Credit to Thet Aung Swe and original loader: Maung Pinlal
လွန်ခဲ့တဲ့ လေးနှစ်လောက်က
ကျနော်ရဲ့ အခင်ဆုံးသူငယ်ချင်း တစ်ယောက် ရေးခဲ့တဲ့ စာလေးပါ။ အွန်လိုင်းပေါ်မှာ အခုထိ
နာမည်ကြီးနေတုန်းပေါ့။
ဒါပေမယ့် ... အခုတော့ လူ့လောကကြီးမှာ သူ
မရှိတော့ပါဘူး။😥😥😥
(Thet Aung Swe, Jan 2025)
.............
ကျွန်တော့် မိန်းမက
သူ ကိုယ်ဝန် ရှိနေပြီ လို့ ပြောတော့
ကျွန်တော် မြန်မာ ဗီဒီယို ကားထဲက မင်းသားတွေ ပျော်သလိုမျိုး ဟို လျှောက် ပြေး၊
ဒီ လျှောက် ပြေး၊ ဟိုအော်
ဒီအော် ပုံစံမျိုးနဲ့ မပျော်ခဲ့ပါဘူး။ မိန်းမကလည်း သူ ကိုယ်ဝန် ရှိနေတာကို
ရုပ်ရှင်ထဲကလို နား နား ကပ်ပြီး မပြောပါဘူး။ ကြေးအိုးဆိုင်မှာ ကြေးအိုး စားရင်း
ပလုပ်ပလောင်းနဲ့ ပြောတာ၊ ကိုယ်ဝန် ရှိနေပြီ ထင်တယ် တဲ့။ ကျွန်တော်လည်း ဟုတ်လား၊
ပျော်စရာကြီးပေါ့ လို့ ပြောလိုက်တယ်။ ဒီလောက်ပါပဲ။
အာထရာစောင်း ရိုက် ကြည့်တော့ သမီးလေး လို့ သိရတယ်။ ငါ သမီးလေး ရတော့မယ်၊ ကလေးအဖေ
ဖြစ်တော့မယ်၊ ဒီထက် ကြိုးစား ရတော့မယ် ဆိုတဲ့ အသိတော့ ရှိလာတာ အမှန်ပဲ။
သမီးလေးကို SSC ရွှေဂုံတိုင် ဆေးရုံမှာ မွေးတာ။ မိန်းမ မွေးခန်း ဝင်တော့ စိတ်တော့ ပူသား။ မိန်းမ နေကောင်းဖို့နဲ့ သမီးလေး ကောင်းကောင်းမွန်မွန် ဖြစ်ဖို့။ ရုပ်ရှင်ထဲက ကလေးအဖေတွေလို ဆပ်ပြာသည် လင် ပျောက်သလိုတော့ မဖြစ်ပါဘူး။ မွေးခန်းထဲက နပ်(စ်)မ က 'ဘေဘီ ချောစုဝင်း' ရှိလား တဲ့။ ဒီ နပ်(စ်)မ က ငါ မိန်းမကို ဘေဘီလို့ ခေါ်တာ သူ ဘယ်လိုများ သိသွားသလည်း ပေါ့ ။
"ဟုတ်၊
ကျွန်တော်ပါ၊ ကျွန်တော်ပါ။"
"ရော့၊
မွေးခန်း အသုံးစာရိတ် ဘောက်ချာ။ ကလေးရော၊ လူကြီးရော၊ ကျန်းမာပါတယ်"
ကလေးကို
အရင် မပြသေးဘူး။ ဘောက်ချာ အရင် ပြတာ။ ဘောက်ချာ ကြည့် လိုက်တော့ ၅၀၀၀၀၀ (၅) သိန်း
ကျတယ်။ ဟယ်၊ တန်ဖိုး ရှိလိုက်တဲ့ ငါ့ သမီးလေးပါလား ဆိုပြီး ငွေ သွား သွင်းရတယ်။
ငွေ သွင်းပြီးတော့မှ ကလေးကိုပြတာ။ ငွေသာ မသွင်းရင် ကလေးကို ပြန်ပေး ဆွဲမယ့် သဘော
ရှိတယ်။
သမီးလေး
မြင်တော့ 'အော် ငါ ကလေးအဖေ ဖြစ်ပြီ။ ငါ
သမီးလေး တစ်ယောက် ရပြီ' ပေါ့။ ဖြစ်ချင်တော့ သမီးလေး
၂ ရက် နေတော့ အသားဝါလို့ ကလေးဆေးရုံကြီးကို တင်ရတယ်။ ကလေးတွေ နေ မကောင်း
ဖြစ်ရင် ကိုယ်သာ ဖြစ်လိုက်ချင်တယ်။ မိန်းမက ရွှေဂုံတိုင်ဆေးရုံမှာ၊ သမီးက
ကလေးဆေးရုံကြီးမှာ။ ကျွန်တော်က သမီးလေး တက်တဲ့ ကလေးဆေးရုံ လိုက် သွား လိုက်တယ်။
ယောက္ခမက သူ့သမီးကို
စိတ်ပူ၊ ကျွန်တော်က ကျွန်တော့သမီးကို စိတ်ပူပေါ့။
သမီးလေး
သူငယ်တန်း စ ထားတဲ့ နေ့။ သမီးက မျက်နှာငယ်လေးနဲ့ အတန်းဖေါ်တွေကြားထဲမှာ။
သမီးလေးရေ၊ ဒါ လောက သင်ခန်းစာ အစ ပဲ။ ငါ့ သမီးလေး အဆင် ပြေမှာပါ ဆိုပြီး သမီးကို
ကျောင်းခန်းထဲ ပို့လိုက်တယ်။ ကျွန်တော် နောက်ကို လုံးဝ လှည့် မကြည့်ဘူး။
သမီးလေးကို ထားခဲ့ရတာကို မကြည့်ရဲလို့၊ မနေနိင်လို့ လှည့် ကြည့်လိုက်တော့ သမီးက
ကျွန်တော့ကို ကြည့်နေတာ။ ကျွန်တော် ကြည့်နေတာလည်း သိသွားရော 'ပါပါး' ဆိုပြီး
ပြေး ထွက်လာတယ်။ ကျွန်တော်ကလည်း သမီးလေး ဆိုပြီး ပြေး ဖက်လိုက်တယ်။ သမီးလေး
ပါးပေါ်မှာ ကျွန်တော် လိမ်းပေးလိုက်တဲ့ သနပ်ခါး ပါးကွက်လေး၊ မျက်ရည်ကြောင့်
နှစ်ခြမ်း ကွဲ သွားသလို ကျွန်တော့်ရဲ့ အသဲတွေလည်း ကွဲနေပါပြီ။
ကျွန်တော့်ကို ဖက်ပြီး ပါးပါး ပြန်
လိုက်ခဲ့မယ်။ 'သမီး … ပါပါး အခန်း အပြင်က
စောင့် နေမယ် နော်။ ပါးပါး ဘယ်မှ မသွား ဘူး' ဆိုပြီး အခန်းထဲ ပြန် ပို့ရတယ်။ မိုး ဖွဲဖွဲလေး ကျပြီး မိုးမင်းကြီးက
ကျွန်တော်တို့ သားအဖကို ပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား။ ကျွန်တော် သမီးလေးကို ဖက်ပြီး
ကျောင်းခန်းထဲ လိုက်ပို့တဲ့ အခန်းကို ရုပ်ရှင်ရိုက်ရင် သမီးရော၊ ကျွန်တော်ရော၊ အကယ်ဒမီ ရမှာ သေချာတယ်။
သမီးကို
ပို့ပြီး၊ ကျွန်တော် ကားပေါ် ရောက်တဲ့အထိ ချက်ချင်း မပြန်သေးဘူး။ ကား စတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီး
မျက်ရည် ကျခဲ့တယ် ဆိုတာကို ဝန်ခံပါရစေ။ စဉ်းစားကြည့်လေ။ လာတုန်းက သမီးလေးနဲ့။ အခု
တစ်ယောက်တည်း ပြန် ရမှာ။ ကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံ
ကြားမှ ငါ့သမီးလေး သီချင်း ဆိုနေပြီ ဆိုပြီး အိမ် ပြန်ခဲ့ရတယ်။
အခု
သမီးက ၁၄ နှစ်။ ဟို တလောက သူ့ရဲ့ ဖုန်း ring မြည်နေလို့ ကိုင်လိုက်တော့ 'ဟဲလို'။ ဟိုဘက်က ကျွန်တော့အသံ ကြားသွားလို့ ထင်တယ်။ 'ဦးလေး၊အဲ အန်ကယ်၊ ရည်မွန် ရှိလား ခင်မျ' တဲ့။
ယောကျ်ားတွေ
ဆိုတာ သံလိုက် သဘော ရှိတယ်။ အဖိုနဲ့ အမ လောက်ပဲ ကပ်ချင်တဲ့ သဘော။ 'ငါ့ကိုများ အန်ကယ်တဲ့။ တော်သေးတာပေါ့၊ Daddy မခေါ်လို့'။ ယောကျ်ားလေး တစ်ယောက်ရဲ့ အသံ ကြားတော့
လိုအပ်သည့်အသံထက် ၆ဆ လောက် မြင့်လိုက်ပြီး၊ 'အေး၊
ခဏ ကိုင်ထား' ဆိုပြီး၊ ရုပ်ရှင်ထဲက
ဦးသိန်းမောင် လေသံနဲ့ ဖုန်းနား ကပ်ပြီး 'ရည်မွန်' လို့ တစ်ချက် အော် ခေါ်လိုက်တယ်။ ဟိုဘက်က တစ်ယောက်လည်း လန့် သွားအောင် လို့။
သမီးကလည်း
အခြေအနေကို ရိပ်မိနေတဲ့ သဘော ရှိတယ်။ ရေဒီယို ဟာသရ ရွှင်ဆေးထဲက မိန်းမတစ်ယောက်ရဲ့
အသံမျိုးနဲ့၊ 'ရှင် ... ပါပါး' ဆိုပြီး ဖုန်းဆီ အလာ၊ သမီး လမ်းလျှောက်ရာ
လမ်းကို ကျွန်တော် စိုက် ကြည့်နေလို့ သမီး သူ့ ခြေထောက် အချင်းချင်းတောင် ခလုပ်
တိုက်တယ်။
သမီးက
လိုင်း မမိလို့ အခန်းထဲ သွား ပြောတာ၊ ဘယ် ရမလဲ ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီး
နား အထောင်။ သမီးက အခန်းထဲက အထွက် တံခါး ပြန် အဖွင့် နှစ်ယောက်သား တိုက် မိလို့
ရှက်ရမ်း ရမ်းပြီး ဟောက် လိုက်ရတယ်။ 'ဘယ်လို
ဖြစ်နေတာလည်း။ ယောက်ယက်ကို ခတ် နေတာပဲ' လို့။
အမှန် ယောက်ယက် ခတ်နေတာက ကျွန်တော်ပါ။
သမီးက
ဧည့်ခန်းထဲ ဖုန်း သွား ပြောတာ၊ ဘယ် ရမလဲ၊ အောင်မျိုးအေး ပဲ၊ ဧည့်ခန်းထဲ တံမြက်စီး
လှဲချင်ယောင် ဆောင်ပြီး နားထောင်နေတာပေါ့။ သမီးက နဂါးမင်းနဲ့ ဖွတ်ကျား၊ စစ်
ခင်းတော့မယ့် အခြေအနေကို သိသွားတယ် ထင်တယ်။ 'အော်
... အေး၊ အော် ... အေး အေး၊ အော် ... အေး' ဆိုပြီး
ဖုန်း ချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။
"ဘယ်သူလဲ
သမီး"
"ကျောင်း
ကပါ။ ကျောင်း မတက်လို့ စာ မေးတာပါ။"
ရိုးနေပြီ၊
ဒါ ငါ့အကွက်တွေ။ ပထမ စာ မေးမယ်။ ပြီးရင် ထမင်း စားပြီးပြီလား မေးမယ်။ ပြီးရင်
ဂရုစိုက်နော် ဆိုပြီး ဖုန်း ချ သွားမယ်။ သမီးကိုတော့
မပြောပါဘူး။ စိတ်ထဲကပဲ ပြော နေတာပါ။
'မချောစု၊
သမီးဖုန်း ကိုလည်း ဂရုစိုက်ဦး'၊
တိုးတိုး တိတ်တိတ် မှာ ထားရတယ်။
သမီးက
ငယ်ပါသေးတယ်။ ကျွန်တော်က
စိုးရိမ် လွန်နေတာပါ။
တကယ်တော့ သမီးလေးဟာ ကျွန်တော် နမ်းလို့ မဝသေးတဲ့ပါး တစ်ခြမ်းပါ။
No comments:
Post a Comment