Friday, November 21, 2014

တကယ် ပျောက်နေတာက ... ..

     ရဲဌာနအတွင်းကို လူတဦး ရေးကြီးသုတ်ပြာ ၀င်လာပါတယ်။ စိုးရိမ်ပူပန်စိတ် အထင်းသားနဲ့ ထိုသူဟာ စုံစမ်းရေး ကောင်တာကို သွားပြီး လူပျောက်အမှု တိုင်ချင်တယ် ပြောတယ်။

     “ကျွန်တော့ မိန်းမ ပျောက်နေတာ တရက် ကျော်သွားပြီ။”

     ရဲစာရေးက လူပျောက်အမှု လက်ခံမယ့် ရဲကြပ်ကြီးထံ လွှဲလိုက်ပါတယ်။ ရဲကြပ်ကြီးက ဘောပဲန်ကို ဖွင့်၊ ရေးဘို့ အသင့် ပြင်ပြီး  မေးခွန်းများကို တခွန်းချင်း ပြတ်သားစွာ မေး၊ အဖြေ တွေကို လိုက်ရေးလိုက်တယ်။

ရဲကြပ်ကြီး - ခင်ဗျား ဇနီး ပျောက်နေတယ် … ဟုတ်လား။ ဘာကြောင့် အတိအကျ ပြောနိုင်ရ တာလဲ။
ခင်ပွန်းသည် - သူ အိမ် ပြန်မလာတာ တရက် ကျော်သွားပြီ။ မနေ့က ကတည်းက ဈေးသွားမယ် ဆိုပြီး ထွက်သွားတာ ခင်ဗျ။

ရဲကြပ်ကြီး - ကောင်းပြီ။ ဒါဆို သူ့အသွင်လက္ခဏာတွေ ပြောပြပါ။ အရပ် ဘယ်လောက် ရှည် သလဲ။
ခင်ပွန်းသည် - (ဂျိုစောင်မှ ဆံပင်များကို အနည်းငယ် ကုတ်ဖွပြီး) အဲန် …. အသေအချာ အတိ အကျ ပြောရမှာလား။ တခါမှ သူ့အရပ်ကို မတိုင်း ဘူးဘူးဗျ။ ငါးပေ၊ ငါးပေ ကျော်ကျော် ပေါ့ဗျာ။

ရဲကြပ်ကြီး - ကိုယ်လုံးကိုယ်ထည်။
ခင်ပွန်းသည် - မပိန် မ၀၊ ပုံမှန် အနေတော် ဆိုပါတော့။

ရဲကြပ်ကြီး - မျက်လုံး အရောင်။
ခင်ပွန်းသည် - (အနည်းငယ် စိတ်ရှုတ်ထွေးဟန်ဖြင့်) အတိအကျ မပြောနိုင်ဘူး ခင်ဗျ။ သူက မျက်ကပ်မှန် အရောင်စုံကို အလဲလဲအဖယ်ဖယ် တပ်လေ့ ရှိတယ်။ အညို၊ နီညို၊ အစိမ်း၊ စိမ်းပြာ။ တခါတလေ ကျားသစ် လို အညိုအကြား အစင်းတောင် တပ်တတ်သေး။

ရဲကြပ်ကြီး - (အမှုတိုင်ကြားနေသူကို မျက်လုံးတချက် ပင့်ကြည့်ပြီး နောက်ထပ် မေးခွန်းကို ဆက် မေးလိုက်တယ်။) ဆံပင် အရောင်။
ခင်ပွန်းသည် - (ခေါင်းထက်မှ ဆံပင်တွေကို လက်နဲ့ တခါ ထိုးဖွလိုက်ပြီး) ဒါလဲ ခက်ပြန်ပြီ။ သူက ဆံပင် ကိုလဲ အရောင် ခဏခဏ ပြောင်း ဆိုးတတ်တယ်။ အခု နောက်ဆုံး ဆိုးထားတာ … အင်း … အညိုလား။ မဟုတ်သေးဘူး၊ နီညိုရောင် ထင်တယ်။ မဟုတ်ဘူး။ ကြေးနီရောင်လား၊ အော် သိပြီ၊ ရွှေအိုရောင်အရင့် ဖြစ်မယ် ထင်တယ်။ အာ … အဲဒါ ပြီးခဲ့တဲ့ လက အရောင်။ သည်တော့ နီညို ဖြစ်ဘို့ များတယ်။

ရဲကြပ်ကြီး - (ဇဝေဇ၀ါ ဖြေနေတဲ့ ခင်ပွန်းရဲ့ အဖြေကို ရေးရမလား၊ အဖြေပြောင်းဦးမလား စောင့်နေရတာ စိတ်မရှည်သလိုပုံစံနဲ့ နောက်မေးခွန်းကို ဆက်မေးလိုက်တယ်။) ဆံပင် ပုံစံ။ (သည်မေးခွန်းကို ဖြေရ လွယ်အောင်လို့ ရဲကြပ်ကြီးက တဆက်တည်းမှာ မေးခွန်းကို ဖြည့် မေး ပေးလိုက်တယ်။) ဆံပင် အတိုလား၊ အရှည်လား၊ ဆံပင် ကောက်သလား၊ ဖြောင့်သလား မေးတာ။
ခင်ပွန်းသည် - (ခေါင်းကို တဗျိဗျိ မြည်အောင် ကုတ်လိုက်ပြီး) ခက်တာပဲ။ သူက ဆံပင်ကို ချည် လိုက်၊ ထုံးလိုက်၊ ကောက်လိုက်၊ ဖြောင့်လိုက်နဲ့။ တခါတလေ ဆံပင်ချောင်း အတုတွေ ကပ်ပြီး ရှည်အောင် လုပ် ထားသေး။ သူ့ဆံပင်က မနက် တိုပေမယ့် ညနေကျ ရှည်ချင် ရှည်နေတာ။ သူ့ဆံပင် တို သလား၊ ရှည် သလား၊ ကောက် သလား၊ ဖြောင့် သလား ကျွန်တော် မပြောပြ တတ်ဘူး။

ရဲကြပ်ကြီး - အိမ်က ထွက်သွားတုန်းက သူ ဘာဝတ်သွားသလဲ။
ခင်ပွန်းသည် - ခင်ဗျာ …. ။
ရဲကြပ်ကြီး - ခင်ဗျားဇနီး ဘယ်လို အ၀တ်အစား ၀တ်သွားသလဲ။ ထမီနဲ့လား၊ ဘောင်းဘီနဲ့လား၊ ဘာအရောင် တွေလဲ၊ အကြမ်းဖျင်းပေါ့ဗျာ။

     တိတိကျကျအဖြေ ရနိုင်ဘွယ်မရှိတာကို ရိပ်စားမိတဲ့ ရဲကြပ်ကြီးက အကြမ်းဖျင်းပဲ ဖြေဘို့ စကားလမ်းကြောင်း ပေးလိုက်ပါတယ်။ သည်မှာ စိတ်ပျက်လက်ပျက်ပုံစံနဲ့ ဖြေလိုက်တာ ကတော့။

ခင်ပွန်းသည် - ဒုက္ခပါပဲဗျာ။ မနေ့က သူ ထွက်သွားတုန်းက ဈေးသွားလိုက်ဦးမယ် အော်ပြောလို့ လှမ်းကြည့် လိုက်ပေမယ့် သူ ဘာဝတ်သွားတယ် သတိမထားလိုက်မိဘူး။
ရဲကြပ်ကြီး - အရောင်လေးတောင် သတိ မပြုလိုက်မိဘူးလား။

     မျက်နှာငယ်လေးနဲ့ ခေါင်းကို ဘယ်ညာ ခါယမ်းပြနေသူကို စိတ် မသက်မသာ ကြည့်ရင်း ထပ်မေးလိုက်မိ တာက -
ရဲကြပ်ကြီး - သူ ဈေးကို ဘာနဲ့ သွားတာလဲ။
ခင်ပွန်းသည် - အိမ်က ကားနဲ့။ (သည်မေးခွန်းကိုတော့ သွက်လက်စွာ ဖြေဆိုနိုင်ပါတယ်။)

ရဲကြပ်ကြီး - ကောင်းပြီ။ ကားက ဘာအမျိုးအစားလဲ။
ခင်ပွန်းသည် - ဖို့ဒ် အက်ဖ်၁၅၀ အသစ်စက်စက်၊ အပြာရောင်။ ဒါပေမယ့် အပြာက အပြာ ရင့်ရင့်ကြီးလဲ မဟုတ်ဘူး။ မက်တယ်လစ် (Metallic) ခေါ်မလား၊ သတ္တုရောင် လွင်လွင်လေး ပါတယ်။ သိတယ်နော်။ အပြာရောင် ပြေပြေ ပြောင်ပြောင်လေး။ အင်ဂျင် ခြောက်လုံးနဲ့ ထရန်စမစ်ရှင်းကလဲ အထူးသီးသန့် မှာ တပ် ထားတာ။ ပုံမှန် ရိုးရိုး စက်မျိုး မဟုတ်ဘူး။ ဘီး လေးလုံးမောင်းတယ်။ ကားမှန်တွေ အရောင်ထည့်ထားတယ်။ ဒါပေမယ့် အရှေ့ခန်း မှန်တွေက အနောက်ခန်းမှန်တွေထက် အရောင် နည်းနည်းလေး ဖျော့တယ်။ မီးခိုး နုနုလေး ဆိုပါတော့၊ မဆိုစလောက်လေး ဖျော့ထားတယ်။ ကားအတွင်း အောက်ခံအခင်းတွေနဲ့ ထိုင်ခုံ အစွပ် တွေကို ကားအရောင်နဲ့ လိုက်အောင် အထူးအော်ဒါမှာ ချုပ်ထားတယ်။ ကားဘီးအကာတွေကလဲ အထူး သီးသန့် မှာထားတာတွေ။ ရေစင်ရင် ကွက်မကျန်ခဲ့တဲ့ ဆေးတမျိုး အပေါ်က ထပ်သုတ်ထား တော့ ရေကွက် အရာတွေ မထင်ကျန် စေရဘူး။ ရာသီမရွေး ကားဘီး အကာတွေက ပြောင် လက်နေမှာ။ မစ်ရှယ်လင်က မှာ ၀ယ်ထားတာ။ တခါတုန်းက ကျွန်တော့မိန်းမ ကားတံခါးကို မဆင်မခြင် ဖွင့်လိုက်လို့ ကားမောင်းသူဘက်က တံခါးမှာ အခြစ် အစင်းရာ သေးသေးလေး ရှိတယ်။ မှုန်မှုန်ကလေး အခြစ်ရာကို အသေအချာကြည့်မှ မြင်တယ်ဆိုပေမယ့် ကျွန်တော်က သိနေလို့လား မသိဘူး။ မျက်လုံးက အဲသည် အစင်းရာကိုပဲ ရောက် ရောက်သွားပြီး အစင်း ရှိနေတာ ကိုယ့်ဘာသာ သိနေ မြင်နေတော့ စိတ်ထဲ ကသိကအောက်ပေါ့ဗျာ။

     မရပ်မနား ဒလစပ်ပြောနေရင်းနဲ့ မျက်လုံးထဲ စို့တက်လာတဲ့ မျက်ရည်တွေကြောင့် ထင်ပါရဲ့၊ မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်နေတဲ့ ဇနီးပျောက် အမှု တိုင်ကြားနေသူကို ရဲကြပ်ကြီးက ပြောလိုက်ပါတယ်။

ရဲကြပ်ကြီး - ဘာမှ စိတ်မပူနဲ့ ကိုယ့်လူ။ ခင်ဗျား ကားကို ကျုပ်တို့ ရအောင် ပြန်ရှာပေးမယ်။ စိတ် အေးအေး ထား၊ ဟုတ်လား။


(အီးမေးလ်နဲ့ ပို့လာတဲ့ ဟာသစာတိုလေးကို အခြေခံ၊ ဘာသာပြန် ရေးပါတယ်။)

လေးစားစွာဖြင့် -
မာလုစံ
နိုဝင်ဘာလ ၅ ရက်၊ ၂၀၁၄

No comments: