ဖုန်းခေါ် ဆက်သွယ်ဘို့ မလွယ်တဲ့ အရပ်မှာနေတော့ သူတို့နဲ့ အလိုလို အနေဝေးခဲ့တယ်။ ရံဖန်ရံခါ အကို့အိမ် သွားစရာရှိလဲ ဘယ်သူ့ကိုမှ ကြို အကြောင်း မကြားပဲ တိုးတိုး တိတ်တိတ် သွားမိတယ်။ သူငယ်ချင်းတွေ လာတွေ့ဘို့၊ လာလည်ဘို့ ဖိတ်ချိန် မရအောင် ခရီးကို ချုံ့သလို အချိန်ပို မရှိအောင်လဲ စီစဥ်ခဲ့တယ်။ 

     ထက်ဇော်တို့၊ ဥက္ကာတို့နဲ့ တွေ့ရင်လဲ မိန်းမတွေ မပါကြေး၊ ငါတို့အမျိုးသားချည်း ဆုံရအောင် အရင်ဦးအောင် ပြောမိတယ်။
          
     ကြုံကြိုက်လို့ ရန်နောင်နဲ့ တွေ့လဲ သူနဲ့ပဲ တွေ့ဖြစ်တာ များတယ်။ ကျွန်တော်ကလဲ သူ့မိန်းမကို ခေါ်လာဘို့ မဖိတ်သလို သူကလဲ ခေါ်လာမယ် တခါမှ စကား မဟ။

                              X                                     X                                      X                           
 
     ကိုယ့်စိတ်ကိုလဲ အံ့သြမိပါရဲ့။
     
     လွတ်တဲ့ ငါးမို့ ကြီးတာလား၊ မရနိုင်မှန်း သိလို့ ပို စွဲလမ်း မိတာလား။

     ထို အမှတ်ထင်ထင် ခံစားမိလိုက်တဲ့ သဲ့သဲ့ကလေး ရင်လှုပ်ခတ်မှုကို ဘယ်မိန်းကလေး တဦးတယောက်မှ ကျွန်တော့်ကို မပေးစွမ်းနိုင်ခဲ့ဘူး။ ပြောရမယ်ဆိုရင် ဘယ်သူနဲ့မှ ကျွန်တော် သည်လို မခံစားခဲ့ရဘူး။ ဒါပေမယ့် တခါတရံ အိပ်မက် ကမ္ဘာထဲ သူ့ကို အလည် ခေါ်မိရင်တော့ ထိုခံစားမှုကို ကျွန်တော် ခံစားရတယ်။ ဘယ်သူနဲ့မှ ဝေမျှလို့ မဖြစ်၊ ရင်ဖွင့်လို့ မလွယ်တဲ့ ထိုခံစားမှုက တသက်မှာ တခါ ဆိုရလောက် စရာပါ။
          
     အိမ်ထောင်သက် လေးနှစ်အကြာမှာ ကျွန်တော် အိမ်ထောင် ကွဲပါတယ်။
     
     ကိုယ့်အိမ်ထောင်ရေး ပြိုပျက်သွားတာကို ဝမ်းနည်းရမယ့်အစား တခြားသူတဦးကိုပါ သူတို့အိမ်ထောင် ပြိုပျက်ဦးမှာလား မတွေးကောင်းတာ တွေး၊ ဆုတောင်းမိခဲ့ဘူးတယ်။
  
   မတောင်းကောင်းတဲ့ ဆုကို တောင်းမိတဲ့ ကျွန်တော့်ကို ဘုရားသခင်ကလဲ ဒဏ်ခတ်ထားပုံ ရတယ်။ ကျွန်တော် ဆုတောင်း မပြည့်ခဲ့ဘူး။ ကွဲစေချင်တဲ့ အိမ်ထောင်ကလဲ မကွဲခဲ့ဘူး။ မကွဲတဲ့အပြင် သူတို့ အိမ်ထောင်ရေး ပိုလို့  ခိုင်မြဲခဲ့တာတွေ ကြားနေရတယ်။
          
     အိမ်ထောင်ပျက် တခုလပ် ကျွန်တော်၊ လူပျိုဘဝကလို စိတ်လွတ်ကိုယ်လွတ် ပေါ့ပါးစွာ ပျော်ပါးနေချိန်မှာ ရန်နောင် တယောက် ပိုလို့ ခရီးတွေ ထွက်ရသလို သူ့ဇနီးကလဲ သူ့အပေါ် သစ္စာမပျက် စောင့်ဆိုင်း၊ အိမ်ထောင် မြဲ ခဲ့ကြတယ်။
    
     သည်မှာ သတင်းဆိုး ဝင်လာပါတယ်။
   
     ကျွန်တော့် သူငယ်ချင်း ရန်နောင်၊ ကျမ်းမာရေး ချို့ယွင်းပြီး လပိုင်းပဲ အသက် ရှင်သန်တော့မယ် ဆိုတာ။
          
     နှစ်ပေါင်းများစွာ ကြာပြီးမှ သူ့ကို ကျွန်တော် ပြန် တွေ့ရတယ်။ အနည်းငယ် ပြည့်ဖြိုးလာတဲ့ ခန္ဓာနဲ့ ရင့်ကျက်လာတဲ့ အသွင်အပြင်က လွဲရင် သူ့အပြုံးနဲ့ မျက်ဝန်းလေးတွေက ကျွန်တော့် အတွေးထဲက မှတ်မိဆဲ အသွင် အပြင်နဲ့ တထပ်တည်း၊ ဘာမှ မပြောင်းလဲ။
          
     သူနဲ့ ပြန်တွေ့ရချိန်မှာ ကျွန်တော့်ရင်ထဲက ခံစားချက်ကလဲ အရင်ကလိုပဲ ဘာမှ မပြောင်းလဲ၊ ရင်ခုန်ရဆဲ။
     
     ဒါပေမယ့် ဝေဒနာသည် သူငယ်ချင်းကို စာနာစွာနဲ့ ကျွန်တော် သူမနဲ့ ခပ်လှမ်းလှမ်းပဲ နေခဲ့တယ်။ တတ်နိုင်သလောက် သူမ မရှိမယ့် အချိန်တွေကို ရွေးပြီး သူငယ်ချင်းကို တွေ့ခဲ့တယ်။ အားပေးခဲ့တယ်။ အဖေါ်ပြုခဲ့တယ်။
       
   ‘မင်းတို့ မှတ်မိမလား မသိဘူး။ ငါတို့ ငယ်ငယ်က ပြောဘူးတယ်လေ။ တယောက်ယောက် တခုခု ဖြစ်သွားရင် ကျန်တဲ့ အမျိုးသမီးကို တာဝန်ယူ စောင့်ရှောက်ကြဘို့’ 
         
    ရန်နောင် အသံယဲ့ယဲ့လေးနဲ့ ပြောတော့ ကျွန်တော်တို့ ကျန်တဲ့ သူငယ်ချင်းသုံးယောက်၊ တယောက်မျက်နှာ တယောက် ကြည့်မိတယ်။ သူ ပြောတာကို ကျွန်တော်တို့ ကောင်းကောင်း မှတ်မိတယ်။ တပ်မတော်အတွင်းမှာ အိမ်ထောင်သည် တပ်မတော်သားတဦး အသက် ဆုံးပါးခဲ့ရင် တပ်စုအတွင်းမှ လူပျိုလူလွတ် တဦးဦးက ထိုမုဆိုးမကို ထိမ်းသိမ်း စောင့်ရှောက်ဘို့ ယူရတယ် ဆိုတာ ငယ်စဥ်က ဘယ်ကမှန်းမသိ ကြားဘူးခဲ့ချိန် ကျွန်တော်တို့ သူငယ်ချင်းတွေ အကြား အပျော်အပျက်အနေနဲ့ နောက်ပြောင် ပြောခဲ့ဘူးတာပါ။
         
      ”ဝေလုသာ အရင်ကြွရင် ငါတို့သုံးယောက်နဲ့ မလောက်ဘူး။ သည်ကောင်က ရည်းစားများတယ်’ ပြောသူက ပြောခဲ့သလို၊ ”ရန်နောင် သွားလို့ကတော့ ဘယ်သူမှ အမြတ် ထွက်မှာ မဟုတ်ဘူး၊ သည်ကောင် ငှက်ပျောတုံး ဖက်ရမယ့် လူပျိုကြီး ဖြစ်မယ့် ကောင်’ လို့လဲ စခဲ့ နောက်ခဲ့ ဘူးတယ်။         
          
     ငယ်ငယ်က ဆိုရင် ”ဟေ့ကောင် သွားမှာဖြစ် မြန်မြန် သွား။ မင်းပစ္စည်းကို ကိုယ်ဖိ ရင်ဖိ၊ စောင်မ ကြည့်ရှု ထားပေးမယ်’ တဟားဟား ရယ် ပြောမိမယ် ဖြစ်ပေမယ့် အခုတော့ ကျွန်တော်တို့ နှုတ် ဆိတ်နေကြတယ်။
          
     ‘ဟေ့ကောင် ပေါက်တတ်ကရတွေ တွေးနေ၊ ပြော မနေနဲ့။ ကိုယ့်ဘာသာ နေကောင်းဘို့ပဲ ခေါင်းထဲ ထား။ နောက်ပြီး ဟိုဟာက ငယ်ငယ်တုန်းက နောက်ခဲ့တာ။ အခုအချိန်မှာ ငါတို့ အထဲက တယောက်ယောက် တခုခု ဖြစ်ခဲ့ရင် ကျန်တဲ့ မိန်းမကို ငါတို့က ကိုယ့်ညီမလေးလို စိတ်ထား၊ ကူညီကြမှာပေါ့ကွ။’
          
     ဥက္ကာက ဝင်ပြောတော့ ထက်ဇော်က ခေါင်း တညိမ့်ညိမ့်နဲ့ ထောက်ခံနေတယ်။
          
     ကျွန်တော်ကတော့ ဥက္ကာကို ငေးကြည့်ရင်း ရန်နောင့်ဘက် ခေါင်း မလှည့်ရဲ ခဲ့ဘူး။ ဒါပေမယ့် နားထင် တဘက်မှာ ပူထူလာအောင် သူ ကျွန်တော့်ကို စူးစိုက်စွာ စိုက်ကြည့်နေမယ် ဆိုတာ သိနေပါတယ်။

                                   X                                          X                                          X                                              
     အေးမြတဲ့ ဆောင်းကာလ ဇန်နဝါရီ လဆန်း ရက်တရက်မှာ ရန်နောင် ကျွန်တော်တို့ကို ခွဲခွာသွားတယ်။
          
     သူ မဆုံးခင် စကားတခွန်း ထွက်ဘို့ အလွန် ခက်ခဲနေချိန်မှာ ကျိုးစားပမ်းစား၊ ရင်ခေါင်းသံကြီးနဲ့ ကျွန်တော့်ကို နောက်ဆုံး စကားတခွန်း မှာသွားခဲ့တယ်။
         
      ‘တူးမာကို ကူညီ စောင့်ရှောက်လိုက်ပါ’
     
      သူ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ကျွန်တော် သူ့ကို ကတိပေးခဲ့တယ်။
 
     ‘စိတ်ချ သူငယ်ချင်း။ မင်းကို ညီတယောက်လို သဘောထားသလို သူဟာလဲ ငါ့ ညီမလေး ပါကွာ’
      
     သည်တခါ ရင်ထဲ ခံစားရချက်က အချစ်ဆုံးသူငယ်ချင်းကို လက်လွတ် ဆုံးရှုံးရတော့မယ့် ဝမ်းနည်းကြေကွဲမှု သက်သက်ပဲ ဖြစ်ခဲ့တယ်။
       
     ရန်နောင်ဆုံးပြီးတော့ ကျွန်တော် မွေးရပ်မြေကို ပြန်လာခဲ့တယ်။ အကိုအမတွေ၊ သူငယ်ချင်းတွေနဲ့ နီးရာကို ပြန် ပြောင်း လာခဲ့တယ်။ အဓိက ကတော့ တူးမာနဲ့လဲ နီးအောင်ပေါ့လေ။
          
     ကျွန်တော်နဲ့ ထက်ဇော်တို့၊ ဥက္ကာတို့၊ ရန်နောင့်အိမ်ကို မှန်မှန် သွားလည်ပြီး ကျန်ရစ်သူတွေကို အားပေးသမှု ပြုခဲ့ကြတယ်။ ရန်နောင့် မိဘတွေ၊ မောင်နှမတွေနဲ့ ရန်နောင့် မုဆိုးမ တူးမာ ဆီပါပေါ့။
          
     တဖြေးဖြေးနဲ့ အချိန်တွေ ကြာလာပြီး အလွမ်းစိတ်တွေ အနယ်ထိုင်ချိန်မှာ အချို့တွေ သွားလာမှု တဖြေးဖြေး ကြဲလာတယ်။ အိမ်ထောင်သည်တွေ ဖြစ်တဲ့ ထက်ဇော်နဲ့ ဥက္ကာတို့ အရင်လို အချိန်မှန် မလာနိုင်တော့ပေမယ့် ကျွန်တော်ကတော့ တူးမာဆီ တလ တစ်ခါ ရောက်အောင် အမြဲ သွားတွေ့တယ်။ ရန်နောင်ဆုံးတဲ့ ရက်စွဲမှာ တူးမာကို ခေါ် ပြီး ရွှေတိဂုံဘုရား တက်တယ်။ ရန်နောင့် မွေးနံထောင့်မှာ ရှိခိုး ဆုပန်ကြတယ်။ 
          
     တူးမာ ဘာဆု တောင်းမယ် မှန်းနိုင်ပေမယ့် ကျွန်တော်ကတော့ ကျွန်တော့် သူငယ်ချင်း နောင်ဘဝမှာ အနာကင်းစွာ အသက်ရှည်ပြီး သူ့ချစ်သူနဲ့ ကြာရှည်စွာ လက်တွဲနိုင်ဘို့ ဆုတောင်း ပေးမိတာ အမှန်ပါ။
     
     တခါတုန်းက မတောင်းကောင်းတဲ့ သူတို့အိမ်ထောင်ရေး ကွဲပါစေ ဆု တောင်းမိခဲ့ပေမယ့် အခုတော့ နောင်ဘဝမှာ သူရောကိုယ်ပါ ချစ်မိသူတွေနဲ့ ကြာရှည် လက်တွဲမြဲဘို့ ဆုတောင်းနေမိတယ်။
          
     အစကတော့ ထက်ဇော်တို့ ဥက္ကာတို့ စုံတွဲတွေ ပါပေမယ့် နောက်ပိုင်း ကျွန်တော်တို့ နှစ်ဦးထည်း တတွဲတွဲ ဆိုတော့ လူတွေက သတိပြု လာကြ၊ ပြော လာကြတယ်။ ကျွန်တော် ကလည်း ရန်နောင် ဆုံးပြီးကတည်းက အရင်လို မဟုတ်တော့။
          
     အသက်အရွယ်အရ စိတ် အနယ် ထိုင်တာလား၊ ဘာလား မသိ။ အပေါင်းအသင်းတွေနဲ့ အပျော် အပါး အသောက်အစား နည်းလာတယ်။ သွားနေကျ၊ ကျင်လည်ဘူးခဲ့တဲ့ နေရာတွေနဲ့ ဝေးလာတယ်။ ကျွန်တော့်စိတ်ထဲမှာ တူးမာကို သတိရ နေမိတယ်။ သူ ဘာ လိုမလဲ၊ သူ့ကို ဘာ အကူအညီ ပေးရမလဲပဲ တွေး နေမိတယ်။ သူ့အနားပဲ သွားချင် နေမိတယ်။
          
     ”ဟဲ့ ကောင်လေး၊ နင် ဟုတ်မှ ဟုတ်ရဲ့လား’ ကျွန်တော့်မရီးက မေးတယ်။ ပြီးတော့ တူးမာကို ရန်နောင့် ကိုယ်စား ကျွန်တော် စောင့် ရှောက်နေတာ သင့်တော်တယ် ပြောတယ်။
          
     ဒါပေမယ့် သည်တခါတော့ ကျွန်တော့်စိတ်က အရင်လို မဟုတ်တော့ဘူး။
     
     ဟိုတုန်းက စိတ်ကူးနဲ့ အနမ်းပန်း ပေးပြီး အတွေးကမ္ဘာထဲ ရင်ခုန်ခဲ့ဘူးပေမယ့် အခုတော့ နသယ်စပ်မှာ ဆံစလေးတွေ ဖြူစပြုနေတဲ့ သူ့ပါးစုံ ချောင်ချောင်လေးကို ကြည့်ပြီး သွားလေသူ သူငယ်ချင်းကိုယ်စား သူ့ကို ဘယ်လို ကူညီ စောင့်ရှောက် ရမလဲပဲ ကျွန်တော့် ခေါင်းထဲ ရှိတယ်။
       
   သည်လိုနဲ့ တနေ့မှာ သူက ပြောလာတယ်။

     ‘ကိုဝေလုကို တူးမာ ကျေးဇူးတင်ရမယ်’
    
      သူ့ကို ကူညီ အားပေးနေတာတွေကို ရည်စူး ပြောမယ် ထင်ထားခဲ့မိပေမယ့် သူပြောလာတဲ့ စကားကြောင့် ကျွန်တော် အံ့သြသွားရတယ်။

     ‘ကိုရန်နောင် ပြောဘူးတယ်။ တူးမာနဲ့ သူနဲ့ ဖူးစာ ဆုံတာ ကိုဝေလုကြောင့် တဲ့’

     နားမလည်သလို ကျွန်တော့် အကြည့်ကြောင့် ထင်ပါရဲ့၊ သူက ဆက် ရှင်းပြတယ်။

     ‘ကိုရန်နောင်နဲ့ တူးမာ သိကြတော့ သူက တခါမှ ရည်းစား မထားဘူး ဘူး၊ ချစ်သူ မရှိဘူး ဘူး ပြောတယ်။ သူ့ အသက်အရွယ်၊ သူ့ပုံစံနဲ့ တူးမာ မယုံဘူးပေါ့။ သည်တော့ သူက ပြောတယ်။ သူ ကြိုက်ချင်တဲ့ မိန်းကလေးတွေ ကိုဝေလုက အရင် ကြိုက် ကြိုက်သွားလို့ သူ အမြဲ ကျန်ရစ် ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ရည်းစား တခါမှ မထားခဲ့ဘူးတာ တဲ့။ ဒါပေမယ့် အဲသလို ရည်းစား မရှိခဲ့လို့ တူးမာကို တွေ့ခဲ့၊ နီးစပ်ခဲ့ရတာ … သူ့ သူငယ်ချင်းကို အရမ်း ကျေးဇူးတင်တယ် တဲ့။’
          
     ကျွန်တော် ဘာ ပြောရမယ် မသိ။ ပြောစရာ စကား ရှာ မတွေ့။

                                    X                                         X                                            X                    
                   
     ရန်နောင် ဆုံးတာ ဆယ်နှစ် ပြည့်ပါပြီ။

     ကျွန်တော်လဲ အသက် ငါးဆယ်ဝန်းကျင် ဆံဖြူ လူကြီး ဖြစ်ခဲ့ပြီ။

     ဒါပေမယ့် တလ တစ်ရက် ရွှေတိဂုံ ဘုရား တက်တုန်း၊ ရန်နောင့် အတွက် ဆုမွန်ကောင်းတွေ တောင်းတုန်း။
     
     တူးမာနဲ့ အတူတွဲ သွားလာရင် ကျွန်တော် ရင်ထဲ ကျေနပ်စွာ ပီတိဖြာ ခံစားမှုလေးတွေ ခံစားရတယ်။ အရင်က တလမှာ တစ်ရက်ပဲ ကျွန်တော် တူးမာဆီ သွားခဲ့ပေမယ့် တဖြေးဖြေး နှစ်တွေ ကြာလာတာနဲ့အမျှ သွားတဲ့ ရက်တွေ တိုး တိုး လာတယ်။
         
     ကျွန်တော်က အကြောင်းရှာ၊ ပို သွားခဲ့တာ မဟုတ်ဘူး။ တူးမာ ကိုယ်တိုင်က လာဘို့ ဖိတ် ခေါ်ခဲ့တာပါ။
     
     ဟိုဟို သည်သည် သွားဘို့ အဖေါ် လိုရင်၊ ဘာဘာ ညာညာ အိမ်မှာ လုပ်စရာလေးတွေ ရှိရင် ကျွန်တော့်ကို အဖေါ် ခေါ်၊ အကူအညီ တောင်းသလို၊ စားကောင်း သောက်ဘွယ်လေးတွေ ချက်ချိန်မှာ ကျွန်တော့်ကို သူ ဖိတ်ခေါ်  ကျွေးတတ်တယ်။
         
      အစကတော့ ဘာလေး ချက်တယ်၊ ညာလေး ချက်တယ် ဆိုတာကနေ ကျွန်တော် ဘာ အစာ၊ ဘယ်လို ကြိုက်တယ် သိ လာတော့ သူက တမင် ချက်ကျွေး၊ တကူးတက ဖိတ် ကျွေး တတ်လာတယ်။
     
     တဖြေးဖြေး အချိန်ကြာလာလေ ရင်းနှီးခင်မင် နီးစပ်လာလေမို့ သွားစရာရှိတာ သွားပြီးရင်၊ လုပ်စရာရှိတာ လုပ်ပေးအပြီး၊ ချက်ကျွေး ဖိတ်ကျွေးတာ စားအပြီးမှာ ချက်ချင်း မပြန်ပဲ စကား လက်ဆုံ ကျ၊ အဖေါ်ပြု နေခဲ့မိတယ်။ 

     ကျွန်တော်တို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလဲ သူနဲ့ ကျွန်တော် ဆက်ဆန်မှုကို နားလည် အသိအမှတ် ပြုကြတယ်။
     
     ရန်နောင့်အတွက် ဆယ်နှစ်ပြည့် ကုသိုလ်ပြု ဆွမ်းကျွေးပွဲမှာ ထက်ဇော်တို့ ဥက္ကာတို့နဲ့ပါ ဆုံမိတော့ အမှတ်တရ ဓါတ်ပုံ ရိုက်ဖြစ်ကြတယ်။ အုပ်စုလိုက်ဓါတ်ပုံ ရိုက်အပြီးမှာ တူးမာက ဓါတ်ပုံဆရာကို ကျွန်တော်နဲ့ နှစ်ယောက်တည်းပုံ ရိုက်ပေးဘို့ ပြောတယ်။
          
     ဓါတ်ပုံတွေရတော့ ကျွန်တော်နဲ့ သူနဲ့ နှစ်ယောက်တွဲ ရိုက်ထားတဲ့ပုံကို စားကြည့်စားပွဲ အံဆွဲအထဲမှာ ပစ် ထားခဲ့ဘူးတဲ့ ငွေရောင် အနားကွပ် မှန်ဘောင်လေးကို ထုတ်ပြီး ကျွန်တော် ထည့်လိုက်တယ်။ နောက်တပတ် သူ့ဆီ သွားတော့ ယူသွားပြီး သူ့ကို ပေးမိတယ်။
     
     မှန်ဘောင်သွင်းထားတဲ့ ဓါတ်ပုံကို သဘောကျစွာ သူ ပြုံးကြည့်နေတုန်း ကျွန်တော်က မှန်ဘောင်လေးဟာ တခါက သူတို့ ပေးထားတဲ့ မင်္ဂလာလက်ဖွဲ့ လက်ဆောင်ဆိုတာ ပြောပြလိုက်တယ်။ သူ ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။
      
     ပြူးကျယ်တဲ့ မျက်ဝန်းလေးနဲ့ ကျွန်တော့်ကို မော်ကြည့်တယ်။

     ပြီးတော့ ဓါတ်ပုံမှန်ဘောင်လေးကို သူ့လက်နဲ့ တယုတယ ပွတ်သပ်နေတယ်။
          
     နောက်တခါ ကျွန်တော့်ကို မော်ကြည့်တော့ သူ့မျက်ဝန်းတွေ အထဲမှာ မျက်ရည်ကြည်တွေ ရစ်ဝဲနေပါတယ်။ ပြီးတော့ သူ တိုးတိုးလေး ပြောတယ်။
        
     ‘ဒါ တူးမာတို့ ပေးခဲ့ဘူးတဲ့ မှန်ဘောင်လေး လား။ ကိုရန်နောင်ကလေ ကိုဝေလုကို သိပ် ခင်တာ။ သူက စျေးတွေ ဘာတွေ သွားတာ၊ စျေးဝယ်တာ မလုပ်ချင်ဘူး။ ဒါပေမယ့် ကိုဝေလုတို့ မင်္ဂလာဆောင်ပုံ ထည့်ဘို့ စျေး တကာ စျေး ပတ်ပြီး သူ စိတ်ကြိုက် ရှာ ဝယ်ခဲ့တာ မှတ်မိတယ်။ ကိုဝေလုတို့ စုံတွဲပုံ ထည့်ခဲ့ဘူးသလား။’

      သူ့စကား နားထောင်ရင်း ကျွန်တော့် ရင်ထဲ လိပ်ပြာ အကောင်တရာ ဝင်ခတ်သလို တလှပ်လှပ် ဖြစ်သွားတယ်။ အသံ မတုန်အောင် ကျိုးစားထိန်းပြီး ဖြေလိုက်မိတယ်။
          
     ‘သည် မှန်ဘောင်ကလေးကို ရကတည်းက ဘာပုံမှ မထဲ့ခဲ့ဘူး ဘူး။ အခု သည်ပုံက ပထမဆုံး ထည့်တာပဲ’
     
     ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းသွယ်ကလေးက ရွန်းတောက်နေပါတယ်။ သူ့ကို စိုက်ကြည့်ရင်း ကျွန်တော့် ရင်ထဲလဲ တထိန်းထိန်း ခုန်လာတယ်။ တချိန်တည်းမှာ နားထဲ ကြားလိုက်မိတာက -
     ”ကူညီ စောင့်ရှောက်လိုက်ပါ’ ဆိုတဲ့ ရန်နောင့်အသံ။

     နှစ်ရှည်လများ ခံစားချက်ကို ဘော်ဒါစိတ်နဲ့ ရိုက်ချိုးလိုက်ရမလား။

     တခါတုန်းက သူ ချစ်တဲ့မိန်းကလေးကို ကျွန်တော်နဲ့ မနီးစပ်အောင် ဝေးဝေး ထားခဲ့တဲ့ သူငယ်ချင်း၊ အခု ကျွန်တော်တို့ရဲ့ နီးစပ်မှုကို တမလွန်ကနေ လက်ခံ ကျေနပ်နိုင်မလား။

     သူ့ရဲ့ ဖူးစာဖက်က ကျွန်တော့်အတွက် အဆိုးဆုံးကျိန်စာ ဖြစ်ခဲ့ပေမယ့် ကျွန်တော် ကျေနပ်စွာ လက်ခံပါမယ်။
 

လေးစားစွာဖြင့်၊
မာလုစံ
မေလ ၂၃၊ ၂ဝ၁၃  
 (Reposted with Unicode on June 11th, 2024)  

 
 

1 comment:

phoe thar said...

Normally I don't give comment. But this one I feel like I need to do so.
I really like this story. Especially the ending, which sort of describing the "platonic love" and maturity of two ppl.