ရန်ကုန်မြို့ ကန်တော်ကြီး၊ မြေပဒေသာကျွန်း အနီးရှိ ဂျပန်သံရုံး ဘေးနားမှ ဝင်္ကပါလမ်းထဲသို့ ဝင်သွားလျှင် လက်ယာဘက်၌ ခြံဝင်းကျယ်ကြီး တခုရှိသည်။ ထိုခြံဝင်းကြီးထဲ၌ မူလကတည်း က ဆောက်လုပ်ထားသော အဆောက်အအုံများ ရှိနေပြီး ခြံအဝင်နားတွင် ‘စာပေစိစစ်ရေးဌာန’ ဆိုသည့် ဆိုင်းဘုတ်ကြီးကို ထင်းထင်းကြီး တွေ့ရပါလိမ့်မည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟုခေါ်သော မဆလတို့အုပ်စိုးစဉ်ကာလအတွင်း စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ အစရှိသည့် အနုပညာသည်များကို အမျိုးမျိုး စိတ်ဒုက္ခ ပေးခဲ့သော၊ အနှောင့်အယှက် ပေးခဲ့သော ဌာနကြီးတခုဟုဆိုလျှင် မှားမည်မထင်။ အဆိုပါ စာပေစိစစ်ရေး ဌာနကြီးသည် ကျွန်တော်တို့အတွက်တော့ စာပေ ကင်ပေတိုင် ဌာနကြီး တခု ဖြစ်ခဲ့ရပါသည်။
စာရေးဆရာတယောက် သူ့ ဝတ္ထုစာအုပ် ထုတ်တော့မည်ဆိုလျှင် ထုတ်ဝေသူက လွတ်လပ်စွာ ထုတ်ဝေပိုင်ခွင့် မရှိ။
ထိုစာအုပ် မထုတ်ဝေမီ စာမူကို စာပေစိစစ်ရေးဌာနသို့ တင်ပြရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက ထိုစာမူကို ဖတ်ရှု၍ ဦးနေဝင်းနှင့် သူ့တပည့်ကြီးများအပါအဝင် မဆလကို ပုတ်ခတ် ရေးသားခြင်း ရှိ၊ မရှိ စစ်ဆေးရသည်။ သူတို့ သဘော မကျသည့် စာသား၊ စာပုဒ် တို့ကို ဖြုတ်ပေးရသည်။ အခန်းလိုက် အပယ်ခံရတာလည်း ရှိသည်။ ဘယ်လို ‘မူ’ နှင့် ပယ်သလဲ ဆိုတာတော့ ကျွန်တော်တို့ မသိ။ ဖြုတ်ဆို ဖြုတ် ပေးလိုက်ရသည်။ ပယ်ဆို အပယ် ခံလိုက်ရသည်။
ပြီးတော့ မဆလ အကျိုးပြု စာသား၊ စာပုဒ်၊ အခန်း ပါ၊ မပါ ကြည့်သည်။ မပါလျှင် အတင်း ဖြည့်ခိုင်းသည်။ သူတို့ ပြောသည့် အကျိုးပြုဆိုတာက ရယ်ရသည်။ ဥပမာပေးရလျှင် လမ်းစဉ်လူငယ်တဦးအနေဖြင့် လုပ်အားပေး ထွက်ခဲ့ရသည့် ဇာတ်လမ်းလေးမျိုး၊ ရှေ့တန်းပြန် စစ်သား များကို ဂုဏ်ပြုရသည့် အခန်းမျိုး၊ မြှောက်ပင့်ပြီးညာခိုင်းသည့် (ပေါ်တာလုပ်ရသည့်) နွေရာသီ လုပ်အားပေး စီမံကိန်းမျိုး၊ အဲဒီမှာ ကောင်လေးကို ကောင်မလေးက အစတုန်းက မကြိုက်၊ လုပ်အားပေးစီမံကိန်းမှာ ကျွဲလို၊ နွားလို ကုန်းရုန်းလုပ်နေတာကိုတွေ့ရတော့မှ သနားပြီး ကြိုက်သွားတာမျိုး စသည်ဖြင့် အဲဒါတွေကို အကျိုးပြုဆိုပြီး အတင်းထည့်ခိုင်း၍ ရေး ပေးရသည်။ ဇာတ်လမ်း ဖန်တီးပေးရသည်။ လုံးချင်းဝတ္ထုစာအုပ် တအုပ်လျှင် အနည်းဆုံး ၂ ခန်းလောက် ထည့် ပေးရသည်။ မပါလျှင် ထုတ်လို့ မရ။
ဒါကြောင့် စကားနဲ ရန်စဲ ဆိုသလို တာဝန်ရှိသူကို လက်ဆောင်တွေ ပေး၊ တခြား သက်ဆိုင်ရာ ဝန်ထမ်းတွေကို လက်ဆောင် (သို့မဟုတ်) လက်ဖက်ရည်ဖိုး ပေးပြီး မျက်နှာချို သွေးရသည်။ ယင်းသို့ မလုပ်လျှင် ကိုယ့်စာမူကို ချောင်ထိုး ထားလိမ့်မည်။ တစားပွဲမှ တစားပွဲသို့ ကိုယ့်စာမူ အဆင့်ဆင့်ကူးဖို့ တနှစ်လောက် ကြာသွားနိုင်သည်။ ဒါကြောင့်လည်း စိစစ်ရေးရုံးမှာ တွေ့သမျှ လူကို ‘သွား ဖြဲ’ ပြကြရသည်။ စာအုပ်ထွက်လျှင် တယောက် တအုပ် လက်ဆောင် ပေးရသေးသည်။ မပေးလျှင် နောက်တခါ တအုပ် ထုတ်ခါနီးကျလျှင် ကောင်းကောင်း ပညာပြ ခံရပါလိမ့်မည်။
အရောင်းသွက်သည့် ဝတ္ထုရေးဆရာတွေကျ ကိုယ်တိုင် လာစရာ မလို။ ထုတ်ဝေသူက အကုန် လုပ်သွားသည်။ ပတ်ဘလစ်ရှာ (ထုတ်ဝေသူ) တွေက စိစစ်ရေးကို ပိုင်အောင် ပေါင်းထားရသည်။ ငွေ ပုံ ပေးသည်။ လက်ဆောင်တွေ အမြဲ ပို့ပေးသည်။ ဒါကြောင့်မို့ လို့လား မသိ၊ ဆရာမင်းသိင်္ခရဲ့ ဇာတ်ကောင် ဆားပုလင်းနှင်းမောင် လမ်းစဉ်လူငယ် ဝင်တာ မတွေ့ရ။ နေလင်းအောင်ရဲ့ ရှောင်လင် တရုပ် သိုင်းသမား လုပ်အားပေး စီမံကိန်း သွားတာမျိုး တခါမှ မကြုံ။ သူ့ဟာသူ အဆင် ပြေ သွားကြသည်။
တက်သစ်စ စာရေးဆရာတွေနဲ့ ဘိုင်ကောင် ကပ်စေးနှဲ ပတ်ဘလစ်ရှာတွေရဲ့ ဝတ္ထုတွေထဲက ဇာတ်လိုက်တွေကတော့ သိပ် မစားသာလှ။ ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ဖူးသည်။
(၁၉၇၁ မှ ၁၉၈၇) ကာလအတွင်း မြန်မာ့ ခေတ်ပေါ် တေးဂီတ (စတီရီယို တေးလောက) အကြောင်း နောက်ခံပြု ဇာတ်အိမ် ဖွဲ့ထားသည့် လုံးချင်းဝတ္ထု ‘လောင်းရိပ်အောက်မှာ’ ကို မထုတ်ဝေမီ ထုံးစံအတိုင်း စာပေစိစစ်ရေးသို့ အရင် တင်ရသည်။ အဲဒီ ဝတ္ထုထဲမှာ အပြင်က တကယ့် ဖြစ်ရပ်မှန်တွေကို ကွက်ကွက် ကွင်းကွင်း ရေးထားသည်။ ဘာတွေ ထိကုန်သလဲတော့ မသိ။ ကျွန်တော့်ကို စာပေ စိစစ်ရေးရုံးမှ ခေါ်တွေ့သည်။ အခန်း ၆ ခန်း လောက် ဖြုတ်ပစ်လိုက်ရသည်။ မပါသေးသည့် အကျိုးပြုခန်း ဆိုတာတွေ ထည့် ရေးခိုင်းသည်။
ခက်တာက ကျွန်တော့်မှာ အဲဒီ လမ်းစဉ်လူငယ်လုပ်အားပေးဆိုသည့် ပါတီဝင်ပေါ်တာ အတွေ့ အကြုံ မရှိ။ ပါတီလည်း လုံး၀ မဝင်ခဲ့။ ဒါကြောင့် ဘာရေးရမှန်းလည်း မသိ။ အတင်း ဇွတ် ရေးလျှင်လည်း မယ်သီလရှင် ပန်းပန်သလို ဖြစ်နေဦးမည်။ အဲဒီတုန်းက တော်တော်လေး စိတ်ညစ်ခဲ့ရသည်။ နောက်ဆုံးတော့ ကျွန်တော့်တီးဝိုင်း စစ်တပ်တွေက လာငှားလို့ သွားတီးပေးခဲ့ရတုန်းက အတွေ့အကြုံတွေကို ဇာတ်လမ်းဆင်ပြီး ရေးထည့်ပေးလိုက်မှ အဆင်ပြေသွားတော့သည်။ ဒါပေမယ့် ဖြုတ်လိုက်ရတဲ့ အခန်းတွေမှာ အဓိကအခန်းတွေ ပါသွားတာမို့ စိတ် မချမ်းသာစွာနှင့်ဘဲ စာအုပ်ကို ထုတ်လိုက် ရပါသည်။ လုံးချင်းသာ မဟုတ်၊ မဂ္ဂဇင်းတွေမှာ ရေးခဲ့ရတဲ့ ဂီတဆောင်းပါးတွေမှာလည်း ဖြုတ်၊ နုတ်၊ ပယ်တွေ ရှိခဲ့ဖူးသည်။
စာရေးဆရာတွေသာ မဟုတ်၊ သီချင်းရေးဆရာတွေလည်း ဒီအတိုင်းပါပဲ။
သီချင်းတခွေ ထုတ်မည်ဆိုလျှင် စီ-ခြောက်ဆယ်တခွေစာမှာ အကျိုးပြုသီချင်း ၄ ပုဒ် ထည့်ခိုင်းသည်။ အကျိုးပြုဆိုတာက ထုံးစံအတိုင်းပေါ့။ ခက်တာက ဝတ္ထုမှာက ဇာတ်လမ်းဆင်ပြီး ရေးထည့်လို့ ရသေးသည်။ သီချင်းဆိုတာက သံစဉ်နှင့် စာသား အဓိပ္ပါယ် စပ်ဟပ်မှု ရှိ မရှိ၊ ဆွဲဆောင်မှု ရှိ မရှိ ဆိုတာကိုပါ ဆန်းစစ်ရသေးသည်။ စတူဒီယိုမှာ အသံသွင်းပြီးမှ စာပေစိစစ်ရေး တင်မိလို့၊ ပြင်ခိုင်းလို့ အသံ ပြန် သွင်းရတာတွေလည်း မနည်းတော့။ တခါတခါ စတူဒီယိုမှာ ရက်ချိန်း ယူရတာလည်း မလွယ်၊ သုံး၊ လေးလလောက် အချိန် ယူရသည်။ တရက် တရက် အသံသွင်း စရိတ်ကလည်း နည်းတာ မဟုတ်။ လူ ပြန် စုရတာ၊ တီးသူ ဆိုသူတွေ အားမည့်ရက် ညှိရတာ၊ စီမံ ခန့်ခွဲ ရတာနှင့် အတော် အလုပ် ရှုပ်သည်။ ဘယ် အလုပ်မဆို အပင်ပန်းတော့ ခံကြရမှာပဲ။ ဒါပေမယ့် မလိုလားအပ်ဘဲ ဒုက္ခ ပေးသလိုမျိုးကျတော့ မျက်နှာ ပူသည်။ အတီးသမား အဆိုသမားတွေ ဆိုတာကလည်း တရက်မှ အားကြတာ မဟုတ်။ သူတို့မှာလဲ ဧည့်ခံပွဲတွေ၊ စတိတ်ရှိုး (Stage Show) တွေ၊ အသံသွင်းကိစ္စတွေနှင့် မအားကြ။ သူတို့ကို အမိ ဖမ်းရတာလည်း မလွယ်လှ။
ဒီတော့ အသံ မသွင်းမီ သီချင်းစာမူကို ကြို တင်ရသည်။ အကြမ်းသွင်းထားသည့် တိတ်ခွေကိုပါ တင်ပြရပြီး သူတို့ ရက်ချိန်း ပေးသည့်နေ့မှာ ကိုယ့်ဘာသာကိုယ် ကက်ဆက်တလုံး ရှာ၊ မဝယ်နိုင်လျှင် ငှားပြီးတော့ ကက်ဆက်ကို ပိုက်၍ အဲဒီ စာပေစိစစ်ရေးရုံးသို့ ချီတက်ရသည်။ သက်ဆိုင်ရာမှာ သွားပြီး တင်ပြရသည်။ တာဝန်ရှိ ပုဂ္ဂိုလ်ကြီးက အခွေကို နား ထောင်လိုက်၊ စာမူကို ကြည့်လိုက်နှင့်။ ကျွန်တော်တို့က ဘေးက ငုတ်တုတ်၊ သူ့ကို ငေး ကြည့်ရင်း ထိုင်စောင့်နေရသည်။
နားထောင်လို့လည်း ပြီးရော ပုဂ္ဂိုလ်ကြီးက ဘာတွေ ပြင်ရမည်၊ ဘာတွေ ဖြုတ်ရမည်၊ ဘာတွေ ဖြည့်ရမည် စသည်ဖြင့် ပြောပါတော့သည်။ အဲဒါနဲ့ အား မရသေး၊ ဒို-ရေ-မီ-ဖာ တောင် ဖြောင့်ဖြောင့် မှန်မှန် မရွတ်တတ်သည့် ပုဂ္ဂိုလ်ကြီးက သီချင်းတွေကို အမျိုးမျိုး ဝေဖန်တာကိုလည်း သည်းခံပြီး နားထောင် နေရသေးသည်။ တခါက ကျွန်တော့်အား အဲဒီ ပုဂ္ဂိုလ်ကြီး အကြံ ပေးခဲ့တာကို ကျွန်တော် မမေ့။
“သီချင်းက မဆိုးဘူးကွ၊ ဒါပေမယ့် တွံတေးသိန်းတန် ဆိုတဲ့ သီချင်းမျိုး မပါသေးဘူး။ မင်း အဲဒါမျိုး ဆိုသင့်တယ်။ ငါတို့က အဲဒါမျိုးမှ ကြိုက်တယ်”
ကျွန်တော် ဘာမှ ပြန် မပြော။ ခေါင်း ညိတ်ပြီး ရှိသမျှ သွား ၃၂ ချောင်းစလုံး ပေါ်အောင် ဖြဲပြ ခဲ့ရသည်။ အိမ်ရောက်မှပဲ ‘ပန်းနွယ်က စိမ်း’ ဆိုပြီး သူ ပြောသလို အော် ကြည့်ရဦးမှာပဲ။ စာရေး ဆရာ၊ သီချင်းရေးဆရာတွေသာ မဟုတ်၊ ပန်းချီ ဒီဇိုင်းဆရာတွေလည်း ကျွန်တော်တို့လိုပါပဲ။ ကိုယ့်ပန်းချီကား ကိုယ် ကိုင်ပြီး အဲဒီ မဟာဌာနကြီးကို ချီတက် ကြရသည်။ Mr. Burma တို့ အသိဆုံးပါ။ တချို့ကတော့ ကိုယ်တိုင်မသွား၊ ထုတ်ဝေသူ၊ စီစဉ်သူတွေကပဲ စာအုပ်တိတ်ခွေတွေရဲ့ မျက်နှာဖုံး ပန်းချီကားကို ယူ သွားပြီး ခွင့်ပြုချက်ရအောင် လုပ်ကြရသည်။ ပြဿနာဖြစ်လို့ ပြန် ပြင် ရေးဆွဲပေးစရာ ရှိလျှင် ဆွဲပေးလိုက်သည်။
ပန်းချီဆရာ၊ ကာတွန်းဆရာတွေကလည်း သူတို့ ဒီလောက် တင်းကျပ်နေတဲ့ ကြားထဲက လစ်လျှင် လစ်သလို ပညာသားပါပါ ဆော်ထည့်၊ တီးထည့်လိုက်ကြသည်။ စာအုပ် ထွက်သွားပြီးမှ သူတို့ကို ဆော်ထားမှန်းသိလို့ ထောင်ထဲ ဝင်သွားရသူတွေလည်း ရှိသည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် နှစ်လည် မဂ္ဂဇင်းစာအုပ် အဖုံးပန်းချီ ရေးဆွဲခဲ့တဲ့ ကျွန်တော်တို့ရဲ့ အပေါင်းအသင်းတွေ ထောင်ထဲ ဆွဲသွင်း ခံခဲ့ကြရတာ သိကြပါလိမ့်မည်။
ကျွန်တော် အသေးစိပ်တော့ မရေးလိုတော့ပြီ။ ဒါကြောင့် မဆလခေတ်မှာ အနုပညာသည်တွေ သူတို့ရဲ့ အနုပညာကို သံကြိုးခတ်ပြီး တုပ်နှောင်ထားသလိုမျိုး ခံခဲ့ကြရသည်။ အမျိုးမျိုး စိတ်ဒုက္ခ ပေး ခံခဲ့ကြရသည်။ စာပေစိစစ်ရေး ဆိုပြီး စာပေကို မစိစစ်တတ်တာတွေလည်း ကြုံ ရသည်။ တခါတခါ စာပေစိစစ်ရေး ပုဂ္ဂိုလ်ကြီးတွေ လိုက် မမီဘဲ လွတ် သွားတာတွေလည်း ရှိသည်။
ကျွန်တော့် သူငယ်ချင်း ကဗျာဆရာတယောက်၊ သူ့ကဗျာကို မဂ္ဂဇင်းစာအုပ် တော်တော် များများမှာ တွေ့ရပါလိမ့်မည်။ မဆလကို ကောင်းကောင်း တွယ်ထားသည့် ကဗျာတွေ ပါ ပါ လာတတ်သည်။ ဝင်္ဂဝုတ္တိနဲ့ သွယ်ဝိုက်ပြီး တွယ်ထားတာ မဟာဆရာကြီးတွေ မသိလိုက်ကြ။ သူငယ်ချင်း ကဗျာဆရာကို တွေ့တော့ မေးကြည့်မိသည်။
“မင်း သူတို့ကို ဘယ်လို စည်းရုံး ထားသလဲ”
သူက ပြန် ဖြေသည်။
“ဘာမှ မလုပ်ပါဘူးကွာ၊ သူတို့ သိကို မသိတာ” တဲ့။
ကျွန်တော် တောခိုလာပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ စာပေစိစစ်ရေးဌာန ဘယ်လို စခန်းသွားနေသလဲ မသိတော့။ မဆလ နဲ့ နဝတ ဆိုတာ ကုလားကြီးကို အရာကြီးလို့ နာမည် ပြောင်း လိုက်တာပဲ ရှိမည်။ ပုံစံတွေကတော့ ဘာမှ မပြောင်းလဲ။ မြန်မာပြည်ထဲက စာပေ၊ ပန်းချီ၊ ဂီတ ဆရာတွေ သူတို့ရဲ့ ညီးညူသံတွေက မပြောင်းလဲသေး။ နောက်ဆုံး သူတို့ဒဏ် မခံနိုင်တော့ အတော် များများလည်း ပြည်ပကို ထွက်ခွာ ကုန်ကြပြီ။
ကျွန်တော်တို့ တောတွင်း လွတ်မြောက်နယ်မြေမှာ စာပေစိစစ်ရေးဌာန မရှိ။
ဆရာဦးဝင်းခက် ရောက်လာပြီးချိန်မှာ စာပေနှင့် အနုပညာရှင်များ ကလပ်ကို ဖွဲ့စည်းသည်။ မည်သည့် အနုပညာရှင်ကိုမှ ချုပ်ချယ်မှု မရှိ။ လွတ်လပ်စွာ ရေးသားခွင့်ကို လွတ်မြောက် နယ်မြေမှာမှ ကျွန်တော်တို့ ရရှိ ကြတော့သည်။
စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ သီချင်းရေးဆရာ၊ အဆိုတော် အတော်များများ လွတ်မြောက်နယ်မြေမှာ လာရောက် ဆုံစည်း မိကြသည်။
အမြောက်သံ၊ ဗုံးသံ တွေကတော့ တဒိန်းဒိန်း တဒိုင်းဒိုင်း ထုံးစံ အတိုင်း ... ။ ဒီအထဲမှာ ကျွန်တော်တို့ အနုပညာများ လွတ်လပ်စွာ ပွင့်လန်း လာကြပါပြီ။
ထို အမြောက်သံ၊ ဗုံးသံတွေ ကြားမှာပင် စာတွေ ရေးကြရသည်။ သီချင်းတွေ စပ်ရသည်။ ဆိုကြရသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန် ထမ်းဆောင် နေကြရတာမို့ ပင်ပန်း ဆင်းရဲကြပေမယ့် ဆင်းရဲတယ် လို့ မမြင်၊ မမောနိုင် မပန်းနိုင်ကြ။
စစ်ဖိနပ်အောက်မှာ ဖိနှိပ်ချုပ်ချယ်မှု ပေါင်းစုံဖြင့် နေခဲ့ရသည့် ဘဝနှင့် ယခု လွတ်မြောက်နယ် မြေမှာ လွတ်လပ်စွာ နေ နေရသည့် ဘဝ။
ကျွန်တော်တို့ ရောင်းရင်းတွေကတော့ ပြည်တွင်းမှာ၊ အုတ်တံတိုင်းတွေ ကြားထဲမှာ ရှိ နေကြဆဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် သံကြိုးတွေ အထပ်ထပ် တုပ်နှောင်ထားတဲ့ကြားက ကာရန် မညီတဲ့ ကဗျာလေးများနှင့် စာပန်းချီတွေကတော့ အရောင်အသွေး တောက်ပြောင်နေဆဲ၊ အသစ် အသစ်တို့ ထပ်မံ ထွက် ပေါ်နေဆဲ၊ မျိုးဆက်သစ်တို့ ပေါ်ထွက်နေဆဲ။
တကယ်လို့များ ကျွန်တော်တို့ နိုင်ငံမှာ လွတ်လပ်ခွင့် ရှိတဲ့ တနေ့ကို ရောက် လာခဲ့ပြီ ဆိုရင်တော့ ... ... ... ...
No comments:
Post a Comment