ပျော်ပျော် နေ၊ သေခဲ …. တဲ့။
(ဆီလျော်အောင် ဘာသာပြန်ထားသော စာစုကလေး ဖြစ်ပါတယ်။)
ရွှေဖဲတို့ ငယ်ငယ်က လူကြီးသူမတွေ
ဆိုပြောစကားလေး မှတ်မိတာပါ။
ပျော်ပျော်နေတတ်လို့ အသက်ရှည်၊
သေခဲတာ မှန်ပါပြီ တဲ့ …. လူအို လူဆွေးကြီးလိုတော့ မနေ ချင်တာ အမှန်ပါ။
ရွှေဖဲ အသက် သိပ်မကြီးသေးဘူးလို့
ကိုယ့်ကိုယ်ကို ထင်ပါတယ်။ ဒါပေမယ့် ရာစုနှစ် တခုရဲ့ သက်တမ်းတ၀က်ကို လျင်မြန်စွာ ချဉ်းကပ်လာနေပါပြီ။
လူအများစုဟာ ရာစုနှစ် တခုပြည့်အောင် နေကြ ရသူတွေ မဟုတ်ဘူး။ ရာစုနှစ် တ၀က်ကျော်ကျော်လေး
နေရရင်တောင် ဘ၀မှာ နေရတာ တော်လှပြီ ထင်ကြသူက ခပ်များများရယ်။ ရာစုနှစ်ရဲ့ သုံးပုံ နှစ်ပုံလောက်
နေရသူတွေကို နေရတာ တန် သတဲ့။ ရှစ်ဆယ်ကျော်များဆို အသက်ရှည်တယ်တောင် ချီးမွှမ်း အားကျကြရဲ့။
ကိုးဆယ်ကျော်များဆို ထာဝရ ရှင်သန်သူ စာရင်းဝင်တွေပေါ့။
ကဲ ထားပါတော့ မရွှေဖဲတို့ အသက်
သည်သက်တမ်းတွေအထဲ နေရလှ … တော်လှချည့် စာရင်း အထဲ ပါမလား၊ တန်အောင် နေရမှာလား၊ အသက်ရှည်မှာလား
မတွေးအားခင် အရင် ခေါင်းထဲ ၀င်လာ တာက နေရသလောက် အချိန်ပိုင်းကို ကျမ်းမာ ပျော်ရွှင်စွာနဲ့
ဘ၀ကို ကျေနပ်အောင် နေရပါ့မလား ဆိုတာပါပဲ။
အသက်ရာကျော် မဟုတ်တောင် တနှစ်ပြီး
တနှစ်ကို လက်တွန်းလှည်းပေါ် ထိုင်နေရတဲ့ ဘ၀၊ သူများ တွဲကူမှ ထနိုင်တဲ့ အဖြစ်၊ ကိုယ့်
အညစ်အကြေး ကိုယ့်ဘာသာ မသိမ်းနိုင်တဲ့ အခြေအနေကိုလဲ မလိုချင်ပါဘူး။ ထမင်းကို ခွံ့ကျွေးမှ
စားနိုင်၊ ရေတိုက်ပေးသူ ရှိမှ ရေသောက်နိုင်တဲ့ အဖြစ်ကလဲ တွေး ကြည့်ရင် မသက်သာစရာ။ ဟိုဟာ
မစားရ၊ သည်အစာနဲ့ မတည့်ဘူး ဆိုတဲ့ တားမြစ်ချက်တွေအကြားမှာ ရေလုံပြုတ်သာသာ အရွက်ပြုတ်တွေနဲ့
ဆီမပါ ဆားမပါ အစာတွေကို ရှုံ့မဲ့စွာ မျိုချလို့၊ မနက် ဆေး အလုံး ၂၀၊ ညဉ့် ဆေးအလုံး ၂၀
သောက်ချင် သောက်၊ မဟုတ်လဲ ပိုက်နဲ့ ဆေးရည်သွင်း အသက်ဆက် နေရတဲ့ အဖြစ်ကလဲ ဝေးရပါစေသား
အခါခါ ဆုတောင်းမိပါရဲ့။
မရွှေဖဲ နေချင်တဲ့ ဘ၀က အသက် ရှည်တာ
တိုတာထက် ပျော်ရွှင်စရာ ကောင်းတဲ့ ဘ၀ကို ကျမ်း ကျမ်းမာမာနဲ့ နေနိုင်ဘို့ ပါပဲ။ ရွှေဖဲ
အစားလဲ မသောင်းကျန်းတတ်ပါဘူး။ ဒါကြောင့် သင့်တင့် လျောက် ပတ်တဲ့ စားသောက်မှုနဲ့ နုနယ်ပျိုမြစ်စဉ်ကလို
မနာမကျင် လှုပ်ရှား၊ ကိုယ်ထူကိုယ်ထ သွားလာလို့ ပေါ့ပေါ့ ပါးပါး နေသာတဲ့ ဘ၀နဲ့ ရှင်သန်ချင်ပါတယ်။
တသက်လုံး မအို မနာနိုင်တဲ့ နတ်ရေကန်
ရှာစရာ မလိုပဲ စိတ်ရော ကိုယ်ပါ နုပျိုစွာဘယ်လို နေ ရရင် ကောင်းမလဲ စနည်းနာမိလိုက်တာမှာ
ပေးလာတဲ့ အကြံတွေ အကြံတွေ …. (ကြံချောင်းတွေသာဆို အရည်ညှစ် သောက်ပစ်လိုက်ပါရဲ့။)
ပေးလာ ပြောလာကြတာတွေ စာရင်း ပြုစုလိုက်ရရင်
-
၁) ကိုယ့် အသက်ကို မေ့ထားလိုက်
တဲ့။ ဂဏန်းတွေ နံပါတ်တွေ ခေါင်းထဲ မထားနဲ့ တဲ့ …..
သည်အချက်ကို ရွှေဖဲ သဘောကျမိတယ်။
ဒါကြောင့် အသက် ဘယ်နှစ် နှစ်လဲ မတွေးတော့ဘူး။ မွေးနေ့ဆိုတာလဲ မကျင်းပတော့ဘူး။ လူတွေ ဘာဖြစ်လို့
မွေးနေ့တွေကို ကြီးကျယ်ခမ်းနားစွာ တပျော် တပါး ကျင်းပနေတယ် တွေး မရဘူး။ တကယ်တော့ မွေးနေ့ဆိုတာ
အသက်တနှစ် ကြီးလာတာကို သတိပေးတာ။ အသက် တနှစ် ကြီးလာတယ် ဆိုတာ အိုဘို့ နာဘို့ သေဘို့
တထစ် နီးလာတာ။ မွေးနေ့ တခါ ရောက်တိုင်း သည်ခရီး တကွေ့ နီးလာပြီရယ်လို့ ထိတ်လန့်နေကြရမှာ၊
စိတ်ပူနေကြရမှာကို လူတွေ ဘာလို့ ပျော်နေကြတာလဲ ကွယ်တို့။ သည်တော့ အိမ်ကလူ မောင်ရေခဲကို
ပြောထားလိုက်တယ်။ စိတ် ပါရင် မွေးနေ့လက်ဆောင် အချိန်မရွေး ၀ယ်ပေးလို့ ရတယ် … လက်ခံဘို့
အဆင်သင့်ပဲ။ တနှစ်မှ တခါ လာတဲ့ မွေးနေ့ရက်မှာ လက်ဆောင်ပေးမယ် ... ဆိုတဲ့ စည်းမျဉ်းကြီး စောင့် မနေနဲ့ လို့။ အဲသည် … မွေးနေ့ဆိုတာကြီး
ရွှေဖဲ မကျင်းပတော့ဘူး။ နောက်ပြီး ကိုယ်အလေးချိန် ဘယ်နှစ်ပေါင် ရှိတယ်။ ပိန်တယ်၊ ၀တယ်၊
အရပ် ပုတယ်၊ ရှည်တယ်၊ အရပ်အမောင်းနဲ့ လိုက်ဘက်ညီမယ့် ကိုယ်အလေးချိန်တွေ ဘာညာဘာညာ တွက်မနေတော့ဘူး။
တသက်လုံး ခေါင်း စားလာတဲ့ သည် ဂဏန်းတွေ နံပါတ်တွေကို မေ့ပစ်ရမယ် တွေးမိတယ်။ ကျမ်းမာအောင်
သင့်တင့် လျောက်ပတ်စွာ စားမယ်။ သွေးလေ လည်ပတ်မှု မှန်ကန်အောင်၊ ခန္ဓာကိုယ် အညောင်းအညာ
မမိအောင် ကိုယ်လက် လှုပ်ရှားမှု ပြုမယ်။ ကျမ်းမာနေရင် တော်ပြီ။
၂) စိတ်ပျို ကိုယ်နုဘို့ ပတ်ဝန်းကျင်ကလဲ
အရေးကြီးသတဲ့ …..
ဘ၀မှာ အပေါင်းအသင်း မိတ်ဆွေ၊
ဘယ်လိုလူနဲ့ ပေါင်းသင်း ဆက်ဆန်တယ် ဆိုတာ တကယ် အရေးကြီးတယ်။ တချိန်လုံ ညီးညူ၊ ငြူစူ၊
တဗျစ်တောက်တောက်နဲ့ အရာရာကို မျက်လုံးစိမ်းနဲ့ ကြည့် တတ်၊ ပါးစပ်သေနပ် ပစ်တတ်သူတွေနဲ့
အနေ နီး၊ အတူနေတာ များရင် အဲသည် ဂကျီဂကြောင် အသံတွေ အကြား ပန်လန်လက် အသက် မြန်မြန် ထွက်သွားနိုင်တယ်။
လူတွေက ကင်ဆာတို့ လေဖြတ်တာတို့ နှလုံးရောဂါတို့ကိုပဲ သေနိုင်လောက်တယ် ထင်၊ တွေးကြောက်နေကြတာ။
“နကျီနာ” ခေါ်တဲ့ တကျီကျီ လုပ် တတ်သူ၊ အရာရာကို အဆိုးမြင် အပြစ်ပြောတတ်သူတွေကြောင့် စိတ်လက်
မကြည်မသာ ညစ်ညူးစွာ နဲ့ နေရခြင်းဟာလဲ ရောဂါ တပါးပဲ။ သည်တော့ မိတ်ဆွေ အပေါင်းအသင်း ကိုလဲ
ပျော်ပျော် နေတတ်သူ ရှာပေါင်းရမယ်။ ကိုယ် ကိုယ်တိုင်လဲ အရာရာကို အကောင်းမြင်၊ အဖြူရောင်
မျက်လုံးနဲ့ ကြည့်၊ ခွင့်လွှတ် တတ်ဘို့၊ စိတ်ရှည်စွာနဲ့ သည်းခံနိုင်ဘို့ ကျိုးစားကြရမယ်။
ကိုယ့်ကြောင့် သူများလဲ စိတ်ပျို ကိုယ်နု ပါစေ။
၃) တစုံတခုကို အမြဲသင်ကြား လေ့လာနေပါ
တဲ့ …..
တနေ့ တနေ့ စက်ရုပ်ကြီးတွေလို
ဒီအချိန်မှာ ဒါလုပ်၊ ဒါပြီး ဒါလုပ် ပြုမြဲ လုပ်စဉ်အတိုင်း လှုပ်ရှား ဖြတ်သန်း နေကြမယ့်အစား (နေ့ရက်တွေကို
တန်ဘိုးရှိစွာ ဖြတ်သန်းဘို့) အတတ်ပညာ တခုခုကို အမြဲ သင်ကြား လေ့လာ နေသင့်ကြတယ်။ ဘ၀မှာ
အသုံး တဲ့တော့မှာ မဟုတ်ဘူး။ သည်အသက် အရွယ်ကြီး ကျကာမှ ဘာအကျိုးထူးမှာလဲ ဆိုတာတွေနဲ့ စိတ်ဓါတ်တွေ ကျ၊ ငုတ်တုတ်ထိုင်
အချိန်တွေ အလဟသ ဖြုန်းပစ်နေတာထက် စာရင် တစုံတခုကို အမြဲ လေ့လာသင်ကြား၊ မှတ်ယူနေတာဟာ
အချိန်ကို ကုန်မှန်း မသိစေသလို စိတ်ကိုလဲ ပေါ့ပါး သွက်လက် စေပါတယ်။ သင်စရာ မရှိတော့အောင်
အရာရာကို သိနေ တတ်နေတယ် ဆိုရင်လဲ ကိုယ် တတ်တာ သိတာ သူများကို ပြန် သင်ပေးပါ။ ဒါလဲ ကိုယ့်အတွက် တင်မက
သူများပါ အကျိုး ဖြစ်စေပြီး သူငယ်ပြန်ရောဂါ တို့ မေ့တတ်တာတို့ ဖြစ်တာလဲ သက်သာပါမယ်။
၎) ရိုးရှင်းစွာ တွေးပါ နေပါ
တဲ့ .....
(တနည်းအားဖြင့် ပြောရမယ် ဆိုရင် မာန် မကြီးပါနဲ့ ပေါ့)
(တနည်းအားဖြင့် ပြောရမယ် ဆိုရင် မာန် မကြီးပါနဲ့ ပေါ့)
ဘယ်အရာမဆို သူ့ဘက် ကိုယ့်ဘက်
မျှတစွာ တွေးပြီး စာနာစိတ်လေးတွေနဲ့ နားလည်ပေးကြပါ။ နှစ်ဦးနှစ်ဘက် စိတ်ပျော်ရွှင်မှု
ရနိုင်ပါတယ်။ အရာရာကို အသေးစိပ် အထအန ကောက်ခြင်းကို ရှောင်ပါ။ ငါ အမြဲ မှန်တယ် မထင်ပါနဲ့။ ငါ့ကို
အမြဲ ထိခိုက်နေတယ် မတွေးပါနဲ့။ အဲသည် အတွေးတွေကိုက မှားနေပါပြီ။
၅) ရယ်သောသူ အသက်ရှည်၏ … တဲ့
…..
အသက်ရှည်ချင်ရင် များများရယ်ပါ။ သူများကြောင့် ရယ်တာတင်မက
ကိုယ်ကလဲ သူများကို ရယ်အောင် ပြုပေးပါ။ လူပျက် လုပ်ရမယ်၊ ဟာသမယ် ဖြစ်ရမယ် ဆိုလိုတာ
မဟုတ်ပါဘူး။ ကိုယ့်စကား ကြားသူ၊ ကိုယ့်လုပ်ရပ်ကို မြင်သူတွေ မရယ်တောင်မှ အနည်းဆုံး ပြုံးရတဲ့အဖြစ် ရအောင်
ပြုပေးကြပါ။ ကိုယ်ရော သူပါ စိတ် ရွှင်လန်းရမှာပါ။ ကိုယ့်ကို အဆက်မပြတ် ဟာဒယ ရွှင်ဆေး တိုက်ကျွေးနိုင်သူ၊
မျက်ရည်တင်မက တခြား အရည်တွေပါ ထွက်အောင် ရယ်မောပျော်ရွှင်မှု ပေးနိုင်သူကို မိတ်ဆွေ ဖွဲ့ ထားပါ။
၆) စိတ်ကို တင်းချုပ် မထားပါနဲ့
တဲ့ …..
လူရယ်လို့ ဖြစ်လာရင် ဘ၀မှာ မျက်ရည်တို့၊
ဝမ်းနည်း ပူဆွေးမှုတွေနဲ့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ သည်အခါမှာ ငိုစရာ ရှိတာ မထိမ်းချုပ်ပဲ
ငိုလိုက်ပါ။ ပူဆွေးစရာကိုလဲ ပူဆွေးလိုက်ပါ။ ၀မ်းနည်းဘို့ ရှိလဲ ပွင့်လင်းစွာ ၀မ်းနည်းလိုက်ပါ။
ဒါပေမယ့် လောကမှာ ဘယ်အရာမှ မမြဲဘူးဆိုတာလို ထိုထိုသော အချိန် တွေကို ဖြတ်ကျော်ပြီးရင်
စိတ်ကြည်လင်စွာနဲ့ ဘ၀ကို ဆက်လက် လျှောက်လှမ်းဘို့ အသင့် ပြင်ထားရ ပါမယ်။ အားရ ကျေနပ်အောင်
ဝမ်းနည်းပြီးရင် ထိုခံစားချက်တွေကို ဆက် မသိမ်းထားပါနဲ့။ သောက ဝေဒနာကို ရင်ထဲ မွေး
မထားပါနဲ့။ ခံစားချက်ဆိုတာ မှန်ထဲ ကိုယ့်သွင်ပြင် ကိုယ်ပြန်ကြည့်သလိုပဲ။ ပူဆွေးမှု ကို
ရင်မှာ မွေးထားရင် အမြဲ ပူဆွေးသောကစိတ်နဲ့ပဲ လွမ်းဆွေးနေရလိမ့်မယ်။ သည်တော့ နုပျို
ပျော်ရွှင် တဲ့ စိတ်ကို မွေးပေးမှ ရွှင်လန်းဘွယ် ဘ၀ကို ရမှာပါ။။ အရာရာကို အမြန်ဆုံး အကောင်းမြင်နိုင်အောင်
စိတ်ခိုင်မာအောင် ပြင်ယူပါ။
၇) ချစ်မေတ္တာတိုင်းပြည်မှာ အခြေချ
နေထိုင်ပါ တဲ့ …..
တချိန်လုံး ချစ်သူ ရည်းစားနဲ့၊
ဘ၀ဖေါ်နဲ့၊ တပူးတွဲတွဲ တီတီတာတာ နေရမယ် ပြောတာ မဟုတ်ပါ။ (နေနိုင်ရင်လဲ ကောင်းပါလေ့ကွယ်။)
ပျော်ရွှင်စရာ နေ့ရက်တွေကို ဖြတ်သန်းဘို့ မိမိ နှစ်သက် မြတ်နိုး တန်ဘိုးထားသော သူနဲ့ နီးစပ်ပါစေ၊ မိမိ
အလေးထားတဲ့ အရာများနဲ့ အဆက် မပြတ်ပါစေနဲ့ ဆိုလို တာပါ။ မိသားစု၊ ဆွေမျိုး မိတ်ဆွေ အစရှိတဲ့
သက်ရှိ လူသားတွေ အပြင် မိမိတို့ သံယောဇဉ်ရှိတဲ့ သတ္တ၀ါ လေးတွေကလဲ စိတ်ကြည်လင်မှု ပေးပါတယ်။
နောက်ပြီး မိမိတို့ နှစ်သက်တဲ့ ဂီတ၊ ၀ါသနာ၊ အပန်းဖြေမှု တွေဟာ ကိုယ့်ကို စိတ်ရွှင်လန်းစေတဲ့
အရာတွေပါ။ ကိုယ့်အတွက် အပန်းဖြေမှု ရအောင် ဖန်တီးပါ။
၈) ကျမ်းမာရေးကို ဂရုစိုက် တဲ့
…..
ဒါကတော့ ထည့် ပြောစရာလား၊ သိပြီးသားပဲ
အပြောမစောပါနဲ့။ နေမကောင်းရင်၊ ကိုယ်လက် မအီမသာ ဖြစ်ရင် အကိုက်အခဲ ပျောက်ဆေး၊ ရောဂါသက်သာဆေး
သောက်သုံးရမယ် ပြောတာ မဟုတ် ပါဘူး။ ကိုယ်ရော စိတ်ပါ နှစ်ဖြာစလုံးကို ဂရုစိုက်ဘို့ ပြောတာပါ။
တခါတလေ စိတ်ကြောင့် လူ့ခန္ဓာမှာ ထိခိုက်မှုတွေ ရှိတတ်ပါတယ်။ လူတိုင်းမှာ အဆင်မပြေမှု ဆိုတာ
ရှိကြပါတယ်။ ဒါပေမယ့် စိတ်ကို (အတတ်နိုင်ဆုံး) ပျော်ရွှင်အောင် ထားသင့်တယ်။ (ပြောရတာ
လွယ်တာလဲ သိပါတယ်။ ကျိုးစား လုပ် ကြည့်ပါ။) ခန္ဓာကိုယ် ကျမ်းမာရေး ကောင်းသူဆိုရင် မပျက်ဆီးပါစေနဲ့။
သင့်တင့်လျောက်ပတ်စွာ စား သုံးမှု၊ လှုပ်ရှားမှုတွေနဲ့ ထိမ်းသိမ်းထားပါ။ ရောဂါ တစုံတခု
ဖြစ်နေရင်လဲ ထို့ထက် ပို မဆိုးပဲ သက်သာ အောင် ပြုမူ နေထိုင်ပါ။ ဆေးမမီနိုင်သော ရောဂါကြီးများ
ဖြစ်နေလျှင်တောင် ရောဂါဟာ သင့် ခန္ဓာကိုယ် ကိုပဲ ချွတ်ယွင်းစေတာပါ။ စိတ်ဓါတ်ကို ခိုင်မာစွာ
ထားပြီး ဘ၀နေ့ရက်များကို အတတ်နိုင်ဆုံး မညီးမညူ ဖြတ်သန်းပါ။ အသက် ရှင်သန် နေရချိန်ကို
တန်ဘိုးထားပါ။ ဘယ်တော့ နောက်ဆုံးလဲ ဆိုတာကို မတွေးပဲ နေရချိန်ကို အတတ်နိုင်ဆုံး ပျော်အောင်
နေပါ။ ကိုယ် ကျမ်းမာရေးအတွက် စိတ်ကျမ်းမာရေး က အဓိက ကဏ္ဍက ပါပါတယ်။
၉) အတိတ်ကို အပြီးတိုင် ပြည်ဖုံးကား
ချလိုက်ပါ တဲ့ …..
ပြီးခဲ့တာတွေကို တသသ မစွဲလန်းနေပါနဲ့။
ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ အတိတ်ဆိုတာ ကျန်ခဲ့ပြီ။ ဘာမှ ပြင်လို့ မရ၊ ဖျက်လို့
မရတော့။ လုပ်နိုင်တာက မှားခဲ့မိတာတွေ ရှိရင် ထပ် မမှားစေနဲ့။ လွဲခဲ့မိတာတွေ ရှိခဲ့ရင်
နောက်ထပ် မလွဲစေနဲ့တော့။ မှန်တာ ကောင်းတာ ရှိခဲ့ရင် ထိမ်းသိမ်း ဝေငှဘို့ ကျိုးစားပါ။
အတိတ်ကို တသသနဲ့ တခါက အကြောင်းပဲ တ၀ဲလည်လည် လုပ်နေရင် ကိုယ်လဲ အတိတ်နဲ့ အတူ လူအိုလူဆွေး
စိတ်ပြာကျသွားလိမ့်မယ်။ နေ့သစ်ကို အတွေးသစ် အမြင်သစ်နဲ့ ရင်ဆိုင်ဘို့ပဲ အမြဲ ပြင်ထားပါ။
၁၀) ချစ်တတ်တာ ရှက်စရာ မဟုတ် တဲ့
…..
မိမိ ချစ်သူ ခင်သူ မြတ်နိုးသူတို့အား
ချစ်ကြောင်း ခင်ကြောင်း မြတ်နိုးကြောင်း ပြပါ။ သူတို့ အပေါ် ထားရှိသော မိမိမေတ္တာအား သိကြပါစေ။
ချစ်ခြင်းမေတ္တာဆိုတာ သိကောင်းစေပါတယ်။ ချစ်မိသူရော အချစ်ခံရသူပါ စိတ်ရွှင်လန်း ချမ်းမြေ့ ကြရမှာ ဖြစ်ပါတယ်။
ရွှေဖဲကို ပြောလာကြ၊ ပေးလာကြတဲ့
အကြံလေးတွေ သဘောကျလွန်းလို့ မျှဝေလိုက်ပါတယ်။
ပျော်ပျော်နေတတ်သူမို့ သေခဲတဲ့
ဘ၀ကို ရခဲ့ရင်တောင် ရွှေဖဲ နုပျိုစွာ နေချင်ပါတယ်။ ဆံပင်မဖြူ ပါးရည်မတွန့် မြီးကောင်ပေါက်မလေးတွေလို
လှပနုပျိုနေချင်တာကို ပြောတာ မဟုတ်ပါဘူး။ လူတိုင်း အိုရ၊ နာရ၊ တနေ့မှာ ချစ်ခင်သူတွေကို
ခွဲရမှာ မလွဲတာ အမှန်ပါ။ အရေးကြီးတာက ထိုအချိန်အခါ မရောက်လာမီမှာ မအိုဆေး၊ မနာဆေး၊
အသက်ရှည်ဆေးတွေ ရှာဖွေနေကြသူတွေအတွက် ဘ၀ကို အကောင်းမြင် မျက်လုံးများနဲ့ ကြည့်ပြီး
ပျော်ပျော်နေခြင်းဟာ နုပျိုစေတဲ့ ဆေး ဖြစ်ပါကြောင်း … ရွှေဖဲ ဝေမျှမိတာပါ။
လူသား အားလုံးကို လေးစားပါတယ်။
အားလုံးသော လူသားတွေလဲ အချင်းချင်း လေးစားမှု ရှိကြပါစေ …. ။
လေးစားစွာဖြင့်
-
မာလုစံ
သြဂုတ်လ
၁၁ ရက်၊ ၂၀၁၄
1 comment:
Sweet blog! I found it while browsing on Yahoo News. Do you have any tips
on how to get listed in Yahoo News? I've been trying for
a while but I never seem to get there! Many thanks
Post a Comment