စာကောင်းလေးတွေ ဝေမျှတတ်တဲ့ ညီမငယ်တဦးက ကဗျာကလေး တပုဒ် ပို့လာပါတယ်။ ခေါင်းလောင်းသံ အဖွဲ့ရဲ့ စာမျက်နှာပေါ်က ရလာတာ တဲ့။ ဖတ်ပြီး နှစ်သက် သဘောကျလွန်းလို့ ဝေမျှ တင်ပေးလိုက်ပါတယ်။ ကဗျာကလေးခေါင်းစဉ်က "ဆရာကတော် ကျွန်မကို ခေါ်သလား" တဲ့။ ကဗျာသီကုံးသူ စာရှင်က 'နေမျိုး' .... ။
နေမျိုးကဗျာမူရင်းက ကဗျာရှည်ပါ။ ဒါပေမယ့် ကျွန်မ ဖတ်လိုက်တဲ့အခါ စာတပုဒ်အနေနဲ့ ဖတ်မိတယ်။ ဒါနဲ့ စာကြောင်းတွေ ပေါင်းပြီး စာတပုဒ် အနေနဲ့ သိမ်းမိတယ်။ မူလ စာဖန်တီးရှင် (နေမျိုး) ကို အထူး ကျေးဇူးတင်ပါတယ်။
ကျွန်မပတ်ဝန်းကျင်မှာ သည်လို လူကြီးသူမတွေ အများကြီး ရှိပါတယ်။ သားသမီး မရှိသူတွေ၊ သားသမီး ရှိလျက်နဲ့ သားသမီးနဲ့ အတူနေခွင့် မရသူတွေ၊ တချို့ဆို ပြုစုမယ့် အဖေါ်တောင်မရှိ၊ တဦးတည်း တကယ့်ကို အထီးကျန်နေတာတွေ။ အဖေါ်ရှိသူကလဲ ငယ်ရွယ်သူ အဖေါ်တွေထက် သည်စာထဲကလို အရွယ်ချင်း သိပ်မကွာတဲ့ သက်ကြားရွယ်အို အဖေါ်တွေပေါ့။ သည်တော့ ဖိုးသူတော် ရော၊ တောင်ဝှေး ရော တချိန်တည်း လဲရတဲ့ အဖြစ်တွေ အများကြီးပါ။ သည်အဖြစ်၊ အကြောင်းအရာ တွေကို စာထက် အက္ခရာတင်ချင်ပေမယ့် ဘယ်လို စရမယ် မသိ။ ဘယ်လို ရေးဖွဲ့ရမယ် မတွေးတတ် ချိန်မှာ (နေမျိုး) က ရှင်းရှင်းလေး ရေးဖွဲ့သွားတယ်။
သူ့စာ ဖတ်နေစဉ်မှာ ကျွန်မ ပတ်ဝန်းကျင်က အဖွားတွေ၊ ကြီးဒေါ်တွေ၊ တဦးတည်းနေရတဲ့ ဘကြီးတွေကို မြင်မိတယ်။
ပိတ်အင်္ကျီ ဖြူလွလွ၊ ချည်ထမီ ဝတ်လို့ သနပ်ခါး အဖွေးသားနဲ့ ပြူတင်းပေါက်နား ထိုင်နေသူဟာ ကျွန်မ အဖွားပါပဲ။ ကျွန်မ အဒေါ်လဲ သည်လို ထိုင်တာ မြင်ဘူးတယ်။ အခု ကျွန်မအမေလဲ သည်လိုပဲ ထိုင်တတ်တယ်။ အမေ့ကို ပြုစုနေတဲ့ သူ့ညီမ ဝမ်းကွဲ ကျွန်မတို့ အဒေါ်လေးဟာ အသက် ရှစ်ဆယ်ကျော် အမေ့ထက် ငယ်ပေမယ့် တကယ်တော့ အသက် ခြောက်ဆယ် ကျော်နေတဲ့ အဘွားအို ပေါက်စလေးပါ။ ဒါပေမယ့် အမေနဲ့ အဒေါ်လေး ကံကောင်းတာက ကျွန်မ ညီမငယ် မိသားစုက အနီးကပ် အတူနေလို့ အချို့သော လူကြီးများထက် အများကြီး ကံကောင်းတယ် ဆိုရပါမယ်။
ကျွန်မအလှည့်ကျရင်သာ၊ အမေ့အနားက အဒေါ်လေးလို ကျွန်မအနား နေမယ့်လူ ရှိမယ် မထင်ပါဘူး။
တနှစ်က ကျွန်မတို့ ငယ်ငယ်၊ အထက်တန်းကျောင်းတုန်းက ဆရာမတဦး ကွယ်လွန်သွားတယ်။ တီချာက အပျိုကြီး။ တူ၊ တူမတွေ ရှိပေမယ့် တသက်လုံး ကိုယ့်အား ကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ တဦးတည်း နေခဲ့သူ။ တဦးတည်းနေတဲ့ တီချာ့ကို ဖုန်းခေါ်တာ ပြန်မဖြေလို့ တူမတွေက အိမ်ကို သွား ကြည့်မှ ကုလားထိုင်ပေါ် ထိုင်နေလျက် အသက်ကုန်နေတာ တွေ့ရတယ် တဲ့။
တီချာ့လိုပဲ တဦးတည်း နေပြီး အသက်ကုန်သွားသူ လူကြီးသူမတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ဘဝသက်တမ်းတခု တကယ် မီးဇာကုန် ဆီခမ်းလို့ အသက်ကုန်တာလား၊ အချိန်မီ ဆေးကုသ နိုင်ခဲ့ရင် ဆက်လက်ရှင်သန် အသက်ရှည်ဦးမှာလား။ ဝေဒနာ ဖြစ်ချိန်မှာ လူမသိ သူမသိမို့၊ ဆေးမမီ၊ ကုသခွင့် မရလို့ အသက်ကုန်ခဲ့တာလား၊ ဒါတွေဟာ အဖြေ ရှာမရနိုင်တော့တဲ့ မေးခွန်းတွေပါ။
ဖြတ်ကနဲ သတိမေ့၊ အိပ်ပျော်လျက် အသက်ဆုံးသွားတယ်ဆိုရင် ထို လူကြီးသူမတွေအတွက် ဖြေသာပါတယ်။ မူးနေ၊ လဲနေချိန်မှာ ဘယ်သူ လာပါ့မလဲ၊ ကူပါ့မလဲ၊ တယောက်တည်း အားငယ်နေခဲ့ မှာပဲ ကျွန်မ စိတ်မကောင်းတာပါ။
သည်လို အဖေါ်မဲ့ အထီးကျန် လူကြီးသူမတွေ ဘဝလမ်းကူးချိန်မှာ အချိန်တိုတိုနဲ့ အမှတ်သညာမဲ့ ကူးပြောင်းခွင့် ရကြပါစေပဲ ဆုတောင်းပေးနိုင်ပါတယ်။
တနေ့ သည်လမ်းကို လူတိုင်း သွားရမှာပါ။ သွားချိန်မှာ ကိုယ်ရော စိတ်ပါ ဝေဒနာ မခံရပဲ အချိန် တိုတိုနဲ့ ဘ၀ ကူးနိုင်ကြဘို့ အရေးကြီးပါတယ် ... လို့။
x x x x
‘ဆရာကတော် ကျွန်မကို ခေါ်သလား’
သီကုံးသူ - နေမျိုး
“ဆရာကတော် ကျွန်မကို ခေါ်သလား" အသက်ခပ်ကြီးကြီး မိန်းမကြီးက မေးတယ်။
သူ့ထက်ပိုပြီး အသက်ကြီးတဲ့ အဘွားကြီးက ဖြေတယ် - “အေး” တဲ့
ဆရာကတော်ဆိုတဲ့ အဘွားကြီးက သူ့ရှေ့က ထမင်းရည်ပန်းကန်ကို လက်ညိုးထိုးပြီး “ဆားနည်းနည်း ထပ်ထည့်” လို့ပြောတယ်။ ဆရာကတော်အတွက် အသက်ခပ်ကြီးကြီး မိန်းမကြီးက ဆားပွင့် နဲနဲ ယူလာပြီး ပန်းကန်ထဲ ထည့်တယ်။ ဆရာကတော်က ထမင်းရည်ပန်းကန်ကို ဇွန်းနဲ့မွှေပြီး တစ်ဇွန်း ခပ်သောက်တယ်။ ပူနွေးပြီး စေးပျစ်နေတဲ့ ထမင်းရည်ပါ။ ဆရာကတော်ကြိုက်တဲ့ ဆန်သစ် ထမင်းရည်ပါ။ အသက်ကြီးကြီး မိန်းမကြီးက သူ့ဆရာကတော် ထမင်းရည်သောက်နေတာကို ကြည့်ပြီး ကျေနပ်နေတယ်။ သူက နဂိုတုန်းကတော့ အစေခံပါ။ အခုတော့ သူက ဆရာကတော်အနားမှာ မိသားစု တစ်ယောက်လို ဖြစ်နေပြီလေ။
ဆရာကတော်က အသက်ကြီးပေမယ့် အသန့်အပြန့် ကြိုက်တယ်။ ပန်းကန်ခွက်ယောက်တွေ ပြောင်စင်နေမှ၊ အဝတ်တွေ ဖြူစင်နေမှ၊ ကြမ်းပြင်ပေါ်မှာ အမှိုက်တွေ ကင်းစင်နေမှ။ ပြီးတော့ သောက်ရေအိုးထဲမှာ ရေအမြဲရှိနေမှပေါ့။ သူငယ်ငယ် ဆရာကတော်တို့ အိမ်ကို စ ရောက်ကတည်းက အခုထိ အဲဒီလိုပဲ။ သူ ရွာကနေ ဆရာကတော်တို့အိမ် စရောက်တုန်းက တစ်ခါတစ်လေ ရွာကို ပြန်ချင် ပေမဲ့ နောက်တော့ ဒီမှာ ပျော်သွားတယ်။ အဲဒီအကြောင်းတွေက ခုတော့ မေ့တေ့တေ့ ဖြစ်နေပါပြီ။ ဒါပေမဲ့ ဆရာကတော်ကမေးရင် ပြန်ပြောနိုင်အောင် သူ တစ်ခါတစ်ခါ ပြန်စဉ်းစားမိတယ်။
“ညည်း ဒီ စရောက်စတုန်းက ညည်းကြောင့် ငါ့ကြွေကရား ကျကွဲတာ မှတ်မိသလား”
ဒီလိုမေးရင် သူက ချက်ချင်းပဲ ပြန်ဖြေရတယ်။
“မှတ်မိတယ် ဆရာကတော်။ ရေနွေးအပူကြီးနဲ့ သွားကိုင်မိလို့ ယောင်ပြီးလွှတ်ချလိုက်တော့ ကျကွဲသွားတာလေ” လို့
“ညည်း တော်တော် အသုံးမကျတာ” ဆရာကတော်က လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်ကို လှမ်းပြီး ငေါက်လိုက်တာ။ သူကလည်း အဲဒီလို အငေါက်ခံလိုက်ရတော့ ပြန်ငယ်သွားသလိုပဲ။ ဆရာကတော် ကလည်း ကြွေကရားကျကွဲတာကို တစ်နှစ် ၃ ခါလောက် ပြန် ပြန်မေးပြီး ငေါက်တတ်တယ်။
“ညည်း တော်တော် အသုံးမကျတာ” သူကဘယ်တော့မှ ဆရာကတော်ကို စိတ်မဆိုးဘူး။
အခု ဆရာကတော်အတွက် ပဲဟင်းချက်နေတယ်။ ဆရာကတော်မှာ သွားတွေ မရှိတော့ဘူး။ ဒီတော့ ပဲဟင်းကို ပျော့ပျော့အိအိကလေးနဲ့၊ အရည်သောက် ခပ်ပျစ်ပျစ် ချက်ရတယ်။ ဆရာကတော်က ပဲဟင်းကြိုက်တယ်။ တစ်ခါတစ်လေ ဆရာကတော်က ဈေးဖိုးနည်းနည်းပိုပေးရင် ငါးကလေး ဘာလေး ဝယ်ပြီးချက်တယ်။ ငါးရံ့အသားကိုပြုတ် အရိုးနွှာပြီးမှ အသားချည်း ချက်တာပါ။ ဒါမှ ဆရာကတော် စားနိုင်မှာလေ။ ထမင်းကို ပျော့ပျော့အိအိချက်တယ်။ တော်တော်ကြီးကို ပျော့အိနေအောင် ချက်တာပါ။ ဆရာကတော်က ထမင်းပျော့ပျော့ကို သွားဖုံးတွေနဲ့ ကြိတ်ကြိတ်ပြီး မျိုချတယ်။
ဆရာကတော်က အသန့်အပြန့် ကြိုက်တယ်။ ဆရာကတော် ရေချိုးပြီးရင် လူးဖို့ ကရမက်နဲ့ တောင်နံကတိုးကို သူက ကျောက်ပျဉ်မှာ တရှဲရှဲသွေးပေးတယ်။ သူ ဒီအိမ်ကြီးကို ရောက်စကတည်းက ကရမက်နဲ့ တောင်နံကတိုးကို သွေးပေးခဲ့တာ။ သူကတော့ သီးခေါက်ပဲ သွေးလိမ်းတယ်။ ကိစ္စမရှိဘူး။ ဆရာကတော်ဆီက ကရမက်နဲ့ တောင်နံကတိုးနံ့ သင်းသင်းကလေးက အိမ်ကြီးထဲမှာ ပျံ့နေတာပဲလေ။
နွေအခါဆို ဆရာကတော်က ပိတ်ပါးအကျီဖြူဖြူကို ဝတ်လေ့ရှိတယ်။ ဒါကိုသူက ဖြူနေအောင် လျှော်ဖွတ်ပေးရတယ်။ ပိတ်ပါးအကျီဖြူဖြူမှာ တချို့နေရာလေးတွေမှာ ရိပီး စားနေပြီ။ ဒါပေမဲ့ ဆရာကတော်က ဒါကိုပဲ မြတ်မြတ်နိုးနိုး ဝတ်ပါတယ်။ ဆရာကတော်ရဲ့ ထဘီဟာ ချည်သားပါ။ ချည်သားမို့ ဝတ်ရတာ အေးနေတာပေါ့။ နေ့လယ်ခင်းဆို ပြတင်းပေါက်အနားက ကုလားထိုင်မှာ ထိုင်နေတဲ့ ဆရာကတော်ကို မြင်ရတယ်။ ဆရာကတော်မျက်နှာမှာ သနပ်ခါးဖွေးလို့၊ ဆံပင်တွေက ဖြူလို့၊ နားပေါက်ဟောင်းလောင်းကိုတောင် မြင်ရတယ်။ ဟိုးတုန်းကတော့ ငါ့ကို ဆံပင်ဖြူ နှုတ်ပေးစမ်းလို့ … ဆရာကတော်က ခိုင်းလေ့ ရှိတယ်။ အခုတော့ အဲဒီလို မခိုင်းတော့တာ နှစ်တွေကြာပြီ။ ဆရာကတော့ ခေါင်းမှာ ဆံပင်ဖြူတွေက အများကြီး ဖြစ်နေပြီလေ။
ဆရာကတော်နဲ့ သူ၊ အဘွားကြီး နဲ့ မိန်းမကြီး၊ နှစ်ယောက် … အဲဒီအိမ်ကြီးထဲမှာ။
တိတ်ဆိတ်တဲ့ ဒီအိမ်ကြီးထဲမှာ နေ့လယ်ခင်းဆို ဆရာကတော်က ရေဒီယိုကိုဖွင့်ပြီး နားထောင် လေ့ရှိတယ်။ ဓာတ်ခဲ အားကုန်နေလို့ ရေဒီယိုက ဖွင့်လို့မရဘူး ဆိုရင် သတင်းစာအဟောင်းတွေကို ယူပြီး ဖတ်တယ်။ သတင်းစာဖတ်ရင်းက “ဟဲ့ ပြက္ခဒိန်ကြည့်စမ်း၊ ဒီနေ့ ဘယ်နှရက်နေ့လဲ” လို့ ဆရာကတော် က မေးတတ်တယ်။ “ဥပုသ်နေ့ကျရင် ညည်းလည်း ဥပုသ်စောင့်၊ ကြားလား။ ညမိုးချုပ်မှ ဗိုက်ဆာရင် လည်း မုန့်လေးဘာလေး ယူစားပေါ့အေ” လို့လည်း ပြောတတ်တယ်။ သူငယ်ငယ်တုန်းက အဖိတ်နေ့ ရောက်တိုင်း အဲလိုပြောတာ ကြုံခဲ့ဖူးတာပါ။ ကြောင်အိမ်ပေါ်က ဖန်ပုလင်းကြီးထဲမှာ ဘီစကစ်မုန့်ခြောက် တွေ ရှိတယ်လေ။ သူရွာက ဒီကိုရောက်စက ဒီဘီစကစ်မုန့်တွေကို သိပ်ကြိုက်ခဲ့တာ။ အခုတော့ ဟိုတုန်း ကလို မက်မက်စက်စက် မရှိတော့ပါဘူး။ အဲဒီ ဘီစကစ်မုန့်တွေကို ဝါးစားဖို့ သွား ၃၊ ၄ ချောင်း သူ့မှာ ရှိသေးပေမယ့် ဆရာကတော်မှာ သွား မရှိတော့ဘူးလေ။ သူက ဆရာကတော်အတွက် ဘီစကစ်တွေကို ဖန်ခွက်ထဲမှာ ရေနွေးပူပူနဲ့ စိမ်ပေးရတယ်။ ဘီစကစ်တွေ ရေနွေးပူပူထဲမှာ နူးပွလာတော့မှ ဆရာကတော် က ဇွန်းကလေးနဲ့ခပ်ပြီး တမြုံ့မြုံ့ဝါးစားတာလေ။
အိမ်ကြီးထဲမှာ သူလုပ်စရာအလုပ် သိပ်အများကြီး မရှိဘူး။ နံရံမှာ ချိတ်ထားတဲ့ ဆရာကြီးနဲ့ ဆရာကတော်ပုံကို မနက် မနက် ကြက်မွှေးနဲ့ ပြောင်စင်သန့်ရှင်းအောင် လုပ်ပေးရတာ။ ဆရာကတော် ညက သွားထားတဲ့ ဆီးအိုးကို သွန်ပေးရတာ။ ဆရာကတော် မျက်နှာသစ်ဖို့ ရေတစ်ဖလား ခပ်ပေးရတာ။ (နွေဆိုရင် ညသိပ်ရေအေးပဲ) ဆောင်းတွင်းဆိုရင် ရေက အေးနေတော့ ရေနွေးနဲ့ စပ်ပေးရတယ်လေ။ ပြီးရင် ထမင်းရည်ပူပူကို ဆရာကတော် သောက်ဖို့ ထည့်ပေးရတာပဲ။ သူက ဆရာကတော် အနားမှာ နေရတာကို ကျေနပ်တယ်။ သူ့ကိုယ်သူ အစေခံလို့ မထင်တော့ဘဲ ဆရာကတော်ရဲ့ သွေးသားရင်း တစ်ယောက်လို ခံစားရတယ်လေ။ ဆရာကြီး မရှိတော့တဲ့နောက် ဆရာကတော်က “ငါ ညည်းတို့ရွာ တစ်ခေါက်လောက် လိုက်ချင်တယ်” ပြောလို့ အတူသွားကြတယ်။ ရွာမှာ သုံးလေးရက်နေပြီး ဒီအိမ်ကြီး ကိုပဲ ပြန်လာခဲ့ကြတာ။ အဲဒီနောက် ဆရာကတော်ရော သူရော ရွာကို နောက်ထပ် မရောက်ကြတော့ဘူး။
ဆရာကတော်က “ငါဖတ်ပြမယ် ညည်းသေသေချာချာနားထောင်” ဆိုပြီး တစ်ခါ တစ်ခါ စာဖတ် ပြတယ်။ ‘ဓမ္မပဒ’ တဲ့။ သူက စာမတတ်လို့ ဆရာကတော်က ဖတ်ပြတာလေ။ အဲဒီအချိန်တွေဟာ သူ ကျေနပ် ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေပါပဲ။ ဆရာကတော်ဟာ သူ့ကို အမြဲစောင့်ရှောက်နေတယ်လို့ ခံစား ရတယ်။ သူကလည်း ဆရာကတော်ရဲ့ ဝတ်ကြီးဝတ်ငယ်ကို ပြုစုပေးနေမြဲပေါ့။ သူရော ဆရာကတော် ရော နှစ်ယောက်စလုံး နေထိုင်မကောင်းရင် တစ်ယောက်ယောက် အိမ်ကို ရောက်လာတတ်တယ်။ ဆရာကတော်ရဲ့ တူမကလေး တစ်ယောက်က အဲဒီလို ရောက်ရောက်လာတာပါ။ “အဘွားကို သတိရလို့” တဲ့။ အဲဒီလိုပြောပြီး တစ်ရက်နှစ်ရက်နေ ပြန်သွားတာပဲ။
ဒီနေ့ သူ နည်းနည်း နေမကောင်းချင်ဘူး။ ဆရာကတော်လည်း သရိုးသရီနဲ့။ နှစ်ယောက်စလုံး ဖျားချင်နေကြတယ်။ အိမ်ကြီးထဲမှာ အခိုးပွင်းဆေးတစ်ထုတ်ရှိတယ်။ သူက ရေနွေးပူပူနဲ့ အခိုးပွင့်ဆေး ကို ဖျော်တယ်။ ပြီးတော့ ဆရာကတော်ကို တိုက်တယ်။ ဆရာကတော်က ပြတင်းပေါက်နားမှာထိုင်လျက် အဲဒီ အခိုးပွင့်ဆေးကို သောက်တယ်လေ။
အဲဒီနေ့က ဆရာကတော် ညစာမစားဘူး။ ဆရာကတော် မစားတော့ သူလည်း မစားဖြစ် တော့ဘူး။ အဲဒီနေ့က ဆရာကတော် အစောကြီး အိပ်ရာဝင်တယ်။ သူက ဆရာကတော် အိပ်ယာဘေးမှာ တော်တော်ကြာတဲ့အထိ ထိုင်ပြီးစောင့်နေတယ်။ မှောင်လာတော့ သူ့အတွက် ပြင်ထားတဲ့နေရာမှာ လဲလျောင်းလိုက်တယ်။
အိမ်ကြီးက တိတ်ဆိတ်လို့။
အိမ်ကြီးရဲ့ အပြင်ဘက်မှာ အမှောင်ထုကြီး ကျရောက်လို့။ . . . ။
နေမျိုး
(နေမျိုး၏ စာကြွင်း။ ။အခု ဒီကဗျာကိုရေးပြီးတော့ စဉ်းစားမိတာရှိတယ်။ ဒီကဗျာနဲ့တော့ မဆိုင်ဘူးလို့ ပြောချင်တယ်။ ပြီးတော့ ဒီကဗျာရေးစဉ်က ပြောချင်တဲ့ အချက်ထဲမှာလည်း မပါဝင်ဘူး။ ဒါပေမဲ့ ဒီကဗျာကို ရေးပြီးတော့ ဒီလို စဉ်းစားမိတယ်။ အဲဒါက ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ။ တိုက်ခန်းတစ်ခုမှာနေတဲ့ လူအိုကြီးတစ်ယောက် ရက်အတော်ကြာကြာ တိတ်ဆိတ်နေပြီး သူနေတဲ့ အခန်းက အပုပ်နံ့ရလာလို့ အနီးပတ်ဝန်းကျင်က အခန်းတံခါးကို ဖွင့်ကြည့်တဲ့အခါ ပုပ်ပွနေတဲ့ သူ့အလောင်းကို တွေ့ရသတဲ့။ ပင်စင်စား လူအိုကြီးတစ်ယောက် ဘယ်နေ့က ဘယ်လို ဝေဒနာတွေခံစားရပြီး ဘယ်အချိန်မှာ သေဆုံးကွယ်လွန်ခဲ့သလဲဆိုတာ မသိလိုက်ကြဘူး။ ဒီလို သတင်းတွေ ဖတ်ရတော့ တုန်လှုပ်မိတယ်။ မယုံကြည်နိုင်ဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ခဲ့တယ်။ အခု ဒီကဗျာက လူအိုကြီးတွေ တစ်ဦးကို တစ်ဦး အမှီသဟဲပြု နေထိုင်ကြပုံကို ရေးခဲ့တာ)
No comments:
Post a Comment