Tuesday, July 14, 2015

ဘယ်လို တမ်းတရမှာလဲ နိဗ္ဗာန်ဘုံ ....

“ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ” တဲ့။

တကယ် တွက်ကြည့်မယ် ဆိုရင် သည်သီချင်းကလေးဟာ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော် ကတည်းက နာမည်ကြီးခဲ့တာပါ။

ယနေ့ထိတိုင် လူအတော်များများရဲ့ အကြိုက်နှစ်သက်ဆုံး သီချင်းများ စာရင်းမှာ ထိပ်ဆုံးက ပါမှာ သေချာပါတယ်။ အလွန်စူးရှတဲ့ စာသားလှလှလေးနဲ့ ထိမိစွာ စပ်ဆိုသူ ဆရာ စိုင်းခမ်းလိတ် နဲ့ သီဆိုခဲ့သူ စိုင်းထီးဆိုင် တို့ကို ကျေးဇူးတင် မဆုံးပါ။

သည်သီချင်းလေးကို ကြားယောင် နားထောင်မိတိုင်း ပျောက်ဆုံးသွားတဲ့ တခါက နိဗ္ဗာန်ဘုံကလေးကို တမ်းတမိသူတွေ အပူအပင်ကင်းစွာ နေခဲ့ရတဲ့ ကလေးဘ၀ကို ပြန်လည် မျှော်မှန်း လွမ်းဆွတ်မိကြမှာပါ။

ဒါပေမယ့် သည်သီချင်းကြားရပေမယ့် ဘာမှ မခံစားရဘူး ... လို့ ဆိုသူတွေ ရှိပါသေးတယ်။ မခံစားတတ်လို့လား၊ ဘုဂလန့် ပြောတာလား သူတို့ကို အပြစ်မတင်ချင်ပါ။

တကယ်တော့ ပျောက်ဆုံးတယ် ဆိုတာ ပိုင်ဆိုင်ခဲ့ဘူးမှပါ။
တမ်းတတယ်ဆိုတာလဲ ခံစား ထိတွေ့ခဲ့ဘူးမှပါ။
ပြန်လိုချင်တယ် ဆိုရအောင် တခါမှ မသိခဲ့၊ မနီးစပ်ခဲ့တော့ … နိဗ္ဖာန်ဘုံ ဆိုတာ ဘာလဲ၊ ဘာ … ဘာ … ဘာမှ မသိ ဆိုသူတွေ ဘာကို တမ်းတ လွမ်းဆွတ် ရမှာလဲ။

အပြစ်ကင်းတဲ့ ကလေးငယ်တွေ အပူအပင်မကင်းတဲ့ ဘ၀တွေမှာ လူကြီးတွေအလား နေထိုင် ကြီးပြင်းနေကြရတာ၊ မနိုင်ဝန်ကို ထမ်းနေကြရတာ ဘယ်သူ့ အပြစ်လဲ။ သူတို့ မိဘအဘိုးအဘွားတွေ အပြစ်ချည်းလို့တော့ မထင်ဘူး။ ဒါပေမယ့် တခုခုကတော့ လွဲချော်နေတယ်။ လိုအပ်ချက်တွေ ရှိနေတယ်။ တယောက်ယောက်မှာတော့ အပြစ်ရှိတာ အမှန်ပဲ။

မြန်မာပြည်တ၀ှမ်း ကလေးသူငယ်တွေ အပူအပင် ကင်းတဲ့ ဘ၀ကို ရစေချင်တယ်။ အကြောက်တရား ကင်းမဲ့တဲ့ အခြေအနေမှာ နေထိုင်စေချင်တယ်။ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းကြစေချင်တယ်။ ဆရာ စိုင်းခမ်းလိတ်ရဲ့ လှပတဲ့ သီချင်းလေးကို လူတိုင်း ခံစားနိုင်ကြစေချင်တယ်။

ယနေ့အခါ ပျောက်ဆုံးနေပေမယ့် လူတိုင်းလူတိုင်း သူတို့ဘ၀မှာ၊ ငယ်ရွယ်စဉ်အခါ တချိန်မှာတော့ နိဗ္ဗာန်ဘုံ ပိုင်ဆိုင်ခွင့် ရခဲ့စေချင်တယ်။

နိဗ္ဗာန်ဘုံ ပိုင်ဆိုင်ခဲ့ဘူးသူတွေ အလွန် ကုသိုလ်ကြီးမားကြတာ ဆင်ခြင်နိုင်ကြပါစေ။

(သီချင်းပို့စ် ပုံကလေးကို ဝေမျှသူ မောင်ငယ် ကိုရဲမင်းကို ကျေးဇူးတင်ပါတယ်။)

လေးစားစွာဖြင့် -
မာလုစံ
ဇူလိုင်လ ၁၃ရက်၊ ၂၀၁၅

 

No comments: