Originally posted on August 16th 2014
(Reposted with Unicode on April 29th, 2025)တခါက အချစ်သည်း ပိုတဲ့ ဖွားဖွားနဲ့ အစ သန်တဲ့ ဖိုးဖိုးတို့ အသက်ရှည်စွာ ပေါင်းသင်းကြလေ သတဲ့။
သားတွေ၊ သမီးတွေကနေ မြေးတွေ အရွယ်ရောက်တဲ့ အထိ ပြုစု ပျိုးထောင် ထိမ်းကျောင်း ပေးခဲ့ကြတာမှာ မြစ်တွေ ရချိန်မှာတော့ သားသမီးတွေက သူတို့ မြေးတွေ (အဖိုးနဲ့ အဖွားရဲ့ မြစ်လေးတွေ) ကို သူတို့ဘာသာ ထိမ်းကျောင်း နိုင်ပါပြီ ဆိုလို့ ဖိုးဖိုးနဲ့ ဖွားဖွား အလုပ် မရှုတ်တော့ပဲ အားလပ်ချိန်တွေ ရကြသတဲ့။
သည်မှာ ပြသာနာက စတော့တာပါပဲ။ တသက်လုံး သားသမီးတွေ ကိစ္စကနေ မြေးတွေအထိ မအားမလပ် အချိန်ပြည့် အလုပ်တွေ ရှုတ်နေခဲ့တော့ သိပ်ချစ်တတ်တဲ့ ဖွားဖွားက ဖိုးဖိုးကို ကြင်နာခွင့်၊ ဂရုစိုက်ခွင့်၊ ချစ်ကြောင်းတွေ ပြခွင့် မရခဲ့သလို အစ သန်တဲ့ ဖိုးဖိုးကလဲ ဖွားဖွားကို စချင်တိုင်း စခွင့်၊ နောက်ပြောင်ခွင့်၊ နည်းခဲ့တယ်။ အခုတော့ ဖွားဖွားက အကဲပိုစွာ ဖိုးဖိုးကို မျက်လုံး ဒေါက်ထောက် ကြည့်၊ လှုပ်ရှားမှု မှန်သမျှကို သတိပေး ပြောကြားနေလို့ ဖိုးဖိုး စိတ် ရှုတ်ရသလို ဖိုးဖိုးရဲ့ အချိန်ပြည့် နောက်ပြောင် ကျီဆယ်မှုတွေကို ဖွားဖွားခမြာ စိတ်တိုရ အခက်၊ ဗွေယူရ အခက်တွေ ဖြစ်ကြတာပေါ့။
နှစ်ဦးနှစ်ဘက် ရင်ဖွင့်ချက်တွေကို နားထောင်ပြီးတဲ့ အချိန်မှာတော့ သားတို့ သမီးတို့နဲ့ မြေးတွေ အားလုံး ဝိုင်းဝန်း ငွေ စု ထည့်ပြီး ဖိုးဖိုးနဲ့ ဖွားဖွားကို ‘လို.တ.ရ ဖုန်း” တယောက် တလုံးစီ ဝယ် ပေးလိုက်ကြပါတယ်။
ဖိုးဖိုးရဲ့ ဖုန်းကလေးက အမဲရောင် ပြောင်ပြောင်လေး။ ဖွားဖွားရဲ့ ဖုန်းကလေးကတော့ သူမရဲ့ ဖြူလွလွ ဆံပင် ဖွေးဖွေးလေးတွေနဲ့ အပြိုင်၊ ငွေရောင်လေး။
မြေးကလေးတွေက ဖိုးဖိုးနဲ့ ဖွားဖွားကို လို.တ.ရ ဖုန်းတွေ သုံးကွက်ကို သင်ပေးကြတယ်။ နာမည်နဲ့ လိုက်အောင် သည်ဖုန်းတွေက လုပ်ကွက်တွေက အများကြီး။ ဖုန်းလဲ ခေါ်လို့ ရတယ်။ စာ ရိုက် ပို့လို့လဲ ရတယ်။ ဓါတ်ပုံ၊ ဗီဒီယို၊ ရိုက်လို့ ရသလို ကိုယ် ဝေမျှချင်သူထံ ပို့လို့လဲ ရတယ်။ သူများ ပို့တာ တင်ထားတာလဲ ကြည့်လို့ ရသတဲ့။ စာ ရှည်ရှည် ရေးချင်ရင် အီးမေးလ် ဆိုတာ သုံးသင့် သတဲ့။ သတင်းတွေ ဘာတွေ ဖတ်လို့ ရသလို စာတိုစာရှည်လဲ ဖတ်ရ ပြန်သတဲ့။ ဝက်ဘ်ဆိုဒ်တွေ အင်တာနက်တွေက ဗဟုသုတ ရစရာတွေ ပေါ့။
ဖိုးဖိုးနဲ့ ဖွားဖွားအတွက် အလွန် အသုံး တည့်တဲ့ ပစ္စည်းလေးတွေပဲ။
နား လေးတဲ့ ဖိုးဖိုးနဲ့ အသံ မထွက်တော့တဲ့ ဖွားဖွား။ အရင်ကလို တကျော်ကျော် အော် ခေါ် နေတာ မကြားတာ၊ ပြန် ထူးနေတာ မကြားတာ၊ ခေါ်နေ ထူးနေတာကို မကြားဘူး ထင်ပြီး တယောက်နဲ့ တယောက် လိုက်ရှာ၊ တွေ့တဲ့ အချိန်မှာ ခေါ်နေတာ မကြားဘူးလား၊ ထူးနေတာ မကြားဘူးလား ညင်းခုန်ရတာနဲ့ ဘာလို့ ခေါ်နေ အော်နေခဲ့မိတယ် မေ့ သွားတာမျိုး မရှိကြတော့။
ဘယ် ရောက်နေသလဲ၊ ဘာ လုပ်နေသလဲ က အစ ... ထမင်း စားတော့မလား၊ ဆေးသောက် ပြီးပလား ဆိုတာတွေ အိမ်ထဲ၊ ခြံထဲ၊ လှည့်ပတ် ရှာပြီး လိုက် မေးနေစရာ မလိုတော့။ ထိုင်ရာ မထ၊ စာ ရိုက် ပို့လိုက်ရင် တီကနဲ ချက်ချင်း အဖြေ ပြန်ရသမို့ ဖိုးဖိုးနဲ့ ဖွားဖွား သိပ် သဘောကျပေါ့။
တပတ်တခါ အဖိုးအဖွားတွေ 'လူအိုများ သီးသန့် တွေ့ဆုံပွဲ’ မှာ ဆိုရင် အခြား ဖိုးဖိုးတွေ ဖွားဖွား တွေအကြား သူတို့ နှစ်ယောက်က စူပါစတား။ အခန်း တဘက်တချက်စီ သူ့လူစုနဲ့ သူ ထိုင်နေပေမယ့် ပြောချင်တာ မေးချင်တာကို အရင်လို၊ သူများတွေလို ထ သွား၊ မေး ရတာ၊ အော်ပြော ရတာမျိုး မရှိတော့။ တထောက်ထောက်နဲ့ စာ ရိုက် ပို့လိုက်ပြီး တီကနဲ အဖြေ ဝင်လာတာ ဖတ်နိုင်တဲ့ အဖြစ်။ သူတို့လို စမတ်ဖုန်း မရှိရှာသေးတဲ့ အဖိုးအဖွားတွေက သူတို့နှစ်ယောက်ကို အားကျစွာနဲ့ပေါ့။
နေသာတဲ့ တမနက်ခင်း ဖွားဖွားဟာ သူ့ဘော်ဒါ အခြား ဖွားဖွားတွေနဲ့ မနက်စာ အတူ ထွက် စားကြပြီး ပန်းခြံထဲ အညောင်းအညာ ပြေ ခြေဆန့်လက်ဆန့် လမ်းလျှောက်ကြတယ်။ သူတို့ အဖွားတစု တလတခါ လုပ်နေကျလေ။ ရာစုနှစ် တဝက်ကျော် သိကျွမ်း ခင်မင်ခဲ့ကြသူတွေ။ တချို့တွေဆို အသက် ငါးနှစ်၊ မူလတန်း အရွယ်၊ ကျောင်း စနေကတည်းက သိခဲ့ ခင်ခဲ့ သူတွေ။ နှစ်ရှည် သိကျွမ်း ခင်မင်ခဲ့သူတွေ ကျမ်းကျမ်းမာမာ သွားလာ စားသောက်နိုင်တုန်းမှာ တလ တခါ တွေ့ဆုံပြီး ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြော၊ သားသမီး၊ မြေးတွေ မြစ်တွေ အကြောင်း ပြောနဲ့ စိတ်ပြေ လက်ပျောက်ပေါ့။ ဟိုးတုန်းက၊ ပင်စင် ယူကာစတွေ တုန်းကတော့ ဖိုးဖိုးတွေပါ ပါတယ်။ စုံတွဲလိုက်တွေပေါ့။ အခုတော့ အချို့ ဖိုးဖိုးတွေ သံသရာခရီး ဆက်လှမ်း ကုန်ကြလေပြီမို့ အဖေါ်မဲ့ အထီးကျန် ဖွားဖွားတွေကို စာနာသောအားဖြင့် ဖွားဖွားတွေချည်းပဲ ဆုံတော့တယ်။ ဖိုးဖိုးတွေ မပါ၊ စုံတွဲလိုက် ဆိုတာတွေ မလုပ်တော့ဘူး။ ဖိုးဖိုးတွေကလဲ သဘော ကျပါတယ်။ ဖွားဖွားတွေ မရပ်မနား ပြောစကား နာကြားရခြင်းက ခေတ္တ အနားရတာ သူတို့အတွက် နည်းတဲ့ အခွင့်လား … ပြောကြတယ်။ (ဖွားဖွားတွေ ကွယ်ရာမှာပေါ့ နော်။)
လေပြေလေး ညှင်းညှင်း တိုက်နေတဲ့ ပန်းခြံထဲ သစ်ပင် အရိပ်အောက် ဖွားဖွားတွေ အညောင်း အညာပြေ ထိုင်ပြီး နားကြချိန်မှာ ဖွားဖွားဟာ အိမ်မှာ တယောက်တည်း ကျန်ခဲ့တဲ့ ဖိုးဖိုးကို စိတ်ထဲ အောင်းမေ့စွာနဲ့ သတိရနေတယ်။ ထိုစဉ်မှာ ဖွားဖွားရဲ့ဘော်ဒါ တခြား ဖွားဖွားတယောက်က ဖွားဖွား အနား ချဉ်းကပ် မေး လာတယ်။
“မတူးရေ … လုပ်စမ်းပါဦး။ ဟိုတခါ တွေ့တုန်းက ပြတဲ့ ဖုန်းနဲ့ စာ ပို့နည်းလေး။ ကိုယ်လဲ ခလေးတွေကို အဲဒါ ဝယ်ပေးပါ ပူဆာရင် ကောင်းမလား လို့”
“ဟယ် ကောင်းတာပေါ့ မတာရယ်။ အခုခေတ် ဖုန်းတွေက သိပ် အသုံး ဝင်တာ။ ဟိုတုန်းက ဖုန်း ခေါ်ရင် ကိုယ် ခေါ်တဲ့ အချိန်မှာ တဘက်လူက အလုပ် များနေသလား၊၊ ဖုန်း လက်ခံ ပြောနိုင်မလား ဆိုတာ ချိန်ဆရတာ ရှိသေးတယ်။ အခုဆိုရင် ကိုယ့်စိတ်ထဲ ရှိတာကို စာ ရိုက် ပို့ထားလိုက်။ တဘက်က အချိန်မရွေး လက်ခံ ဖတ်ပြီး အချိန် မရွေး စာပြန်လို့ ရတယ်။”
ပြောပြောဆိုဆိုနဲ့ပဲ နဂိုကတည်းက ဖိုးဖိုးကို အောင်းမေ့ သတိရနေတဲ့ ဖွားဖွားက သူ့ ငွေရောင် ဖုန်းကလေးကို ထုတ်လို့ ပါးစပ်ကလဲ ပြောရင်း လက်ကလဲ စာ ရိုက်ပြ လိုက်ပါတယ်။
“သည်မှာ ကြည့်။ တို့ သူ့ဆီ စာ ရိုက်၊ သည်း ပြလိုက်မယ်။”
သူ့ယောကျ်ား အပေါ် အချစ် သည်းပိုတဲ့ ဖွားဖွား အကြောင်းကို သူ့သူငယ်ချင်းတွေ အားလုံး သိပြီးသားပါ။ ဒါကြောင့် ဖွားဖွားသူငယ်ချင်းက ပြုံးပြုံးလေး ဘေးကနေ ငြိမ် ကြည့်နေတယ်။ ဖွားဖွားက စာ ရိုက်လိုက်တယ်။
“ကို … တယောက်တည်း ဘာ လုပ်နေသလဲ ဟင်….။
အိပ် နေသလား၊ ဒါဆို အိပ်မက် လှလှလေး ပို့လိုက်။
တီဗီ ကြည့်ပြီး သဘောကျ နေသလား၊ ဒါဆို အပြုံး လှလှလေး ပို့လိုက်။
မနက်စာ စား နေသလား၊ ဒါဆို စားကောင်းတာလေး ပို့လိုက်။
အချိုရည် သောက် နေသလား၊ ဒါဆို တငုံစာ ပို့လိုက်။
တူးကို သတိ ရ နေသလား၊ ဒါဆို ကို့အချစ်တွေ ပို့လိုက်။
ချစ်တဲ့ တူး။”
ဖွားဖွား သူငယ်ချင်းက ဖွားဖွား ရိုက် ပို့တဲ့ စာကို နဘေးကနေ ဖတ်ပြီး သဘော ကျနေတယ်။
“အော် မတူးတို့များ ချစ်တတ်လိုက်တာနော်။ ဒါကြောင့် ကိုရန်နောင် ကံကောင်းတယ် လူတွေ ပြောကြ တာကိုး။”
အားကျတဲ့ လေသံနဲ့ ပြောနေတာကို ကြားရတာ ဖွားဖွား ကျေနပ်နေတယ်။ ထိုစဉ်မှာပဲ ဖွားဖွား ဖုန်းကလေး တီကနဲ အသံ မြည်လာတယ်။
“ဟော ... ဘာသံလဲ” ဖွားဖွား သူငယ်ချင်းက မေးတယ်။
“အဲဒါ တို့ဆီ စာ ဝင်လာတယ် ဆိုတာ အကြောင်းကြားတဲ့ သတိပေးသံ။ တို့ ပို့လိုက်တဲ့စာကို ကိုရန်နောင် စာ ပြန်လိုက်လို့ပေါ့’
ဖွားဖွားက ဘယ်သူ့ဆီက စာ ဆိုတာ မကြည့်ပဲ သေချာပေါက် ဖြေလိုက်တယ်။ ဖိုးဖိုး သူ့ဆီကို ချက်ချင်း စာ ပြန် ရေးမယ် ဆိုတာ စိတ်ချ ယုံကြည်စွာနဲ့ပေါ့။
“ဟယ် ချက်ချင်းပဲ ပြန် လာတယ်နော်။ သူ ဘာ ရေးလိုက်သလဲ၊ ဖတ် စမ်းပါ။ ပြ စမ်းပါ။”
ဖွားဖွားသူငယ်ချင်းက အားတက်သရော တိုက်တွန်း ပြောလာတယ်။ သူကိုယ်တိုင်ကလဲ ဖိုးဖိုး ပြန် ပို့တဲ့စာကို ဖတ်ချင်နေပြီမို့ ဖွားဖွားက အရည် တွန့်နေတဲ့ လက်ချောင်းလေးနဲ့ သူ့ လို.တ.ရ. ဖုန်းကို ပွတ် ဆွဲ၊ စာ ပို့တဲ့ အစီအစဉ်ကို ဖွင့်လိုက်တယ်။
ဖိုးဖိုး ပြန် ပို့လိုက်တာ စာတင် မက ဓါတ်ပုံပါ ပါသတဲ့။
“သည်မှာ တွေ့လား။ သည်ပုံလေးက သူ ပြန် ပို့တာ စာချည်းပဲ မဟုတ်ဘူး။ ဓါတ်ပုံပါ ပါတယ် ဆိုတာ ပြနေတာ”
စိတ်ဝင်တစား ကြည့်ချင်နေတဲ့ သူ့ သူငယ်ချင်းကို ဖိုးဖိုး ပြန် ရိုက်တဲ့စာနဲ့ အတူ ဖိုးဖိုး ပြန် ပို့တဲ့ ဓါတ်ပုံကို ဖွားဖွား ဖွင့် ပြလိုက်တယ်။ ဓါတ်ပုံနဲ့ အတူ ဖိုးဖိုး ပြန် ရေးလိုက်တဲ့ စာက -
“ကို အခု အိမ်သာ တက်နေတယ်။ အဲဒါဆို ဘာ ပြန် ပို့ရမလဲ၊ အကြံ ပေးပါဦး။”
အိမ်သာထဲမှာ ဆိုတဲ့ ဖိုးဖိုး … ဘယ်လို ဓါတ်ပုံ ပို့လိုက်မလဲ မှန်း ကြည့်ကြပါ မိတ်ဆွေတို့။
No comments:
Post a Comment