(ဘာသာပြန်သူရဲ့ အမှာ - 2004 ခုနှစ် မဂ္ဂဇင်းတခုမှာ အမှတ်မထင် ဖတ်လိုက်မိတဲ့ ဆောင်းပါးကလေး ရင်ထဲစွဲလွန်းလို့ ဆောင်းပါးပါ မဂ္ဂဇင်းကို သိမ်းထားခဲ့မိတယ်။ တနေ့နေ့ ချိန်ခါမှာ ဘာသာပြန်ရေးမယ် တွေးထားဆဲ နာမည်ကျော်မင်းသား ကယ်ဗင်ဗေကဲန် (Kevin Bacon) ပါဝင်သရုပ်ဆောင်တဲ့ တယ်လီဗီရှင်းရုပ်ရှင် ထွက်လာခဲ့တယ်။ မိတ်ဆွေအများ မူရင်းဆောင်းပါးကို မဖတ်ဘူးပေမယ့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲကလေးကိုတော့ ကြည့်ပြီးကြလောက်မှာပါ။ သို့ပေငြား ရင်ထဲတနုန့်နုန့် ခံစားရဆဲမို့ ဘာသာပြန် ရေးတင်လိုက်ပါတယ်။ ရေးယင်းနဲ့ ဘာ့ကြောင့် သည်စာကို သည်လောက်ရေးချင်နေမိတယ် ကိုယ့်ဘာသာ သဘောပေါက်လာမိတယ်။)
လွန်ခဲ့သော တနှစ်ကျော်လောက်က စပြီး ကျွန်တော်ဟာ စစ်မြေပြင်မှာ ကျဆုံးသွားကြတဲ့ အမေရိကန် မရိန်း ကမ်းတက်တပ်သားတွေရဲ့ ကြွင်းကျန်ရစ်သော ရုပ်အလောင်းတွေကို မြုတ်နှံရာ ဒေသအရောက် အဖေါ်ပြု ပို့ဆောင်ပေးတဲ့ ‘ခရီးဖေါ်’ တာဝန်ကို ထမ်းဆောင်ဘို့ အမည်စာရင်း ပေးခဲ့ပါတယ်။ အီရတ်နိုင်ငံ စစ်မြေပြင်တွေမှာ ကျဆုံးသူ အရေအတွက် များ လာသလို ထို ခရီးဖေါ် လိုအပ်ချက်ကလဲ မြင့်မား လာခဲ့တယ်။
တပ်မတော်ဟာ ကျဆုံးသွားသော စစ်သည်တွေကို သက်ဆိုင်ရာ မိသားစု၊ ဆွေမျိုးသားချင်းများထံ ပြန်လည် ပို့ဆောင် ပေးရာမှာ ခရီးတလျှောက် အနှောက်အယှက်၊ အထိအခိုက် မရှိအောင် ဝတ်စုံပြည့် အရာရှိတဦးက ရုပ်ကလာပ်ကို အဖေါ်ပြု လိုက်ရသလို ရာထူး အဆင့်မရွေး ကျဆုံးသူရဲ့ ရုပ်ကြွင်းကို တလေးတစား အရိုအသေ ပြု၊ ဆက်ဆန်စေပါတယ်။
ကောင်းသတင်းလို့ပဲ ဆိုရမလား၊ အီရတ်လွတ်မြောက်ရေးတိုက်ပွဲတွေ စတင်ကတည်းက ကျွန်တော် တခါမှ ထိုတာဝန် ထမ်းဆောင်ဘို့ အခေါ် မခံရသေးဘူး။ ဒါပေမယ့် ၂၀၀၄ ခုနှစ် ဧပြီလဆန်း ရက် သတ္တ ပတ်တွေကတော့ အမေရိကန် မရိန်းတပ်သားတွေအတွက် ဆိုးရွားတဲ့ ကာလ ဖြစ်စေခဲ့တယ်။ အီစတာ တနင်္ဂနွေနေ့ အပြီး တနင်္လာနေ့မှာ ကျွန်တော်ဟာ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်း ကျေညာချက်တွေ ဖတ်ရှုနေယင်း အီရတ်မြို့ပြင်မှာ ကျဆုံးသွားတဲ့ တပ်သား ချန့်စ် ဖဲ့လ်ပ်စ်ရဲ့ နာရေးသတင်းကို ဖတ်လိုက်မိတယ်။ နာရေးကြော်ငြာထဲမှာ သူ မွေးဖွား ကြီးပြင်းခဲ့ရာ ဒေသက ကျွန်တော်နဲ့ တမြို့ထဲ ဖြစ်နေတယ်။ သည်မှာ ကျွန်တော်ဟာ သက်ဆိုင်ရာဌာနက အရာရှိကိုဆက်သွယ်ပြီး အကယ် ၍များ တပ်သား ဖဲ့လ်ပ်စ်ကို အိမ် ပြန်ပို့ဘို့ ခရီး ကျွန်တော်တို့တပ်ဖွဲ့ တာဝန်ကျခဲ့ရင် ထိုတာဝန်ကို ကျွန်တော် ထမ်းဆောင်လိုကြောင်း တောင်းဆို ခွင့်ပန် လိုက်ပါတယ်။
တနင်္လာနေ့ တနေ့လုံး ဘာသတင်းမှ ပြန် မကြားရဘူး။ အင်္ဂါနေ့မှာလဲ ထိုနည်းလည်းကောင်းပဲ။ ဖုန်းခေါ်သံ တနေ့လုံး တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့် ညနေ ခြောက်နာရီမှာ ကျွန်တော့် ဆဲလ်ဖုန်း အသံ မြည်လာတယ်။ ခေါ်လာသူက တပ်တွင်း တာဝန်ချထားရေး အရာရှိ။ ကျွန်တော့်ကို ၁၉၀၀ နာရီ (ညနေ ခုနှစ်နာရီ) မှာ ဒိုဗာ လေတပ်စခန်း (Dover Air Force Base) ကို ထွက်ခွာဘို့ အဆင်သင့် ပြင်ထားပါ ပြောလာတယ်။ တပ်သား ဖဲ့လ်ပ်စ်ရဲ့ ရုပ်ကြွင်းကို ပြန်ပို့တဲ့ ခရီးဖေါ် တာဝန် ထမ်းဆောင်ရမယ် ပြောတယ်။
ဒိုဗာကို မထွက်ခွာမီ ဖဲ့လ်ပ်စ် သေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ မိဘတွေကို ဆက်သွယ် အကြောင်း ကြားဘို့ တာဝန်ကျသူ ဗိုလ်မှုးကို ကျွန်တော် ဖုန်းခေါ် ဆက်သွယ်လိုက်တယ်။ ထိုဗိုလ်မှုးက အသုဘ အခမ်း အနားကို ဝိုင်အိုမင်ပြည်နယ် (Wyoming State)၊ ဒူဘွာမြို့ (Dubois) မှာ ပြုလုပ်မယ် ဆိုတာ ပြောပြတယ်။ (တကယ်တော့ တပ်သား ဖဲ့လ်ပ်စ်ဟာ ကျွန်တော့ မွေးရပ်ဒေသက မြို့မှာ အထက်တန်း ကျောင်းသား ဘဝမှာပဲ နေထိုင်ခဲ့တယ်။) သူ့မိဘများ နေထိုင်ရာ ဒူဘွာမြို့ကို ကျွန်တော် တခါမှ မကြားဘူး သလို၊ ဝိုင်အိုမင်ပြည်နယ်ကိုလဲ တခါမှ မရောက်ဘူး ဘူး။
အခြား ရုပ်ကြွင်းခရီးဖေါ်အရာရှိ နှစ်ဦးနဲ့အတူ ကျွန်တော်ဟာ ကျွန်တော်တို့ရဲ့ Quantico စခန်း ကနေ ဒိုဗာလေတပ် အခြေစိုက်စခန်းကို အင်္ဂါနေ့ည ဆယ့်တစ်နာရီခွဲမှာ ရောက်ရှိခဲ့ကြတယ်။ ဗုဒ္ဓဟူးနေ့ မနက်မှာ ပထမဦးဆုံး အနေနဲ့ စခန်းမှာရှိတဲ့ ရေခဲတိုက်ကို တာဝန် ထမ်းဆောင်ဘို့ သတင်း ပေးပို့တယ်။ ခရီးဖေါ်တွေ စောင့်တဲ့ အခန်းဆောင်ထဲမှာ ဒါဇင်ဝက်ခန့် ရှိမယ့် ကြည်းတပ်သားတွေနဲ့၊ အလားတူ အရေ အတွက်လောက် ရှိမယ့် မရိန်းတပ်သားတွေဟာ သူတို့ သယ်ဆောင် ပေးရမယ့် ရုပ်ကြွင်းတွေနဲ့ တွေ့ဆုံဘို့ စောင့်နေကြတယ်။ တပ်သား ဖဲ့လ်ပ်စ် အဆင်သင့် မဖြစ်သေးလို့ နောက်တနေ့၊ ကြာသပတေးနေ့မှ ပြန်လာ ခေါ်ဘို့ ကျွန်တော့်ကို ပြောလာတယ်။ ကဲ … ဒိုဗာ လေတပ်စခန်းမှာ ကျွန်တော် ဘာမှ လုပ်စရာ မရှိ။ ရှေ့ဆက် ထမ်းဆောင်ရမယ့် တာဝန်ကလဲ ကြေကွဲဘွယ်ရာမို့ ကျွန်တော် ရင်ထဲ လေးလံစွာနဲ့ စိတ်က မပျော်မရွှင် မှိုင် တိုင်တိုင်။
သည်မှာ ကျွန်တော် ချန့်စ် ဖဲ့လ်ပ်စ် (Chance Phelps) အကြောင်း တွေးမိတယ်။ သူ့အကြောင်းကို ကျွန်တော် ဘာမှ မသိဘူး။ အနည်းဆုံး သူ ဘယ်လို ပုံပန်းသဏ္ဏာန် ရှိတယ် ဆိုတာတောင် မသိဘူး။ သူ့မိသားစုအကြောင်း ကျွန်တော် စဉ်းစား မိတယ်။ နောက်ပြီး သူတို့နဲ့ တွေ့ဆုံရမယ့် အချက်ကို စိတ်က ရောက်မိပြန်တယ်။ လှုပ်ရှားနေတဲ့ စိတ်တွေ ငြိမ်အောင် ကျွန်တော် အခန်းထဲမှာ လက်နှစ်ဘက်ထောက် ဒိုက်ထိုး နေလိုက်တယ်။ ဘယ်လောက်တောင် ကြာသွားသလဲ ဆိုရင် နောက်ထပ် နည်းနည်းမှ မလှုပ်ရှားနိုင်တော့တဲ့ အထိ လုပ်လိုက်မိတယ်။
ကြာသပတေးနေ့ မနက်မှာ တာဝန်ထမ်းဆောင်ဘို့ အသင့် စောင့်နေကြောင်း ရေခဲတိုက်ကို ကျွန်တော် သတင်း ထပ်ပို့တယ်။ သည်တကြိမ်မှာ ခရီးဖေါ်တာဝန် ထမ်းဆောင်ဘို့ ကြည်းတပ် ဝတ်စုံဝတ် မျက်နှာသစ် တချို့နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ခဲ့ဘူးတဲ့ မရိန်းတပ်က နှစ်ယောက်ကို တွေ့ ရတယ်။ ထို့အပြင် ဝတ်စုံအပြည့်နဲ့ လေတပ်ဗိုလ်ကြီးတဦးကို သူ့ညီကို (San Diego) စဲန်ဒီယာဂိုမြို့ အရောက် အိမ်ပြန် ပို့ပေးဘို့ စောင့်နေတာ တွေ့လိုက်ရတယ်။
တည်ကြည်တဲ့ မျက်နှာနဲ့ အရာရှိတဦးက ကျွန်တော်တို့ ထမ်းဆောင်ရမယ့် တာဝန်အကြောင်း အတို ချုပ် ရှင်းပြတယ်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို အဘယ်ကဲ့သို့ ထိမ်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက် ရမည့် အကြောင်း၊ အခေါင်းပေါ်ကို အလံ ခင်းရာမှာ အဘယ်ကဲ့သို့ လွှားဖြန့်၊ အုပ်ကာရမည်က အစပြုလို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ဘယ်လို ဖြည့်စွက်ရမယ် အဆုံး … ။ ကျွန်တော်တို့ ပို့ဆောင်ရမယ့် သေတ္တာဘူးကြီးတွေ ပုံတွေကို ပြသပြီး ထို သေတ္တာဘူး တခုစီ အတွင်းမှာ ရုပ်ကလာပ်ပါတဲ့ အခေါင်းနဲ့ ပြည်ထောင်စုအလံ တခုစီ ပါတယ်ဆိုတာ အသိပေးတယ်။ ဖဲ့လ်ပ်စ်ရဲ့ မိဘနှစ်ပါးဟာ ကွာရှင်း ပြတ်စဲထားကြသည်မို့ ကျွန်တော့်ကို အလံ အပိုတခု ပေးတယ်။ ဒါမှ မိဘနှစ်ပါးစလုံးဟာ တခုစီ လက်ခံ သိမ်း ဆည်း ထားနိုင်မှာပါ။ ကျွန်တော့်ရဲ့ ခရီးဆောင် သေတ္တာငယ်လေးထဲကို ပြည်ထောင်စုအလံကြီးကို ထိုးသိပ်၊ ထည့် ယူ မသွားချင်ဘူး။ ဒါပေမယ့် သေးသေးကွေးကွေး မဟုတ်တဲ့ အလံကြီးကို လက်ကနေ ကိုင်သွားဘို့ကလဲ အလုပ် မဖြစ်။ သပ်ယပ် သေသပ်စွာ ပိပိယိယိ ခေါက်ထားတဲ့ အလံကို သူ့သွေးသားတွေ လက်ထဲ ပုံမပျက် ကျကျနန ပေးအပ်ချင်ပါတယ်။ ဒါနဲ့ပဲ သေတ္တာထဲမှာ မဖြစ်ဖြစ်အောင် နေရာ လုပ်၊ တရိုတသေ ထည့်လိုက်ရတယ်။
ဖြစ်ချင်တော့ ထို ကြာသပတေးနေ့မှာ ထွက်ခွာကြသူ ခရီးဖေါ်တွေအထဲ ကျွန်တော်ဟာ နောက်ဆုံးမှ ထွက်ရသူ ဖြစ်ခဲ့တယ်။ ကောင်းချက် တခုကတော့ အသီးသီးသော ရုပ်ကြွင်းများ ဒိုဗာ လေတပ် အခြေစိုက်စခန်း ရေခဲတိုက်မှ ထွက်ခွာတိုင်း ကျင်းပ ပြုလုပ်တဲ့ နှုတ်ဆက် အခမ်းအနား ကလေးကို ကျွန်တော် အကြိမ်ကြိမ် ပါဝင် ဆင်နွှဲခွင့် ရခဲ့တာပါပဲ။
ကြွင်းကျန်ရုပ်ကလာပ် အများစုကို ဒိုဗာလေတပ် အခြေစိုက်စခန်းကနေ ဖီလာဒဲယ်ဖီးယား လေဆိပ်ကို နိဗ္ဗာန်ယာဉ်နဲ့ ပို့ပေးတယ်။ ထိုကမှ တဆင့် အသီးသီးသော သက်ဆိုင်ရာ ခေါင်းချမည့် နေရာတွေကို လေယာဉ်ပျံခရီးနဲ့ ပို့ဆောင် ပေးပါတယ်။ တပ်မတော်သားတွေရဲ့ ရုပ်ကြွင်းကို နိဗ္ဗာန်ယာဉ်ပေါ် တင်ပို့တိုင်း၊ ဒိုဗာရေခဲတိုက်မှ ထွက်ခွာဘို့ ပြင်ဆင်တိုင်း၊ အဆောက်အဦး တခုလုံးအတွင်း ကျေညာချက် ထွက်ပေါ်တတ်တယ်။ ကျေညာချက်အသံ ကြားရတာနဲ့ အားလုံးသော ရေခဲတိုက်အတွင်း တာဝန်ထမ်းဆောင်နေသူ တပ်မတော်သားများဟာ ရာထူး မရွေး၊ ဌာန မရွေး၊ လုပ်လက်စအလုပ်တွေ ရပ်တန့်ပြီး သတိဆွဲ အနေအထားနဲ့ မတ်မတ်ရပ် အလေးပြု အရိုအသေ ပေးကြတယ်။ ထွက်ပေါက် ပတ်ဝန်းကျင် အနီးအနား ရောက်နေသူများဟာ လမ်း တလျှောက် ဝဲယာမှာ ညီညာစွာ စီတန်း ရပ်ပြီး ဖြေးညှင်း ညင်သာစွာ မောင်းနှင် ထွက်ခွာသွားတဲ့ နိဗ္ဗာန်ယာဉ်ကို အလေးပြု ကြတယ်။ ခရီးဖေါ်အဖြစ် လိုက်ပါရမယ့် အရာရှိများဟာလဲ မိမိတို့အလှည့် ထွက်ခွာချိန် ရောက်တဲ့အထိ ပါဝင် အရိုအသေ ပေး၊ သတိ ဆွဲ၊ အလေးပြု ကြပါတယ်။
သည်နေ့ ရေခဲတိုက် ပတ်ဝန်းကျင်မှာ တပ်မတော်အမှုထမ်း မဟုတ်တဲ့ အရပ်သား အလုပ်သမား အချို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝင်နေတယ်။ ရေခဲတိုက်ဝင်း အတွင်းမှ နိဗ္ဗာန်ယာဉ်တစီး ထွက်ခွာတိုင်း ထိုအရပ်သား အလုပ်သမားတစုဟာ လုပ်လက်စအလုပ်တွေ ရပ်တန့်ပြီး သူတို့ရဲ့ ဦးထုပ်တွေကို ချွတ်၊ ညာဘက်လက်နဲ့ ကိုင်လို့၊ ဦးထုပ် မပါသူကလဲ ညာဘက် လက်ဖဝါးကို ဘယ်ဘက်ရင်အုံ၊ နှလုံးသားအပေါ် တင်အုပ်ပြီး ထွက်ခွာသွားတဲ့ ရုပ်ကလာပ်ကို အရိုအသေ ပေး၊ ဂါရ၀ ပြုကြတယ်။ သည်မြင်ကွင်း အရ တပ်သားလေး ဖဲ့လ်ပ်စ်အတွက် ကျွန်တော် ထမ်းဆောင်ရမယ့် အမှုဟာ မရိန်းတပ်ဖွဲ့ အတွင်းတင်မက ပိုမို ကျယ်ပြန့်ပြီး သူ့ကျဆုံးမှုအတွက် ဝမ်းနည်း ကြေကွဲသူတွေဟာလည်း မိသားစု၊ ဆွေမျိုး သားချင်းနဲ့ မိတ်ဆွေ သူငယ်ချင်းတွေတင် မကဘူး ဆိုတာ ပထမဆုံး သတိ ပြုမိခဲ့ပါတယ်။
သည်လိုနဲ့ ဧည့်ဆောင်ခန်း အတွင်းမှာ ခရီးဖေါ်ဆိုလို့ နောက်ဆုံး ကျွန်တော်တဦးပဲ ကျန်ပါတော့တယ်။ ဖဲ့လ်ပ်စ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မရိန်းအမြောက်နဲ့လက်နက်ကြီး ကျွမ်းကျင်သူတပ်ဖွဲ့မှ တပ်ကြပ်ကြီး က မရိန်းတပ်ဖွဲ့ ဆက်သွယ်ရေးဌာန တာဝန်ခံအနေနဲ့ ကျွန်တော့်ကို လာ တွေ့တယ်။ သူ့ရဲ့ လက်ထဲမှာ ချန့်စ် ဖဲ့လ်ပ်စ် ကိုယ်ပိုင်ပစ္စည်းတွေ ပါလာတယ်။ သူက တခုချင်းကို ခွဲခြား ပြတယ်။ လက်ပတ်နာရီ တလုံး၊ သစ်သား လက်ဝါးကပ်တိုင်လေး ပါတဲ့ လည်ဆွဲ၊ နာမည် သတ္တုပြား နှစ်ခု၊ နောက်ထပ် နာမည်သတ္တုပြားနှစ်ခု ဆွဲထားတဲ့လည်ဆွဲကြိုးနဲ့၊ စိန့်ခရစ်စတိုဖါ အဆောင်ပါတဲ့ ငွေရောင်ဆွဲကြိုး။ ကွယ်လွန်သူ ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေပါ သယ်ဆောင် ပေးရလိမ့်မယ်လို့ အကြမ်းဖျင်း ပြောကြား ရှင်းလင်းချက်ထဲမှာ ပါခဲ့ပေမယ့် လက်တွေ့မှာ ကျွန်တော့ ရင်ထဲ တွန့်ဆုတ်မှု ဖြစ်ခဲ့တယ်။ ဒါပေမယ့် တခါက သူ ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းလေးတွေ လက်ထဲ ဆုပ်ကိုင်မိချိန်မှာတော့ ကျွန်တော် ချန့်စ် ဖဲ့လ်ပ်စ်ကို စတင် သိကျွမ်း လာပါပြီ။
နောက်ဆုံးတော့ ကျွန်တော်တို့ အဆင်သင့် ဖြစ်ပါပြီ။ ခရီးဆောင်အိတ်ကို ကောက် ဆွဲပြီး ကျွန်တော် အဆောက်အဦး အထဲမှ ထွက်လိုက်တယ်။ အပြင်မှာ ကျွန်တော် ပို့ဆောင်ပေးရမယ့် သေတ္တာကြီးကို ပက်ပင်း တွေ့လိုက်ရချိန်မှာ ကြက်သေ သေ၊ မင်သက်မိသွားတယ်။ အမဲရောင် ပြောင်လက်နေတဲ့ (Chevy Suburban) ရှယ်ဗီဆဘာဘန် ကား အထဲ သေတ္တာဘူးကြီးရဲ့ သုံးပုံ တပုံလောက်က ရောက်နေပါပြီ။ ကားအရှေ့ ကားမောင်းသူနဲ့ နဘေးထိုင်ခုံပဲ ချန်ပြီး ကျန် ကား အနောက်ပိုင်း တခုလုံးကို သည်လိုကိစ္စမှာ အသုံးပြုဘို့ ပြင်ဆင်ဖန်တီး ထားတယ်။ ကျွန်တော် ‘ပို့ဆောင်ပေးရမယ့် ပစ္စည်း’ ကို ယခုမှ ပထမဆုံး အကြိမ် တွေ့ဘူးတာ ဖြစ်ပြီး ကြီးမားလှတဲ့ သေတ္တာအရွယ်ကြောင့် အံ့သြစိတ်လဲ ဖြစ်မိခဲ့တယ်။ မရိန်း အမြောက်နဲ့လက်နက်ကြီး ကျွမ်းကျင်သူတပ်ဖွဲ့ တပ်ကြပ်ကြီးက သေတ္တာဘူးကြီးအပေါ်မှာ ရေးထားတဲ့ အမည်ကို ပြတယ်။ ဖဲ့လ်ပ်စ်လို့ ရေးထားတာကို ကျွန်တော်တို့နှစ်ဦး အတည်ပြု အပြီးမှာ နဘေးမှ ရေခဲတိုက်တာဝန်ကျ တပ်သားတွေက သေတ္တာဘူးကြီးကို ကားအတွင်းထဲ အပြီး သတ်၊ တွန်းထည့် ပေးလိုက်ကြတယ်။ ထို့နောက်မှာတော့ ကျွန်တော်တို့ စတင် ထွက်ခွာခဲ့ကြတယ်။ သည်တကြိမ် ရာထူး မရွေး တပ်မတော်သားတွေ၊ အရပ်သား ဆောက်လုပ်ရေးအလုပ်သမားတွေ အလေးတယူ ဂါရဝပြုခြင်းကို လက်ခံရသူကတော့ တပ်သားလေး ချန့်စ် ဖဲ့လ်ပ်စ်။ အဆုံးသပ်မှာတော့ သူဟာ သူ့ အိမ်ပြန်ခရီး ကို စတင်ပါပြီ။
ဖီလာဒဲယ်ဖီးယားအရောက် တနာရီလောက် ခရီးမှာ နိဗ္ဗာန်ယာဉ်မောင်းနဲ့ စကားစမြည် ပြောဆို လာရင်း တစတစ ပီပီပြင်ပြင် သိလာရတာက ယာဉ်မောင်းသူဟာ ယခုလို ချန့်စ် (Chance) ကို သူ့အိမ် အရောက် ပြန်ပို့ပေးတဲ့ခရီးမှာ တစိတ်တဒေသ ပါဝင် ပို့ဆောင်ခွင့်ရတာကို အလေးအနက် တန်ဘိုး ထား၊ အလွန် ဂုဏ်ယူနေတယ် ဆိုတာပါပဲ။ ကျန်ရစ်သူ မိသားစုကို စာနာမိကြောင်း၊ ထပ်တူ ဝမ်းနည်းရကြောင်း ပြောပြပေးဘို့ မှာကြားနေတယ်။ လေဆိပ်ရောက်လျှင် တွေ့ကြုံရမယ့် အဖြစ်တွေ၊ လုပ် ဆောင်မှုတွေ လျောလျောလျူလျူမှ ဖြစ်ပါ့မလား ကြိုတင် တွေးပူ၊ စိတ် လှုပ်ရှား နေမိတဲ့ ကျွန်တော့်အတွက် ယာဉ်မောင်းရဲ့ စာနာစိတ်ကြောင့် အနည်းငယ် စိတ် သက်သာရာ ရမိတယ်။ အမှန် ဝန်ခံရလျှင် ကျွန်တော်ဟာ ကျွန်တော် ပို့ဆောင် ပေးရမယ့် သည် သေတ္တာဘူးကြီးကို သာမန် ပစ္စည်းထုတ် တခုလို သဘောထား မကိုင်တွယ်ကြစေချင်ဘူး။ ဒါပေမယ့် တဘက်ကလဲ သည်လောက် ကြီးမား လေးလံလှတဲ့ သေတ္တာဘူးကြီးကို မ ယူ သယ်ဆောင်ရာမှာ ကျွန်တော် ဖြစ်စေချင်သလို ငြင်ငြင် သာသာ လုပ်ကိုင်နေကြဘို့ ဆိုတာ အလွန် မလွယ်ကူတဲ့ကိစ္စ ဆိုတာလဲ သိနေပါတယ်။
ဖီလာဒဲယ်ဖီးယားလေဆိပ် အနောက်မြောက်လေကြောင်းလိုင်း ကုန်ပစ္စည်း လက်ခံရာနေရာကို ကျွန်တော်တို့ ရောက်ပါပြီ။ ကုန်တင်ကုန်ချနေရာမှာ တာဝန်ကျ အလုပ်သမားတွေနဲ့ နိဗ္ဗာန်ယာဉ်မောင်းတို့ ပို့ဆောင်ရမယ့် သေတ္တာဘူးကြီးကို ကုန်ပစ္စည်းတွေ တင်ပို့တဲ့ တန်းရှည်ပေါ်ကို ဂရုတစိုက်နဲ့ ပြောင်းတင်နေချိန်မှာ ကျွန်တော်ဟာ နဘေးမှာ သတိဆွဲပြီး အနှေးပုံစံနဲ့ အလေးပြု နေခဲ့မိတယ်။ ချန့်စ် ကို ကုန်ပစ္စည်းလက်ခံရာဌာနမှာ စိတ်ချစွာ ထားခဲ့အပြီးမှာ ကျွန်တော် စိတ် သက်သာရာ ရသွားတယ်။ စိုးရိမ်နေမိသလို မဟုတ်ပဲ သူ့ကို လေးလေး စားစားနဲ့ ငြင်သာစွာ ကိုင်တွယ် ပို့ဆောင်ပေးကြမယ် ဆိုတာ ကျွန်တော် စိတ်ချလိုက်မိပါပြီ။ ထို့နောက်မှာ နိဗ္ဗာန် ယာဉ်မောင်းသူဟာ ကျွန်တော့်ကို လေယာဉ်စီး ခရီးသည်တွေ ထွက်ခွာရာ လေဆိပ်အဆောင်ဘက်ကို လိုက်ပါ ပို့ဆောင်ပေးခဲ့တယ်။
လေဆိပ်အတွင်း ဝင်ပြီး လက်မှတ် ထုတ်ပေးရာ ကောင်တာဘက်ဆီကို ကျွန်တော် လျှောက်လာခဲ့တယ်။ စစ်ယူနီဖေါင်း အပြည့်နဲ့ ကျွန်တော့်ကို မြင်လိုက်ချိန်မှာ အနောက်မြောက်လေကြောင်း ဝန်ထမ်းတယောက် ကျွန်တော့်အနား ချဉ်းကပ်လာပြီး လေယာဉ်ပေါ် တက်ခွင့်လက်မှတ် (boarding pass) အလိုအလျောက် ထုတ်ပေးတဲ့စက် ရှိကြောင်း၊ ဘယ်လို သုံးရတယ် ပြပေးရမလား ယဉ်ကျေးစွာ မေးလာပါတယ်။ ဒါပေမယ့် သူမ မေးနေတဲ့စကား မဆုံးခင်မှာပဲ လက်မှတ် ထုတ်ပေးသော ကိုယ်စားလှယ်တဦး နဘေးကို ချက်ချင်း ရောက်လာပြီး သူမ ပြောလက်စ စကားကို ဖြတ် ပြောလိုက်တယ်။ သူက ကျွန်တော့်ကို လူတွေ တန်းစီနေသော လိုင်းမှာ ဝင် မစီပဲ လက်မှတ်ကောင်တာတခုကို တိုက်ရိုက်သွားဘို့ ညွှန်ပြပါတယ်။ ပြီးတော့ ကျွန်တော့်အပါး ဦးစွာ ချဉ်းကပ်လာသော လေကြောင်းလိုင်း ဝန်ထမ်း အမျိုးသမီးကလေးကို ကျွန်တော်ဟာ တပ်မတော်ခရီးဖေါ် တာဝန်ကျဖြစ်ကြောင်း ပြောပြလိုက်တယ်။ အမျိုးသမီးလေးမျက်နှာမှာ ရှက်ရွံ့ရွံ့ ဖြစ်သွားတယ်။ ထိုသူ ညွှန်ပြရာကောင်တာမှ တာဝန်ကျ ဝန်ထမ်း မလေးဟာ ကျွန်တော့်ကို ဖိတ်ခေါ် သော အကြည့်နဲ့ စောင့်ကြိုနေပါတယ်။ အိတ်ထဲက နိုင်ငံတော် ခရီးသွားလက်မှတ်ကို ဆွဲထုတ် နေချိန်မှာ ဝန်ထမ်းအမျိုးသမီးကလေးရဲ့မျက်နှာ ပြုံးနေပေမယ့် သူမမျက်လုံးတွေမှာ မျက်ရည် ဝေ့၀ဲနေတာ ကျွန်တော် သတိပြုလိုက်မိတယ်။ ကျွန်တော် ပေးတဲ့ ခရီးသွားလက်မှတ်ကို လက်က လှမ်းယူပေမယ့် ပါးစပ်က ကျန်ရစ်သူမိသားစုကို ဝမ်းနည်းကြောင်းစကား ပါးပေးဘို့ အလေးထား ပြောနေပါတယ်။ ထို့အပြင် ကျွန်တော့်ကိုလဲ အခုလို ခရီးဖေါ်တာဝန် ထမ်းဆောင်ပေးတာ အလွန် ကျေးဇူးတင်ကြောင်း ပြောပြနေတယ်။ ကျွန်တော်တို့ကို ထုတ် ပေးထားတဲ့ နိုင်ငံတော် ခရီးသွား လက်မှတ်ဟာ ရိုးရိုးတန်းမှသာ ခရီးသွားခွင့် ရှိပေမယ့် ဝန်ထမ်းအမျိုးသမီးက ကျွန်တော့်ကို အထက်တန်းမှာ စီးဘို့ နေရာပြောင်း စီစဉ် ပေးလိုက်ပါတယ်။
လုံခြုံရေးစစ်ဆေးမှု ခံယူအပြီးမှာ ကျွန်တော်စီးရမယ့် လေယာဉ် ဆိုက်ကပ်ရာဂိတ်မှာ ကျွန်တော့်ကို နောက်ထပ် အနောက်မြောက်လေကြောင်းလိုင်း ဝန်ထမ်းတဦး စောင့်ကြိုနေတယ်။ သူမက ကျွန်တော့်ကို ကုန်ပစ္စည်း အတင်အချဌာနမှ ကိုယ်စားလှယ်နဲ့အတူ လိုက်ပါပြီး တပ်သားလေး ဖဲ့လ်ပ်စ် ကို လေယာဉ်ပေါ် တင်ရာမှာ လုပ်ကိုင်ပုံ သေသပ်ငြင်သာမှု ရှိ၊ မရှိ လိုက်လံ ကြည့်ရှုပေးဘို့ အကြောင်း ကြားလာတယ်။ လေဆိပ်ကို ရောက်ကတည်းက ကျွန်တော် ထမ်းဆောင်ရမယ့် တာဝန်အကြောင်း ဘယ်သူ့ ကိုမှ မပြောခဲ့ဘူး။ ဒါပေမယ့် သူတို့အားလုံးက ကျွန်တော့် ခရီးစဉ် အကြောင်းကို သိပြီး နေကြပြီ။
ကုန်တင်ကုန်ချဌာန ကိုယ်စားလှယ် ရောက်ရှိ လာပါပြီ။ ကျွန်တော့်ကို တွေ့လိုက်တာနဲ့ သူကလဲ ဝမ်းနည်းမှုကို အရင်ဆုံး ထုတ်ဖေါ် ပြောပါတယ်။ လေယာဉ်ဝမ်းဗိုက်အတွင်း ကုန်ပစ္စည်းတွေ တင်နေရာကို လျှောက် သွားရင်းနဲ့ သူ့ဘ၀ ဇာတ်ကြောင်းတွေ ပြောပြနေတယ်။ သူဟာ စစ်တပ်အတွင်း ကြီးပြင်းလာခဲ့ပြီး ငယ်ငယ်က ဘယ်လို ဆိုးခဲ့ တေခဲ့တယ် ဆိုတာ။ တဆက်တည်းမှာပဲ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှု (မရိန်းတပ်ရဲ့ ဆုံးရှုံးမှု) ကို အဘယ်မျှ စိတ် မကောင်း၊ ယူကြုံး မရ ဖြစ်ရတယ်ဆိုတာ အထပ် ထပ် အဖန်ဖန် ပြောနေတယ်။ သည်မှာ ကျွန်တော် စတင် နားလည်လိုက်တာကတော့ ချန့်စ်ရဲ့ မွေးရပ်မြေနဲ့ မိုင်ပေါင်း များစွာ ကွာဝေးတဲ့ ဖီလာဒဲယ်ဖီးယားမှာတောင် သူ့ကို တခါမှ မမြင်ဘူး၊ နာမည်တောင် မသိကြသူတွေဟာ သူ့သေဆုံးမှုကို သူ့မိသားစုနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲနေကြတယ် ဆိုတာပဲ။
ကုန်တင်တဲ့ တန်းကြီးအနီးမှာ ကုန်တင်ကုန်ချ အလုပ်သမားတစု တိတ်ဆိတ်စွာ အလုပ် လုပ်နေတယ်။ ရံဖန်ရံခါမှာ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို အချင်းချင်း တိုးတိတ်စွာ ပြောနေကြတယ်။ လေယာဉ်ပေါ် ချန့်စ် ကို တင်နေချိန်မှာ ကျွန်တော်ဟာ နဘေးမှာ ရပ်ပြီး အလေးပြုနေခဲ့တယ်။ သူ လေယာဉ်ပေါ်ကို နေရာတကျ သေသပ်စွာ ရောက်ရှိသွားပြီမို့ ကျွန်တော်လဲ စိတ်သက်သာရာ ရ သွားပါပြီ။ ကျန်ရှိသောအိတ်များကို တင်ကြအပြီးမှာ ကုန်တင် တံခါးကို အပြီးသပ် ပိတ်လိုက်တဲ့အထိ ကျွန်တော် စောင့်ကြည့်နေမိတယ်။ ပြီးမှ ကျွန်တော် လေယာဉ်ပေါ် တက်ခဲ့တယ်။
ကုန်တင်ကုန်ချဌာန ကိုယ်စားလှယ်နဲ့ ကျွန်တော် လိုက်ပါသွားချိန်မှာ ကျွန်တော့်ရဲ့ ခရီးဆောင် သေတ္တာငယ်ကို လေယာဉ်မောင် တယောက်က ကိုယ်တိုင် သယ်ယူသွားပြီး လေယာဉ်ဦးခန်း တံခါးအနီးမှာ သိမ်းထားခဲ့တယ်။ ကျွန်တော့်သေတ္တာ မပျောက်ရှအောင် ဂရုတစိုက် ကြည့်ပေးခဲ့တယ်။ လေယာဉ်ပေါ်ကို ရောက်တာနဲ့ လေယာဉ်ဝန်ထမ်းအားလုံး ကျွန်တော် ထမ်းဆောင်နေတဲ့ တာဝန်ကို သိထားပြီးကြပြီ ဆိုတာ ချက်ချင်း သိလိုက်ပါတယ်။ အားလုံးဟာ ဝမ်းနည်း ကြေကွဲတဲ့ မျက်လုံး၊ အကြည့်တွေနဲ့ ကျွန်တော့်ကို ကြည့်နေကြတယ်။
လေးဆယ့်ငါးမိနစ်ခန့်ကြာတဲ့ လေယာဉ်ခရီးစဉ် တလျောက်လုံးမှာ ကျွန်တော်ဟာ စကားတခွန်းက လွဲပြီး ဘယ်သူနဲ့မှ ဘာမှ မပြောမိခဲ့ဘူး။ တခွန်းတည်း ပြောမိတဲ့ စကားက အထက်တန်းစီး တာဝန်ကျ လေယာဉ်မယ်လေးကို ရေ သောက်ချင်တယ် ဆိုတာပဲ။ တချိန်မှာ အမှတ်မထင်ပဲ လေယာဉ်အနောက်ဘက်မှာ တာဝန်ကျတဲ့ လေယာဉ်မယ်တဦး ကျွန်တော့်နဘေး ရောက်လာတယ်။ သူက ကျွန်တော့် လက်ထဲကို ပစ္စည်းတခု ထည့်ပေးပြီး ‘သည်ဟာလေးကို လက်ခံ စေချင်တယ်’ လို့ ပြောတယ်။ လက်ထဲ ကြည့်လိုက်တော့ ခရစ်တော်ပါတဲ့ ရွှေလက်ဝါးကပ်တိုင် ရင်ထိုးကလေး။ ပစ္စည်းလေးက အသစ် စက်စက် မဟုတ်။ ကျွန်တော်ထင်တာကတော့ အန္တာရာယ်ကင်းအောင် သူမ အမြဲ ဝတ်နေခဲ့တာလေးလား။ ခရီးစဉ် တလျှောက်လုံးမှာ သည်စကား တခွန်းက လွဲပြီး သူမကလဲ ဘာမှ ထပ် မပြောတော့ပါ။
မင်နီယာပိုလိစ်ကို ဆိုက်ရောက်ချိန်မှာ ကျွန်တော့်ကို လေယာဉ်ပေါ်မှ အရင်ဦးဆုံး ဆင်းခွင့် ပြုပါတယ်။ လေယာဉ်မောင်းကိုယ်တိုင် ကျွန်တော့်ကို အဖေါ်ပြုပြီး နဘေးလှေကားမှ ဆင်းကာ ကုန်ပစ္စည်းများ ချနေရာဆီသို့ ခေါ် လာခဲ့တယ်။ ကုန်ချအလုပ်သမားတွေဟာ သည်လေယာဉ်ပေါ်မှာ ဘာ ပါလာသလဲ ဆိုတာ သိပြီးနေကြပါပြီ။ အလုပ်သမားများ အချို့သော အထုတ်အပိုးများကို လေယာဉ်ပေါ်မှ ချနေချိန်မှာ ယမန်နေ့ စောစောပိုင်းက ဒိုဗာမှ ထွက်ခွာသွားသော ကျွန်တော့်လို ခရီးဖေါ် တာဝန်ကျ ကြည်းတပ် တပ်ကြပ်ကြီးတဦး ကျွန်တော့် နဘေးကို ရောက်လာတယ်။ သူ အဖေါ်ပြုလာတဲ့ “သူ” ကို ကျွန်တော် စီးလာတဲ့ လေယာဉ်ပေါ် တင်ပြီး သူတို့ ဆက်လက် ခရီးသွားရဦးမှာပါ။ ချန့်စ်ကို လေယာဉ်ထဲက ထုတ်နေချိန်မှာ အမှောင်ထဲမှာ ကျွန်တော်တို့ ဘေးချင်းကပ်၊ ယှဉ် ရပ်ပြီး အနှေးအလေးပြု နေခဲ့ကြတယ်။ မင်နီယာပိုလိစ် ကုန်တင်ကုန်ချအဖွဲ့က ချန့်စ်ပါတဲ့ သေတ္တာကြီးကို အခြားသော အထုတ်အပိုးတွေနဲ့ မရောစေပဲ သီးသန့် ခွဲထားလိုက်တယ်။ ချန့်စ်ကို ကုန်တင်ကုန်ချဌာနကို မပို့မီ ကျွန်တော်ဟာ ကြည်းတပ် က ခရီးဖေါ်နဲ့အတူ စောင့်ဆိုင်းပြီး သူ့ရဲ့ ကျဆုံးလေသူ ရဲဘက်ကို လေယာဉ်ပေါ် တင်ချိန်မှာ အလေး ပြု ဂါရ၀ ပေးခဲ့တယ်။
ကျွန်တော်နဲ့ ချန့်စ်တို့ရဲ့ ခရီးစဉ်မှာ ညအိပ် ရပ်နားရမယ့် အဖြစ်ဟာ ပုံမှန် ပို့ဆောင်နေကျ ခရီးတွေနဲ့ ကွဲပြားမှု တခု ဖြစ်ခဲ့တယ်။ ဖြစ်ချင်တော့ အဲသည်နေ့က ကျွန်တော်တို့ အရှေ့မှာ ပို့ရတဲ့ ခရီးတွေက ဆက်တိုက် များလွန်းတော့ ဒိုဗာကနေ ထွက်ကတည်းက ကျွန်တော်တို့ နောက် အကျဆုံးမှ ထွက်ခဲ့ရတယ်။ ရှေ့ဆက်ပြီး မင်နီယာပိုလိစ်ကနေ မွန်တာနာပြည်နယ်၊ ဘီလင်းစ်မြို့ကို လေယာဉ် စီးရဦးမယ်။ ထိုကမှ အသုဘပြင်ပေးမယ့် နေရာကို ငါးနာရီလောက် ကားနဲ့ သွားရဦးမယ်။ ပြီးတော့ ချန့်စ် မွေးရာ ဇာတိကို နောက်ထပ် မိနစ် ကိုးဆယ်လောက် ကားမောင်း ပို့ရဦးမယ်။
သူ့ကို မင်နီယာပိုလိစ် ကုန်တင်ကုန်ချဌာနမှာ ညအိပ် ထားခဲ့ရမှာကို ကျွန်တော် စိတ်ပူနေမိတယ်။ ကုန်တင်ကုန်ချဌာန ရှိရာကို ဆယ်မိနစ်ခန့် ကားနဲ့ သွားရတယ်။ ဒါပေမယ့် ထိုနေရာကို ရောက်ရှိသွားတာနဲ့ ကျွန်တော့်ရင်ထဲက အပူလုံး ကျ သွားပါတယ်။ ဖီလာဒဲယ်ဖီးယားမှာလိုပါပဲ … မင်နီယာပိုလိစ်က ကုန်တင်ကုန်ချ အလုပ်သမားတွေဟာ အလွန်တရာ လေးစားတဲ့ အမူအယာတွေနဲ့ တရိုတသေ ကိုင်တွယ် လုပ်ကိုင်နေတာ တွေ့ရတယ်။ သူတို့နဲ့ စကားစမြည် ပြောကြည့်တော့ သူတို့ရဲ့ ကုန်တင်ကုန်ချဌာန အကြီးအကဲ ဦးစီးမှုးဟာ မရိန်းအရန်တပ်ရင်းက ဒုဗိုလ်မှုးကြီးတဦး ဖြစ်တယ်ဆိုတာ ပြောပြကြတယ်။ သူတို့ ဌာနမှုးကို ဖုန်းခေါ်ပြီး ကျွန်တော်နဲ့ စကား ပေးပြောခဲ့ကြတယ်။
သည်မှာ ကျွန်တော်လဲ ညအိပ် ရပ်နားရမှုကို ဘဝင်ကျ၊ စိတ်ချသွားတော့တယ်။ ကျွန်တော် တည်းမယ့် ဟိုတယ်ကို သွားတဲ့ ပို့ဆောင်ရေးကားကို စီးဘို့ လေယာဉ်ပင်မ အဆောင်ကို ဘယ်လို ပြန် သွားရမလဲ အလုပ်သမားတဦးကို ကျွန်တော် မေးမိတယ်။ ထိုသူက မဆိုင်းမတွပဲ သူ့ရဲ့ကားနဲ့ ကျွန်တော် တည်းမယ့် ဟိုတယ် အရောက် ကိုယ်တိုင် လိုက်ပို့ပေးပါတယ်။ ဟိုတယ် ရောက်ချိန်မှာ စောစောက ဌာနမှုး ဒုဗိုလ်မှုးကြီးဆိုသူ ကျွန်တော့်ကို ဖုန်း ခေါ်လာတယ်။ မနက်ဖြန် မနက်ကျရင် သူကိုယ်တိုင် ကျွန်တော့်ကို ဟိုတယ်မှာ လာ ခေါ်ယူပြီး ကုန်ပစ္စည်းဌာနကို ပို့ပေးမယ် ဆိုတာ အချိန်းအချက် ပြုပါတယ်။
လေဆိပ်မှ မထွက်ခွာမီ ကုန်တင်ကုန်ချ အလုပ်သမားတွေကို မနက်ဖြန် မနက်မှာ လေယာဉ်ပေါ် မတက်ခင် ကျွန်တော် ကုန်ပစ္စည်းဌာနကို အရင် ပြန်လာဦးမယ့် အကြောင်း ပြောခဲ့မိတယ်။ ကျွန်တော်ဟာ ချန့်စ်ကို ညအိပ် ခွဲချန် ထားခဲ့ရတာကို စိတ်မကောင်း ဖြစ်နေမိလို့ လေယာဉ်ပေါ် မတက်မီ သူ့သေတ္တာကြီးကို ကြည့်ချင် စစ်ချင်လို့ ပြောခဲ့မိတယ်လေ။
နောက်တနေ့ မနက်မှာ ထို ဒုဗိုလ်မှုးကြီးက ကျွန်တော့်ကို ခရီးသည်တွေ ထွက်ခွာရာ အဆောင်ကို ခေါ်သွားရင်း ဖုန်းတွေ ခေါ်၊ ပြောနေခဲ့တယ်။ ကုန်ပစ္စည်းဌာနက လူနဲ့ ကျွန်တော် တခါ ပြန်တွေ့ ရပါပြီ။ သူက ကျွန်တော့်ကို ပစ္စည်းတွေ တင်နေရာကို ခေါ်သွားတယ်။ ချန့်စ်ကို ကုန်ပစ္စည်းတွေ တင်ချနေရာကို ယူလာတာ ကျွန်တော် စောင့်နေစဉ်မှာ လေယာဉ်မောင်းပိုင်းလော့က ကျွန်တော့် နဘေးမှာ လာ ရပ်ပါတယ်။ သူဟာ ယခင်က လေတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ဘူးတယ် ဆိုပြီး သူ့ရဲ့ စစ်မှုထမ်း ဘဝကို အောင်းမေ့ တမ်းတစွာနဲ့ ပြောပြနေတယ်။
ချန့်စ်ကို ပစ္စည်းတင်တဲ့ စင်နဲ့တင်ပြီး လေယာဉ်ပေါ်ကို တင်နေစဉ်တလျှောက်လုံး ကျွန်တော် သတိဆွဲ အလေးပြု နေခဲ့တယ်။ ထို့နောက်မှာ ပစ္စည်းတွေ တင်နေရာ ခေတ္တ ကြာဦးမှာမို့ လေယာဉ်မောင်းက ကျွန်တော့်ကို လေယာဉ်ပေါ် ခေါ်လာပြီး လေယာဉ်ပြူတင်းမှ တဆင့် ကုန်ပစ္စည်းတွေ တင်နေတာကို ကြည့်စေပါတယ်။ ထိုအချိန်မှာ လေယာဉ်ပေါ်ကို မည်သည့် ခရီးသည်မှ တက်ခွင့် မပေးသေးပါ။ ကျွန်တော်လဲ လေယာဉ်မယ် တဦး၊ ကုန်တင်အလုပ်သမား တဦးတို့နဲ့ စကားစမြည် ပြောဆိုမိတယ်။ ကုန်တင်အလုပ်သမားဟာ ယခင်က ရေတပ်မှာ တာဝန် ထမ်းဆောင်ဘူးပြီး လေယာဉ်မယ်ကတော့ လေတပ် အမှုထမ်းဟောင်း ဖြစ်တယ်။ ကျွန်တော် ရောက်လေရာ အရပ်တိုင်းမှာ၊ စကား ပြောဘူးသူတွေဟာ တပ်မတော်နဲ့ တနည်းတဖုံ ဆက်နွယ်နေကြတာ သတိပြုမိတယ်။ အထုတ်အပိုး အားလုံးကို လေယာဉ်ပေါ် တင် အပြီးမှာ ကျွန်တော်လဲ လေယာဉ်ဝမ်းဗိုက် နဘေးကို ပြန်သွားပြီး ကုန်ပစ္စည်းတွေ ထားရှိရာကို တချက် ပြန် စစ်ကြည့်ပါတယ်။ ထို့နောက် အလုပ်သမားများ လေယာဉ် ဝမ်းဗိုက်တံခါးကို အသေအချာ ပိတ်တာ စောင့်ကြည့်ခဲ့တယ်။
ဘီလင်းစ်ကို ရောက်ရှိစဉ်မှာ လေယာဉ်ပေါ်က ပထမဆုံး ဆင်းခွင့်ရခဲ့သူဟာ ကျွန်တော်ပဲ ဖြစ်ပြန်တယ်။ သည်တခါမှာတော့ ချန့်စ်ရဲ့ သေတ္တာကြီးကို ကုန်ပစ္စည်းတွေထဲကနေ ပထမဆုံး ထုတ်ပေးခဲ့တယ်။ ဝိုင်အိုမင်ပြည်နယ် (Riverton) ရီဗာတန်မြို့က အသုဘအခမ်းအနား ပြင်ဆင်ပေးမယ့် တာဝန် ခံဟာ ငါးနာရီ ကားခရီးကို မောင်းနှင်လာပြီး ကျွန်တော်တို့ကို အဆင်သင့် လာ ကြိုနေပါတယ်။ ကျွန်တော့်ရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင် နှုတ်ဆက်နေပုံက ကျွန်တော့်ကို အသုဘရှင်တဦး အနေနဲ့ အားပေး နေသလိုပဲ။ ကျွန်တော်တို့ ချန့်စ်ကို ကုန်တင်ကုန်ချနေရာမှာ သီးသန့်ထောင့် တနေရာကို ရွေ့လိုက်တယ်။ သည်မှာ အပြင်က သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုတဲ့ သေတ္တာကြီးကို ဖယ်ပြီး သူ့ရဲ့ အခေါင်းကို ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအလံကို အခေါင်းအပေါ်မှာ လွှား တင်ပေးရပါမယ်။ ကြို ထင်ထားသလိုပဲ ရင်ထဲ ဆို့နစ်နေတဲ့ ကျွန်တော်ဟာ ကြေကွဲမှုကို မျိုသိပ်ပြီး အလံကို ထုံးတမ်းစဉ်လာ မပျက် သေသပ်တိကျစွာ တင်ပေးနိုင်ဘို့ကို အလေးထား လုပ်ရတယ်။ အလံကို နေရာတကျ တင်အပြီးမှာ ချန့်စ်ကို ညင်သာစွာ အသုဘယာဉ်ပေါ် တင်နေချိန်မှာ ကျွန်တော်ဟာ သတိဆွဲ ရပ်ပြီး အလေးပြုနေခဲ့ပြန်တယ်။ ကံကောင်းချင်တော့ ဘီလင်းစ်လေဆိပ်ဟာ လေဆိပ်ငယ် တခုဖြစ်လို့ ကျွန်တော်တို့ လုပ်စရာ ရှိတာတွေကို လူမသိသူမသိ တိတ်ဆိတ်စွာ လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ထို့နောက်မှာ ကျွန်တော်လဲ ကျွန်တော့်အတွက် ငှားရမ်း ပေးထားတဲ့ ကားကို ယူဆောင်ပြီး ချန့်စ်ကို သယ်ဆောင်လာတဲ့ အသုဘယာဉ် အနောက်ကနေ ရီဗာတန်မြို့ အရောက် ငါးနာရီလောက် ကားမောင်းခဲ့ရတယ်။ ရှည်လျားတဲ့ ခရီးစဉ်တလျောက်မှာ ကျွန်တော်ဟာ ချန့်စ်ရဲ့ မိဘတွေနဲ့ ဘယ်လို တွေ့ဆုံရမယ် ဆိုတာကို စဉ်းစား ပုံရိပ် ဖေါ်နေခဲ့မိပါတယ်။ ရင်ထဲမှာ အလွန် လှုပ်ရှားနေမိတာတော့ အမှန်ပဲ။
နောက်ဆုံး အသုဘအခမ်းအနား ပြင်ဆင်ပေးမယ့် အဆောက်အဦးကို ရောက်ရှိချိန်မှာ ကျဆုံးသူတွေရဲ့ သက်ဆိုင်ရာ မိသားစုကို ဆက်သွယ် အကူအညီပေးရသူ အရာရှိ (the Casualty Assistance Call Officer) နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ရတယ်။ သူဟာ ချန့်စ် ကျဆုံးမှုကို သူ့မိသားစုအား အသိ ပေး၊ အကြောင်းကြားဘို့ တာဝန် ကျခဲ့သူပါ။ သူ့ကိုယ်သူ ယူတာပြည်နယ်၊ ဆော့လိပ်ခ်မြို့မှာ အခြေ စိုက်တဲ့ မရိန်း အမြောက်နဲ့လက်နက်ကြီး ကျွမ်းကျင်သူတပ်က စစ်ကြောရေးနဲ့ သင်တန်းနည်းပြ ဖြစ်ကြောင်း မိတ်ဆက်ပါတယ်။ သူလဲပဲ ဝမ်းနည်းဘွယ် ရက်သတ္တပတ်ကို ခက်ခဲစွာ ဖြတ်ကျော်နေရတယ် ဆိုတာ ကျွန်တော် တပ်အပ် သိလိုက်တယ်။
အဆောက်အဦးအတွင်းကို ရောက်ရှိပြီးချိန်မှာ ကျွန်တော်ဟာ အသုဘအခမ်းအနား ပြင်ဆင် ပေးမယ့် တာဝန်ခံ လက် ထဲကို ဒိုဗာစခန်းမှ ပေးလိုက်တဲ့ စာရွက်စာတမ်းအချို့ကို ပေးအပ် လိုက်ပြီး နောက်တနေ့ အစီအစဉ်ကို ဆွေးနွေးမိတယ်။ အသုဘအခမ်းအနားကို တပ်မတော် အချိန် ၁၄ နာရီ (နေ့လည် ၂ နာရီ) မှာ ဒူဘွာမြို့ အထက်တန်းကျောင်း အားကစားရုံ အတွင်းမှာ ကျင်းပမယ်ဆိုတာ ပြောပြတယ်။ လူဦးရေ ကိုးရာခန့် နေထိုင်တဲ့ ထိုမြို့ကလေးဟာ ကျွန်တော်တို့ ရောက်ရှိ နေရာနဲ့ မိုင်ကိုးဆယ်ခန့် အဝေးမှာ ရှိပါတယ်။ လက်ရှိတော့ ကျွန်တော်တို့ အဆင့်ဆင့် လုပ်ဆောင်ခဲ့သမျှတွေ အဆင်ပြေစွာ ချောချောမောမော ဖြစ်နေတယ်။ ကျဆုံးသူမိသားစုနဲ့ ဆက်သွယ်ကူညီပေးရသူအရာရှိက ကျန်ရစ်သူမိသားစုမှ အခေါင်း အတွင်း ထည့်ပေးဘို့ ပေး လိုက်တဲ့ ပစ္စည်းလေးတွေ ရှိတယ် ပြောလာတယ်။ ကျွန်တော် ကိုယ်တိုင်ကလဲ ချန့်စ်ကို ဝတ်ပေးထားတဲ့ ဝတ်စုံကအစ အရာရာကို သေသပ် စနစ်ကျဘို့ စစ်ဆေးဘို့ လိုတယ် ထင်မိတယ်။ ချန့်စ်ရဲ့ အသုဘအခမ်းအနားကို အလုံပိတ် (သေတ္တာ မဖွင့်ပဲ) ကျင်းပမှာ ဖြစ်ပေမယ့် ကျွန်တော် သူ့ရဲ့ ဝတ်စုံကို ကျန သေသပ်ပြီး ခေါက်ရိုးမကျိုး ဆိုတာမျိုး ဖြစ်စေချင်တယ်။
သည်နေ့ မနက် စောစောပိုင်းက သည်လို အချိန်ကို ဘယ်လို ရင်ဆိုင်မယ်ဆိုတာ ကျွန်တော် ကိုယ့်ဘာသာ တွေး မရခဲ့ဘူး။ အခေါင်း အဖုံးကို ဖွင့်လိုက်ပြီးချိန်မှာ ကျွန်တော်ဟာ ပထမဆုံးအကြိမ် ချန့်စ် ဖဲ့လ်ပ်စ် ကို ပက်ပင်း တွေ့လိုက်ရတယ်။ သူ့ရဲ့ ဝတ်စုံဟာ ပြောစရာ တကွက် မရှိအောင် တောင့်တင်း၊ ကျန သေသပ်နေတယ်။ ဒိုဗာစခန်းမှ မရိန်းတွေရဲ့ ကျွမ်းကျင်စွာ ပြင်ဆင် ပေးလိုက်ပုံက ချန့်စ်ကို ဘယ်လို အလေးအမြတ် ထား ဂုဏ်ယူခဲ့ကြတယ် ဆိုတာ ဖေါ်ပြနေတယ်။ သူ့ရဲ့ ပစ်ခတ်မှု ကျွမ်းကျင်သူ ဆုတံဆိပ် အပေါ်မှာ ဖဲကြိုး ခြောက်ခု ကျွန်တော် သတိ ပြုလိုက်မိတယ်။ တခုက အမေရိကန် တပ်မတော်မှာ အမြင့်ဆုံး ပေးလေ့ရှိတဲ့ ခရမ်းရောင် နှလုံးသား (Purple Heart) တံဆိပ်။ မရိန်းတပ်ဖွဲ့မှာ ကျွန်တော် စစ်မှု ထမ်းနေတာ ၁၇ နှစ် ကျော် ကြာခဲ့ပါပြီ။ တိုက်ပွဲတွေလဲ များစွာ ဆင်နွှဲ ခဲ့ဘူးပြီး တိုက်ရည်ခိုက်ရည် ထူးချွန်သူ အနေနဲ့ ဆုတံဆိပ် ရှစ်ခု ရခဲ့ပါပြီ။ ဒါပေမဲ့ သည် ပထမအဆင့် သာမန်တပ်သားလေးကတော့ စစ်မှုထမ်းသက် တနှစ်တောင် မပြည့်သေးခင်မှာ ခြောက်ခုတောင် ရပြီးနေပါလား။
နောက်တနေ့ နံနက်မှာ ကျွန်တော်ဟာ အပြာရောင် စစ်ဝတ်စုံ ဝတ်ဆင်ပြီး ဒူဘွာမြို့အရောက် ခရီးကို အသုဘယာဉ် အနောက်ကနေ လိုက်ပါသွားတယ်။ သည်တခါကတော့ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှာ ကျွန်တော့်အတွက် တကယ့်ကို အခက်ခဲဆုံး အချိန် ဖြစ်ပါတယ်။ ကျွန်တော်ဟာ သူ့မိဘတွေနဲ့ တွေ့ဆုံချိန်ကို အားတင်း စောင့်စားရင်း၊ ချန့်စ်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ပေးအပ်ချိန်မှာ စကား မမှားမိစေဘို့ ဆုတောင်း နေမိတယ်။
အသုဘ အခမ်းအနား မစတင်မီ လေးနာရီလောက် ကြိုပြီး ကျွန်တော်တို့ အထက်တန်းကျောင်း အားကစားရုံကို ရောက်ခဲ့တယ်။ အားကစားရုံ ကြမ်းပြင်ပေါ်မှာ ခေါက်ကုလားထိုင်တွေ အတန်းလိုက် သေသပ်စွာ စီချထားတယ်။ မြို့ခံလူ တချို့ အပြီးသပ် ပြင်ဆင်မှုတွေ လုပ်နေတာ တွေ့ရတယ်။ ချန့်စ်ကို အသုဘယာဉ် အတွင်းမှ ထုတ်ယူစဉ် ကျွန်တော်ဟာ အသုဘယာဉ် နဘေးမှာ သတိဆွဲ ရပ်ပြီး အလေး ပြု၊ အရိုအသေ ပေးနေခဲ့ပြန်တယ်။ အမေရိကန်အလံ လွှမ်းအုပ်ထားတဲ့ အခေါင်း မြင်ကွင်းဟာ အချို့ အမျိုးသမီးတွေအတွက် စိတ် မထိမ်းနိုင်စရာ ဖြစ်ခဲ့တယ်။
ကျွန်တော်တို့ဟာ ချန့်စ်ကို အားကစားရုံအတွင်း ဂုဏ်ပြု အလေးပေးမယ့် နေရာကို ရွှေ့ယူ ခဲ့တယ်။ အားကစားရုံ အတွင်းမှာ ချန့်စ် တာဝန် ထမ်းဆောင်ခဲ့ရာ တပ်ခွဲမှ ကိုယ်စားလှယ် မရိန်းတပ်ကြပ်ကြီးတဦး ကျွန်တော့်ကို လာ တွေ့ပါတယ်။ မျက်ရည်အပြည့် ဝေ့၀ဲနေတဲ့ မျက်လုံးတွေနဲ့ တပ်ကြပ်ကြီးက ချန့်စ်ကို သူ ဆက်လက် အဖေါ်ပြု စောင့်ပေးမယ် ဆိုလို့ ကျွန်တော် လုပ်ဆောင်စရာရှိတာတွေ လုပ်ဘို့ အခွင့် ရလိုက်တယ်။ နေ့လည်စာ အမြန် စားဘို့၊ တည်းခိုဘို့ ဟိုတယ် ရှာဘို့ …၊
စားသောက်ဆိုင် စားပွဲပေါ်မှာ ချန့်စ်ရဲ့ အသုဘအစီအစဉ် ကြော်ငြာစာရွက်လေး တွေ့ရတယ်။ ဒူဘွာအထက်တန်းကျောင်း အားကစားရုံမှာ၊ နေ့လည် နှစ်နာရီ။ ကြော်ငြာစာရွက်မှာ ကျန်ရစ်သူ မိသားစုအတွက် ကူညီ ပန့်ပိုးမှု လက်ခံကြောင်းနဲ့၊ ထိုရရှိသော အကူငွေများနဲ့ အီရတ်စစ်မြေပြင်မှ တပ်ဖွဲ့များကို ကျည်ကာအင်္ကျီများ ဝယ်ယူ လှုတန်းမည် ဖြစ်ကြောင်း ရေးထားတယ်။
တစ်နာရီ တစ်ဆယ့်ငါးမိနစ်လောက်မှာ အားကစားရုံဆီ ကျွန်တော် ပြန်မောင်းလာခဲ့တယ်။ တကယ်က လမ်း လျှောက်သွားလို့တောင် ရပါတယ်။ ဒူဘွာမြို့မှာ ဘယ်နေရာ မဆို လမ်း လျှောက်သွားရင် အလွန်ဆုံး ကြာလှ ဆယ်မိနစ်ပါ။ သူ့မိဘတွေ မရောက်လာမီမှာ သူ့ ကိုယ်ပိုင် ပစ္စည်းကလေးတွေကို အိတ်ထဲက ထုတ်ပြီး စိန့်ခရစ်စတိုဖါ အဆောင်အဖွဲ့နဲ့ နာမည်ပါ သတ္တုပြားတွေက ကြိုးတွေ မရှုတ် မထွေး၊ သပ်သပ်ယပ်ယပ် ဖြစ်အောင် လုပ်ဘို့၊ ကျွန်တော် လူ ရှင်းတဲ့ နေရာ၊ အခန်းကလေး တခု ရှာရမယ်။ ယခင်က ထိုပစ္စည်းလေးတွေကို အိတ်ထဲမှ နှစ်ခါ ထုတ်ပြီး စစ်ဆေးခဲ့ဘူးတယ်။ အစစအရာရာ ဘယ်နေရာမှ အမှားအယွင်း ဖြစ်စရာ မရှိပေမယ့် သေချာ အောင် အရာရာကို အထပ်ထပ် စစ်ဆေးနေမိတယ်။ ထုတ် ကြည့်မိတိုင်းလဲ ကြိုးကလေးတွေက တခုနဲ့တခု ဆက်နွယ် ရောယှက်နေတာ တွေ့ရတယ်။ သူ့မိဘတွေ အရှေ့ ရောက်ကာမှ တုန်တုန် ရီရီ လက်နဲ့ ကြိုးတွေကို ရှင်း ရ၊ ညိနေတာတွေ ပြေအောင် ဖြေရ၊ ကျွန်တော် လုပ်မနေချင်ဘူး။ ဘယ်လိုပင် ပြင်ဆင်ထားပေမယ့် နောက်ဆုံးမှာ ကျွန်တော် တို့ရဲ့ တွေ့ဆုံမှုက ကြို တွေးထားသလို မဖြစ်ခဲ့ပါဘူး။
လက်တွေ့မှာ ချန့်စ်ရဲ့ မိထွေးကို မမျှော်လင့်ပဲ အားကစားရုံ အပြင်ဘက်၊ ဆူညံနေတဲ့ လူလျှောက်လမ်းပေါ်မှာ ပက်ပင်း တွေ့ခဲ့ရပြီး စတင် မိတ်ဆက်ခဲ့ရတယ်။ ချန့်စ်ရဲ့ မိထွေးနဲ့ သူ့အဖေကို တွေ့ဆုံအပြီး တခဏ အတွင်းမှာ ဆက်လို့ သူ့ပထွေးနဲ့၊ နောက်ဆုံးမှာ သူ့အမေကို တွေ့လိုက်ရတယ်။ မိဘတွေနဲ့ တွေ့ ဆုံချိန်မှာ ကျွန်တော်ဟာ သူတို့ရဲ့ ဆုံးရှုံးမှုကို ဘယ်လို စာနာ ဝမ်းနည်းကြောင်း၊ တိုင်းပြည်အတွက် သူတို့မိသားစုရဲ့ အနစ်နာခံမှုကို ဘယ်လို ကျေးဇူး တင်၊ ဂုဏ်ယူကြောင်း၊ အလေးအမြတ်ထားတဲ့ စကားတွေ ဘယ်က စ၊ ထုတ်ဖေါ် ပြောရမယ် မသိ ဖြစ်နေချိန်မှာ သူတို့က တဖန် သူတို့ရဲ့သားကို အိမ်အရောက် ပြန် ခေါ်လာ ပေးတာ၊ ကျွန်တော့်ရဲ့ လုပ်ဆောင်ပေးမှုတွေကို ကျေးဇူးတင်ကြောင်း တဦးပြီး တဦး ထပ်ပြန် တလဲလဲ ပြောနေကြတယ်။ ကျွန်တော် ပြောစရာ စကားလုံးတွေ ပျောက်ပြီး နှုတ်ဆိတ် နေခဲ့မိတယ်။
ကျွန်တော့်မှာ ချန့်စ်ရဲ့ ကိုယ်ပိုင်ပစ္စည်းလေးတွေ သူတို့ကို ပြန်အပ်ဘို့ ပါလာတယ် ဆိုတာ ပြောပြရင်း လူရှင်း တိတ်ဆိတ်တဲ့ နေရာ ဘယ်မှာ ရနိုင်မလဲ မေးမိတယ်။ ဒါနဲ့ ကျွန်တော် ကြိုတင် တွေးဆထားသလို အခင်းအကျင်း မဟုတ်ပဲ ကွန်ပြူတာ လက်တွေ့ကျင့်တဲ့ အခန်းလို့ ထင်ရတဲ့ အခန်းငယ်ကလေး တခု အထဲ ကျွန်တော်တို့ ငါးယောက် ရောက်ခဲ့ပါတယ်။
အခန်းထဲမှာ စားပွဲငယ်ကလေး တခုကို ဝန်းရံပြီး ကုလားထိုင်ငါးလုံး ချလိုက်ပြီးချိန်မှာ ကျွန်တော်ဟာ သူတို့ကို ကျွန်တော်တို့ လာခဲ့တဲ့ ခရီးစဉ် အကြောင်းကို ပြောပြပါတယ်။ တဆင့်ပြီး တဆင့် လာခဲ့တဲ့ ခရီးကို အသေးစိပ် ပြောပြတယ်။ ချန့်စ်ကို ဘယ်လို လေးလေးစားစား၊ အလေးအနက် ထား၊ ဂုဏ်ယူစွာနဲ့ ကိုယ်တွယ် ပို့ဆောင် ခဲ့ကြတယ် ဆိုတာ။ ဒိုဗာစခန်းက စစ်မှုထမ်းတွေနဲ့ အနောက်မြောက် လေကြောင်းလိုင်းက ဝန်ထမ်းတွေ အကြောင်း။ ကျွန်တော်ဟာ တတိုင်းပြည်လုံး၊ (Dover) ဒိုဘာ စစ်စခန်းမှ ဖီလာဒဲယ်ဖီးယား၊ ထိုမှ မင်နီယာပိုလိစ်၊ တဖန် ဘီလင်းစ် (Billings, Montana)၊ နဲ့ (Riverton) ရီဗာတန်မြို့ များ အထိ ဘယ်လို ကြေကွဲမှုတွေ၊ သူတို့ မိသားစုရဲ့ ဆုံးရှုံးမှုအပေါ် ထပ်တူ ဝမ်းနည်းကြတာတွေ တဆင့်ပြန် ဖေါက်သည်ချ ပြောပြခဲ့ မိတယ်။
နောက်ဆုံး အနေနဲ့ ပစ္စည်းတွေ ထည့်လာတဲ့ အိတ်ကလေးကို ဖွင့်ဘို့ အချိန် ကျပါပြီ။ ပထမဆုံး ကျွန်တော် ဆွဲထုတ် လိုက်မိတာက ချန့်စ်ရဲ့ လက်ပတ်နာရီကြီး။ နာရီဟာ အခုထက်ထိ ဘက်ဂဒက်မြို့ (Baghdad) အချိန်ကို တိုက်ထားတုန်းပါ။ ဒုတိယပစ္စည်း ကတော့ သံကွင်းခတ်ကြိုး တန်းလန်းနဲ့ သစ်သား လက်ဝါးကပ်တိုင်။ ထို့နောက်မှာ (dog tag) လို့ ခေါ်ကြတဲ့ နာမည် ရေးထိုး ထားတဲ့ တပ်မတော်သုံး သက်သေခံ သတ္တုပြား နှစ်ခုနဲ့ စိန့်ခရစ်စတိုဖါ အဆောင်။ သည်တခါမှာ ဆွဲကြိုးတွေဟာ တခုနဲ့ တခု ညိတွယ်၊ လိမ်ရှုတ်နေမှု မရှိခဲ့ဘူး။ သူ ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းလေးတွေကို စားပွဲပေါ်မှာ စီစီ ရီရီ ဖြန့်ချလိုက်အပြီးမှာ ကျွန်တော်ဟာ သူ့ရဲ့ မိခင်ကို ကျွန်တော့်မှာ ပေးစရာ ပစ္စည်း နောက်တခု ရှိသေးတယ် ပြောမိတယ်။ ပထမဆုံးလေယာဉ်ခရီးမှာ လေယာဉ်မယ်လေး ပေးခဲ့တဲ့ ခရစ်တော် ကားစင် တင်ထားတဲ့ ရွှေလက်ဝါးကပ်တိုင် ရင်ထိုးကလေးကို ကျွန်တော့် အင်္ကျီအိတ် အထဲမှ ထုတ်ယူပြီး ထိုပစ္စည်းကလေး ရရှိပုံကို ပြောပြမိတယ်။ ပြီးတော့ စားပွဲပေါ် ညင်သာစွာ ချထားလိုက်ပြီး ကျွန်တော် အခန်းထဲမှ ထွက်ခွာ ခွင့် တောင်း၊ ဖြေးညှင်းစွာ ထွက်ခဲ့ မိတယ်။
နောက်တကြိမ် ချန့်စ်ရဲ့ မိခင်ကို ကျွန်တော် ပြန် တွေ့ချိန်မှာ သူမဟာ ထို ခရစ်တော်ကို ကားစင် တင်ထားတဲ့ ရွှေလက်ဝါးကပ်တိုင် ရင်ထိုးကလေးကို သူမရဲ့ အပေါ်ဖုံး ကုတ်အင်္ကျီ ရင်ပုံမှာ ချိတ်ဆွဲ၊ ဝတ် ဆင်ထားတာ တွေ့ရပါတယ်။
မွန်းလွဲ နှစ်နာရီ နီးတော့ အားကစားရုံ ကြမ်းပေါ်မှာ ခင်းထားတဲ့ ခုံတွေမှာ လူတွေ အပြည့် ဖြစ်နေပြီး ဆက်လက် ဝင်လာဆဲ ပရိသာတ်ဟာ နဘေးက ခုံတန်းအမြင့်တွေ အပေါ်မှာ နေရာယူ နေကြတာ တွေ့လိုက်ရတယ်။ စစ်ဝတ်စုံတွေနဲ့ လူ အတော်များများကိုလဲ အံ့သြစွာ တွေ့ရတယ်။ မရိန်းကမ်းခြေတက်တပ်သား အတော် များများဟာ ဆော့လိပ်ခ်စီးတီး (Salt Lake City) မှ တကူး တက လာရောက်ကြသလို တိုင်းခြားပြည်ပ စစ်ပွဲ စစ်မှုထမ်းဟောင်းများ (VFW –Veterans of Foreign Wars) အဖွဲ့ အသီးသီးမှ ပုဂ္ဂိုလ်များကိုလဲ မရိန်းတပ်သားတွေနဲ့ တွဲလို့ အရှေ့ပိုင်းအတန်း အတော်များများ ခုံတန်းတွေမှာ အတန်းလိုက် နေရာယူထားကြတာ တွေ့လိုက်ရတယ်။ အားကစားရုံ အတွင်းကို ချန့်စ်ရဲ့ မိသားစုဝင်တွေ ဝင်ရောက် နေရာ ယူချိန်မှာ ပရိသာတ် အားလုံး မတ်တပ် ရပ်၊ ဂါရဝ ပေးခဲ့ကြတယ်။
နောက်မှ သိလိုက်ရတာက ချန့်စ်ရဲ့ အမဟာ ပင်တဂွန် စစ်ဌာနချုပ်မှာ ရှိတဲ့ ရေတပ် စုံစမ်း စစ်ဆေးရေး ရုံးဌာနမှုး ဗိုလ်ချုပ်တဦးရဲ့ ရုံးအဖွဲ့ဝင်အရာရှိ၊ ရေတပ် တပ်ကြပ်ကြီးတဦး ဖြစ်တယ် ဆိုတာပါပဲ။ သူမရဲ့ ဆရာ ဗိုလ်ချုပ်ဟာ ချန့်စ်ကို ဂါရ၀ ပြုရင်း သူ့ရဲ့ဝန်ထမ်းကို မောင်ငယ် ဆုံးရှုံးမှုအတွက် အားပေးတဲ့ အနေနဲ့ အသုဘ အခမ်းအနားကို သူကိုယ်တိုင် တက်ရောက် သလို သူ့ရုံးအဖွဲ့ဝင် အများအပြားကိုလဲ ဒူဘွာကို တပါတည်း ခေါ်ယူ လာခဲ့တယ်။ သီချင်းအနည်းငယ်နဲ့ ရေတပ် ဘာသာရေး အကြီးအမှုးက စကား အနည်းငယ် ပြော အပြီးမှာ ရေတပ်ဗိုလ်ချုပ်က စကားပြောခွက်ကို ကိုင်ယူပြီး ချန့်စ် အဘယ်ကဲ့သို့ အသက် ဆုံးရှုံးခဲ့ရပုံကို ပြောပြခဲ့ပါတယ်။
ချန့်စ်ဟာ လက်နက်ကြီးအမြောက်ပစ် တပ်သားတဦး ဖြစ်ခဲ့တယ်။ သူ့ရဲ့တပ်ဖွဲ့ဟာ ဘက်ဂဒက် မြို့ပြင်မှာ ဒေသတွင်း လုံခြုံရေး စောင့်ကြပ်ဘို့ တာဝန် ထမ်းဆောင်ခဲ့တယ်။ ကင်း လှည့်ချိန်မှာ ချန့်စ်ဟာ အရှေ့ဆုံးက ယာဉ်ပေါ်မှာ .50 ကာလီဘာ စက်သေနပ်ကို ထိမ်းကြပ် ပစ်ခတ်ဘို့ တာဝန် ယူခဲ့တယ်။ သူတို့ ကင်းလှည့်အဖွဲ့ ရန်သူရဲ့ အသဲအသန် တိုက်ခိုက်မှုအောက် ရောက်ရှိချိန်မှာ ချန့်စ်ဟာ သူ တာဝန်ကျရာ နေရာက တဖဝါး မခွာပဲ သူ့ရဲ့ စက်သေနပ်ကြီးနဲ့ ပြန်လည် တုန့်ပြန် ပစ်ခတ်ခဲ့တယ်။ သူတို့ ကင်းလှည့်အဖွဲ့ တခုလုံးအတွက် တလစပ် ခုခံ ကာကွယ်ခဲ့တာ နောက်ဆုံး အသဲအသန် ဒဏ်ရာကြီး ရခဲ့တဲ့ အထိပဲ။
ထို့နောက်မှာ ဌာနေအခြေစိုက် တိုင်းခြားပြည်ပစစ်ပွဲ စစ်မှုထမ်းဟောင်းများအဖွဲ့ (VFW) တာဝန် ရှိသူက သူ့ရဲ့အိမ်ကို ချန့်စ် ရေးသားခဲ့တဲ့ စာတချို့ကို ဖတ်ပြပါတယ်။ သူ့မိခင်ဆီ ရေးတဲ့စာတွေ အထဲမှာ ခြင်တွေ ပေါကြောင်းနဲ့ အပူရှိန် ပြင်းတဲ့အကြောင်း ရေးခဲ့တယ်။ သူ့ပထွေးဆီ ရေးတဲ့ စာထဲမှာ ကင်းလှည့်ချိန် ကြုံရတဲ့ ဘေးအန္တရာယ်တွေနဲ့ အတိုက်အခိုက် ခံရပုံတွေ ရေးထားတယ်။
အခမ်းအနားလေးက သူရဲကောင်း တယောက်ကို ရိုးရှင်းစွာ အလေးအမြတ် ပြုတဲ့ အခင်းအကျင်းပါ။ အခမ်းအနား အပြီး၊ မိသားစုဝင်တွေ အရှေ့ကနေ ရုပ်ကလာပ်ပါအခေါင်း တင်ထားတဲ့ တွန်းလှည်းကို ဖြေးညှင်းစွာ တွန်းထုတ် လာချိန်မှာ အားကစား တရုံလုံး ရှိသမျှ လူကုန် မတ်တပ် ရပ်၊ အရိုအသေ ပေးခဲ့ကြတယ်။ အခေါင်းကို မြင်းလှည်းပေါ် တင်ပြီး မြို့လည်ခေါင် လမ်းမအတိုင်း အားကစားရုံမှ တမိုင်ခန့် အကွာခရီး၊ တောင်ကုန်းကလေး အပေါ်မှာ ရှိတဲ့ သုသာန်ဆီကို သယ်ဆောင်ခဲ့ကြတယ်။ အထက် တန်းကျောင်း ပရဝဏ် အတွင်းမှ မြင်းလှည်း လုံးဝ ထွက်ခွာ၊ မြင်ကွင်းမှ ကွယ်ပျောက်သွားတဲ့ အထိ ကျွန်တော် တယောက်ထဲ ငြိမ်သက်စွာ သတိ ဆွဲ၊ အလေးပြု နေခဲ့ပါတယ်။ ထို့နောက်မှာ ကျွန်တော် ကားပေါ် တက်ပြီး ချန့်စ်ကို လိုက်ပါ ပို့ဆောင်တဲ့ ယာဉ်တန်းထဲ ဝင်ပါ မောင်းနှင်ခဲ့တယ်။
တမြို့လုံး အားကစားရုံထဲမှ လမ်းမပေါ်ကို ရွှေ့ပြောင်း လိုက်ပါလာကြတယ်။ လမ်းတလျောက် လူတွေဟာ လမ်းနဘေး စီတန်း ရပ်ပြီး အမေရိကန်အလံငယ်လေးတွေ ဝှေ့ယမ်း ပြနေကြတယ်။ တမြို့လုံး အလံ လွှင့်ထူထားတဲ့ အဆောက်အဦးမှန်သမျှ တိုင်တဝက်မှာပဲ လွှင့်ထူထားကြတယ်။ ခရီးနောက်ဆုံး မိုင် လေးပုံတပုံအကျန်မှာ ဝတ်စုံပြည့်နဲ့ ဒေသခံ ကင်းထောက်လူငယ်များ အလံကြီးတွေ ကိုင်၊ တန်းစီ ရပ်နေတာ တွေ့ရတယ်။ တောင်ကုန်းအခြေကို ရောက်ချိန်မှာ တောင်ကြောတလျောက် မော်ကြည့်လိုက်မိတော့ လမ်း တဘက်တချက် စီတန်း ရပ်နေသူတွေ ဆိုတာ ကြောက်ခမန်း လိလိပဲ။ မြို့ထဲ လူမှ ကျန်ပါသေးရဲ့လား တွေးမိတယ်။ ဒါတောင် လက်ရှိမှာ ဝိုင်အိုမင်လို လူနေကြဲတဲ့ ပြည်နယ်က ဒူဘွာလို မြို့သေး လေး ပေမို့ပဲ။ ဒက်ထရိုက်လို လော့စ်အိန်ဂျလိစ်လို မြို့ကြီးတွေမှာသာဆို လူတွေ ဘယ်လောက် များမလဲ တွေးဆမိတယ်။
မြင်းဆွဲ လှည်းက မြုတ်နှံမယ့် နေရာနဲ့ ၁၅ ဂိုက်ခန့် အကွာမှာ ရပ်လိုက်တယ်။ အခေါင်း သယ်မယ့် စစ်သည်အဖွဲ့နဲ့ မိသားစုက စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေ တန်းစီ နေရာယူတာ စောင့်နေစဉ်မှာ ကျောင်းကားကြီးတွေနဲ့ လိုက်ပါလာသူတွေကလဲ တဖွဲဖွဲ ရောက်ရှိလာကြပါပြီ။ အသုဘ လိုက်ပါ ပို့သူ အားလုံး နေရာ တကျ ရောက်ရှိ အပြီးမှာ အခေါင်း သယ်မမည့် သူများဟာ မြင်းလှည်း နဘေး ဝန်းရံပြီး အခေါင်းကို မြင်းလှည်း အပေါ်မှ ဆွဲမ ယူလိုက်ကြပါတယ်။ သည်တပတ်လုံး ချန့်စ်ကို တနေရာက တနေရာကို ရွှေ့တိုင်း အခါခါ လုပ်ခဲ့သလို ကျွန်တော်ဟာ သတိဆွဲပြီး အနှေးပုံစံ အလေး ပြု၊ ဂါရ၀ ပေး နေခဲ့တယ်။
ဒိုဗာမှ ဖီလာဒဲယ်ဖီးယား၊ ဖီလာဒဲယ်ဖီးယားမှ မင်နီယာပိုလိစ်၊ မင်နီယာပိုလိစ်မှ ဘီးလင်းစ်၊ ဘီးလင်းစ်မှ ရီဗာတန်၊ နောက်ပြီးတဖန် ရီဗာတန်ကမှ တခါ ဒူဘွာအထိ ကျွန်တော်တို့ အတူတူ လာခဲ့ကြတယ်။ အခုတော့ ကျွန်တော်ဟာ သူ့ကို သယ်ဆောင်သွားကြတာကို ၁၅ ဂိုက်အကွာ ကနေ ကြည့်နေရင်း ကျွန်တော့်ရင်ထဲ ဆို့တက်လာတယ်။ သူ တနေရာကနေ တနေရာကို ရွေ့လျားနေသရွေ့ သူ့ကို အသက် ရှင် သန် လှုပ်ရှားနေတယ်လို့ ကျွန်တော် ခံစားရတယ်။
တကယ်က သူ့ကို ဘီးလင်းစ် လေဆိပ်မှာ အသုဘ အခမ်းအနားပြင်ဆင်သူ တာဝန်ခံ လက်ထဲ အပ်လိုက်ချိန် ကတည်းက ကျွန်တော် တရားဝင် ထမ်းဆောင်ရမယ့် တာဝန်က ပြီးဆုံးခဲ့တာပါ။ ဒါပေမယ့် သူ့ကို နောက်ဆုံး ခေါင်းချရာ နေရာ အရောက် ပို့ပေးဘို့က ကျွန်တော့် ခေါင်းထဲမှာ အမြဲ ရှိနေခဲ့တယ်။ အခုတော့ သူဟာ သူထာဝရ လဲလျောင်းရမယ့် နေရာကို ရောက်ရှိခဲ့ပြီမို့ ရုတ်တရက် ကျွန်တော့်စိတ်ထဲ ဝမ်းနည်းလာမိတယ်။ တချိန်ထဲမှာ ရင်ထဲ ဟာတာတာနဲ့ ကိုယ့် ဘာသာ နေရာ မရ၊ အသုံး မဝင်တော့သလို ခံစားလိုက်မိတယ်။
ရေတပ် ဘာသာရေး အကြီးအမှုး (The chaplain) က စကား အနည်းငယ် ပြောတယ်။ ထို့နောက်မှာ မရိန်းတပ်သား နှစ်ဦးမှ အခေါင်းတလားအပေါ်မှာ လွှမ်းအုပ်ထားတဲ့ အလံကို ဖယ်ယူပြီး သူ့မိခင်ကို ပေးအပ်ဘို့ စနစ်တကျ ဖြေးလေးစွာ ခေါက်နေပါတယ်။ အသုဘအခမ်းအနား ပြီးဆုံးသွားချိန်မှာ ချန့်စ်ရဲ့ ဖခင်ဟာ သူ့ရဲ့ ဗီယက်နာမ်စစ်ပွဲ စစ်မှုထမ်း ဖဲကြိုးကို ချန့်စ်ရဲ့ အခေါင်းပေါ်ကို တင်လိုက်တယ်။ သူ့မိခင်က အခေါင်းအနီး ချဉ်းကပ်ပြီး သူမ ဝတ်ဆင်ထားတဲ့ အပေါ်အင်္ကျီမှ တစုံတခုကို ဖြုတ်ယူပြီး အခေါင်းပေါ် ဖြေးညင်းစွာ ချ တင်လိုက်တယ်။ နောက်မှ ကျွန်တော် မြင်လိုက်တာက လေယာဉ်မယ်လေး ပေးခဲ့တဲ့ လက်ဝါးကပ်တိုင် အဆောင်ရင်ထိုးလေး။ ထို့နောက်မှာ ချန့်စ်ရဲ့ သူငယ်ချင်းတွေဟာ သူ့ကို မြုတ်နှံမယ့် နေရာ နဘေးကို တိုးကပ်လာကြတယ်။ လူငယ်လေးတယောက်က ‘ကိုပင်ဟေဂင်တံဆိပ်’ ဘီယာဘူး ကို အခေါင်းပေါ် တင်ပေးလိုက်တယ်။ (သူ့အကြိုက်ဘီယာ ဖြစ်ပါလိမ့်မယ်။) အများစုကတော့ ပန်းတွေ တင်ပေးခဲ့ကြတယ်။
ထို့နောက်မှာ ကျွန်တော်တို့ အားလုံး အားကစားရုံရှိ ဧည့်ခံပွဲကို ပြန်လာခဲ့ကြတယ်။ အစားအသောက်တွေက တမြို့လုံး လူကုန်ကို နောက်ရက်တွေအထိ လုံလုံလောက်လောက် ကျွေးနိုင်အောင် အလျှံပယ် ပဲ။ အားကစားရုံ ထောင့်တနေရာမှာ ချန့်စ်ရဲ့ ဓါတ်ပုံတွေနဲ့ သူ ဆွတ်ခူး ရရှိခဲ့တဲ့ အားကစားဆုတွေကို စားပွဲတလုံးနဲ့ တင်ပြထားတာ တွေ့ရတယ်။ လူတွေဟာ ကျွန်တော်နဲ့ အခြားသော မရိန်းတပ်သားတွေကို ကျွန်တော်တို့ရဲ့ တာဝန်ထမ်းဆောင်မှုတွေအတွက် ကျေးဇူး တင်ကြောင်း အဆက်မပြတ် ချဉ်းကပ်ပြီး လာပြောနေကြတယ်။ လူတိုင်းလိုလို နီးပါးဟာ တပ်မတော်အဖွဲ့အစည်းတွေနဲ့ တနည်းမဟုတ် တနည်း ဆက်နွယ် ဆက်စပ်တဲ့ ဇာတ်လမ်း ပြောစရာလေးတွေ ရှိနေတယ်။ ဧည့်ခံပွဲအတွင်း တနာရီနီးပါး အကြာမှာ ဝိုင်အိုမင်း ပြည်နယ်သား တွေဟာ တချိန်မဟုတ် တချိန် နိုင်ငံအတွက် အမှုထမ်းခဲ့ဘူးကြတယ် ဆိုတာ ကျွန်တော် သဘော ပေါက်မိလာတယ်။
ချန့်စ်ရဲ့ မိခင်ကို ကျွန်တော် တွေ့လိုက်တိုင်း သူမဟာ အားပေး ဆုတောင်းပေးနေသူတွေ တဦး မဟုတ် တဦးကို ဖက်လဲတကင်း နှုတ်ဆက် ကျေးဇူးတင်နေတာ တွေ့ရတယ်။ အချိန် ကြာ လာတာနဲ့ အမျှ လူတွေထံမှ ရယ်မောသံလေးတွေ သိုးသိုးသန့်သန့် စ ကြားလာရတယ်။ လူတွေ စိတ်အလွမ်း ပြေစ ပြုပြီ ထင်ပါရဲ့။
အားကစားရုံမှာ နာရီ အနည်းငယ်ခန့် နေပြီး ကျွန်တော် ဝတ်ဆင်ထားတဲ့ အပြာရောင် ဝတ်စုံကို လဲဘို့ ဟိုတယ်ကို ပြန်လာခဲ့တယ်။ ဌာနေ စစ်မှုထမ်းဟောင်းများအဖွဲ့က “ချန့်စ်အတွက် အမှတ်တရ ပွဲ” ကို တက်ရောက်ဘို့ အားလုံးကို ဖိတ်ကြားထားပါတယ်။ သူတို့ ရုံးခန်းက ကျွန်တော် တည်းခိုရာ ဟိုတယ်မှဆိုလျှင် မြို့ရဲ့ အခြားတဘက် အဆုံးမှာ တည်ရှိပေမယ့် ကားနဲ့ မောင်း သွားလိုက်တာ နှစ်မိနစ်တောင် မကြာပါ။ အားကစားရုံမှာ တက်ရောက်လာတဲ့ ပရိသာတ်နဲ့ ယှဉ်လျှင် အရေအတွက် နည်းပါးတယ် ဆိုနိုင်ပေမယ့် ရုံးခန်းအပြည့် လူတွေ တွေ့လိုက်ရတယ်။
အဝင်ပေါက် အနားက ဘိလိယက်ခုံ နှစ်ခုံမှာ မရိန်းအဖွဲ့ဝင် အချို့ ကစားနေကြပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင် အများစုကို ဘားနဲ့ ဘားအနီးက စားပွဲတွေမှာ ဝိုင်းဖွဲ့ ထိုင်နေကြတာ တွေ့ ရတယ်။ အတွင်းက ထမင်းစားဆောင် လား၊ ကပွဲခန်းမ လား၊ အခမ်းအနားတွေ ကျင်းပရာ ဖြစ်ပုံရတဲ့ အခန်းကျယ်ကြီးကို “ချန့်စ် ဖဲ့လ်ပ်စ် ခန်းမ (The Chance Phelps Room)” လို့ အမည် တပ်ထားတာ တွေ့ရတယ်။ အဝင်ပေါက်ရဲ့ အပေါ်မှာ ချန့်စ်ရဲ့ အပြာရောင် စစ်ဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံကြီးနဲ့ လင်းယုန်ငှက်၊ ကမ္ဘာလုံးနဲ့ သင်္ဘောကျောက်ဆူး ပါတဲ့ မရိမ်း တံဆိပ်ကြီး ချိတ်ဆွဲထားတယ်။ အခန်းထောင့် တနေရာမှာ ချန့်စ်အတွက် အမှတ်တရ လုပ် ပေးထားတာ နောက်တခု တွေ့ရတယ်။ အပြာရောင် စစ်ဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ သူ့ဓါတ်ပုံ နောက် တပုံကို မီးတလွန့်လွန့် လောင်ကျွမ်းနေတဲ့ ဖယောင်းတိုင်တွေနဲ့ အတူ တွေ့လိုက်ရတယ်။ စားပွဲပေါ်မှာ သူ ခရမ်းရောင် နှလုံးသားဆု (Purple Heart) ကို ရယူစဉ်က ပုံတွေနဲ့ သူ့ရဲ့ ခရမ်းရောင် နှလုံးသားဆု တံဆိပ်ကိုလဲ ဓါတ်ပုံနဘေးမှာ တွေ့ရတယ်။ အမေရိကန် အထက်လွှတ်တော်မှ အသိအမှတ် ပြုလွှာ မိတ္တူကို သေသပ်စွာ ဘောင်သွင်း ပြသထားတာလဲ တွေ့ရပါတယ်။ ဒါကတော့ ချန့်စ် ဖဲ့လ်ပ်စ်ကို ကိုလိုရာဒိုပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် စကော့မက်အင်းနိစ် (Scott McInnis) က အမေရိကန်အောက်လွှတ်တော်မှာ ပေးအပ်ခဲ့တဲ့ အလေးအနက်ထားဖွယ် ဂုဏ်ပြုမှု တခုပါ။ စားပွဲအထက် နံရံမှာ ရုပ်မြင်မော်နီတာ တခုနဲ့ ချန့်စ်ရဲ့ ငယ်စဉ် ကလေးဘဝမှ ဂုဏ်ယူဖွယ် မရိန်းတပ်သား ဖြစ်ခဲ့ချိန်အထိ ဓါတ်ပုံတွေကို မှတ်တမ်း ထိုး၊ ပြပေးနေတယ်။
ထိုညက ကျွန်တော် သောက်သမျှ အရက်၊ တခွက်မှ မဝယ်လိုက်ရပါ။ ထိုနေ့ တနေ့လုံး ဖြစ်ပျက်ခဲ့သလို၊ တိတိပပ ပြောရမယ်ဆိုလျှင် သည် တပတ်လုံး လိုလိုမှာ လူတွေဟာ ကျွန်တော့်ရဲ့ တာဝန်နဲ့ ချန့်စ်ကို အိမ်အရောက် ပြန် ခေါ်လာပေးတာကို နှုတ်စကားနဲ့ အပြင် လက်ဆွဲ နှုတ်ဆက်၊ ကျေးဇူးတင်ကြရုံ မကပဲ အသောက်အစား၊ ယမကာတွေ ဝယ်ပေးတဲ့အထိ ပြုစုလိုသူ များပြားခဲ့တယ်။ ကျွန်တော်ဟာ မြင်းဆွဲလှည်းနဲ့ မြင်းတွေကို ကိုင်တွယ် ထိမ်းသိမ်းခဲ့သူတွေနဲ့ အဖွဲ့ကျမိတယ်။ သည်မှာ သိလိုက်ရ ပြန်တာက သူတို့လဲပဲ ချန့်စ်ရဲ့ နောက်ဆုံးခရီးအတွက် မြင်းတွေကို ခန့်ညား သေသပ်စေအောင် တညလုံး ဆိုသလို ပြင်ဆင် ခဲ့ကြရတယ် ဆိုတာပဲ။ ဒီလို ပါဝင်ကူညီခွင့် ရတာကိုပဲ သူတို့အားလုံး အလွန် ဂုဏ်ယူနေတယ်။
ခေတ္တအကြာမှာ တရားဝင် အမှတ်တရပွဲ အခမ်းအနားကျင်းပဘို့ ချန့်စ်ဖဲ့လ်ပ်စ် ခန်းမထဲကို ကျွန်တော်တို့ အားလုံး ဝင်ခဲ့ကြတယ်။ ဒေသခံ စစ်မှုထမ်းဟောင်းများအဖွဲ့ အကြီးအကဲက ချန့်စ်ဟာ တနေ့မှာ သည် စစ်မှုထမ်းဟောင်းများအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် သက်ရှိထင်ရှား ပါဝင် လိုခဲ့တယ် ဆိုတာ ပြောပြတယ်။ အခုတော့ သည် ဝိုင်အိုမင်းပြည်နယ်၊ ဒူဘွာမြို့က အဖွဲ့မှာ ချန့်စ် ဖဲ့လ်ပ်စ် ခန်းမဆောင် အနေနဲ့ တသက်တာ အဖွဲ့ဝင် ဖြစ်နေတော့မယ်လို့ အဆုံးသပ် ပြောလိုက်စဉ်မှာ ကျွန်တော်တို့ အားလုံး ဘီယာခွက်တွေ ကိုင် မြှောက်ပြီး ချန့်စ်ဖဲ့လ်ပ်စ် ခန်းမဆောင်ကို တရားဝင် အမည်ပေး ကင်ပွန်းတပ် လိုက်ကြတယ်။
သည့်နောက် ကျွန်တော် ဘိလိယက် ကစားခုံတွေဆီ လျှောက် အသွား ဆော့လိပ်ခ်အခြေစိုက် အရန်တပ်ရင်းမှ တပ်ကြပ်ကြီးတဦးက ကျွန်တော့်ကို ဖမ်းဆွဲတားရင်း “ဆရာ .. ဒါကို နားထောင် သင့်တယ် ထင်တယ်” ပြောလိုက်တယ်။ သူ့နဘေးမှာ မရိန်းအဖွဲ့ဝင် နှစ်ဦးကို တွေ့လိုက်ရပြီး အသက်ငယ်ရွယ်သူ မရိန်းတပ်သားငယ်ကို သူ့အကြောင်း ကျွန်တော့်ကို ပြောပြဘို့ ပြောလိုက်တယ်။ ထိုတပ်သားငယ်ဟာ ပုံမှန်အားဖြင့် အလွန် ရှက်တတ်ပြီး စကား နည်းပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ ပင်ကိုယ် ရှက်ရွံ့မှုတွေကို ဘီယာက ဖုံးလွှမ်းသွားလို့ အသံ ထွက်လာပြီ လို့ တပ်ကြပ်ကြီးက ပြောနေတယ်။
တပ်သားငယ်စပြီး စကားပြောလိုက်တာနဲ့ အနည်းငယ်အသက်ကြီးပုံရတဲ့ မရိန်းတဦးကလဲ ကျွန်တော်တို့ ဝိုင်းထဲ ဝင် လာတယ်။ သူ ဆောင်းထားတဲ့ ဘေ့စ်ဘောလ် ဦးထုပ်အရ သူဟာ ကိုးရီးယားစစ်ပွဲ အတွင်းမှာ အမှတ်တစ် မရိန်းတပ်ခွဲမှာ အမှု ထမ်းခဲ့တာ သိလိုက်ရတယ်။ ညနေခင်း စောစောပိုင်းမှာတုန်းက သူဟာ ကျွန်တော့်ကို ဗိုလ်မှုးကြီး ပူလာ (Colonel Puller) လက်အောက်မှာ အမှု ထမ်းခဲ့ဘူးတယ် ပြောခဲ့ဘူးတယ်။
အမှတ်တစ် မရိန်းတပ်ခွဲမှာ အမှုထမ်းခဲ့ဘူးသူ သုံးယောက် အတူ စကားပြောနေကြတာမှာ တဦးက မကြာသေးခင်မှ တိုက်ပွဲဒေသ အီရတ်စစ်ပွဲတွေက ပြန် လာခဲ့သူ၊ နောက်တဦးက လွန်ခဲ့သော နှစ်များစွာက ကိုးရီးယားနယ်မြေမှာ တိုက်ပွဲတွေ ဆင်နွှဲခဲ့ဘူးသူနဲ့ ကျွန်တော်ကတော့ အမှတ်တစ် မရိန်းတပ်ခွဲနဲ့အတူ ကူဝိတ်အခြေစိုက် တိုက်ပွဲတွေမှာ ပါဝင် တိုက်ခိုက် ခဲ့ရသူ။ တာဝန် ထမ်းဆောင်ခဲ့ချိန်တွေ မတူပေမယ့် ကျွန်တော်တို့ တာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်ဖွဲ့အပေါ် ထင်မြင်ချက်တွေ ဖလှယ် မိကြတယ်။
တပ်သားငယ်လေးက သူ့ အဖြစ်အပျက်တွေကို ကျွန်တော်တို့ကို စတင် ပြောပြတယ်။ ယခု သည်စကားဝိုင်းလေး အထဲ လက်ရှိ တာဝန် ထမ်းဆောင်နေသူနဲ့ ယခင်က တာဝန် ထမ်းဆောင်ခဲ့ဘူးသူ၊ အသက်အရွယ်အားဖြင့် ကွာခြားကြသလို ရာထူး အဆင့်တွေကလဲ ခြားနားကြပေမယ့် လောလော ဆယ်မှာတော့ ကျွန်တော်တို့အားလုံးဟာ သူလိုကိုယ်လို မရိန်းတွေ ပါပဲ။
သူတို့တပ်စိပ် မြို့တွင်း လမ်းတွေအပေါ်မှာ ကင်းလှည့်ကြပုံ၊ လက်နက်သေးတွေနဲ့ တိုက်ခိုက်မှု ကြုံရပုံ၊ မရိန်း နှစ်ယောက် အကြား လက်ပစ်ဗုံးတလုံး လှိမ့်ဝင်လာလို့ သီသီလေး ရှောင်လိုက်ရပုံ။ တခါမှာ နံရံအကွယ်က လက်ဖြောင့် သေနပ်သမားရဲ့ ပစ်ခတ်မှုကို နှိမ်နင်းဘို့ နံရံကို လက်နက်ကြီးနဲ့ ပစ်ခတ် ဖြိုလိုက်ရာမှာ ထိုလက်နက်ကြီး ပေါက်ကွဲမှု နောက်ဆက်တွဲ ရလာဒ် အနေနဲ့ လွင့်ပျံ့လာတဲ့ အုတ်နံရံ အပိုင်းအစတွေကြောင့် သူပါ ပေါင်မှာ ထိမှန် ဒဏ်ရာ ရခဲ့ရတယ် ဆိုတာ။ ကံကောင်းလို့ ဘေးကို လှိမ့်၊ အရှောင် ကောင်းလို့ ပေါင်နဘေးကိုပဲ ထိခိုက်ခဲ့တယ် ပြောပြနေတယ်။
သူတို့ တပ်စိပ်မှာ ထိခိုက်၊ ဒဏ်ရာ ရသူတွေ ရနေချိန်မှာ လက်ဖြောင့်ကျည်တွေက ဆက်လက် လာနေဆဲပဲ တဲ့။ ထိုစဉ်မှာ ရုတ်တရက် သူ့ခေါင်းကို အေကေ ၄၇ သေနပ်ကျည် ထိမှန်ပါလေရော ဆိုပါလား။ သေနပ်ကျည် ထိမှန်ချိန်မှာ သူ့ခေါင်းကို ဘေ့စ်ဘောတုတ်နဲ့ တအား လွှဲ၊ ရိုက် လိုက်သလို ခံစားလိုက်ရတယ် ပြောပြနေပုံကို ကျွန်တော် တအံ့တသြ ဖြစ်နေမိတယ်။ သူ လည် ထွက်သွားပြီး မေ့မျောသွားတော့တယ် တဲ့။ သူ သတိ ရလာချိန်မှာ သူ့ခေါင်းခွံ ကွဲအက် သွားတာ သိလိုက်တယ်။ သူ ဆောင်းထားတဲ့ ခေါင်းဆောင်းက သူ့အသက်ကို ကယ်လိုက်တာပဲ တဲ့။ သူ့ကိုယ်သူ အတွင်းကြေ ဒဏ်ရာ ရလို့ ရမှန်း မသိလို့ သူ့တပ်ဖွဲ့မှာ ရက် အနည်းငယ် ဆက်လက် တာဝန် ထမ်းနေသေးသတဲ့။
ထိုစကားဝိုင်းမှာ တပ်သားအိုကြီးနဲ့ အခြားသော မရိန်းတပ်သား အချို့တွေလဲ နားထောင် နေပါတယ်။ တပ်ကြပ်ကြီးက ထိုအဖြစ်အပျက်ကို အဆုံးသပ် ဆက်လက် ပြောပြတယ်။ တပ်သားငယ်လေးဟာ သူ ရထားတဲ့ ဒဏ်ရာကို မမှုပဲ သူ့ကို နောက်တန်း ဆေးရုံ ပြန် မပို့ပဲ သူ့တပ်စိပ်နဲ့ ဆက်လက် ထားရှိ၊ တိုက်ပွဲ ဝင်ခွင့် တဖွဖွ တောင်းဆိုခဲ့တာကို ပြောပြတယ်။ နောက်ဆုံးမှာ တပ်ဖွဲ့ ဆေးမှုးက သူ့ တောင်း ဆိုချက်ကို ဘယ်လိုမှ ခွင့် မပြုနိုင်ကြောင်း၊ တပ်သားငယ်လေး ရရှိထားတဲ့ အတွင်းကြေ ဒဏ်ရာဟာ ပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်လို့ ချက်ချင်း ဆေးခွင့်နဲ့ နောက်တန်း ပြန်၊ ဆေး ကုရမယ် အမိန့် ပေးခဲ့ရတယ်။
မရိန်းတပ်ဖွဲ့ရဲ့ ရဲဘော်အချင်းချင်း သွေးသောက် စိတ်ထားဟာ ထူးခြားလှပါတယ်။ ကျွန်တော်တို့ အားလုံးမှာ သည်လို အချိန်တွေ အသီးသီး ကိုယ်စီ ကြုံခဲ့ဘူးကြတယ်။ စိတ်ဝင်စားဖွယ် ကောင်းတာက ထိုသို့သော အချိန်တွေဟာ ဆုပေးပွဲ အခမ်းအနားတွေ၊ အပြာရောင်ဝတ်စုံ ဝတ် တက်ရတဲ့ မွေးနေ့ပွဲတွေမှာ ကြုံရလေ့ မရှိဘူး။ ကျွန်တော် တွေ့ရသလောက် မမျှော်လင့်တဲ့အချိန်၊ မထင်မှတ်တဲ့နေရာတွေမှာ ကြုံရလေ့ရှိတာပါပဲ။ မရိန်းစစ်စခန်းက ပြည့်ကျပ်သပ်နေတဲ့ စစ်ယာဉ်ပေါ်မှာ၊ သဲကန္တာရအတွင်းက ညစ်ပတ် စုတ်ပြတ်နေတဲ့ ဖျင်ကာတဲ အထဲမှာ၊ နောက်ပြီး ဆေးလိပ်မီးခိုး တလူလူ ဝေနေတဲ့ ဝိုင်အိုမင် ပြည်နယ် အနောက်ပိုင်းက စစ်မှုထမ်းဟောင်းများ အဖွဲ့ ရုံးခန်းအတွင်းမှာ … ။
ပြောပြနေတဲ့ အဖြစ်၊ ဇာတ်လမ်းအဆုံးမှာ တပ်သားငယ်ဟာ တပ်သားအိုကြီးထံပါး ချဉ်းကပ် သွားတယ်။ သူဟာ တပ်သားအိုကြီးရဲ့ ပုခုန်းကို လက်တဘက်နဲ့ သိုင်းဖက်လိုက်ပြီး သည် စစ်မှုထမ်းဟောင်းကြီးဟာ သူ့ရဲ့သူရဲကောင်း ဖြစ်တယ်လို့ ပြောလိုက်တယ်။ တပ်သားအိုကြီးက လူငယ်လေး ပုခုန်းကို ပြန် သိုင်းဖက်ပြီး နှစ်ဦးသား အတူ ယှဉ်တွဲရပ်နေချိန်မှာ ကျွန်တော်တို့ အားလုံး တိတ်ဆိတ်စွာ ရပ်နေမိကြတယ်။ ထို့နောက် သိုင်းဖက်ထားတဲ့ လက်များကို ဖြုတ် အပြီးမှာ ကျွန်တော်ဟာ တပ်သားငယ်ကလေးကို သူ့ရဲ့ စိတ်ဓါတ်၊ ခံယူချက်တွေဟာ နောက်နောင် အသစ် ဝင်ရောက်လာမယ့် မရိန်းလူသစ်တွေ လေ့လာ နာယူရမယ့် အခြေခံ အချက်တွေ ဖြစ်စေရမယ် ပြောပြမိတယ်။
သည့်နောက်မှာ ဘီယာ သောက်တာရော၊ အဖြစ်အပျက်တွေ ပြောပြတာရော ပြီးဆုံး သွားကြတယ်။ ထိုစဉ်မှာ ချန့်စ်ရဲ့ ဖခင်ကို တွေ့လိုက်ရလို့ ကျွန်တော် သူ့ကို ထပ်ကျော့ တပြန် လက်ဆွဲ နှုတ်ဆက်မိပြန်တယ်။ ချန့်စ်ရဲ့ မိခင်ကတော့ ထွက်ခွာ သွားခဲ့ပြီ ဆိုလို့ ကျွန်တော်ဟာ သူမကို ထပ်ပြန်တခါ နှုတ်ဆက်ခွင့် မရလိုက်တာကို အတော် စိတ်မကောင်း ဖြစ်မိတယ်။
နောက်တနေ့မှာ ကျွန်တော်ဟာ နံနက်စောစော နေမထွက်ခင် ဒူဘွာမှ ထွက်ခွာပြီး ဘီးလင်းစ် အရောက် ခရီးရှည်ကို ပြန် မောင်းခဲ့တယ်။ ချန့်စ်ဖဲ့လ်ပ်စ် (Chance Phelps) ကို သူ နောက်ဆုံး လဲလျောင်း အနားယူမယ့် နေရာအရောက် လိုက်ပါ ပို့ဆောင်ခွင့်ရခဲ့တာ ကျွန်တော့်အတွက် ဂုဏ်ယူစရာ အမှုထမ်းဆောင်ချက်တခု ဖြစ်ခဲ့ပါတယ်။
အခုတော့ သူဟာ သူ့ ဇာတိမြို့ကလေးကို ကုန်းမြင့် အပေါ်ကနေ စီးမိုး ကြည့်ခွင့် ရနေပြီ။
ကျွန်တော်ကတော့ သူ့ကို လွမ်းတ နေမိပြီ။
ဒု ဗိုလ်မှုးကြီး စထရိုဘယ်လ်
![]() |
Private First Class (PFC) Chance Phelps |
ပူဆွေးသောက အပြည့်နဲ့ ကျန်ရစ်သူ တပ်မတော် မိသားစု တစု။ |
No comments:
Post a Comment