Wednesday, September 21, 2011

မျှော်နေရတဲ့ လေးနာရီ။

ကဲ ပြောပါရစေဦး အရပ်ကတို့ရေ။

စာပေစိစစ်ရေး အကြောင်းကို ပြောချင်နေတာ ကြာပါပြီ။ အများသိပြီး ဖြစ်ပေမယ့် ကိုယ်ကလည်း ကိုယ့် ခံစားချက်ကလေး (တကယ်က အများကြီး) ဝေမျှချင်တာပေါ့။ မမာလုတို့ ငယ်ငယ်ကတည်းက စာပေစိစစ်ရေး ဆိုတာကြီးကို စိတ်ပျက်စရာ အမြင်နဲ့ ကြီးပြင်းလာရတာပါ။ ဟိုဟာလေး ထဲ့လိုက်ပါဦး၊ သည်ဟာလေး ဖြုတ်လိုက်ပါဦး၊ သည်ဟာလေးကို ဟိုလို ရေးလျှင် မကောင်းဘူးလား ဆိုတာတွေလေ။

ငယ်ငယ်ကတော့ သိပ်မသိတတ်ခင်က ပြင်ဆို ပြင်ရေး ပေးလိုက်တာပဲ၊ ဖြုတ်ဆိုလည်း ဖြုတ်ပေါ့ဟယ်။ မုန့်ဘိုး လိုချင်တာကိုး။ ကိုယ်လည်း သုံးချင် ဝယ်ချင်တာတွေရှိတော့ ကိုယ့်စာအုပ်ထွက်မှ မုန့်ဘိုး ရမှာလေ။ သည်တော့ ထုတ်ဝေသူ ဦးစီးပွားကြီး တောင်းဆိုသမျှ (စာပေစိစစ်ရေး ပြောသမျှ) လိုက် လုပ်ပေးခဲ့မိတယ်။

ဘွဲ့ ရ၊ အလုပ် ဝင်ပြီးတော့ နည်းနည်း အမြင် ကျယ်လာတယ်။ အသိဉာဏ်လေးကလည်း နည်းနည်း မြင့်လာတော့ အမှားနဲ့ အမှန်ကို အယင်လို ရေးတေးတေး သူများအပြောမဟုတ်ပဲ ကိုယ့်ဘာသာသိလာတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ လုပ်သင့်တာ မလုပ်သင့်တာ သိလာတယ်။ သည်မှာတင် စာပေစိစစ်ရေးနဲ့ ထိပ်တိုက် တွေ့တာပဲ။ ဖြုတ်ဆို မဖြုတ်ဘူး။ ပြင်ဆို မပြင်ဘူး။ ဒီတော့ ဘာဖြစ်သလဲ။ သူတို့ကတော့ ဘာမှ မဖြစ်ပါဘူး၊ အခုထိ အသက်ရှည် လည်ပတ်ဆဲပဲ။ ကိုယ်သာ ကိုယ့်စာအုပ်တွေ ထွက်မယ် ကြော်ငြာထားပြီး မထွက်ဖြစ်ခဲ့တာ လေး၊ ငါးအုပ် ထက် မနည်း။ အခုထိ ဗမာပြည်က အိမ်ထောင့် ထင်းရူးသေတ္တာထဲမှာ ကိုယ့်စာမူကလေးတွေ ရှိဦးမလား။ (ခြ မကိုက် ကုန်ယင်ပေါ့လေ)။

ကိုယ် ခေါင်းမာစွာနဲ့ တင်းခံတော့ ဝတ္ထုရှည်စာအုပ် မထွက်ရတော့ဘူးပေါ့။

အဲသည်အချိန်မှာ ကိုယ်ကလည်း ကိုယ့်ဘာသာ နည်းနည်း လိုင်းပြောင်းစ ပြုနေပါပြီ။ ဝတ္ထုတို ရေးရတာကို ပိုလက်တွေ့နေပြီ။ ဝတ္ထုရှည်က ရေးရတာ ကြာတယ်။ ဇာတ်လမ်းကို နောက်ခံ အဖွဲ့အနွဲ့တွေ၊ အချီအချ အပြော အဆိုတွေနဲ့ ချဲ့ကား ရေးနေရတာ။ ဝတ္ထုတိုက မြန်တယ်၊ ပြတ်တယ်။ နောက်ပိုင်းကျတော့ ဆောင်းပါးလည်း မဟုတ်၊ စာတိုလည်း မကျ ကိုယ် ထင်ရာ မြင်ရာ ခံစားချက်လေးတွေ ရေးရတာ လက်သန်လာတယ်။ အားပေးသူ၊ စာမူ တောင်းသူတွေကလည်း ရှိလာတယ်။ ပြည်တွင်းမှာတော့ ပြည်တွင်း အမြင်နဲ့ရေးတာ ပြသာနာ မရှိခဲ့ပေမယ့် နိုင်ငံခြား ထွက်လာပြီးချိန်မှာ သူတို့နဲ့ တခါ ပြန်ဆုံရပြန်တယ်။

နိုင်ငံခြားမှာ ကိုယ် တွေ့လိုက် သိလိုက်ရတာတွေက ငယ်ငယ်က ကိုယ် ကြီးပြင်းခဲ့ချိန်မှာ အမိမြေမှာ တွေ့ခဲ့သိခဲ့တာတွေနဲ့ မိုးနဲ့မြေလို ကွာနေတယ်လေ။ ဘန်ကောက်လေဆိပ် ဆင်းလိုက်တာနဲ့ ငယ်ငယ်က ရုပ်ရှင်တွေထဲ စာတွေထဲက တောနေခေါင်ဖျားက မြို့တက်လာသူ အဖြစ်မျိုး၊ ရန်ကုန်မြို့တော်ကြီးကို ပထမဆုံးအကြိမ် ရောက်ဘူးသူအကြောင်း မြင်ခဲ့ ဖတ်ခဲ့ဘူးတာထက် ကိုယ်က အဆတရာ ပို ခံစားခဲ့ရပါတယ်။

ကျေးဇူး ကမ္ဘာပါ၊ မဆလပါတီမှ အန်ကယ်ကြီးများရှင်။

အန်ကယ်တို့ရဲ့ မျက်စိ ပိတ်၊ နား ပိတ်၊ တံခါး ပိတ်ဝါဒ ကောင်းကောင်းကြီး အောင်မြင်ခဲ့ပါတယ်။ ပိုက်ဆံကလေး ၁၅ ဒေါ်လာနဲ့ နိုင်ငံခြား ထွက်လာတာ ခရက်ဒစ်ကပ် (Credit card) ဆိုတဲ့ အကြွေး ဝယ် ကပ်ပြားလည်း မရှိ၊ Traveller’s check ခေါ်တဲ့ ခရီးသွား ချက်လည်း မပါနဲ့၊ နင် တော်တော် သတ္တိ ရှိတာပဲ၊ ခရစ်စတိုဖါ ကိုလံဘတ်စ် သင်္ဘောတစင်းနဲ့ ကမ္ဘာ ပတ်ခဲ့တာထက် ရဲရင့်တယ်လို့ ကြားရသူနိုင်ငံခြား သားတွေက ချီးကျူးသလိုလို ပြောကြတယ်။

ကိုယ်ကတော့ ကိုယ့်အဖြစ်ကို ကိုယ့်ဘာသာ ဂုဏ်မယူနိုင်ပါဘူး။ ဘာလို့ဆို ကိုယ်က အများထဲက တယောက်ပဲဟာ။ ထူးထူးဆန်းဆန်းမှ မဟုတ်တာ။ ဗမာပြည်က လူ ၄၄ သန်း အားလုံး နီးပါး ကိုယ့်လိုပဲဟာ။ (အဲသည်တုန်းက လူဦးရေပါ။ အခုတော့ သန်း ခြောက်ဆယ်တဲ့။ နိုင်ငံခြားကို ထွက်သူတွေလည်း အများကြီးမှာ ဘယ်က ဘယ်လို သန်းနှစ်ဆယ် တိုးလာသလဲ။ ငယ်ငယ်ကတော့ ကိုယ့်ဘာသာ သင်္ချာတော်တယ် ထင်ခဲ့မိတာ၊ အခုတော့ မတွက်တတ်၊ မတွေးတတ်တော့ပါဘူး။)

ကဲ ဒါနဲ့ စာပေစိစစ်ရေး အကြောင်း ပြန် ပြောရယင် -

နိုင်ငံခြားကနေ ပြည်ပသွား အတွေ့အကြုံကို ခရီးသွားဆောင်းပါးလဲ မက၊ ဝတ္ထုတိုလည်း မကျ၊ ဇာတ် လမ်းလေး ဆင်ပြီး မဟေသီမှာ ထည့်နေတာ လေးခါလောက် ပါအပြီးမှာ သူတို့ (စာပေစိစစ်ရေးက) ပြောလာပါပြီ။ အမေရိကား ကောင်းတာချည်း မရေးနဲ့ဦးလေ။ ဗမာပြည် ကောင်းတာလေးတွေ ရေးပါဦး တဲ့။ သည်တော့ ရှာကြံ ရေးပါတယ်။ ကိုယ့်ပြည်မှာ ကိုယ့်ယဉ်ကျေးမှုတို့၊ ချစ်စရာ ဓလေ့ကလေးတွေ၊ ရွှေတိဂုံစေတီတော်ကြီး လွမ်းရတာတွေ။

၁၉၈၉ အောက်တိုဘာလမှာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ မှာ ငလျင် အကြီးအကျယ်လှုပ်တော့ ကယ်ဆယ်ရေးတွေ အကူတွေ ဘယ်လောက် ကောင်းကြောင်း၊ လူတွေ အချင်းချင်း အစ၊ ခွေးလေး ကြောင်ကလေးတွေ ပိတ်မိနေတာကိုတောင် မရအရ အတင်း ကယ်ဆယ်တာတွေ၊ အားရစရာ၊ အား ကျစရာတွေ ရေးပြီး မဟေသီကို ပို့လိုက်တော့ သူတို့က (စာပေစိစစ်ရေးက) ဘာ ပြောလာသလဲဆိုတော့ အမေရိကား မကောင်းကွက်နဲ့ ဗမာပြည် ကောင်းကွက် ယှဉ် ရေးပါဦး တဲ့။

၁၉၈၉ နိုဝင်ဘာလ နောက်ပိုင်းမှာ အလျဉ်းသင့်သလို ကျွန်မ စာတွေ ရေးနေခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းက စာစောင်တွေကိုတော့ မပို့တော့ပါဘူး။ ဘာလို့ဆို ကျွန်မ ရေးတာ သူတို့ ပေး ထုတ်မှာမှ မဟုတ်တာ။ သည်တော့ ရေးပြီးသမျှကို အိတ်ကလေး တခုနဲ့ပဲ ထည့်သိမ်းထားလိုက်ပါတယ်။ တနေ့ စာပေစိစစ်ရေး မရှိကာမှ ကိုယ့်စာလေးတွေ ထည့်လိုတဲ့ စာစောင်ရှိယင် ထည့်ပေါ့ ဆိုပြီး သိမ်းထားလိုက်ပါတယ်။

စာမူ တပုဒ်ဆိုတာ ပန်းချီ တချပ်၊ ကဗျာ တပုဒ်လို ကိုယ့် ခံစားချက် ကိုယ့် တင်ပြချက်ပါ။ ကိုယ် ပြောချင် ရေးချင်တာကို ကိုယ့်မူဟန်နဲ့ ရေးပြီး ပရိတ်သာတ်ကို မတင်ပြရခင်မှာ ကြားက ဟိုမရောက် သည် မရောက်တွေက သည်လို ပြင်လိုက်ပါဦး၊ ဟိုလို လုပ်လိုက်ပါဦး၊ ဒါတော့ ဖြုတ်လိုက်ပါဦးနဲ့ လိုက်ပြင်၊ လိုက် ဖြတ်နေယင် ကိုယ့်ဖန်တီးမှုလေးဟာ ကိုယ် ထုတ်ပြလိုက်သလို သန့်သန့်စင်စင်လေး မဟုတ်တော့ပဲ ဖါရာထေးရာ ဖြတ် ညှပ်ရာတွေနဲ့ ဖြစ်နေတော့မှာပေါ့။ အတွေ့အကြုံရင့် ဝါရင့် ဆရာကြီးတွေတောင် ကလောင်လက်သစ် ကလေးတွေကို တည်းဖြတ် အကြံဉာဏ် ပေးရာမှာ သည်လိုလေး ဟိုလိုလေး ဆိုပြီး လမ်းစလေး ပြယုံ ပြပြီး အရိပ်အယောင် ပြယုံလေး အကြံ ပေးတာပါ။ စာပေစိစစ်ရေးလို အတင်းရော ဒလကြမ်း ဆွဲ ဖြုတ်၊ ပြောင်း ရေး မလုပ်ပါဘူး။

နောက်ဆုံးတော့ ကျွန်မ စာတွေပဲ ပရိသာတ်ဆီ မဝေမျှရပဲ ကျွန်မ ကလောင် တဖြေးဖြေး မှိန်ခဲ့ရပါတယ်။ စာပေစိစစ်ရေးကတော့ အခုထိ စင်မြင့်ပေါ်မှာပါပဲ။ ကံကောင်းချင်တော့ ကျွန်မ ပြည်ပရောက်နေခဲ့ပြီး အခုခေတ်ခါ သိပ္ပံပညာ ထွန်းကားမှုကျေးဇူးကြောင့် ရေးချင်တာလေးတွေ ဖေ့စ်ဘွတ်ခ်တို့ ဘလော့ဂ်တို့မှာ ရေးလို့ ရနေပါပြီ။ အီးမေးလ်က တဆင့်လည်း ကျွန်မ အတွေးလေးတွေ လက်ရေးလေးတွေကို စာဖတ်သူတွေနဲ့ ဝေမျှ နေနိုင်ပါပြီ။

ဒါပေမယ့် ကျွန်မ စိတ် ဘဝင် မကျသေးပါဘူး။

ဟိုစဉ်က ကျွန်မ ခံစားခဲ့ရသလို၊ ကိုယ့်စာလေးတွေ ကိုယ့်ဖန်တီးမှုလေးတွေကို ပရိသာတ်ဆီ တင်ပြခွင့်၊ ပြည့်ပြည့်၀၀ ဝေမျှခွင့် မရသေးသူတွေ ပြည်တွင်းမှာ အများကြီး ရှိဦးမှာပါ။ သူတို့ဟာ ကျွန်မလို ဖေ့စ်ဘွတ်ခ်တွေ ဘလော့ဂ်တွေမှာ ရေးခွင့် တင်ပြခွင့် ရမှာ မဟုတ်ပါဘူး။

တရံရောအခါက ကြားဘူးခဲ့တဲ့သီချင်း စာသားလေးတပိုင်းတစ နားထဲ ကြားယောင် လာမိတယ်။

“လာပါတော့၊ အခါခါ မော့၊ မာလာဖော့ မျှော်တဲ့ လေးနာရီ” ဆိုတာ။

ပြည်တွင်းက အနုပညာရှင်တွေရဲ့ အဖြတ်အတောက် ကင်း၊ အကန့်အသတ် မဲ့ ဖန်တီးမှုလေးတွေကို ရှင်းရှင်း လင်းလင်း မြင်ရမယ့် နေ့၊ ခံစားရမယ့် အချိန် ရောက်ချင်လှပါပြီ။


လေးစားစွာဖြင့် -
မာလုစံ
စက်တင်ဘာ ၇ ရက်၊ ၂၀၁၁

No comments: