Wednesday, August 20, 2014

သူတို့ အရပ်ဒေသမှာ ဖြစ်တတ်တာလေးတွေ။

အမေကျော် ဒွေးတော် လွမ်း ဆိုတာလိုလဲ မဟုတ်ပါ။
သူများတကာကို အသလွတ် စွတ် အထင်ကြီး၊ အားကျ၊ အတုခိုး ချင်တာလဲ မဟုတ်ပါ။
 
ဒါပေမယ့် အတုမြင် အတတ်သင် ဆိုတာမှာ ဆိုးတာတွေ၊ ဆဲတာတွေ၊ ရမ်းရမ်းကားကား နေထိုင် ပြုမူမှု တွေကို အသလွတ် တုပ လိုက်လုပ်တာထက် ကောင်းကွက်ကလေးတွေ၊ စံထားဘွယ် အပြုအမူလေး တွေကို အတုယူသင့်ကြပါတယ်။
အမေရိကားနိုင်ငံအနှံ့မှာ ခွေးကြောင် တိရိစ္ဆာန်ချစ်သူ များသလို ထိုအိမ်မွေး တိရိစ္ဆာန်လေးတွေကို သားသမီး အလား မွေးထား၊ ချစ်ခင် ယုယ၊ ဂရုစိုက်သူ များတယ်။ ခွေးတွေအတွက် ဆိုရင် Dog Park လို့ ခေါ်တဲ့ ခွေးတွေချည်း သီးသန့် လွတ်လပ်စွာ ပြေးလွှားဆော့ကစားလို့ရတဲ့ နေရာတွေ ထားပေးသလို ပိုင်ရှင်တွေ ခရီးသွားရင် ခွေးကြောင်တွေ လက်ခံ ထိန်းပေးတဲ့ တိရိစ္ဆာန်ဟိုတယ်တွေတောင် ရှိပါတယ်။ နေ့နေ့ညည ခွေးပိုင်ရှင်တွေဟာ သူတို့ ခွေးတွေကို ကြိုးလေးတွေနဲ့ ဆွဲပြီး လမ်း လျှောက်တတ်ကြတယ်။ အထူးသဖြင့် တိုက်ခန်းတွေနဲ့ နေသူတွေ၊ ခြံကျယ်ကျယ် မပိုင်ဆိုင်သူတွေဟာ မိမိတို့ ခွေးကြီး၊ ခွေးငယ်တွေ အညောင်း မမိ၊ လှုပ်ရှားမှု ရအောင်၊ မိမိတို့လဲ ခြေဆန့်လက်ဆန့် အညောင်းအညာပြေ ဆိုသလို ခွေးနဲ့ ပိုင်ရှင်တွေ အတူတွဲ လမ်းလျှောက်ကြတယ်။ တချို့ ကိုယ့်ခွေးကို အဲသလို လမ်းလျှောက် ပေးချိန် မရသူတွေအတွက် ခွေး လမ်းလျှောက်ပေးသူ dog walker ကို နေ့စဉ် နာရီပိုင်းနဲ့ လပေး ငှားလို့ ရတယ်။ နောက်ပြီး မိမိခွေး လည်ပတ် ကြိုးဆွဲမပါပဲ လမ်းပေါ် ခေါ်၊ လျှောက်လို့ တိုင်သူရှိရင် အရေးယူ ခံရ၊ ဒဏ်တပ် ခံရတတ်တယ်။ တပါးသူကို အန္တရာယ် မပြု၊ မတိုက်ခိုက်အောင် ကာကွယ်တဲ့ အနေနဲ့ ခွေးတွေကို လည်ပတ်ကြိုးတပ်၊ ဆွဲ ကိုင်ထားရတယ်လေ။
သည်အခါမှာ သတိပြုမိတာက ခွေးနဲ့ အတူ လမ်းလျှောက်သူတွေ လက်ထဲမှာ ပလပ်စတစ်အိတ်လေး တွေနဲ့ စက္ကူ ကပ်ထူပြား သော်လည်းကောင်း၊ ပလပ်စတစ် အမာကပ်ပြား ဖြစ်ဖြစ်၊ အမှိုက်ဂေါ်ပြား သေးလေး ဖြစ်ဖြစ် ကိုင်လာကြတယ်။ ဘာအတွက်လဲဆိုတော့ မိမိတို့ခွေးတွေ လမ်းလျှောက်ရင်း အန္တ ရာယ် မလွယ် နိုင်ရင် ထိုမစင်တွေကို ကျုံး၊ သိမ်း ယူသွားဘို့ပါ။
ဒါကြောင့် အမေရိကားမှာ ခွေးမွေးသူ များပေမယ့် လမ်းသွားရင်း ခွေးချေး တက်နင်းမိတယ် ဆိုတာ အလွန် ရှားပါတယ်။ လမ်းပေါ် ပိုင်ရှင်မဲ့ခွေးလဲ မရှိသလောက် ရှားတယ်။ ရှိလဲ တိရိစ္ဆာန်ထိမ်းသိမ်းရေး အဖွဲ့ (Animal Control) က လာရောက် ဖမ်းဆီးပြီး လည်ပတ် မပါရင်၊ ပိုင်ရှင် မရှိရင်၊ တိရိစ္ဆာန် ထိမ်း သိမ်းရေး ဂေဟာ (Animal Shelter) တွေကို ပို့ပေးတယ်။ ထိုကမှ အချိန်အတိုင်းအတာ တခုအတွင်းမှာ မွေးစားလိုသူ ရှာ ပေးတယ်။ မွေးစားလိုသူ ရှာမတွေ့ရင်တော့ တိရိစ္ဆာန်လေးတွေကို ဆေးထိုး အဆုံးသပ် ပေးလိုက် ပါတယ်။ သူတို့ခံယူချက်က ပိုင်ရှင်မရှိတဲ့ခွေးတွေ လမ်းပေါ်မှာ လျှောက်သွားနေ၊ သူတပါးကို အန္တရာယ် ဖြစ်စေတာ ထက် ဘ၀ငြိမ်းပေးလိုက်တာကို လက်ခံကြတယ်။ ခွေး ကြောင် တိရိစ္ဆာန်ပေမယ့် ဝေဒနာ မခံရအောင် အငြင်သာဆုံး ဆေး ထိုးပေးလိုက်တာပါ။ အိပ်ပျော်ပြီး ဘ၀ကူးသွားတာပါ။ ဒါကြောင့် သားသမီး ယူသလို အစစ တာဝန်ယူနိုင်မှ ခွေး၊ ကြောင် မွေးကြတယ်။ မှတ်ပုံတင်ထားပြီး လိမ္မာရေးခြားရှိအောင် သင်ပေးတဲ့ ကျောင်း ပို့ရတယ်။ အကြောင်းမရှိပဲ မဟောင် အောင်၊ မအူအောင် သင်ပေးထားတယ်။ ခွေးပဲ တွေ့ရာ ကျင်ငယ် စွန့်မှာပေါ့၊ ကြောင်ပဲ ကုတ်မှာ ခြစ်မှာပေါ့ ဆိုတာ မရှိဘူး။ ခွေးကြောင်တွေကို လက်သည်း ညှပ် ပေးရတယ်။ ဆေးခန်း မှန်မှန်ပြ၊ ကာကွယ်ဆေး ထိုးပေးရတယ်။ (ပစ်စလက်ခ ထား၊ ထမင်းဟင်းကျန် ကျွေး၊ ဖြစ်သလို မွေးလို့ မရပါ။)
သည်လို လမ်းလျှောက်ရင်း ကိုယ့်ခွေးစွန့်လိုက်တဲ့ မစင်ကို ထည့်သိမ်းလာတဲ့ ပလပ်စတစ်အိတ်တွေကို ခွေးပိုင်ရှင်တွေဟာ လမ်းထောင့်တိုင်းမှာရှိတဲ့ အမှိုက်ပုန်း တွေ့တဲ့အထိ ကိုင်လာကြပြီး ပုန်းထဲကို အသေ အချာ ထည့် လွှတ်ပစ်တတ်ကြတယ်။ ကလေးတွေကလဲ လူမှန်းသိတတ်စ ၂ နှစ် ၃ နှစ် ကတည်းက လူကြီးတွေ သည်လိုလုပ်တာ တွေ့ဘူးနေတော့ ဒါဟာ မသွေမလွဲ လိုက်နာရမယ့် လူ့ကျင့်ဝတ်တရား တခုလို့ မှတ်ယူပြီး အထူးထပ်မံ သင်ပေးစရာ မလိုပဲ လိုက်လုပ်ကြတယ်။ အမှိုက်ကို တွေ့ရာ နေရာ ပစ် မချဘူး။ လမ်းပေါ် အမှိုက်တွေ့ရင် ဘယ်သူ ချထားသည် ဖြစ်စေ ကောက်ယူပြီး အမှိုက်ပုန်းထဲ ထည့် ပေးတယ်။ (သူတို့ဆီမှာ စက္ကူကလဲ ပေါတော့ လက်သုတ်စက္ကူ Napkin တွေက လူတိုင်းမှာ ပါသလို နေရာတိုင်းမှာ ရှိတော့ အဲသည် စက္ကူတွေနဲ့ အမှိုက်ကို ကောက်ရဲတာပေါ့လေ။ စက္ကူ ပေါတဲ့ အရပ်ကိုး။) နောက်ပြီး လမ်းပေါ် အမှိုက် ချ သွားသူ၊ ကိုယ့်အမှိုက် ကိုယ် မသိမ်းသူ၊ အမှိုက်ကို ပုန်းထဲ အသေအချာ ၀င်အောင် မထည့်သူဆိုရင် ဘယ်လောက် အကောင်းစား ၀တ်စားထားပါစေ၊ ဘယ်လို ကားစီးလို့ ဘယ်သူ ဖြစ်ပါစေ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ၀ိုင်းကြည့်လိုက်ကြတာ နဂါးမျက်စောင်း မဟုတ်လို့ ပြာ မကျသွားပေမယ့် နေရာတင် အရှင် လတ်လတ် မြေမျို၊ လူကောင် ပျောက်ချင်လောက်အောင် ရှက် စိတ်ဖြာရလောက်ရဲ့။
ဒါက လူတွေရယ်၊ သူတို့ရဲ့ အဖေါ် တိရိစ္ဆာန်ကလေးတွေရယ်၊ အမှိုက်သိမ်းပုံ၊ အမှိုက်ပစ်ပုံ အကျင့်လေး ကို ကြုံလို့ အရင် ဝေမျှမိတာပါ။
အဓိက ပြောပြချင်တဲ့ အကြောင်းကတော့ ….. မကြာသေးမီက သတင်းတခု အကြောင်းပါ။
အမေရိကားနိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ကြီးအတွင်းမှာ San Marino ဆိုတဲ့ မြို့ငယ်လေး တမြို့ ရှိ ပါတယ်။ တနှစ်တခါ နှစ်သစ်ကူးနေ့တိုင်းမှာ အကြီးအကျယ် ကျင်းပတဲ့ နာမည်ကျော် နှင်းဆီ အလှ ပြကား ပြပွဲ (Rose Parade) ကျင်းပရာ Pasadena မြို့နယ်နဲ့ ကပ်လျက် တည်ရှိတဲ့ လှပအေးချမ်းတဲ့ မြို့ငယ်လေးပါ။ လူဦးရေ ၁၃.၀၀၀ လောက်နေထိုင်ပြီး အိမ်ကြီးအိမ်ကောင်းတွေနဲ့ ငွေကြေးတတ်နိုင် သူတွေချည်း အနေ များတဲ့ နာမည်ကျော် သူဌေးမြို့ကလေး လို့လဲ ပြောနိုင်ပါတယ်။
တမနက်ခင်း၊ ထို San Marino မြို့လှလှလေးက အိမ်တအိမ်မှာ အိမ်အရှေ့ လှလှပပ စိုက်၊ သေသေ သပ်သပ် ရိတ်သိမ်းထားတဲ့ မြက်ခင်းပေါ်မှာ အမှိုက်အိတ် တအိတ် တင်နေတာ တွေ့ရတယ်။ အသေ အချာ ကြည့်လိုက်တော့ သာမန် အမှိုက်အိတ် မဟုတ်ပဲ တိရိစ္ဆာန် မစင်တွေ သိမ်းထားတဲ့ အိတ် ဖြစ် နေတယ်။ San Marino မြို့လေးဟာ ငွေကြေးကုံလုံကြွယ်ဝသူ အများနေတာမို့ မြို့သားတွေဟာ မိမိတို့ အိမ်တွေ လုံခြုံရေးအတွက် Surveillance camera လို့ ခေါ်တဲ့ အိမ်ပတ်ဝန်းကျင် လုံခြုံရေး မှတ်တမ်း တင် ကင်မရာလေးတွေ အိမ်အများစုမှာ တပ်ထားကြတယ်။ ဖြစ်ချင်တော့ အမှိုက်အိတ်အပစ်ခံရတဲ့ အိမ်မှာ ထို လုံခြုံရေး ကင်မရာ တပ်ထားပြီး အမှိုက်အိတ် ပစ်တဲ့ နေရာဟာ ကင်မရာ ရိုက်ချက်ထဲ ပါ နေတယ်။ ဒါနဲ့ အိမ်ရှင်က တိတ်ခွေကို ပြန်စစ်ဆေးကြည့်တော့ မနက်ပိုင်း ခွေးတကောင်နဲ့ လမ်း လျှောက်လာသူ လူကြီးတဦး ပစ်သွားတာ ထင်းထင်းရှင်းရှင်း တွေ့ရတယ်။ ဒါနဲ့ အိမ်ရှင်က သူ့ပိုင်နက် အပေါ် စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်မှု ကျူးလွန်သူကို သိချင်လို့ ပုလိပ်ကို တိုင်၊ တိတ်ခွေကို ပြလိုက်တော့ အမှိုက် ပစ်ခဲ့သူဟာ ထိုမြို့ရဲ့ အကြီးဆုံး ရာထူးမှာ တာဝန်ထမ်းဆောင်နေတဲ့ မြို့တော်ဝန် ကိုယ်တိုင် ဖြစ်နေတော့တယ်။
ထိုဖြစ်ရပ် သတင်းတွေ ဖေါ်ပြ၊ ပါလာချိန်မှာ မြို့တော်ဝန်ဟာ ထိုနေ့က သူ လက်လွတ်စပယ် ပစ်လိုက် မိတာကို တောင်းပန်ကြောင်း၊ အနီးအနားမှာ အမှိုက်ပုန်း ရှာ မတွေ့လို့ ပစ်မိကြောင်း၊ နောက် နောင် မလုပ်တော့ပါဘူး ရယ်လို့ ၀န်ခံ တောင်းပန်စကား ဆိုလာတယ်။
သူ ဘယ်လိုပဲ ၀န်ခံ တောင်းပန်ပါစေ၊ အချို့အချို့သော သူတွေ အတွက်၊ အချို့အချို့သော ကိစ္စတွေဟာ အမှားမခံ၊ အတိမ်းအစောင်း မခံပါဘူး။ အထူးသဖြင့် မြို့ရဲ့ အုပ်ချုပ်သူ အာဏာပိုင် ကိုယ်တိုင်မို့ ကိုယ့်မြို့မှာ နေရာမရွေး၊ အရွယ်မရွေး၊ လူတိုင်း လိုက်နာရမယ့် စည်းကမ်းကို သူကိုယ်တိုင် က စ ချိုးဖေါက်စရာလား … ပြည်သူတွေက ထောက်ပြလာတယ်။ ထိုစဉ်မှာပဲ ပိုဆိုးစေတဲ့အချက်က မြို့တော်ဝန် ခွေးနဲ့ လမ်းလျှောက်တဲ့ လမ်းကြောင်းတလျှောက် အချို့အိမ်တွေမှာ အဲသလို မစင်ထုတ် တွေ တွေ့ဘူး၊ ကောက်ရ ဘူးတဲ့ အိမ်ရှင်တွေ ပေါ်လာတာပါပဲ။ အချို့ဟာ လုံခြုံရေး ကင်မရာ မရှိလို့၊ အမှိုက်ပစ်သွားသူက ကင်မရာရိုက်ကွင်း မ၀င်လို့၊ ရိုက်ချက် မကောင်းလို့ ဘယ်သူဘယ်ဝါ ပုံက မသဲကွဲခဲ့ လို့ အရေးယူဘို့ တိုင်လို့ မရခဲ့ပေမယ့် အခုမှ ပြန် ကြည့်တော့ လူ ပုံသဏ္ဍာန်က မြို့တော်ဝန်မင်း ဆိုတာ ထင်လောက်စရာ ဆိုတာတွေ တွေ့လာရတယ်။
တောင်းပန်သူက တောင်းပန်နေစဉ်မှာပဲ ဝေဖန်သံတွေ ညံလာပြီး အရေးယူဘို့ တောင်းဆိုချက်တွေ၊ သူ့ခွေး မစင်ထုတ်ကို လက်လွတ်စပယ် အပစ်ခံရသူ အိမ်ရှင်တွေက သူတို့ပိုင်နက် ညစ်ညမ်းအောင် လုပ်တယ် ဆိုပြီး တရားစွဲမယ် ဆိုတာတွေ ကြားလာရတယ်။
နောက်ဆုံးမှာတော့ မြို့တော်ဝန် Dennis Kneier ဟာ မြို့တော်ဝန်ရာထူးက နှုတ်ထွက် ပေးလိုက်ရ ပါတယ်။
သူ့ဘာသာ မနှုတ်ထွက်ရင်လဲ ပြည်သူတွေက သူလို အခြေခံ အချက်လောက်ကိုတောင် မလိုက်နာ၊ မကျင့် သုံးနိုင်သူကို မြို့ဝန်အဖြစ် အုပ်ချုပ်ခွင့် မပေးချင်ကြတော့ဘူး။ သူ့ရဲ့ စာရိတ္တ၊ အကျင့်တရားကို မယုံကြည် ကြတော့ဘူး။ သူဟာ လူလစ်ရင်၊ အခြေအနေ ပေးရင် စည်းကမ်းကျင့်ဝတ်တွေ ဖေါက်ပြန် မယ့်သူလို့ ယုံကြည်သွားကြပြီ။
အမေရိကားမှာ ကောင်းကွက် အတုယူစရာ တခုက လူမြင်သူမြင် သော်လည်းကောင်း၊ မမြင်ကွယ်ရာ သော်လည်းကောင်း၊ စောင့်စည်းအပ်တဲ့ စည်းမျဉ်း၊ ဥပဒေကို မသွေတမ်း လိုက်နာစောင့်ထိမ်းကြရမယ် ဆိုတာကို အများစုက လိုက်နာ ကျင့်သုံးပါတယ်။ ဒါကြောင့် ဈေးတွေမှာ အနောက်က တကောက် ကောက် လိုက် မကြည့်ပေမယ့် ပစ္စည်းခိုးသူ၊ ပိုက်ဆံ မရှင်းပဲ အိတ်ထဲ အလစ်သုတ် ထည့်သွားသူ ရှားတယ်။ (ရှိတော့ ရှိမှာပါ။ ဒါပေမယ့် ရှားဆဲပါ။) ပိုက်ဆံမပေးပဲ ဈေးထဲတင် မုန့်ထုတ်ဖေါက် စားပစ် လိုက်တာ မတွေ့ရ တတ်ဘူး။ (ရှိတော့ ရှိမှာပါ။ ဒါပေမယ့် ရှားဆဲပါ။) သတင်းစာ၊ စာစောင်တွေ လမ်းဘေး ပုံ ရောင်းပေမယ့် ငွေမချေပဲ ယူသွားတာ မရှိဘူး။ (ရှိတော့ ရှိမှာပါ။ ဒါပေမယ့် ရှားဆဲပါ။) တခြား ဟိုစဉ်က မရှိခဲ့၊ မဖြစ်ခဲ့ပေမယ့် ယနေ့ အချိန်ခါမှာ ရှိတော့ ရှိလာပြီ … ဒါပေမယ့် ရှားဆဲအဖြစ် တွေ အများကြီး ရှိသေးပေမယ့် မရေးတော့ပါဘူး။ ပြောချင်တာက အရွယ်မရွေး လူအများစုဟာ လူ့စည်းကျင့်ဝတ်ကို တိကျစွာ လိုက်နာကြတယ် ဆိုတာပါ။ ‘လွယ်ရင် သူကြွယ် မစောင့်ဘူး’ ဆိုတဲ့ ဆင်ခြေကို အမေရိကားမှာ လက်မခံကြဘူး။ ဘယ်သူမှ မသိပေမယ့် လူဆိုတာ ကိုယ့် စည်းကို ကိုယ် လုံအောင် စောင့်ရမယ် တဲ့။ ဆိတ်ငြိမ်ရာပေမယ့် စည်းမဖေါက်ကြေး ပဲ။ လူလစ်ရင် မျက်မြင် သက်သေ မရှိရင် ကျူးလွန်ကြေး မဟုတ်ပါ။
နောက်ပြီး သည်အရပ်ဒေသမှာ ယခင်ကလဲ အများကြီး ရှိခဲ့၊ ယခုလဲ ရှိဆဲ ကောင်းကွက် တခုကတော့ အမှား ကျူးလွန်မိ၊ စကား မှားပြောမိ၊ လုပ်ကွက် မှားမိလျှင် ဘယ်သူက လုပ်ခိုင်းလို့၊ ဘယ်ဝါက ပြော ခိုင်းလို့၊ အထက်ကတွေ၊ အောက်ကတွေ၊ ဘေးကတွေ ဆိုတာ လျှောက်ပြော မနေဘူး။ ဆင်ခြေတွေ ပေး၊ ဆင်ဝှေ့ ရန်ရှောင် လုပ်မနေပဲ၊ ကိုယ် ပြုမိ၊ ပြောမိ၊ လုပ်မိတာ ကိုယ့်ဘာသာ ၀န်ခံကြတယ်။ သူများ လုပ်ခိုင်းတာကို ငြင်းပိုင်ခွင့် ရှိလျက်၊ မလုပ်ပဲ နေနိုင်လျက်နဲ့ လုပ်ခဲ့၊ ပြောခဲ့မိတယ်ဆိုတာ ကိုယ့်အပြစ်ပဲ ခံယူကြတယ်။ တခါ ပြည်သူက မကျေနပ်လို့ အပြစ်တင်သံ ညံလာရင် ကိုယ့်အသိနဲ့ ကိုယ် ရာထူးက နှုတ် ထွက်ပေးတတ်တဲ့၊ ကိုယ့်အခြေအနေ ကိုယ်သိပြီး၊ ကိုယ့်တာဝန် ကိုယ် ယူတတ်တဲ့စိတ် နဲ့ လုပ်ရပ် တွေက အတုယူစရာပါ။ အဆိုးထဲက အကောင်းတကွက်က သူများကို လက်ညှိုးထိုး အပြစ်ရှာတာ၊ အငှား တရားခံ ရှာတာတွေ မလုပ်ကြဘူး။ အထက်လူကြီးတွေက ကာ မပေးသလို ဘေးလူတွေကလဲ ကွယ် မပေးဘူး။
မိမိလုပ်ရပ် မှားခဲ့၊ မလုပ်သင့်တာ လုပ်ခဲ့မိပေမယ့် အပြစ်ပေါ်ချိန်မှာ ရှိစုမဲ့စု သိက္ခာလေးကို တင်ပြီး လူထု မျက်မှောက်က ပျောက်သွားတတ်ကြတယ်။ ‘တိုင်ချင်ရာ တိုင်’ လို့လဲ စိမ် မခေါ်ဘူး။ သိနေတယ်လေ … သွားတိုင်လိုက်ရင် ရဲတွေက တရားရုံးက ၀ရမ်းကြီး တကားကားနဲ့ ချက်ချင်း ရောက်ချ၊ လက်ထိပ်ခတ် ခေါ်တော့မယ် ဆိုတာ။ (သည် အရပ်ဒေသက ရဲတွေက ဘယ်သူမှ ကြောက်စရာ မလိုဘူး။ သူတို့ ဘောင် အတွင်း လုပ်ပိုင်ခွင့် အပြည့်ရှိတယ်။ အပြစ်ကျူးလွန်လို့ကတော့ သမတကိုတောင် ဥပဒေနဲ့ အညီ သွား ဖမ်းလို့ ရတယ်။) သည်တော့ လုပ်ကွက် ပြောကွက် မှားမိရင် ပြည်သူ့ဘဏ္ဍာနဲ့ ရဲကားတွေ ကိုယ့်ကို လာ ဖမ်းဘို့ ဓါတ်ဆီ အကုန်မခံစေတော့ဘူး။ လက်ထိပ်ကြီး နောက်ပြန် ခတ်၊ ရဲကားထဲမှ ခိုးလိုးခုလုလဲ ထိုင် မလိုက်ချင်တော့ဘူး။ အိမ်နီးနားချင်းတွေ ၀ိုင်းကြည့်တာလဲ မခံတော့ဘူး။
ကိုယ့် ဘာသာ အလိုက်သတိပဲ သတင်းစာရှင်းလင်းပွဲခေါ်ပြီး နှုတ်ထွက်ပါတယ် ဆိုတာ မျက်ရည်လေး တစမ်းစမ်းနဲ့ ပြော …. ရင်ကော့၊ ခေါင်းမော့ပြီး ထွက်တော်မူ နန်းက ခွာတတ်ကြပါကြောင်း ……။
သူများနိုင်ငံက အတုယူစရာလေးတွေ ဝေမျှတာပါ။
(အတုယူတာ မယူတာကတော့ သဘောပါပဲ။ ဒါပေမယ့် စောစောစီးစီး ကိုယ့်အသိနဲ့ ကိုယ် ထွက်သွားသူ တွေဆိုရင် ပြည်သူက မကြာခင် မေ့သွားလို့ ဘ၀ကို တိတ်တိတ်ဆိတ်ဆိတ် နေလိုက်တတ်ကြတယ်။)
မာလုစံ
ဇွန်လ ၂၀ ရက်၊ ၂၀၁၄

No comments: