ဟိုး ငယ်စဉ်ချိန်ခါ၊ ကလေးဘ၀ကတည်းက ကြားဘူးခဲ့တဲ့ ကလေးချော့ တေးစုကလေးပါ။
ကလေးငယ်လေးတွေ ငိုလျှင် ဖိုးလမင်းကြီးကို ပြပြီး အငိုတိတ်အောင် ချော့တတ်တဲ့ ချစ်စရာ ကျွန်မတို့ ရှေးဗမာ ထုံးစံကလေးပါ။
လူကြီးတွေ ငိုယင် ဘယ်သူလာလို့ ချော့ပါမလဲ။
X x x
၁၉၉၉ ခုနှစ် နိုဝင်ဘာလ မွေးနေ့မနက်မှာ ပျော်ရွှင်စွာနဲ့ အိပ်ယာက နိုးလာတယ်။ အိပ်ယာက ထလိုက်တာနဲ့ ချစ်သူ ခင်သူတွေဆီက မွေးနေ့ ဆုတောင်းတွေ တသီကြီး ဝင်လာပါတယ်။ အလုပ်ကို ရောက်တော့လည်း ဟက်ပီးဘတ်သ်ဒေးတွေ တထွေးကြီးပေါ့။ အီးမေးလ် ဖွင့် မလား၊ အလုပ်ဖုန်း မက်ဆိတ်ချ်မှာ နား ထောင်မလား၊ ကိုယ့် ဆဲလ်ဖုန်း မက်ဆိတ်ချ်တွေ ကြည့် မလား။ ဟက်ပီးဘတ်သ်ဒေး မမာလု ဆိုတာတွေ ပြည့်လို့။ အလုပ်မှာလည်း တယောက်ပြီး တယောက် ဟက်ပီးဘတ်သ်ဒေး ကေတို့၊ ဟက်ပီးဘတ်သ်ဒေး ကက်တို့၊ တချို့ကတော့ ဟက်ပီးဘတ်သ်ဒေး ကိတ်၊ အများစုက ဟက်ပီးဘတ်သ်ဒေး ကက်သီ ဆိုတာ ဆူလို့ ညံလို့။
ကျွန်မတို့ အလုပ်မှာ လစဉ် နောက်ဆုံး သောကြာနေ့မှာ ထိုလမှာ မွေးသူတွေအတွက် ရုံးက မွေးနေ့ပွဲ ကျင်းပ ပေးလေ့ ရှိပါတယ်။ လဆန်းကတည်းက မွေးနေ့သမားတွေ နာမည် ကျေညာထားပြီး မွေးနေ့ နေ့လည်စာ ဘာစားချင်သလဲ၊ ဘယ်လိုအစာမှာပေးရမလဲ ဆန္ဒမဲကြိုကောက်ထားပါတယ်။ (ဒါကြောင့် အလုပ်ကလူ အားလုံး နီးပါး ကျွန်မ မွေးနေ့ကို သိနေတာပါ။)
တလမှာတရက် သည်မွေးနေ့သောကြာနေ့ နေ့လည်စာကို တရားဝင်တနာရီ ပေးစားတဲ့အပြင် မွေးနေ့သမားတွေက နည်းနည်း ပို လွတ်လပ်ခွင့် ရလို့ တနာရီ ခွဲလောက်အထိ အချိန် ယူတတ်ကြပေမယ့် ပြသာနာ မရှိတတ်ဘူး။
မွေးနေ့နေ့လည်စာ စားအပြီး မကြာခင်မှာ ကျွန်မ အထက်အရာရှိက ကျွန်မကို ဖုန်း ခေါ်ပါတယ်။ သူ့ရုံးခန်းကို လာခဲ့ဘို့။ နေ့လည်စာ စားချိန်က အပျော်လေးတွေ အရှိန် မသေသေးပဲ သွက်လက် ပေါ့ပါးစွာနဲ့ ကျွန်မ သူ့ရုံးခန်းကို ထွက်သွားလိုက်တယ်။
ကျွန်မ ရောက်တာနဲ့ သူက ထိုင်ရာက ထပြီး ‘လိုက်ခဲ့’ လို့ ပြောပြီး အရှေ့က ဦးဆောင် ထွက်သွားလို့ ကျွန်မ ဘာမှမမေးပဲ အနောက်က လိုက်လာပါတယ်။ သွက်သွက်လက်လက် ခြေလှမ်းလေးတွေနဲ့ပေါ့။
ရုံးတွင်းရေးရာဌာန အရာရှိမ ရုံးခန်းထဲဝင်တဲ့အထိ အလွန် တုံးအတဲ့ကျွန်မ သဘောမပေါက်။ အရာရှိမ က စာရွက်ဖိုင်ကြီး ဆွဲထုတ်ပြီး စီးပွားရေးတွေမကောင်းလို့ ရုံးတွင်း အလုပ်သမားဦးရေ လျော့ချရမယ့်အကြောင်း၊ ဘယ်သူ့ကို ဘယ်လို ရွေးရမယ် ဆိုတာ သူတို့အတွက် အခက်ခဲဆုံး အလုပ် ဖြစ်ကြောင်း၊ သည်အလုပ်ဟာ သူ အမုန်းဆုံး၊ မလုပ်ချင်ဆုံး ဖြစ်ကြောင်း။
ဘာဘာညာညာတွေ သူပြောနေပေမယ့် သူ့အသံဟာ ဟိုးအဝေးကြီးက လာနေသလိုပဲ။ သူက ရပိုင်ခွင့်တွေ၊ ခံစားပိုင်ခွင့်တွေ၊ အလုပ်က ပေးမယ့် ထောက်ပန့်ကြေးတွေ အကြောင်း ဆက်ပြော နေပေမယ့် ကျွန်မနားထဲမှာ တဘက်ကဝင်ပြီး ချက်ချင်း တဘက်ကထွက်သွားတာလား။ လုံးဝကိုပဲမဝင်တာလား။ ဘာမှ ခေါင်းထဲ မကျန်ခဲ့ဘူး။
ပြောစရာတွေ အကြာကြီး ပြောပြီးတော့ အရာရှိမက ဘာ မေးစရာ၊ ဘာ ပြောစရာ ရှိသလဲ မေးတယ်။ ခေါင်းခါပြတော့ စာရွက်မှာ လက်မှတ်ထိုးခိုင်းပြီး သူနဲ့ ကျွန်မ အထက်အရာရှိ အသီးသီး လက်မှတ်ထိုးပြီး မိတ္တူတရွက် ကျွန်မကိုပေးမယ့် စာရွက်အထပ်ကြီးထဲ ထည့်လိုက်ပါတယ်။
ကျွန်မ အလုပ် ပြုတ်ပါပြီ။
တသက်မှာ တခါမှ မကြုံဘူးခဲ့တဲ့ အလုပ်ပြုတ်တဲ့ အတွေ့အကြုံလေး တခု။
အပြန်မှာ ကျွန်မ အရာရှိက စာနာတဲ့ အကြည့်နဲ့ ကြည့်ပြီး မေးလာတယ်။ ဘာ စီစဉ်ထားသလဲ …. တဲ့။ ဘာကို မေးတာလဲ ဆိုတော့ အလုပ် ပြန် ရှာမှာလား။ ဘယ်မှာ အလုပ် ရှာမလဲ ဆိုတာ။
ငါ အလုပ်ပြုတ်မှာ ကြိုမှ မသိတာ ဘာကို ဘယ်လို စီစဉ်ထားရမှာလဲ ….. အောင့်သက်သက်နဲ့ ပြန်ဖြေလိုက်တော့ သူက နားလည်စွာနဲ့ သူ့အခန်းထဲ ပြန် အရောက်မှာ ဖုန်းနံပါတ် တခု ရေး ပေးတယ်။
“ဒါ ငါတို့ဆီကို ပစ္စည်းသွင်းနေတဲ့ ကုမ္ပဏီ။ ဖုန်း ခေါ်ပြီး အလုပ် မေးကြည့်။ ငါလည်း ဖုန်းခေါ် ပြောပြထားမယ်” တဲ့။ (ဖုန်းခေါ်တာနဲ့ ချက်ချင်း ခေါ် တွေ့ပြီး အလုပ်ရလို့ ထိုစဉ်က ခေတ္တအလုပ်အတွက် သူ့ကို ကျေးဇူး တင်ပါတယ်။ )
X x x
ဘဝမှာ ပထမဆုံးအကြိမ် အလုပ်ပြုတ်တာမို့ရယ်၊ ကိုယ့်ကိုယ်ကို အလုပ်ပြုတ်မယ် မတွေးထားမိတာကြောင့် တုန်တုန် လှုပ်လှုပ်တော့ ဖြစ်သွားခဲ့တာ အမှန်ပါ။ ပြီးခဲ့တဲ့ ခြောက်လလောက် ကတည်းက စီးပွားရေး မကောင်းဘူး ဆိုပြီး ဌာနလိုက် အသုတ်လိုက် အလုပ်ထုတ်နေတာတွေ ရှိခဲ့ပေမယ့်၊ အင်ဂျင် နီယာဌာနက ဝန်ထမ်းဆယ်ယောက်ကျော် ထုတ်ပစ်လိုက်ပြီးမို့ ဒါတွေ၊ သည်ကိစ္စတွေ ပြီးသွားပြီ ထင်နေချိန်မှာ မမျှော်လင့်ပဲ ပန်းရောင် ဖြတ်ပိုင်းလေး (Pink slip အလုပ်ထုတ် ခံရတာကို တင်စား ပြောသော စကား) ရလိုက်တာ အရှိုက်ကို တကယ် ထိ သွားပါတယ်။
အဲသည်အချိန်က အမေရိကားမှာ အလုပ် ပြုတ်တာတွေ၊ ဖြုတ်တာတွေ စတဲ့ အချိန်လောက်ပါ။ သည့်အယင်က အလုပ်ပြုတ်တယ်၊ အဖြုတ်ခံရတယ်ဆိုတာ အမှားအယွင်း ကြီးကြီးမားမား လုပ်မိ၊ အပြစ် ကြီးကျယ်မှ ဖြစ်တတ်တဲ့ကိစ္စတွေ ဖြစ်ပြီး အခုကတော့ စီးပွားရေးမကောင်းလို့ အပြစ်မရှိတဲ့ အလုပ် သမားကောင်းလဲ ဖြုတ်ချ၊ လူလျော့နေတဲ့ အချိန်လေ။
နဘေးရုံးခန်းက အာမေးနီးယားဒီဇိုင်နာက ကူညီပြီး ပစ္စည်းတွေ သိမ်းဆည်းပေးနေချိန်မှာ (တကယ်က အထက်အရာရှိ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ကျွန်မအရာရှိက အဲသည်လောက် တင်းတင်း ကြပ်ကြပ် စာအုပ်ကြီး အတိုင်း မလုပ်ပါဘူး) တယောက်ပြီး တယောက် လာ နှုတ်ဆက်ကြတာ ငိုချင်ပေမယ့် မျက်ရည် မကျအောင် မနည်း ထိန်းထားရတယ်။
အိမ်ကို ရောက်ရောက်ချင်း အမျိုးသားဆီ အလုပ် ပြုတ်ခဲ့တဲ့သတင်း လှမ်းခေါ် ပြောလိုက်တယ်။ အမြဲတမ်း ကျွန်မအပေါ် နားလည် သဘောကောင်းရှာတဲ့ ကျွန်မ ကျေးဇူးရှင်က “ကောင်းတာပေါ့။ အနား ရတာပေါ့။” လို့ အားပေးတယ်။
ဘယ်အရာမဆို အကောင်းမြင် အားပေးမှုပဲပြုတတ်တဲ့ သူ့ဆီက သည်လို အားပေးစကား ကြားရပေမယ့် ကျွန်မ ဘဝင်မကျဘူး။ စိတ်ထဲမှာ မအီမလည်နဲ့ အူလည်လည်၊ တမျိုးကြီး ခံစားနေရတယ်။
အလုပ်က သူငယ်ချင်းတွေကလည်း ပြောလိုက်တယ်။ အလုပ်တခု ပြုတ်တာ ပိုကောင်းတဲ့ နောက်တခု ရဘို့တဲ့ (ဟုတ်ပါတယ်။ ပြုတ်ခဲ့သောအလုပ် ကောင်းလှပြီထင်ခဲ့တာ၊ အခု လက်ရှိအလုပ်က ပိုကောင်း ပါတယ်။)
ဒါပေမယ့် ဘယ်သူ ဘာပြောပြော၊ ဘယ်လို နှစ်သိမ့်ပါစေ၊ အဲသည်အချိန်ကတော့ ဝမ်းနည်းနေမိတာ အမှန်ပါ။ ရင်ထဲမှာ တနုန့်နုန့်နဲ့၊ အလုပ်ပြုတ်တဲ့ သတင်းကို ဆိုးလှပြီ ထင်ထားခဲ့မိတာပေါ့။
အိမ်ရောက်ပြီး ဘာမှ မကြာပါ၊ ယောင်းမထံမှ ဖုန်းလာပါတယ်။
အလုပ်ကို ခေါ်တာ မရလို့ အိမ်ကို ခေါ်လိုက်တာတဲ့။ အလုပ်ပြုတ်ခဲ့တာ သူ မသိသေးပါ။ သူ့ကို ပြောမလို့ ဟန်ပြင်ဆဲမှာပဲ သူက သူ ခေါ်ရခြင်း အကြောင်းရင်းကို ပြောလို့ ကိုယ့်စကားကို ပြောဘို့ မေ့သွားတယ်။
“မမော် သည်ရောက်နေတယ်။ ချီကာဂိုက သူ့အကို ဆီမှာ။ အခြေအနေ မကောင်းဘူး။ ကင်ဆာ ဖြစ်နေတာ ယဲ့ယဲ့ပဲ ကျန်တော့တယ်” တဲ့။ ယောင်းမက အင်ဒီယားနားမှာ နေသူပါ။ သူက ဗမာပြည်မှာတုန်းက ကျွန်မ သူငယ်ချင်း မော်မော်နဲ့ အကောက်ခွန်ရုံးမှာ အလုပ်အတူတူ လုပ်ဘူးလို့ သိခဲ့ ခင်ခဲ့ဘူးပါတယ်။
မော်မော့် အကို ကိုဆိုင်းလီနဲ့ ကျွန်မ အမျိုးသားနဲ့က ဆေးကျောင်းမှာကတည်းက သူငယ်ချင်း တွေမို့ ကိုဆိုင်းလီ ဖုန်းနံပါတ်ကို ချက်ချင်း စုံစမ်းလို့ ရပြီး ဖုန်းခေါ်လိုက်ပါတယ်။
“ဟုတ်တယ် မာလု။ သူ့အခြေအနေက တော်တော် လွန်နေပြီ။ အလွန်ဆုံးနေရ လပိုင်းပဲ။”
စောစောက အလုပ် ပြုတ်လာလို့ မအီမလည် ဖြစ်နေတဲ့ လေးလံနေတဲ့ ရင်အုံ တခုလုံး ဘုန်းဆို ပြုတ်ကျပြီး လူက ငိုက်ကနဲ လဲကျ ရှိုက်အော် ငိုလိုက်ချင်ပါတော့တယ်။ နဂိုက အလုပ်ပြုတ်လို့ စီးကျ နေတဲ့ မျက်ရည်တွေ အခုမှ ရေကာတာ ကျိုးသလို ဒလဟော စီးကျလာပါတော့တယ်။
လာတွေ့လို့ ရတယ်။ သူ့အိမ်မှာပဲ တည်းလို့ ကိုဆိုင်းလီက လိုလိုချင်ချင် ဖိတ်ခေါ် လိုက်တာမှာ ကျွန်မ ချက်ချင်း အမျိုးသားဆီ ဖုန်းဆက် အကျိုးအကြောင်း ပြောပြလိုက်တယ်။ သူက ချက်ချင်း လေယာဉ် လက်မှတ်ရှာဝယ် ပေးပြီး ရက်ပိုင်းအတွင်း ချီကာဂိုသွားတဲ့ လေယာဉ်ပေါ် ကျွန်မ ပါလာပါတော့တယ်။
X x x
မော်မော်နဲ့ ကျွန်မ သိပ်ခင်ပါတယ်။
တက္ကသိုလ်ကျောင်းအပြီး အခင်ဆုံး သူငယ်ချင်း တယောက်ပါ။ စိတ်တူ ကိုယ်တူ အတွေးအခေါ် တူကြပြီး တက္ကသိုလ် လေးနှစ်မှာ မသိခဲ့ မခင်ခဲ့ကြရတာကို နှစ်ယောက်စလုံး နောင်တရ၊ စိတ် မကောင်းကြပေမယ့် တကယ်တော့ သူနဲ့ ကျွန်မဟာ အမုန်းဆုံး ရန်သူတွေ ဖြစ်ခဲ့သင့်တာပါ။
အထူးသဖြင့် ကျွန်မဟာ သူ့အတွက် မုန်းစရာ အကောင်းဆုံး မိန်းကလေးတဦးပါ။
တက္ကသိုလ်ကျောင်းသူဘဝမှာ ပိုးသူပန်းသူတွေ ရှိခဲ့ပေမယ့် ကျွန်မ ရည်းစား တခါမှ မထားဘူး၊ ရည်း စား တယောက်မှ မရှိခဲ့ဘူးပဲ ကန့်ကော်တောမှာ လေးနှစ်တာကာလ ဖြတ်သန်းခဲ့ပါတယ်။ ကျွန်မတို့ သူငယ်ချင်းအုပ်စုက ယောကျ်ားလေး ငါးယောက် မိန်းကလေး ငါးယောက် အမြဲ မခွဲပဲ တပူးတွဲတွဲ နေကြတာမို့ တော်ယုံ ကောင်လေးတွေ ကျွန်မတို့ သူငယ်ချင်း မိန်းကလေး တစုကို ရည်းစားစကား ဝင် ပြောဘို့၊ ရည်းစားစာ လိုက်ပေးဘို့ မလွယ်ပါဘူး။ ကျွန်မတို့ ကိုယ်တိုင်က ကြည်ဖြူပြီး အထာ ပေး၊ လမ်းကြောင်း ပေးမှ သူတို့ အခွင့် ရတာပါ။ သည်လိုနဲ့ နှစ်ယောက်က အတွဲတွေ ရလာပေမယ့် ကျန် နှစ်ယောက်က အတွဲမဲ့ တကိုယ်တည်းတွေပေါ့။ (တဦးက ပထမနှစ် ကတည်းက အိမ်ထောင်နဲ့ပါ။)
လူသိရှင်ကြား ရည်းစားမရှိခဲ့ပေမယ့် ကျွန်မလည်း ဘာသားနဲ့ထုထားလို့လဲ။ စိတ်ထဲက ကျိတ် သဘော ကျသူတော့ ရှိတာပေါ့။ သူက ကျွန်မတို့နဲ့ အတန်း မတူပေမယ့် ပထမနှစ်ကတည်းက အတန်းချင်းက ဟိုဘက်ခန်းနဲ့ သည်ဘက်အခန်း။ ဒုတိယနှစ် မန္တလေးဆောင်မှာ တက်တော့လည်း အတန်းချင်းက ဘေးချင်းကပ်လျက်။ တတိယနှစ်နဲ့ စတုထ္ထနှစ်တွေ ရောက်တော့လည်း အဆောင်ချင်း ဟိုဘက်သည်ဘက်မှာ အတန်းချင်းက လှမ်းမြင်နေရတော့ လူချင်း အမြဲ တွေ့ နေရ။
ထောင်ထောင်မောင်းမောင်း ဂလန်ဂလားအရပ်နဲ့ တော်ယုံ ကောင်လေးတွေ ရည်းစားစကား မပြောရဲတဲ့ ကျွန်မအတွက် မြေပြန့်မှာ ကျောင်းလာတက်တဲ့ အရပ်ရှည်ရှည် တောင်ပေါ်သားလေးက မျက်စိထဲ ထင်းထင်း မြင်မိတာ ပထမနှစ် ကျောင်းစတက်တဲ့ ရက်တွေကတည်းကပါပဲ။
အတန်းချင်းက နီးကပ်နေလို့ အမြဲ မြင် တွေ့နေရချိန်မှာ မျက်လုံးချင်း ဆုံမိကြတာ ခဏခဏ။ စကားတွေ ဖွင့် မပြောပေမယ့် သူ ကျွန်မကို စိတ်ဝင်စားနေတယ်လို့တော့ အထင်သား။ မြင်လိုက်တွေ့လိုက်တိုင်း သူ့မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံတတ်ပါတယ်။ ကိုယ်ကလည်း ကြည့်နေမိလို့ ဖြစ်မှာပေါ့။ သူကလည်း ကြည့်နေတော့ ဆုံတာပေါ့။
ဒုတိယနှစ်မှာတုန်းက ကျွန်မ သူငယ်ချင်းတယောက်ကို သူ့သူငယ်ချင်းတယောက်က ကျွန်မ နာမည် ဘယ်သူလဲ၊ ရည်းစား ရှိသလား၊ ဘာဘာညာညာ ကျွန်မ အကြောင်းတွေ စိတ်ဝင်တစား မေးဘူးတာ သူငယ်ချင်းက ပြောဘူးတယ်။ ဒါပေမယ့် နောက်ဆုံးနှစ်သာ ရောက်လာတယ်။ တွေ့မိချိန်မှာ အကြည့်ချင်း ဆုံပြီး မျက်နှာ လွှဲလိုက်မိတာက လွဲပြီး အခြေအနေက သည်အတိုင်း သည်အတိုင်းပဲ။ သူက ဘာမှ ထပ် မမေး၊ မပြောတော့ ကျွန်မကလည်း သူ ကိုယ့်ကို စိတ် မဝင်စားဘူးပဲ ထင်တာပေါ့။
နောက်ဆုံးနှစ် နှစ်တဝက်လောက်မှာကျတော့ မထင်မှတ်ပဲနီးစပ်ခဲ့ပါတယ်။ ဓါတုဗေဒအဆောင် အပေါ် ထပ် လက်တွေ့ခန်းနဘေးမှာ ကျွန်မတို့ စကားပြောနေတုန်း ဘေး တဘက်အဆောင် အတန်းနဘေးမှာ သူတို့အုပ်စု။ သူ့သူငယ်ချင်းတွေနဲ့ ကျွန်မ သူငယ်ချင်းတွေ ဝိုင်းတွန်းကြတော့ သူက လက်ဟန်ခြေဟန်နဲ့ လာရမလား မေးတယ်။ အဝေးကြီးကနေ ကျွန်မ ရှက်နေချိန်မှာ ကျွန်မ သူငယ်ချင်းတွေက လာခဲ့ လာခဲ့ ဝိုင်းခေါ်ကြတယ်။
တကယ်တော့ မိန်းကလေးတွေ လူအုပ်တောင့်တော့ သူ မလာရဲဘူး ထင်တာရယ်၊ လာခဲ့ယင် ဝိုင်း ဟားမယ် ပြင်တာရယ်ပေါ့။ မထင်ပဲ သူ တကယ်လာတော့ ကျွန်မကော၊ သူငယ်ချင်းတွေပါ မျက်လုံး ပြူးသွားတယ်။ သူ့ကို သနားပြီး သူငယ်ချင်းတွေက ဝိုင်း မဟားပဲ ရှောင်ပေးလိုက်ကြတော့ သူ ကံကောင်းသွားပါတယ်။
သည်လိုနဲ့ သူ ကျွန်မ အတန်းကို မှန်မှန် လာလည်၊ အတန်းအားချိန် စကားတွေ ပြောကြ။ တခါတလေ မုန့် အတူ သွား စားကြပေါ့။
တနေ့မှာ ကျွန်မ သူငယ်ချင်းတယောက်ကနေ သူမရဲ့ သူငယ်ချင်းတယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ မော်မော်ဆိုတဲ့ ထို တိုင်းရင်းသူလေးက ကျွန်မလိုပဲ အရပ် ရှည်ရှည်လေး။ ဒါပေမယ့် သူက အသားဖြူဖြူနဲ့ ကိုယ်လုံး ကိုယ်ပေါက်ကလည်း အမိစား၊ လူကလည်း ရှိုးကျကျ အပျံစား။ သူက ကျွန်မထက် အသက် နည်းနည်းကြီးတယ်။ မဟာတန်း တက်နေတာ တဲ့။ ခဏလေးပဲ စကား ပြောလိုက်ရတယ် သူနဲ့ ခင်သွားပါတယ်။ သည်မှာသူက ကြုံကြိုက်ယင် သူတို့ စီးပွားရေးတက္ကသိုလ်ဘက် လာလည်ဘို့ ဖိတ် ပါတယ်။ သူငယ်ချင်း အဖေါ် ရှိယင်လည်း ခေါ်ခဲ့ပေါ့ တဲ့။ သဘောက ရည်းစားရှိယင် ခေါ်ခဲ့ပေါ့။
ကျွန်မက ရည်းစား မရှိသေးပါဘူး ဆိုတော့ ပြုံးပြီး ဘာပဲဖြစ်ဖြစ် ခေါ်ခဲ့ တဲ့။
အတန်းပြီးတဲ့ အချိန်မှာ ကျွန်မလည်း ကျွန်မ သူငယ်ချင်းကောင်လေးကို သွားနေကျ သိပ္ပံ စားသောက်တန်းတို့ အင်းလျားလမ်းက ဆိုင်တွေဆီ မသွားပဲ သည်နေ့ အီကိုကဲန်တင်း သွားရအောင် ပြောမိတယ်။ အင်တင်တင်နဲ့ နောက်ဆုံးတော့ သူ သဘောတူ၊ လိုက်လာတယ်။ အီကိုကဲန်တင်းမှာ ကျွန်မတို့ မုန့်စားနေတုန်း ကျွန်မ အသစ်စက်စက် သူငယ်ချင်း မော်မော် ရောက်ချလာတယ်။
ကျွန်မက ဝမ်းသာအားရနဲ့ ကျွန်မတို့ဝိုင်းမှာထိုင်ဘို့ ဖိတ်ခေါ်ပြီး ကျွန်မရဲ့ ယောကျ်ားလေး သူငယ်ချင်း နဲ့ မိတ်ဆက်ပေးမိတယ်။ သူတို့နှစ်ယောက်စလုံး တွေ့ရတာ ဝမ်းသာပါတယ်၊ ဘာညာပေါ့။ ပြီးတော့ တယောက်နဲ့ တယောက် ဘယ်အတန်း ကလဲ၊ ဘယ်ဘာသာ တက်နေသလဲ။ ဘယ်မှာ နေသလဲ၊ ဘယ်ဇာတိလဲတွေ မေးကြ၊ စကား ပြောကြပေါ့။ သူတို့ချင်း ခင်ခင် မင်မင် ပြောနေကြတာ ကြည့်ပြီး ကျွန်မလည်း ဝမ်းသာ နေတယ်။ အခုမှ တွေ့တာ သိတာ မကြာသေးပေမယ့် မော်မော့်ကို ကျွန်မ တော်တော် ခင်နေပြီ။ ညနေတိုင် ဖုန်းပြောယင် သူနဲ့ ကျွန်မ အတွေးတူ၊ အမြင်တူ၊ အကြိုက်တူတာလေးတွေ တော် တော် သိထားပြီး စကားပြောလို့လဲ ကောင်းတာကိုး။ သည်တော့ ကျွန်မ သဘောကျနေသူ၊ တနေ့မှာ ကျွန်မရည်းစား ဖြစ်လာနိုင်သူ နဲ့ ကိုယ်ခင်တဲ့ သူငယ်ချင်း သင့်မြတ်မှ ကျွန်မ ပျော်ရမှာပေါ့၊ မဟုတ်ဘူးလား။
မုန့်စားပြီးလို့ အအေးမှာတော့ ကျွန်မက ထုံးစံအတိုင်း သံပုရာရည် မှာပါတယ်။ သည်မှာ မော်မော်က သူလည်း သံပုရာရည်ပဲ သောက်မယ် ဆိုပြီး မှာယင်း ဦးယမ်းဘီလူး သမီး မဘုတ်ကို “သံပုရာရည်ကို ချဉ် ချဉ်လေး လုပ်ပေး” လို့ ပြောတယ်။
သည်မှာ ကျွန်မ သူငယ်ချင်းက ဝင်ပြီး “ဟုတ်တယ် မဘုတ်။ ချဉ်မှ ကောင်းတယ်။ ချဉ်သထက် ချဉ်အောင် ဆားများများ ထည့်ပေးလိုက်” လို့ ပြောပါတယ်။ ကျွန်မ သူငယ်ချင်းကောင်လေးရဲ့ အပြောကို ကျွန်မ ဘဝင် မကျ ဖြစ်မိတယ်။ မော်မော့်ကို အားနာ မိတယ်။ ဒါပေမယ့် မော်မော်က ဟန်မပျက်ပဲ
“ချဉ်သထက် ချဉ်နိုင်အောင် အချဉ်ဆုံး လုပ်ပေး မဘုတ်၊ မော်မော်တို့က ခပ် ချဉ်ချဉ်ပဲ” ထပ်ပြောလိုက် ပါတယ်။ ပြီးတော့ ကျွန်မကို တခြားစကားတွေ ပြောတယ်။
အလွန် တုံး၊ အလွန် အတဲ့ ကျွန်မ၊ နောင် ရက်ပေါင်းများစွာ ကြာပြီးမှ မော်မော့်ကို ခေါ်လာ မိတ်ဆက်ပေးတဲ့သူငယ်ချင်းက ပြောပြလို့ ကျွန်မရဲ့ အသစ်စက်စက် သူငယ်ချင်းများဟာ တချိန်က သူတို့အချင်း ချင်း သိပ်ခင်ကြတဲ့သူတွေ၊ တတွဲတွဲ မခွဲခဲ့သူတွေဆိုတာ သိလိုက်ရတယ်။
ရုတ်တရက်ကြီး သူ့ကို သူငယ်ချင်းအဖြစ်ကနေ အဆက်ဖြတ်၊ မခေါ်မပြော လုပ်လို့ မော်မော့်ခမြာ သူ ဘာ မှားသွားလို့လဲ။ ဘာဖြစ်တာလဲ လိုက်စုံစမ်းယင်း သူ့သူငယ်ချင်းက သူငယ်ချင်း အသစ် (ကျွန်မ) ရနေပြီ သိရတာတဲ့။
အစကတော့ သူ့သူငယ်ချင်းကို လုသွားတယ် ဆိုပြီး မကျေနပ်စိတ် အပြည့်နဲ့ ဘယ်သူလဲ၊ ဘယ်လို မိန်းကလေးလဲ လာ အကဲခပ်တဲ့ မော်မော်ဟာ တကယ်တမ်း ကျွန်မကို သိရချိန်မှာ ခင်မင်သွားပြီး ကျွန်မတို့ သိပ်ခင်တဲ့ ဘော်ဒါတွေ ဖြစ်သွားပါတယ်။
သည်တခါ အလှည့်ကျတဲ့ စီရင်ချက် ချရမယ့်သူက ကျွန်မ။
တဘက်က နှစ်ရှည်လများ စိတ်ထဲ ကြိတ် သဘောကျနေခဲ့မိသူ။ တဘက်က ရှားရှားပါးပါး ရလိုက်တဲ့ စိတ်တူ ကိုယ်တူ၊ အတွေးတူတဲ့ သူငယ်ချင်း။
ခေလိုက်တဲ့ ငါ့ကံရယ် ဆိုပြီး အစွန်းအထင်း ထင်သွားတဲ့ အဝတ်ကို အစွန်းပျောက်အောင် လျှော် ဖွတ်သလို စင်းလုံးမချောတဲ့ ကျွန်မ ကံကိုလည်း အထပ်ထပ် ရိုက်ခတ်ပြီး လျှော်ဖွတ်လို့ ရယင် လျှော်လိုက်ချင်ပါရဲ့။
လူတယောက်ကို လွယ်လွယ်နဲ့ မခင်တတ်၊ သူငယ်ချင်း မဖြစ်တတ်သူ ကျွန်မ၊ ရှားရှားပါးပါးလေး နှစ်ယောက် တွေ့ပါတယ်၊ ခင်မိပါတယ်၊ သူတို့နှစ်ယောက်က ရာဇဝင်ထဲမှာ ကျောချင်းခိုင်း သွားကြရမယ့် သူတွေ ဖြစ်နေကြပြီလေ။
ဦးနှောက် ခြောက်၊ အကြံ အိုက်နေစဉ်မှာပဲ ကျောင်းပြီးလို့ သူ နယ်ကို ပြန်သွားပါတယ်။ စာတော်သူ ကျောင်းသားတဦးမို့ မဟာသိပ္ပံအတန်း လာတက်မှာပဲ စောင့်နေစဉ်မှာ သူ ရန်ကုန် ပြန်ရောက်လာပေမယ့် မဟာတန်းကို ရန်ကုန်မှာ မတက်တော့ဘူး ပြောတယ်။
တကယ်တော့ သူ့မှာ အစောကြီးကတည်းက အစီအစဉ်က ရှိပြီးသားပါ။ ဘွဲ့ရပြီးလျှင် ပြည်ပ သွားပြီး အဆင့်မြင့်ပညာ ဆက်သင်ဘို့ ကြိုစီစဉ်ပြီးသားပါ။ ဘယ်တော့ ပြန်လာမှာလဲ မေးတော့ သူ မဖြေဘူး။ ကျွန်မကိုလည်း ပြည်ပမှာ ဆက် ပညာသင်လို့ ရအောင် သူ ကူညီမယ်။ တနေ့မှာ သူ့နောက် လိုက်လာဘို့ ပြောပါတယ်။
သူ ပြောပုံက ဗမာပြည်ကို ပြန် မလာပဲ တသက် အပြီး ထွက်သွားမယ့် ပုံပါ။
ကျွန်မ သူ့နောက်လိုက်ယင် ကိုယ်လည်း မွေးရပ်မြေကို ပြန် မလာပဲ တသက်အပြီး စွန့်ခွာ သွားရမယ် ထင်ပါတယ်။ အဲသည်အချိန်က တိုင်းပြည်ကနေ ပညာတော်သင် လွှတ်တာ မဟုတ်ယင် အစိုးရနဲ့ နီး စပ်သူတွေပဲ ဆေးကု ထွက်ခွင့်ရတာပါ။ တခြားသူတွေကတော့ တခါထွက် တသက်ပြတ် ကာလပါ။ သည်တော့ မိဘတွေ၊ မောင်နှမသားချင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အမိ မြန်မာပြည်ကို ကျွန်မ အပြီး စွန့်နိုင်မှာလား။
အံ့သြစရာက အဲသည်အချိန်မှာ ကျွန်မ အားကိုးတကြီး ရင်ဖွင့်မိတာ မော်မော် ပါ။
ရည်းစား ထားမယ် မကြံရသေးဘူး အသဲကွဲရတဲ့ ကျွန်မကို ချော့ခဲ့သူဟာ မော်မော် ပါ။
နောက်ဆုံးတော့ ကျွန်မ နဘေးမှာ ကျန်ခဲ့သူက မော်မော် ပါ။
X x x
Thanksgiving လို့ ခေါ်တဲ့ ကျေးဇူးတော်နေ့ မတိုင်မီ တရက်မှာ ကျွန်မကို မော်မော့်အကို ကိုဆိုင်းလီ ချီကာဂိုလေဆိပ်မှာ လာကြိုပါတယ်။
အိမ်ကို အသွား လမ်းမှာ ကိုဆိုင်းလီက သူ့ညီမ အခြေအနေကို ရှင်းပြတယ်။ ကျွန်မ သူငယ်ချင်း သည်ဘဝမှာ အသက်ရှင်သန် နေထိုင်ဘို့ လပိုင်းတောင် ကျန်တော့မယ် မထင်ဘူး တဲ့။
ကျွန်မရင်ထဲ ဆို့သွားပါတယ်။ ကိုဆိုင်းလီက ဆရာဝန်တယောက်မို့ ဟုတ်ရဲ့လားလို့ ပြန် မမေးမိ တော့ဘူး။ အိမ်ကိုရောက်တော့ ကျွန်မလာတာကိုအားလုံးကစောင့်မျှော်နေကြတယ်။ ကိုဆိုင်းလီအမျိုးသမီး လုလူ၊ မော်မော့် မောင်လေးတွေနဲ့ မော်မော့်မေမေ အန်တီလည်း ရှိပါတယ်။
မော်မော့်ကို မြင်ရချိန်မှာ ကျွန်မ မျက်ရည် မကျဘို့ မနည်း ထိန်းထားရတယ်။ နဂိုကလည်း ပိန် သွယ်သွယ် ကျွန်မသူငယ်ချင်းဟာ အခုတော့ အရိုးပေါ်အရေတင်သာသာပါ။ ဆေးအပြင်းတွေ၊ ဓါတ်ကင်ရတာတွေကြောင့် ဆံပင်တွေ အထွေးလိုက်ကျွတ်ကုန်လို့ ခေါင်းတုန်း ရိတ်ထားရတယ်။ နဂိုက ဖြူဝင်းတဲ့ အသားဟာ အခုတော့ အညိုအမဲ စွဲတဲ့ နေရာက စွဲပေါ့။
ကျွန်မကို မြင်တော့ သူ အရမ်း ဝမ်းသာသွားတယ်။
လူတယောက်ဟာ ဘယ်လောက်ပဲ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်း များပါစေ၊ သူ့အပေါ် ချစ် ခင်ကြပါစေ၊ ဘဝမှာ အရာရာကို ဖွင့်ဟ တိုင်ပင်လို့ ရတဲ့ တိုးတိုးဘော် တိုင်ပင်ဘက် သူငယ်ချင်း တယောက်တော့ လိုပါတယ်။ အနောက်တိုင်းသားတွေ ပြော ပြောနေတဲ့ Confidant ဆိုတာပေါ့။ အစစ အရာရာ လျှို့ဝှက်ချက်တွေကအစ ဘယ်ကိုမှ မပေါက်ကြား၊ စိတ်ချ ယုံကြည်စွာ ပြောလို့ ရတဲ့ သူငယ်ချင်းမျိုး ကို ဆိုတာပါ။
သူနဲ့ ကျွန်မဟာ တက္ကသိုလ်နောက်ဆုံးနှစ် ပြီးကာနီး အသက်နှစ်ဆယ်ကျော်တွေ ဖြစ်ကာမှ သိကြ၊ ခင်ကြရပေမယ့်၊ သိရပုံ ဇာတ်လမ်းအစ မလှခဲ့ပေမယ့် အဆုံးမှာတော့ တကယ့်ကို စိတ်ချရတဲ့ တိုးတိုးဖေါ် တိုင်ပင်ဘက်တွေ ဖြစ်လာရအောင် တယောက်နဲ့ တယောက် ခင်မင်၊ တယောက်အကြောင်းကို တယောက် နှုတ်လုံခဲ့ကြပါတယ်။
ကျွန်မ နိုင်ငံခြား ထွက်သွားအပြီး၊ သူနဲ့ကျွန်မ အနေဝေးခဲ့ချိန်မှာ ဖြစ်ခဲ့တဲ့ ကျွန်မဘဝအကြောင်းတွေကို စိတ်ဝင်တစား မေးသလို သူ့အကြောင်းတွေကိုလည်း အားပါးတရ ပြောပြခဲ့တယ်။ တကယ်ကတော့ ရင်ဖွင့်ခဲ့တာပေါ့လေ။
သူ ဘာတွေ ရင်ဖွင့်ခဲ့တယ် ကျွန်မ မရေးတော့ဘူး။ ကျွန်မအကြောင်းတွေကို သူ သေရာပါတဲ့ အထိ နှုတ်လုံသလို သူ ရင်ဖွင့်ခဲ့တာတွေကိုလည်း ကျွန်မ သေရာအထိ တိတ်တိတ်ဆိတ်ဆိတ် ယူသွားမှာပါ။
သေချာတာတခုကတော့ ကျွန်မနဲ့ တွေ့ခဲ့ချိန်မှာ သူ တော်တော် ပျော်ခဲ့တယ် ဆိုတာပါပဲ။ သူ ဈေးဝယ် ထားတာတွေ၊ ဗမာပြည်ပြန်ရောက်ပြီး နေကောင်းယင် ဘယ်လို ဝတ်စား၊ ရှိုးထုတ်ဦးမယ် ဆိုတာတွေ အားရပါးရ ပြောနေပါတယ်။ သူ့ရောဂါ အခြေအနေမှန်ကို သူ သိထားပုံ မရပါ။ သူ ထင်နေတာက အနောက်တိုင်း ဆေးနဲ့ ကု မရပေမယ့် ဗမာပြည် ပြန်ပြီး တိုင်းရင်းဆေး၊ ဆေးမြစ် သစ်ဥတွေနဲ့ ကုယင် သူ့ရောဂါကြီး ပျောက်သွားမယ် ထင်နေပါတယ်။
ယုံကြည်ချက်အပြည့်နဲ့ ဗမာပြည်ပြန်ဘို့ မျှော်လင့်တကြီး ဖြစ်နေသူကို ကျွန်မ အမှန် မပြောရက်ခဲ့ဘူး။ အတူနေခဲ့တဲ့ သုံးရက်တာကလေးမှာ သူ ပြောချင်တာ ပြော၊ နားထောင်ပြီး၊ သူ သိချင်တာ ပြောပြလို့၊ ငယ်ငယ်က ပျော်စရာ အချိန်ကလေးတွေ ပြန်ပြောင်း အသက်သွင်း သရုပ်ဖေါ်ကြယင်း စိတ်ကို နုပျိုစေခဲ့ပါတယ်။
ကျွန်မပြန်လာပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ သူ ဗမာပြည် ပြန်သွားပါတယ်။ သူ့မိသားစုက မပြန် စေချင်ပေမယ့် သူက ပြန်ချင်စိတ်ကြီးမားနေလို့ သူ့အတွက် လိုအပ်မယ့် ဆေးတွေကို အလုံအလောက် ထုတ်ပိုး ထည့် ပေးလိုက်ပြီး သူ စိတ်ချမ်းသာအောင် ပေး ပြန်လိုက်ကြပါတယ်။
သူ ပြန်သွားပြီး မကြာခင် အေးမြတဲ့ ဒီဇင်ဘာလရဲ့ ဆောင်းည တညမှာ သူ့အကို ဖုန်းဆက် လာတယ်။
မော်မော် ရန်ကုန်မှာ ဆုံးသွားပြီ တဲ့။
X x x
သူ ကွယ်လွန်ချိန်မှာ အသက် လေးဆယ် ကျော်ပဲ ရှိပါသေးတယ်။
အခုဆို ကျွန်မသူငယ်ချင်း တမလွန်ကို ထွက်သွားနှင့်တာ သည်ဒီဇင်ဘာမှာ တဆယ့် နှစ် နှစ် ရှိပါပြီ။
ဘုရားရှင်ရဲ့ တရားတော်တွေထဲကလိုပဲ အရာရာဟာ သူ့အကြောင်းအကျိုးနဲ့ သူ ဖြစ်လာတာချည်းပါ။
မော်မော်နဲ့ စသိရစဉ်က အချို့ ကျွန်မသူငယ်ချင်းတွေက ကျွန်မကို နားမလည်ကြဘူး။ ဘာကြောင့် သူငယ်ချင်း ဖြစ်ရသလဲ။ ခင်စရာ အကြောင်း မရှိဘူးပေါ့။ ကျွန်မလည်း သည်အချက်ကို လက်ခံလျက်နဲ့ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။
မော်မော်နဲ့သာ မသိခဲ့ရယင် အဲသည်အချိန်ကရော၊ နောက်ပိုင်းမှာပါ စိတ်ချ ယုံကြည်ရစွာ ရင်ဖွင့်နိုင်တဲ့ သူငယ်ချင်းကောင်း တယောက် ဘဝမှာ ရခဲ့မှာ မဟုတ်ပါဘူး။
မွေးနေ့အပြီး တပတ်အကြာ မထင်မှတ်ပဲ အလုပ်ပြုတ်တော့ ကျွန်မ အလွန် စိတ်ထိခိုက်မိတယ်။ ဘဝမှာ တခါမှ အလုပ် မပြုတ်ဘူးသေးတော့ ခံစားချက်က အလွန်ပြင်း။ ခင်မင်တဲ့ လုပ်ဘော် ကိုင်ဘက်တွေနဲ့ ခွဲရမှာ မလိုလားဘူးလေ။
အခု အသေအချာ ပြန်စဉ်းစားကြည့်မိတော့ တကယ်လို့သာ ကျွန်မ အဲသည်နေ့က အလုပ် မပြုတ်ခဲ့ယင် ကျွန်မ ယောင်းမ ဖုန်းဆက်လာလည်း ကျွန်မ မော်မော့်ကို သွားတွေ့ဘို့ ဘယ်လိုမှ လွယ်မယ် မထင်ပါဘူး။
ကျေးဇူးတော်နေ့မှာ လူတိုင်းလိုလို ခရီးသွားကြ၊ ခွင့်ယူတာတွေ များလို့ ခွင့်ယူချင်ယင် အနည်းဆုံး နှစ်ပတ် ကြို ခွင့်စာ တင်ရပြီး လက်မှတ်ကလည်း အဲသည်အပတ် ဗုဒ္ဓဟူးနေ့ ညနေ လေယာဉ်လက်မှတ်တွေဟာ ဈေးအလွန်ကြီးပြီး စောစောကြို မဝယ်ထားယင် ဘယ်လိုမှ ဝယ် မရအောင် ကုန်နေတတ်ပါတယ်။ တကယ်လို့ ကျွန်မသာ အလုပ်ရှိနေယင် မော်မော့်ကို လာတွေ့နိုင်ပါ့မလား သံသယ ဖြစ်စရာပါ။ လေယာဉ်လက်မှတ် ဝယ်မရယင် ဘယ်လိုမှ သွားဘို့ မလွယ်တဲ့ ခရီးမို့လို့ပါ။
အခုတော့ အလုပ်ပြုတ်တာ၊ အဖြုတ်ခံလိုက်ရတာကိုတောင် ကျေးဇူးတင်ရ မလိုလို။
X x x
လပြည့်နေ့ညမို့ ခြံထဲ ထိုးဆင်းနေတဲ့ လအရိပ်ကို ကြည့်ယင်း ကျွန်မ စဉ်းစားနေမိတာတွေပါ။
ခြံအလည် မြက်ခင်းအပေါ်ကို လရောင်က ထိန်ထိန်လင်းအောင် ဖြာဆင်းနေတာ ကျွန်မ ကြည့်ယင်း အတိတ်က ပုံရိပ်တွေက ရုပ်ရှင်ပိတ်ကားပေါ်ကို ဆလိုက်ထိုး ပြနေသလို တခန်းပြီး တခန်း ကျွန်မ မြင်နေမိတယ်။
ဖိုးရွှေလမင်းကို မော်ကြည့်မိပေမယ့် အဖိုးအိုရော၊ ရွှေယုန်ကလေးပါ ကျွန်မ ရှာ ကြည့်လို့ မရဘူး။ ဒါပေမယ့် ခြံထဲက မြက်ခင်းပေါ်မှာတော့ တခါက မော်မော်နဲ့ မာလုတို့ ပျော်ပါးခဲ့ရတဲ့ အချိန်တွေ ကျွန်မ မြင်လို့ရနေတယ်။
ကလေးလေးတွေ ငိုယင် ဖိုးလ နတ်သားက ချော့ သတဲ့။
ကလေး မဟုတ်၊ ဘာမဟုတ် ကြီးကောင်ကြီးမားကျမှငိုနေယင် ဖိုးလနတ်သားကတော့ ချော့မှာမဟုတ် ပါဘူး။ ဒါပေမယ့် တခါက ကျွန်မငိုတုန်းက ကျွန်မချစ်တဲ့ သူငယ်ချင်း ကျွန်မကို ချော့ခဲ့ဘူးတယ်။
ချစ်သူငယ်ချင်း ကောင်းရာသုဂတိ လားမှာပါ။
နောက်ဘဝ ကျယင်သာ သည်ဘဝလို မဟုတ်ပဲ အနာရောဂါ ကင်းစွာနဲ့ အသက်ရှည်ရှည် နေရပြီး ချစ်တဲ့သူနဲ့ ပျော်ရွှင်စွာ သေတပန်သက်တဆုံး လက်တွဲနိုင်ပါစေ ဆုတောင်းပေးမိပါတယ်။
No comments:
Post a Comment